Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, October 24, 2014

မိတ်ဆွေစစ် (၂) မိတ်ဆွေစစ်မှတ်ကျောက်


ချစ်သား သိင်္ဂိါလ ခုပြောပြခဲ့တဲ့မိတ်ဆွေစစ်လေးယောက်အနက် ပထမတစ်ယောက်ဖြစ်တဲ့ မိမိအားအထူးကျေးဇူးပြုပေးနိုင်တဲ့ မိတ်ဆွေစစ် ဟုတ် မဟုတ်ကို ဒီအချက်လေးချက်နဲ့စစ်တမ်းထုတ်နိုင်တယ်။

၁။ မေ့လျော့မူးယစ်၍ အသက်နှင့်ခန္ဓာအတွက်စိုးရိမ်ဖွယ်ဖြစ်သည့်အခါ စောင့်ရှောက်ပေးခြင်း၊
၂။ မေ့လျော့မူးယစ်၍ စည်းစိမ်ဥစ္စာနှင့်ရာထူးများ ပျက်ဆီးဖွယ်ရာကြုံသည့်အခါစောင့်ရှောက်ပေးခြင်း၊
၃။ ကြောက်လန့်အားနဲသည့်အခါ အားကိုးရာဖြစ်ခြင်း၊ အားကိုး၍ရခြင်း၊
၎။ ကိစ္စကြီးငယ်ရှိလာသည့်အခါ မိမိကပြုဖူးသည်ထက် နှစ်ဆပို၍ကျေးဇူးပြုပေးခြင်း၊ အပြောထက် လက်တွေ့ကျသောအလုပ်ဖြင့် ကျေးဇူးပြုပေးခြင်း၊
ချစ်သား သိင်္ဂိါလ ဒီအချက်လေးချက်ဟာ ပထမဖြစ်တဲ့မိမိအားအထူးကျေးဇူးပြုပေးနိုင်တဲ့ မိတ်ဆွေစစ် ဟုတ် မဟုတ်ကို သိနိုင်တဲ့မှတ်ကျောက်တွေဖြစ်တယ်။

ချစ်သားသိင်္ဂိါလ ဒုတိယမြောက်မိတ်ဆွေဖြစ်တဲ့ ဆင်းရဲနှင့်ချမ်းသာကိုမိမိနှင့်အတူဝေမျှခံစားနိုင်သူ ဟုတ်/မဟုတ်ကိုလည်း ခုပြောပြမယ့်အချက်လေးချက်နဲ့ စစ်တမ်းထုတ်နိုင်တယ်။

၁။ သူ၏လျှို့ ဝှက်ချက်ကိုလည်း မိမိထံမှာဖွင့်ဟကာ လျှို့ ဝှက်ထားခြင်း၊
၂။ မိမိ၏လျှို့ ဝှက်ချက်ကိုလည်း လုံခြုံအောင်လျှို့ ဝှက်ပေးခြင်း၊ (အတွင်းရေးများကို အပြန်အလှန်နားလည်စွာ လျှို့ ဝှက်ထားခြင်း)
၃။ ဘေးရန်ဖြစ်သောအခါ မိမိကိုစွန့်ပစ်၍ ကိုယ်လွတ်ရုန်းမထွက်ခြင်း၊
၎။ မိမိအတွက် အသက်ကိုပင်စွန့်၍ဆောက်ရွက်ပေးခြင်း၊
ချစ်သားသိင်္ဂိါလ ဒီအချက်လေးချက်ဟာ ဒုတိယမြောက်မိတ်ဆွေကိုမှတ်ကျောက်တင်နိုင်တဲ့အချက်အလက်တွေဖြစ်တယ်။

ချစ်သား သိင်္ဂိါလ တတိယမြောက်မိတ်ဆွေဖြစ်တဲ့ မိမိအားကောင်းသောအကျိုးစီးပွါးဖြစ်မည့်အရာကိုသာ အကြံပြု/ပြောကြားသူ အမှန်တကယ်ဟုတ် မဟုတ်ကိုလည်း အောက်ပါအချက်လေးချက်နဲ့တိုင်းတာ
နားလည်သင့်တယ်။
၁။ မကောင်းမှုမှန်သမျှကို တားမြစ်ခြင်း၊
၂။ ကောင်းမှုမှန်သမျှကို အားပေးကူညီခြင်း၊
၃။ မသိဘူးသေး မကြားဘူးသေးသော ကြီးပွါးကြောင်းနည်းလမ်းကောင်းများနှင့်တရားတော်များကို ပြောပြသွန်သင်ပေးခြင်း၊
၎။ သံသရာကောင်းကျိုးနှင့်နတ်ပြည်ရောက်ကြောင်းတရားများကို ပြောကြားပေးခြင်း၊
ချစ်သား သိင်္ဂိါလ ဒီအချက်လေးချက်ဟာ တတိယမြောက်မိတ်ဆွေအတွက် မှတ်ကျောက်ဖြစ်တယ်။

ချစ်သား သိင်္ဂိါလ စတုတ္ထမြောက်မိတ်ဆွေဖြစ်တဲ့ မိမိအားအစဉ်အမြဲ ငဲ့ညှာသနားကြင်နာသူ ဟုတ် မဟုတ်ကိုလည်း အောက်ပါအချက်လေးချက်နဲ့ကောက်ချက်စွဲကာ သုံးသပ်နားလည်သင့်တယ်။

