Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, September 26, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၂ ) မေးပါရစေ

     ပထမဦးဆုံးမေးခွန်းမေးသော အမျိုးသားကပင် ဆက်လက်၍ ဤသို့မေးပြန်သည်။
မေးခွန်းး ၃။ အဆင်းအာရုံတစ်ခုကို မြင်တဲ့အခါမှာ မျက်စိက မြင်တာမဟုတ်၊ စိတ်ကသာ မြင်နိုင်တာဆိုတဲ့ရှင်းပြချက်ကို နားလည်တည်။ လက်ခံပါတယ်။ အဲဒီလို စိတ်ကမြင်နိုင်ဘို့အတွက် အကြောင်းလေးချက်က ပြည့်စုံစွာထောက်ပံ့နိုင်မှသာ စိတ်ကမြင်နိုင်တယ်လို့ဆိုတယ်။ ဒါပေမယ့် တခါတလေမှာ အကြောင်းလေးချက် မပြည့်စုံဘဲနဲ့လဲ စိတ်ကမြင်နိုင်ပါတယ်။ ဥပမာ လုံးဝအမှောင်ကြီးထဲမှာ အလင်းရောင်မရှိဘဲ မျက်စိမှိတ်ထားရင်တောင် စိတ်ဟာ အဆင်းအာရုံတွေကို မြင်ရတတ်ပါတယ်။ အဲဒါရော ဘယ်လိုလဲ ?

  မှတ်ချက်။ ။ ( ဤနေရာ၌ စာဖတ်သူများ သိသာစေရန် မိမိပို့ချခဲ့သည်များကို အနည်းငယ်ဖြည့်စွက်တင်ပြပါမည်။ ) မြင်သိစိတ် ဖြစ်ပေါ်ဘို့အတွက် 
၁။ မျက်ကြည်လွှာအားကောင်းရမယ်။ ( စက္ခပသာဒ/ eye-sensitivity )
၂။ အလင်းရောင်ရှိရမယ်။ ( အာလောက/ light )
၃။ အဆင်းရူပါရုံရှိရမယ်။ ( ရူပါရမ္မဏ/ visible object )
၎။ သတိပြုမှု / နှလုံးသွင်းမှုရှိရမယ်။ ( မနသိကာရ / attention ) 
အဲဒီအကြောင်းလေးချက်ပြည့်စုံမှသာ မြင်နိုင်တယ်။ မြင်တဲ့အခါမှာလည်း မျက်စိက မြင်တာမဟုတ်ဘူး။ စိတ်ကမြင်တာ။ ဆိုလိုတာက အဲဒီအကြောင်းလေးချက်က ပြည့်စုံစွာထောက်ပံ့ပေးနိုင်မှသာ စိတ်ကမြင်နိုင်တာ။ တခါတလေမှာ နံပါတ် ၁၊ ၂၊ ၃၊ အချက်သုံးချက်လုံးပြည့်စုံနေတာတောင် သတိမပြုမိရင် ဂရုမစိုက်မိရင် မမြင်နိုင်ဘူး။ ( မြန်မာစကားတွင်လည်း “ သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူတောင်မြင် ” ဆိုတဲ့ စကားပုံပင်ရှိ၏။ ထို့ပြင် အာရုံတစ်ခုခုအတွက် နစ်မျောနေသည့်အခါ မိမိရှေ့ မှ လူတစ်ယောက်ဖြတ်သန်းသွားသည်ကိုပင် မမြင်လိုက်မိချေ။ နံပါတ် ၄ အချက်ဖြစ်သည့် မနသိကာရ အင်္ဂါချွတ်ယွင်းခြင်းကြောင့်ပင်ဖြစ်သည်။ မေးခွန်းရှင်သည် ဤသင်ကြားချက်ကို အခြေခံ၍ ဤမေးခွန်းကို မေးခြင်းဖြစ်သည်။

   ဖြေ….။ မင်းတို့ကို ရှင်းပြခဲ့တဲ့ မြင်နိုင်ဘို့အကြောင်းလေးချက်ကို ၁။ မျက်စိ၊ ၂။ နား၊ ၃။ နှာခေါင်း၊ ၄။ လျှာ၊ ၅။ ကိုယ်ခန္ဓာလို့ခေါ်တဲ့ တံခါးငါးပေါက်မှာ အာရုံတွေနဲ့ ဝင်ရောက်ထိတွေ့လို့ ဖြစ်ပေါ်လာတဲ့ စိတ်ဖြစ်စဉ် ( The five-Door Process ) ပဉ္စဒွါရဝီထိအရ ရှင်းပြခဲ့တာဖြစ်တယ်။ ခု မင်းမေးတဲ့ မေးခွန်းက ခုရှင်းပြခဲ့တဲ့ ပဉ္စဒွါရဝီထိ / The five-door process နဲ့မပတ်သက်ဘူး။ နောက်ဆက်လက်သင်ပြမယ့် စိတ်တံခါးပေါက်မှာအာရုံနဲ့တိုက်ရိုက်ထိတွေ့လာတဲ့ စိတ်ဖြစ်စဉ် မနောဒွါရဝီထိ / The Mind-Door Process အရ အာရုံကို မြင်လာတဲ့စိတ်ပဲ။ ဒီ The mind-door process မှာ အကြောင်းလေးချက်ပြည့်စုံဘို့မလိုဘူး။ စိတ်တစ်ခုအပေါ်မှာပဲ မူတည်တယ်။ ဘယ်လောက်ပဲ အမှောင်ထဲကျရောက်နေပါစေ သမာဓိအားကောင်းလေ မြင်နိုင်စွမ်းအားကပိုကောင်းလေပါပဲ။ ဒီအကြောင်း ဒီမှာ ဒီလောက်ပဲပြောမယ်။ သက်ဆိုင်ရာအခန်းရောက်မှ ပြောပြတာ ပိုလို့ဆီလျော်မယ်။ 
မေးခွန်းရှင်ကား အပိုစကားမဆိုတော့ဘဲ နှုတ်ဆိတ်သွားလေတော့သည်။

ထိုစဉ် အမျိုးသမီးတစ်ယောက်မှ ( သူမနာမည်ကိုလည်း မမှတ်မိ ) မေးပါရစေဟုဆိုကာ လက်ထောင်ပြလာသည်။ ( ဆက်လက်ဖေါ်ပြပါမည်။ )

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၁ ) သားလေးများ တီတီတာတာပြောတတ်ပြီ


