ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, November 10, 2013

ကျေးဇူးတရားနှင့်လုပ်ငန်းရပ်တည်ချက်

“ ကျေးဇူးတင်တယ် ” ဟူသောစကားသည်ယဉ်ကျေးသောလူမှုအသိုင်းအဝိုင်းတွင် မသုံးမဖြစ်သုံးရသည့်
ဝေါဟာရဖြစ်သည်။ “ ကျေးဇူးတင်တယ် ” ဟုပြောဆိုခြင်းသည် သူတပါးက မိမိအပေါ်မေတ္တာစေတနာ
ဖြင့်ပြုဖူးသောကောင်းမှုအကြွေးတင်ရှိနေမှုကိုကျေနပ်စွာ အသိမှတ်ပြုခြင်း ထုတ်ဖေါ်ဝန်ခံခြင်းပင်ဖြစ်
သည်။ ထိုကျေးဇူးဟု အဓိပ္ဗါယ်ရသောဝေါဟာရကို တစ်ကမ္ဘာလုံးတွင် နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးသည် အသံထွက်အမျိုးမျိုးဖြင့်ပြောဆိုနေကြပေသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် ဒါနေးဘား ဟုသုံးသည်။ ဖင်လန်နိုင်ငံတွင် ကီးတို့စ် ဟုသုံးသည်။ တရုပ်တို့က ရှဲရှဲလီ ဟုသုံးသည်။ အင်္ဂလိပ်တို့က သန့်ခယူး ဟုသုံး
ကြသည်။ မည်သို့ပင်အသံထွက်ကွဲသည်ဖြစ်စေ အဓိပ္ဗါယ်မှာ အတူတူပင်ဖြစ်သည်။ တဖက်သား၏
မေတ္တာစေတနာကိုယဉ်ကျေးစွာတုန့်ပြန်ကြသည့်သဘောချည်းသာဖြစ်ကြသည်။ တဖက်သား၏မေတ္တာ
စေတနာနှင့်ဆောင်ရွက်ပေးမှုတို့ကိုယဉ်ကျေးစွာအသိမှတ်ပြုသည်ဟုလည်းဆိုနိုင်လေသည်။

   ဘုရားဟောပါဠိတော်တွင်လည်း ကတညုတ ကတဝေဒီဟူသည် သူတပါးတို့၏ပြုဖူးသောကျေးဇူးကို
အသိမှတ်ပြုကာ ပြန်လည်၍ကောင်းကျိုးပြုစေရန်သင်ကြားပေးသော မင်္ဂလာစကားဖြစ်သည်။ မှန်၏။
သူတပါးတို့က မိမိအပေါ်ပြုခဲ့ဖူးသောကျေးဇူးကို ပြန်လည်၍အသိမှတ်မပြုသူသည် မင်္ဂလာရှိသူမဟုတ်ချေ။
တနည်းဆိုသော် စစ်မှန်၍မြင့်မြတ်သောကြီးပွါးကြောင်းတရားကို အမှန်တကယ်ကျင့်ဆောင်သူမဖြစ်နိုင်ချေ။ သို့သော် တစ်ခါတစ်ရံဝယ် ကျေးဇူးကိုသိသော်လည်း တုန့်ပြန်ဘို့အခက်ခဲနှင့်ကြုံတွေ့ရသည်လည်းရှိသည်။
ပစ္စက္ခဖြစ်ပေါ်နေသောအခက်ခဲကြောင့် ကျေးဇူးကိုမတုန့်ပြန်နိုင်သည့်အခါ သို့မဟုတ် မျက်မှောက်တွင်
အရေးကြီးနေသောလုပ်ငန်းကိုဦးစားပေးလုပ်ကိုင်နေရသည့်အခါ သို့မဟုတ် တင်ရှိနေသောကျေးဇူးတရား
သည်လက်ရှိလုပ်ငန်းနှင့်ရောထွေး၍မဖြစ်နိုင်သောကြောင့်လက်ရှိကြုံတွေ့နေရသောလုပ်ငန်း၏လမ်းစဉ်မှတိမ်းချော်မသွားစေရန် အများစုအကျိုးစီးပွါး၏လုပ်ငန်းအောင်မြင်ရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်ရ
သည့်အခါမျိုးတွင် ကျေးဇူးကန်းသူ သို့မဟုတ် ရိုင်းစိုင်းသူ သို့မဟုတ် သစ္စာဖောက်သူဟု အစွပ်စွဲခံရ
တတ်ပြန်ပါသည်။ အလွန်ဘေးကျပ်နံကျပ်ဖြစ်သောအခြေအနေပင်ဖြစ်သည်။ ဤကဲ့သို့သောအခြေအနေ
မျိုးကိုကြုံဖူးကြသူများမနည်းလှဟု ထင်မိပါသည်။

