ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, December 15, 2012

အနှိုင်းမဲ့အဖြည့်ခံယသောဓရာ ( ၅ )


မဒ္ဒီမိဖုရားဟာ သားလေးနဲ့ သမီးလေးရဲ့ ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ ကြည်နူးဘွယ်မြင်ကွင်းလေးကို မမြင်ရတဲ့အချိန်မှာ မိခင်တစ်ယောက်အနေနဲ့ အလွန်တရာပဲ ပူပန်မိပါတော့တယ်။ ဒါနဲ့ မောင်တော် ဝေဿန္တရာကိုလဲ တရားကျင့်တာပျက်မှာ စိုးရိမ်တဲ့အတွက်ကြောင့် မမေးမိဘဲ သားလေးနဲ့ သမီးလေးရဲ့ နာမည်ကို တကြော်ကြော်အော်ခေါ်ကာ တောကြီးမျက်မည်းထဲမှာ တစ်ကိုယ်တည်း ရှာပုံတော်ဖွင့်ခဲ့ပါတော့တယ်။ ရှာပုံတော်ခရီးကို တစ်ညလုံးလုံး မနေမနားကြိုးစားခဲ့ရသော်လည်း သားလေးနဲ့ သမီးလေးရဲ့ အရိပ်အယောင်ကိုမျှ မတွေ့မိ မကြားမိပါဘူး။ ဒါနဲ့ သူမတို့မိသားစု့ နေထိုင်ရာ ကျောင်းသင်္ခန်းလေးဆီကို နံနက်လင်းအားကြီးမှာ ပြန်လာခဲ့တော့တယ်။  ဒီအခါမှာ မဒ္ဒီမိဖုရားရဲ့ ရင်ထဲမှာ ပူလောင်မှုကလွဲလို့ ဘာခံစားချက်ကိုမျှ မသိတော့ပါဘူး။ ခေါင်းထဲမှာလဲ မူးဝေနောက်ကျိတာကလွဲလို့ ဘာမှတ်သိစိတ်မှ ကောင်းကောင်းမရှိတော့ပါဘူး။ တစ်နေကုန် တစ်နေခန်း မောကြီးပန်းကြီးနဲ့ သစ်သီးကြီးငယ် သစ်ဥသစ်ဖုတို့ကို ရှာခဲ့ရပီးပီ။ နောက်ပီးတော့ တစ်ညလုံးလုံး မစားနိုင် မအိပ်နိုင်ဘဲ သားနဲ့သမီးကို ရှာပုံတော်ဖွင့်ခဲ့ရပီးပီ။ ဒီတော့ ရင်မှာလဲပူ ခေါင်းမှာလဲဝေ ကိုယ်မှာလဲနွမ်းလျနေတဲ့ မဒ္ဒီဟာ မထိန်းနိုင်တော့ဘဲ ဝေဿန္တရာရဲ့ အနီးမှာ မေ့မျောလဲကျသွားပါတော့တယ်။

           ဒါနဲ့ ဝေဿန္တရာဟာ မဒ္ဒီမိဖုရားရဲ့ ရင်ကိုစမ်းကြည့်တော့ အပူငွေ့ရှိသေးတာကြောင့် အသက်ရှိသေးတယ်ဆိုတာသိရလို့ အကောင်းဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းများနဲ့ပြုစု ကုစားပေးလိုက်တဲ့အခါ မဒ္ဒီမိဖုရားဟာ သတိပြန်ရလာပါတော့တယ်။ ဒီအခါမှာ မဒ္ဒီက သားနဲ့သမီးအကြောင်းကို မေးတော့ ဝေဿန္တရာက စိတ်အေးအေးထားပီးနားထောင်ဘို့နဲ့ ပါရမီကုသိုလ်အတွက်အရေးကြီးကြောင်းကို နားချပီးတော့မှ ဇူဇကာပုဏ္ဏားကို လှုလိုက်ပြီဖြစ်ကြောင်း ပြောလိုက်တော့တယ်။ မဒ္ဒီရဲ့ ရင်ထဲမှာ သားနဲ့သမီးအတွက် ပူလောင်လှပါတယ်။ သို့သော် တပြိုင်နက်ထဲမှာပဲ  မောင်တော်ရဲ့ လောကကို ကယ်တင်ရေး ဘုရားဖြစ်ရေး ပါရမီပြည့်ဘို့အတွက် ဖြည့်ပေးရတာကို ကျေနပ်မိတယ်။ ဝမ်းထဲမှာ ဘာအစားအစာမှမရှိဘဲ တစ်နေကုန် တစ်ညလုံး အစာရှာထွက်ပီး သားနဲ့သမီးအတွက် မောပန်းခဲ့ရသော်လည်း မောင်တော်ရဲ့မြင့်မြတ်လှတဲ့ အဂ္ဂဗျူဟာရည်မှန်းချက်အတွက်မို့ ဖြေသိမ့်နိုင်ပါတယ်။ မိသားစုဘဝရဲ့ အေးချမ်းတဲ့ သာယာကျေနပ်မှုတွေကို လိုချင်သော်လည်း မောင်တော်ရဲ့ လောကသာယာဝပြောရေးလုပ်ငန်းစဉ်အတွက်မို့ အံကြိတ်ပီး ကိုယ့်ကိုယ်ကိုနှစ်သိမ့်ရတယ်။ လောကအတွက် သူမရဲ့ ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝကို စတေးရတယ်။ ဒီကိစ္စအတွက် သာမန်အမျိုးသမီးတစ်ယောက်အနေနဲ့ဖြစ်စေ၊ သားသမီးကို ချစ်တဲ့ မိခင်ကောင်းတစ်ယောက်အနေနဲ့ဖြစ်စေ ဝေဿန္တရာကို စူးရှတဲ့အကြည့် မာကျောတဲ့စကား ပြင်းထန်တဲ့ စကားလုံး မကျေတဲ့ ရန်ငြိုးတွေနဲ့ ချက်ချင်းတုန့်ပြန်မိတော့မှာပါ။ တကယ်တော့ မဒ္ဒီဟာ သားနဲ့သမီးကိုလဲ ချစ်တယ်။ မောင်တော် ဝေဿန္တရာကိုလဲ ချစ်တယ်။ လောကကိုလဲ ချစ်တယ်။ ဒီအချစ်တွေထဲမှာ လောကကြီးအတွက် နှလုံးသားကိုစတေးပီး ဦးနှောက်ကို ဥိးစားပေးခဲ့တယ်။ ခံစားချက်ထက် အသိဥာဏ်ကို မြှင့်တင်ခဲ့တယ်။  ဒါ့အပြင် သူမရဲ့အချစ်ဟာ မိသားစုတစ်ခုတည်းအတွက် ကွက်ကွက်လေးမျှ ချစ်တာဟုတ်ဘဲ လောကကို ပိုလို့အလေးပေးသူဖြစ်ကြောင်း လက်တွေ့ပြခဲ့တာပါပဲ။ ဒီလိုစံနမူနာကောင်းတွေပြသနိုင်ဘို့ဆိုတာ တစ်ခေတ်မှတစ်ခါပေါ်ပေါက်တာမဟုတ်ပါဘူး။ တစ်ကမ္ဘာမှ တစ်ခါပေါ်တာလဲမဟုတ်ပါဘူး။ သုံးဆယ့်တစ်ဘုံဆိုတဲ့ စကြာဝဠာကို ကယ်တင်ရေးအတွက် ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူကြတဲ့ ဘုရားအလောင်းတော်တွေရရဲ့ ပါရမီဖြည့်ဖက် ဖြစ်ပါမှသာ ပေါ်ပေါက်တတ်တာပါ။ ဒီနေရာမှာ ချစ်သူစုံတွဲများကို  အသိပေးချင်တာက မိမိချစ်သူကို သာမန်အိမ်ထောက်ဖက်လောက်မျှသာ သဘောမထားဘဲ ပါရမီဖြည့်ဖက်အနေဖြင့် အပြန်အလှန် ချစ်ကြပါလို့ မှာချင်ပါတယ်။

        မဒ္ဒီဟာ သာမန်အမျိုးသမီးမဟုတ်တဲ့အတွက်ကြောင့် သာမန်တုန့်ပြန်မှုတွေနဲ့ မတုန့်ပြန်ခဲ့ဘူး။ မြင့်မြတ်လှတဲ့ အမျိုးသမီးကောင်းတစ်ယောက်ဖြစ်တာမို့ ဘဝရဲ့အရာရာအတွက် ဘာကိုမှ ဘယ်လိုဆုကိုမှ မပန်ဆင်ဘဲ အဖြည့်ခံသက်သက်နဲ့ လောကကြီးအတွက် မောင်တော်နဲ့အတူ ဖြည့်ဆည်းရင်း ဘဝခရီးကို ဆက်ခဲ့တယ်။ ဒီလိုဘဝမျိုးတွေ ဒီလိုဖြစ်ရပ်တွေဟာ ဘဝအကြိမ်ကြိမ် တွေ့ကြုံခံစားခဲ့ဖူးပါပီ။ သို့သော် မောင်တော်ကို စိတ်မနာရက်ဘူး။ မပစ်ရက်ဘူး။ ဘယ်ပစ်ရက်ပါ့မလဲလေ။ လောကအတွက် ကရုဏာကြီးမားလှတဲ့ မဟာကရုဏာရှင်မောင်တော်၊ လောကကောင်းကျိုးသယ်ပိုးရေးအတွက် ဘယ်တော့မှ သစ္စာမဖောက်ဖျက်ခဲ့တဲ့ မောင်တော်၊ လောကကိုကယ်တင်ရေးအတွက် ဘယ်လိုအကြောင်းကြောင်းနဲ့မှ မူလရည်မှန်းချက်ကို မပြောင်းလဲဘဲ စိတ်ဓါတ်တည်ကြည်ခိုင်မှာလှတဲ့ မောင်တော်၊ လောကရဲ့ ချစ်တဲ့သူတွေကိုမဆိုထားနဲ့ ရန်သူကိုတောင် သီးခံနားလည်ပေးနိုင်တဲ့ စိတ်စွမ်းအားကြီးမားလှတဲ့မောင်တော်၊ ဘဝရဲ့ ဘယ်နေရာ ဘယ်ဒေသပဲရောက်ရောက် သူမဘဝရဲ့ ဂုဏ်သိက္ခာကို အပြည့်အဝဖြည့်စွမ်းပေးနိုင်တဲ့မောင်တော်၊ သူမအပေါ်မှာ ဘယ်လိုအစွန်းအထင်းလေးမျှ မစွန်းထင်းရလေအောင် ခိုင်မာတဲ့ကိုယ်ကျင့်တရားနဲ့ ချစ်တတ်တဲ့မောင်တော်၊  အို မောင်ရှိတဲ့ မဘဝဟာ အရာရာပြည့်စုံနေသလို ခံစားမှုကို ပေးနိုင်တဲ့ မောင်တော်ကို မဒ္ဒီမိဖုရား မပစ်နိုင်ပါဘူး။ အပြစ်မတင်ရက်ဘူး။ မောင်တော်ကို အကြောင်းပြုပြီးမှ သူမလဲ စိတ်ဓါတ်တွေ ကိုယ်ကျင့်တွေ သတ္တိတွေ ဥာဏ်ပညာတွေ တစ်ဘဝပီး တစ်ဘဝတိုးတက် ရင့်ကျက်လာခဲ့ရသူမို့ မောင့်လိုပဲ အရာရာကို တည်ငြိမ်အောင် ခံစားနိုင် ရင်ဆိုင်နိုင်နေပါပီ။

       မဒ္ဒီက မပစ်နိုင်မခွါရက် ချစ်ပေမယ့် ဝေဿန္တရာက မဒ္ဒီကို စွန့်လွှတ်ဘို့အရေး ထပ်မံတွေ့ကြုံရပြန်ပါတယ်။ အဲဒါကတော့ သားနဲ့သမီးကို လှုပီးလို့ မကြာခင်သောတစ်နေ့မှာ သိကြားမင်းဟာ ပုဏ္ဏားယောင်ဆောင်ပီး မဒ္ဒီမိဖုရားကို အလှုခံပါတော့တယ်။ ဝေဿန္တာရာဟာ သဗ္ဗညုတဥာဏ်တော်ကိုရရှိရေးအတွက် တုန်လှုပ်ခြင်း တုန့်ဆိုင်းခြင်းအလျဉ်းမရှိဘဲ မဒ္ဒီကိုလှုလိုက်ပြန်ပါတော့တယ်။ ဒီတစ်ကြိမ်မှာလဲ မဒ္ဒီကြေကွဲရပြန်ပါပီ။ သို့သော် မနာကျင်ပါဘူး။ ဆို့နင့်ပူလောင်ပါတယ်။ သို့သော် တည်ငြိမ်အောင် ဖြေသိမ့်နိုင်ပါတယ်။ သူမကိုစွန့်လှုပစ်ရက်တယ်။ သို့သော် မုန်းလို့ရက်စက်တာမှမဟုတ်ဘဲလေ။ မောင်တော်ရဲ့ နူးညံ့သိမ်မွေ့လှတဲ နှလုံးသားရယ် ခိုင်မာတဲ့ ကိုယ်ကျင့်တရားရယ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရယ် လောကအတွက် ကြီးမားမြင့်မြတ်လှတဲ့ မေတ္တာတရားရယ် ဒါတွေ ဒါတွေကို သူမ နားလည်ထားသူမို့ မောင်တော်ကို မြူတစ်မှုန်လောက်မျှ အပြစ်တော်မတင်ရက်ပါဘူး။ ခွင့်လွှတ်နားလည်တဲ့ စိတ်နဲ့ပဲ ဆက်လက်ပီး ပါရမီဖြည့်ရင်း ချစ်နေမှာပါ မောင်တော် လို့စိတ်ထဲက ရေရွတ်ရင်း မောင်တော်ရဲ့ အလှုတော်ဆုံးဖြတ်ချက်ကိုလက်ခံခဲ့တယ်။ မဒ္ဒီကိုလှုလို့အပီးမှာ သိကြားမင်းက သူဟာ ပုဏ္ဏားမဟုတ်ဘဲ သိကြားမင်းဖြစ်ကြောင်းဖွင့်ပြောလိုက်တဲ့အတွက် ဝေဿန္တရာနဲ့ မဒ္ဒီဟာ ပြန်လည်ပေါင်းထုတ်တဲ့ ပါရမီခရီးကို ဆက်နိုင်ခဲ့ပြန်ပါတယ်။ ဇာတ်လမ်းကို ဒီလောက်ပဲ အဆုံးသတ်ပါမယ်။ မဒ္ဒီမိဖုရားရဲ့ အမျိုးသမီးတိုင်း စံနမူနာယူလောက်တဲ့ မိမိချစ်သူရဲ့အပေါ်ထားရှိတဲ့သဘောထား ကြီးမြတ်ပုံကို တင်ပြချင်တာလောက်ပဲမို့ပါ။ တစ်ခါ ဝေဿန္တရာရဲ့ လောကအပေါ်ထားရှိတဲ့ မဟာကရုဏာစိတ်ကြောင့် ပါရမီဖြည့်ရင်း မိသားစုဘဝတွေ အသက်အိုးအိမ်စည်းစိမ်တွေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ စတဲ့ ဘဝရဲ့ အရာရာကို စွန့်လွှတ်အနစ်နာခံခဲ့ရပုံကိုသိစေချင်တာလောက်မို့ ဇာတ်လမ်းမဆုံးသေးသော်လည်း ရပ်တန့်လိုက်ပါတယ်။ ( ဆက်လက်ဖေါ်ပြမယ် )

Sunday, December 9, 2012

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၄ )

အရင်တစ်ပတ်တင်ခဲ့တဲ့ ပို့စ်မှာ သုမိတ္တာဆိုတဲ့ ယသောဓရာအလောင်းလျာမလေးရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကား ကြီးမားပြတ်သားမှုကြောင့် ဗုဒ္ဓဝါဒပေါ်ထွန်းခဲ့တဲ့အထိ ကူညီပံ့ပိုးဖြည့်ဆည်းနိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်တော့ သူမရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြီးမားပုံကို ဝေဿန္တရာဇာတ်တော်ကို အခြေခံပြီး တွေးတောနိုင်သလောက် သုံးသပ်တင်ပြမှာပါ။ ဇာတ်တော်အကြောင်းကို အကျဉ်းချုပ် ပြန်လည်တင်ပြရင်း သုံးသပ်သွားမှာပါ။  ဒီဇာတ်တော်မှာ တိုင်းပြည်က နှင်ထုတ်လို့ ဝေဿန္တရာဟာ တိုင်းပြည်ကနေ ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကို ထွက်ခွါရတယ်။ ထွက်ခွါခါနီးမှာ ဝေဿန္တရာက ပါရမီဖြည့်ဖက်ဖြစ်တဲ့ မဒ္ဒီမိဖုရားကို မှာတယ်။ ချစ်နှမ ငါကိုယ်တော်မြတ်ကတော့ တိုင်းပြည်ကနေထွက်ရတော့မယ်။ ဒီလိုထွက်ခွါရတဲ့အခါမှာ ချစ်နှမအနေနဲ့ မိဘတွေရှိရာ ကိုယ့်တိုင်းပြည်ကို ( ဒေဝဒဟ ) ပြန်ချင်လဲပြန်ပါ။ တိုင်းပြည်ပြန်ရောက်လို့ နောက်အိမ်ထောင်ပြုမယ်ဆိုလဲ ပြုပါ။ ဒီအရာတွေအတွက် အားလုံးကို နားလည်ခွင့်လွှတ်ပါတယ်။ သားလေး ဇာလီနဲ့ သမီးလေး ကဏှာဇိန်တို့ကိုလဲ လောကအလယ် မျက်နှာမငယ်ရအောင် ပြုစုထိန်းသိမ်းစောင့်ရှောက်နေရစ်ပါတော့လို့ မှာရှာတယ်။ ဝေဿန္တရာမင်းဟာ မဒ္ဒီမိဖုရားကို ပစ်ထားရက်တဲ့စိတ်နဲ့ ဒီစကားတွေကို ပြောနေတာမဟုတ်ပါဘူး။ မဒ္ဒီမိဖုရားဟာ အလွန်ချစ်ခင်လေးစားထိုက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်တဲ့အတွက် ချစ်စိတ် လေးစားစိတ်တွေနဲ့ နေရစ်ခဲ့ဘို့ မှာတမ်းချွေနေတာပါ။  ဝေဿန္တရာရဲ့ စိတ်ထဲမှာ ဘယ်နေ့ ဘယ်အချိန် ဘယ်သောခါမှ တိုင်းပြည်ကို ပြန်ရောက်မယ်ဆိုတာလဲမသိ၊ ပြန်ရောက်ချင်လဲ ရောက်နိုင်သလို ပြန်မရောက်တော့ဘဲ တစ်သက်လုံး ဝင်္ကဘာတောင်တန်းမှာပဲ နေရကောင်း နေရနိုင်တာကိုး။ ဒီလိုမှာတမ်းချွေတော့ မဒ္ဒီမိဖုရားက ပြန်ပြောတယ်။ မောင်တော် ဝေဿန္တရာ၊ မောင်တော်မရှိတဲ့ လောကရဲ့ ဘယ်နေရာမှာမှ တစ်ယောက်ထည်းခွဲမနေပါဘူးတဲ့။  နှမတော်ရဲ့ တိုင်းပြည်ကိုလဲ မပြန်ဘူး။ မောင်တော်ရဲ့ နန်းတော်ထဲမှာလဲ တစ်ယောက်ထဲ ကျန်မနေခဲ့ချင်ပါဘူး။ မောင်တော် ရှိရာအရပ်မှာပဲ မခွဲမခွာ လက်တွဲသွားမှာပါ။ ဝင်္ကဘာဆိုတဲ့ တောနက်ကြီးထဲမှာ သားရဲ တိရစ္ဆာန်တွေ ဘယ်လောက်ဆိုးသွမ်းကြမ်းတမ်းပါစေ မောင်တော်နောက်ကို နှမတော်လိုက်မယ်။ လျှိုမြောင် ချောက်ကမ်းပါးတွေ ဘယ်လောက်ပဲ ထူထပ်လို့ နက်ရှိုင်းနေပါစေ မောင်တော်နဲ့ မခွဲဘူး လို့ ပြောပြတော့ ဝေဿန္တရာကလက်ခံတယ်။ ဒါနဲ့ သားလေးရယ် သမီးလေးရယ် နှစ်ယောက်လုံးကိုခေါ်ပီးတော့ စုစုပေါင်း မိသားစုလေးယောက် ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကိုရောက်ကြတယ်။ ရောက်တော့ ဝင်္ကဘာတောင်တန်းမှာ အေးအေးချမ်းချမ်းနေထိုင်ကြတယ်။ ဝေဿန္တရာက တရားကျင့်တယ်။ မဒ္ဒီမိဖုရားက မိသားစု လေးယောက်ရဲ့ အစားအစာအတွက် သစ်ဥ သစ်ဖု အရှာထွက်ရတယ်။ နေကုန်နေခန်း တောကြီးမျက်မဲထဲမှာ ပင်ပင်ပန်းပန်း နေ့စဉ်နဲ့အမျှ အစာရှာထွက်ရသော်လည်း မဒ္ဒီမိဖုရား ပျော်ပါတယ်။ ကျေနပ်တယ်။ ဒီနေရာမှာ သတိပြုမိတာက သူမဟာ ဝေဿန္တရာကို တဏှာပေမသက်သက်နဲ့ အရူးအမူး ချစ်နေရုံသက်သက်မျှကြောင့်မဟုတ်ဘဲ၊ ဝေဿန္တရာရဲ့ ဘုရားဖြစ်ရေး လောကကို ကယ်တင်ရေးဆိုတဲ့ လမ်းစဉ်ကို မြတ်နိုးလွန်းလို့ လေးစားလွန်းလို့ ကြည်ညိုလွန်းလို့ သူမရဲ့ ချမ်းသာမှုတွေကို စွန့်လွှတ်ပီး တောကြီးမျက်ထဲအရောက်လိုက်လံဖြည့်ဆည်းပေးတာပါ။ တကယ်လို့သာ သူမဟာ ဝေဿန္တရာအပေါ်မှာ လေးစားကြည်ညို တန်ဘိုးထားမှုတွေမပါဘဲ တဏှာပေမသက်သက်အတွက်နဲ့သာချစ်ခဲ့တာဆိုရင် မဒ္ဒီဟာ ဒီလောက်ထိဘဝကို ရင်းရဲ ရင်းနိုင်မှာ မဟုတ်ပါဘူး။ အဆင်းရဲခံနိုင်မှာမဟုတ်ပါဘူး။  တကယ်လို့ တဏှာပေမသက်သက်ကို အခြေခံပီး ရင်းရဲ ရင်းနိုင်စေအုံးတော့၊ ရေရှည်မှာ ဒီလောက်အထိ ကျေနပ်စွာ ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူး။ ခုတော့ အရာရာဟာ လောကအတွက်ပဲ ဖြစ်စေရမယ် ဆိုတဲ့ မြင့်မြတ်လှတဲ့ သံဓိဋ္ဌာန်နဲ့ ဗျူဟာအဆင့်ဆင့်ချမှတ်ပြီး ကြိုးစားနေတဲ့ မောင်တော် ဝေဿန္တရာကို ချစ်မေတ္တာရော လေးစားကြည်ညိုစိတ်ပါ အားကြီးမိသူမို့ ဒီလောက်အထိ ဖြည့်ဆည်းပေးနိုင်တာပါ။ သူမရဲ့ ဝေဿန္တရာအပေါ်ထားရှိတဲ့ အချစ်စိတ် မေတ္တာစိတ် လေးစားစိတ်တွေဟာ ပါရမီဖြည့်ရာမှာ အလွန်ထိရောက်တဲ့ စွမ်းအင်တွေပါပဲ။ ဒါကြောင့်လဲ သူမက မောင်တော်ရဲ့ လောကတ္ထစရိယဆိုတဲ့ လောကကောင်းကျိုးသယ်ပိုးရေး ခရီးလမ်းမှာ မငြီးမငြူ ကူညီဖြည့်ဆည်းရင်း ကျေနပ်နေသူရယ်ပါ။ သို့်သော်လဲ ဒီကျေနပ် ပီတီဖြစ်ရတဲ့ အခြေအနေဟာ အမှတ်မထင် ပျောက်ကွယ်ပျက်ဆီးဘို့အကြောင်းဖန်လာတော့တယ်။ တစ်နေ့မှာတော့ မဒ္ဒီမိဖုရား အစားအစာအတွက် သစ်ဥ သစ်ဖုအရှာထွက်နေတုန်း ဇူဇကာပုဏ္ဏားဟာ သားနဲ့သမီးကိုလာပီး အလှုခံပါတော့တယ်။ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုရည်မှန်းတောင့်တပြီးတော့ အလွန်ချစ်ရတဲ့ သားလေးနဲ့ သမီးလေးကို ဝေဿန္တရာဟာ လှုလိုက်ပါတော့တယ်။ ညနေချမ်းရောက်တော့ မိသားစုအတွက် သစ်ဥ သစ်ဖုတွေ မိသားစုအတွက် အားပါးတရသယ်ဆောင်လာခဲ့တဲ့ ယသောဓရာဟာ မြင်နေကျမြင်ကွင်းလေး မမြင်ရတော့ ရင်ထဲ နှလုံးထဲမှာ အလွန်ပဲ စိုးထိတ်မိခဲ့ပါတော့တယ်။ အဲဒီမြင်ကွင်းလေးကတော့ သူမကို အမောပြေစေတဲ့ သူမရဲ့ သားလေးနဲ့ သမီးလေးတို့ရဲ့ ပျော်ရွှင်စွာ ဆော့ကစားနေကြတဲ့ မြင်ကွင်းလေးပါပဲ။ ( ဆက်လက်တင်ပြပါမည်။ )