 ယနေ့ ( ၂၀.၀၉ .၂၀၁၄ ) အဘိဓမ္မာအသိဥာဏ်သားလေးကို စတင်မွေးဖွားပြီးသည့်အခါ မိမိ အတော်ကလေးပင်ပန်းသွားသည်။ ပါးစပ်မှ စကားလုံးထပ်မံမထွက်ချင်တော့လောက်သည်အထိ နွမ်းနယ်မှုကိုခံစားလိုက်ရသည်။ အကြောင်းမှာ နေ့လည် ( ၂ ) နာရီမှ စတင်ခဲ့ရာ ညနေ ( ၅ ) နာရီ ထိုးခါနီးမှပြီးဆုံးခဲ့သောကြောင့်ပင်ဖြစ်သည်။ ကြားထဲတွင် Tea break ( ၁၀ ) မိနစ်ခန့်နားသည်မှလွဲ၍ ဆက်တိုက်သင်ကြားလိုက်သည်။ ထို့ပြင် အကြောင်းအရာ ( ဘာသာရပ် ) ကလည်း လေးနက်သည့်နည်းတူ အင်္ဂလိပ် ဝေါဟာရ အသုံးအနှုန်းကိုလည်း အဓိပ္ဗါယ်သက်ရောက်မှုမထွေပြားစေရန်နှင့်တိကျမှုဖြစ်စေရန် သတိထားအားစိုက်ရသောကြောင့်လည်းဖြစ်သည်။ သို့သော် သူတို့၏ လေးလေးနက်နက်စိတ်ဝင်စားမှုနှင့်ရှင်းပြချက်များကို ကျေနပ်မှုတို့ကြောင့် ပင်ပန်းရကျိုးနပ်သည့်နည်းတူ မိမိလည်း ကျေနပ်မှုကိုခံစားရသည်။ ပျင်းရိခြင်းအလျဉ်းမရှိဘဲ ဓမ္မအသိကိုအားခဲနေကြသော သူတို့ကိုချီးကျူးမိသည်။ ဤပထမနေ့တွင် အဘိဓမ္မာ၏သမိုင်းအကျဉ်းချုပ်၊ မြန်မာပြည်၏ အဘိဓမ္မာလေ့လာမှု အခြေအနေနှင့်အဆင့်အတန်း၊ ယခုသင်ပြမည့် သဂြိုဟ်ကိုမဏ္ဍိုင်ပြုသောစာအုပ်များအကြောင်း၊ ပညတ်နှင့်ပရမတ်တို့၏ သဘောတရားများ၊ ပရမတ္ထတရားလေးပါးတို့၏ အသီးသီးသောသဘောတရားများကို ဥာဏ်စွမ်းမီသမျှ စိတ်အားသန်သန်ဖြင့် ရှင်းပြလိုက်သည်။

  မိမိက သင်တန်းမစမီတွင် မေးခွန်းများကို စိတ်တိုင်းကျမေးနိုင်ကြောင်း၊ သင်တန်းချိန်ပြီးဆုံးသည်အထိ မစောင့်ဘဲ ရှင်းပြဆဲကာလတွင်လည်း ဖြတ်တောက်၍ မေးနိုင်ကြောင်း၊ မင်းတို့နဲ့ငါနဲ့ကြားမှာ ဘာအတားအဆီးမှမရှိဘဲရင်းနှီးမှုဖြစ်စေရန် Break the ice ရေခဲတုံးကြီးခွဲထားလိုက်ပြီဖြစ်ကြောင်း ကြိုတင်၍ဖိတ်ခေါ်ပြောပြထားလိုက်သည်။ ထိုဖိတ်ခေါ်ချက်ကြောင့် သူတို့လည်း လွတ်လပ်ပေါ့ပါးသွားကြဟန်ရှိသည်။ သို့သော် ပထမနေ့သင်ကြားနေစဉ်အတွင်းဝယ် မည်သူတစ်ဦးတစ်ယောက်မျှကြားဖြတ်ရပ်တန့်၍ မမေးကြပေ။ ညနေပြီးဆုံးသောအခါတွင်ကား လွတ်လပ်ပွင့်လင်းစွာမေးကြတော့သည်။ အမျိုးသားတစ်ယောက်က မေးလိုပါကြောင်းခွင့်တောင်းလာသည်။ ( မေးသူ၏ နာမည်ကိုမမှတ်မိ )

   မေးခွန်းးး ၁။ ပရမတ္ထတရားလေးပါးတရားတွေဟာ ပြောင်းလဲခြင်းမရှိဘူး၊ ဖန်တီးလို့လည်းမရဘူး၊ ဖောက်ပြန်ခြင်းလည်းမရှိဘူးလို့်ဆိုတယ်။ ဒီလေးပါးထဲက စိတ်ဟာ ပြောင်းလဲတယ်လို့ထင်တယ်။ ဥပမာ ရဟန္တာဖြစ်လို့ နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတဲ့အခါ လောဘစိတ်တွေဟာ ပြောင်းလဲသွားတာပဲမလား? ထို့အတူ အခြားသော ဒေါသ မောဟစတဲ့ စိတ်စေတသိက်တွေဟာလဲ နိဗ္ဗာန်ကိုသိလာတဲ့အခါ ပြောင်းလဲသွားတာမဟုတ်ဘူးလား?

