Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, January 22, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၁ ) ပညာပါရမီ

ပညာရည်အဆင့်အတန်းကို ပိဋကတ်စာပေများအဆိုအရ ဤသို့သုံးဆင့်ပိုင်းခြားသတ်မှတ်နိုင်၏။ ၁။ သညာသိအဆင့်၊ ၂။ ဝိညာဉ်သိအဆင့်နှင့် ၃။ ပညာသိအဆင့်ဟူ၍။ ဤအကြောင်းအရာများကို မိမိတို့ ကိုရင်ငယ် စာသင်သားဘဝတွင်သင်ကြားခဲ့ရ၏။ သို့သော် ယ္ခုကဲ့သို့ချဲ့ထွင်ကာ မခံစားတတ်၊ မမြင်တတ်၊ နားမလည်တတ်ခဲ့ချေ။ အထက်ပါ ပညာရည်အဆင့်သုံးဆင့်တွင် နံပါတ်တစ်ဖြစ်သည့် သညာသိအဆင့်ကိုဦးစွာပထမ တင်ပြလိုပါ၏။ သညာဟူသည် မှတ်သားခြင်းသဘောမျှပင်တည်း။ အရာရာကို သူမြင်သည့်အတိုင်း ကြားသည့်အတိုင်း သင်ပေးထားသည့်အတိုင်း မှတ်သားခြင်းဖြစ်၏။ မိမိတို့၏ ဆိုင်ရာပသာဒရုပ်များဖြင့် အာရုံငါးပါးကို ထိတွေ့ကာလက်လှမ်းမီသလောက် မှတ်သားရုံသက်သက်မျှ သိခြင်းသဘောသည် သညာသိဖြစ်၏။ လေးနက် ခိုင်ခံ့၍ အနှစ်အဆံပါသော အသိမဟုတ်ချေ။ မေ့ပျောက်တတ်သလို မေ့ပျောက်သွားပါကလည်း ဘာမျှမကျန်တော့သော အသိအဆင့်မျှသာဖြစ်၏။ ကိုယ်ပိုင်ဥာဏ်ကိုအားစိုက်၍ စူးစမ်းခြင်း ဝေဘန်သုံးသပ်ခြင်း ကြောင်းကျိုးယုတ္တိကိုဆင်ခြင်ဆွေးနွေးခြင်းတို့မပါဝင်ပေ။  အမှန်စင်စစ် လူသားအပါအဝင် သတ္တဝါတိုင်းသည် ထိုသညာသိအဆင့်မှစ၍ သင်ကြားခဲ့ကြရ၏။ နားလည်ခဲ့ကြရ၏။အနည်းငယ် ချဲ့ပါအံ့။ မိမိတို့ငယ်စဉ်ဘဝတွင် မိခင်ထံမှ ဦးစွာပထမသင်ယူကြရသည်မှာ သညာသိပညာရေးပင်ဖြစ်၏။ ဤအရာကို မျက်လုံးလို့ခေါ်တယ်သားရဲ့၊ ဤအရာကို နားရွက်လို့ခေါ်တယ်သားရဲ့၊ ဤအရောင်ကို အဖြူရောင်လို့ခေါ်တယ်၊ ဤသူကိုတော့ ဦးကြီး ဘကြီး ဒေါ်ကြီး ဒေါ်လေးလို့ခေါ်တယ် စသည်ဖြင့် မှတ်တတ်အောင် စတင်သင်ကြားပေး၏။ ဤအတိုင်းပင် မိမိတို့မှတ်သားခဲ့၏။ ဘာကြောင့်မျက်လုံးဟုခေါ်သည်၊ ဘာကြောင့်အဖြူရောင်ခေါ်သည်၊ ဘာကြောင့် ဦးကြီး ဦးလေးခေါ်သည် စသည်ဖြင့် ကြောင်းကျိုး ဝေဘန်စဉ်းစားသုံးသပ်ခြင်းများမပါဝင်ပေ။ သူ့အိုးနှင့်သူ့ဆန် တန်ရုံသာ ဟုဆိုသည့်အတိုင်း