Saturday, December 8, 2012

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၃ )

ယသောဓရာဟာ လောကသားတွေအားလုံးအတွက် အဂ္ဂဗျူဟာ သဘောတရားအရ သုမေဓာရှင်ရသေ့နဲ့အတူ ဘဝရဲ့အရာရာကို စွန့်လွှတ်အနစ်နာခံ ကြိုးစားတော့မည်ဖြစ်ကြောင်း ဆုံဖြတ်ခဲ့တာကို စာဖတ်သူများသိခဲ့ကြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ အရာရာကို စွန့်လွှတ်မှု အကြောင်း မပြောခင် အဂ္ဂဗျူဟာအထိ မျှော်မှန်းနိုင်တဲ့ ဆုံးဖြတ်ရဲတဲ့ အမျိုးသမီးငယ်လေး သုမိတ္တာရဲ့ အသိဥာဏ်အဆင့်အတန်းနဲ့ သတ္တိကို ပြောပြချင်ပါတယ်။ လောကရဲ့ နိုင်ငံရေး စီးပွါးရေး လူမှုရေး စစ်ရေးစတဲ့ အရေးအရာတွေကို အောင်မြင်အောင် ဆောင်ရွက်ကြိုးပမ်းကြရတဲ့အခါမှာ ဗျူဟာ အဆင့်ဆင့် သတ်မှတ်ပြီး ဆောင်ရွက်ကြရတယ်ဆိုတာ ဗဟုသုတရှိသူတိုင်း နားလည်သဘောပေါက်ကြပြီးသားပဲဖြစ်ပါတယ်။ ဗျူဟာနဲ့ပတ်သက်လို့ မိမိနားလည်သလောက် အကျဉ်းချုပ်ပြောရမယ်ဆိုရင် ၁။ နည်းဗျူဟာ၊ ၂ ။ မဟာဗျူဟာ နဲ့ ၃ ။ အဂ္ဂဗျူဟာတို့ပဲ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးအနက်က အဂ္ဂဗျူဟာဆိုတာ ဘယ်တော့မှ အောက်တန်းကို နိမ့်ကျခြင်း လျှောကျခြင်း မဖြစ်နိုင်တော့တဲ့ ထာဝရ တည်ငြိမ် အေးချမ်းစွာ ရပ်တည်ရင်း အဆုံးစွန် မြင့်မြတ်သော အခြေအနေကို ရောက်ရှိသွားရေး ရည်မှန်းချက်တစ်ခုပါပဲ။ မဟာဗျူဟာဆိုတာကတော့ ရေရှည်အောင်ပွဲရဘို့အတွက် နောင်ဘယ်နှစ်ဘယ်ကာလမှာ အောင်မြင်မှုအတိုင်းအတာ ဘယ်လောက်အထိရောက်ရှိရမယ်ဆိုတဲ့ ရေရှည်မျှော်မှန်းချက်ဖြစ်ပါတယ်။ နည်းဗျူဟာဆိုတာကတော့ အဲဒီ အဂ္ဂဗျူဟာတွေ မဟာဗျူဟာတွေ အောင်မြင်ရေးအတွက် ချမှတ်ကျင့်သုံးကြရတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နည်းစံနစ်တွေ၊ စည်းကမ်းဥပဒေတွေပဲ ဖြစ်ပါတယ်။ ဒီရှင်းပြချက်ဟာ မိမိနားလည်သလောက် နားလည်ထားသလို ရှင်းပြလိုက်တာပါ။ ယသောဓရာအကြောင်းပြန်ဆက်ပါမယ်။ ယသောဓရာဟာ ခုပြောပြခဲ့တဲ့ ဗျူဟာသုံးမျိုးလုံးကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ဘုရားအလောင်းတော်နဲ့လက်တွဲပြီး မလျှော့တမ်း နောက်မဆုတ်တမ်း မနေမနား ကြိုးစားဆောင်ရွက်ခဲ့သူရယ်ပါ။ ဗုဒ္ဓဝါဒရှုထောင့်အရ ဒီဗျူဟာသုံးမျိုးကို ဆီလျော်အောင် နှိုင်းယှဉ်သုံးသပ်ပြရမယ်ဆိုရင် ၁။ အဂ္ဂဗျူဟာဆိုတာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေး ဆင်းရဲချမ်းသာ အလွှာမရွေး ဘုံဗိမာန်မရွေး သတ္တဝါမှန်သမျှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရောက်ရှိရေးပါပဲ။ ၂။ မဟာဗျူဟာဆိုတာကတော့ သတ္တဝါမှန်သမျှ သံသရာတစ်လျှောက်လုံးမှာ အထက်တန်းကျ မျက်နှာပန်းလှလှဖြင့် ကျင်လည်နိုင်ရေး၊ လူဖြစ်ရင်လဲ အထက်တန်းလွှာ လူတန်းစားများအဖြစ် တစ်ပြေးညီ နေထိုင်ဆက်ဆံပေါင်းသင်းနိုင်ရေး၊ ဒီထက် နတ်ဘုံဆိုတဲ့ အထက်တန်းကျတဲ့ စည်းစိမ်တွေပြည့်ဝလှတဲ့ ကောင်းကင်ဘုံကိုရောက်ရှိရေး၊ ဗြဟ္မာဘုံဆိုတဲ့ ကောင်းကင်ဘုံမှာ  ဈန်စည်းစိမ်တွေနဲ့ ကမ္ဘာများစွာ အေးချမ်းမှုကို ခံစားနိုင်ရေးတို့ပဲဖြစ်ပါတယ်။ ၃။ နည်းဗျူဟာဆိုတာကတော့ အထက်ပါ ရည်မှန်းချက် နှစ်ခုစလုံး အောင်မြင်ရေးအတွက် လက်တွေ့ချမှတ်ကျင့်သုံးရတဲ့ ဒါန သီလ ဘာဝနာ တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့အတွက်တော့ ပါရမီဆယ်ပါးဟာ နည်းဗျူဟာတွေပါပဲ။ ဒီပါရမီဆယ်ပါးဆိုတဲ့ နည်းဗျူဟာတွေကို တစ်ဘဝတည်းလည်းမဟုတ်၊ တစ်ကမ္ဘာလဲ မက၊ ကမ္ဘာတစ်ထောင်ထက်လဲ ကျော်လွန်တဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ကြိုးစားရုန်းကန်ဖြည့်ဆည်းခဲ့ကြရပါတယ်။ လောကသားတွေအတွက် ဒီလောက်အထိ အနစ်နာခံပြီး ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်ရယ်လို့ ပိဋကတ်စာပေကလွဲရင် ဘယ်သမိုင်းထဲမှာမှ ဘယ်စာပေထဲမှာမှ ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဝါဒဆိုတာဟာ လောကသားတွေရဲ့ကောင်းကျိုးတွေအတွက် အဲဒီလို ဗျူဟာတွေချမှတ် လုပ်ဆောင် ဖြည့်ကျင့်ပြီးမှ ပေါ်ပေါက်လာရတဲ့ ဘာသာတရားမျိုးပါ။ ဥံဖွ ဖြစ်စေ တည်စေဆိုပြီး မန်းမှုတ်လို့ဖြစ်တည်လာခဲ့တာမဟုတ်သလို တန်ခိုးရှင်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဖန်ဆင်းမှုကြောင့်ဖြစ်ပေါ်လာတာလဲမဟုတ်ပါဘူး။ ဒီတော့ ယသောဓရာဟာ ဒီလိုဗျူဟာတွေကို ချမှတ်ပြီး ဘဝဆက်တိုင်းကျင့်သုံးခဲ့တာဟာ သူမအတွက် သက်သက်လုံးဝမဟုတ်ဘဲ လောကသားတွေအတွက်ကိုသာ အဓိကအားဖြင့် ရည်းစူးဖြည့်ကျင့်ခဲ့သူဆိုတာ ထင်ရှားလှပါတယ်။ တကယ်လို့သာ သုမိတ္တာဆိုတဲ့ အမျိုးသမီးငယ်လေးဘဝမှာ အသိဥာဏ် အဆင့်အတန်းနိမ့်နေခဲ့ရင်၊ အသိဥာဏ်ရှိအုံးတော့ သတ္တိနည်းနေခဲ့ရင် လောကသားတွေအတွက် ဒီလို ဗျူဟာတွေကို ချမှတ်ကျင့်သုံးနိုင်မှာမဟုတ်ပါဘူး။ သုမေဓာဆိုတဲ့ ရသေ့လေးရဲ့ ဘုရားဖြစ်ရေး ဗျူဟာတွေကို သူမ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။  ခုတော့ သူမရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြောင့် ဗုဒ္ဓဝါဒ ပေါ်ထွန်းခဲ့တဲ့အထိ သတ္တဝါအများကျွတ်တန်းဝင်ကြရတဲ့အထိ ကောင်းကျိုးတွေ ဝေဖြာခဲ့ရတယ်။  ဒါနဲ့ ပတ်သက်လို့ ပိုပီးထင်ရှုားအောင် ဆက်လက်တင်ပြချင်ပါတယ်။

Thursday, December 6, 2012

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၂ )

ယသော်ဓယာလို့အသံထွက်အနေနဲ့ လူသိများလှတဲ့ ယသောဓရာဟာ ဘယ်ခေတ် ဘယ်ကာလ ဘယ်ဘဝ ဘယ်တုန်းကမှ အခွင့်ရေးမယူဘဲ လူလောကအတွက် ကမ္ဘာကြီးအတွက် ထို့ထက် စကြာဝဠာကြီးတစ်ခုလုံးအတွက် ကျရာနေရာကဘဝဆက်တိုင်းမှာ ကျေနပ်ကြည်နူးစွာ
 ဖြည့်ဆည်းတာဝန်ယူခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း အမျိုးသမီးကောင်းတစ်ယောက်ပါ။ 
သူမရဲ့ ဘဝဇာတ်ကြောင်းကို လက်လှမ်းမီသမျှ ဇာတ်ကြောင်းပြန်ကောက်ရရင် ဟိုးးးးး လွန်ခဲ့တဲ့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကျော်ကာလက
 ဒီပင်္ကရာ မြတ်စွာဘုရားရှင်ရဲ့ ရှေ့တော်မှောက်မှာ သုမေဓာဆိုတဲ့ ရှင်ရသေ့တစ်ပါးနဲ့အတူ ဆုတောင်းခဲ့ဖူးတဲ့ မိန်းမမြတ်တစ်ယောက်၊ ဒါ့အပြင် ဗျာဒိတ်လို့ခေါ်တဲ့ တိကျတဲ့ အနာဂတ်ဟောကိန်းကို မြောက်များလှစွာသော အလွှာမျိုးစုံသောပရိသတ်ရဲ့ အလယ်မှာ သုမေဓာရှင်ရသေ့နဲ့အတူ တစ်ပြိုက်နက် ခံယူရရှိခဲ့ဖူးတဲ့ ကမ္ဘာ့အာဇာနည် အမျိုးသမီးတစ်ယောက်ရယ်ပါ။ ဒီအမျိုးသမီးဟာ သုမေဓာဆိုတဲ့ ရသေ့တစ်ပါးကို မြင်တွေ့လိုက်ရချိန်မှာ နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ ယှဉ်တွဲပြီး ခံစားခဲ့ရ သိမြင်ခဲ့ရတာက သုမေဓာဆိုတဲ့ ရသေ့ဟာ ဘယ်ဘဝ ဘယ်အချိန် ဘယ်ခေတ်ကာလ ဘယ်ကမ္ဘာမှ မခွဲခွါသင့်ဘဲ ထာဝရလက်တွဲသင့်တဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းပါ အရည်အသွေးပြည့်ဝလှတဲ့ အမျိုးကောင်းသား ယောကျာ်းသားတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ ဒါဟာလဲ အရည်အချင်းရှိတဲ့ မိန်းမကောင်းတစ်ယောက်ဖြစ်တာကြောင့် ဒီလို ခံစားနိုင် သိမြင်နားလည်နိုင်တာပါ။ ဒီအမြင်ကို အခြေခံပြီး သူမဟာ သုမေဓာရှင်ရသေ့ကိုတောင် ခွင့်မတောင်းတော့ဘဲ ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဆုံးဖြတ်ချက်က သူ (သုမေဓာရှင်ရသေ့နဲ့အတူ) နဲ့အတူ ဘဝဆက်တိုင်း နိဗ္ဗာန်ရောက်တဲ့အထိ လောကကောင်းကျိုးတွေကို လက်တွဲဆောင်ရွက်တော့မယ်လို့ပေါ့။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ ဒီပင်္ကရာမြတ်စွာဘုရားရှင်ကို ပူဇော်ဘို့အတွက် သူမယူဆောင်လာခဲ့တဲ့ ကြာပန်းရှစ်ခိုင်ကို သူမတစ်ယောက်တည်း မပူဇော်ဘဲ နှစ်ယောက်ပေါင်းပြီး ပူဇော်ဘို့ အကြောင်းဖန်လာတော့တယ်။ ဒါကြောင့်ပဲ ကြာပန်းရှစ်ခိုင်အနက်က ငါးခိုင်ကို သုမေဓာရှင်ရသေ့ကိုပေးပြီး ကျန်သုံးခိုင်ကိုတော့ သူမကိုယ်တိုင်ကိုင်ဆောင်ပြီး သူတို့နှစ်ဦးပူးတွဲကာ ဒီပင်္ကရာမြတ်စွာဘုရားရှင်ကို မမှိတ်မသုံသော ယုံကြည်ချက်ဖြင့် လောကကောင်းကျိုးသယ်ပိုးဘို့အရေး မျှော်တွေးကာ အသိဥာဏ်ပညာကို အရင်းတည် အခြေခံလျှက် လှုဒါန်းခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက ယသောဓရာဆိုတဲ့ နာမည်ကို မရရှိခဲ့ မပိုင်ဆိုင်ခဲ့သေးပါဘူး။ ပိုင်ဆိုင်ခဲ့တဲ့ သူမရဲ့ နာမည်က သုမိတ္တာ တဲ့။ သုမေဓာဆိုတဲ့ ရသေ့လေးရဲ့ နာမည်ရဲ့ အဓိပ္ပါယ်က ကောင်းသောပညာရှိတဲ့ သို့မဟုတ် ပညာရှိသူတော်ကောင်း။ သုမိတ္တာဆိုတဲ့ အမျိုးသမီးကောင်းလေးရဲ့နာမည်က မိတ်ဆွေကောင်း သူငယ်ချင်းကောင်း သို့မဟုတ် ပါရမီဖြည့်ဖက်တဲ့။ ပါရမီဖြည့်ဖက်လို့ ဘာသာပြန်တာက မူရင်းအဓိပ္ပါယ်မဟုတ်ပါဘူး။ မိတ်ဆွေကောင်းဖြစ်မှတော့ ပါရမီဖြည့်ဖက်ဖြစ်ပြီပေါ့။ ဆင့်ပွါးအဓိပ္ပါယ်အရ ဘာသာပြန်လိုက်တာပါ။ ဒီနေရာမှာ ဘာသာပြန်နည်းကို ပြောပြဘို့မလိုတာကြောင့် မပြောပြတော့ပါဘူး။ သူတို့နှစ်ယောက်လုံးရဲ့ နာမည်က သဒ္ဒါနဲ့အနက် ဗျုပ္ပတ်နှင့်လုပ်ရပ်တို့ ကိုက်ညီလှပါတယ်။ အကြောင်းက သုမေဓာဆိုတဲ့ ဘုရာအလောင်းတော်ကလေးဟာ လောကအတွက် ထို့ထက် စကြာဝဠာအတွက် ကောင်းကျိုးရှိမည်မှန်လျှင် ဘယ်အရာကိုမဆို စွန့်လွှတ်စတေးအနစ်နာခံပြီး ကြိုးစားဘို့ လောကရဲ့ဘယ်အရာကိုမဆို ရင်ဆိုင်ဘို့ မြူတစ်မှုန် နှစ်တစ်စိမျှ နှောင့်နှေး လက်တွန့်နေမည့်သူမဟုတ်သလို သုမိတ္တာဆိုတဲ့ အမျိုးသမီးကောင်းလေးဟာလဲ လောကရဲ့ အရာရာအတွက် ကောင်းကျိုးဖြစ်ထွန်းမည်မှန်လျှင် သူမဘဝရဲ့ အရာရာကို အစတေးခံဘို့ဆုံးဖြတ်ထားသူ၊ ဒီတစ်ဘဝအတွက်မျှသာမက ဘဝအသိန်း အသန်း အကုဋေမက ဒီထက်.... ကမ္ဘာ အသိန်း အသန်း အကုဋေမက ပေးဆပ်စွန့်လွှတ်ရသော်လဲ ကျေနပ်ရဲရင့်စွာ စွန့်လွှတ်ရေးခရီးဆက်ဝန့်သူ အနှိုင်းမဲ့ အာဇာနည် အမျိုးသမီးကလေးပါပဲ။ ဒီလို ရဲ့ရင့်ပြီး စွန့်လွှတ်ရေးစိတ်ဓာတ်အားကောင်းလှတဲ့ အမျိုးကောင်းသမီးလေး သုမိတ္တာဟာ အဲဒီဘဝမှာ သုမေဓာဆိုတဲ့ ပညာရှိသူတော်ကောင်းလေးနဲ့ လက်ဆက်ခွင့်မရလိုက်ပါဘူး။ အကြောင်းက သုမေဓာဟာ ရသေ့သူတော်စင်ငယ်လေး တစ်ပါးဖြစ်နေခဲ့လို့ပါပဲ။ ဘာပဲဖြစ်ဖြစ် လက်ဆက်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူမရဲ့ အဓိကရည်မှန်းချက်က လောကကောင်းကျိုးအတွက် အတူတကွ ဘယ်တော့မှ နောက်မဆုတ်တန်း လက်တွဲလျှောက်လှမ်းဖို့ပါပဲ။ ဒီအဂ္ဂဗျူဟာ ရည်မှန်းချက်ကြောင့်ပဲ သူမဟာ အဲဒီဘဝကတည်းက လောကကောင်းကျိုးအတွက် စတင်ပြီးလုပ်ဆောင်ခဲ့ပါတယ်။

အပိုင်း ၃ မျှော်။

Monday, December 3, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၁၂ ) ဗုဒ္ဓ၏ တန်းတူအခွင့်အအရေးစံ သတ်မှတ်ချက် ( ခ )

ဗုဒ္ဓဓမ္မအရ အရည်အချင်းဟူသည် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတ္တပ္ပ ဟူသော သူတော်ကောင်း တရားခုနစ်ပါးတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးကို မြန်မာမှုပြုပါက ၁။ ယုံကြည်မှုခိုင်မာခြင်း၊ ၂။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ၃။ အကြားအမြင်ဗဟုသုတ များပြားခြင်း၊ ၄။ စွန့်လွှတ်အနစ်နာခံစိတ်ရှိခြင်း၊ ၅။ ကျိုးကြောင်းဆင်ခြင်နိုင်သည့် ဥာဏ်ပညာရှိခြင်း၊ ၆။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကိုရှက်ခြင်းနှင့် ၇။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကို ကြောက်လန့်ခြင်းတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍ ရကောင်းသော တရားမဟုတ်ချေ။ အမြဲယှဉ်တွဲဆက်စပ်လျှက်ရှိသော တရားတို့ဖြစ်၏။ စိတ်ဓါတ်ရေးရာအရ အထက်တန်းကျ မြင့်မြတ်လှသည့် သူတော်သူမြတ်တို့သာ ထာဝစဉ်ကျင့်သုံးနိုင်သော သဘောတရားတို့ဖြစ်ပါ၏။ လူသားမှန်သမျှတို့၏ ရင်တွင်းနှလုံးသားထဲဝယ် သံမှိုစွဲသကဲ့သို့စွဲရမည်လည်းဖြစ်သလို ဦးခေါင်းတွင်လဲ ထာဝစဉ်ဆင်ခြင်နိုင်သည့် ဥာဏ်ပညာဖြင့် ပန်ဆင်ထားရမည့် တရားများလည်းဖြစ်၏။ လူသားတိုင်း၏ နှလုံးသားနှင့်ဦးနှောက်တို့ဝယ် ထိုတရားများ ကိန်းဝပ်နေပါက အဘယ်မည်သော မကောင်းမှု ဒုစရိုက်ကို တွေ့မြင်နိုင်ပါတော့မည်နည်း။ သာယာငြိမ့်ငြောင်း ပျော်မွေ့ဖွယ် အတိကောင်းသည့်လောကကြီးဖြစ်နေမည်မှာ သေချာလှတော့၏။ ထို့ပြင် အဆိုပါ တရားခုနစ်ပါးသည် လူသားအရင်းအမြစ် စစ်စစ်လဲဖြစ်၏။ ယနေ့ကမ္ဘာဝယ် လူသားအရင်းအမြစ် ဖြစ်ထွန်းပြန့်ပွါးရေးအတွက် မျိုးဆက်သစ်များကိုမွေးထုတ်နေကြရာဝယ် ဤတရားခုနစ်ပါးကိုသာ မျိုးဆက်သစ်တို့၏ နှလုံးသားနှင့် ဦးနှောက်ဝယ် ထည့်သွင်းပေးနိုင်ပါက အမှန်တကယ်အားကိုးလောက်သည့် လူသားအရင်းအမြစ်ပြည့်ဝသော အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမှာမလွဲပင်တည်း။ လူ့အခွင့်အရေးချိုးဖောက်မှုဟူသော စကားလုံးသည်လည်း ဤကမ္ဘာမြေမှ အပြီးအပိုင် ပျောက်ကွယ်သွားမည်သာတည်း။ ထို့ပြင် ဤတရားခုနစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း နတ်ပြည်ရောက်ကြောင်းနှင့်သာသက်ဆိုင်၏။ လူမှုနိုင်ငံရေး စစ်ရေးစသည်တို့နှင့် မဆိုင်ဟု အမြင်ကျဉ်းမြောင်းစွာ ယူဆတတ်ကြသည်လည်း ရှိပါ၏။ အမှန်စင်စစ် ဤတရားခုနစ်ပါးကို သေချာစွာ ဆန်းစစ်ကြည့်ပါက လောကလူမှုနယ်ပယ်အသီးသီး၌ အပြည့်အစုံအသုံးချနိုင်သော စွမ်းရည်ပြည့်သဘောတရားများဖြစ်ပါ၏။ ထို့ကြောင့် မိမိတို့နိုင်ငံဝယ် ဒီမိုကရေစီခေတ်သို့သွားကြသော ယနေ့လို အချိန်အခါမျိုးတွင် ဤသူတော်ကောင်းတရားခုနစ်ပါးသည် မရှိမဖြစ်လိုအပ်ပါ၏။ မကျင့်မဖြစ် ကျင့်သင့်ကြပါ၏။ မသိမဖြစ် သိသင့်လှကြပါ၏။ လူသားအချင်းချင်းခေါင်းပုံဖြတ် သွေးစုပ်ချယ်လှယ်ကာ အမြတ်ကြီးစားနေကြသော မိမိတို့ဗမာပြည်ဝယ် ဤတရားများ ဒီထက်မက ပြန့်ပွါးသင့်လှပါ၏။ ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဂုဏ်ယူဝင့်ကြွားပြီး မြတ်ဗုဒ္ဓ၏ လောကကြီးပွါးရေး စီးပွါးရေး သဘောတရားလမ်းစဉ်တို့ကို သွေဖည်ကာ လူသားမဆန်သော Jungle Law အကျင့်များတိုးပွါးလာနေသည်မှာ အလွန်ဝမ်းနည်းဘွယ်ကောင်းသော အချက်ကြီးပင်ဖြစ်တော့၏။ ထို့ပြင် ဤတရားခုနစ်ပါးသည် ကြီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ စီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ ငြိမ်းချမ်းရေးလမ်းညွန်လည်းဖြစ်၏။ မြင့်မြတ်ရေးလမ်းညွန်လည်းဖြစ်ပါ၏။ သူတော်ကောင်းကျင့်စဉ်လဲဖြစ်၏။ အောင်မြင်ရေးလမ်းညွန်လဲဖြစ်၏။ လူသားအရင်းအမြစ်လဲဖြစ်၏။ အဆင့်မြင့်လူသားအဖြစ်သို့ရောက်အောင်လဲ တင်ပေးနိုင်စွမ်း၏။ သို့ဖြစ်၍ ဗုဒ္ဓဓမ္မအရ အရည်အချင်းပြည့်လူသားဟူသည် ဤတရားခုနစ်ပါး ပြည့်စုံသူပင်ဖြစ်တော့၏။ ဤတရားခုနစ်ပါးကိုသာ နိုင်ငံသားအများစုက ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြည့်စမ်းပါ။ ထိုနိုင်ငံသည် အမှန်ပင်တိုးတက် အောင်မြင် အေးချမ်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်း အာမခံပါ၏။ ယနေ့ကြီးပွါးအောင်မြင်နေကြသော ကမ္ဘာ့နိုင်ငံကြီးများကို ကြည့်လျှင် သူတို့၏ လုပ်ထုံးလုပ်နည်းများ ဥပဒေများ စည်းကမ်းများသည် ဤတရားခုနစ်ပါးကို ( အပြည့်အစုံမဟုတ်သော်လည်း ယေဘုယျအားဖြင့် )
 အခြေခံထားကြသည်ကို တွေ့မြင်နိုင်ပါ၏။ ထို့ကြောင့်မြတ်ဗုဒ္ဓသည် ဓမ္မပဒ ဗြဟ္မဏဝဂ်၌ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။ သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။ ဟူ၍ ဟောတော်မူပါ၏။ အဓိပ္ပါယ်မှာ ကိုယ်နှုတ်စိတ် သုံးပါးလုံး၌ အပြစ်မဖြစ်အောင် ကျင့်သုံးနေထိုင်သူသည် ဗြဟ္မဏဖြစ်၏ ဟူ၍ဖြစ်ပါ၏။ မှန်၏။ ဤကဲ့သို့သော သူတော်ဥစ္စာခုနစ်ပါးဟု ပြောဆိုနေကြသည့် ကြီးပွါးရေး လမ်းညွန်ခုနစ်ပါးကို အခြေခံကာ နေထိုင်ကျင့်သုံးပါက ဗြဟ္မဏစစ်စစ်များဖြစ်လာကြမည်သာတည်း။ သို့ဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာသည်လည်း ဤကမ္ဘာ ဤလောကမှ ပျောက်ကွယ်သွားတော့မည်သာတည်း။ သို့ဖြစ်၍ ဗုဒ္ဓ၏တန်းတူအခွင့်အရေးစံဟူသည် ဤသူတော်ကောင်းတရား ခုနစ်ပါးကို အခြေခံတည်ဆောက်ထားခြင်းဖြစ်၏။ ဤတရား ခုနစ်ပါးကိုသာ နိုင်ငံသားတိုင်းကျင့်သုံးကြလျှင် သို့မဟုတ် အုပ်ချူပ်သူအစိုးရကိုယ်တိုင်မှ အစပြု၍ လူအများစုကြီးက ကျင့်သုံးကြလျှင် လူသားတိုင်းတန်းတူ ရည်တူရှိမှု ဟူသောအခွင့်အရေးသည် အလိုလိုဖြည့်ကျင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ တန်းတူရည်တူရှိမှု ဟုဆိုသောကြောင့် နွားထီးငါးကျပ် နွားမငါးကျပ်၊ ကြက်သားလဲ တစ်မတ်၊ ဝက်သားလဲတစ်မတ်၊ ငှက်သားလဲ တစ်မတ်၊ ကန်စွန်းရွက်လဲတစ်မတ်၊ ဗူးသီးလဲ တစ်မတ် ဟူသော တူညီမှုမျိုးကိုဆိုလိုသည်တော့မဟုတ်။ ဆိုလိုသည်မှာ ဤတရားခုနစ်ပါး သာလွန်သူသည် တည်ငြိမ်အေးချမ်းစွာ အထက်တန်းကိုရောက်ပေလိမ့်မည်။ သို့သော် ဤအထက်တန်းရောက်မှုသည် တဖက်သားကို ဖိနှိပ်ချုပ်ချယ်ကာ အမြတ်ကြီးစားသော လူစားမျိုးတော့ မဟုတ်ချေ။ ဤတရားခုနစ်ပါး အားနည်းသူသည် နိမ့်ကျနေပေလိမ့်မည်။ သို့သော် ဤနိမ့်ကျမှုသည် ဖိနှိပ်ခံသောအနေမျိုးဖြင့် နိမ့်ကျမည်တော့မဟုတ်ဘဲ လူ့ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ နေထိုင်ကျင့်သုံးနိုင်မည်သာဖြစ်၏။ ဤသို့သော သူတော်ကောင်းတရား ခုနစ်ပါး တန်းတူရည်တူကျင့်နိုင်မှာသာ ယနေ့ကမ္ဘာ့လူသားများ မျှော်မှန်းချီတက်နေကြသော တန်းတူရည်တူ အခွင့်အရေးပန်းခိုင်ကြီးကို လူသားတိုင်းလှလှပပပန်ဆင်နိုင်ကြပေမည်။