  အဖြေးးးး၁။ ရဟန္တာဖြစ်လို့ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သွားတဲ့အခါမှာ လောဘစတဲ့စိတ် စေတသိက်ပရမတ်တရားတွေဟာ ပြောင်းလဲသွားတာမဟုတ်ပါဘူး။ အဲဒီတရားတွေကို အမြစ်ပြတ် ပယ်သတ်နိုင်လိုက်တာသာဖြစ်တယ်။ စိတ်ရဲ့အညစ်အကြေးမှန်သမျှ ဘာမှမကျန်တော့အောင် သုတ်သင်ပစ်လိုက်တာဖြစ်တယ်။ အဲဒါဟာ ပြောင်းလဲခြင်းမဟုတ်ဘူး။ ကုန်ဆုံးပြတ်တောက်သွားတာသာဖြစ်တယ်။ မဖောက်ပြန် မပြောင်းလဲဘူးလို့ ပြောခဲ့တဲ့နေရာမှာ နေရာဒေသ အချိန်ကာလ ဘုံဌာန ပုဂ္ဂိုလ်အပေါ်မူတည်ပြီးပြောင်းလဲခြင်းမရှိဘူး၊ ပရမတ္ထတရားတို့ရဲ့ သဘောလက္ခဏာဟာ သူ့သဘာဝအတိုင်းပဲ ခိုင်မြဲတယ်လို့ဆိုလိုတာဖြစ်တယ်။ ဥပမာအားဖြင့် လောဘရဲ့သဘောတရားဟာ လိုချင်တပ်မက်ခြင်းသဘောတရားဖြစ်တယ်။ အဲဒီလိုချင်တပ်မက်ခြင်းသဘောတရားမှ လုံးဝပြောင်းမသွားဘူး။ ဘယ်သူ့သန္တာန်မှာပဲ ဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဘယ်ဘုံမှာပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် လောဘမှန်ရင် လိုချင်ခြင်းသဘောတရားသာဖြစ်တယ်။ အဲဒီသဘောတရားမှ လုံးဝပြောင်းမသွားဘူး။ လောဘမှန်ရင် လိုချင်တဲ့သဘောတရားသာဖြစ်တယ်။ ဥပမာအားဖြင့် ခွေးတစ်ကောင်ဟာ အစားကောင်းတစ်ခုကိုစားလိုတယ်ဆိုရင် အဲဒါဟာ လောဘဖြစ်တယ်။ အဲဒီလောဘဟာ အာရှကခွေးမှာဖြစ်လဲ လောဘဲပဲ၊ ဥရောပကခွေးမှာဖြစ်လဲ လောဘပဲ၊ အမေရိကားကခွေးမှာဖြစ်လဲလောဘပဲ။ အဲလို နေရာဒေသကြောင့်လဲ ပြောင်းမသွားဘူး။
နံက်ခင်းမှာလိုချင်တပ်မက်လဲ လောဘပဲ၊ နေ့လည်ခင်းဖြစ်လဲ လောဘပဲ။ ညနေခင်း ညခင်း ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်လောဘဟာ လိုချင်ခြင်းပဲ။ ရှေးခေတ်ကလိုချင်ရင်လဲ လောဘ၊ ခုခေတ်ဖြစ်လဲ လောဘ၊ နောင်ဖြစ်လဲ လောဘသာဖြစ်တယ်။ အဲဒီလို အချိန်ကာလတွေကြောင့်လဲ လောဘမှန်ရင် လိုချင်ခြင်းသဘောမှ ပြောင်းမသွားဘူး။ အပါယ်ဘုံမှာဖြစ်လဲ လောဘမှန်ရင် လိုချင်ခြင်းပဲ၊ လူ့ပြည် နတ်ပြည် ဖြစ်ချင်တဲ့ ဘုံမှာဖြစ်ပါစေ လောဘမှန်ရင် လိုချင်ခြင်းသဘောမှပြောင်းမသွားဘူး။ ထို့အတူ တိရစ္ဆာန်တစ်ကောင်ကလိုချင်ရင်လဲ လောဘပဲ။ ဘုန်းကြီးကလိုချင်ရင်လဲ လောဘ၊ သမ္မတ၊ နတ် ဗြာဟ္မာတွေကလိုချင်ရင်လဲ လောဘပဲ၊ ပုဂ္ဂိုလ်ရေးအကြောင်းပြုပီးတော့လဲ လောဘရဲ့သဘောမှလုံးဝပြောင်းသွားတာမဟုတ်ပါဘူး။ ဒါကြောင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတဲ့ ရဟန္တာဟာ လောဘစိတ်ပြောင်းလဲသွားတာမဟုတ်ဘူး၊ လောဘကို အမြစ်ပြတ် ပယ်သတ် သုတ်သင် ရှင်းလင်းပစ်လိုက်တာသာဖြစ်တယ်။

အထက်ပါ အဖြေကို နားထောင်ပြီးသောအခါ ဘေးနားတွင်ရှိသော Mikko ဟူသော ဒကာတစ်ယောက်က ဤသို့ ထပ်မံ၍ မေးလာပြန်သည်။
မေးခွန်းးး၂။ ပြောင်းလဲလို့ မရဘူးဆိုတာကြီးကို ပြောင်းလဲပစ်ချင်တယ်။ အဲဒါ ဘယ်လိုပြောင်းရမလဲ?
ဖြေ၊းးး၂။ ပြောင်းလဲလို့မရပါဘူးဆိုမှ မင်းကဘာကြောင့်ပြောင်းလဲချင်တာလဲ၊ အဲဒါကို အပြတ်ရှင်းလင်းသုတ်သင်ပစ်မှရမယ်။ အဲဒီလို ရှင်းလင်းပြီးရင် မင်းရဲ့ ပြောင်းလဲပစ်ချင်တဲ့စိတ်လဲ မရှိတော့ဘူး။ ဖြစ်ပေါ်မလာတော့ဘူး။ ဘာမှမရှိတော့တဲ့အခါ ပြောင်းလဲစရာလဲ မလိုတော့ဘူး။ Mikko ကား ပြုံးလျှက်နှုတ်ဆိတ်သွားလေသည်။ နက်ရှိုင်းကျယ်ပြောလှသော မြတ်ဗုဒ္ဓအဘိဓမ္မာသမုဒ္ဒရာ၏ အကြောင်းကို တီတီတာတာ မပီကလာ ချစ်စရာလေးများ ပြောတတ်ကြလေပြီ။ မကြာမီပင် သူတို့ဆော့ကစားနိုင်ကြလိမ့်မည်ထင်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



Thursday, September 25, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၀ ) အဘိဓမ္မာသားလေး မွေးပြီ

    နေ့လည်ခင်း အဘိဓမ္မာသင်တန်းအချိန်သည် ( ၂ ) နာရီထိုးမှစတင်မည်ဖြစ်သဖြင့် ဆွမ်းစားပြီးသောအခါ အချိန်ပိုနေလေသည်။ အချိန်ကို အကျိုးရှိအောင် အသုံးပြုလိုသဖြင့် မိမိကပင်စတင်၍ “ မင်းတို့က ငါပြောတာကို နားထောင်နေကြတဲ့ အချိန်များတယ်၊ ငါလဲ မင်းတို့ပြောတာကို နားထောင်ချင်တယ် ” ဟု ပြောလိုက်သောအခါ “ ငါတို့မှာ ပြောစရာအထူးမရှိဘူး ” တဲ့။ “ ဒါဆိုရင် မင်းတို့ ဘာသာရေးအတွေ့အကြုံတွေကို ပြောပြပေးပါ ” ဟု တောင်းဆိုလိုက်သောအခါ တစ်ဦးချင်းစီပြောပြကြသည်။ သူတို့၏ပြောပြချက်များအရ ဤသို့ ခြုံငုံ၍ကောက်ချက်စွဲကာ သိနားလည်ခွင့်ရခဲ့သည်။ “ သူတို့အားလုံးသည် မိရိုးဖလာအရ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ အချို့ က ကျောင်းသားဘဝတွင် စိတ်ပညာနှင့်ဒဿနစာပေများကိုလေ့လာရင်း ဗုဒ္ဓတရားကိုမြည်းစမ်းကြည့်မိရာမှ စိတ်ဝင်စားလာခဲ့သည်။ အချို့ က မူရင်းခရစ်ယာန်ဘာသာကို မယုံကြည်တော့သောကြောင့် လက်တွေ့ကျသည့်သဘောတရားအသစ်ကို ရှာဖွေရင်း ဗုဒ္ဓတရားတော်နှင့်ထိတွေ့ခွင့်ရခဲ့ခြင်းမှစတင်ကာ စိတ်ဝင်စားမှုပိုလာခဲ့သည်။ အချို့ က ဖင်းလူမျိုး ဗုဒ္ဓဘာသာဘုန်းကြီး မဟာပညောနှင့်ရင်းနှီးခြင်းမှစတင်ကာ ဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာခဲ့ကြသည်။ ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားကြခြင်း၏ နောက်ခံအကြောင်းတရားမှာ မတူညီကြသော်လည်း နောက်ခံဘာသာရေးကား ခရစ်ယာန်ဘာသာဝင်များအဖြစ်အတူတူပင်ဖြစ်ခဲ့ကြသည်။ ပို၍ ထပ်တူဖြစ်လာသည့်အရာမှာ ဝိပဿနာကိုအားထုတ်ဖြစ်ကြရင်း တရားတော်၏အရသာကို လက်တွေ့ကျကျသိခွင့်ရလာသောကြောင့် ဗုဒ္ဓဘာသာဝင်စစ်စစ်များဖြစ်လာကြခြင်းပင်ဖြစ်သည်။

