Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, June 17, 2012

ဗုဒ္ဓဓမ္မနှင့် လူ့အခွင့်အရေး (၈) သီလကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သို့မဟုတ် ပိဋကတ်သုံးပုံ သို့မဟုတ် နိကာယ်ငါးရပ်ကို အကျဉ်းချုပ်လိုက်သောအခါ ၁။ သီလ၊ ၂။ သမာဓိ၊ ၃။ ပညာ ဟူ၍ အနှစ်သုံးပါးသာရလေ၏။ ဤအနှစ် သုံးပါးကိုကျင့်သုံးသူတို့၏ အတိုင်းအတာအလျောက် လူ့တန်ဘိုးသည်လည်း ကွာခြား၏။ အဆင့်အတန်းလည်းကွဲပြားသွားလေ၏။ သီလ နဲနဲရှိက လူ့တန်ဘိုးနဲနဲရှိ၏။ အဆင့်နဲနဲမြင့်၏။ နဲနဲ လေးစားထိုက်၏။ လူမှုလောကအတွက် နဲနဲအားကိုးလောက်၏။ သီလများများရှိက လူ့တန်ဘိုး များများရှိ၏။ မြင့်၏။ မြတ်၏။ ပို၍လေးစားထိုက်၏။ လူမှုလောကအတွက် ပို၍များများ အားကိုးလောက်၏။ ကိုယ်ကျင့်သီလလုံးဝမရှိပါက တန်ဘိုးမဲ့၏။ မလေးစားထိုက်။ လောကအတွက် အားမကိုးလောက်။ အမှန်စင်စစ် ကိုယ်ကျင့်သီလ ကင်းမဲ့သူသည် လောကအတွက် အန္တရာယ်များ၏။ ထိုသီလကင်းမဲ့သူအဖို့ လူ့အခွင့်အရေးကိုလည်း အချိန်မရွေးချိုးဖောက်နိုင်သလို ဥပဒေရေးရာ လူမှုရေးရာ စသော အရေးအရာတို့တွင်လည်း ချိုးဖောက်နိုင်သော အလားအလာသည် အမြဲတစေ ကိန်းဝပ်နေလေ၏။ အခွင့်သာလျှင် သာသလို ချိုးဖောက်လေတော့၏။ ဘာအတွက်ကိုမျှ မယုံကြည်ရတော့။ အားမကိုးထိုက်တော့ပေ။ ထို့ကြောင့် လူတစ်ယောက်၏ တန်ဘိုးနှင့် လူသားအရင်းအမြစ်ကိုအကဲဖြတ်ရာတွင် ကိုယ်ကျင့်သီလသည် မဖြစ်မနေပါဝင်သတ်မှတ်ရမည့် စံတစ်ခုပင်ဖြစ်၏။ ထို့ကြောင့်ပင် ကိုယ်ကျင့်သီလကောင်းသော ခေါင်းဆောင်များသည် သမိုင်းတွင် အမြဲတန်းလှပခိုင်မာစွာနေရာယူထားလေ့ရှိသည်ကိုတွေ့ရမည်ဖြစ်၏။
   
            ထို့အတူ သမာဓိ၏ အတိုင်းအတာအလျောက် လူ့အဆင့်အတန်းနှင့် တန်ဘိုးသည်လည်းကွာခြားပါ၏။ ပညာ မြင့်လျှင်မြင့်သလောက် နိမ့်လျှင်လည်းနိမ့်သည့်အလျောက် တန်ဘိုးနှင့် အဆင့်အတန်းကွာခြားလေတော့၏။ ဤနေရာ၌ ပညာဟူသည် တက္ကသိုလ်တစ်ခုခုမှ ပေးအပ်လိုက်သည့် ဘီအေ အမ်အေ ပါရဂူဘွဲ့စသော ပညာကိုမဆိုလိုပါ။ သီလနှင့် သမာဓိကို အခြေခံ၍ ထိုးထွင်းသိမြင်လာသော ယထာဘူတဥာဏ်ပညာကိုသာဆိုလိုပါ၏။ လောကတက္ကသိုလ်များမှ စစ်မှန်ထိုက်တန်စွာ ရရှိလာသော ပညာရေးဘွဲ့သော်မှ လူမှုလောကအတွက် အသုံးတည့်လျှင် လိုအပ်လျှင် တန်ဘိုးရှိသည်ဆိုလျှင် သီလနှင့်သမာဓိကို အခြေခံ၍ ထိုးထွင်းသိမြင်လာသော ယထာဘူတဥာဏ်ပညာသည် ကမ္ဘာလောကအတွက် အဘယ်မှာလျှင်အသုံးမတည့်ဘဲ ရှိမည်နည်း။ ကမ္ဘာလောကအတွက် အဘယ်မှာလျှင် တန်ဘိုးမကြီးဘဲရှိမည်နည်း။ ပို၍ပင်အသုံးတည့်ကြောင်း