Tuesday, November 27, 2012

အနှိုင်းမဲ့ အဖြည့်ခံ ယသောဓရာ ( ၁ )


ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူလာတာဟာ လောကသုံးပါးအတွက်။ လူရယ် နတ်ရယ် ဗြဟ္မာရယ် ဆိုတဲ့ သုံးလောကအတွက်။ မှန်ပါ၏။ အဲဒီ သုံးလောကဆိုတာ စကားလုံးအရ ကျဉ်းပေမယ့် သို့မဟုတ် ဝေါဟာရအရ ကျဉ်းပေမယ့် အဓိပ္ပါယ်အရ အနှိုင်းဆမဲ့ ကျယ်ပြန့်လှပါတယ်။ ဒီလို အနှိုင်းဆမဲ့ ကျယ်ပြန့်လှတဲ့ အဓိပ္ပါယ်တွေကို အကန့်သတ်နဲ့ အနှိုင်းအဆကြားထဲက နိုးကြားရှင်သန်နေရတဲ့ အကျွန်ုပ်လိုသာမန်လူသားတစ်ယောက်က ပြောပြရမှာဆိုတော့ နားမလည်နိုင်တဲ့ အကြောင်းအရာတွေ၊
လက်လှမ်းမမီတဲ့ သဘောတရားတွေ၊ များပြားလှတဲ့ အချက်အလက်တွေ၊ သာမန်လောကလူသားတွေ နားလည်နိုင်ဘို့ခက်ခဲလှတဲ့ ဖြစ်ရပ်တွေ၊ အသိဥာဏ် ဓာတ်ခံတကယ်ရှိသူတွေသာ ( ကျက်စာ သက်သက် စဉ်းစားရုံသက်သက် မျှမဟုတ်ဘဲ ) ထိုးထွင်း သိမြင်နားလည်နိုင်တဲ့ အသိဥာဏ်တွေနဲ့သာ သိမြင်ခံစား နားလည်နိုင်တဲ့ ဖြစ်စဉ်တွေကို ပြောပြရမှာဆိုတော့ အခက်အခဲကြုံရတာတော့ အမှန်ပါ။ သို့သော် ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုတဲ့အတိုင်း ပြောပြချင်လွန်းလို့သာ နစ်နစ်နောနော ခံစားနေရတဲ့ အကြောင်းအရာလေးကို ဝေငှလိုက်ရခြင်းပါ။ ဒီတင်ပြချင်တဲ့ အကြောင်းအရာတွေထဲမှာ အဓိကအားဖြင့် အမျိုးသမီးကောင်းတွေများစွာအနက်က လက်ရှိထင်ရှားကျော်ကြား လူသိများပြီး တကယ်လဲ တော်ကြ တတ်ကြ၊ အသိဥာဏ်ပညာကြီးမားလှကြတဲ့ အမျိုးသမီးများစွာထဲမှာ တိမ်မြုပ်ပျောက်ကွယ်နေရတဲ့ အလွန်တရာ မြင့်မြတ်လှတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြချင်တာပါ။ တကယ်တော့ သူမဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ဖျားယောင်းသွေးဆောင်လို့မဟုတ်ဘဲ၊ တိုက်တွန်းနှိုးဆော်လို့မဟုတ်ဘဲ၊ သူမရဲ့ ပင်ကိုယ် ဓာတ်ခံ စိတ်ဓာတ်အရည်အချင်းအရ လူသားလောကအတွက်သာမျှမက လူတွေ နတ်တွေ ဗြာဟ္မာတွေ ဆိုတဲ့ လောကသုံးပါးအတွက် တနည်းအားဖြင့် ကောင်းကင်ဘုံအတွက်ရော ကောင်းကင်အောက်က မြေဘုံပေါ်မှာ
 နေထိုင်ကြင်လည်နေကြတဲ့ လောကသားတွေအတွက်ရော ကမ္ဘာမြေပြင်အောက်က ငရဲသားတွေအတွက်ရော အဲဒီလောကသုံးပါးအတွက် ဘဝရဲ့အရာရာကို တစ်ဘဝမျှမဟုတ်ဘဲ ဘဝတစ်ထောင်လဲမကဘဲ ဘဝတစ်သောင်းလဲမကဘဲ ဘဝတစ်သိန်းလဲမကဘဲ တစ်သန်းလဲမက ကုဋေလဲမက အနှိုင်းမဲ့သော ဘဝများစွာမှာ ကြိုးစားဖြည့်ဆည်းအနစ်နာခံခဲ့ရတဲ့ အနှိုင်းမဲ့သော အမျိုးသမီးတစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်။ လောက ကောင်းကျိုးအတွက် ဒီကနေ့ ကမ္ဘာမှာ ထူးချွန်ပြောင်မြောက်လှတဲ့၊ လောကအတွက် ကောင်းကျိုးတွေ ကြီးမားလှတဲ့၊ ကမ္ဘာ့အမျိုးသမီးထုကြီးအတွက်သာမက အမျိုးသားများအတွက်ပါ အတုယူ ဂုဏ်ပြုရလောက်တဲ့ အမျိုးသမီးကောင်းတွေ ကမ္ဘာမှာ အများအပြားရှိတယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်တဲ့အချက်ပါ။ အဲဒီအထဲကမှ အရာရာကို ကျော်လွန်သွားနိုင်ခဲ့တဲ့ အနှိုင်းမဲ့တဲ့ ဘယ်အမျိုးသမီး အမျိုးသားမဆို ဂုဏ်ယူ လိုက်နာကျင့်သုံးထိုက်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို တင်ပြချင်ပါတယ်။ ဒီအမျိုးသမီးကောင်းအကြောင်း တင်ပြချင်တာ ပြောပြချင်တာကြာပါပီ။
 သို့သော် တင်ပြဘို့လက်နှေးနေခဲ့မိတာလဲအမှန်ပါ။ အကြောင်းက မိမိမှာ အလုပ်များနေတယ်ဆိုတာပါပဲ။ အလုပ်များနေခဲ့တယ်ဆိုတာလဲ တကယ်အမှန်ပါ။ သို့သော် ဒီကနေ့တော့ ကျွန်ုပ်၏ညီနောင်များဖြစ်ကြတဲ့ Ven. Parkata နဲ့ Ven. Issara တို့က ဒီအကြောင်းတင်ပြသင့်တယ်ဆိုတာ တိုက်တွန်းလာတဲ့အတွက် မအားလပ်သော်လဲ ခံစားရလွန်းသော ဆန္ဒနှင့်မေတ္တာအားဖြင့် အဆောတလျှင် တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ ထိုသို့  အကျွန်ုပ်တင်ပြချင်သော ထိပ်တန်းအမျိုးသမီးကောင်းဆိုသည်မှာ မြတ်စွာဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာဘို့အတွက် မရှိမဖြစ် တကယ့်အရေးပါသော နေရာမှ ပါဝင်ယှဉ်တွဲ၍ နှိုင်းဆလို့မရနိုင်တဲ့ စွန့်လွှတ်မှုတွေကို ကျေနပ်ရဲရင့် ပြောင်မြောက်စွာ လောကအားလုံးအတွက် စတေးခဲ့ရတဲ့ ယသောဓရာရယ်ပါ။ တကယ်တော့ ဗုဒ္ဓဘာသာနိုင်ငံတွေအများစုမှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ပါရမီဖြည့်ဖက် ကြင်ယာတော် ယသောဓရာကို ပါရမီဖြည့်ဖက်အဖြစ်သာ လေးစားလက်ခံပီး ကမ္ဘာ့ထိတ်တန်း အနှိုင်းမဲ့သော အမျိုးသမီးကောင်းတစ်ယောက်အဖြစ် အသိမှတ်ပြုလက်ခံသူနည်းပါးလှပါတယ်။ ဒါကြောင့် သူမရဲ့ အကြောင်းကို မိမိလက်လှမ်းမီသမျှ ခံစားနိုင်သမျှ တင်ပြသွားပါမယ်။

Sunday, July 8, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၁) ဗုဒ္ဓ၏ တန်းတူအခွင့်အရေးစံ သတ်မှတ်ချက် (က)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁)တွင် All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood. ဟုပြဋ္ဌာန်း၍ အပိုဒ် (၃)တွင် Everyone has the right of life, liberty and security of person. ဟု (ဘာသာပြန်ကို အထက်တွင်ဖေါ်ပြပြီး) ပြဋ္ဌာန်းထား၏။ ဤအချက်တို့ကို ဗုဒ္ဓဓမ္မက ပြည့်ပြည့်ဝဝ တံဆိပ်ခပ်နှိပ်ကာ ထောက်ခံပါ၏။ အဘယ့်ကြောင့်နည်း။ ဗြဟ္မစိုရ်မေတ္တာတရားသည် in a spirit of brotherhood ဟုဆိုသည့် ညီရင်းအစ်ကိုစိတ်ထားထက်ကျော်လွန်၍ လူသားသာမက တိရစ္ဆာန်များအပါအဝင် သက်ရှိသတ္တဝါအားလုံးကို ညီညီမျှမျှချစ်မြတ်နိုးသောကြောင့်ပင်တည်း။ ထို့ကြောင့် ရှင်းရှင်းပြောရလျှင် Human Rights ဟူသော စကားလုံးနှင့် in a spirit of brotherhood ဟူသောစကားလုံးတို့၏ အဓိပ္ပါယ်ထက် ဗုဒ္ဓဓမ္မမေတ္တာတရားသည် များစွာသာလွန်နေ၏။ ထို့ပြင် လူသားတို့၏ တန်းတူရည်တူဖြစ်မှုကို ဗုဒ္ဓဓမ္မက ကျိုးကြောင်းမျှတ ခိုင်လုံသော မနုဿဗေဒဆိုင်ရာအချက်အလက်များ၊ ဇီဝဗေဒဆိုင်ရာအချက်အလက်များ၊ လူမှုကျင့်ဝတ်ရေးရာ၊ ဥပဒေရေးရာ၊ ကိုယ်ကျင့်တရား၊ ဘာသာတရားကိုးကွယ်ဆည်းကပ်မှု၊ လူမှုဗေဒဆိုင်ရာအချက်အလက်များတို့ဖြင့် ထည့်သွင်းစဉ်းစားခြင်းကိုလည်းခွင့်ပြုလက်ခံပါ၏။ ထို့အချက်အလက်များတို့တွင် မနုဿဗေဒဆိုင်ရာတို့ကို ဦးစွာစဉ်းစားကြည့်ကြစို့။ အာဖရိကတိုက်မှ အာဖရိကန်လူမျိုးသည် အာရှတိုက်မှ လူမျိုးများနှင့် အသားအရောင် ရုပ်ရည် အနေအထိုင် ယဉ်ကျေးမှု အစားအစာ ရာသီဥတု စသည်စသည်ကွဲပြားမည်ဖြစ်သလို အခြားသောသက်ဆိုင်ရာ နိုင်ငံ ဒေသတို့နှင့်လည်း ကွဲပြားနေမည်မှာအမှန်ဖြစ်၏။ သို့သော် ဤကွဲပြားမှုသည် အစားအစာနှင့် ရာသီဥတုစသည်ကြောင့် ဖြစ်ပေါ်လာသော အပေါ်ယံကွဲပြားခြားနားမှုသာဖြစ်၏။ လူလူချင်းကား မခြား၊ တစ်သားတည်းအတူတူသာတည်း။
     တစ်ဖန် အာဖရိကမှ လူမည်းမိန်းမတစ်ယောက်နှင့် အမေရိကားမှ လူဖြူယောကျာ်းတစ်ယောက်တို့ လက်ထပ်၍ ကလေးမွေးလျှင် ထိုကလေးသည် လူစင်စစ်သာဖြစ်မည်တည်း။ အခြားထူးခြားသော သတ္တဝါမဖြစ်နိုင်ချေ။
   ထို့ပြင် ဇီဝဗေဒအားဖြင့်ကြည့်လျှင် လူသား၏ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အတူတူသာဖြစ်၏။ နီဂရိုးလူမျိုးတွင်လည်း ဆံပင် ခေါင်း ပါးစပ် လည်ပင်း မျက်စိ နား နှာခေါင်း ရင်ဘတ် ဝမ်းဗိုက် ကျောပြင် ခြေထောက် ခြေသည်း လက်သည်း မွှေးညှင်း အသွေး အသား အရည် အူသိမ် အူမကြီး အစာအိမ် အသဲ ကျောက်ကပ်စသည့်စသည်ဖြင့် ၃၂ ကောဋ္ဌာသ ရှိသလို မြန်မာလူမျိုးတွင်လည်း အတူတူပင်ဖြစ်၏။ အခြားအခြားသောလူမျိုးများတွင်လည်း အတူတူပင်ဖြစ်၏။ အသဲချင်းလည်း အစားထိုးကုသ၍ရ၏။ သွေးအစားသွင်း၍ ကုသလျှင်လည်းရနိုင်၏။ ဇီဝဖြစ်စဉ်အားဖြင့်ခြားနားခြင်းမရှိပါချေ။ မျိုးစိတ် မျိုးနွယ်အားဖြင့်လုံးဝမခြားနားပေ။ ကွဲပြားသော မျိုးစိတ် မျိုးနွယ်အမှတ်လက္ခဏာများလည်းမရှိချေ။ ဆိုလိုသည်မှာ လူသား၏ မူလပဓာနဇီဝကမ္မဖြစ်စဉ်နှင့် အဂါင်္အစိတ်အပိုင်းတို့သည် အတူတူသာဖြစ်၏။ ဘာမှကွဲပြားခြားနားခြင်းမရှိ ဟုပြောလိုရင်းဖြစ်ပါ၏။

          သို့သော် အခြားသော ပိုးတောင်မာနှင့်ပိုးဖလံများ၊ ပုရွက်ဆိတ်နှင့်ခြကောင်တို့သည် ခြားနားကြ၏။ အဘယ့်ကြောင့်နည်း။ မျိုးနွယ် မျိုးစိတ် အမှတ်လက္ခဏာများ ခြားနားခြင်းကြောင့်တည်း။ ထို့ပြင် ခြေလေးချောင်း သတ္တဝါများလည်း အချင်းချင်းခြားနားကြသလို ငှက်များအချင်းချင်းလည်းခြားနားကြ၏။ မြွေအချင်းချင်းလည်းခြားနားကြသလို ငါးအချင်းချင်းလည်း ခြားနားကြပြန်၏။ အဘယ့်ကြောင့်နည်း။ မျိုးစိတ်မျိုးနွယ်၏ အမှတ်လက္ခဏာကိုက ခြားနားနေသောကြောင့်ပင်တည်း။ လူသားတွင် မည်သည့်လူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့ခြားနားခြင်းမရှိချေ။ ထိုတိရစ္ဆာန်သတ္တဝါတို့သည် အသံ အပြုအမူ နေထိုင်ရှင်သန်ပုံ စားသောက်ပုံအားလုံးခြားကြ၏။ လူသည် လူအသံသာထွက်၏။ လူစာစား၏။ လူလိုသာနေထိုင်၏။ ဆင်းရဲချမ်းသာ၊ အရပ်ဒေသ၊ ယဉ်ကျေးမှုစသည်တို့ကွာဟမှုအရ အနိမ့်အမြင့်သာ ကွာပေမည်။ လူမည်းမိန်းမတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားဖွားသလို လူဖြူမိန်းမတစ်ယောက်သည်လည်း ကိုယ်ဝန်ဆောင်၍သာ သားဖွား၏။ ထို့ကြောင့် မနုဿဗေဒနှင့် ဇီဝဗေဒရှုထောင့်အရ ဘာများကွာခြားပါသနည်း။ အရာရာအတူတူသာဖြစ်၏။

    ထို့ပြင် ဗုဒ္ဓခေတ်မတိုင်မီမှစ၍ ယနေ့ခေတ်တိုင်အောင် အိန္ဒိယတွင် ဇာတ်စံနစ်ကျင့်သုံးမှုသည် ရှိသေး၏။ ဟိန္ဒူဘာသာကြီးစိုးသော အိန္ဒိယတွင် ဟိန္ဒူဘာသာရှိနေသ၍ ဇာတ်စံနစ်သည်ဆက်လက်ရှိနေမည်သာဖြစ်၏။ အဘယ့်ကြောင့်နည်း။ ဟိန္ဒူဘာသာသည် လူတန်းစားခွဲခြား၍ တည်ဆောက်ထားသောကြောင့်ပင်တည်း။ ဗြဟ္မဏ (ပုဏ္ဏား)မျိုးဇာတ်၊ ခတ္တိယ မင်းမျိုးဇာတ်၊ ဝေဿ ကုန်သည်မျိုးရိုးဇာတ်နှင့် သုဒ္ဓ သူဆင်းရဲ ကျော်မွဲဇာတ်ဟူ၍ လေးမျိုးပိုင်းခြားကာ လူမှုအဖွဲ့အစည်းကို တည်ဆောက်ထား၏။ ထိုမျိုးဇာတ်လေးမျိုးတွင် ပုဏ္ဏားမျိုးဇာတ်သည် အမြဲတန်းမြင့်မြတ်၏။ မည်သည့်မကောင်းမှုကိုကျူးလွန်သည်ဖြစ်စေ၊ မည်သည့် ဥပဒေကိုချိုးဖောက်သည်ဖြစ်စေ သူသည်မြင့်မြတ်သူ အဖြစ်မှ လျှောကျသွားခြင်းအလျဉ်းမရှိချေ။ အကြောင်းကား သူသည် ထာဝရဘုရား ဗြဟ္မာကြီး၏ အာခံတွင်းမှ စတင်မွေးဖွားလာသည့် မျိုးနွယ်ဖြစ်ခြင်းကြောင့်တည်း။ တစ်ဖန် အနိမ့်ဆုံးဇာတ်ဖြစ်သည့် သုဒ္ဓဟုခေါ်သော သူဆင်းရဲဇာတ်သည် အမြဲတန်းယုတ်ညံ့၏။ အောက်တန်း နောက်တန်းကျ၏။ မည့်သို့သော အကျင့်ကောင်းကိုကျင့်သည်ဖြစ်စေ၊ မည်သည့်ဥပဒေကိုမျှမချိုးဖေါက်သော နိုင်ငံသားကောင်းဖြစ်နေသည်ဖြစ်စေ သူသည် ယုံညံ့သူသာတည်း။ နိမ့်ကျသူသာတည်း။ အကြောင်းမှာ သူသည် ထာဝရဘုရား ဗြဟ္မာကြီး၏ ခြေဖမိုးမှစတင်မွေးဖွားလာသည့် မျိုးနွယ်ဖြစ်ခြင်းကြောင့်တည်း။ ထို့ကြောင့် သုဒ္ဓဇာတ်တို့သည် အပေါ်လွှာ ဇာတ်သုံးမျိုးတို့၏ အမြဲတန်းအဖိနှိပ်ခံလူတန်းစား အလုပ်အကျွေးလူတန်းစားဖြစ်နေလေတော့၏။ ယနေ့ခေတ် အိန္ဒိယသို့ ဘုရားဖူးရောက်ဖူးသူများ သိကြပေမည်။ ရာဇဂြိုဟ်မြို့ သတ္တပဏ္ဏိတောင်ခြေတွင် ဇာတ်မြင့်များရေချိုး သွားတိုက် အဝတ်လျှော်၍ ကျလာသောရေကို ဇာတ်လတ်အဆင့်ရှိသူများက ချိုးကြရ လျှော်ဖွတ်ကြရ သွားတိုက်ကြရ၏။ တစ်ဖန် ထိုဇာတ်လတ်များ ရေချိုးဖွတ်လျှော်ပြီးမှ ကျလာသော ညစ်ထေးနေသော ရေများကိုသာ ဇာတ်နိမ့်များက လျှော်ဖွတ်ကြ ရေချိုးကြ သွားတိုက်ကြရ၏။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြည့်ဝသော ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတော်ကြီးဟု ကျယ်လောင်စွာ ကြွေးကြော်ဂုဏ်ယူနေသော်လည်း ဘာသာတရား၏ တည်ဆောက်ပုံသွင်းထားသော ဥပဒေနှင့်ထုံးတမ်းစဉ်လာအရ လူလူချင်းခွဲခြားမှုကား ကြီးမားလှလေစွ။ နောင် ဘယ်ခေတ် ဘယ်အခါတိုင်အောင် နှစ်သန်းပေါင်းဘယ်လောက်များ ခွဲခြားဆက်ဆံကာ ဆက်လက်ဖိနှိပ်ခံကြရဦးမည်လည်းမသိ။ အလွန်ဝမ်းနည်းစရာကောင်းသော လူမှုအဖွဲ့အစည်းကြီးဖြစ်ပေသည်။

     အမှန်စင်စစ် ဇာတ်မြင့်သူနှင့် ဇာတ်နိမ့်သူတို့ တူညီသော ထင်းတစ်ချောင်းကို မီးရှို့လျှင်လည်း ထိုမီး၏ အပူရှိန်နှင့် အရောင်အလင်းသည် အတူတူပင်ဖြစ်ပေမည်။ ထို့အတူ တူညီသော မြစ်တစ်ခုဝယ် တူညီသော ဆပ်ပြာကိုတိုက်၍ ရေချိုးကြလျှင် ထိုရေနှင့်ဆပ်ပြာသည် အတူတူပင် ပြောင်စင်စေလိမ့်မည်တည်း။ ဇာတ်မြင့်ဖြစ်သောကြောင့် ပို၍လှပစေမည်မဟုတ်ပေ။ သို့ဖြစ်၍ အရာရာသည် လူသားအတွက် တစ်ပြေးညီသာဖြစ်၏။ သို့သော် သက်ဆိုင်သူတို့၏ အရည်အချင်းအလိုက် ခြားနားမှုတော့ရှိ၏။ အရည်အချင်းကွဲပြားမှုကြောင့် လူတန်းစားကွဲပြားမှုကိုတော့ လုံးဝ ဇွတ်အတင်း ညှိ၍ မရနိုင်ပါချေ။ အဘယ့်ကြောင့်နည်း။ လူ့အခွင့်အရေးဟူသည် အရည်အချင်းပေါ်မှာသာ မူတည်သောကြောင့်တည်း။ အရည်အချင်းမြင့်သူသည် အဆင့်အတန်းမြင့်မည်ဖြစ်သလို အရည်အချင်းနိမ့်ပါကလည်း အဆင့်အတန်းနိမ့်ပေမည်။ သို့ဆိုလျှင် ထိုအရည်အချင်းဟူသည် အဘယ်နည်း။

Monday, July 2, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၀) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း (ခ)

ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာအကြောင်းကို အပိုင်း (က)တွင် မိမိစွမ်းနိုင်သမျှစုစည်းတင်ပြခဲ့ပါသည်။ ယခုအပိုင်း (ခ)တွင် ကြွင်းကျန်သည့် ကရုဏာ မုဒိတာနှင့် ဥပေက္ခာအကြောင်းတို့ကို စွမ်းသမျှတင်ပြပါမည်။ ကရုဏာဟူသော ဝေါဟာရကို အင်္ဂလိပ်ဘာသာပြန်သည့်အခါ Compassion ဟုဘာသာပြန်ကြ၏။ အောက်စဖို့ဒ်အဘိဓာန်တွင် Compassion ကိုဤသို့ဖွင့်ဆိုထား၏။ Compassion: pity for the sufferings of others, making one want to help them: be filled with compassion.  A feeling of deep sympathy and sorrow for another who is stricken by misfortune, accompanied by a strong desire to alleviate the suffering. Compassion: a deep awareness of and sympathy for another suffering.  Humane quality of understanding the suffering of others and wanting to do something about it. Definition of compassion: sympathetic consciousness of others' distress together with desire to alleviate it.
  ဤဖွင့်ဆိုချက်၏ဆိုလိုရင်းမှာ ကရုဏာဟူသည် ကံဆိုးမိုးမှောင်ကျနေ၍ အတိဒုက္ခရောက်နေသော သူအား ထိုဒုက္ခမှကယ်တင်ပေးလိုသော ပြင်းပြသည့်ဆန္ဒ၊ ဒုက္ခရောက်နေသူအား နစ်နစ်နောနောစိတ်ပူပန်၍ လူသားဆန်စွာ လေးလေးနက်နက်သနားကြင်နာမှု ဟူ၍ဖြစ်၏။
           
            ထို့ပြင် Compassion နှင့်ပတ်သက်၍ အခြားသောဖွင့်ဆိုချက်မှာဤသို့။
   Compassion need not be cultivated or developed - it is naturally present. Cultivated compassion is lifeless compared to the potent energy of innate altruism of that is available to everyone. True compassion is not about pity, yet feels everything deeply and responds to everything completely. Natural compassion fuels our responses with beneficial action, skillful means and heart connection with no need for contrivance.
   အဓိပ္ပါယ်မှာ ကရုဏာကိုတမင်ပွါးများဘို့မလိုအပ်။ ၎င်းသည် သဘာဝလက်ဆောင်တစ်ခုဖြစ်၏။ တမင်ပွါးများထားသော ကရုဏာသည် လူတိုင်း၌ရှိသော ကိုယ်ကျိုးမငဲ့သော မူလစိတ်စွမ်းအင်လောက် အသက်မဝင်။ စစ်မှန်သောကရုဏာသည် သနားခြင်းသက်သက်မျှသာမဟုတ်၊ အရာရာကိုနစ်နစ်နောနောခံစား၍ ပြည့်ပြည့်ဝဝ တုန့်ပြန်ဆောင်ရွက်တတ်၏။ ထို့ပြင် သဘာဝမူရင်းကရုဏာသည် လုပ်ကြံဖန်တီးမှုအလျဉ်းမရှိဘဲ ကောင်းကျိုးဖြစ်ထွန်းစေသော လုပ်ရပ်များ၊ ကျွမ်းကျင်လိမ္မာသော နည်းလမ်းများနှင့် ဖြုစင်သော နှလုံးသားတို့ဖြင့် မိမိတို့၏ တုန့်ပြန်ဆောင်ရွက်မှုများကို အင်အားပြည့်စေ၏ ဟူသတည်း။
  အထက်ပါဖွင့်ဆိုချက်နှစ်ခုတွင် အောက်စဖို့အဘိဓာန်၏ ဖွင့်ဆိုချက်သည် မူရင်းကရုဏာပုဒ်၏ အဓိပ္ပါယ်နှင့် အလှမ်းဝေးနေ၏။ ဒုတိယဖွင့်ဆိုချက်သည် အတော်အတန်နီးစပ်၏။ မူရင်းကရုဏာဟူသော စကားလုံး၏အဓိပ္ပါယ်မှာ  သောကဗျာပါဒအပူမီးများလုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းစွာ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ကယ်တင်ပေးလိုသော လေးနက်မြင့်မြတ်ကြီးမားသော စိတ်စွမ်းအင်ဖြစ်၏။ ဥပမာဆိုပါစို့။ အသင်သည် လူတစ်ယောက်ကို သနား၏။ သူ့အတွက် စိတ်ပူပန်မှုသောကလဲဖြစ်၍ အေးငြိမ်းမှုမရ။ ဤအခြေအနေ ဤစိတ်ထားမျိုးကို ကရုဏာအစစ်ဟုမဆိုရ။ ကရုဏာအတုသာဆိုရ၏။ အမှန်စင်စစ် အသင်သည် လူတစ်ယောက်ဆင်းရဲဒုက္ခရောက်နေသည်ကို သနား၏။ ထိုသနားခြင်းသည် ထိုသူအတွက် စိတ်ပူပန်မှု၊ ပင်ပန်းမှု၊ နာကျင်မှုအလျဉ်းမရှိ၊ သို့သော် အလေးထား၏။ တန်ဘိုးထား၏။ အလွန်ကြင်နာသနား၏။ ကြည်၏။ ငြိမ်း၏။ အေးချမ်း၏။ ပြည့်ဝ၏။ အသိဥာဏ်ပညာပါ၏။ ထိုအဓိပ္ပါယ်များပါဝင်သော စိတ်ထားမျိုးဖြင့် တစ်စုံတစ်ရာသော ကောင်းကျိုးများဖြစ်မြောက်သည်အထိ စွန့်လွှတ်အနစ်နာခံကာ ကူညီဆောင်ရွက်၏။ ကယ်ဆယ်ပေး၏။ ဤသည့်စိတ်ဓာတ်နှင့်လုပ်ရပ်နှစ်မျိုးပါဝင်မှုကိုသာ ကရုဏာဟုခေါ်ဆို၏။
  
       တတိယမြောက် ဗြဟ္မစိုရ်တရားသည် မုဒိတာဖြစ်၏။ ဤမုဒိတာသည် သူများကြီးပွါးအောင်မြင်သည်ကို မနာလိုခြင်းနှင့် မိမိ၏ ပိုင်ဆိုင်မှုနှင့်အောင်မြင်မှုမှန်သမျှကို သူတပါးအားမျှဝေမပေးလိုသည့် ဝန်တိုခြင်းသဘောတရားတို့၏ဆန့်ကျင်ဘက်ဖြစ်၏။ သူတပါးကြီးပွါးအောင်မြင်သည်ကို ဝမ်းမြောက်တတ်သည့်သဘော ကျေနပ်တတ်သည့်သဘောပင်ဖြစ်၏။ မိမိ၏မိသားစု မိမိနှင့်နီးစပ်သူဖြစ်ခြင်းကြောင့်မဟုတ်မူဘဲ အားလုံးအပေါ်ဝယ် ကြီးပွါးရေး အောင်မြင်ရေးနှင့်ပတ်သက်၍ ဝမ်းမြောက်တတ်၏။ မိမိ၏ရန်သူ ဆန့်ကျင်ဘက်သဘောထားရှိသူတို့ အပေါ်သော်မှ ဝမ်းမြောက်နိုင် ကျေနပ်နိုင်၏။ မြင့်မြတ်လှချေ၏တကား။
       စတုတ္ထမြောက် ဗြဟ္မစိုရ်တရားသည် ဥပေက္ခာဖြစ်၏။ ဥပေက္ခာ၏ သဘောသည် အောင်မြင်ခြင်းကြောင့်လည်းဝမ်းမမြောက်၊ ကျရှုံးခြင်းကြောင့်လည်း ဝမ်းမနဲ၊ စိတ်မချမ်းမသာမဖြစ်၊ တည်ငြိမ်တည့်မတ်ခြင်းသဘောရှိ၏။ လောက၏ အမျိုးမျိုးသော ဖြစ်ရပ်လုပ်ရပ်တို့ဖြင့် ခြောက်တိုင်းလည်းမကြောက်၊ မြှောက်တိုင်းလည်း မမြောက်မူဘဲ မူလသဘောသဘာဝအတိုင်း အရှိကိုအရှိအတိုင်း တည်ငြိမ်တည့်မတ်စွာနားလည်ခံစားတတ်ခြင်းသဘောပင်တည်း။ လောက၏ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကဓံတို့ကို သဘာဝအတိုင်းရှုမြင်ခံစားနားလည်၍ တည်ငြိမ် ရင့်ကျက် တည့်မတ်စွာ ဆက်လက်ဆောင်ရွက်အားထုတ်ခြင်းသဘောပင်ဖြစ်၏။  အထင်ရှားဆုံးသော သာဓကကိုဆိုရလျှင် ဒေဝဒတ်သည် မြတ်ဗုဒ္ဓအပေါ်ဝယ် အမျိုးမျိုးမကောင်းကြံကာ လုပ်ကြံသတ်ဖြတ်သည်အထိ အတင့်ရဲခဲ့၏။ သို့သော် မြတ်ဗုဒ္ဓသည် ဒေဝဒတ်အပေါ်ဝယ် ဒေါသလည်းမဖြစ်၊ ကျောခိုင်းပစ်ထားခြင်းလည်းမဟုတ်၊ ဒေဝဒတ်နှင့်ပတ်သက်၍ ဟောစရာရှိက အရှိအတိုင်း မူလသဘာဝအတိုင်း သိရှိနားလည်အောင် ကောင်းကျိုးဖြစ်ထွန်းအောင်ဆက်လက်၍ ဟောပြော၏။  ရှင်းစရာရှိပါက ရှင်း၏။ ငါ့စကားကို နားမထောင်သူ ငါ့ကိုမကောင်းကြံသူဟူ၍ ဒေါသအာဃာတစိတ်ထား၊ မလိုလားသောစိတ်ထားတို့ဖြင့် ပစ်ပယ်လိုက်ခြင်းမဟုတ်။ ကျောခိုင်းလိုက်ခြင်းမဟုတ်ပေ။  သို့သော်လောကလူအများသည်ကား မိမိသဘောနှင့်မတိုက်ဆိုင်တိုင်း လုံးဝမဆက်ဆံ မကူညီတော့ဘဲ အရေးမထားတော့ဘဲ ကျောခိုင်းလိုက်ခြင်း ပစ်ပယ်လိုက်ခြင်းကို ဥပေက္ခာဟု ထင်မှတ်မှားနေကြ၏။  အလွန်သတိထားရမည့်အချက်ပင်တည်း။  ထို့ကြောင့် ဥပေက္ခာဟူသည် ဒေါသကြောင့်ပစ်ပယ် ကျောခိုင်းလိုက်ခြင်းလည်းမဟုတ်၊ ချစ်ခင်ခြင်းကြောင့်လဲ ပို၍ကြောင့်ကြစိုက်ခြင်းမဟုတ်ဘဲ ဖြစ်စဉ်ဖြစ်ရပ်တို့၏ မူလသဘောသဘာဝကို အရှိအတိုင်းခံစားနည်းလည်ကာ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်သင့်သည်တို့ကို အလေးအနက်ထားလျှက် အေးဆေး တည်ငြိမ် တည့်မတ်စွာ ဆက်လက်ကြိုးစားလုပ်ဆောင်တတ်သည့်သဘောပင်ဖြစ်ပါ၏။ 
 
           ကိုင်းအသင်စာရှုသူ အသင်သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားခေါ်သည့် ဗြဟ္မစိုရ်တရားတို့၏ အဓိပ္ပါယ်ကို ယခုသိပေပြီ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ် သုံးဆယ် (၃၀) လုံးကိုလည်း သိပြီ။ ထိုစာပိုဒ် (၃၀) လုံးသည် ဗြဟ္မစိုရ်တရားလေးပါးလောက် မကျယ်ပြန့် မလေးနက်ကြောင်းကိုလည်း အသင်နားလည်လေပြီ။ ထို့ပြင်ဤဗြဟ္မစိုရ်တရားများသည် နိုင်ငံနယ်နိမိတ် ကိုလည်းကျော်လွန်ကာ စကြာဝဠာအားလုံးသို့လည်းပြန်နှံ့ပါဝင်ကြောင်းကိုလည်း အသင်ရိပ်စားမိပေပြီ။  ကုလသမဂ္ဂတွင် ကမ္ဘာနှင့်ချီ၍ ကမ္ဘာသူကမ္ဘာသားများအတွက်ဟုဆိုကာဆွေးနွေးပြောဆိုနေကြသော လူ့အခွင့်အရေးပြဿနာများကို ဤဗြဟ္မစိုရ်လေးပါးဖြင့်အသက်သွင်းဖြေရှင်းလိုက်ပါက လုံးဝပြီးပြတ်ပြေငြိမ်းသွားမည်သာတည်း။ အမှန်စင်စစ် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော  ဤဗြဟ္မစိုရ်တရားများသည် စကြာဝဠာ၏ မည်သည့်ဥပဒေ မည်သည့်စည်ကမ်း နည်းလမ်းထက်မဆို သာလွန်မြင့်မြတ်လှ၏။ အမှန်စင်စစ် ဤဗြဟ္မစိုရ်တရားသည် Natural discipline, natural law which was discoveries which was formulated by the Buddha for all beings in the world ဟုဆိုရမည်ဖြစ်၏။  ဤဗြဟ္မစိုရ်တရားတို့ကိုသာ ကျင့်သုံးနိုင်ပါက လူ့အခွင့်အရေးပြဿနာသာမက အခြားမည်သည့်ပြဿနာမဆို ဖြေရှင်းနိုင်၏။ ငြိမ်းအေးနိုင်ပါ၏။ ကုလသမဂ္ဂစားပွဲဝိုင်းတွင်လည်းကောင်း လူမှုအဖွဲ့အစည်း အသီးသီးတွင်လည်းကောင်း မိသားစုတိုင်းတွင်လည်းကောင်း လူတစ်ဦးချင်းစီတွင်လည်းကောင်း ဤဗြဟ္မစိုရ်တရားများအသက်သွင်းပေးဘို့လိုအပ်ပါ၏။ ဤတရားများအသက်မဝင်သ၍ ဤကမ္ဘာသည်ဘယ်သောခါမျှ ပြဿနာငြိမ်းမည်မဟုတ်ပေ။ ဤတရားများ အသက်ဝင်လေလေ ဤကမ္ဘာကြီး ငြိမ်းအေးလေလေ၊ ဤတရားများ အသက်မဲ့လေလေ ဤကမ္ဘာကြီး ဆူပွက်လေလေသာဖြစ်နေမည်တည်း။ သို့ဖြစ်၍ ဤဗြဟ္မစိုရ်တရားများ အသက်ဝင်ကာ ဤကမ္ဘာကြီး အေးချမ်းပါစေဟု မေတ္တာဗြဟ္မစိုရ်အသက်သွင်းလိုက်ပါ၏။

Sunday, June 24, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၉) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်ခြင်း (က)

သီလမဂ္ဂင်သည် ကမ္ဘာ့လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊
 မိမိကိုယ်ကို သီလစောင့်ထိန်းခြင်းသည် မိမိအတွက်ရော သူတပါးအတွက်ပါ နှစ်ဦးနှစ်ဘက် အေးချမ်းမှုနှင့်လုံခြုံမှုကိုဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် လူ့ပြဿနာများပြေလည်ရေးအတွက် ကိုယ်ကျင့်သီလသည် အသက်သွေးကြောပင်ဖြစ်ကြောင်း အသင်စာဖတ်သူ ကောင်းကောင်း သိပေပြီ။ ယခုဆက်လက်၍ ဗြဟ္မဝိဟာရခေါ် ဗြဟ္မစိုရ်တရားလေးပါးကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်၍ ရှင်းပြပါမည်။ ဤနေရာ၌ အသင်စာဖတ်သူသည် အလွန်မြင့်မြတ်လှသည့် ဗြဟ္မစိုရ်တရားများကို လူ့အခွင့်အရေးနှင့်ချဉ်းကပ်ခြင်းသည် ဘာသာတရားနှင့် လူ့ပြဿနာကို ရောထွေးအောင် ဝေဝါးအောင် မဆီမဆိုင် တွေးချင်ရာတွေတွေး၍
 ရေးချင်ရာတွေရေးနေသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။  
အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ဓမ္မများသည် သုံးဆယ့်တစ်ဘုံသားအားလုံးအတွက်ဖြစ်သော်လည်း အဓိကအားဖြင့် လူသားအတွက် ဟောကြားထားခြင်းဖြစ်၏ဟု မိမိဆိုချင်၏။ အဘယ့်ကြောင့်ဤသို့ ပြောနိုင်သနည်း။ အကြောင်းကား မြတ်ဗုဒ္ဓသည် သူကိုယ်တိုင် လူသားဖြစ်၍ ဘုရားအဖြစ် ၄၅ နှစ်အတွင်းတွင် ၄၄ ဝါတိတိ လူ့ပြည်တွင် လူသားများအားဦးစားပေး ဟောကြားတော်မူ၍ တစ်ဝါသာလျှင် တာဝတိံသာနတ်ပြည်၌ တရားဟောတော်မူသောကြောင့်တည်း။
ဤအချက်ကိုထောက်ဆလျှင်ပင် လူသားသည် ဤကမ္ဘာ ဤစကြာဝဠာတွင် အလွန်အရေးပါသူဖြစ်ကြောင်း၊ လူသားများသာ ကောင်းလျှင် ကမ္ဘာသည်လည်း အေးချမ်းနေမည်ဖြစ်ကြောင်း၊ လူသားများသာမက သဘာဝပတ်ဝန်းကျင် သဘာဝတောရိုင်းတိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှု ပြဿနာများလည်း ကင်းဝေးသွားမည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ လူနှင့်ဆက်စပ်ပတ်သက်သမျှ အရာရာသည်
 ပြေလည်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်းမှာ ထင်ရှားလှ၏။  လူသားဘဝ၏ မည်သည့် အခြေအနေ မည်သည့်ရှုထောင့် မည်သည့်ဖြစ်ရပ် မည်သည့်ခေတ်ကာလ မည်သည့်ဒေသ မည်သည့်လူမျိုးမဆို လက်တွေ့ကျင့်သုံးလျှင် ကျင့်သုံးသလောက် လက်ငင်းဒိဋ္ဌ ကောင်းကျိုးပေးနိုင်သည့် သဘာဝဓမ္မများဖြစ်၏။ ဆိုလိုသည်မှာ လူသား၏ ရှုပ်ထွေးကျယ်ပြန့်လှသော
 ရောင်စုံပြဿနာများသည် မြတ်ဗုဒ္ဓ၏ ဓမ္မဆေးများကို သက်ဆိုင်ရာ ရောဂါ (ပြဿနာ) အခြေအနေအလိုက်  လူသားကိုယ်တိုင် သောက်သုံးပါက (ကျင့်သုံး) မုချ ပြေလည် အေးငြိမ်းနိုင်ကြောင်း သိစေလိုရင်းဖြစ်ပါ၏။

       ယခု မိမိတင်ပြလိုသည့် အကြောင်းအရာကို ဆက်ပါမည်။
 ဗြဟ္မစိုရ်တရားလေးပါဟူသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ လေးပါးပင်ဖြစ်၏။ ထိုလေးပါတွင် မေတ္တာကို မေတ္တာနှင့်ပတ်သက်၍ မိမိစွမ်းသမျှ တင်ပြပါမည်။ မေတ္တာတရားနှင့်ပတ်သက်၍ လူတို့၏ အဆင့်အလွှာအလိုက် အမျိုးမျိုး အဓိပ္ပယ်ဖွင့်ဆိုကြ ရေးသားကြ၏။ အချို့ဆိုလျှင် မူရင်းဝေါဟာရ၏ဆိုလိုရင်း အဓိပ္ပါယ်နှင့် လုံးဝကွဲပြားခြားသည်အထိ ပြောဆိုရေးသားနေသည်များကိုလည်း မိမိ ကြားဖူး ဖတ်ဖူးပါ၏။ ထို့ကြောင့် ဤနေရာ၌ မေတ္တာဟူသောဝေါဟာရ၏ မူရင်းအဓိပ္ပါယ်ပေါ်လွင်ထင်ရှားစေရန် အနည်းငယ်ချဲ့ထွင်ရေးသားပါမည်။

         မေတ္တာဟူသောဝေါဟာရကို  Oxford English Dictionary တွင် Love, affection > a strong feeling of deep affection for sb/sth, especially a member of your family or a friend. ထို့ပြင် Love ကို အဓိပ္ပါယ်တူစကားလုံးများဖြင့်ဖွင့်ဆိုရာတွင် Love means warm affection, attachment, affectionate devotion etc..ဟူသတတ်။ အဓိပ္ပါယ်မှာ ချစ်ခြင်းမေတ္တာဟူသည် တစ်စုံတစ်ယောက်အား (သို့) တစ်စုံတစ်ခုအား နစ်နစ်နောနောစွဲလမ်းသည့် ပြင်းပြသော စိတ်ခံစားချက်ဟူသတဲ့။
အထူးသဖြင့် မိမိ၏ မိသားစု (သို့) သူငယ်ချင်းကို ချစ်ခြင်းဟုဖွင့်ဆိုသတတ်။ အဓိပ္ပါယ်တူထပ်ဖွင့်ရာမှာတော့ အချစ်မေတ္တာဟူသည် နွေးထွေးသော ချစ်ခင်မှု၊ တွယ်တာမှု၊ တွယ်တာချစ်ခင်သော ပေးဆပ်မှု စသည်တဲ့။ ဤသည့်ဖွင့်ဆိုချက်သည် ဗုဒ္ဓဓမ္မတွင်လာရှိသည့် မေတ္တာ၏အဓိပ္ပါယ်နှင့် လုံးဝမတူချေ။ ကွာခြားလှ၏။ အဘယ့်ကြောင့်နည်း။ အင်္ဂလိပ်ဝေါဟာရတွင် မေတ္တာဟူသောပါဠိဝေါဟာရနှင့် တိုက်ရိုက်အဆင့်တူညီသည့် ဝေါဟာရမရှိသောကြောင့်တည်း။ အမှန်စင်စစ် ပါဠိစာပေမှလာသည့် မေတ္တာ၏ အဓိပ္ပါယ်သည် ရယူပိုင်ဆိုင်လိုမှုအလျဉ်းမရှိဘဲ လူ့လောကကြီး၏ သာယာဖွံ့ဖြိုးရေး၊ အေးချမ်းရေးအတွက် ကိုယ်ကျိုးစီးပွါးကို စွန့်လွှတ်ကာ အကူအညီပေးလိုမှုဟူသော ဖြူစင်မြင့်မြတ်သည့် ကုသိုလ်ဆန္ဒသက်သက်သာလျှင်ဖြစ်၏။ ဤချစ်မေတ္တာတရားသည် ချစ်လိုသူကိုသာရွေးကောက်ချစ်၍ မချစ်လိုသူများကို ပယ်ထုတ်ပစ်သော အဂတိသဘောသက်ရောက်သည့် မေတ္တာမျိုးလည်းမဟုတ်ချေ။ အကယ်၍ သင်သည် သင်နှင့်အကျွမ်းဝင်သော သင်လိုလားသော သူများကိုသာရွေးကောက်၍ချစ်ပြီးလျှင် မလိုလားသူများကို ပယ်ထုတ်ထားပါက သင့်ထံတွင် ပိဋကတ်စာပေမှဆိုလိုသည့် မေတ္တာမရှိသေးကြောင်းနားလည်ထားသင့်၏။

         ထို့ပြင် မေတ္တာဟူသည် ညီရင်းအကိုပမာချစ်ခင်သည့် စိတ်ခံစားချက်သက်သက်မျှမဟုတ်မူဘဲ လူသားအားလုံးအတွက် ကျင့်ဘို့ရန်ဟောကြားထားသော မူလအခြေခံ သဘောတရား
လည်းဖြစ်၏။ ကောင်းကျိုးလိုလားသည့် အတွေးစိတ်ကူးသက်သက်မျှမဟုတ်မူဘဲ အားလုံးအတွက် ရက်ရောသော ပေးဆပ်မှုများနှင့် တက်ကြွသော လက်တွေ့ပါဝင်ဆောင်ရွက်မှုလည်းဖြစ်၏။ မေတ္တာသည် အရပ်ဒေသတိုင်းမှ သတ္တဝါတိုင်းအား အေးလျှင်နွေးစေ၏။ ပူလျှင်အေးစေ၏။
 မြေပေါ် မြေအောက် ရေပေါ် ရေအောက် လေပေါ် လေအောက်
 ကောင်းကင်ပေါ် ကောင်းကင်အောက်တွင် နေထိုင်ကြသော
သက်ရှိသတ္တဝါအားလုံးအား အတိုနှင့်အရှည် အဖြူနှင့်အမည်း
အဝေးနှင့်အနီး ရုပ်ဆိုးနှင့်ရုပ်ချော ဆင်းရဲနှင့်ချမ်းသာ ပညာရှိနှင့်ပညာမဲ့
အာဏာရှိနှင့်အာဏာမဲ့ နိမ့်သူနှင့်မြင့်သူ အဖိုနှင့်အမ ကောင်းသူနှင့်
မကောင်းသူ အငယ်နှင့်အကြီး အထက်နှင့်အောက် ဘယ်အရာတစ်ခုကိုမျှ
မခွဲခြားဘဲ နေရာတိုင်းမှ သတ္တဝါတိုင်းအား မည်သည့်တုန့်ပြန်ချက်ကိုမျှ မမျှော်ကိုးဘဲ
 တပ်မက်မောခြင်း ပူလောင်ပြင်းပြစွာ လွမ်းဆွတ်ခြင်းတို့လည်းအလျဉ်းမရှိသည့်
 ပေးဆပ်ဖြည့်ဆည်းပေးလိုသော အဖြူထည်သက်သက် စစ်မှန်သည့် ဆန္ဒသက်သက်သည်သာ မေတ္တာဖြစ်လေ၏။