  သူတို့၏ ဗုဒ္ဓဘာသာအဆင့်မှာ အခြားမည်သူတစ်ဦးယောက်ကမျှ အခြားဘာသာအဖြစ်သို့ကူးပြောင်းစေရန် ဆွဲဆောင်၍ မရနိုင်တော့သည့်အခြေအနေပင်ဖြစ်သည် ဟု မိမိနားလည်မိသည်။ အကြောင်းမှာ သူတို့သည် မည်သူတစ်ဦးတစ်ယောက်၏ စည်းရုံးဟောပြောမှုကြောင့်မျှမဟုတ်ဘဲ သူတို့၏ကိုယ်ပိုင်အသိအမြင်ကိုအခြေခံ၍ အခြောက် အမြှောက်ကင်းကင်းဖြင့် လွတ်လပ်စွာ သတ္တိရှိရှိ ဖြစ်လာခဲ့ရသော ဗုဒ္ဓဘာသာများဖြစ်နေသောကြောင့်ပင်ဖြစ်သည်။ သို့သော် သူတို့သည် ထေရဝါဒဗုဒ္ဓဘာသာများတော့မဟုတ်ကြပါ။ အချို့ က ဇင်ဗုဒ္ဓဘာသာဝင်၊ အချို့ က တိဘက်တန်းဗုဒ္ဓဘာသာဝင်၊ အချို့ ကား ဝဇိရယာနဗုဒ္ဓဘာသာဝင်များဖြစ်နေကြလေသည်။ မတူညီသော ဂိုဏ်းဂဏဝင်များအချင်းချင်း စုပေါင်း၍ အသင်းအဖွဲ့တည်ထောင်ကာ သာသနာရေးအတွက် ဆောက်ရွက်နေကြသည်မှာ မိမိအဖို့ အတုယူစရာပင်ဖြစ်ခဲ့သည်။ ဂိုဏ်းဂဏနာမည်ပညတ်များကို အလေးမထားဘဲ အနှစ်အသားကျသည့် လမ်းစဉ်ကိုအတူတွဲ၍လျှောက်နိုင်ကြသော သူတို့၏ ရင့်ကျက်မှုကို တိတ်တခိုးအားကျရင်း မိမိ၏မရင့်ကျက်မှုကို တိတ်တခိုးဖြင့် ရှက်စနိုးခံစားမိသယောင်ယောင်ဖြစ်ခဲ့သည်။ ထို့ပြင် သူတို့အနေနှင့် ထေရဝါဒအဘိဓမ္မာကို ထိတွေ့ခွင့်ရသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ ရွှေပြည်တွင်ရှိသော ထေရဝါဒဂိုဏ်းပေါင်း ( ၉ ) ဂိုဏ်းသည် ပိဋကတ်သုံးပုံနှင့်တကွယုံကြည်မှုပုံသဏ္ဌာန်မှအစအရာရာ အတူတူဖြစ်ပါလျှက် ဂိုဏ်းဂဏနာမည်ပညတ်လေးမျှဖြင့် သဘောထားကွဲကာ အစွဲကြီးစွဲနေကြသည်မှာ သတိပြုစရာအချက်ပင်ဖြစ်သည်။ မဟာစည်စွဲ မိုးကုတ်စွဲစသောအစွဲများဖြင့် ကွဲနေကြသည်မှာလည်း “ အမြင်မတော် ဆင်တော်နှင့်ခလောက်ပင် ” ဖြစ်သည်။

   နောက်တစ်ခုထပ်၍သိရသည်မှာ ဥရောပတွင်ဘာသာရေးအရ လုံးဝပြောင်းလဲမှုကြီးဖြစ်နေသည်၊ လက်ထပ်ထိမ်းမြားခြင်းနှင့်အသုဘချရေးအတွက် မိရိုးဖလာအရ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် အသင်းဝင်ထားသော်လည်း ဘုရားကျောင်းတက်သူလည်း အလွန်ရှားပါးလာသည်၊ အချို့ ဆိုလျှင် အသင်းဝင်ပင် မလုပ်ကြတော့ဘူးတဲ့။ ထို့ပြင် ဥရောပနိုင်ငံများတွင် ဗုဒ္ဓဘာသာဌာနများတိုးပွါးလာနေသည်၊ သို့သော် မျိုးဆက်သစ်အများစိတ်ဝင်စားလာကြသည်မှာ ဗုဒ္ဓဘာသာတစ်ခုတည်းတော့မဟုတ်၊ ဟိန္ဒူဘာသာကိုလည်း စိတ်ဝင်စားကြသလို အခြားဝါဒသစ်တစ်ခုကိုလည်း မျှော်လင့်နေကြကြောင်း သူတို့ပြောပြချက်များအရသိခွင့်ရခဲ့သည်။ ဤတွင် မိမိက ဤသို့ကောက်ချက်စွဲမိသည်။ “ စီးပွါးရေးကုမ္မဏီကြီးများသည် ငွေကြေးအကျိုးအမြတ်အတွက် ဈေးကွက်ရှာနေကြသည်။ ယှဉ်ပြိုင်ကာထိုးဖောက်နေကြသည်။ Customers များ၏ ဝယ်လိုအား သုံးနိုင်အား နိုင်ငံရေးအခြေအနေ တရားဥပဒေစိုးမိုးမှုစသည်ဖြင့် စသည်ဖြင့် တွက်ချက် မျှော်ကြည့်ကာ စီးပွါးရှာကြသည်။ ထို့အတူပင် သာသနာတော်ပြန့်ပွါးရေးအတွက်လည်းကြည့်ကြရသည်ပင်။ ဘုရားအလောင်းတော်ကိုယ်တိုင်သည်ပင် လူ့ပြည်ဝယ်ပဋိသန္ဓေမနေမီ ကာလ ဒီပ ဒေသ ကုလ မာတုအာယုပရိစ္ဆေဒ ဟူသော ကြည့်ခြင်းကြီးငါးပါးကို ကြည့်ခဲ့ရသည်မဟုတ်ပါလော။ ဘာသာရေးအရ ပြောင်းလဲလာနေသော ဥရောပသည် ဗုဒ္ဓဘာသာအတွက် ဈေးကွက်ကြီးနှင့်တူလှတော့သည်။ သူတို့သည် ဘာသာရေးကွက်လပ်ကြီးဖြစ်နေကြသည်။ Dhamma customers များက မြတ်ဗုဒ္ဓ၏ဓမ္မများကို စားသုံးရန်ငံ့လင့်နေကြဟန်ရှိသည်ဟု ယူဆမိသည်။ ဗုဒ္ဓဓမ္မများကို ကာလ ဒေသ ယဉ်ကျေးမှု အခြေအနေ နိုင်ငံရေးစနစ်တို့နှင့်ဆီလျော်အောင် တင်သွင်းကြဘို့ အချိန်ကျရောက်နေပြီဟုနားလည်မိသည်။ လူမှုလောကအကျိုးနှင့် သာသနာတော်အကျိုးကို မျှော်ကိုး၍ သင့်တော်သောနည်းလမ်းများဖြင့် စုပေါင်းလုပ်ဆောင်နိုင်ကြရန် clear vision, deep thought and courageous mission တို့လိုအပ်နေသည် ” ဟု နားလည်မိသည်။