  မိမိငယ်စဉ်က စာအုပ်တစ်အုပ်ဖတ်ဖူးသည်။ စာအုပ်နာမည်တော့မမှတ်မိပါ။ စာရေးဆရာမှာ ဆန်းလွင်
ဟုတော့ထင်သည်။  ထိုစာအုပ်တွင်ရေးသားထားသည်မှာ တစ်ခါက ပြင်သစ်လူငယ်တစ်ယောက်သည်
မိခင်အိုကြီးနှင့်အတူတူနေထိုင်၍ မိခင်အိုကြီးကိုလုပ်ကျွေးကာကျေးဇူးဆပ်နေလေသည်။ ထိုစဉ်ဝယ်
နာဇီဂျာမဏီတို့မှ ပြင်သစ်ကိုကျူးကျော်လာသောအခါ ဂျာမဏီကိုပြန်လည်တိုက်ထုတ်ရန်အတွက် ပြင်သစ်နိုင်ငံသည်စစ်အင်အားလိုအပ်လာလေသည်။ ထိုအခါ အမျိုးသားရေးအမြင်ဖြင့် စစ်တပ်ထဲ
ဝင်ဘို့ရန်နိုင်ငံတော်မှလှုံ့ ဆော်သောအခါ ထိုလူငယ်သည်ကျေးဇူးတရားအတွက် အခက်ကြုံရလေ
တော့သည်။ “ မိဘကျေးဇူး မြင့်မိုရ်ဦး ” ဟူသည်နှင့်အညီ မြင့်မိုရ်တောင်ဦးထိပ်ထက်မက ကြီးမား
လှသော မွေးမိခင်၏ကျေးဇူးကိုလည်းဆပ်ချင်သည်။ ဆပ်သင့်သောအချိန်ခါလည်းဖြစ်သည်။ တဖန် အမျိုးသားရေးအမြင်ဖြင့်ကြည့်လျှင်လည်း တိုင်းတပါး၏ကျွန်ဖြစ်နေရသော အမိပြင်သစ်နိုင်ငံအတွက် ကျေးဇူးဆပ်သည့်အနေဖြင့် စစ်တပ်ထဲသို့ဝင်သင့်သည်။ အမျိုးသားရေးကိုအခြေခံသောအမြင်ဖြင့် နိုင်ငံတော်၏ကျေးဇူးကိုတုန့်ပြန်ပေးဆပ်ဖို့အရေးနှင့်အနန္တဂိုဏ်းဝင်မွေးမိခင်အိုကိုကျေးဇူးဆပ်ဖို့
အရေးဟူသော ထိုနှစ်မျိုးအကြားတွင် ထိုလူငယ်သည်ဗျာများရလေတော့သည်။ တစ်ခုခုကိုစွန့်လွှတ်
ရတော့မည်။

