Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, April 4, 2014

မင်္ဂလာများအဓွန့်ရှည်ပါစေ


ယနေ့ခေတ်ကို Knowledge Era ပညာခေတ်ဟုသတ်မှတ်ကြသည်။ မှန်၏။ ယနေ့ခေတ်သည် တတ်စရာပညာရပ်များ များပြားလှသည့်နည်းတူ သိစရာပညာများလည်း များပြားကျယ်ဝန်းလှသည်။ ဤသို့ ပညာရပ်များတစ်စထက်တစ်စ များပြားစွာပေါ်ထွန်းလာခြင်းသည် တိုးပွါးလာသောကမ္ဘာ့လူဦးရေအတွက် အလုပ်သစ်အကိုင်သစ်များဖြင့် ဣနြေ္ဒရရ အခြေကျစေသည်။ ဤသို့ ပညာရပ်များစွာတို့ဖြင့် လူမှုဘဝ၏အခက်ခဲများကို အလုပ်အကိုင်မှစ၍ အရာရာဖြေရှင်းပေးနေသော်လည်း အပြီးအပြတ်ပြေလည်သွားသည်တော့ မဟုတ်ချေ။ ဤသည်မှာ လောကီပညာရပ်တို့၏ အပြီးအပြတ်ဖြေရှင်းမပေးနိုင်သော သဘာဝဖြစ်သည်။ လောကီလူမှုဘဝ၏သဘာဝလည်းဖြစ်သည်။ အမှန်စင်စစ် ပညာရပ်ဟူသမျှသည် သက်ဆိုင်ရာနယ်ပယ်အလိုက် အလင်းကိုဖြစ်စေသည်ပင်ဖြစ်သည်။ ဟင်းချက်နည်းပညာသည်လည်း ဟင်းမချက်တတ်သူအဖို့ အလင်းပင်ဖြစ်သည်။ ထို့အတူ စကားမပြောတတ်သောသူအတွက်လည်း စကားပြောနည်းပညာသည် အလင်းပင်ဖြစ်သည်။ ဤသို့စသည်ဖြင့် ပညာ၏ထွန်းလင်းရာနယ်ပယ်သည် နေ့စဉ်လူတစ်ဦးချင်းစီ၏ ဘဝဖြတ်သန်းမှုမှစ၍ လူသားတစ်ရပ်လုံး၏ ဖြတ်သန်းလျှောက်လှမ်းရေးအတွက်မဆုံးနိုင်အောင် ကျယ်ပြန့်များမြောင်လှသည်။ တန်ဘိုးလည်းကြီးပေသည်။ ထိုထိုပညာရပ်များကို ရှာဖွေဖေါ်ထုတ်၍ လောကကိုကျေးဇူးပြုပေးခဲ့ကြသော ပညာရှင်အဆက်ဆက်သည် အလွန်ကျေးဇူးကြီးမားပါပေသည်။ 

  မြတ်ဗုဒ္ဓသည်လည်း လောကကို ပညာအလင်းဖြင့်ထွန်းညှိကာ အလှဆင်ခဲ့သော အနှိုင်းမဲ့မဟာလူသားဖြစ်ခဲ့သည်။ မြတ်ဗုဒ္ဓထွန်းညှိပေးခဲ့သော ပညာအလင်းသည် ဘယ်သောခါမျှမှေးမှိန်မသွားနိုင်သော ဘာအကြောင်းကြောင့်မျှလည်း ပျက်ဆီးမသွားနိုင်သော မဂ်ပညာနှင့် ဖိုလ်ပညာဖြစ်သည်။ မှန်၏။ အဆိုပါ မဂ်ပညာနှင့်ဖိုလ်ပညာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်သည် မည်သည့်ဒေသ နိုင်ငံ ဘုံဌာန မည်သည့်လူမျိုး၌ ဖြစ်ရသည်ဖြစ်စေကာမူ ဘယ်တော့မှ မနိမ့်ကျတော့ချေ။ မှန်ကန်သောလမ်းစဉ်မှလည်း ဘယ်မည်သောအခါမျှပြောင်းလဲရွေ့လျောသွားမည်မဟုတ်ချေ။ အစဉ်အမြဲမှန်ကန်၍အထက်တန်းကျသောအလွှာတွင်သာ ကျင်လည်ရပေတော့မည်။ ထို့ကြောင့် မြတ်ဗုဒ္ဓဖေါ်ထုတ်ချမှတ်ပေးခဲ့သော ပညာအလင်းသည် ဘေးထွက်ဆိုးကျိုးကင်း၍ ရှာဖွေသင့် ရယူသင့် ပိုင်ဆိုင်သင့်သော ရေရှည်အာမခံချက်အပြည့်အဝရှိသော လောကုတ္တရာပညာရပ်တို့ပင်ဖြစ်သည်။ အထူးသဖြင့် မိမိတစ်ဦးတည်း၏ အမြင်ကိုပြောရလျှင် Knowledge Era ပညာခေတ်ဟူသည် မြတ်ဗုဒ္ဓပွင့်ထွန်းတော်မူသည်မှ စတင်ခဲ့သည်ဟု ဆိုချင်ပါသည်။ ထို့ပြင် လောကီကြီးပွါးရေးနှင့်ပတ်သက်၍လည်း မင်္ဂလသုတ်ပရိတ်တော်တွင် အသိပညာနှင့်အတတ်ပညာနှစ်မျိုးစလုံးကို မြတ်ဗုဒ္ဓကမူဝါဒချမှတ်ကာ လမ်းညွန်တော်မူခဲ့သည်။  မှန်၏။ အတတ်ပညာတစ်ခုတည်းဖြင့် လောကကိုပြည့်စုံအောင်တည်ဆောက်၍မရသလို အသိပညာတစ်ခုတည်းဖြင့်လည်း လူမှုဘဝအတွက်ရပ်တည်ဘို့ခက်ခဲနေမည်သာဖြစ်သည်။ 