  ဟယ်ဆင်ကီမြို့တွင်ပင် ဗုဒ္ဓဘာသာအဖွဲ့အစည်းပေါင်း ( ၄ ) ဖွဲ့ရှိလေသည်။ မိမိကိုဖိတ်ကြားသည့်အဖွဲ့မှာ Bodhidhamma Association ဖြစ်ပြီးလျှင် အဖွဲ့သည် ( ရွှေပြည်ကြီးလွတ်လပ်ရေးမရမီ ) ( ၁၉ ၄၇ ) ခုနှစ်ကပင် တည်ထောင်ခဲ့သော ဖင်လန်နိုင်ငံ၏ ပထမဦးဆုံးသော အဖွဲ့ဖြစ်ကြောင်းကိုလည်း ဖိတ်စာတွင်ထည့်သွင်းဖေါ်ပြပေးခဲ့သည်။ ဤသို့ သူတို့ပြောပြသည်များကိုနားထောင်ပြီးသောအခါ မိမိအကြောင်းကို ပြောပြဘို့အလှည့်ကျရောက်လာသဖြင့် မိမိ၏ ဘဝအစိတ်အပိုင်းအချို့ နှင့် ခံယူချက်များ၊ သာသနာရေးအမြင်များကို အကျဉ်းချုပ်၍ ပြောပြလိုက်သည်။ သို့စဉ် နေ့လည် ( ၂ ) နာရီအချိန်သို့ရောက်ရှိလာခဲ့သဖြင့် ရင့်မာနေသော အဘိဓမ္မာကိုယ်ဝန်ကိုသားဖွားပေးရတော့သည်။ သင်တန်းစလျှင်စချင်း မျက်တောင်မခတ်ဘဲ စူးစိုက်သည့်မျက်လုံးများဖြင့် စုပြုံ၍ မိမိ၏မွေးမြူပြုစုကို လေးလေးနက်နက်ခံယူကြသည်။ မိမိကလည်း သတိကြီးစွာထား၍ ပြုစုသင်ကြားပေးလိုက်သည်။ သန္ဓေသားလေးကား မွေးလေပြီ။ ကျေနပ်စရာ ချစ်စရာကောင်းသော သားငယ်လေးပင်ဖြစ်သည်။ ပို၍ကြည်နူးစရာကောင်းသည်မှာ သူတို့၏မျက်နှာများကား စူးရှဝင်းပနေကြခြင်းပင်ဖြစ်တော့သည်။ အဘိဓမ္မာအသိဥာဏ်တည်းဟူသော သားကလေးသည် မငို မအော်ပါဘဲ ကြည်လင်ဝင်းပစွာဖြင့် ဦးခေါင်းတည်းဟူသော မိခင်ဝမ်းမှ ထွက်ကျလာခဲ့လေပြီ။ မိခင်လောင်းတို့၏ ဓမ္မတည်းဟူသောကျမ္မာရေးလိုက်စားမှု၊ ဥာဏတည်းဟူသောအာဟာရပြည့်ဝမှုတို့ကြောင့်ဖြစ်မည်ထင်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



Tuesday, September 23, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၉ ) ပြဿနာ၏ရင်းမြစ်