၁။ မိမိ၏အကျိုးစီးပွါးမဖြစ်ထွန်းလျှင် မနှစ်သက်မလိုလားခြင်း၊
၂။ မိမိ၏အကျိုးစီးပွါး ဖြစ်ထွန်းသည်ကိုသာ နှစ်သက်လိုလားခြင်း၊
၃။ မိမိအားကဲ့ရဲ့စကားပြောသူကို ကန့်ကွက်ခြင်း၊
၎။ မိမိအားချီးမွမ်းစကားပြောကြားသူကို ထောက်ခံခြင်း၊
ချစ်သား သိင်္ဂိါလ ဒီအချက်လေးချက်နဲ့ပြည့်စုံရင် စတုတ္ထမြောက်မိတ်ဆွေအစစ်ဖြစ်ပြီလို့ နားလည်ရမယ်။ အထက်ပါ အချက်များနဲ့ပြည့်စုံညီညွတ်တဲ့ မိတ်ဆွေစစ်ကိုတွေ့ပြီဆိုရင် မိခင်ဟာ သားကိုချဉ်းကပ်သလို အစဉ်အမြဲ မခွဲမခွါချဉ်းကပ်ပေါင်းသင်းထိုက်တယ်” ဟူ၍ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သည်။ (ဒီဃနိကာယ၊ ပါထိကဝဂ္ဂပါဠိ၊ သိင်္ဂိါလသုတ်)

ထို့ကြောင့် ဘဝအောင်မြင်ရေးကိုမျှော်တွေး၍အထက်တန်းကိုလျှောက်လှမ်းသူများသည်လည်းကောင်း၊ ဘဝကိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းလိုသူများသည်လည်းကောင်း၊ သံသရာတွင်အထက်တန်းကျကျ မျက်နှာပန်းလှလှဖြင့် ကျင်လည်လိုသောသူများသည်လည်းကောင်း၊ မိမိကောင်းကျိုးနှင့်လောကကောင်းကျိုး ထိုနှစ်မျိုးကိုသယ်ပိုးဆောင်ရွက်လိုသူသည်လည်းကောင်း မြတ်ဗုဒ္ဓညွှန်ပြမိန့်မှာတော်မူခဲ့သည့် မိတ်ဆွေစစ် မိတ်ဆွေကောင်းများကို ခွဲခြားနားလည်၍ ပေါင်းသင်းနိုင်ဖို့အရေးကြီးလှပေသည်။ ထို့ထက် မိမိကိုယ်တိုင်သည်လည်း အခြားသူများအတွက် မိတ်ဆွေစစ် မိတ်ဆွေကောင်းဖြစ်ရန် ပို၍အရေးကြီးသည်ဟု ထင်မြင်မိသည်။ သူများကကောင်းမှ စစ်မှ မိမိကကောင်းမည် စစ်မည်ဆိုလျှင် မိမိကနောက်လိုက်သာလျှင်ဖြစ်ပေမည်။ မိမိက ဦးဆောင်၍ကောင်းပြ စစ်ပြနိုင်လျှင်ပို၍ပင်ကောင်းပေမည်။

အထက်ပါ မိတ်ဆွေစစ်အင်္ဂါများကို ချုပ်၍သုံးသပ်ရသော် မိတ်ဆွေစစ်ဟူသည် ပညာလည်းရှိသူတော်ကောင်းလည်းဖြစ်သော ပုဂ္ဂိုလ်ပင်ဖြစ်သည်။ မှန်၏။ ပညာသာရှိ/တတ်၍ သူတော်ကောင်းမဟုတ်လျှင် (စိတ်ကောင်းမရှိလျှင်) မိမိတဦးတည်းအတွက်မျှသာမဟုတ်ဘဲလူမှုလောကအတွက်ပါ အခက်အခဲအန္တရာယ်ကို
ဖြစ်စေတတ်သည်။ ထို့ပြင် သူတော်ကောင်းသာဖြစ်၍ (စိတ်ကောင်းသာရှိ၍) ပညာမရှိ/မတတ်လျှင် မိမိတစ်ဦးတည်း၏ကောင်းကျိုးကိုလည်းမဆောင်ရွက်နိုင်သလို လူမှုလောက၏ကောင်းကျိုးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟုတ်ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်သည်လည်း ပညာလည်းရှိသူတော်ကောင်းလည်းဖြစ်သော မိတ်ဆွေစစ်ဖြစ်ဖို့အရေးကြီးသလို မိမိအတွက်လည်း ပညာရှိသူတော်ကောင်းမိတ်ဆွေစစ် မဖြစ်မနေလိုအပ်သည်သာဖြစ်သည်။ ထို့ကြောင့် တဦးချင်းစီအတွက်ရော လူမှုအဖွဲ့ အစည်းပါ ကောင်းကျိုးများကို သယ်ပိုးနိုင်သောပညာရှိသူတော်ကောင်းများ၊ မိတ်ဆွေစစ်များကိုတွေ့ဆုံပေါင်းသင်းနိုင်ကြပါစေ၊ မိမိတို့ကိုယ်တိုင်လည်း ပညာရှိ သူတော်ကောင်းများဖြစ်ကြပါစေဟုဆန္ဒပြုရင်း 
ဒကာကြီးဦးဇော်ဝင်း၏ ဒုတိယအမေးအား အဆုံးသတ်လိုက်ပါသည်။