လူမမယ်ကလေးအရွယ်တွင် ဤသညာအဆင့်ပညာရေးသည် သင့်တော်၏။ လိုက်ဖက်၏။ ဤသညာအဆင့်ပညာရေးသည် မိဘ၏လက်ဦးသင်ကြားရေးမှသည် ကျောင်းသင်ပညာရေး မူလတန်းနှင့်အလယ်တန်းပြီးဆုံးသည်အထိ သင့်တော်၏ဟုဆိုကဆိုနိုင်မည်ထင်၏။ ( မူလတန်းကတည်းက သညာအဆင့်ထက်ကျော်လွန်နိုင်ပါကလည်း ပို၍ပင်ကောင်းပါ၏။ ) သို့သော် အထက်တန်းပညာရေးသို့ရောက်လျှင်ကား ဤသညာအဆင့်သင်ကြားမှုပညာရေးသည် မစပ်ဟပ်မိ၊ မဆီလျော်တော့ချေ။ အကြောင်းကား အထက်တန်းပညာရေးတွင် ကြောင်းကျိုးဝေဘန်မှုများ စဉ်းစားသုံးသပ်မှုများပါဝင်လာရမည်ဖြစ်သောကြောင့်ပင်တည်း။ ဤအကြောင်းအရာနှင့်စပ်၍ သင်ကြားနည်းလေးမျိုးကို တင်ပြလိုပါ၏။ ၁။ Notes: မှတ်စုပေး၍သင်ကြားနည်း၊ ( ဆရာတိုင်ပေး ခေါ်ပေးသည့်အတိုင်း တပည့်က လိုက်၍ ရေးရ မှတ်ရ ကျက်ရ၏။ ဤအတိုင်းမေးလျှင် ဤလိုဖြေ၊ သည်ပုံမေးလျှင် သည်လိုရေးဟုဆိုကာ အမေမှာသည့်ဆန်တစ်ခွဲ သုံးစိပ်နဲ့မလဲ ဆိုသည့်ပမာ မှာထားသည့်အတိုင်းသာ မူသေဆုပ်ကိုင်လျှက် ကိုယ်ပိုင်ဥာဏ်ထုတ်သုံးဘို့လဲမလို၊ စဉ်းစားသုံးသပ်ခြင်းလဲကင်းကာ ပြန်လည်ဆွေးနွေး
မေးမြန်းခွင့်လဲမရှိသော ရေးဖူးမှတ်ဖူးရုံသက်သက်မျှ သင်ကြားရေးဖြစ်၏။ ထိုရေးမှတ်ထားသည်ကိုသာ နှုတ်တက်အာဂုံအလွတ်ကျက်မှတ်ရ၏ ) ၂။ Lecture: ဟောပြောပို့ချသင်ကြားနည်း၊ ( ဆရာဟောပြောသည့်အတိုင်းနားထောင်၊ မှတ်သား၊ ဆရာပြောသမျှသည်သာ မှတ်ကျောက်၊ အပြီးသတ်အဖြေ ရလာဒ်ဖြစ်၏။ မိမိ၏ကိုယ်ပိုင်ဥာဏ်ကို သုံးဖို့မလိုအပ်။ ကြားနာဖူးရုံသက်သက်မျှ ပညာရေးဖြစ်၏။ ထိုသည့်အတိုင်း အလွတ်ကျက်မှတ်ရ၏။ ဧဝံ မေသုတံ မဟုတ်၊ ဧဝ မေသုတံ ပညာသင်နည်းတည်း။ ) ၃။ Discussion: ဆရာနှင့်တပည့် အပြန်အလှန်ဆွေးနွေးသင်ကြားနည်း၊ ( အကြောင်းအရာတစ်ခုအပေါ်ဝယ် ဆရာ့အမြင်နှင့် တပည့်အမြင်တို့နှီးနှောယှက်သွယ် ဖက်တွယ်ကြလျှက် ကိုယ်ပိုင်ဥာဏ်များကိုအားစိုက် စုပေါင်းသုံး၍ ချစ်ကြည်စွာ အဖြေရလာဒ်ကိုရှာခြင်းဖြစ်၏။ ) ဤသင်ကြားနည်းသည် ယနေ့ကမ္ဘာတွင် အကျိုးသက်ရောက်မှုအားလည်းများ၍ ခေတ်စားနေသောသင်ကြားနည်းလည်းဖြစ်၏။ ဤသင်ကြားနည်းကို အသုံးပြုခြင်းဖြင့် ကျောင်းသားများအား မိမိကိုယ်မိမိယုံကြည်စိတ်များမွေးထုတ်ပေးရာရောက်၏။ သတ္တိနှင့်ခိုင်မာသောအရည်အချင်းကိုပြုစုပေးခြင်းလဲဖြစ်၏။ လူမှုအဖွဲ့အစည်းအတွင်း ပြောဆိုစည်းရုံးဆက်ဆံလုပ်ကိုင်ရေးများအတွက် အရောင်တင်ပေးရာလည်းရောက်၏။ စစ်မှန်သောအရည်အသွေးကို မြတ်နိုးစိတ် တန်ဘိုးထားစိတ်များလည်းတိုးပွါးလာနိုင်၏။ ၄။ Field: ကွင်းဆင်းလေ့လာသင်ကြားနည်း ( စာသင်ခန်းတွင်သင်္ခန်းစာများပြီးဆုံး၍ လက်တွေ့သင်ကြားပြသခြင်း ) ဟူ၍ဖြစ်ပါ၏။ အထက်ပါ စာသင်နည်းလေးမျိုးတွင် မိမိတို့နိုင်ငံသည် အဘယ်နည်းများကို အသုံးပြုနေပါသနည်း။ လောကီနယ်ပယ် ဘာသာရေးနယ်ပယ် မျက်နှာစာအသီးသီးရှိစာသင်သားများ မည်သို့သောနည်းဖြင့်ဖြေဆို အောင်မြင်နေကြသနည်း။ အောင်မြင်လာသည့်စာမေးပွဲများအလိုက် အမှန်တကယ် တတ်မြောက်မှုရှိပါသလော။ ဤအချက်များကို အားမနာတမ်း ဖြစ်စဉ်အမှန်တိုင်း သေချာစွာသုံးသပ်ကြည့်ပါလျှင် လက်ရှိ ပကတိဖြစ်ရပ်မှန်ကို စာဖတ်သူထင်ထင်ရှားရှားပင်သိနိုင်ပေမည်။ ဆက်လက်၍ မိမိတို့နိုင်ငံနှင့်ပတ်သက်သည့် လှမ်းမီသမျှ ခံစားနားလည်မိသမျှကို သုံးသပ်ပြရလျှင် ဤသို့။ နည်းစံနစ်မှန်ကန်သော ပညာသင်ကြားရေးလည်း မရှိသည့်အပြင် တည်ငြိမ်သောပညာရေးမူဝါဒမရှိခြင်းကလည်း မျိုးဆက်သစ်များအတွက် တိုးတက်ဘို့အခွင့်အလမ်းအားနဲစေခဲ့သည်မှာ လက်တွေ့ပြယုဂ်အမှန်ပင်ဖြစ်၏။ မတည်ငြိမ်သောပညာရေးမူဝါဒဖြင့် မျိုးဆက်သစ်များ၏ ပညာနှင့်ဘဝအရည်အသွေးတို့မှေးမှိန်စေခဲ့ပြီ။ လိုရာဆွဲ၍ အဓိပ္ပါယ်ဖွင့်နိုင်သော အဂတိရောပြွမ်းသော အဓမ္မဥပဒေများဖြင့် နိုင်ငံသားကောင်းများကို အညွန့်ချိုးခဲ့ပြီ။ အဂတိရောင်စုံလွှမ်းခြုံထားသော အခွင့်အရေးနှင့် လာဘ်လာဘကို အသုံးပြုခြင်းဖြင့် ကဏ္ဍစုံ အလွှာအသီးသီးတွင် စာရိတ္တမဏ္ဍိုင်ကို ယိုင်နဲ့စေခဲ့ပြီ။ အလွှာအထပ်ထပ်လုပ်ငန်းအရပ်ရပ်၌ အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားသည်သာမက မကျက်လဲစား ကျက်လဲစား