 လောကလူအများစုသည် တွယ်တာမက်မောသော အောက်မေ့တမ်းတသော စွဲလမ်းသော
ရာဂ (သို့) တဏှာကို မေတ္တာဟု အထင်မှားတတ်ကြ၏။ ထို တွယ်တာ မက်မောသော ချစ်မေတ္တာသည် အရမ်းချိုမြိန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် မီးကဲ့သို့ပူလောင်၏။ မီးထက်လည်းပို၍ ပူတတ်၏။  ဥပမာအားဖြင့်  တခဏအတွင်း ပွင့်လာသောပန်းကလေးသည် နေ၏ပြင်းပြသော အပူဒဏ် သဘာဝရာသီဥတုနှင့် မီး၏အပူဒဏ်တို့နှင့်တွေ့ကြုံရသည့်အခါ တခဏအတွင်းမှာပင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် ညှိုးလျှပြီး ကြွေကျပျက်ဆီးရသကဲ့သို့ ထိုတပ်မက်မောသော
တဏှာအချစ်သည် မိမိဆန္ဒနှင့်မတိုက်ဆိုင်သည့် အခြေအနေများ ဖြစ်ရပ်များနှင့်ကြုံတွေ့ရသည့်အခါ ချက်ချင်းပင်ကွယ်ပျောက်ကာ စိတ်ဆိုးကြ စိတ်ကောက်ကြ ကွဲကြကွာကြလေတော့၏။
 မြန်မာစကားပုံရှိ၏။ ချစ်ကြပြန်တော့လဲ အသဲစွဲ၊ မုန်းကြပြန်တော့လဲ အရိုးကွဲတဲ့။ အချစ်ကြီးတော့ အမျက်ကြီးတဲ့။ ဤစကားပုံများသည် တဏှာပေမ ချစ်မေတ္တာကိုသာ ရည်ညွှန်း၍ပေါ်ထွက်လာကြခြင်းဖြစ်၏။ ထို့ကြောင့် တပ်မက်မောသော အချစ်မေတ္တာကြီးလေလေ အမုန်းနှင့် နာကျင်ခံခက်မှုများလည်း ကြီးမားလေလေပင်ဖြစ်၏။ အဘယ့်ကြောင့်နည်း ဤချစ်မေတ္တာသည် မီးနှင့်တူ၍ အလွယ်တကူ အမြန်ပင်လောင်ကျွမ်းပျက်စီးစေနိုင်သောကြောင့်တည်း။ ထို့ပြင် အချစ်အတွက် ပူလောင်ခြင်းသည်လည်း မေတ္တာစစ်၏ သဘောလက္ခဏာမဟုတ်၊ မေတ္တာစစ်၏ သဘောလက္ခဏာသည် သန့်စင်မှုနှင့် အင်အားကိုပေးနိုင်သောကြောင့်ပင်ဖြစ်၏။ တဏှာချစ်သည် ကြမ်းတမ်း၏။ ပျက်လွယ်၏။ မခိုင်မာချေ။ မေတ္တာစစ်သည် ဝါဂွမ်းကဲ့သို့နူးညံ့၏။ သို့သော် ခိုင်မာ၏။ ကျစ်လစ်၏။

           အမုန်းတရား မနာလိုဝန်တိုမှု ရက်စက်ကြမ်းကြုတ်မှု ရန်ငြိုးထားမှုတို့ကို
ပယ်သတ်ပြီးသည့်နောက် သန့်စင်မြင့်မြတ်သည့် စိတ်ထားကြောင့် ညစ်ထေးနေသော
လူမှုဝန်းကျင်ကို သန့်ရှင်းစင်ကြယ်စေခြင်း၊  အေးချမ်းမှုနှင့်
 ကောင်းကျိုးများဖြစ်ထွန်းလာစေသည့်သဘောသည် မေတ္တာစစ်ပင်ဖြစ်၏။
ထို့ပြင် မေတ္တာချစ်သည် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားချက်လည်းမရှိ၊
အတ္တဆန်သော ချစ်မေတ္တာမျိုးလည်းမဟုတ်၊ နယ်စည်းလည်းမခြား၊
ကန့်သတ်ချက်လည်းမပါ၊ စိတ်အနှောက်အယှက်နှင့် ကသိကအောက်ဖြစ်မှုကြောင့် ပျက်ပြားသွားသည်လည်းမဟုတ်။ အဘယ့်ကြောင့်နည်း။ မည်သည့်တုန့်ပြန်ချက်ကိုမျှ မျှော်လင့်မထားသောကြောင့်ပင်တည်း။

   ထို့ပြင် မေတ္တာသည် တက်ကြွသည့် စွမ်းအင်လည်းဖြစ်၏။
 မေတ္တာစစ်ရှိသူ၏ လုပ်ရပ်တိုင်း အမူရာတိုင်းသည် လောကလူသားများအား
အညစ်အကြေးကင်းသော စိတ်ထားဖြင့် အမြင့်မားဆုံးသော အောင်မြင်မှုကိုရရှိရေး၊ ပူလောင်မှုသောကကို ဖျေဖျောက်ပေးရန် ပို၍ဆီလျော်ပြီး ပို၍ချောမွေ့သော လမ်းကြောင်းကိုပြပေးရေး၊ ပို၍လွယ်ကူသောလမ်းကို ဖေါက်လုပ်ပေးရေး၊ ကောင်းချီးပြုပေးရေး၊ ကူညီဖေးမပေးရေးတို့သာလျှင်ဖြစ်လေ၏။

  ယခုတစ်ဖန် ပို၍ထင်သာမြင်သာဖြစ်စေရန် မေတ္တာကိုဒေါသနှင့်ယှဉ်၍တင်ပြပါမည်။
 ဒေါသသည် အကျဉ်းကျစေ၏။ မေတ္တာသည် လွတ်လပ်စေ၏။
 ဒေါသသည် အခွင့်အရေးကင်း၏။ မေတ္တာသည် အခွင့်အရေးပြည့်၏။
 ဒေါသသည် နောင်တတရားကိုသယ်ဆောင်လာ၏။ မေတ္တာသည် ငြိမ်းချမ်းမှုကို သယ်ဆောင်လာ၏။ ဒေါသသည် စိတ်အနှောက်အယှက်ဖြစ်စေ၏။ မေတ္တာသည် စိတ်ကိုအေးချမ်းတည်ငြိမ်စေ၏။ ဒေါသသည် ကွဲပြားစေ၏။ မေတ္တာသည် စည်းလုံးညီညွတ်စေ၏။ ဒေါသသည် ကြမ်းတမ်းစေ၏။ မေတ္တာသည် နူးညံ့စေ၏။
 ဒေါသသည် ဆူးငြောင့်ခလုတ် အဟန့်အတားဖြစ်၏။ မေတ္တာသည် အကူအညီဖြစ်၏။
အချုပ်အားဖြင့် မေတ္တာသည် သက်ရှိသက်မဲ့ အရာရာအတွက် နယ်စည်းမခြား ပုဂ္ဂိုလ်မခွဲဘဲ ကောင်းကျိုးမှန်သမျှကို ဖြစ်စေနိုင်သောသဘောပင်ဖြစ်၏။
(ဆက်လက်တင်ပြပါမည်)

Sunday, June 17, 2012

ဗုဒ္ဓဓမ္မနှင့် လူ့အခွင့်အရေး (၈) သီလကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သို့မဟုတ် ပိဋကတ်သုံးပုံ သို့မဟုတ် နိကာယ်ငါးရပ်ကို အကျဉ်းချုပ်လိုက်သောအခါ ၁။ သီလ၊ ၂။ သမာဓိ၊ ၃။ ပညာ ဟူ၍ အနှစ်သုံးပါးသာရလေ၏။ ဤအနှစ် သုံးပါးကိုကျင့်သုံးသူတို့၏ အတိုင်းအတာအလျောက် လူ့တန်ဘိုးသည်လည်း ကွာခြား၏။ အဆင့်အတန်းလည်းကွဲပြားသွားလေ၏။ သီလ နဲနဲရှိက လူ့တန်ဘိုးနဲနဲရှိ၏။ အဆင့်နဲနဲမြင့်၏။ နဲနဲ လေးစားထိုက်၏။ လူမှုလောကအတွက် နဲနဲအားကိုးလောက်၏။ သီလများများရှိက လူ့တန်ဘိုး များများရှိ၏။ မြင့်၏။ မြတ်၏။ ပို၍လေးစားထိုက်၏။ လူမှုလောကအတွက် ပို၍များများ အားကိုးလောက်၏။ ကိုယ်ကျင့်သီလလုံးဝမရှိပါက တန်ဘိုးမဲ့၏။ မလေးစားထိုက်။ လောကအတွက် အားမကိုးလောက်။ အမှန်စင်စစ် ကိုယ်ကျင့်သီလ ကင်းမဲ့သူသည် လောကအတွက် အန္တရာယ်များ၏။ ထိုသီလကင်းမဲ့သူအဖို့ လူ့အခွင့်အရေးကိုလည်း အချိန်မရွေးချိုးဖောက်နိုင်သလို ဥပဒေရေးရာ လူမှုရေးရာ စသော အရေးအရာတို့တွင်လည်း ချိုးဖောက်နိုင်သော အလားအလာသည် အမြဲတစေ ကိန်းဝပ်နေလေ၏။ အခွင့်သာလျှင် သာသလို ချိုးဖောက်လေတော့၏။ ဘာအတွက်ကိုမျှ မယုံကြည်ရတော့။ အားမကိုးထိုက်တော့ပေ။ ထို့ကြောင့် လူတစ်ယောက်၏ တန်ဘိုးနှင့် လူသားအရင်းအမြစ်ကိုအကဲဖြတ်ရာတွင် ကိုယ်ကျင့်သီလသည် မဖြစ်မနေပါဝင်သတ်မှတ်ရမည့် စံတစ်ခုပင်ဖြစ်၏။ ထို့ကြောင့်ပင် ကိုယ်ကျင့်သီလကောင်းသော ခေါင်းဆောင်များသည် သမိုင်းတွင် အမြဲတန်းလှပခိုင်မာစွာနေရာယူထားလေ့ရှိသည်ကိုတွေ့ရမည်ဖြစ်၏။
   
            ထို့အတူ သမာဓိ၏ အတိုင်းအတာအလျောက် လူ့အဆင့်အတန်းနှင့် တန်ဘိုးသည်လည်းကွာခြားပါ၏။ ပညာ မြင့်လျှင်မြင့်သလောက် နိမ့်လျှင်လည်းနိမ့်သည့်အလျောက် တန်ဘိုးနှင့် အဆင့်အတန်းကွာခြားလေတော့၏။ ဤနေရာ၌ ပညာဟူသည် တက္ကသိုလ်တစ်ခုခုမှ ပေးအပ်လိုက်သည့် ဘီအေ အမ်အေ ပါရဂူဘွဲ့စသော ပညာကိုမဆိုလိုပါ။ သီလနှင့် သမာဓိကို အခြေခံ၍ ထိုးထွင်းသိမြင်လာသော ယထာဘူတဥာဏ်ပညာကိုသာဆိုလိုပါ၏။ လောကတက္ကသိုလ်များမှ စစ်မှန်ထိုက်တန်စွာ ရရှိလာသော ပညာရေးဘွဲ့သော်မှ လူမှုလောကအတွက် အသုံးတည့်လျှင် လိုအပ်လျှင် တန်ဘိုးရှိသည်ဆိုလျှင် သီလနှင့်သမာဓိကို အခြေခံ၍ ထိုးထွင်းသိမြင်လာသော ယထာဘူတဥာဏ်ပညာသည် ကမ္ဘာလောကအတွက် အဘယ်မှာလျှင်အသုံးမတည့်ဘဲ ရှိမည်နည်း။ ကမ္ဘာလောကအတွက် အဘယ်မှာလျှင် တန်ဘိုးမကြီးဘဲရှိမည်နည်း။ ပို၍ပင်အသုံးတည့်ကြောင်း ပို၍ပင်လိုအပ်ကြောင်း  တန်ဘိုးအကြီးဆုံးဖြစ်ကြောင်း အမြင့်မြတ်ဆုံးဖြစ်ကြောင်း အထူးပြောဖွယ်ပင်မလိုတော့ချေ။ ဤနေရာ၌ မိမိသည် ငါးပါးသီလမျှလောက်ကိုသာ ထင်သာမြင်သာအောင် ချဉ်းကပ်ပါမည်။ ရှစ်ပါးသီလ ဆယ်ပါးသီလစသော မြင့်မားသည့် သီလများကို မချဉ်းကပ်လိုပါ။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ်အားလုံးသည် ထိုရှစ်ပါးသီလနှင့် ဆယ်ပါးသီလတို့လောက်အထိ မမြင့်မားသောကြောင့်ပင်တည်း။ ထို့ပြင် သမာဓိနှင့် ပညာတို့ဖြင့်လည်း ဤနေရာ၌ မချဉ်းကပ်ပါ။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ်အားလုံး၏ အဓိပ္ပါယ်သည် ဗုဒ္ဓဓမ္မတွင်လာရှိသည့် သမာဓိနှင့်ပညာတရားတို့၏ အဓိပ္ပါယ်ကို မမီနိုင်သောကြောင့်ပင်ဖြစ်ပါ၏။

            သို့ဆိုလျှင် သီလ၏ အဓိပ္ပါယ်သည် ဘာဖြစ်သနည်း။ သီလ ဟူသည် ကိုယ်နှင့်နှုတ်ကို စောင့်စည်း ထိန်းသိမ်းခြင်းပင်တည်း။ မိမိရော သူတပါး နှစ်ဦးသားတို့ကို ထိခိုက်စေမည့် ကိုယ်ခန္ဓာဖြင့်ပြုလုပ်ရသည့် မကောင်းသော ကာယကံလုပ်ရပ်များနှင့် နှုတ်ဖြင့်ပြောဆိုရသည့် မကောင်းသော ဝစီကံလုပ်ရပ်များမှ မလုပ်ဖြစ် မပြောဖြစ်အောင် စောင့်စည်းခြင်း ထိန်းသိမ်းခြင်းတို့သည် သီလဖြစ်၏။ တနည်းဆိုသော် ကိုယ်ဖြင့်ကောင်းအောင်ကျင့်ရသည့် ကိုယ်ကျင့်တရားနှင့် နှုတ်ဖြင့်ကောင်းအောင် ကျင့်ရသည့် နှုတ်ကျင့်တရားတို့သည် သီလပင်ဖြစ်၏။ ဗုဒ္ဓဓမ္မတွင်လာရှိသည့် သီလများစွာတို့တွင် ငါးပါးသီလသည် လူသားတို့မဖြစ်မနေကျင့်ဆောင်သင့်သည့် လူသား၏မူလဘူတ ကိုယ်ကျင့်နှင့်နှုတ်ကျင့်များဖြစ်၏။ တစ်ဖန် ထိုငါးပါးသီလကို ထပ်မံ၍ ချုပ်ကြည့်လိုက်သောအခါ
၁။ သမ္မာဝါစာ= Right speech or perfect speech
၂။ သမ္မာကမ္မန္တ= Right action or perfect action
၃။ သမ္မာအာဇီဝ= Right livelihood or perfect livelihood ဟူ၍ သုံးမျိုးသာဖြစ်၏။  ထိုတွင် ပါဏာတိပါတ သိက္ခာပုဒ် (Abstaining from killing)၊ အဒိန္နာဒါန သိက္ခာပုဒ် (Abstaining from stealing)နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် (Abstaining from illegitimate sexual conduct) သုံးပုဒ်တို့သည် သမ္မာကမ္မန္တဟူသည့် ကိုယ်ဖြင့် ကောင်းမွန်ပြည့်စုံအောင်ကျင့်ခြင်း လိုက်နာစောင့်ထိန်းခြင်း စာရင်းတွင်ပါဝင်၏။ ထို့ကြောင့် သမ္မာကမ္မန္တဟူသည့် သီလမဂ္ဂင်တစ်ပါးလောက်ကိုမျှ ကျင့်သုံးလျှင်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးသည် အတော်အတန်ပြည့်စုံသလောက်ဖြစ်နေပေပြီ။ အဘယ့်ကြောင့်နည်း။ ယနေ့ကမ္ဘာတွင် ဖြစ်ပွါးနေသည့် လူ့အခွင့်အရေးပြဿနာသည် အဓိကအားဖြင့် ဤကာယကံကိုယ်ကျင့်တရားကင်းမဲ့မှု၊ သမ္မာကမ္မန္တ မဖြစ်မှုတို့ကြောင့်သာ အဖြစ်များသောကြောင့်ပင်တည်း။  ကမ္ဘာ့လူသားများ ဤသမ္မာကမ္မန္တ သီလမဂ္ဂင် တစ်ပါးမျှကိုကျင့်လျှင် တိုက်ရိုက်အားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၃၊ အပိုဒ် ၅၊ အပိုဒ် ၆၊ အပိုဒ် ၇၊ အပိုဒ် ၉၊ အပိုဒ် ၁၂၊ တို့ကို ကျင့်သုံးလိုက်နာပြီးသားဖြစ်တော့၏။ အခြားကျန်သော အပိုဒ်များကိုလည်း သွယ်ဝိုက်၍ လိုက်နာပြီးသားပင်ဖြစ်တော့၏။

        ထို့ပြင် သမ္မာဝါစာ= Right speech or perfect speech ဟူသည် (က) မှန်ကန်သောပြောဆိုမှု = Speaking Truth၊ (ခ) အချင်းချင်း ညီညွတ်မှုကိုဖြစ်စေသော စကားကိုပြောဆိုမှု = Words of unity which don't bring hatred and enmity among individuals၊ (ဂ) ယဉ်ကျေးသိမ်မွေ့သော စကားကိုပြောဆိုမှု = Pleasant and gentle words၊ (ဃ) အဓိပ္ပါယ်ပြည့်ဝပြီး အသုံးတည့်သော စကားကိုပြောဆိုမှု = Meaningful and useful talk တို့ဖြစ်၏။ ဤသမ္မာဝါစာ သီလမဂ္ဂင်ကို ကျင့်လျှင် စောင့်ထိန်းလျှင် တရားရုံးများတွင်မတရားအမှုဆင်ရင်ဆိုင်မှုများ ဥပဒေရေးရာမတရားမှုကိစ္စများ အထွေထွေမတရားသော လိမ်လည်ကောက်ကျစ်သော လူမှုကိစ္စများ အဂတိလိုက်စားခြင်းများနှင့် အကျင့်ပျက်ခြစားမှုများ လုံးဝကင်းဝေးသွားမည်မှာ အမှန်ပင်ဖြစ်၏။ ထို့ပြင် ဤသမ္မာဝါစာ သီလမဂ္ဂင်ကိုကျင့်သုံးလျှင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၁၀ နှင့် အပိုဒ် ၁၁ ကိုတိုက်ရိုက်အားဖြင့်လိုက်နာပြီးဖြစ်သလို ကျန်သော အပိုဒ်အားလုံးကိုလည်း သွယ်ဝိုက်၍ လိုက်နာပြီးဖြစ်လေတော့၏။

        တဖန် သမ္မာအာဇီဝ = Right livelihood or perfect livelihood ဟူသည် မိမိနှင့်သူတပါး နှစ်ဦးနှစ်ဖက်စလုံးအတွက် မထိခိုက်မနစ်နာစေနိုင်သော တရားမျှတ မှန်ကန်သော အလုပ်အကိုင်များဖြင့် ဘဝကိုတည်ဆောက်ရမည်၊ နေထိုင်ရှင်သန် ကျင့်သုံးရမည်ဟု ဆိုလို၏။ ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်သုံးသော လူတစ်ယောက်သည် အဓိကအားဖြင့် အောက်ပါ လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမှု မပြုသင့်ပေ။ (က) သတ္ထဝါဏိဇ္ဇ၊ လက်နက်ကူးသန်းရောင်းဝယ်မှု = Trading in arms ၊ (ခ) သတ္တဝါဏိဇ္ဇ၊ လူကုန်ကူးသန်းရောင်းဝယ်မှုအပါအဝင် သက်ရှိသတ္တဝါများကို ကူးသန်းရောင်းဝယ်မှု = Trading in living beings ၊ (ဂ) မဇ္ဇဝါဏိဇ္ဇ၊ အရက်သေစာနှင့် မူးယဇ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု = Trading in alcoholic drinks and drugs ၊ (ဃ) မံသဝါဏိဇ္ဇ၊ အသားစားသတ္တဝါများ မွေးမြူခြင်း ကူးသန်းရောင်းဝယ်ခြင်း = Trading in slaughtering ၊ (င) ဝိသဝါဏိဇ္ဇ၊ သတ္တဝါအများသေကြေပျက်ဆီးစေနိုင်သော အဆိပ်များကူးသန်းရောင်းဝယ်မှု = Trading in poison တို့ဖြစ်၏။ အထက်ပါ အချက်ငါးချက်ကိုရှောင်ကြဉ်သည့် သမ္မာအာဇီဝ သီလမဂ္ဂင်ကိုလိုက်နာကျင့်သုံးလျှင်လည်း ဤကမ္ဘာတွင် လူ့အခွင့်အရေးပြဿနာများနှင့် အခြားဖြစ်ပေါ်လာနိုင်သော လူမှုပြဿနာများမှကင်းဝေးကာ ငြိမ်းအေးမည်မှာ မုချဆတ်ဆတ်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဤသို့ပြောနိုင်သနည်း။ အကြောင်းကား ယနေ့ကမ္ဘာတွင်ဖြစ်ပျက်နေသော အခြေအနေနှင့်ဖြစ်ရပ်အားလုံးသည် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော သီလကိုသာ အခြေခံနေသောကြောင့်ပင်တည်း။ ဤသမ္မာအာဇီဝ သီလမဂ္ဂင်ကိုကျင့်သုံးလျှင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၄ ကို တိုက်ရိုက်ကျင့်သုံးရာရောက်ပြီးလျှင် ကြွင်းကျန်သော အပိုဒ်အားလုံးတို့ကို နွယ်၍ ကျင့်သုံးပြီးသားဖြစ်လေတော့၏။
     ဗုဒ္ဓဓမ္မရှုထောင့်အရ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးပြဿနာများပြေလည်ရေးအတွက် ဆုတောင်းနေရုံမျှဖြင့် လုံးဝမပြေလည်နိုင်ပါ။ ဆုတောင်းသောကြောင့်လည်း မည်သည့် တန်ခိုးရှင် မည်သည့်ဘုရားရှင်ကမှ ပြေလည်အောင် စွမ်းဆောင်ပေးမည်မဟုတ်ပါ။ အမှန်စင်စစ် လူသား၏ပြဿနာမှန်သမျှကို ပြေလည်ငြိမ်းချမ်းသွားစေရန် လူသားကသာ ဖြေရှင်းနိုင်မည်ဖြစ်ပါ၏။ ထိုသို့ပြေလည်အေးချမ်းရေးအတွက် လူသားများကိုယ်တိုင် အထက်ပါ သီလမဂ္ဂင်သုံးပါးကို ကျင့်သုံးဘို့လိုအပ်ပါ၏။ အထက်ပါ သီလမဂ္ဂင်သုံးပါးကိုသာ မကျင့်သုံးလျှင် စားပွဲဝိုင်းတွင် အကြိမ်ပေါင်းမည်မျှပင်ဆွေးနွေးအဖြေရှာရှာ လုံးဝပြေလည် အေးငြိမ်းသွားမည်မဟုတ်ပေ။    ယခုမိမိရှင်းပြခဲ့သည်တို့မှာ နားလည်လွယ်ရုံအကျဉ်းမျှသာဖြစ်ပါ၏။ ဤမျှရှင်းပြလိုက်လျှင် စာဖတ်သူသည် အပ်ကျ မတ်ကျ ချဲ့ထွင်၍ နားလည်နိုင်ပြီဖြစ်သောကြောင့် ဆင့်ပွါးအဓိပ္ပါယ်များကို မရှင်းပြတော့ပါ။                  
      ကမ္ဘာသူကမ္ဘာသားများ သီလမဂ္ဂင်များကို ကိုယ်စီကျင့်သုံးနိုင်ကြ၍ လူ့အခွင့်အရေးပြဿနာများ ပြေလည်အေးချမ်းကြပါစေဟု မေတ္တာပို့သလိုက်ပါ၏။ ( ဆက်လက်ဖေါ်ပြပါမည် )
    

Sunday, June 10, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၇ ) ဗုဒ္ဓဝါဒ၏ လူသားအပေါ်သဘောထား