မိတ်ဆွေစစ်လေးယောက် လင်္ကာ

၁။ ကျေးဇူးကြီးမား ပြုနိုင်ငြား မှတ်သားမိတ်ဆွေကောင်း။
၂။ ချမ်းသာဆင်းရဲ စဉ်မခွဲ မှတ်စွဲမိတ်ဆွေကောင်း။
၃။ ကောင်းကျိုးကိုသာ အမြဲပြောတာ မှတ်ပါမိတ်ဆွေကောင်း။
၎။ အစဉ်ငဲ့ညှာ သူကြင်နာ မှတ်ပါမိတ်ဆွေကောင်း။

ဒေါက်တာ ဘုန်းသူရိန်


မိတ်ဆွေစစ် (၁)

ဒကာကြီး ဦးဇော်ဝင်း၏ ဒုတိယမေးခွန်းကိုဖြေဆိုပေးလိုက်ပါသည်။

လူသားမှန်သမျှ မွေးကင်းစအချိန်မှစ၍မိတ်ဆွေနှင့်ကင်း၍မရနိုင်ပေ။ အဘယ်မျှထိကင်း၍မရနိုင်သနည်းဆိုရမူ နောက်ဆုံးပြာအတိဖြစ်သည်အထိ မိတ်ဆွေလိုအပ်သည်ဟုဆိုရပေမည်။ မွေးဖွားစဉ်အချိန်တွင်လည်းမိတ်ဆွေအကူအညီလိုအပ်သည်။ ၎င်းနောက် အသက်ရှင်သန်စဉ်တွင်လည်း  ဘဝခရီးကိုလှပဝေစည်စွာလျှောက်လှမ်းနိုင်ရေး
အတွက်အရေးတကြီးလိုအပ်သည်မှာ မိတ်ဆွေပင်ဖြစ်သည်။ သေဆုံးသောအချိန်တွင်လည်း မိတ်ဆွေရှိမှအလောင်းလှသည်ကို အများသိကြပြီးပင်ဖြစ်သည်။ တရားဟောဓမ္မကထိကတပါးသည် တရားနာယူမည့် ဓမ္မမိတ်ဆွေရှိရမည့်နည်းတူ တရားနာယူချင်လိုသောသူတော်စင်များသည်လည်း ဓမ္မကထိကမိတ်ဆွေလိုအပ်ပြန်သည်။ ထုတ်လုပ်ရေးကုမ္မဏီတခုသည်လည်း စားသုံးသူ/သုံးစွဲသူ မိတ်ဆွေမရှိ၍မဖြစ်နိုင်သလို စားသုံးသူ/သုံးစွဲသူများသည်လည်း ထုတ်လုပ်ရောင်းချသူရှိမှသာ ပို၍အဆင်ပြေနိုင်ပေမည်။ အရောင်းအဝယ်သမားသည်လည်း ဖောက်သည်နှင့်စားသုံးသူမိတ်ဆွေ
လိုအပ်သည်ပင်ဖြစ်သည်။ နိုင်ငံရေးသမားသည်လည်း ထောက်ခံအားပေးသူနှင့်
အပြန်အလှန်ဟန်ချက်ညီစွာ မိတ်ဆွေဖြစ်မှသာနိုင်ငံရေးခရီးကို ဆက်နိုင်မည်ပင်ဖြစ်သည်။

လူ့အလွှာအသီးသီးအလိုက် မိတ်ဆွေများလည်း အလွှာကွဲပြားခြားနားသည်။ အလွှာမတူလျှင် မိတ်ဆွေဖြစ်ဖို့အရးမှာ ခက်ခဲလှသည်။ လူတဦးချင်းစီသည်လည်း အလွှာအလိုက်မိတ်ဆွေဖြစ်ကြသည်။ နိုင်ငံများလည်း အလွှာတူချင်းသာ ဂုဏ်ရည်တူထား၍ဆက်ဆံကြသည်။ ဥပမာအားဖြင့် ယနေ့ ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံအများ (အင်္ဂလန်မှတပါး) တို့သည် ဗီဇာမဲ့ သွားလာခွင့် နေထိုင်ခွင့် လုပ်ကိုင်စားသောက်ခွင့်တို့ကိုမခွဲခြားဘဲ တတန်းစားထဲထား၍ အခွင့်အရေးပေးထားသည်။ အလွှာတူသောကြောင့်ပင်ဖြစ်သည်။ အလွှာမတူလျှင်အီးယူအဖွဲ့ ဝင်အဖြစ်ပင် ဖြစ်ခွင့်မရှိပေ။ မိမိတို့ရွှေပြည်တော်ကြီးသည်ကား သူတို့ (ဥရောပနိုင်ငံများ၏) စည်းကမ်းဥပဒေနှင့်အညီ တရားဝင်ငွေသွင်း၍ ဗီဇာလျှောက်သည်ကိုပင် ခပ်အင်အင်ဖြင့် ငြင်းချက်ထုတ်ခံရသည်များရှိသည်။ အလွှာကွာခြားခြင်းကြောင့်ပင်။ ရွှေပြည်ကြီးအတွက် ဗီဇာမလိုဘဲ သွားလာနိုင်သောနိုင်ငံများကား လာအို ကမ္ဘောဒီးယား အင်ဒိုနီးရှား ဗီယက်နမ်စသော အလွှာတူအချင်းချင်းသာဖြစ်သည်။ ဒါတောင် (၁၄) ရက်မျှသာဖြစ်သည်။ ဒါတောင် ယခုလောလောဆယ်တွင်မှပွင့်လာသောအခွင့်အလမ်းဖြစ်သည်။ (ဖေ့စ်ဘုတ်တွင်တက်လာသောသတင်းအရဖေါ်ပြခြင်းဖြစ်သည်) ၎င်းပြင် ယခုလက်ရှိ မိမိနေထိုင်ရာ ဖင်လန်နိုင်ငံသည် ဗီဇာမလိုဘဲ အလွတ်သွားလာနေထိုင်ခွင့်တို့ကို နိုင်ငံအတော်များများနှင့်
ချုပ်ဆိုထားပြီးဖြစ်သည်။ အထူးသဖြင့် အီးယူအဖွဲ့ ဝင်နိုင်ငံဖြစ်သောကြောင့် 
အီးယူအဖွဲ့ ဝင်နိုင်ငံများတွင်ဗီဇာမလိုဘဲ လွတ်လပ်စွာ နေထိုင်ခွင့် သွားလာခွင့် လုပ်ကိုင်စားသောက်ပိုင်ခွင့်တို့ကိုရရှိထားသည်။ အမေရိကန်နိုင်ငံထက်ပင် 
ဗီဇာကင်းလွတ်ခွင့်ရနိုင်ငံပို၍များသည်။ ဤသို့အကျိုးတူမိတ်ဆွေအဖြစ်
လက်ခံအသိအမှတ်ပြုခြင်းသည် နိုင်ငံရေး စီးပွါးရေးစသောအလွှာတူညီမှသာဖြစ်နိုင်သည်။