ရင့်မာလာပြီဖြစ်သောအဘိဓမ္မာပဋိသန္ဓေကို မွေးဖွားပေးရန် ကတိပေးလိုက်ပြီးနောက် မည်သို့မွေးဖွားမည်၊ မည်သည့်နေရာတွင်မွေးမည်၊ မည်သည့်စာအုပ်ကို မဏ္ဍိုင်ပြု၍ သင်ကြားမည်စသည်ဖြင့် ဆွေးနွေးရသည်။ ဆွေးနွေးသည်ဆိုရာဝယ် မျက်နှာချင်းဆိုင်ဆွေးနွေးခြင်းမဟုတ်ဘဲ အီးမေးလ်မှ အပြန်အလှန်စာပို့ခြင်းဖြင့်သာ ဆွေးရသည်။ ရံဖန်ရံခါ ဖုန်းဖြင့်ပြောရသည်များလည်းရှိသည်။ ရက်သတ္တတစ်ပတ်လောက် ဆွေးနွေးပြီးသည့်အခါ အဆင်ပြေသွားသည်။ ဆွေးနွေးညှိနှိုင်း၍အဆုံးတွင် ဤသို့အတည်ပြုခဲ့သည်။ ၁။ စနေ တနင်္ဂနွေ နှစ်ရက်တွင်သာ သင်တန်းကဖြစ်မည်။ ( ၂ ) ရထားခ ဟိုတယ်ခ စသည်အားလုံးသူတို့တာဝန်ယူစီစဉ်မည်။ ( မိမိနေသော မြို့ နှင့် သင်တန်းဖြစ်မည့်မြို့ သည် ကီလိုမီတာ ( ၄၀၀ ) လောက်ဝေးသောကြောင့်ဖြစ်သည်။ ) ( ၃ ) တစ်ရက်လျှင် သုံးကြိမ်သင်ကြားမည်။ နံနက်ပိုင်း တစ်ကြိမ်မှာ Buddhism ဘာသာရပ်ဖြစ်ပြီး နေ့လည်ပိုင်း နှစ်ကြိမ်မှာ အဘိဓမ္မာဘာသာရပ်ဖြစ်သည်။ ( ၄ ) သင်တန်းသား ဦးရေးမှာ (၂၀ ) မှ ( ၃၀ ) ထိရှိနိုင်မည်။ ( ၅ ) မိမိစိတ်တိုင်းကျ နည်းစနစ်အတိုင်းသင်ကြားနိုင်သည်၊ သို့သော် ဥရောပထုံးစံအရ မေးခွန်းများလွတ်လပ်စွာမေးမည်။ ( ၆ ) စက်တင်ဘာလ ( ၂၀ ) ရက်နေ့တွင် သင်တန်းစမည်။ ( ၇ ) စနေ တနင်္ဂနွေတိုင်း ဆက်တိုက်မဟုတ်ဘဲ ရပ်နားသည့်အခါများ ရှိမည်။
အထက်ပါ အချက်များကိုသဘောတူ အတည်ပြုပြီးနောက် ပြင်ဆင်ရတော့သည်။ ပြင်ဆင်ရသည်ဆိုသော်လည်း စာအုပ်ကအလွယ်တကူမရှိ၍ ဟိုရှာသည်ရှာ ရှာခဲ့ရသည်။ သို့သော် အိန္ဒိယနှင့် သီရိလင်္ကာမှသူငယ်များ၏ ( ဦးသုစိတ္တ၊ ဦးတိက္ခ ) သာသနာစိတ်အရင်းခံနှင့်ကူညီမှုကြောင့် ငွေကြေးမကုန်ကျဘဲ စာအုပ်များရရှိခဲ့သည်။ ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ ရွှေပြည်မှ ပါလာသောသက်ဆိုင်ရာစာအုပ်များလည်း ရှိထားသည်မို့ လေ့လာစရာ စာအုပ်ရော အချိန်ပါလုံလောက် ပြည့်စုံသွားခဲ့သည်။ ရွှေပြည်တွင် စာချခဲ့စဉ်က ဘာသာရပ်အပေါ်တွင်လဲ ရင်မခုန်ခဲ့၊ တပည့်များအပေါ်လည်း မတုန်လှုပ်ခဲ့၊ စာမေးပွဲအတွက် အံဝင်ဘို့နှင့် တပည့်များ နည်းလည်စေရန်သာ အလေးပေး၍သင်ကြားခဲ့သည်။များသောအားဖြင့် စာမေးပွဲမေးခွန်းပုံစံနှင့်ကိုက်ညီအောင် ဘောင်ဝင်အောင်အလေးပေးခဲ့သည်သာများသည်။ ထို့ကြောင့် စာသင်သားများ၏ အသိသည်စာမေးပွဲအဝန်းအဝိုင်းတွင် ရှိနေခဲ့သည်သာ များသည်ကိုနောက်ပိုင်းမှသတိပြုမိလာသည်။ အမှန်စင်စစ် ရွှေပြည်မှ စာမေးပွဲစနစ်သည် သီးခြားဆန်လွန်းနေသည်ဟုထင်သည်။ အမှတ်ရရေးကိုသာ ဦးစားပေးလွန်းပြီး တတ်မြောက်ရေးနှင့်စာရိတ္တရေးကို မှေးမှိန်စေသည်ဟု ယူဆမိသည်။ ထို့ပြင် ပညာကိုတန်ဘိုးထားတတ်၊ ချစ်မြတ်နိုးတတ်သောလူမှုအဖွဲ့အစည်းကြီးဖြစ်အောင်၊ အလွှာအသီးသီးမှလူအသီးသီးတို့ အချင်းချင်းသဟဇာတ အညမညဖြစ်အောင် သင်ကြားပေးရမည့်အစား ဂုဏ်တုဂုဏ်ပြိုင်သင်ကြားရေးနှင့်စိတ်ဓာတ်စွမ်းရည် အလွဲအသုံးပြုရေးတို့ဆီသို့ တွန်းပို့ပေးသကဲ့သို့ဖြစ်နေသည်ဟု မြင်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့  Central University of Tibetan Studies တွင် ယာယီ lecturer လုပ်ခဲ့စဉ်က ပြင်ဆင်ချိန်သိပ်မရသော်လည်း ဘာသာရပ်အပေါ် သတိထားသင်ကြားရခြင်းမှလွဲ၍ စိုးရိမ်မှုကင်းခဲ့သည်။ မိတ်ဆွေရဟန်းတော်များအား အင်္ဂလိပ်စာသင်ပေးခဲ့စဉ်ကလည်း ပေါ့ပါ့ပါးပါးပင် ခံစားခဲ့ရသည်။ ယခုအကြိမ်တွင်တော့ သတိကြီးစွာထား၍ လေးလေးစားစားလုပ်မှဖြစ်မည်ဟု စိတ်ထဲတွင်အလိုလိုမှတ်ချက်ပြုမိနေသည်။ စိတ်ထဲတွင်လည်း အနည်းငယ်လေးနေမိသလို ခံစားရသည်။ မည်သို့ဆိုစေ ပြင်ဆင်သင့်သည်တို့ကို စေ့စေ့ငုငု လေးလေးစားစား ( ရံဖန်ရံခါ စိတ်အတက်အကျကြောင့် မလုပ်ဖြစ်သည်မှလွဲ၍ ) ပြင်ဆင်ဖြစ်ခဲ့သည်။ မြန်မာ ဒကာ ဒကာမများကလည်း ဆွမ်းကွမ်းစသောဝေယျာဝစ္စများကို မခက်ခဲရလေအောင် စီမံဆောင်ရွက်ရင်း ကုသိုလ်ယူကြသည်။ သို့နှင့်သင်တန်းစတင်ရမည့် ( ၂၀. ၀၉. ၂၀၁၄ ) ရက် ရောက်ရှိလာခဲ့သည်။ နံနက်စောစော ( ၄ ) နာရီထ၍ ဘူတာရုံသို့အသွားတွင် မိမိကိုလိုက်ပို့ပေးသော ( မိမိအား နေ့စဉ် ဝေယျာဝစ္စများပြုစုလုပ်ကျွေးရင်း ကုသိုလ်ယူနေသူ မြန်မာစာကျောင်းဆရာ ) ကိုမြတ်သစ်မှာ ထိုင်ခုံနံပါတ်ရှာမရဖြစ်နေသော မိမိကို ရထားပေါ်အထိလိုက်ပို့ရင်း ရထားမှ အော်တိုတံခါးပိတ်သွားသဖြင့် ပြန်ဆင်း၍မရတော့ဘဲ လိုက်ခဲ့ရတော့သည်။ ရထားထွက်၍ မကြာမီပင် လက်မှတ်စစ်ကလာလေပြီ။ ဒကာကိုမြတ်သစ်မှ အကျိုးအကြောင်းကိုရှင်းပြသည့်အခါ ဘေးနားမှပါလာသော ခရီးသည်အဖွားကြီးက သူသည် ( ကိုမြတ်သစ် ) ဆင်းရန်ကြိုးစားသော်လည်း တံခါးပိတ်သွားသောကြောင့် ယခုလိုလိုက်ပါရခြင်းဖြစ်ကြောင်း ထောက်ခံပေးသဖြင့် ဒဏ်ရိုက်မခံရတော့ဘဲ လက်မှတ်စစ်မှ ရှေ့ဘူတာတွင်ဆင်း၍ ရထားပြန်စီးသွားနိုင်ကြောင်းနှင့် ရထားအချိန်စာရင်းစာရွက်ပါ ပရင့်ထုတ်ပေးလိုက်သည်။ ခရီးသည်အချင်းချင်းကူညီရိုင်းပင်းမှုနှင့်ဝန်ထမ်းတို့၏ တာဝန်ဟူသောအကြောင်းပြချက်ဖြင့် မဆင်မခြင်မလုပ်ဘဲ စာနာမှုအပြည့်ဖြင့် ပြည်သူ့တာဝန်ထမ်းဆောင်နေကြသည်ကို တွေ့ကြုံရသည်။ ရွှေပြည်နှင့်ကွာခြားလှလေစွ။