အသင်စာဖတ်သူသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးကို ဖတ်ရှုပြီးပေပြီ။ ထိုအပိုဒ် သုံးဆယ်လုံးသည် အဓိကအားဖြင့် ဘာကိုဖေါ်ညွှန်းပါသနည်း။ စာဖတ်သူကိုယ်တိုင်လည်း စဉ်းစားစေချင်ပါ၏။ မိမိစဉ်းစား သုံးသပ်မိသည်များကိုလည်း မိမိဥာဏ်မီသမျှ ဖေါ်ပြပါမည်။ အမှန်စင်စစ် အထက်ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးသည်
၁။ လူသား၏ မူလ မွေးရာပါတန်ဘိုးနှင့် ဂုဏ်သိက္ခာ
၂။ လူသားအချင်းချင်း ထားရှိရမည့်စိတ်ထားများနှင့်
၃။  လူသားအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများနှင့် တာဝန်များ
ဤအချက်သုံးချက်ကိုသာလျှင် အဓိကအားဖြင့် ဖေါ်ညွှန်းသည်ဟု မိမိကောက်ချက်စွဲမိ၏။ တိတိကျကျ ပြောရလျှင် မြတ်ဗုဒ္ဓညွှန်ကြားဖေါ်ပြတော်မူခဲ့သော ငါးပါးသီလအဆင့်အထိ မမီချေ။ ဆိုလိုသည်မှာ ငါးပါးသီလသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းထက် အနှစ်သာရအားဖြင့်ပိုမို၍မြင့်မားပြီးလျှင် ငါးပါးသီလမျှကိုသာလုံခြုံပါလျှင် လူမှု့ လောကကြီးတစ်ခုလုံး မလိုလားအပ်သည့် လူမှု့ ပြဿနာများ ကင်းဝေးနေမည်မှာ အမှန်ပင်ဖြစ်လေ၏။ လူ့အခွင့်အရေးဟူသောစကားလုံးနှင့် လှုပ်ရှားမှုတို့သည်လည်း အဆိုပါ အချက်တို့ကို လိုက်နာမှု့ မရှိကြသောကြောင့်သာလျှင် ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။ အထက်ပါအချက်သုံးချက်ကိုသာ လူသားများလိုက်နာ ကျင့်သုံး စောင့်ထိန်းခဲ့ကြပါက လူ့အခွင့်အရေးပြဿနာသည် ပေါ်ပေါက်လာစရာ အကြောင်းမရှိချေ။ အထက်ပါ အချက်သုံးချက်တွင် နံပါတ်တစ်ဖြစ်သည့် လူသား၏ မူလမွေးရာပါ တန်ဘိုးနှင့် ဂုဏ်သိက္ခာအကြောင်းကို ဦးစွာတင်ပြလိုပါ၏။ ဤကမ္ဘာပေါ်ဝယ်ရှိကြသော ဘာသာတရားများအနက် ဗုဒ္ဓဝါဒ၏ လူသားအပေါ်ထားရှိသည့် သဘောထားသည်အလွန်ထူးခြားလှ၏။ အဘယ့်ကြောင့်နည်း။ ဗုဒ္ဓဝါဒအရ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဘို့အရေးသည် အလွန်တရာခက်ခဲပြီးလျှင် လူသားဘဝကို ရရှိခြင်းသည်လည်း တန်ဘိုးအရှိဆုံးသော အခွင့်အရေးကို ရရှိခြင်းပင်ဖြစ်၏ဟု လက်ခံထားသောကြောင့်ပင်တည်း။ ထို့ကြောင့် ဗုဒ္ဓဝဂ္ဂ ဧရကပတ္တနာဂရာဇဝတ္ထု ဓမ္မပဒ၌ ဘုရားရှင်ဤသို့ ဟောတော်မူ၏။
ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္ဆာန ဇီဝိတံ။ ကိစ္ဆံ သဒ္ဓမ္မသဝနံ၊ ကိစ္ဆော ဗုဒ္ဓါန မုပ္ပါဒေါ။
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်းခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရဘို့ရန် ခဲယဉ်း၏။ ဘုရားအဖြစ် သို့မဟုတ် ဘုရားဖြစ်ရာကာလကို ရဘို့ရန်ခဲယဉ်း၏ ဟူ၍ဖြစ်၏။ ဤ နေရာ၌ အဓိကပြောလိုသည်မှာ ကိစ္ဆော မနုဿပဋိလာဘော၊ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏ ဟူသောစကားပင်ဖြစ်၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။ သံယုတ္တနိကာယ် ပါဏသုတ်တွင်လည်း သမုဒ္ဒရာအောက်ခြေတွင် နေထိုင်သော မျက်လုံးတစ်ဖက်ကန်းနေသည့် လိပ်တစ်ကောင်သည် နှစ်ပေါင်းတစ်ရာကြာမှ ကောင်းကင်ကိုကြည့်ဘို့ရန် အပေါ်သို့တက်လာသည့်အခါ သမုဒ္ဒရာတွင်မျောနေသော ထမ်းပိုးတုံးမှ အပေါက်နှင့်စွပ်မိဘို့ရန် ခက်ခဲသကဲ့သို့ ထို့အတူ လူသားအဖြစ်ကိုလည်း ရရှိဘို့ရန်မှာ အလွန်ပင်ခက်ခဲကြောင်း မြတ်ဗုဒ္ဓဟောတော်မူပါ၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓသည် ယဉ်ကျေးမှု ဓလေ့ထုံးစံ နေရာဒေသ နိုင်ငံ အသားအရောင် ယောကျာ်းမိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် မည်မျှပင် များပြားစွာကွဲပြားခြားနားနေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထားမေတ္တာပွါးရမည်ဖြစ်ကြောင်း သင်ကြားဆုံးမတော်မူ၏။ ထို့ပြင် မေတ္တသုတ်၌လည်း မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝံပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ ဟုဟော်တော်မူ၏။ အဓိပ္ပါယ်မှာ မိခင်သည် မိမိ၏တစ်ဦးတည်းသောသားကို အသက်တမျှ တန်ဘိုးထားစောင့်ရှောက်သကဲ့သို့ ထို့အတူ လူသားအားလုံးသည်လည်း တစ်ဦးပေါ်တစ်ဦး လေးစားတန်ဘိုးထားကာ သက်ရှိသတ္တဝါ အားလုံးကိုမေတ္တာပွါးများကြရမည်ဟု ဆိုလို၏။ ထို့ပြင် မေတ္တာမပွါးနိုင်ဘဲ ဒေါသအလျောက် သတ်ဖြတ်မိပါကလည်း သတ္တဝါတို့၏ တန်ဘိုးအသီးသီးအလိုက် အပြစ်ရှိကြောင်းမြတ်ဗုဒ္ဓ သင်ကြားပေးတော်မူ၏။ သတ္တဝါတို့ကို သတ်ဖြတ်မှုကြောင့်ရရှိသောအပြစ်ဒဏ်များတွင် လူကိုသတ်သည့် အပြစ်သည် အကြီးလေးဆုံးဖြစ်ပါ၏။ အထင်ရှား အလွယ်ကူဆုံးသောသာဓက တစ်ခုကိုပြရလျှင် ရဟန်းတစ်ပါးသည် သေစေလိုသော ကြံရွယ်ချက်ဖြင့် လူကိုသတ်မိပါက ရဟန်းအဖြစ်မှလျှောကျလေတော့၏။ ပါရာဇိကကျလေ၏။ ရဟန်းဘဝဖြင့် ဆက်လက်၍နေခွင့်မရှိတော့ပေ။ အယုတ်ဆုံးအားဖြင့် လူရုပ်အသွင်သဏ္ဌာန်မပီပြင်သေးသော သန္ဓေသားကို ပျက်ကျစေရန် ကိုယ်ဝန်ဖျက်ဆေးပေးလျှင်ပင် ပါရာဇိကကျလေတော့၏။ ရဟန်းတစ်ပါးအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ လူကိုသတ်ခွင့်မရှိ၊ သတ်ဘို့ရန် နည်းလမ်းလည်းပေးခွင့်မရှိ၊ လူသားတစ်ယောက် သေစေရန်ရည်ရွယ်၍ မည်သို့သော နည်းပရိယာယ်ကိုမျှ အသုံးပြုခွင့်မရှိပေ။ အကယ်၍ လူကိုသေစေရန် တနည်းနည်းဖြင့် ကျူးလွန်မိပါက နောက်ထပ်တစ်ဖန် ရဟန်းဖြစ်ချင်၍ အကြိမ်တစ်ရာ ကမ္မဝါဖတ်၍ ရဟန်းခံသော်လည်း ရဟန်းအဖြစ်ကို မရနိုင်တော့။ အဘယ့်ကြောင့်နည်း။ အလွန်တန်ဘိုးကြီးလှသော လူသားဘဝကို ဆုံးရှုံးအောင် ပြုမူခြင်းကြောင့်ပင်တည်း။ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားကိုဤမျှအထိတန်ဘိုးထား၏။ လေးစား၏။
 
          ထို့ပြင် အသိဥာဏ်ပိုင်းအဆင့်အတန်းကို စဉ်းစားကြည့်လျှင်လည်း နိဗ္ဗာန်ကို ဦးစွာ မျက်မှောက်ပြုလျှက် သိနိုင် နားလည်နိုင်သည်မှာ ဤကမ္ဘာဝယ် လူသားသာလျှင်ဖြစ်၏။ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ တိရစ္ဆာန်ဆိုလျှင် ပိုလို့ပင်ဝေးလေစွ။ နိဗ္ဗာန်ဟူသည် ဒဿနဆိုင်ရာရုပ်လွန်ပညာရပ်မဟုတ်ချေ။ မြတ်ဗုဒ္ဓသင်ကြားတော်မူသည့်အတိုင်း အမှန်တကယ်လိုက်နာကျင့်သုံးလျှင် ကိုယ်တိုင်ကိုယ်ကျ မဂ်ပညာ ဖိုလ်ပညာတို့ဖြင့် သိနိုင်သော ဧကန်အရှိတရား ဖြစ်၏။ ထိုနိဗ္ဗာန်တရားကို မရေမတွက်နိုင်သောသက်ရှိသတ္တဝါများထဲတွင် လူသားသည်သာ အဦးဆုံးသိခဲ့၏။  ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့် ဂုဏ်သိက္ခာမြင့်၏၊ တင့်၏။ အခြားသတ္တဝါများထက် အသိဥာဏ်လည်းမြင့်၏။ မွေးရာပါ အပြစ်ကင်းစင်၏။ ဘာအပြစ်မှမပါဝင်။ တစ်ချို့ဘာသာများ၏ အဆိုအရ လူသားသည် မွေးရာပါအားဖြင့် အပြစ်ပါလာ၏။ အပြစ်သားဖြစ်၏။ ထိုအပြစ်ကို ဖြေဖျောက်၍ ကယ်တင်ပေးရန် သက်ဆိုင်ရာ ဘုရားကို မျက်နှာချိုသွေးကာ ဆုတောင်းကြရ၏။ ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့်ပင် ဂုဏ်တင့်၏။ မြင့်၏။ ဥာဏ်ထက်၏။ အပြစ်ကင်းစင်၏။ မည်သို့သောပုဂ္ဂိုလ်ကိုမျှ ဒူးထောက်လက်မြှောက်၍ မျက်နှာချိုသွေးကာ ဆုတောင်းနေရန်မလိုပေ။ ထို့ပြင် လူသားသည် အရာရာကို ဖန်တီးနိုင်၏။ လူ့လောကကြီးတစ်ခုလုံးကို လူသားများသာ စိတ်တိုင်းကျချယ်လှယ်နေနိုင်ကြ၏။ အဘယ့်ကြောင့်နည်း။ လူသားသည် မူလမွေးရာပါ အစွမ်းရှိသောကြောင့်ပင်တည်း။  လူသားသည်သာ ကိုးကွယ်ရာ ဘုရားဖြစ်နိုင်၏။ လူသားမှတစ်ပါး မည်သည့်သက်ရှိသတ္တဝါမျှ ဘုရားမဖြစ်နိုင်ချေ။ ဗုဒ္ဓဓမ္မအရ လူသားသည် အကျင့်မြတ်ကို အမှန်တကယ်ကျင့်လျှင် စာလုံးကြီးဖြင့်ပေါင်းသော God ကလည်း လူသားကို လေးစားရိုသေရှိခိုးရ၏။ စာလုံးသေးဖြင့်ပေါင်းသော gods များစွာတို့သည်လည်း လူသားကို လေးစားကြရ၏။ လူသားသည် God နှင့် gods အားလုံးကို ရှိခိုးစရာမလို၊ သူတို့ထံသို့ဆုတောင်းခံစရာမလို၊ မေတ္တာပွါးရန်သာလို့၏။ လူသား၏တန်ဘိုးသည် ဤမျှအထိမြင့်မားလှ၏။  ဤကဲ့သို့ မွေးရာပါ လူသား၏ဂုဏ်သိက္ခာကို အရှိအတိုင်း သဘာဝအတိုင်း ဖေါ်ထုတ်တင်ပြပေးသော ဘာသာတရား အဘယ်မှာလျှင် ရှိပါမည်နည်း။ ရှိလျှင်လည်း ပြစမ်းပါလော့။ သိချင်လှပါ၏။
         
               အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁) တွင် လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ဟု ပြဋ္ဌာန်းထား၏။ ဤပြဋ္ဌာန်းချက်နှင့် ဗုဒ္ဓဓမ္မကို အသင်စာဖတ်သူ နှိုင်းယှဉ်ကြည့် သုံးသပ်ကြည့်စမ်းပါလော့။ ဤကြေငြာစာတမ်းသည် ယနေ့ကမ္ဘာ့လူသားများအတွက် ကျင့်သုံးထိုက်သည့် အခြေခံမူတစ်ခုဖြစ်ပါ၏။ သို့သော် မြတ်ဗုဒ္ဓသည် ဤကြေငြာစာတမ်းထက် လူသား၏တန်ဘိုးနှင့် ဂုဏ်သိက္ခာကို နှစ်ပေါင်း ၂၅၀၀ ကျော်စော၍ ကြိုတင်ကာ ဖေါ်ထုတ်တင်ပြခဲ့၏။ ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် တန်ဘိုးအမြင့်ဆုံးဖြစ်၏။ ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်၏။ အလွတ်လပ်ဆုံးဖြစ်၏။ အသိဥာဏ်အမြင့်ဆုံးဖြစ်၏။ လူသားထက်မြင့်သော လူသားကကိုးကွယ်ရသော သက်ရှိသတ္တဝါဟူ၍မရှိချေ။ လူသားသည် သက်ရှိသတ္တဝါအားလုံးကို မေတ္တာတရား ကရုဏာတရား ကိုယ်ကျင့်တရား တာဝန်ဝတ္တရားတို့ဖြင့် ချီးမြှောက်ရန်သာတာဝန်ရှိလေ၏။

Sunday, June 3, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၆) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုင်း (၃)

အပိုဒ် ( ၂၁ )
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျှက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစံနစ်ဖြင့်ဖြစ်စေ၊ အလားတူလွတ်လပ်သော မဲပေးစံနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် ( ၂၂ )
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့် ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့်လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ဂုဏ်သိက္ခာနှင့်စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွါးရေး လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၃ )
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သောအလုပ်ခွင်၏ အခြေအနေကိုရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင်ခွဲခြားခြင်းမခံရစေဘဲ တူညီသောအလုပ်အတွက် တူညီသောအခကြေးငွေ ရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့်လူတိုင်းတွင် မိမိနှင့်မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင်စားသောက်နိုင်ရန် စိတ်ချလောက်သည့်အပြင် တရားမျှတ၍လုပ်ပျော်သည့် လစာကြေးငွေရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံ၍ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ( ၂၄ )
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင် လစာနှင့်တကွအခါအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့်အားလပ်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၅ )
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစုကျမ္မာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အစာအာဟာရ အဝတ်အထည် နေအိမ် ဆေးဝါးအကူအညီနှင့် လိုအပ်သည့်လူမှုအထောက်အပံ့များပါဝင်သော သင့်တော်လျောက်ပတ်သည့်လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌သော်လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သောအခါ၌သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌သော်လည်းကောင်း၊ အသက်အရွယ်အိုးမင်းသောအခါ၌သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သောအကြောင်းကြောင့် ဝမ်းစာရှာမှီးနိုင်သောနည်းလမ်း မရှိသောအခါ၌သော်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှုအခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့်ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့်အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ မွေးဖွားသောကလေးအားလုံးသည် တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ( ၂၆ )
(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည်အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကိုအခြေခံပြု၍ တူညီသောအခွင့်အရေးရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင် လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများတွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှုသည်းခံမှုနှင့်ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင်အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ ကလေးများသင်ယူရမည့် ပညာအမျိုးအစားကိုရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိသည်။

အပိုဒ် ( ၂၇ )
(၁) လူတိုင်းတွင် သက်ဆိုင်ရာယဉ်ကျေးမှုလောက၌ လွတ်လပ်စွာပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမပညာရပ်များကို လွတ်လပ်စွာလိုက်စားမွေ့လျော်နိုင်ခွင့် သိပ္ပံပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာဝင်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပ္ပံမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန်အခွင့်အရေးရှိသည်။

အပိုဒ် ( ၂၈ )
လူတိုင်းသည် ဤကြေငြာစာတမ်းတွင် ဖေါ်ပြထားသည့် အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကိုခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၉ )
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသောလူ့အသိုက်အဝန်းအတွက် လူတိုင်း၌တာဝန်ရှိသည်။
(၂) မိမိ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့အကျိုးစီးပွါးဖြစ်ထွန်းရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း ဥပဒေကပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါအခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍မသုံးစွဲရ။

အပိုဒ် ( ၃၀ )
ဤကြေငြာစာတမ်းပါအခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ၊ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ ပါဝင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန်အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်းမရှိစေရ။

Sunday, May 27, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၅) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း အပိုင်း (၂ )

အပိုဒ် (၁၁)
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့်တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကိုကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့်ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သောအခွင့်အရေးအများကို ထိုသူအားပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ အပြည်ပြည်ဆိုင်ရာဥပဒေအရဖြစ်စေ ပြစ်မှုမမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုအပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

အပိုဒ် ( ၁၂ )
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏မိသားစုကိုသော်လည်းကောင်း၊ မိမိ၏နေအိမ် အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်းကောင်း၊ ဥပဒေအရမဟုတ်သော ဝင်ရောက်စွက်ဖက်ခြင်းမခံစေရ။ ထို့ပြင်မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်းပုတ်ခတ်ခြင်းမခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှသော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၁၃ )
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းနိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင် မိမိ၏တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ( ၁၄ )
(၁) လူတိုင်းသည် ညှဉ်းပန်းနှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့်မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ရည်ရွယ်ချက်နှင့် သဘောတရားများကို ဖီဆန်သောအမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသောပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါအခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ( ၁၅ )
(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ( ၁၆ )
(၁) အရွယ်ရောက်ပြီးသော ယောကျာ်းနှင့်မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါယောကျာ်းနှင့်မိန်းမတို့သည် လင်မယားအဖြစ်ပေါင်းသင်းနေစဉ် အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌သော်လည်းကောင်း လက်ထပ် ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့်စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့်သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သောသဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကိုပြုရမည်။
(၃) မိသားစုတစ်ခုသည်  လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ( ၁၇ )
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့်ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန်အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို  စွန့်လွှတ်ခြင်းမခံစေရ။

အပိုဒ် ( ၁၈ )
လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲသော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာသင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်းပါဝင်သည်။

အပိုဒ် ( ၁၉ )
လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာဖွင့်ဟ ဖေါ်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့်လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ( ၂၀ )
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့်ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူ့ကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။

Sunday, May 20, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၄) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုင်း ( ၁ )

  အပိုဒ် ( ၁ ) 
လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်ကိုသိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ညီရင်းအကိုစိတ်ထားဖြင့် ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ် (၂)
လူတိုင်းသည်လူ့ အခွှင့်အရေးကြေငြာစာတမ်းတွင်ဖေါ်ပြထားသည့်
အခွှင့်ရေးအားလုံး လွတ်လပ်ခွှင့်အားလုံးတို့ ကိုပိုင်ဆိုင်ခံစားခွှင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊
အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊
ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့ တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော သို့ တည်းမဟုတ် လူမူ့ အဆင့်တန်းနှင့်ဆိုင်သော
ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်း
အားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ ပြင် လူတဦးတယောက်နေထိုင်ရာ နိုင်ငံ၏ သို့ တည်းမဟုတ် နယ်မြေဒေသ၏နိုင်ငံရေးဆိုင်ရာ
ဖြစ်စေ စီရင်ပိုင်ခွှင့်ဆိုင်ရာဖြစ်စေ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတခုခုကို
အခြေပြု၍သော်လည်းကောင်း ဒေသနယ်မြေတခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ
သို့ တည်းမဟုတ်  ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့ တည်းမဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွှင့်အာဏာတို့ တစိတ်တဒေသလောက်သာရရှိသည့် နယ်မြေစသည်ဖြင့် ယင်းသို့ သော
နယ်မြေများဖြစ်သည် ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်းလုံးဝ
မရှိစေရ။

အပိုဒ်(၃)
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မူ့ ခွှင့်နှင့် လုံခြုံစိတ်ချခွှင့်ရှိသည်။

အပိုဒ်(၄)
မည်သူ့ ကိုမျှကျေးကျွန်အဖြစ် သို့ တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်း ခြင်းမပြုရ။
လူကိုကျေးကျွန်သဖွယ် အဓ္ဓမစေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော
လုပ်ငန်းဟူသမျှကိုပိတ်ပင်တားမြစ်ရမည်။

အပိုဒ်(၅)
မည်သူ့ ကိုမျှ ညှင်းပမ်းနှိပ်စက်ခြင်း၊ သို့ တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ
ဂုဏ်ငယ်စေသောဆက်ဆံမူ့ မပြုရ၊ သို့ တည်းမဟုတ်အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ်(၆)
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို
ခံယူပိုင်ခွှင့်ရှိသည်။

အပိုဒ်(၇)
လူအားလုံးတို့ သည် ဥပဒေအရာ၌တူညီကြသည့်အပြင်၊ ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်း
မခံရစေပဲ တူညီစွာခံစားပိုင်ခွှင့်ရှိသည်။ ဤကြေငြာစာတမ်းပါသဘောတရားများကို ဖီဆန်၍
ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကိုလှုံဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန်
အကာအကွယ်ကို တူညီစွာခံစားပိုင်ခွှင့်ရှိသည်။

အပိုဒ်(၈)
ဖွဲ့ စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း၊ အခြားဥပဒေကသော်လည်းကောင်း၊
လူတိုင်းအတွက်ပေးထားသည့် အခြေခံအခွှင့်အရေးများသည် ချိုးဖေါက်ဖျက်ဆီးခြင်းခံခဲ့ရလျှင်
ထိုသို့ ချိုးဖေါက်ဖျက်ဆီးသောပြုလုပ်မူ့ ကြောင့် ဖြစ်ပေါ်လာသောနစ်နာချက်အတွက်
ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင်ထိရောက်စွာသက်သာခွှင့်ရနိုင်စေရမည်။

အပိုဒ်(၉)
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊
ပြည်နှင်ခြင်းကိုဖြစ်စေမခံစေရ။

အပိုဒ်(၁၀)
အခွှင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊
ပြစ်မူ့ ကြောင့်တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍
ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့ မှောက်တွင် မျှတစွာကြားနာစစ်ဆေးခြင်းကို
တူညီစွာခံစားပိုင်ခွှင့်ရှိသည်။

Sunday, May 13, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၃ ) အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း

လူသားသည် မိမိ၏သမိုင်းကို မိမိတို့ကိုယ်တိုင်သာလျှောက်လှမ်းခဲ့ ဖန်တီးခဲ့ရကြောင်း၊ ယခုလည်းလူသားကိုယ်တိုင်သာ ဖန်တီးနေရ လျှောက်လှမ်းနေရကြောင်း၊ နောက်နောင်တွင်လည်း လူသားကိုယ်တိုင်သာ ဆက်လက်လျှောက်လှမ်းဖန်တီးရမည်သာဖြစ်ကြောင်း၊ လူသားမဟုတ်သည့် ဘယ်လိုတန်ခိုးရှင်ကမှ ဝင်ရောက်၍ ကူညီဖြေရှင်းပေးခြင်း အလျဉ်းမရှိကြောင်း၊  လူသား၏အသိဥာဏ်၊ လူသား၏ကိုယ်ကျင့်တရားနှင့် လူသား၏ မေတ္တာ ကရုဏာစသောသူတော်ကောင်း တရားတို့သည်သာ လူသားအားမြှင့်တင်ပေးနိုင်ကြောင်း၊ လူ့ဂုဏ်သိက္ခာနှင့်တန်ဘိုးကို လူသားကသာမြှင့်တင်နိုင်ပြီးလျှင် လူသားကသာ နှိမ့်ချနိုင်ကြောင်းတို့ကို စေ့စေ့တွေးက ထင်းထင်းကြီးပေါ်လွင်လှပါ၏။

     ထို့ကြောင့်လူသားအချင်းချင်း လေးစားတန်ဘိုးထားကာ လူသားတန်ဘိုးများ လူသား၏အခွင့်အရေးများ ဂုဏ်သိက္ခာများမြှင့်တင်ရေးအတွက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးသည် အချက်အလက်စာပိုဒ် (၃၀) ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းကြီးကို တညီတညွတ်တည်း ကြေငြာခဲ့လေသည်။ ဤကြေငြာစာတမ်းတွင် လူသားများအားလုံး တပြေးညီရပိုင်ခွင့်ရှိသည့်
 ပြည်သူ့အခွင့်အရေးများ၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ၊ စီးပွါးရေး လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအားလုံးပါဝင်၏။ ဤအခွင့်အရေးများသည် လူမျိုး၊ အသားအရောင်၊ အရပ်ဒေသ၊ နိုင်ငံ၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံစံများ စသည်တို့ကို တဖက်စောင်းနင်းဖြစ်စွာ အလေးပေးထည့်သွင်းစဉ်းစားခြင်း အလျဉ်းလုံးဝမရှိ၊ လူသားအချင်းချင်း တန်းတူရည်တူရှိမှုသဘောတရားအပေါ်တွင်သာ အခြေပြုထားလေ၏။ လူသား၏တန်ဘိုးနှင့်ဂုဏ်သိက္ခာကိုသာ အလေးထား၍ဖေါ်ပြထား၏။