ထို့ပြင် လုပ်ငန်းဘဝနယ်ပယ်ကွဲပြားလျှင်လည်း မိတ်ဆွေဖြစ်ရန် အတော်အတန်ဝေးနေပြန်သေးသည်။
ဥပမာအာဖြင့် မဂ်ဖိုလ်နိဗ္ဗာန်တရားကိုရှာမှီးသောယောဂီသည် သာသနာတော်အပေါ်သဒ္ဓါကင်းမဲ့ကာ မကြည်ညိုတတ်သောသူနှင့် မိတ်ဆွေဖြစ်ရန်ခက်ခဲပေမည်။ တက်ကြွစွာကြိုးစားရှာဖွေနေသော စီးပွါးရေးသမားတစ်ယောက်သည်လည်း ပညာမတတ်သောလူပျင်းလူဖျင်းနှင့်နှင့်မိတ်ဆွေမဖြစ်နိုင်ပေ။ ပညာရေးကိုစိတ်မဝင်စားသော လူအလူနတယောက်သည်လည်း ပညာတတ်သူ ပညာမြတ်နိုးသူနှင့်မိတ်ဆွေဖြစ်ရေး အလှမ်းဝေးမည်သာဖြစ်သည်။ ဤသည်တို့မှာ ဘဝနယ်ပယ်ကွဲပြားခြင်းတို့ကြောင့်ဖြစ်သည်။

မည်သို့ဖြစ်စေ လူသားတစ်ယောက်အဖို့ အသက်ရှင်သန်စဉ်တွင်ရော သေဆုံးချိန်အထိပါ မရှိမဖြစ်မိတ်ဆွေလိုအပ်လှသည်သာဖြစ်သည်။ လူသားတယောက်၏ မရှိမဖြစ်စာရင်းတွင် မိတ်ဆွေသည် နံပါတ်တစ်နေရာမှပါဝင်သည်ဟု ဆိုလျှင်မှားအံ့မထင်ပါ။ အကြောင်းမှာ လူသားသည် သက်ဆိုင်ရာသဘောတူသူအချင်းချင်း ပေါင်းသင်းကာမိတ်ဖွဲ့ ၍ နေထိုင်ရသောကြောင့်ပင်ဖြစ်သည်။ တနည်းဆိုသော် လူဟူသည် အဖွဲ့ အစည်းနှင့်နေရသော သတ္တဝါဖြစ်သည်။ မိမိနှင့်အတူနေရသော
လူမှုအဖွဲ့ အစည်းတွင် မိတ်ဆွေဆိုး အပေါင်းအသင်းဆိုးများကြောင့်
ဆုတ်ယုတ်ပျက်ဆီးနိုင်သလို မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းများကြောင့်
တိုးတက်အောင်မြင်လာသည်လည်းရှိသည်။ အမှန်စင်စစ် မိတ်ဆွေကောင်းဟူသည် ဘဝရည်မှန်းချက်အောင်မြင်ရေးအတွက် ရာနှုန်းပြည့်အင်အားပင်ဖြစ်သည်။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓရှင်တော်မှ အရှင်အာနန္ဒာအား “ အာနန္ဒာ မိတ်ဆွေကောင်းရှိလျှင် ရာခိုင်နှုန်းတရာပြီးစီးသည်” မိန့်တော်မူဖူးခဲ့သည်။