  လက်ရှိတစ်မျိုးသားလုံး တိုင်းတပါး၏ကျွန်သပေါက်ဘ၀ရောက်နေသောအခြေအနေဆိုးမှလွတ်မြောက်
နိုင်စေရန် အမျိုးသားရေးအတွက် ကျေးဇူးကိုဆပ်လျှင် မိခင်အိုသည်ဒုက္ခဖြစ်ရရှာတော့မည်။ သို့မဟုတ် မိခင်အိုကိုကျေးဇူးဆပ်လျှင် နိုင်ငံတော်နှင့်အမျိုးသားရေးအတွက် သစ္စာမဲ့ရာကျမည်။ အမျိုးမချစ်သူ အမျိုးသားရေးကျေးဇူးကန်းသူအဖြစ် စွပ်စွဲမှုကိုခံရပေတော့မည်။ သို့ဆိုလျှင်မည်သည့်လမ်းကိုရွေးချယ်ရ
မည်နည်း။ အလွန်ဆုံးဖြတ်ရခက်သော ဘေးကျပ်နံကျပ်အခြေအနေပင်ဖြစ်သည်။ သို့သော် ထိုလူငယ်သည်
ပြတ်သားစွာဆုံးဖြတ်ချက်ချလိုက်သည်။ အနန္တဂိုဏ်းဝင်မွေးမိခင်အိုကိုချစ်သော်လည်း တစ်မျိုးသားလုံး
ကျွန်သပေါက်အောက်မှလွတ်မြောက်နိုင်ရေးအတွက် အမျိုးသားရေးချစ်စိတ်ဖြင့် စစ်တပ်ထဲသို့ဝင်ခဲ့သည်။ မိခင်အိုခမြာဝမ်းနဲပက်လက်ခံစားရင်း ဒုက္ခအခက်ခဲများနှင့်တစ်ဦးတည်းအဖေါ်မဲ့စွာကျန်ရစ်ခဲ့ရရှာသည်။ သို့သော် မိခင်အိုသည်သာမန်မိခင်အိုတော့မဟုတ်။ အမျိုးသားရေးအမြင်ရှိသည်။ အမျိုးသားရေးချစ်စိတ်
အပြည့်အဝရှိသည်။ ထို့ကြောင့် သူမ၏သားစစ်တပ်ထဲဝင်သွားခြင်းကိုအပြစ်မတင်။ မိဘကျေးဇူးကန်းသူဟု
လည်းမမြင်။ သူမတို့သားအမိနှစ်ယောက်အပေါ်ဝယ် ကျရောက်လာသောအမျိုးသားရေးတာဝန်ကို စွမ်းနိုင်သောသားကကျေပွန်အောင်ထမ်းဆောင်သွားခြင်းဖြစ်သည်ဟုသာမြင်သည်။ အမျိုးသားရေး
အတွက်သဘောထားကြီးသော အမြင်ကျယ်သောမိခင်ပင်ဖြစ်သည်။ အကယ်၍ မိခင်အိုသည် အမျိုးသားရေးအမြင်ကိုမမြင်တတ်ဘဲ အမျိုးချစ်စိတ်လည်းမရှိပါဘဲ သဘောထားသေးသိမ်စွာ အတ္တ
ဆန်ဆန်ဖြင့်သူမကိုလုပ်ကိုင်ကျွေးမွေးမှုမပြုသောသားကို အပြစ်မြင်ပါလျှင် ထိုအမြင်သည် မိခင်
အတွက်ဖြစ်စေ သားအတွက်ဖြစ်စေ နိုင်ငံအတွက်ဖြစ်စေ လှပသော လေးစားထိုက်သော မှန်ကန်သော ဂုဏ်ယူစရာကောင်းသောအမြင်မဖြစ်နိုင်တော့ချေ။

   စာဖတ်သူများလည်း ဤကဲ့သို့သောအဖြစ်အပျက်များနှင့်အလားတူသော အခက်ခဲများကြံဖူးကြမည်
ထင်သည်။ စာဖတ်သူတို့ကိုယ်တိုင်မကြူံဘူးသည့်တိုင် မြင်ဖူး ကြားဖူးကြမည်မှာတော့အမှန်ပင်ဖြစ်
သည်။ စာရေးသူကိုယ်တိုင်လည်းကြုံတွေ့ဖူးပါသည်။ အထူးသဖြင့် မိမိတို့မြန်မာလူမျိုးများသည် ကျေးဇူးတရားဟူသောဝေါဟာရနှင့်အဓိပ္ဗါယ်ကို နေရာမှန်ကန်စွာမသုံးတတ်ကြဟုထင်သည်။
မိမိတို့စိတ်တိုင်းမကျ အလိုဆန္ဒနှင့်မကိုက်ညီလျှင် သို့မဟုတ် ခိုင်းသည့်အတိုင်းမလုပ်လျှင် ကျေးဇူးကန်းသည်၊ သစ္စာဖောက်သည်ဟုစွပ်စွဲကာ မခေါ်နိုင်မပြောနိုင်ဖြစ်ကြသည်။ မိတ်ဆွေများအဖြစ်မှ သူစိမ်းများဖြစ်သွားကြသည်။ အချို့ ဆိုလျှင် ရန်သူပင်ဖြစ်သွားသည့်အခြေအနေသို့ရောက်ကြသည်။ ဤသို့ဖြစ်ရခြင်း၏အကြောင်းကိုရှာသော် ၁။ သဘောထားသေးသိမ်ခြင်း၊ ၂။ personal and professional ဟူသောပုဂ္ဂိုလ်ရေးနှင့်လက်ရှိလုပ်ငန်းကိုပြေလည်အောင်ဆောင်ရွက်ရမှုကို မကွဲပြား မခွဲခြားဘဲ ရောထွေးကာယူဆကြခြင်း ဟူသောအကြောင်းနှစ်ချက်သည် အဓိကဖြစ်သည်ဟုယူဆမိသည်။ မိမိအမြင်တွင် ကျေးဇူးတရားဟူသည် ပုဂ္ဂိုလ်ရေး personal နှင့်အဓိကပိုသက်ဆိုင်ပြီးလျှင် လက်ရှိ
အခက်ခဲကိုပြေလည်အောင်ဆောင်ရွက်ရမှု professional ဟူသည် ကျေးဇူးတရားထက်လုပ်ငန်း
ရပ်တည်ချက်ကိုဦးစားပေးရမှုနှင့်ပို၍သက်ဆိုင်သည်ဟုမြင်သည်။