ဘယ်သူသေသေ ငတေမာပြီးရော ဟူသည့်ငါ့ဘို့စိတ်ထားများဖြင့် အတ္တကို ပုံကြီးချဲ့မိတ္တူပွါး၍ ရိုးသားမှုများကင်းပျောက်ကာ အချင်းချင်းယုံကြည်မှု ကင်းမဲ့နေကြလေပြီ။ ဤသည့်ဖြစ်ရပ်ဖြစ်စဉ်တို့မှာ ပညာရေးနယ်ပယ်မှအစပြု၍ နေ့စဉ်လက်တွေ့ သက်ဝင်လှုပ်ရှားမှုများ၌ ဖြစ်ပျက်နေသော ဖြစ်စဉ်အမှန်ပင်တည်း။ ဤအခြေအနေဆိုးတို့မှလွတ်မြောက်အောင် နိုင်ငံသားတိုင်းတာဝန်ကိုယ်စီရှိသဖြင့် သညာသိပညာရေးမှလွန်မြောက်သော အဆင့်ကိုတက်ညီလက်ညီ တက်လှမ်းသင့်ပေပြီ။  ယခုမိမိနေသောနိုင်ငံတွင် ကျူရှင်ဟူသည်မရှိ၊ ရှိဘို့နေနေသာသာ ကျူရှင်ယူရသည်ကိုကြားဖူးသောကျောင်းသားပင်မရှိချေ။ ထို့ပြင် အိမ်တွင်စာကျက်သော ကျောင်းသားဟူ၍ မရှိသလောက်ပင်တည်း ။ ကျောင်းတွင်သာ တည်ငြိမ်သောပညာရေးပြဋ္ဌာန်းစာများကို မှန်ကန်သောနည်းစံနစ်ဖြင့် အချိန်ကိုမဖြူန်းဘဲ တန်ဘိုးရှိအောင် သုံးလိုက်၏။ အချိန်ကို ပင်ပန်းကြီးစွာခါးစည်း၍ မရင်းရ၊ ငွေကြေးလဲ အပိုမကုန်၊ လူလဲမပင်မပန်း လန်းဆန်းသက်သာ၏။ သို့သော် ပညာရည်အဆင့်အတန်းသည် ကမ္ဘာ့အဆင့်မီဖြစ်၏။ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာမှ အစိုးရအဖွဲ့များနှင့် အခြားသောကိုယ်စားလှယ်အဖွဲ့ ( ၁၀၀ ) ကျော်တို့၏ လေ့လာစူးစမ်းမှုအရ ဤနိုင်ငံ ( ဖင်လန် )သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပညာရည်အမြင့်ဆုံးအဆင့်ရှိကြောင်းတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့၏။ ဤသို့မြင့်မားသော ရလာဒ်ကိုရရှိခြင်းသည် သညာသိပညာသင်ကြားရေးစံနစ် သို့မဟုတ် Notes and Lecture သင်ကြားနည်းတို့ကို အလေးမပေး မဏ္ဍိုင်မပြု ဂရုမထားသောကြောင့်ဖြစ်၏။  မိမိတို့နိုင်ငံ၏ သညာသိပညာရေးစံနစ်နှင့် မတည်ငြိမ်သောပညာရေးမူဝါဒကို အမြန်ပင်ပြုပြင်ပြောင်းလဲနိုင်ပါစေဟုလည်း ဆုတောင်းပါ၏။ ထို့ပြင်  မင်္ဂလသုတ်ပရိတ်တော်တွင် ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ... ဧတံ မင်္ဂလမုတ္တမံဟူ၍ဘုရားရှင်ဟောကြားတော်မူ၏။ ဗာဟုဿစ္စ၊ ဟူသည် အထွေထွေဗဟုသုတဘာသာရပ်များကိုတတ်သိနားလည်ခြင်းဖြစ်၏။ နိုင်ငံတကာနယ်ပယ်မှ ဘာသာရပ်အမျိုးမျိုးကိုတတ်သိနားလည်ခြင်းပင်တည်း။ တနည်းဆိုသော် ယနေ့ခေတ်အရသုံးရလျှင်  ဝိဇ္ဇာဘာသာရပ်များကို တတ်သိနားလည်ခြင်းပင်တည်း။ သိပ္ပ ဟူသည် သူ့ခေတ်သူ့အခါအားလျှော်စွာ သိပ္ပံပညာများကိုတတ်သိနားလည်ခြင်းပင်တည်း။ ထိုဆိုခဲ့ပြီးသော ဝိဇ္ဇာနှင့်သိပ္ပံပညာရပ်များကို တတ်မြောက်နားလည်ခြင်းသည် ကြီးပွါးကြောင်းမင်္ဂလာဖြစ်၏ ဟုဘုရားရှင်မိန့်ကြားတော်မူခဲ့၏။ ဤသို့လျှင် ဗုဒ္ဓဘုရားရှင်သည် လောကီအရေးတွင်သာမက လောကုတ္တရာအရေးအထိ အကြံအဖန်ကင်း၍ တိုးတက်သောပညာရေးကို အလေးပေးမိန့်ကြားခဲ့ပါသော်လည်း ယနေ့မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ ပကတိဖြစ်ရပ်များကိုကြည့်လျှင် ဗုဒ္ဓ၏တရားတော်နှင့် ထက်အောက်ပြောင်းပြန် လန်ချင်တိုင်းလန်နေသည်ကိုသာ (အများစု) တွေ့ရမည်ဖြစ်၏။ ရှက်ဖွယ်ရှိစွ။ အထူးသဖြင့်ဝမ်းနဲဘွယ်ရာကောင်းသည်မှာ နည်းမျိုးစုံသုံး၍ အထက်တန်းနှင့်အမြင့်တန်းပညာရေးဘွဲ့များကိုငွေကြေးဖြင့် ပြည်တွင်းပြည်ပတွင် အရောင်းအဝယ် တွင်ကျယ်နေကြခြင်းပင်တည်း။ ထိုသို့သောပညာရေးသည် ဘုရားရှင်ဟောကြားတော်မူသော ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ ဖြစ်နိုင်ပါမည်လော။ မဖြစ်လျှင် တောက်ပြောင်သော ထက်မြက်သောပညာရေးဟူသည် အဘယ်မှာရှိချိမ့်မည်နည်း။ အစစ်အမှန်ပညာရည်မရှိသောသူသည် ဘွဲ့တုဂုဏ်တုများဖြင့် လောကမျက်နှာစာအသီးသီးဝယ် အတုများကိုအရောင်ပြကာ လမ်းစဉ်တုဖြင့် သက်ဆိုင်ရာတို့ကို တုစေတော့မည်။ ထိုသို့သော ကိစ္စများပပျောက်ရန်မှာ လူထုအများစုကြီး ဗာဟုဿစ္စ သိပ္ပမင်္ဂလာနှင့်ညီအောင်ကြိုးစားထားဘို့ သိထားဘို့လိုအပ်ပါ၏။ သို့မှသာ လုပ်စားကိုင်စားအတုအယောင်များ နည်းပါးနိုင်ပေမည်။ ပညာရည်မဲ့လျှင် ပညာကိုအခြေခံသော နှလုံးရည်လည်းမရှိနိုင်တော့ချေ။ သို့ဆိုလျှင် အဘယ်သို့လျှင် နိုင်ငံ့သားကောင်းများဖြစ်လာနိုင်ပါမည်နည်း။ အမျိုးဘာသာ သာသနာဂုဏ်ကို