လူသည်သာ မိတ်ဆွေလိုအပ်သည်မဟုတ်ဘဲ တိရစ္ဆာန်အများစုသည်လည်း အသင်းအဖွဲ့ မိတ်ဆွေများနှင့် စုပေါင်းဆက်ဆံကာနေထိုင်ကြသည်ကိုတွေ့ရသည်။ ငါးအုပ်ကြီးများ ကျွဲအုပ်ကြီးများ ပျားအုပ်ကြီးများ ပုရွက်ဆိတ်အုပ်များ စသည်စသည်တို့ကိုအလွယ်တကူပင်တွေ့မြင်နိုင်ပေသည်။ ထို့ကြောင့် မိတ်ဆွေဟူသည် သက်ရှိသတ္တဝါတိုင်း မရှိမဖြစ်လိုအပ်သောအရာဟု ဆိုရမည်ပင်ဖြစ်သည်။ ထိုသို့ မိတ်ဆွေလိုအပ်သည်မှာမှန်သော်လည်း မိတ်ဆွေစစ်နှင့်မိတ်ဆွေတုကို ခွဲခြားနားလည်ကာ
ဆက်ဆံတတ်ဖို့တော့ အရေးကြီးလှသည်။ မိတ်ဆွေအစစ်နှင့်အတုကိုခွဲခြားနားမလည်ပါက မိမိကိုကောင်းကျိုးမပြုဘဲ ဆိုးကျိုးကိုသာဖြစ်စေမည်မှာ အသေအချာပင်ဖြစ်သည်။ ပုဂံသမိုင်းတွင်လည်း ကျန်စစ်သားမိတ်ဆွေစစ်ကိုအတုဟုထင်မှားခဲ့သော ငရမာန်ကန်းသည် အာဏာမျှသာမဟုတ်ဘဲ အသက်ပါဆုံးရှုံးခဲ့ရဖူးသည်။ ပိဋကတ်တော်လာဇာတကတွင်လည်း ခိုးသားခေါင်းဆောင်ကိုသာ အထင်ကြီးအမြင်မှားကာ ချစ်လင်ကိုပစ်ခွါခဲ့သောကြောင့် အသက်ဆုံးရှုံးခဲ့ရသော သာဓကတို့ဖြစ်ခဲ့ဖူးပြီ။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ဘဝအောင်မြင်ပြည့်စုံကြောင်းသမ္ဗဒါတရားလေးပါးတွင် ကလျာဏမိတ္တသမ္ဗဒါ မိတ်ဆွေကောင်း မိတ်ဆွေစစ်လိုအပ်ကြောင်းဟောတော်မူခဲ့သည်။

            စိတ်ထားနှလုံးသားကောင်းသော မိတ်ဆွေစစ်

ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်တွင် မြတ်ဗုဒ္ဓသီတင်းသုံးတော်မူစဉ် ပညာတတ်ပြီးတက်ကြွသူ၊ လိမ္မာထက်မြက်သူ သူဌေးသားလူငယ်သိင်္ဂိါလအား မိတ်ဆွေစစ်နှင့်ပတ်သက်၍ ဤသို့
မိန့်ကြားတော်မူခဲ့သည်။

“ ချစ်သား သိင်္ဂိါလ စိတ်ထားနှလုံးသား စစ်မှန်တဲ့ မိတ်ဆွေစစ်လေးယောက်တို့ကို သိသင့် နားလည်ထားသင့်တယ်။
၁။ မိမိအား ကျေးဇူးအထူးပြုပေးနိုင်သူ (ဥပကာရမိတ္တ)
၂။ ဆင်းရဲနှင့်ချမ်းသာကိုမိမိနှင့်အတူဝေမျှခံစားနိုင်သူ (သမာနသုခဒုက္ခမိတ္တ)
၃။ မိမိအား ကောင်းသောအကျိုးစီးပွါးဖြစ်မည့်အရာကိုသာ အကြံပြု/ပြောကြားသူ (အတ္ထက္ခာယီမိတ္တ)
၎။ မိမိအားအစဉ်အမြဲငဲ့ညှာ သနားကြင်နာသူ (အနုကမ္ဗကမိတ္တ)
ဒီလေးယောက်ဟာ အစဉ်အမြဲပေါ်င်းသင်းထိုက်တဲ့ မိတ်ဆွေကောင်း မိတ်ဆွေစစ်
လေးယောက်တို့ဖြစ်တယ်။ (ဆက်လက်ဖေါ်ပြပါမည်)


Sunday, October 19, 2014

နာယကအခြေခံဥပဒေ (နိဂုံးပိုင်း)


တဖန် သည်းခံခြင်းကင်း၍ဒေါသစိတ်ဖြင့်ဆောင်ရွက်ချက်မှန်သမျှသည် အသိဥာဏ်မပါသဖြင့်ဆိုးကျိုးကိုသာ ဦးတည်စေတတ်လေသည်။ 
ထိုသို့ အသိဥာဏ်နှင့်မစပ်ယှဉ်ပါဘဲ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှကို မောဟာဂတိဟုခေါ်သည်။ “ ငါ့မြင်းငါဆိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက် ” ဟူသကဲ့သို့ ဆင်ခြင်တုံတရားအသိဥာဏ်ကင်းမဲ့စွာ ပရမ်းပတာ လုပ်ဆောင်မှုမှန်သမျှသည် မောဟာဂတိပင်ဖြစ်သည်။ ထို့ပြင် လက်လောက်ငယ်သားများ၏ အသိဥာဏ် (အကြံဥာဏ်) များနှင့် တွဲဖက်ဆောင်ရွက်ကြရသူတို့၏ အကြံဥာဏ်များသည် အဖွဲ့အစည်း 
သို့မဟုတ် နိုင်ငံတနိုင်ငံအတွက်အရေးပါလှသည့်နည်းတူ တဦးချင်းစီ၏ဘဝကိုယ်စီအတွက်လည်း အရေးကြီးသည်သာဖြစ်သည်။ ထို့ကြောင့် အကြီးအကဲလုပ်သူ (နာယကဖြစ်သူ) သည် အသိဥာဏ်တို့၏ စုပေါင်းစွမ်းအားကို ရယူအသုံးချတတ်ဖို့အရေးမှာ သက်ဆိုင်ရာအဖွဲ့ အစည်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြောတမျှအရေးကြီးလှသည်။ ယနေ့မျက်မှောက်အခြေအနေတွင် အသိဥာဏ်တို့၏ စုပေါင်းအားကိုရယူအသုံးပြုကာ ဆောက်ရွက်နေကြသော လုပ်ငန်းကြီး/သေးများ၊ အဖွဲ့အစည်းကြီး/သေးများ၊ နိုင်ငံကြီး/သေးများတို့ တိုးတက်အောင်မြင်နေကြသည်ကိုတွေ့မြင်နိုင်သည်။ ဤသည်မှာ မောဟာဂတိ ကင်းရှင်းသောကြောင့်ဖြစ်သည်။