သို့နှင့် နံနက် ၉ နာရီ ၄၈ မိနစ်တွင် ဟယ်ဆင်ကီသို့ရောက်ရှိခဲ့သည်။ ဟယ်ဆက်ကီဘူတာကြီးတွင် လာကြိုသူ Mrs Laura Porceddu နှင့်လွဲချော်ပြီး အနည်းငယ်စောင့်ရသည်မှလွဲ၍ အခက်ခဲတစ်စုံတရာမရှိဘဲ သင်တန်းဌာနသို့ရောက်ရှိခဲ့သည်။ အားလုံးမှ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြသည်။ ခရီးရောက်မဆိုက်ပင် Buddhism ဖြင့်သင်တန်းကိုစတင်ခဲ့သည်။ ဓမ္မစကြာသုတ်မှ ကာမသုခလ္လိံကာ နုယောဂ အစွန်း ( Indulgence in sensual pleasure ) နှင့် အတ္ထကိလမထအစွန်း ( Addiction to self-mortification ) တို့ကိုအခြေခံ၍ အစွန်းရောက်လမ်းစဉ်၏ ဆိုးကျိုးဟူသည် သံသရာထွက်မြောက်ရေးလမ်းစဉ်ကို ကျင့်သူများအတွက်သာမက နိုင်ငံရေး လူမှုရေး မိသားစုရေး ဘာသာရေး စသည့်အရေးအရာအားလုံးတို့တွင်ပါ ဆိုးကျိုးသက်ရောက်ကြောင်းနှင့် ယနေ့နိုင်ငံတကာတွင်ဖြစ်ပျက်နေသော ပြဿနာအားလုံးသည် တနည်းနည်းဖြင့် အနဲနှင့်အများ အစွန်းတရားများပါဝင်နေမှုကြောင့်ဖြစ်ကြောင်း၊ အစွန်းတရားမှန်သမျှသည် ပြဿနာ၏ရင်းမြစ်ဖြစ်ကြောင်းတို့ကို ဆီးရီးယားပြဿနာမှစ၍ ကမ္ဘာ့စစ်ပွဲများဖြစ်ရခြင်းနှင့်မိသားစုပြဿနာများဖြစ်ရခြင်းအထိ ခြုံငုံရှင်းပြလိုက်သည်။ အားလုံးကနှစ်ခြိုက်သဘောကျကြသည်။ နံနက်ခင်း တစ်နာရီကျော်ကျော်မျှ သင်ကြားပြီးနောက် ( ၁၁ ) နာရီခွဲပြီဖြစ်သဖြင့် အနီးအနားရှိစားသောက်ဆိုင်သို့ပင့်ကာ ဆွမ်းကပ်ကြသည်။ ( ဆက်လက်ဖေါ်ပြပါမည် )