  မင်္ဂလသုတ်ပရိတ်တော်တွင် ဗာဟုဿစ္စဉ္စ သိပ္ဗဉ္စ ဝိနယောစ သုသိက္ခိတော၊ သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ ဟူ၍ လောကကြီးပွါးရေးလမ်းညွန်တရားတော်ကို ဟောကြားတော်မူခဲ့ပါသည်။ အဓိပ္ဗါယ်မှာ ၁။ ဗာဟုဿစ္စဉ္စ၊ အထွေထွေဗဟုသုတနှင့် အသိပညာများပြားခြင်းသည် ကြီးပွါးကြောင်းဖြစ်သည်။ ၂။ သိပ္ဗဉ္စ၊ ခေတ်နှင့်လျော်ညီသော အတတ်ပညာများကိုတတ်မြောက်ထားခြင်းသည် ကြီးပွါးကြောင်းဖြစ်သည်။ ၃။ ဝိနယောစ သုသိက္ခိတော၊ လူမှုနယ်ပယ်အသီးသီးတွင် ကိုယ်ကျင့်သိက္ခာမြင့်မားစွာဖြင့် နေထိုင်ခြင်းသည် ကြီးပွါးကြောင်းဖြစ်သည်။ ၄။ သုဘာသိတာစ ယာဝါစာ၊ စကားကောင်းကောင်းပြောတတ်ခြင်းသည် ကြီးပွါးကြောင်းမင်္ဂလာဖြစ်သည် တဲ့။ အထက်ပါလမ်းညွန်ချက်လေးချက်သည် ၃၈ ဖြာသောမင်္ဂလာတရားတော်ထဲမှထုတ်နှုတ်တင်ပြခြင်းဖြစ်သည်။ မိမိနှင့်လောကကြီးပွါးဖို့ရန်အတွက် ၃၈ ချက်သောလမ်းညွန်ချက်တို့ကို ပြည့်စုံအောင်ကျင့်စရာမလိုပါ။ ဤလေးချက်မျှကျင့်လျှင်ပင် မိမိနှင့်လောကကြီးပွါးမည်မှာ အမှန်ပင်ဖြစ်သည်။ 