ထို့ကြောင့် အကြီးအကဲ/နာယကဖြစ်သူသည် သည်းခံခြင်းခမာဂုဏ်
ရှိဖို့လိုအပ်သည်ဟု ရှေးပညာရှိများဆိုထားခဲ့ခြင်းဖြစ်သည်။ သီးခံခြင်းမရှိလျှင် အထက်ပါ အတ္တမာနစိတ်ထားကိုအရင်းခံ၍ အဂတိလေးပါးလိုက်စားကာ ဆောင်ရွက်တတ်လေသောကြောင့် သန့်စင်သော အောင်မြင်သော ကြီးပွါးတိုးတက်သော အားကိုးထိုက်သောဦးဆောင်မှုနှင့်ဆောင်ရွက်မှု
များဖြစ်စေရန် နာယကဖြစ်သူသည် သည်းခံခြင်းစည်းကမ်းကိုလိုက်နာဖို့
လိုအပ်လှသည်။ သည်းခံခြင်းနည်းလမ်းကို ကျင့်သုံးရမည်ပင်ဖြစ်သည်။ သည်းခံခြင်းထုံးကို နှလုံးမူရမည်သာဖြစ်သည်။ သည်းခံခြင်းဂုဏ်ကို ဖြည့်ဆည်းရမည်ပင်ဖြစ်သည်။

နံပါတ် ၂။ ဇာဂရိယ၊ နိုးကြားခြင်းဟူသည် အတွေးအခေါ်များနိုးကြားနေ
သင့်သည်။ အကြံဥာဏ်များထက်မြက်နေသင့်သည်။ လုံလောက်သော
ဗဟုသုတများရှိနေသင့်သည်။ သိရှိထားသောအချက်အလက်များ၊ လက်ရှိအခြေအနေများ Update ဖြစ်နေအောင်ကြိုးစားထား သင့်သည်။ ယခင်ဖြစ်ရပ်နှင့်ယခုဖြစ်ရပ်ကိုဆက်စပ်၍  အနာဂတ်အတွက် အဆင်သင့်ဖြစ်နေသင့်သည် ဟုဆိုလိုကြောင်း မိမိအဓိပ္ဗါယ်ဖွင့်ချင်သည်။

နံပါတ် ၃။ ဥဋ္ဌာန၊ လုံ့လ ဝီရိယရှိခြင်းဆိုသည်မှာ ပျင်းရိလေးတွဲ့ ဖင့်နှေးမှုမရှိရခြင်းပင်ဖြစ်သည်။ မှန်၏။ နာယကလုပ်သူသည် စားလည်းနောက် သွားလည်းနောက် လုပ်ငန်းဆောင်ရွက်လျှင်လည်းနောက် ဖြစ်နေလျှင် 
အဖွဲ့ အစည်းအတွက်မည်သို့မျှ ကောင်းကျိုးမဖြစ်ထွန်းနိုင်ချေ။ 
အဖွဲ့ အစည်းအတွက် တွေ့ ကြုံခဲ့ရသမျှကို သင်္ခန်းစာယူ၍ ဖြစ်မလာသေးသော ကောင်းကျိုးများဖြစ်ထွန်းလာအောင်၊
 ဖြစ်ထွန်းလာပြီးသောကောင်းကျိုးများ တည်မြဲခိုင်ခံ့နေအောင် တက်ကြွစွာစွမ်းဆောင်ကြိုးစားရ
မည်ပင်ဖြစ်သည်။