  ပုဂ္ဂိုလ်ရေးကျေးဇူးတရားနှင့်လုပ်ငန်းရပ်တည်ချက်ကို ထိုသို့ခွဲခြားမမြင်ဘဲ ရောထွေးမြင်ပါက ကျေးဇူးတရားဟူသည် ဘဝ၏ထောင်ချောက် သို့မဟုတ် ဘဝ၏အကျဉ်းထောင်ဖြစ်လာလေသည်။ တနည်းဆိုသော် ကျေးဇူးတရားဟူသောခေါင်းစဉ်အောက်ဝယ် ကျေးဇူးခံဖူးသောသူကို ကျေးဇူးပြုဖူးသောသူက သူ၏အတ္တအကျဉ်းထောင်တွင် အကျဉ်းချလေတော့ည်။ကျေးဇူးပြုဖူးသောသူသည် “ ငါ့ကျေးဇူးတွေ သူ့ဆီမှာအများကြီးရှိတာပဲ ” ဟူသောအတ္တမာနစိတ်ဖြင့် ကျေးဇူးခံဖူးသောသူကို ရစ်ပတ်နှောင်ဖွဲ့ကာချုပ်ကိုင်လေတော့သည်။ ထိုသို့ အချုပ်အနှောင်ဖြင့် အကျဉ်းကျခံလိုက်ရသော ကျေးဇူးခံသည် သူ၏ အယူအဆနှင့်အတွေးအခေါ်များ၊ အပြောအဆိုများနှင့်
ဆောင်ရွက်မှုများသည်လည်း အကျဉ်းကျကာနွံနစ်ရလေတော့သည်။ ထိုအခါ ထိုကျေးဇူးခံဖူးသူ၏
ဘဝသည်လည်းကောင်း ထိုသူ၏အစွမ်းအစများသည်လည်းကောင်း ထိုသူနှင့်သက်ဆိုင်သော အဝန်းအဝိုင်းသည်လည်းကောင်း လွတ်လပ်မှုတို့ပျောက်ဆုံးကာတိုးတက်မှုအခွင့်အလမ်းတို့သည်လည်း ပိတ်ပင်ခံလိုက်ရသလိုဖြစ်ရတော့သည်။ ဤကဲ့သို့အခြေအနေမျိုးများ များပြားလာသည့်အခါ တစ်ဦးချင်းမှသည်လူမှုအဖွဲ့အစည်းအထိ၊ တဖန်လူမှုအဖွဲ့အစည်းမှသည်  နိုင်ငံတော်အထိ
နစ်နာလေတော့သည်။