မည်သို့ဆောင်ကြပါမည်နည်း။ အကယ်၍ ခေါင်းဆောင်လုပ်ကြမည်ဆိုလျှင် မည်သို့သော ပညာရည် နှလုံးရည်များဖြင့် ဦးဆောင်ကြမည်နည်း။ အမှန်စင်စစ် ပညာရည် နှလုံးရည်ကင်းမဲ့သောခေါင်းဆောင်သည် မြတ်ဗုဒ္ဓ၏လမ်းစဉ်မှသွေဖည်သော လက်ရုံးရည်ကိုသာ အားကိုရပေတော့မည်။ ပညာရည် နှလုံးရည်ထက် လက်ရုံးရည်ကိုသာစွဲကိုင်ကျင့်သုံးခဲ့ခြင်းကြောင့် ကမ္ဘာ့နေရာအနှံ့အပြားမှ လူမှုအဖွဲ့အစည်းများအားလုံး ဒုက္ခတွေပင်လယ်ဝေခဲ့ကြဖူးပြီ။ သောကမျက်ရည်တွေ ချောင်းစီးခဲ့ကြဖူးပြီ။ ကြိတ်မနိုင်ခဲမရ ဒေါမနဿဝေဒနာအခိုးအငွေ့များ ကောင်းကင်တစ်လွှား ဖုံးလွှမ်းခဲ့ကြဖူးပြီ။ ယနေ့ကမ္ဘာသည် လက်ရုံးရည်အားကိုးကာ အကြမ်းဖက်၍ သူရဲကောင်းလုပ်သောဝါဒ ချုပ်ငြိမ်းပေပြီ။  စဏ္ဍာသောကမည်သည့် လက်ရုံးအားကိုးကာ အလွန်ကြမ်းကြုတ် ခက်ထန် ရက်စက်ခဲ့ဖူးသူသည် မြတ်ဗုဒ္ဓ၏ စစ်မှန်သော ဓမ္မပညာများကို သင်ကြားနားလည်ပြီးသောအခါ သိရီဓမ္မာသောကဘုရင်အဖြစ်သို့ရောက်၍ ပညာရည် နှလုံးရည်တို့ဖြင့်နိုင်ငံကို အုပ်ချုပ်၍ ကျယ်ပြန့်စွာ သာသနာပြုနိုင်ခဲ့၏။ နိုင်ငံရေး သာသနာရေး လူမှုရေး ကျမ္မာရေး ပညာရေး တိရစ္ဆာန်အရေး သဘာဝပတ်ဝန်းကျင်အရေးတို့ကို ကမ္ဘာဝယ် ပထမဦးဆုံး ဘက်စုံဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်ခဲ့ပုံကို အသောကကျောက်စာဘာသာပြန်များမှ ဖတ်ရှုလေ့လာနိုင်၏။ ထို့ပြင် ခေတ်ကာလနှင့်လျော်ညီသော လောကီပညာရပ်များအပြင် သောတာပတ္တိမဂ်ဖိုလ်ပညာကို နားလည်ပိုင်ဆိုင်ထားသော ဗိမ္ဗိသာရဘုရင်သည်လည်း နှလုံးရည် ပညာရည်ဖြင့်ပင် တိုင်းပြည်ကိုအုပ်ချုပ်နိုင်ခဲ့၏။ အထက်ပါ ပညာရည်အဆင့်သုံးမျိုးတွင်   ဤသို့မှတ်သားရုံမျှသက်သက်သာဖြစ်သော သညာသိပညာရေးသည် ခိုင်မာမှုလည်းမရှိ၊ မြင့်မားသောတိုးတက်သော အခြေအနေသို့လည်းမရောက်စေတတ်၊ တီထွင်ဖန်တီးမှုဟူသည် ဝေလာဝေးဖြစ်ကာ မေ့ပျောက်သွားပါက ဘယ်အရာကိုမျှမသိရှာတော့သော လူနုံလူအသဖွယ် သနားဘွယ်ရာအတိပင်ဖြစ်တော့၏။ ဝိညာဉ်သိ အဆင့်ဟူသည်...... ဆက်ရန်

***ဓမ္မမိတ်ဆွေများ၏အမှာစကား***