နံပါတ် ၄။ သံဝိဘာဂ၊ ခွဲဝေပေးကမ်းခြင်းဟူသည် အထူးရှင်းပြစရာမလိုအောင် ထင်ရှားပြီးပင်ဖြစ်သည်။  အမှန်စင်စစ် အကြီးအကဲဖြစ်သူသည် လက်အောက်ငယ်သားတို့အားပစ္စည်းလာဘ်လာဘကို ခွဲဝေ
ပေးကမ်းခြင်းသက်သက်ကိုသာလုပ်ရမည်ဟု ဆိုလိုသည်မဟုတ်၊ 
လုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်နှင့်ပုဂ္ဂလိကလွတ်လပ်ခွင့်
တို့ကိုလည်း သင့်လျော်အောင် ပေးသင့်သည်သာဖြစ်သည်။ ထိုသို့မပေးလျှင် အထက်နှင့်အောက် ကွာဟချက်ကြီးမားလာကာ ပေါက်ကွဲပျက်စီးတတ်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ ဤကဲ့သို့သောသာဓကများ ရှေးကလည်းရှိခဲ့၊ ယခုလည်းရှိနေဆဲပင်ဖြစ်သည်မို့အထူးသတိထားစရာပင်ဖြစ် သည်။ ယနေ့မျက်မှောက်ခေတ်အရ သံဝိဘာဂနှင့်ညီညွတ်မှုကြောင့် အောင်မြင်နေသောနိုင်ငံများများစွာရှိသည်။ 
 ရှေးယခင်ကလည်းရှိခဲ့သည်။ 
အလွယ်ကူဆုံးသာဓကပြရလျှင် အမေရိကန်ပြည်ထောင်စုသည် ပြည်နယ်များအား ကိုယ်ပိုင်လွတ်လပ်စွာ ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့် စီရင်ပိုင်ခွင့်အစရှိသော အာဏာများကိုလွတ်လပ်မျှတစွာ ခွဲဝေပေးကမ်းထားသောကြောင့် ခွဲထွက်ရေးပြဿနာများ ပြည်တွင်းစစ်ပြဿနာများ ကင်းဝေးနေခြင်းဖြစ်သည်ဟု မိမိယူဆသည်။
 ဤအကြောင်းကိုဥာဏ်ရှိသလောက်ချဲ့ တွေးလျှင် ကျယ်ဝန်းများပြားစွာသိနိုင်ပါသည်။

၅။ ဒယာ၊ သနားကြင်နာခြင်းဟူသည် အောက်လက်ငယ်သားတို့၏အပေါ်ဝယ် ညှာတာထောက်ထားရမည်။ စာနာနားလည်ရမည်၊ ငဲ့ညှာရမည်ဟုဆိုလိုသည်။ မှန်၏။ ဤသနားကြင်နာခြင်းရှိမှသာလျှင် လက်အောက်ငယ်သားတို့၏ ခံစားချက်များကို လေးလေးစားစားနားထောင်ပေးနိုင်မည်။ သူတို့၏အရေးကို ကြင်ကြင်နာနာဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးမှသာ လူမှုဒုက္ခများနဲပါး၍ အေးချမ်းတည်ငြိမ်သောအခြေအနေတွင် အတူယှဉ်တွဲ၍အေးချမ်းစွာနေထိုင်နိုင်ကြပေမည်။ ထိုသို့မဟုတ်မူဘဲ သနားကြင်နာမှုကင်းမဲ့သူများခေါင်းဆောင်နေရာတွင်ရှိနေကြလျှင်
လူမှုအဖွဲ့ အစည်းသည် အရောင်အသွေးစုံသော ဒုက္ခသုက္ခများ ပြည့်ကျပ်နေပေမည်။ အလွှာစုံသော အကျပ်အတည်းများဖြင့်
ပိတ်မိနေကြပေမည်။ အခွင့်အရေးကို ခုံမင်သောကြောင်သူတော်များက အသံကောင်းဟစ်၍လူပေါ်လူဇော်လုပ်နေကြပေမည်။ အစစ်နှင့်အတု ပြောင်းပြန်ပြု၍ မသမာမှုများထောင်းထောင်းထနေမည်မှာ သေချာနေတော့သည်။ ထို့ကြောင့် ဒယာ၊ ကြင်နာသနားခြင်းဂုဏ်ကို အကြီးအကဲဖြစ်သူသည် အမြဲအလေးထားကာ ကျင့်သုံးသင့်သည်။

၆။ ဣက္ခဏာ၊ အမျှော်အမြင်ရှိခြင်းဟူသည် အနာဂတ်ကို
ပုံဖေါ်နိုင်ရေးအတွက်မျှော်ကြည့်နိုင်သူ မြင်နိုင်သူဖြစ်ရမည်ဟုဆိုလိုသည်။ ဤနေရာ၌ အမျှော်အမြင်၏အတိုင်းအတာသည် ထိုသူဦးဆောင်နေရသော 
အဖွဲ့ အစည်း သို့မဟုတ် နိုင်ငံ၏အခြေအနေမျိုးစုံနှင့်အချိန်အခါများပေါ်တွင်
မူတည်လေသေည်။ ထို့ပြင် ထိုသူဦးဆောင်ရသော နယ်ပယ်အပေါ်တွင်လည်း မူတည်နိုင်ပါသေးသည်။ ဥပမာအားဖြင့် စီးပွါးရေးနယ်ပယ် နိုင်ငံရေးနယ်ပယ် ဘာသာရေးနယ်ပယ်စသည်တို့ဖြစ်သည်။ သက်ဆိုင်ရာနယ်ပယ်အလိုက် မျှော်မြင်ရပုံခြင်းတူညီနိုင်မည်မဟုတ်ပါ။ လွယ်ကူသောဥပမာပြရလျှင် နိုင်ငံရေးအရ မဟာဗျူဟာချမှတ်လျှင် ကာလအတိုင်းအတာအားဖြင့် နှစ်ပေါင်း (၁၀၀) အတွင်းသာများသောအားဖြင့် ဖြစ်ကြပေမည်။ သို့မဟုတ် နှစ်ပေါင်း (၂၀၀/၃၀၀) ကာလအတွက်ဖြစ်ချင်ဖြစ်မည်။ နောင်နှစ်ပေါင်း (၁၀၀၀) တစ်ထောင်ကာလအထိမျှော်မှန်း၍ ချမှတ်
အကောင်အထည်ဖေါ်နေသော လက်တွေ့ကျသည့်နိုင်ငံရေးမဟာဗျူဟာ
မျှော်မှန်းချက်များရှိမည်မထင်ပါ။ ဆိုဗီယက်ခေတ်တွင် ကွန်မြုနစ်နှင့်အရင်းရှင်တို့၏ မဟာဗျူဟာတိုက်ပွဲသည် နှစ်ပေါင်း (၁၀၀) မပြည့်မီပင် ဆိုဗီယက်နိုင်ငံတော်ကြီးပြိုကွဲခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့အတူ ဂျာမဏီနှင့်ဂျပန်တို့၏ အမျှော်အမြင်လွဲမှား၍ ရက်စက်တတ်သောအမျိုးသားနိုင်ငံရေးမဟာဗျူဟာသည်လည်း ထိုနည်း၎င်းပင် အချိန်တိုအတွင်း  အရှုံးဖြင့်နိဂုံးချုပ်ခဲ့ကြရဖူးသည်။