   မိမိတို့နိုင်ငံတွင် ပုဂ္ဂိုလ်ရေးရာများကို ကျေးဇူးတရားအဖြစ်ရှေ့တန်းတင်ကာအသားပေးမှုကြောင့်
လုပ်ငန်းကျွမ်းကျင်သူတို့သည်ထိုက်တန်သောနေရာတွင်မရှိတော့ချေ။ ထိုအခါလုပ်ငန်းအောင်မြင်မှု
တို့သည်အမြဲနောက်ကျခဲ့ရတော့သည်။  ဤသို့ကျေးဇူးတရားဟူသောခေါင်းစဉ်ဖြင့် ပုဂ္ဂိုလ်ရေးကို
ရှေ့တန်းတင်ခြင်းသည် အဂတိလိုက်စားဘို့အတွက် ထပ်မံ၍လမ်းပွင့်သွားစေခဲ့သည်ဟုလည်းဆိုချင်သည်။ အဆိုပါ ပုဂ္ဂိုလ်ရေးနှင့်လုပ်ငန်းဆောင်ရွက်ရမှုအနေအထားကိုမခွဲခြားဘဲ ရောထွေးကာကျင့်သုံးခြင်းကြောင့်
 နိုင်ငံသည်ယခုကဲ့သို့နောက်ကျခဲ့ရသည်ဟုလည်းဆိုချင်သည်။ ဆိုလိုသည်မှာ ပုဂ္ဂိုလ်ရေးကျးဇူးကို
ခေါင်းစဉ်တပ်၍ လုပ်ငန်းနယ်ပယ်တွင်ပုဂ္ဂိုလ်ရေးကိုရှေ့ တန်းတင်ဦးစားပေးလာကြသည်။ နောက်ပြီး သူ့လူကိုယ့်လူဟူ၍ခွဲခြားကာလူဆွယ်၍ လူမွေးကြတော့သည်။ အမှန်စင်စစ် လူကိုမွေးရမည်ဖြစ်သည်။ သို့သော် သူ့လူကိုယ့်လူအဖြစ်မွေးရမည်မဟုတ်ဘဲ နိုင်ငံတော်အတွက် သို့မဟုတ် လူမှုအဖွဲ့အစည်းအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာများတိုးတက်အောင် အရည်အသွေးပြည့်ဝသူများမွေးထုတ်ပေးရမည်ဖြစ်
သည်။ ထိုသို့မဟုတ်မူဘဲ တစ်ဦးတစ်ယောက်၏ကိုယ်ကျိုးစီးပွါးအတွက် သို့မဟုတ် မိမိ၏ကိုယ်ကျိုးစီးပွါး
အတွက်  လူမွေးခြင်းသည် လူမှုအဖွဲ့အစည်းတစ်ခုအတွက် သို့မဟုတ် နိုင်ငံတော်နှင့်လူထုအတွက်
ရေတိုရောရေရှည်ပါအလွန်နစ်နာလေသည်။

         ကျေးဇူးတရားဟူသောခေါင်းစဉ်ဖြင့် ပုဂ္ဂိုလ်ရေးရှေ့ တန်းတင်မှုအားကြီးလာသောအခါ ထိုရှေ့တန်းရောက်လာသောသူသည် မိမိဖြစ်ချင်သောအတ္တစိတ်ဆန္ဒဖြင့်ကျေးဇူးတရားကိုချည်နှောင်
ကာစေစားတော့သည်။ ထိုအခါ ထိုပုဂ္ဂိုလ်၏ ဆန္ဒသည် လက်ရှိကြုံတွေ့နေရသောလုပ်ငန်းအခြေအနေ
များနှင့်မကိုက်ညီတော့ဘဲ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သောလုပ်ငန်းအတွက်အနှောက်အယှက်
ကြီးစွာဖြစ်ရလေသည်။ ထို့ပြင် တာဝန်ယူလုပ်ဆောင်ကြရသောသူများအတွက်လည်း အခက်အခဲအကျပ်
အတည်းကိုဖြစ်စေလေတော့သည်။ သို့ဆိုလျှင်ကျေးဇူးရှင်ကို ကျေးဇူးမဆပ်ရတော့ပြီလောဟု စောကြော
ဖွယ်ရှိပြန်သည်။ ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရမည်သာဖြစ်သည်။ သို့သော် လူမှုအဖွဲ့အစည်းတစ်ခုခုကို အခက်အခဲမဖြစ်စေသော ကျေးဇူးဆပ်မှုမျိုးသာဖြစ်သင့်သည်။  အမှန်စင်စစ် ကျေးဇူးဆပ်ခြင်းဟူသည်
လူမှုအဖွဲ့အစည်းတစ်ခုခုကိုအခက်အခဲမဖြစ်စေလျှင် သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုခု၏ အကျိုးစီးပွါးကိုမထိခိုက်လျှင် သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုခုကို အသုံးချရာမရောက်လျှင် ကျေးဇူးရှင်၏ဆန္ဒကို ကျေးဇူးဆပ်သည့်အနေဖြင့် လိုက်လျောသင့်လေသည်။ ထိုသို့မဟုတ်မူဘဲ လူမှုအဖွဲ့အစည်းတစ်ခုခုကို ထိုသူ၏ကိုယ်ကျိုးနှင့်အတ္တဆန္ဒအတွက် အသုံးချရာရောက်ပါက မလိုက်လျောသင့်ချေ။