  အမှန်စင်စစ် Global village တွင် Global knowledge ရှိမှသာလျှင် အထက်တန်းကျကာ ဂုဏ်တင့်ပေလိမ့်မည်။ ဤသည်ကို ဗာဟုဿစ္စဉ္စ ဧတံမင်္ဂလမုတ္တမံ ဟူ၍ဟောကြားတော်မူပါသည်။ ထို့ပြင် Global education တတ်မြောက်ထားခြင်းကို သိပ္ဗဉ္စ ဧတံမင်္ဂလမုတ္တမံဟူ၍လမ်းညွန်တော်မူပြီးလျှင် နိုင်ငံတကာနှင့်အဆင့်အတန်းညီအောင် နေတတ်ထိုင်တတ်ပြောဆိုတတ် သွားလာပြုမူတတ် ဆက်ဆံတတ်ခြင်းကို ဝိနယောစ သုသိက္ခိတော၊ understanding displine of the life according to the global society ဟုဟောတော်မူခဲ့ပါသည်။ ၎င်းနောက် စကားကိုကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုတတ်ခြင်း highly skilled speaking သည် သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလမုတ္တမံ အထက်တန်းဘဝရောက်နိုင်သည့် အရည်အသွေးဖြစ်ကြောင်း မြတ်ဗုဒ္ဓမိန့်မှာတော်မူခဲ့ပါသည်။ ထို့ကြောင့် လောကီနယ်ပယ်တွင် အောင်မြင်ကြီးပွါးလိုသောသူတိုင်း မိသားစုတိုင်း နိုင်ငံတိုင်းသည် မြတ်ဗုဒ္ဓမိန့်မှာတော်မူခဲ့သော သုံးဆယ့်ရှစ်ဖြာသောမင်္ဂလာများမဆိုထားဘိ၊ ဤလေးပါးလေးမျှပြည့်စုံလျှင်ပင် Global village တွင် Global Democracy စံနစ်ကိုကျင့်သုံးနိုင်ကြလျှက် Global living standard ဖြင့် အေးချမ်းစွာအတူယှဉ်တွဲနေနိုင်မည်မှာ သေချာလှတော့သည်။  အထက်ပါ အချက်လေးချက်ကို ထပ်မံ၍ အကျဉ်းချုပ်ကြည့်လျှင်Global knowledeg and Global education နှစ်မျိုးသာတွေ့ရပေမည်။ မကြာမီကကွယ်လွန်လေပြီးသော တောင်အာဖရိကလူမည်းခေါင်းဆောင်ဟောင်း နယ်ဆင်မင်ဒဲလားသည်လည်း Education is the most powerful weapon which can change our world ဟုပြောဆိုခဲ့ဖူးလေသည်။ မြတ်ဗုဒ္ဓ၏ဓမ္မနှင့်လည်းညီညွတ်ပါပေသည်။ 

     ထို့ကြောင့် မြတ်ဗုဒ္ဓ၏လမ်းညွန်တရားတော်များနှင့်ညီညွတ်သူတိုင်းသည် အောင်မြင်ကြီးပွါ့း၍ မညီညွတ်သူများနိမ့်ကျနေသည်ကို ယနေ့လက်တွေ့မျက်တွေ့ သိမြင်နိုင်ကြားသိနိုင်ကြပါသည်။ သာဓကအားဖြင့်ပြောရလျှင် ယနေ့အောင်မြင်ကြီးပွါးနေသော နိုင်ငံများသည် မြတ်ဗုဒ္ဓ၏မင်္ဂလာလမ်းညွန်တရားတော်များနှင့်ညီညွတ်စွာ ကျင့်သုံးနေထိုင်ကြသည်ကိုတွေ့ရပြီးလျှင် အောက်ကျနောက်ကျဖြစ်နေသောနိုင်ငံများသည် မြတ်ဗုဒ္ဓ၏မင်္ဂလာလမ်းညွန်မှုနှင့်သွေဖည်နေကြောင်းမှာ ထင်ရှားလှသည်။ သို့ဖြစ်၍ မိမိတို့ရဟန်းတော်များသည် မြတ်ဗုဒ္ဓ၏မင်္ဂလာလမ်းညွန်မှုများကို ကိုယ်တိုင်လည်းကျင့်သုံးနိုင်ကြပြီးလျှင် တိုင်းသူပြည်သားများကိုလည်း မင်္ဂလာလမ်းညွန်မှုများထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန် အချိန်ကျရောက်နေပြီဖြစ်ပါသည်။ အထူးသဖြင့် အမျိုး ဘာသာ သာသနာရေရှည်တည်တံ့ရေးအတွက် လူမှုနယ်ပယ် စီးပွါးရေးနယ်ပယ် ဥပဒေပြုရေးနယ်ပယ် နိုင်ငံရေးနယ်ပယ်စသော နယ်ပယ်အသီးသီးတွင် မင်္ဂလာတရားများထွန်းကားနေဘို့သာ အရေးကြီးသည်ဟု ထင်မြင်မိပါသည်။ မိမိတို့ရဟန်းတော်များသည် ထိုနယ်ပယ်အသီးသီးတွင် မင်္ဂလာလမ်းညွန်တရားများကို အသက်ဝင်အောင် စွမ်းဆောင်နိုင်ဘို့ အလွန်တရာအရေးကြီးသည်ဟု မြင်မိပါသည်။ မင်္ဂလာတရားများအသက်ဝင်လာလျှင် အမျိုးဘာသာ သာသနာလည်း တည်တံ့မည်သာဖြစ်သည်ဟု ယုံကြည်မိပါသည်။ သို့ဖြစ်၍ မင်္ဂလာတရားများ အဓွန့်ရှည်ရန် ဆောင်ရွက်၍ အသက်သွင်းနိုင်ကြပါစေသားဟု။ 

  



***ဓမ္မမိတ်ဆွေများ၏အမှာစကား***