            တစ်ဖန် မိမိတို့၏ လူ့သမိုင်းကို ပြန်လည်၍ အနည်းငယ်စေ့ငုကြည့်ပါက မြောက်များလှစွာသော သဘာဝဘေးအန္တရာယ်ဆိုးများနှင့်ကပ်ဆိုးများ၊ လူသားတို့ဖန်တီးခြင်းကြောင့် ကျရောက်ခဲ့ရသော ဘေးရန်အန္တရာယ်နှင့်ကပ်ဆိုးများစွာတို့သည် အတိတ်တွင်လဲ တွေ့ကြုံခဲ့ရ၏။ ယနေ့မျက်မှောက်တွင်လည်း တွေ့ကြုံနေရဆဲဖြစ်၏။ နောင်အနာဂတ်တွင်လည်း
 တွေ့ကြုံရင်ဆိုင်နေကြရပေအုံးမည်မှာ အသေအချာပင်ဖြစ်သည်။ အချိန်ကာလနှင့်ခေတ်ကာလသတ်မှတ်ချက်မရှိဘဲ အချိန်မရွေးဖြစ်ပွါးနိုင်သော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာရသော စစ်ပွဲများသည် ကမ္ဘာပေါ်ဝယ် သဘာဝ၏သရုပ်သကန် ပုံရိပ်များလိုဖြစ်နေသည်။ အထူးအဆန်းဖြစ်ရပ်ဆန်းများမဟုတ်ကြတော့။ ထိုစစ်ပွဲများသည် မြောက်များလှစွာသော ဆင်းရဲဒုက္ခများ၊ အနိဋ္ဌာရုံဖြစ်ရပ်ဆိုးများနှင့် ကြီးမားလှစွာသော ကမ္ဘာ့အပျက်အစီးများကို လူသား၏ပခုံးပေါ်သို့ အကြင်နာမဲ့စွာ ကျရောက်စေလေတော့၏။ ဤဆင်းရဲဒုက္ခများအပြင် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေတိုက်စားခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ အအေးလွန်ကဲခြင်းနှင့် အပူလွန်ကဲခြင်းစသော သဘာဝဘေးအန္တရာယ်များ၊ မဖြစ်သင့်မဖြစ်ထိုက်သော ကျမ္မာရေး ထိခိုက်စေမှုများ သို့မဟုတ် ကျမ္မာရေးအတွက် ထိတ်လန့်စိုးရိမ်စေမှုများနှင့်လူသား၏ ငြိမ်းချမ်းသောနေထိုင်မှုဘဝကို ခြောက်လှန့်မှုများတို့သည်လည်း အမြဲတစေရင်ဆိုင်နေရသော ပြဿနာကြီးများဖြစ်ကြလေ၏။

                ဤဆိုခဲ့ပြီးသော ကပ်ဆိုးများနှင့် အန္တရာယ်များမှကင်းဝေးနိုင်ရန် သို့မဟုတ် ကမ့္ဘာနိုင်ငံသားများအားလုံး၊ အဖွဲ့စည်းမှန်သမျှအားလုံးနှင့် လူသားမှန်သမျှအားလုံး အေးချမ်းစွာ တန်းတူရည်တူရှိစွာ ဂုဏ်သိက္ခာရှိစွာဖြင့်
 နေထိုင်နိုင်ရန်အတွက်လည်းကောင်း၊ နိုင်ငံရေးကိစ္စ၊ နိုင်ငံတကာအရေးကိစ္စ၊ နိုင်ငံနယ်နိမိတ်ပြဿနာအရေးကိစ္စများတွင် အပြန်အလှန်နားလည်မှု၊ တန်ဘိုးထားလေးစားမှုများ တည်ရှိလာစေရန် အတွက်လည်းကောင်း
 ကုလသမဂ္ဂကြေငြာစာတမ်းကို တညီတညွတ်တည်း ကြေငြာခဲ့ခြင်းဖြစ်ပေသည်။ ထိုကုလသမဂ္ဂလူ့အခွင့်အရေးကြေငြာစာတမ်းကို စာဖတ်သူများ အပြည့်အစုံသိစေရန်အတွက်လည်းကောင်း၊ ဗုဒ္ဓဓမ္မနှင့်နှိုင်းယှဉ်သုံးသပ်သည့်အခါ ပို၍ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ပို၍ထင်ရှားစွာနားလည်စေရန်အတွက်လည်းကောင်း စာပိုဒ် ၃၀ လုံးကို ဖေါ်ပြလိုက်ပါသည်။
                         
                       အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း
                                             စကားချီး
   လူခပ်သိမ်းတို့၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာဖွင့်ဟ ပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာအသက်မွေးနိုင်မှုတို့ကို ခံစားရယူစေနိုင်မည့် လောကတစ်ခုပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့်
 ကြွေးကြော်ကြေငြာပြီးဖြစ်သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ကို နောက်ဆုံးတွင် မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း ပုန်ကန်ခြင်းမပြုစေရန် လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည်ဖြစ်သောကြောင့်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကိုလည်ကောင်း၊ လူ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျားမိန်းမတို့၏ တူညီသည့်အခွင့်အရေးများကို
လည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင်ထပ်မံ၍အတည်ပြုပြီးသည့်ပြင် လူမှုကြီးပွါးတိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘဝအဆင့်အတန်းတို့ကို မြှင့်တင်ရန် သံန္နိဋ္ဌာန်ချထားပြီး ဖြစ်သောကြောင့်လည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတို့သည်
ကုလသမဂ္ဂအဖွဲ့နှင့်ပူးပေါင်း၍ လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့်အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာတဝှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊ ထိုအကြောင်းများကြောင့် အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကို လူတိုင်း အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျှက် ကမ္ဘာတစ်ဝှမ်းလုံးတွင် အဆိုပါအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်နယ်နိမိတ်အတွင်းရှိ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးနှင့်လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စွာ သိမှတ်ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သောဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကို နိုင်ငံခပ်သိမ်း လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခုထုတ်ပြန်ကြေငြာလိုက်သည်။
   
             အပိုဒ် ( ၁ ) 
လူတိုင်းသည် တူညီလွတ်လပ်သောဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သောအခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်ကိုသိတတ်သောစိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်းမေတ္တာထား၍ ညီရင်းအကိုစိတ်ထားဖြင့် ဆက်ဆံကျင့်သုံးသင့်၏။

Sunday, May 6, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၂ ) လူ့အခွင့်အရေး၏ သမိုင်းပုံရိပ်

ယနေ့ တစ်ကမ္ဘာလုံးတွင် လှုပ်ရှားရုန်းကန်ဖြေရှင်းနေကြသော လူ့အခွင့်အရေး ပြဿနာသည် ၁၉၃၉ ခုနှစ်မှစတင်ပြီး ၁၉၄၅ ခုနှစ်တွင်ပြီးဆုံးသော ၆ နှစ်ကြာမြင့်သည့်ဒုတိယကမ္ဘာစစ်ကြီး၏ နောက်ပိုင်းတွင်မှပေါ်ထွက်လာသော ပြဿနာတစ်ရပ်ဖြစ်၏။ ဤလူ့အခွင့်အရေးလှုပ်ရှားမှု အရေးတော်ပုံသည် သမိုင်းကြောင်းအရကြည့်လျှင် ကာလအားဖြင့်ကြာမြင့်လှသည်မဟုတ်သေးချေ။ တိတိကျကျပြောရလျှင် လူ့အခွင့်အရေးကို ပြဿနာတစ်ခုအဖြစ်လက်ခံလာခဲ့ကြသည်မှာ ယခုစာရေးနေချိန်အထိဆိုလျှင် ၆၇ နှစ်သက်တမ်းမျှသာရှိသေး၏။ အရွယ်ရလာပြီဟုဆိုနိုင်သော်လည်း ပြီိးဆုံးအောင်မြင်စွာ အေးချမ်းမျှတသည်အထိဖြေရှင်းနိုင်သော အခြေအနေသို့မရောက်သေးကြောင်းမှာ ယနေ့ကမ့္ဘာဖြစ်ရပ်များက အထင်အရှားသက်သေပင်ဖြစ်လေ၏။ ဤလူ့အခွင့်အရေးကိစ္စကို အားလုံးစုပေါင်းဖြေရှင်းရမည့် ပြဿနာတစ်ရပ်အဖြစ်လက်ခံလာခဲ့သည်မှာ မကြာမြင့်လှသေးသော်လည်း အတွေးအခေါ်အနေဖြင့်တည်ရှိလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဟုဆိုနိုင်ပါ၏။ သို့သော် လူ့အခွင့်အရေး Human Rights ဟူသောစကားလုံးဖြင့်တိုက်ရိုက်သန္ဓေတည်ကာ ပေါ်ထွက်လာသည်တော့မဟုတ်ချေ။ အမှန်စင်စစ် "Natural Rights or Rights of Man" မူလသဘာဝရပိုင်ခွင့်များ သို့မဟုတ် လူသား၏ ရပိုင်ခွင့်များ ဟူသောစကားလုံးများဖြင့် သန္ဓေတည်လာခဲ့၏။ တနည်းဆိုသော် လူ့အခွင့်အရေး 'Human Rights' ဟူသောစကားလုံးသည် မူလသဘာဝရပိုင်ခွင့်များ 'Natural Rights' ဟူသော ကျယ်ပြန့်လွတ်လပ်သည့်အတွေးအခေါ်၏ ရင်သွေးသားရတနာဖြစ်သည်ဟုဆိုကဆိုနိုင်လေ၏။ ဤလူ့အခွင့်အရေး ဟူသောစကားလုံးကို ရှေးခေတ်အဆက်ဆက်တွင် ပိုင်ဆိုင်မှု သုံးစွဲမှုမရှိကြောင်း စာဖတ်သူသိပေပြီ။ သို့သော် မည်သူကစတင်ဖေါ်ထုတ်ခဲ့သနည်းဟူမူ ဤအခွင့်အရေးဟူသော စိတ်ကူးအယူအဆတစ်ခုကို ကျိုးကြောင်းမျှတသည့်စံနစ်ကို ကျင့်သုံးခဲ့ကြသော ရှေးဟောင်းဂရိများ သို့မဟုတ် ရောမများတို့သည် ကျယ်ပြန့်သော အသိဥာဏ်ဖြင့်ဆင်ခြင်ကာ ဖေါ်ထုတ်ခဲ့ကြ၏။ ရှေးဟောင်း ဂရိနှင့်ရောမတို့က ဖေါ်ထုတ်ခဲ့သည်ဟု ဆိုသော်လည်း ဤအခွင့်အရေးဟူသော စိတ်ကူးအယူအဆသည် ဥရောပတိုက်တွင် ၁၂ ရာစုကုန်ဆုံးသည့်တိုင် ပေါ်ထွက်လာခြင်းမရှိသေးပေ။ သို့သော် အေဒီ ၁၄ ရာစုနှစ်အကုန်တွင် 'Natural Rights' မူလသဘာဝရပိုင်ခွင့်များဟူသော အယူအဆတစ်ရပ်သည် ပြည့်စုံစွာပေါ်ထွက်လာပြီးလျှင် ဆက်လက်၍လည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် 'Natural Rights' ဟူသောအယူအဆနှင့်ပတ်သက်၍ အင်္ဂလိပ်ဒဿနိကဗေဒပညာရှင်များဖြစ်ကြသည့် သောမတ်စ်ဟော့ဘ်စ် ( ၁၅၈၈- ၁၆၇၉ )နှင့် ဂျွန်လော့ခ် ( ၁၆၃၂-၁၇၀၄)တို့၏ အမြင်ခြားနားမှုများကိုအခြေခံကာ ဂိုဏ်းနှစ်ခုခြားနားစွာပေါ်ထွက်ခဲ့သည်။ သူတို့နှစ်ဦး၏ အယူအဆတို့သည် ၁၆၄၀ခုနှစ်တွင်အင်္ဂလိပ်တော်လှန်ရေးနှင့် ၁၆၈၈ ခုနှစ်တွင်ဖိနှိပ်သည့်အစိုးရကို ပုန်ကန်မှုများပေါ်ပေါက်စေခဲ့သည်။ တနည်းဆိုသော် မူလသဘာဝအခွင့်အရေးများကို နားလည်လာကြသောကြောင့် ပြည်သူများအား မတရားဖိနှိပ်သည့်အစိုးရကို အာခံတော်လှန်ခြင်းလည်းဖြစ်သည်။ မှန်၏။ လူသားသည် မိမိ၏မူလမွေးရာပါ အခွင့်အရေးများကိုမသိလျှင် ရပိုင်ခွင့်များကိုလည်းနားမလည်တော့၊ ဆုံးရှုံးမှုများကိုလည်း မစဉ်းစားမဝေဘန်တတ်တော့ချေ။ မိမိအသက်ရှင်သန်လာရခြင်း၏ သို့မဟုတ် လူဖြစ်လာရခြင်း၏ အဓိပ္ပါယ်ကိုလည်းမဖေါ်တတ်တော့ချေ။ ထိုအခါ အာဏာရှိသူ စည်းစိမ်ရှိသူတို့က ပစ္စည်းမဲ့သူများနှင့် အသိဥာဏ်ပညာအားနဲသူများအား လူသားအချင်းချင်း လူမဆန်စွာရက်ရက်စက်စက် ပြုမူဆက်ဆံ အုပ်စိုးဖိနှိပ် ချူပ်ချယ်ခဲ့ကြရာမှ လူ့အဆင့်အလွှာတို့သည်လည်း ကွာခြင်တိုင်းကွာခြားလှသည့်အခြေအနေသို့ရောက်ခဲ့ရတော့၏။ နောက်ပိုင်းတွင်လူသားများသည် အသိဥာဏ်တစ်စထက်တစ်စ ရင့်သန်လာသည့်အတွက်ကြောင့် မိမိတို့၏ အခွင့်အရေးများ ရပိုင်ခွင့်များ ဆုံးရှုံးမှုများ တာဝန်များ စည်းကမ်းများကို တစ်ဆင့်ချင်းနားလည်လာခဲ့ကြ၏။ ထို့နောက် ၁၇၇၆ ခု အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းသည် လူသားအားလုံး မူလသဘာဝအရ တန်းတူရည်တူအခွင့်အရေးရှိသည်မှာ အထင်အရှားဖြစ်ကြောင်း၊ လူသားအားလုံးသည် အမြဲတစေခိုင်မာသော သဘာဝအခွင့်အရေးရှိမှုနှင့်အတူ ဖန်တီးနိုင်မှုအခွင့်အရေးများလည်း ပြည့်ဝကြောင်း၊ ဘဝတွင် ပျော်ရွှင်မှုနှင့် လွတ်လပ်မှုကို အပြည့်အဝရှာဖွေရယူနိုင်ကြောင်း ခိုင်မာစွာကြေငြာခဲ့သည်။ ၎င်းနောက် ၁၃ နှစ်အကြာ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသည် လူ့သားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကြေငြာစာတမ်းတို့ကို အမေရိကန်တို့နှင့်တူညီစွာ ထပ်လောင်းကြေငြာခဲ့သည်။ ၎င်းနောက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးသည် လူသား၏ မွေးရာပါ ဂုဏ်သိက္ခာရှိမှု၊ တန်းတူရည်တူရှိမှု၊ လူသားမိသားစု၏အဖွဲ့ဝင်များအတွင်း ထာဝရအခွင့်အရေးများရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အေးချမ်းမှုတို့ကို တပြေးညီရယူနိုင်သောအခွင့်အရေးများရှိကြောင်းကြေငြာခဲ့သည်။ ထို့ပြင် အာဏာရှင်စလာဇာကို ဝေဘန်ခဲ့သည့်အတွက် တရားမျှတမှုကင်းမဲ့စွာ အကျဉ်းကျခံနေရသော ပေါ်တူဂီကျောင်းသားများအရေးကို ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် အင်္ဂလိပ်ရှေ့နေ ပီတာဘင်နီဆင်သည် ၁၉၆၀ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းကို လန်ဒန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြန်သည်။ ထို့နောက်တစ်ဖန် အပြည်ပြည်ဆိုင်ရာ ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ ပဋိညာဉ်စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ စီးပွါးရေး လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများပဋိညာဉ်စာချုပ်တို့ကိုလည်း ၁၉၇၆ ခုနှစ်တွင် ကုလသမဂ္ဂ၌ ချူပ်ဆိုနိုင်ခဲ့သည်။ အထက်ပါ အတွေးအခေါ်များတိုးတက်ပြောင်းလဲလာမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုများအားလုံးသည် ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည်။ မမျှမတဘဲ အရုပ်ဆိုးအကျည်းတန်စွာ တစ်ဖက်စောင်းနင်းဖြစ်နေခဲ့သော ဤကမ္ဘာကို အတိုင်းအတာတစ်ခုအထိ တည့်မတ်ပေးနိုင်ခဲ့သည်။ အလုံးစုံပြည့်စုံအောင်မြင်စွာဖြေရှင်းနိုင်မှုကားမရှိသေးချေ။ လောဘ ဒေါသ မောဟများထူပြောလှသော ဤကမ္ဘာကို လုံးဝသန့်စင်သော အပြစ်ကင်းသော ဘုံဗိမာန်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းဘို့ရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်ချေသည်။ သို့သော် အပြစ်နဲနိုင်သမျှနဲပြီး တရားမျှတသောအခွင့်အရေးများ ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားကြရန်မှာ လူသားများ၏ မူလတာဝန်ပင်ဖြစ်ပေသည်။ မိမိတို့၏ မူလရပိုင်ခွင့်များကို ရရှိနိုင်ရန် ကြိုးစားဘို့အရေးသည် မိမိတို့လူသားများ၏ မူလတာဝန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်နည်း လူသား၏ဘဝကို လူသားကိုယ်တိုင်သာဖန်တီးနိုင်သောကြောင့်ပင်တည်း။ လူ့သမိုင်းခရီးကိုလူသားကိုယ်တိုင်သာနှင်ရမည်ဖြစ်သောကြောင့်ပင်တည်း။

Sunday, April 29, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၁ )

ယနေ့ခေတ်ဝယ် လူ့အခွင့်အရေး ဟူသောစကားလုံးသည် တစ်ကမ္ဘာလုံးတွင် ရေပန်းစားလှ၏။ ထိုသည့်စကားလုံးကို တွင်တွင်ကြီးသုံးနှုန်းပြောဆိုနေကြလေ၏။ ကုလသမဂ္ဂတွင်လည်းသုံး၏။ လူမှုအဖွဲ့အစည်းများတွင်လည်းသုံး၏။ နိုင်ငံရေးအဝန်းအဝိုင်းနယ်ပယ်တွင်လည်းသုံး၏။ သာမန်လှုမှုဝန်းကျင်တွင်လည်းသုံး၏။ အရှေ့တိုင်း အနောက်တိုင်း ကမ္ဘာ့နေရာတိုင်းတွင် နေရာဒေသမရွေး နိုင်ငံမရွေး ဘာသာမရွေး လူမျိုးမရွေး သုံးနှုန်းပြောဆိုနေကြသည်ကို လူသားတိုင်း သိနေကြ ကြားနေကြသည်သာဖြစ်၏။ အဘယ်ကြောင့် ထိုစကားလုံးကို ဤမျှအတိုင်းအတာအထိ သုံးနှုန်း၍ လူ့အခွင့်အရေးလှုပ်ရှားကြိုးပမ်းမှုများကို လုပ်ဆောင်နေကြဘိသနည်း။ ဆန်းစစ်ဘို့လိုအပ်လာ၏။ အဖြေကားရှင်းပါ၏။ လူသားအချင်းချင်းအပေါ် တရားမျှတခြင်းကင်းမဲ့ကာ မတရားပြုကျင့်နေကြသောကြောင့်ပင်တည်း။ တနည်းဆိုသော် လူသား၏မူလကျင့်ဝတ်နှင့်တာဝန်တို့ကို မကျင့်ခြင်း မစောင့်ထိန်းခြင်း တာဝန်မယူခြင်းကြောင့်ပင်တည်း။ မှန်၏။ လူအသီးသီးတွင် ကိုယ်စီကိုယ်စီ ကျင့်ကြရမည့် ကျင့်ဝတ်များ၊ စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းများ၊ ဖြည့်ဆည်းပေးရမည့်တာဝန်များ၊ တစ်ဦးပေါ်တစ်ဦးထားရှိရမည့် စိတ်ထားများ၊ ပွါးများရမည့် မေတ္တာ ကရုဏာစသည့် ဗြဟ္မစိုရ်တရားများသည်ရှိ၏။ ထိုထိုသက်ဆိုင်ရာ ကျင့်ဝတ်များ စည်းကမ်းများ တာဝန်များ စိတ်ထားများကင်းမဲ့သွားသောအခါ လူ့မှုအဖွဲ့အစည်းကြီးသည် လူသားတို့မျှော်မှန်းထားသော ဖွံ့ဖြိုးမှု ကြွယ်ဝမှု ပျော်ရွှင်မှု အေးချမ်းမှု ပန်းတိုင်ဆီသို့မရောက်ဘဲ ခုတ်ရာတစ်ခြား ရှရာတလွဲဖြစ်ကာ မလိုလားမနှစ်သက်နိုင်သော အနိဋ္ဌလူ့အဖွဲ့အစည်းကြီးအဖြစ်သို့ ကျရောက်လေတော့၏။ အုပ်ချုပ်သူလူတန်းစားဖြစ်သည့် အစိုးရတို့သည် သူတို့ကျင့်အပ်သည့် ကျင့်ဝတ်များကိုမကျင့်လျှင် သို့မဟုတ် ကျင့်သယောင်ယောင် သရုပ်သယောင်များဖြင့်လှည့်စားနေလျှင်၊ တစ်ဖန် အပြန်အားဖြင့် အုပ်ချုပ်ခံ ပြည်သူပြည်သားများသည်လည်း သူတို့ကျင့်အပ်သည့် ကျင့်ဝတ်များကို မကျင့်လျှင် သို့မဟုတ် အစိုးရနှင့် ပြည်သူအချင်းချင်းကို လှည့်စားကြလျှင် ထိုတိုင်းပြည်သည် တရားမျှတမှုကင်းမဲ့ကာ လူ့အလွှာများကွဲပြား၍ မအေးချမ်းရုံမျှမဟုတ် တပြေးညီ သာတူညီမျှ မဖွဲ့ဖြိုး မတိုးတက်ဘဲ  လူမှုသောကနှင့်ဒုက္ခတို့ အတိပြည့်နေသည့် ဒုစရိုက်ထူပြောလှသောတိုင်းပြည်သာဖြစ်ပေမည်။ ထိုမှတစ်ဆင့် တိုင်းဒေသ ခရိုင် မြို့နယ် ရပ်ကွက် ကျေးရွာ ဟူသော အောက်ခြေအဆင့်တိုင်းတွင်လည်း အသီးအသီး ကျင့်ရမည့်ကျင့်ဝတ်စည်းကမ်းများကို မထိန်းသိမ်းမလိုက်နာပါက မိမိတို့မျှော်မှန်းချက်နှင့်ဝေးနေဦးမည်သာပင်ဖြစ်သည်။ လူသား၏စစ်မှန်သော မူလဘူတ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများမှ ဝေးနေဦးမည်သာပင်ဖြစ်သည်။  အနီးစပ်ဆုံး အခြေအနေကိုကြည့်ရလျှင် မိသားစုတစ်စုတွင်လည်း လင့်ကျင့်ဝတ်နှင့်မယားကျင့်ဝတ်တို့ကို ကျေပွန်စွာ မကျင့်ကြပါက အေးချမ်းမည်မဟုတ်သည်မှာ လက်တွေ့ပင်ဖြစ်၏။ ထို့အတူ မိဘနှင့်သားသမီးအကြားတွင်လည်း ကိုယ်စီဖြည့်ကျင့်ရမည့်ကျင့်ဝတ်များကို မကျင့်ပါက မိဘနှင့်သားသမီးသည် ကျေလည်သည့် ဆက်ဆံရေးကိုလည်းရနိုင်မည်မဟုတ်သည့်အပြင် မိသားစု အေးချမ်းဖွံ့ဖြိုးရေးအတွက်လည်း ခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ထို့ပြင် ဆရာနှင့်တပည့် အလုပ်ရှင်နှင့် အလုပ်သမား မိမိနှင့် မိတ်ဆွေသင်္ဂဟများအကြားတွင် ကျင့်ရမည့်ကိုယ်စီကျင့်ဝတ်များ၊ အပြန်အလှန်ဖြည့်ဆည်းပေးကြရမည့် တာဝန်များ၊ စောင့်ထိန်းအပ်သည့်စည်းကမ်းများစသည်တို့ အသီးသီးရှိကြပါ၏။ အမှန်စင်စစ် ထိုထိုလူသား၏မူလဘူတ ကျင့်ရမည့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများသည် လူမျိုး အသားအရောင် ကိုးကွယ်ရာဘာသာ နိုင်ငံစသည်တို့နှင့်မသက်ဆိုင်ဘဲ မည်သူမဆို ကျင့်သုံးပါက လက်တွေ့ဒိဋ္ဌ ကောင်းကျိုးရသည့် လူသားအားလုံး၏ မူလဘူတ ကျင့်ဝတ်တို့သာဖြစ်ကြ၏။ အထက်ပါဆိုခဲ့သည့်အတိုင်း လူသား၏ မူလဘူတကျင့်ဝတ်တို့ကို မကျင့်ဘဲ ဖောက်ပြန်မှားယွင်းစွာ ဖားနိုင်ဖားစား ငါးနိုင်ငါးစား တိရစ္ဆာန်စိတ်ထားများဖြင့် လူသားအချင်းချင်း ကျူးလွန်ခဲ့ကြခြင်းကြောင့် ခံရသူများမှ မခံမရပ်နိုင်ဖြစ်ကာ လူ့အခွင့်အရေး Human Rights ဟူသောစကားလုံးသည် ပေါ်ပေါက်လာခဲ့ရတော့၏။ ထို Human Rights လူ့အခွင့်အရေး  ဟူသောဝေါဟာရသည် ဘယ်ခေတ်တွင် စတင်ပေါ်ပေါက်ခဲ့သနည်း။ ဘယ်နိုင်ငံဘယ်ဒေသတွင် အစပျိုးခဲ့လေသနည်း၊ မည်သည့်ကိုးကွယ်ရာ ဘာသာစာပေ ယဉ်ကျေးမှုတွင် ပါဝင်ခဲ့သနည်း၊ မည့်သည်ဘာသာရေးခေါင်းဆောင် သို့မဟုတ် နိုင်ငံရေးခေါင်းဆောင် သို့မဟုတ် အတွေးအခေါ်ရှင်က စတင်ဖေါ်ထုတ်ခဲ့လေသနည်း၊ ဤသို့စသော အချက်အလက်တို့ကို သိသင့်လှ၏။ နားလည်သင့်၏။ အဘယ့်ကြောင့်နည်း။ မိမိတို့သည် လူသားဖြစ်၍ လူသား၏ လက်တွေ့ကျသော ဖြစ်စဉ်ကို ယခင်နှင့်ယခုဟူသာ ကာလနှစ်မျိုးကိုနှိုင်းယှဉ်၍ မဖြစ်မနေသိသင့် သိထိုက်လှသောကြောင့်ပင်ဖြစ်ပါ၏။ ထိုသို့သိမှသာလျှင် မိမိတို့နေထိုင်ရာ ဝန်းကျင်၊ မိမိတို့မွေးဖွားရာ နိုင်ငံ၊ မိမိတို့ကိုးကွယ်ရာဘာသာအယူဝါဒ၊ မိမိတို့ လက်ခံကျင့်သုံးနေကြသော ယဉ်ကျေးမှုအသီးသီးတိုင်းတွင် လူ့အခွင့်အရေးဟူသော လူသား၏မူလဗီဇ မွေးရာပါ ရပိုင်ခွင့်များ၊ မွေးရာပါ လူ့ဂုဏ်သိက္ခာများနှင့်တန်ဘိုးများ၊ လူသား၏အဆင့်အတန်းနှင့်စွမ်းရည်များ၊ ရှိသလား မရှိဘူးလား၊ ရသလား မရဘူးလား၊ မိမိတို့ဘယ်မျှအတိုင်းအတာအထိ အခွင့်အရေးနှင့် တန်ဘိုးများ၊ အဆင့်အတန်းများ၊ ဆုံးရှုံးနေကြသနည်း၊ သို့မဟုတ် ဘယ်မျှအတိုင်းအတာအထိ ရရှိနေကြသနည်း စသည်တို့ကို နားလည်နိုင်ကြပေလိမ့်မည်။ ထိုသို့နားလည်၍ ပယ်သင့်သည်တို့ကို ပယ်နိုင်အောင်အားထုတ်၍ ရသင့်သည်တို့ကိုလည်း ရနိုင်အောင်အားထုတ်နိုင်ကြပါမှ မိမိတို့၏ မူလအခွင့်အရေးနှင့်တန်ဘိုးများကို အပြည့်အဝရရှိနိုင်ကြပေမည်။ ခံစားနိုင်ကြပေမည်။ အထူးမေတ္တာရပ်ခံလိုသည်မှာ  မိမိနားလည်သလောက် လေ့လာမိသလောက် ခံစားမိသလောက် စာဖတ်သူများအား မျှဝေချင်သော ကုသလစေတနာနှင့်ဆန္ဒကြောင့် ဤ ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ဟူသော ခေါင်းစည်းကို ရွေးချယ်တင်ပြလိုက်ခြင်းဖြစ်ပါသည်။ အကယ်၍ မိမိ၏ တင်ပြချက် ရေးသားချက်နှင့် အယူအဆတို့သည် မှားယွင်းနေပါလျှင် သို့မဟုတ် အားနည်းနေပါလျှင် စာဖတ်သူများအနေဖြင့် ကရုဏာရှေ့ထား၍ ပြင်ဆင်ဖြည့်စွက်အကြံပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။     သုခိတာ ဟောထ။ (ဘုန်းသူရိန်)