သို့သော် ဘာသာရေးအရ မဟာဗျူဟာချမှတ်ကျင့်သုံးရသည့်အခါ နောင်နှစ်ပေါင်း (၁၀၀၀) တစ်ထောင်လည်းမက၊ ဘဝပေါင်းတစ်ထောင် တစ်သောင်းလည်းမက
 ကမ္ဘာပေါင်း အသိန်းအသောင်းမက သတ္တဝါအများ 
လူ့ရပ်နတ်ရွာနှင့်တကွနိဗ္ဗာန်ရောက်သည်အထိ ချမှတ်၍ ဦးဆောင်
အကောင်အထည်ဖေါ်ဆောင်ရွက်ကြရသည်။
 (ကရုဏာနှင့်ပညာရှိကြသော ဘာသာရေးခေါင်းဆောင်များကိုသာဆိုလိုသည်) 
မှန်၏။ ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း
ကာလကြာမြင့်သည်အထိ အားလုံးသောသက်ရှိသတ္တဝါများအတွက် မဟာဗျူဟာချမှတ်၍ ဦးဆောင်ကာအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့သည်။
 နောင်အနာဂတ်လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလအထိ မျှော်မြင်ကာ လုပ်ဆောင်ခဲ့သည်ဟု ဆိုလိုသည်။ ( နိုင်ငံရေးကိုနားလည်၍မဟုတ်ပါ၊ မိမိ၏ထင်မြင်ချက်သက်သက်မျှကိုသာတင်ပြခြင်းဖြစ်ပါသည်။
မှားခဲ့လျှင် လွတ်လပ်စွာဝေဘန်အကြံပေးနိုင်ပါသည်)။

ထို့ကြောင့် နံပါတ်ခြောက် ဂုဏ်အင်္ဂါအရ အမျှော်အမြင်ရှိခြင်းသည်လည်း နာယကဖြစ်သူအတွက်အရေးကြီးသလို သူဦးဆောင်ရသော 
လူမှုအဖွဲ့ အစည်းအတွက်လည်း အသက်သွေးကြောပင်ဖြစ်သည်။ နာကကဖြစ်သူတိုင်း အကြီးအကဲနေရာမှ ဦးဆောင်ရသူတိုင်း အထက်ပါ နာယကဂုဏ်ခြောက်းပါးနှင့်အမှန်တကယ်ပြည့်စုံကြလျှင် ထိုလူမှုအဖွဲ့ အစည်း ထိုနိုင်ငံသည် အမှန်ပင်တိုးတက်အေးချမ်းနေမည်မှာ သေချာလှသည်။ ရှေးရှေးပညာရှိများသည် လူမျိုး နေရာဒေသ ယဉ်ကျေးမှု ဘာသာတရား ဘာသာစကား အသားအရောင်ဘာကိုမျှမခွဲခြားဘဲ အားလုံးနှင့်သက်ဆိုင်သော ကမ္ဘာတည်သ၍မှန်ကန်နေမည်ဖြစ်သော ထာဝရနာယကစည်းမျဉ်း သို့မဟုတ် နာယကအခြေခံဥပဒေကို လောကအတွက်တင်ဆက်ခဲ့ကြလေသည်။ ချီးမြှောက်ခဲ့ကြလေသည်။ အသင့်စားသုံးရန်ထုတ်လုပ်ပေးခဲ့ကြလေသည်။ ထိုစည်းမျဉ်း သို့မဟုတ် အခြေခံဥပဒေသတို့ကို အသင့်စားသုံးကာ(အသုံးပြု) တိုးတက်သောလူမှုဘဝ၊ အေးချမ်းသောလူမှုအဖွဲ့ အစည်းဖြစ်
လေအောင် လက်တွေ့ဆန်သောမဟာဗျူဟာဖြင့်ခရီးဆက်ဖို့အရေးကား မိမိတို့၏တာဝန်သာဖြစ်တော့သည်။

လင်္ကာ။ ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရှု၊ ဤခြောက်ခု ကြီးသူ့နာယကဂုဏ်။

Patience, vigilance, and industry, liberality, compassion and hope-these are the qualities of a leader; these are the qualities that should be wished for by the righteous.
 (ဘာသာပြန် ဂျိမ်းစ်ဂရေး) လောကနီတိ သုခ စာအုပ်မှ။


 ဒေါက်တာဘုန်းသူရိန်

***ဓမ္မမိတ်ဆွေများ၏အမှာစကား***