ပို၍ပင်လိုအပ်ကြောင်း  တန်ဘိုးအကြီးဆုံးဖြစ်ကြောင်း အမြင့်မြတ်ဆုံးဖြစ်ကြောင်း အထူးပြောဖွယ်ပင်မလိုတော့ချေ။ ဤနေရာ၌ မိမိသည် ငါးပါးသီလမျှလောက်ကိုသာ ထင်သာမြင်သာအောင် ချဉ်းကပ်ပါမည်။ ရှစ်ပါးသီလ ဆယ်ပါးသီလစသော မြင့်မားသည့် သီလများကို မချဉ်းကပ်လိုပါ။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ်အားလုံးသည် ထိုရှစ်ပါးသီလနှင့် ဆယ်ပါးသီလတို့လောက်အထိ မမြင့်မားသောကြောင့်ပင်တည်း။ ထို့ပြင် သမာဓိနှင့် ပညာတို့ဖြင့်လည်း ဤနေရာ၌ မချဉ်းကပ်ပါ။ အကြောင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ်အားလုံး၏ အဓိပ္ပါယ်သည် ဗုဒ္ဓဓမ္မတွင်လာရှိသည့် သမာဓိနှင့်ပညာတရားတို့၏ အဓိပ္ပါယ်ကို မမီနိုင်သောကြောင့်ပင်ဖြစ်ပါ၏။

            သို့ဆိုလျှင် သီလ၏ အဓိပ္ပါယ်သည် ဘာဖြစ်သနည်း။ သီလ ဟူသည် ကိုယ်နှင့်နှုတ်ကို စောင့်စည်း ထိန်းသိမ်းခြင်းပင်တည်း။ မိမိရော သူတပါး နှစ်ဦးသားတို့ကို ထိခိုက်စေမည့် ကိုယ်ခန္ဓာဖြင့်ပြုလုပ်ရသည့် မကောင်းသော ကာယကံလုပ်ရပ်များနှင့် နှုတ်ဖြင့်ပြောဆိုရသည့် မကောင်းသော ဝစီကံလုပ်ရပ်များမှ မလုပ်ဖြစ် မပြောဖြစ်အောင် စောင့်စည်းခြင်း ထိန်းသိမ်းခြင်းတို့သည် သီလဖြစ်၏။ တနည်းဆိုသော် ကိုယ်ဖြင့်ကောင်းအောင်ကျင့်ရသည့် ကိုယ်ကျင့်တရားနှင့် နှုတ်ဖြင့်ကောင်းအောင် ကျင့်ရသည့် နှုတ်ကျင့်တရားတို့သည် သီလပင်ဖြစ်၏။ ဗုဒ္ဓဓမ္မတွင်လာရှိသည့် သီလများစွာတို့တွင် ငါးပါးသီလသည် လူသားတို့မဖြစ်မနေကျင့်ဆောင်သင့်သည့် လူသား၏မူလဘူတ ကိုယ်ကျင့်နှင့်နှုတ်ကျင့်များဖြစ်၏။ တစ်ဖန် ထိုငါးပါးသီလကို ထပ်မံ၍ ချုပ်ကြည့်လိုက်သောအခါ
၁။ သမ္မာဝါစာ= Right speech or perfect speech
၂။ သမ္မာကမ္မန္တ= Right action or perfect action
၃။ သမ္မာအာဇီဝ= Right livelihood or perfect livelihood ဟူ၍ သုံးမျိုးသာဖြစ်၏။  ထိုတွင် ပါဏာတိပါတ သိက္ခာပုဒ် (Abstaining from killing)၊ အဒိန္နာဒါန သိက္ခာပုဒ် (Abstaining from stealing)နှင့် ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ် (Abstaining from illegitimate sexual conduct) သုံးပုဒ်တို့သည် သမ္မာကမ္မန္တဟူသည့် ကိုယ်ဖြင့် ကောင်းမွန်ပြည့်စုံအောင်ကျင့်ခြင်း လိုက်နာစောင့်ထိန်းခြင်း စာရင်းတွင်ပါဝင်၏။ ထို့ကြောင့် သမ္မာကမ္မန္တဟူသည့် သီလမဂ္ဂင်တစ်ပါးလောက်ကိုမျှ ကျင့်သုံးလျှင်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးသည် အတော်အတန်ပြည့်စုံသလောက်ဖြစ်နေပေပြီ။ အဘယ့်ကြောင့်နည်း။ ယနေ့ကမ္ဘာတွင် ဖြစ်ပွါးနေသည့် လူ့အခွင့်အရေးပြဿနာသည် အဓိကအားဖြင့် ဤကာယကံကိုယ်ကျင့်တရားကင်းမဲ့မှု၊ သမ္မာကမ္မန္တ မဖြစ်မှုတို့ကြောင့်သာ အဖြစ်များသောကြောင့်ပင်တည်း။  ကမ္ဘာ့လူသားများ ဤသမ္မာကမ္မန္တ သီလမဂ္ဂင် တစ်ပါးမျှကိုကျင့်လျှင် တိုက်ရိုက်အားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၃၊ အပိုဒ် ၅၊ အပိုဒ် ၆၊ အပိုဒ် ၇၊ အပိုဒ် ၉၊ အပိုဒ် ၁၂၊ တို့ကို ကျင့်သုံးလိုက်နာပြီးသားဖြစ်တော့၏။ အခြားကျန်သော အပိုဒ်များကိုလည်း သွယ်ဝိုက်၍ လိုက်နာပြီးသားပင်ဖြစ်တော့၏။

        ထို့ပြင် သမ္မာဝါစာ= Right speech or perfect speech ဟူသည် (က) မှန်ကန်သောပြောဆိုမှု = Speaking Truth၊ (ခ) အချင်းချင်း ညီညွတ်မှုကိုဖြစ်စေသော စကားကိုပြောဆိုမှု = Words of unity which don't bring hatred and enmity among individuals၊ (ဂ) ယဉ်ကျေးသိမ်မွေ့သော စကားကိုပြောဆိုမှု = Pleasant and gentle words၊ (ဃ) အဓိပ္ပါယ်ပြည့်ဝပြီး အသုံးတည့်သော စကားကိုပြောဆိုမှု = Meaningful and useful talk တို့ဖြစ်၏။ ဤသမ္မာဝါစာ သီလမဂ္ဂင်ကို ကျင့်လျှင် စောင့်ထိန်းလျှင် တရားရုံးများတွင်မတရားအမှုဆင်ရင်ဆိုင်မှုများ ဥပဒေရေးရာမတရားမှုကိစ္စများ အထွေထွေမတရားသော လိမ်လည်ကောက်ကျစ်သော လူမှုကိစ္စများ အဂတိလိုက်စားခြင်းများနှင့် အကျင့်ပျက်ခြစားမှုများ လုံးဝကင်းဝေးသွားမည်မှာ အမှန်ပင်ဖြစ်၏။ ထို့ပြင် ဤသမ္မာဝါစာ သီလမဂ္ဂင်ကိုကျင့်သုံးလျှင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၁၀ နှင့် အပိုဒ် ၁၁ ကိုတိုက်ရိုက်အားဖြင့်လိုက်နာပြီးဖြစ်သလို ကျန်သော အပိုဒ်အားလုံးကိုလည်း သွယ်ဝိုက်၍ လိုက်နာပြီးဖြစ်လေတော့၏။

        တဖန် သမ္မာအာဇီဝ = Right livelihood or perfect livelihood ဟူသည် မိမိနှင့်သူတပါး နှစ်ဦးနှစ်ဖက်စလုံးအတွက် မထိခိုက်မနစ်နာစေနိုင်သော တရားမျှတ မှန်ကန်သော အလုပ်အကိုင်များဖြင့် ဘဝကိုတည်ဆောက်ရမည်၊ နေထိုင်ရှင်သန် ကျင့်သုံးရမည်ဟု ဆိုလို၏။ ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်သုံးသော လူတစ်ယောက်သည် အဓိကအားဖြင့် အောက်ပါ လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းမှု မပြုသင့်ပေ။ (က) သတ္ထဝါဏိဇ္ဇ၊ လက်နက်ကူးသန်းရောင်းဝယ်မှု = Trading in arms ၊ (ခ) သတ္တဝါဏိဇ္ဇ၊ လူကုန်ကူးသန်းရောင်းဝယ်မှုအပါအဝင် သက်ရှိသတ္တဝါများကို ကူးသန်းရောင်းဝယ်မှု = Trading in living beings ၊ (ဂ) မဇ္ဇဝါဏိဇ္ဇ၊ အရက်သေစာနှင့် မူးယဇ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု = Trading in alcoholic drinks and drugs ၊ (ဃ) မံသဝါဏိဇ္ဇ၊ အသားစားသတ္တဝါများ မွေးမြူခြင်း ကူးသန်းရောင်းဝယ်ခြင်း = Trading in slaughtering ၊ (င) ဝိသဝါဏိဇ္ဇ၊ သတ္တဝါအများသေကြေပျက်ဆီးစေနိုင်သော အဆိပ်များကူးသန်းရောင်းဝယ်မှု = Trading in poison တို့ဖြစ်၏။ အထက်ပါ အချက်ငါးချက်ကိုရှောင်ကြဉ်သည့် သမ္မာအာဇီဝ သီလမဂ္ဂင်ကိုလိုက်နာကျင့်သုံးလျှင်လည်း ဤကမ္ဘာတွင် လူ့အခွင့်အရေးပြဿနာများနှင့် အခြားဖြစ်ပေါ်လာနိုင်သော လူမှုပြဿနာများမှကင်းဝေးကာ ငြိမ်းအေးမည်မှာ မုချဆတ်ဆတ်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဤသို့ပြောနိုင်သနည်း။ အကြောင်းကား ယနေ့ကမ္ဘာတွင်ဖြစ်ပျက်နေသော အခြေအနေနှင့်ဖြစ်ရပ်အားလုံးသည် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော သီလကိုသာ အခြေခံနေသောကြောင့်ပင်တည်း။ ဤသမ္မာအာဇီဝ သီလမဂ္ဂင်ကိုကျင့်သုံးလျှင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် ၄ ကို တိုက်ရိုက်ကျင့်သုံးရာရောက်ပြီးလျှင် ကြွင်းကျန်သော အပိုဒ်အားလုံးတို့ကို နွယ်၍ ကျင့်သုံးပြီးသားဖြစ်လေတော့၏။
     ဗုဒ္ဓဓမ္မရှုထောင့်အရ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးပြဿနာများပြေလည်ရေးအတွက် ဆုတောင်းနေရုံမျှဖြင့် လုံးဝမပြေလည်နိုင်ပါ။ ဆုတောင်းသောကြောင့်လည်း မည်သည့် တန်ခိုးရှင် မည်သည့်ဘုရားရှင်ကမှ ပြေလည်အောင် စွမ်းဆောင်ပေးမည်မဟုတ်ပါ။ အမှန်စင်စစ် လူသား၏ပြဿနာမှန်သမျှကို ပြေလည်ငြိမ်းချမ်းသွားစေရန် လူသားကသာ ဖြေရှင်းနိုင်မည်ဖြစ်ပါ၏။ ထိုသို့ပြေလည်အေးချမ်းရေးအတွက် လူသားများကိုယ်တိုင် အထက်ပါ သီလမဂ္ဂင်သုံးပါးကို ကျင့်သုံးဘို့လိုအပ်ပါ၏။ အထက်ပါ သီလမဂ္ဂင်သုံးပါးကိုသာ မကျင့်သုံးလျှင် စားပွဲဝိုင်းတွင် အကြိမ်ပေါင်းမည်မျှပင်ဆွေးနွေးအဖြေရှာရှာ လုံးဝပြေလည် အေးငြိမ်းသွားမည်မဟုတ်ပေ။    ယခုမိမိရှင်းပြခဲ့သည်တို့မှာ နားလည်လွယ်ရုံအကျဉ်းမျှသာဖြစ်ပါ၏။ ဤမျှရှင်းပြလိုက်လျှင် စာဖတ်သူသည် အပ်ကျ မတ်ကျ ချဲ့ထွင်၍ နားလည်နိုင်ပြီဖြစ်သောကြောင့် ဆင့်ပွါးအဓိပ္ပါယ်များကို မရှင်းပြတော့ပါ။                  
      ကမ္ဘာသူကမ္ဘာသားများ သီလမဂ္ဂင်များကို ကိုယ်စီကျင့်သုံးနိုင်ကြ၍ လူ့အခွင့်အရေးပြဿနာများ ပြေလည်အေးချမ်းကြပါစေဟု မေတ္တာပို့သလိုက်ပါ၏။ ( ဆက်လက်ဖေါ်ပြပါမည် )
    

***ဓမ္မမိတ်ဆွေများ၏အမှာစကား***