Sunday, March 18, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၉ ) နိဂုံးပိုင်း ၊ ပါရမီဆယ်ပါး အပြားသုံးဆယ်

မိမိသည် ဗုဒ္ဓဘာသာဖြစ်ပေါ်လာခြင်း၏ အကြောင်းတရားတို့ကို ဇစ်ဇစ်မြစ်မြစ် ဂဃနဏ တိကျစွာသိရှိနိုင်ရန်ရည်ရွယ်ချက်ဖြင့် မိမိဥာဏ်စွမ်းမီသမျှကို အကျဉ်းချုပ်၍တင်ပြခဲ့ပါသည်။ ထိုသို့တင်ပြရာတွင်လည်း စာဖတ်သူအနေဖြင့် ဆက်လက်၍ ရိပ်စားမိဘို့ စဉ်းစားမိစေဘို့
 ခေတ်၏အဖြစ်အပျက်များနှင့်ယှဉ်တွဲ၍တင်ပြခဲ့ပါသည်။ အကြောင်းမှာ ဗုဒ္ဓဘာသာသည် လူသား၏ကြိုးစားအားထုတ်မှုကြောင့်သာဖြစ်ပေါ်လာပြီးလျှင် လူ့အဖြစ်အပျက်များ၊ လူသား၏နေ့စဉ်ဘဝဖြစ်စဉ်များ အားလုံးတို့နှင့်တိုက်ရိုက်ထိတွေ့ပတ်သက်သော ဘာသာဖြစ်ကြောင်းသိစေလိုသောကြောင့်ပင်ဖြစ်၏။ လူ့လောကတွင်ဖြစ်ဖြစ်သမျှ ပျက်ပျက်သမျှ အရာရာအားလုံးသည် လူသားတွင်သာ အဓိကအားဖြင့်တာဝန်ရှိ၏။ လူသားများသည်သာတာဝန်ယူကြရမည်ဖြစ်၏။ တာဝန်ခံကြရမည်ဖြစ်၏။ လူ့စွမ်းအား လူ့တန်ခိုး လူ့တန်ဘိုးနှင့် လူသားအရင်းအမြစ်ကို အမြင့်ဆုံးအဆင့်ထိရောက်အောင် အသုံးချနိုင်ရန် နည်းလမ်းပေးခဲ့သောဘာသာသည် ဗုဒ္ဓဘာသာပင်ဖြစ်၏။ အဘယ်အတိုင်းအတာထိ ရောက်အောင်အသုံးပြုနိုင်သနည်းဆိုလျှင် လောကီအဆင့်အနေဖြင့် ယနေ့ကမ္ဘာတွင် အင်အားအကြီးဆုံးနိုင်ငံကြီးများ အဖွဲ့အစည်းကြီးများထက် သာလွန်မြင့်မားသော စင်္ကြာဝတေးမင်းဖြစ်သည်အထိ အသုံးချနိုင်၏။ လောကုတ္တရာအနေဖြင့် ဘုရားဖြစ်သည့်အဆင့်အထိရောက်အောင် အသုံးပြုနိုင်၏။ ကျန်သော အတိုင်းအတာ အဆင့်အတန်းများထိကိုကား ပြောဖွယ်ရာအထူးမရှိတော့။ မိမိတို့ဆန္ဒရှိသလို အသုံးပြုနိုင် ကျင့်နိုင်ပါ၏။ ယနေ့ကမ္ဘာဝယ် လူသားအရင်းအမြစ်ကို မည်သည့်အတိုင်းအတာထိ အသုံးချကြသနည်း။ မည်သည့်နယ်ပယ်တွင် အသုံးပြုကြသနည်း။ အဘယ်ကြောင့် လူသားအရင်းအမြစ်ကို လိုအပ်သနည်း စသည့်စသည့် လူမှုပြဿနာများ၏ အဖြေကို ဗုဒ္ဓဘာသာက တိကျသေချာရေရာစွာပေးပါသည်။ (ဤအကြောင်းအရာများကို နောက်ပိုင်းတွင် အခန်းဆက်ဖြင့် အကျယ်ရေးပါမည်)။ ဤသို့စသည်ဖြင့် ဆက်လက်စဉ်းစားနိုင်စေရန် ဤ ဗုဒ္ဓဘာသာ ဇစ်မြစ် ဟူသော စာတမ်းငယ်ကို အကျဉ်းချုပ်၍တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ယခုတင်ပြလိုသည်မှာ ပါရမီဆယ်ပါး အပြားသုံးဆယ်အကြောင်းနှင့် နိဂုံးပိုင်းဖြစ်ပါသည်။ ပါရမီဆယ်ပါးအကြောင်းကိုတော့ စာဖတ်သူနားလည်သဘောပေါက်ခဲ့ပြီးဖြစ်မည်ဟု မိမိယုံကြည်ပါသည်။ သို့ဆိုလျှင် အပြားသုံးဆယ် ဟူသည်အဘယ်နည်း။ စင်စစ်ဤသို့.......။ ဒါနပါရမီကို ထပ်မံပိုင်းခြားကြည့်လိုက်ပါက သုံးမျိုးတွေ့ရမည်ဖြစ်၏။
          (၁) ဒါနပါရမီ၊ (၂) ဒါနဥပပါရမီ၊ (၃) ဒါနပရမတ္ထပါရမီ ဟူ၍။ ထိုထွင် (၁)အရ ဒါနပါရမီဟူသည် ခန္ဓာကိုယ်နှင့်မသက်ဆိုင်သော ပြင်ပအရာဝတ္ထုများကို လှုဒါန်းခြင်းဖြစ်၏။ အသေးစားပိုင်ဆိုင်ပစ္စည်းများကိုလှုသည်မှစ၍ တိုင်းပြည်ကိုလှုခြင်း သားမယားကိုလှုခြင်းတို့သည် ဒါနပါရမီဖြစ်၏။ (၂) အရ ဒါနဥပပါရမီဟူသည် မိမိ၏ မျက်စိ နား နှာ ချေ လက် အသဲ ကျောက်ကပ်စသည့်စသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို လောကအတွက် စွန့်လှုခြင်းဖြစ်၏။ (၃)အရ ဒါနပရမတ္ထပါရမီဟူသည် လိုအပ်ပါက လောကအတွက် မိမိ၏အသက်ကိုပင်စွန့်လှုခြင်းဖြစ်၏။ ဤနေရာ၌ အသက်ကိုစွန့်တိုင်း ဒါနပရမတ္ထပါရမီမဟုတ်ချေ။ ဝါဒဆိုးတစ်ခုခု၏ မှိုင်းမိမှုကြောင့် ဒေါသကိုအခြေခံ၍ အသက်သေခံ၍ ဗုံးခွဲခြင်း တိုက်ပွဲဝင်ခြင်းစသည်တို့သည် လောကကို ထိခိုက်စေသောကြောင့် ဒါနပရမတ္ထပါရမီမဟုတ်ကြောင်း အထူးသတိပြုရမည်ဖြစ်၏။ လောက၏ ကောင်းကျိုးအတွက် မည်သူ့ကိုမျှမထိခိုက်မနစ်နာစေဘဲ ဒေါသစိတ် မာနစိတ် ငါ့နိုင်ငံ ငါ့လူမျိုး ဟူသော ငါ ငါ ငါ စိတ်များလုံးဝမပါဘဲ လောကအတွက် မေတ္တာသက်သက်ဖြင့် အသက်ပေးစွန့်လွှတ်ခြင်းသည်သာ ဒါနပရမတ္ထပါရမီဖြစ်ပါ၏။ ဤသို့ ဒါနနှင့်ပတ်သက်၍ သုံးမျိုးသုံးစားထွက်လာ၏။ ထို့အတူ သီလနှင့်ပတ်သက်၍လည်း သုံးမျိုးသုံးစားပင်ထွက်လာ၏။ (၁) သီလပါရမီ၊ (၂) သီလဥပပါရမီ၊ (၃) သီလပရမတ္ထပါရမီ ဟူ၍ဖြစ်၏။ (၁)အရ သီလပါရမီဟူသည် အထက်သီလပါရမီခန်းတွင်ရှင်းပြခဲ့သည့်အတိုင်းပင်ဖြစ်၏။ (၂)အရ သီလဥပပါရမီဟူသည် မိမိ၏ ခန္ဓာကိုယ်ကို အထိခိုက်ခံ၍ သီလကိုစောင့်သုံးခြင်းဖြစ်၏။ သီလစောင့်ခြင်းကြောင့် ကျမ္မာရေးထိခိုက်မည်ဆိုလျှင် ထိခိုက်ပါစေ၊ နားထိုင်းသွားမည်ဆိုလျှင် ထိုင်းပါစေ သီလကိုတော့ လုံးဝအပျက်မခံ၊ မပေါက်ကြားအောင် စောင့်ထိန်းသောသီလမျိုးဖြစ်၏။ (၃)အရ သီလပရမတ္ထပါရမီဟူသည် အသက်သေခံရဲသည်အထိ သီလစောင့်ထိန်းခြင်းတည်း။ ဤသို့သီလနှင့်စပ်သဖြင့်လည်း သုံးမျိုးသုံးစားအပြားထွက်လာ၏။ ကျန်သောပါရမီတို့ကို စာဖတ်သူချဲ့ထွင်နားလည်နိုင်လောက်ပြီဖြစ်၍မရေးတော့ပါ။ ဤသို့ ပါရမီဆယ်ပါးကိုတည်၍ အပြားသုံးပါးနှင့်မြှောက်ပွါးပါက ပါရမီဆယ်ပါးသည် အပြားသုံးဆယ်ဖြစ်လာ၏။ ဤသည်ကိုပင် ပါရမီဆယ်ပါး အပြားသုံးဆယ် ဟူ၍ခေါ်ဆိုပါ၏။ အထက်ပါဆိုခဲ့ပြီးသည့် ပါရမီဆယ်ပါးပြည့်စုံရုံမျှဖြင့် ဘုရားဖြစ်ပြီလော။ မဖြစ်သေးချေ။ လုံးဝမဖြစ်နိုင်သေးချေ။ မည်သည့်အလုပ်ကိုဆက်လုပ်ရသေးသနည်းဟူမူ မစ္ဇျိမပဋိပဒါခေါ် နှစ်ဘက်စွန်းလွတ်လမ်းစဉ်ကိုအခြေခံ၍ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းပွါးများရ၏။ ထိုမှတစ်ဆင့်တက်၍ ဝိပဿနာကို ပွါးများရပြန်၏။ ဤသို့ဖြင့် ကပိလဝတ္ထုပြည့်ရှင် ဘုရင်သုဒ္ဓေါဓန၏သား၊ သိဒ္ဓတ္ထမင်းသားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာအရပ်ရှိ မဟာဗောဓိညောင်ပင်အောက်ဝယ် သိစရာမှန်သမျှ ကြွင်းမဲ့ဥဿုံ အကုန်အစင်သိမြင်တော်မူသော သဗ္ဗညုတဥာဏ်ရှင်ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါသည်။ ယခုနှစ်လာမည့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဖြစ်ပေါ်ခဲ့သည့် နှစ်ပေါင်း၂၆၀၀ တိတိပြည့်သောနှစ်ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိ၏စာတမ်းငယ်ကို အကျဉ်းချုပ်ကာ သုံးသပ်ကြည့်လျှင်
ဗုဒ္ဓဘာသာဖြစ်ပေါ်လာခြင်း၏ အကြောင်းများမှာ
၁။လူသား၏ရင်တွင်း၌ရှိသော မဟာကရုဏာ
၂။ ပါရမီဆယ်ပါး၊ (ထိုပါရမီဆယ်ပါးကိုထပ်မံ၍ချုပ်လျှင် ကရုဏာနှင့်ပညာ နှစ်မျိုးသာဖြစ်၏)
၃။မစ္ဇျိမပဋိပဒါလမ်းစဉ်ကိုအခြေခံသော အာနာပါနကမ္မဋ္ဌာန်း
၎။မစ္ဇျိမပဋိပဒါလမ်းစဉ်ကိုအခြေခံသော ဝိပဿနာကမ္မဋ္ဌာန်းတို့ဖြစ်၏။ ဤမျှဆိုလျှင် ဗုဒ္ဓဘာသာသည် လူသား၏ စစ်မှန်သော ကရုဏာနှင့်ပညာတို့ကို အရင်းခံ၍ဖြစ်ပေါ်လာကြောင်း စာဖတ်သူ ကောင်းကောင်းသိနိုင်ပေပြီ။ ထို့ပြင် ဖန်ဆင်းခြင်းဖြင့် ပေါ်ပေါက်လာသောဘာသာမဟုတ်ဘဲ လူသားကောင်းကျိုးပြုလုပ်ငန်းဖြစ်သည့်ပါရမီလုပ်ငန်းတို့ကို အဟုတ်တန်းကျင့်ကြံ အားထုတ် ဖြည့်ဆည်းခဲ့သောကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းအထူးသတိပြုဘို့လို၏။ တန်ခိုးအဓိကကြောင့်ဘုရားဖြစ်လာသည်လည်းမဟုတ်။ အရဟတ္တမဂ် ဖိုလ်ဟူသော ပညာပဓာနကြောင့်သာ ဘုရားဖြစ်လာခြင်းဖြစ်၏။ လူပြိန်းကြိုက်ဖြစ်သော တန်ခိုးကိုအသုံးပြု၍လည်း ဘာသာဝင်ဖြစ်အောင်မဲဆွယ်စည်းရုံးခြင်း လုံးဝမရှိခဲ့သလို လာဘ်လာဘများဖြင့် ပေးကမ်းဖျားယောင်းခြင်းဖြင့်လည်း ဘာသာဝင်အဖြစ်ဘယ်သောအခါကမျှ မသိမ်းသွင်းခဲ့။ စစ်အင်အားကိုအသုံးပြု၍ တစ်ခြားဘာသာများကို အဓမ္မနှိပ်ကွပ်ဖျက်ဆီးခြင်းဖြင့်လည်း အဘယ်မည်သောအခါကမျှ သာသနာပြုလုပ်ငန်းများမလုပ်ခဲ့။ ထို့ပြင် ဗုဒ္ဓဘာသာသည် ကရုဏာနှင့်ပညာတို့ကိုအခြေခံ၍ လောကကြီးအတွက်စတင်စွန့်လွှတ်ကျင့်ကြံခဲ့၍ လောက၏ အရာရာအားလုံးတို့ထက်သာလွန်သော အရဟတ္တမဂ်ဖိုလ်ပညာဖြင့်နိဂုံးချုပ်၏။ ကောင်းကင်ဘုံဟူသည် ဗုဒ္ဓဘာသာအလိုအရ တမ်းတမက်မောအပ်သောအရာမဟုတ်။ ကောင်းကင်ဘုံထက်မြင့်မြတ်သော အရဟတ္တမဂ်ဖိုလ်ဟူသောဥာဏ်ပညာကိုရရှိရေးကိုသာ လမ်းညွှန်၏။ အထက်ဆိုခဲ့ပါ ဗုဒ္ဓဘာသာဖြစ်ကြောင်း အကျဉ်းချုပ် အချက်လေးချက်တွင် ပါရမီဟူသည် စူပါမင်း တန်ခိုးရှင်တို့နှင့်သာသက်ဆိုင်သည့်သဘောတရား ကျင့်စဉ်မဟုတ်။ မည်သူမဆို ကျင့်နိုင်၏။ မည်သူမဆိုပါရမီရှင်ဖြစ်နိုင်၏။ တစ်ဖန် ပါရမီဟူသည် ယနေ့တွင်ကျယ်နေသော Social Welfare Activities ဟုခေါ်ဆိုသည့်  လူမှုသာယာဝပြောရေးလုပ်ငန်းတို့ကို ကရုဏာနှင့်ပညာတို့ဖြင့်အရင်းတည်၍ စွန့်လွှတ်လုပ်ဆောင်ခြင်းပင်ဖြစ်၏။ ပါရမီဆယ်ပါးကို သေချာစွာသုံးသပ်ကြည့်ပါက လူမှုသာယာဝပြောရေးလုပ်ငန်းများသာဖြစ်ကြောင်း ကောင်းကောင်းကြီးသိနိုင်ပေမည်။ ကမ္မဋ္ဌာန်းတရားတို့ကား အများနားလည်ထားကြသည့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်သည့် လှုမှုသာယာဝပြောရေးထက်ကျော်လွန်သွားသော စိတ်ပိုင်းသာယာဝပြောရေးလုပ်ငန်းဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာ၏ဇစ်မြစ်သည် ကရုဏာနှင့်ပညာနှစ်ပါးကိုအခြေခံ၍ လောက၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတို့ကို ကိုယ်ကျိုးမဖက် မေတ္တာသက်သက်ဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်၏ဟုလည်း တနည်းမှတ်ယူနိုင်ပါ၏။ ဖန်ဆင်းခြင်းကို အကြောင်းပြ၍ အကြောက်တရားဖြင့် ကိုးကွယ်ယုံကြည်ခိုင်းသောဘာသာမဟုတ်။ ဘာကိုမျှ ဘယ်သူ့ကိုမျှ ကြောက်စရာမလိုဘဲ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အားကိုးစိတ် မေတ္တာစိတ်များတိုးပွါးရင့်ကျက်လာအောင် သင်ကြားပေးသောဘာသာဖြစ်၏။ လောက၏အရာရာကို အမှန်အတိုင်း အကြောက်တရားကင်းမဲ့စွာ ဝေဘန်ဆန်းစစ်သုံးသပ်တတ်အောင်သင်ကြားပေးသော ပညာရေးစံနစ်တစ်ခုလည်းဖြစ်၏။  လောက၏ ပညာရပ်အားလုံးထက် ကျော်လွန်သော အမြင့်ဆုံးသောဥာဏ်ပညာကိုရရှိရန် သင်ကြားပေးသော ဘာသာလည်းဖြစ်၏။ လူသားအဓိကဘာသာဖြစ်၏။ လူသားသည်သာပဓာနဖြစ်၏။ အခရာဖြစ်၏။ လူသားသည်သာ သဘာဝလောကကြီးကို မိမိတို့အလိုရှိသလို ဖန်တီး၏။ လူသားကို စင်္ကြာဝတေးမင်းဖြစ်သည်အထိလည်းမြှင့်တင်၏။ ဘုရားဖြစ်သည်အထိလည်းလမ်းညွှန်၏။ ယနေ့ပြောနေသော လူ့အခွင့်အရေးအပြည့်အဝရှိသောဘာသာဖြစ်ချေ၏တကား။ ဤကဲ့သို့ စင်္ကြာဝတေးမင်းဖြစ်သည်အထိ၊ ဘုရားဖြစ်သည်အထိ လမ်းညွန်သင်ကြားပေးခဲ့သော လူ့အခွင့်အရေးရှိသည့်ဘာသာများ ဝါဒများ ဤကမ္ဘာဤစင်္ကြာဝဠာဝယ် အဘယ်မည်သောနေရာတွင်ရှိနိုင်ပါမည်နည်း။ အဘိဓမ္မာတရားကဲ့သို့ သဘာဝတရား၏အရာရာကို ရှင်းလင်းစွာဖေါ်ထုတ်ပေးခဲ့သော ပညာရပ်များပါဝင်သည့်ဘာသာကို ဤကမ္ဘာဝယ် ရှာဖွေကြည့်စမ်းပါလော့။ မြတ်ဗုဒ္ဓ၏ဓမ္မများမှတပါး အခြားတွင် လုံးဝတွေ့နိုင်မည်မဟုတ်ကြောင်း မိမိရဲရဲကြီး ပြောလိုက်ပါ၏။ လူသားကို ပဓာနပြု၍ စင်္ကြာဝတေးမင်းအဆင့်၊ ထို့ထက် ဘုရားအဆင့်ထိ လူသားတန်ဘိုးကို ညွှန်ပြခဲ့သော လူ့အခွင့်အရေးကိုထိုမျှအထိပေးသော ပွင့်လင်းသောဘာသာနှင့်ဝါဒများ ဤကမ္ဘာ ဤစင်္ကြာဝဠာဝယ် ဗုဒ္ဓဘာသာမှတစ်ပါး ဘယ်နေရာမျှ ရှာ၍တွေ့နိုင်မည်မဟုတ်တော့။ သို့ဖြစ်၍ မိမိတို့ကိုးကွယ်နေသောဗုဒ္ဓဘာသာသည် သာမန်ဆုတောင်းဝတ်ပြုရုံ အပေါ်ယံလုပ်ငန်းသက်သက်မျှမဟုတ်၊ လူ့လောကအတွက် အမှန်တကယ်ဖြည့်ကျင့်ရသော နေ့စဉ်ဘဝတွင် အမြဲကျင့်သုံးသင့်သော လူမှုဘဝအတွက်အမြဲအသုံးချသင့်သော ကျင့်သုံးသလောက်လည်း လက်တွေ့အကျိုးရှိသော စစ်မှန်သည့် ဘာသာဖြစ်ကြောင်း ကောင်းကောင်းကြီးသတိပြုနားလည်ထိုက်၏။  သို့ဖြစ်၍ ဗုဒ္ဓဘာသာပီပီ ဗုဒ္ဓလမ်းစဉ်ကို တတ်စွမ်းသလောက်လိုက်ကြပါစို့၊ မြတ်ဗုဒ္ဓ၏လမ်းစဉ်ကိုလိုက်ရင်းဖြင့် လောကကောင်းကျိုးကို သယ်ပိုးနိုင်ကြပါစေဟု တိုက်တွန်းဆုတောင်းရင်း ဤစာတမ်းကိုနိဂုံးကမ္ပတ်အဆုံးသတ်လိုက်ပါသည်။
အားလုံးကျမ္မာချမ်းသာကြပါစေ။
                                                     မေတ္တာဖြင့်
                                                    အရှင်ပညာသာမိ (ဘုန်းသူရိန်)

     ကျမ်းကိုးစာရင်း။ လောကော သတ္တာန မာစေရော ဟူသော စကားအရ လောကတွင်ရှိရှိသမျှသော သင်ဆရာ မြင်ဆရာ ကြားဆရာများနှင့် သက်ရှိသက်မဲ့ အရာရာတို့သည် မိမိ၏ကျမ်းကိုးစာရင်းပင်ဖြစ်ပါ၏။ 

***ဓမ္မမိတ်ဆွေများ၏အမှာစကား***