   အထူးသဖြင့် မိမိလက်ရှိဆောင်ရွက်နေရသော လုပ်နေသောလုပ်ငန်းသည်
၁။ မှန်လည်းမှန်မည်၊ အဖွဲ့အစည်းအတွက်လည်း  ကောင်းကျိုးရှိမည်၊ အများစုကလည်းကြိုက်မည်
ဆိုလျှင်လည်းကောင်း ၂။ မှန်လည်းမှန်မည်၊ အဖွဲ့အစည်းအတွက်လည်း  ကောင်းကျိုးရှိမည်၊ သို့သော်
အများကမကြိုက် မနှစ်သက်ဆိုလျှင်လည်းကောင်း ဤနှစ်ချက်တွင် တစ်ချက်ချက်နှင့်ညီလျှင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သော အလုပ်ကိုသာဦးစားပေးသင့်သည်။ ကျေးဇူးရှင်၏ဆန္ဒကို ငဲ့ကွက်စရာမလိုဟု ခံယူသည်။ နားလည်သည်။ ဤလမ်းစဉ်အတိုင်းသာ စွမ်းနိုင်သလောက်လျှောက်
လှမ်းခဲ့သည်။ ထို့ကြောင့်ပင် မိမိအလုပ်လုပ်သည့်အခါ မိမိကိုကျေးဇူးပြုဖူးသောသူများနှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင်ရလေ့ရှိသည်။ သို့သော်လည်း မကောင်းသောအကြံဆိုးဖြင့်မဟုတ်ဘဲ စည်းကမ်းနည်းလမ်းနှင့်အညီ အများ၏သဘောတူညီမှုကိုရယူကာဆုံးဖြတ်၍ ဆောင်ရွက်ခဲ့သည်ချည်း
သာဖြစ်သောကြောင့် နောက်ဆံလည်းမတင်းပါ။ နောက်ဆံလည်းမတင်းသည့်အပြင် စိတ်ဓာတ်အင်အား
သည်ပင်ပို၍တိုးပွါးရပါသည်။

 သို့သော် ကျေးဇူးရှင်ကိုကျေးဇူးမဆပ်ရဟုမဆိုလိုပါ။ သင့်လျော်သည့်အချိန် သင့်လျော်သည့်အရာဝယ် မိမိ၏ကိုယ်ပိုင်တရားမျှတသောနည်းများဖြင့်သာ ကျေးဇူးဆပ်သင့်သည်။ အဖွဲ့အစည်းတစ်ခုခုကို ခုတုံးလုပ်၍ဖြစ်စေ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကို အသုံးချ၍ဖြစ်စေ အများစုကိုနစ်နာအောင်
ဆောင်ရွက်ခြင်းဖြင့် ကျေးဇူးမဆပ်သင့်ဟု ခံယူသည်။ နားလည်ကျင့်သုံးသည်။ မိမိတို့ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်းဝယ် ကျေးဇူးတရားဖြင့်ချည်နှောင်ကာ အကျဉ်းချသောအစဉ်အလာမှ လွတ်မြောက်ကြပါစေ၊ ကျေးဇူးရှင်များကလည်း သဘောထားကြီးကြီး အမြင်ကျယ်ကျယ်ဖြင့် နားလည်ခွင့်လွှတ်နိုင်ကြပါစေဟု တမ်းတမ်းတတ ဆုတောင်းမိသည်။ အမိမြန်မာပြည်သူပြည်သားများလည်း
ဆိုးမွေအားလုံးမှလွတ်မြောက်ကြ၍ ကောင်းမွေများကိုဖန်တီးကာ ရယူနိုင်ကြပါစေဟုလည်း ထပ်ဆင့်ဆုတောင်းနေမိပါတော့သည်။




***ဓမ္မမိတ်ဆွေများ၏အမှာစကား***