ဒိုင်ယာရီအပိုင်းအစလေးများ ( ၈ ) အဘိဓမ္မာသန္ဓေတည်တဲ့ ဖင်လန်ပြည်

ယခုတစ်ခေါက် ( ၂၀၁၄ ) ခုနှစ် ဇူလိုင်လတွင် ဖန်လန်နိုင်ငံသို့ တတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာသောအခါ အဘိဓမ္မာသင်တန်းပြဘို့ရန် အခါအခွင့်ဆိုက်လာခဲ့လေသည်။ ဤအခါအခွင့်သည် ယခုလေးတင်မှ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ ယခင်နှစ်များကတည်းက ကလလရေကြည်အဖြစ်ဖြစ်ဖြင့် စတင်တည်ခဲ့သော ပဋိသန္ဓေသားကောင်လေး မွေးဖွားလာခြင်းဖြစ်သည်။ ယခင် (၂၀၁၁ နှင့် ၂၀၁၂ ) ခုနှစ်ကာလ ဟယ်ဆင်ကီမြို့ တော်တွင် သီတင်းသုံးစဉ်ဝယ် Finn Buddhists Union နှင့် Bodhidhamma Association of Finland မှ ခေါင်းဆောင် ဘုန်းကြီးတစ်ပါး ( သူ၏ဘွဲ့အမည်မှာ မဟာပညောဖြစ်ပြီး ဖင်းလူမျိုးဖြစ်သည်၊ သူသည် အီတလီနိုင်ငံတွင် အမြဲသီတင်းသုံးသူဖြစ်သည် ) နှင့်လူအချို့ နှင့် မိမိကျောင်းသို့ လာရောက်ခိုက် စကားလက်ဆုံပြောဖြစ်ခဲ့သည်။ ဖင်းလူမျိုးတို့၏ ဘာသာရေးအပေါ် ရှုမြင်နားလည်မှုနှင့်အခြားစပ်မိစပ်ရာ ထွေရာလေးပါးပြောဖြစ်ကြရင်း မိမိက ဤသို့အကြံပေးစကား ပြောခဲ့ဖူးသည်။
“ မင်းတို့ ခုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာကြခြင်းဟာ ဝိပဿနာတရားရဲ့ အေးချမ်းမှု၊ တဒင်္ဂပင်ပန်းနွမ်းနယ်ခြင်းမှလွတ်မြောက်မှု အရသာနှင့်တန်ဘိုးကို နာလည်ကြသောကြောင့်ဖြစ်တယ်။ တကယ်တော့ မင်းတို့မှာ ဒီတရားတော်တွေ ရေရှည်တည်တန့်ရေးအတွက် ထိန်းသိမ်းဘို့စဉ်းစားထားချက်မရှိသေးဘူးလို့ ငါထင်တယ်။ အထူးသဖြင့် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းဘို့ရည်ရွယ်ချက်မရှိသေးကြောင်း မင်းတို့စကားများအရ ငါကောက်ချက်ချမိတယ် ” ဟု တည့်တည့်ပင်ပြော၍ “ ငါ့ထင်မြင်ချက်ကို မင်းတို့ဘယ်လိုမြင်သလဲ ” ဟု မေးကြည့်ရာ သူတို့အားလုံးက မိမိ၏ထင်မြင်ချက်မှန်ကန်ကြောင်း လက်ခံကြသည်။ မိမိကကပင် တဖန်ဆက်၍ “ မင်းတို့နိုင်ငံမှာ အေးချမ်းလိုသူတိုင်း တရားတော်ရဲ့အရသာကို သုံးဆောင်ခံစားနိုင်ဘို့ ဗုဒ္ဓဘာသာ ပညာရေးလိုအပ်တယ်၊ ငါတို့နိုင်ငံမှာတော့ ပါဠိဘာသာနဲ့ဝါဒရေးသဘောတရားများကို ပူးတွဲသင်ကြားကြရတယ်၊ တို့နိုင်ငံမှာ ဒီတရားတော်တွေ ပညာရပ်တွေကို ထိန်းသိမ်းတဲ့ သံဃာတော်တွေလဲ အများကြီးရှိသလို ပြည်သူတွေအားလုံးကလဲ ထောက်ပံ့ကြတယ်၊ ဒါကြောင့် ဒီကနေ့အထိ ခိုင်မာစွာ တည်တံ့နေဆဲဖြစ်တယ်၊ မင်းတို့နိုင်ငံမှာတော့ ပါဠိဘာသာကို မသင်သေးဘဲ အဘိဓမ္မာကိုပထမသင်သင့်တယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုရဲ့ ပွင့်လင်းပြီးဖြစ်နေတဲ့ လူငယ်များရဲ့ မျက်စိနဲ့နားထဲကို နက်ရှိုင်းလွတ်လပ်ပွင့်လင်းစွာဖွင့်ချပေးထားတဲ့အဘိဓမ္မာပညာရပ်တွေ ထည့်သွင်းပေးသင့်တယ် ” ဟု ပြောပြလိုက်သောအခါ “ လူငယ်များမှမဟုတ်ပါဘူး၊ ငါတို့လဲ အဘိဓမ္မာဆိုတဲ့နာမည်ကိုသာ ကြားဖူးတာပါ၊ မသိကြ နားမလည်ကြပါဘူး ” ရိုးသားစွာ ဝန်ခံတုန့်ပြန်ကြသည်။
အလျဉ်းသင့်လျှင် အဘိဓမ္မာကို လေ့လာလိုကြောင်း၊ စိတ်ဝင်စားကြောင်း သူတို့ပြောပြကြသည်။ သို့နှင့် ထိုစဉ်အချိန်ကာလများတွင် မိမိကလည်း Doctorate အတွက် ကျမ်းပြုစုနေရသဖြင့် သင်ကြားရေးလုပ်ငန်းများ အကောင်အထည်ဖေါ်ဖြစ်အောင် အနဲငယ်လေးမျှစွမ်းဆောင်မပေးနိုင်ခဲ့ချေ။ ( ၂၀၁၃ ) ခုနှစ် ဇူလိုင်လတွင် မိမိ၏ ရည်မှန်းထားသော ပညာရေးပြီးဆုံးပြီဖြစ်သဖြင့် ဖင်လန်နိုင်ငံသို့ ဒုတိယအကြိမ်ပြည်လည်ရောက်ရှိခဲ့သည်။ ဤအကြိမ်တွင် အခြေအနေနှင့်အဖြစ်အပျက်တို့၏ ပြောင်းလဲမှုအရ ဟယ်ဆင်ကီမြို့ တွင် သီတင်းမသုံးဖြစ်တော့ဘဲ ဖင်လန်နိုင်ငံ၏ အလယ်ပိုင်း မြို့ တစ်မြို့ ဖြစ်သည့် ကူအိုပီအို ( Kuopio ) မြို့ သို့ ပြောင်းရွှေ့ ၍ သီတင်းသုံးဖြစ်ခဲ့သည်။ သို့သော် အထက်ပါ ဖင်းဗုဒ္ဓဘာသာအဖွဲ့အစည်းများနှင့်အဆက်အသွယ်မရှိတော့ဘဲ အချို့ သော အဖွဲ့ဝင် နှစ်ဦး သုံးဦးတို့လောက်နှင့်သာ မာကြောင်းသာကြောင်း ဖုန်းနှင့်စကားပြောဖြစ်ခဲ့သည်။ သို့သော် သူတို့၏ အဘိဓမ္မာကို သင်ယူလို လေ့လာလိုသော ဆန္ဒမျိုးစေ့ကား ခိုင်မာစွာတည်ရှိနေခဲ့သည်။ မိမိသည်လည်း ဖင်လန်နိုင်ငံတွင် သာသနာရေးဆောင်ရွက်ချက်များ အတန်အသင့်ဆောင်ရွက်ပြီးစီးသွားသောကြောင့် အမိမြန်မာပြည်တွင်လည်း သာသနာရေးနှင့်ပညာရေးမြှင့်တင်မှုများ မိမိတတ်စွမ်းနိုင်သလောက် စပါးတစ်စေ့ နှမ်းတစ်စေ့အဖြစ်မျှ အထောက်အပံ့လေးဖြစ်ဖြစ် ဆောင်ရွက်ရန် ( ၂၀၁၃ ) ဒီဇင်ဘာလတွင် အမိမြန်မာပြည်သို့ ပြန်သွားခဲ့သည်။ မိမိမြန်မာပြည်တွင် ရှိနေစဉ်အတွင်း ဖင်းလူမျိုးများက အဘိဓမ္မာကိုသင်ယူလိုကြောင်းနှင့် သင်တန်းပြပေးနိုင် မပေးနိုင်ကို သိလိုပါကြောင်း ဒေါ်မေကြီးမြင့်မှတဆင့် မိမိထံသို့ အီးမေးလ်ဖြင့်ဆက်သွယ်လာခဲ့သည်။ မိမိက ဖင်လန်နိုင်ငံသို့ ပြန်ရောက်မှသာ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်းအကြောင်းပြန်ထားခဲ့သည်။

တဖန် ယခုအခေါက် (၂၀၁၄ ) ခုနှစ် ဇူလိုင်လတွင် ဖင်လန်နိုင်ငံသို့ တတိယအကြိမ်ပြန်လည်ရောက်ရှိလာသည့်အခါတွင်ကား ဖင်းလူမျိုးတို့၏ နှလုံးသားအတွင်းသန္တာန်ဝယ် ကြာရှည်စွာဖြစ်တည်လာခဲ့သော အဘိဓမ္မာပဋိသန္ဓေကား ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေခဲ့ပေပြီ။ ထို ကိုယ်ဝန်ကို သားဖွားပေးသင့်လှသည်။ မွေးဖွားလာမည့် ထိုသားလေးသည် ချောမောလှပနေမည်မှာ သေချာသည်၊ တစ်ဦးချင်းစီအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ ကောင်းကျိုးပြုနိုင်သော သားကောင်းရတနာလေးဖြစ်မည်မှာလည်း အမှန်ပင်၊ ယခင်က မိမိကိုယ်တိုင် သန္ဓေမျိုးစေ့ ချပေးခဲ့သည်။ သူတို့က ကျေနပ်ကြည်ဖြူစွာ ကိုယ်ဝန်ဆောင်ခဲ့ကြသည်။ ယခု ကိုယ်ဝန်က ရင့်နေပြီ၊ သားဖွားစားရိတ်လည်းသူတို့ တာဝန်ခံမည် တဲ့၊ မိမိတာဝန်ကား မွေးဖွာပေးရန်သာဖြစ်သည်။ မွေးဖွားပေးရပေတော့မည်။ တာဝန်ယူမွေးဖွားပေးမည်ဟု ကတိပေးလိုက်သည်။ ( ဆက်ရန် )

***ဓမ္မမိတ်ဆွေများ၏အမှာစကား***