Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, September 2, 2013

အသုံးတည့်ပညာ

ယနေ့ခေတ်ကို knowledge era ပညာခေတ်ဟုဆိုကြသည်။ ဆိုသလောက်ပင် ပညာရပ်များနှင့်ပတ်သက်၍လည်း လိုက်စား၍မကုန်နိုင်အောင် များပြားကျယ်ပြန့်လှသလို ပညာတတ်သူများလည်း များပြားလှသည်။ မိမိအနေဖြင့်မူ များပြားကျယ်ပြန့်လှသော ပညာရပ်များကို လေ့လာတတ်မြောက်ဘို့ရန် မဆိုထားဘိ၊ မိမိနှင့်သက်ဆိုင်သည့် ပညာရပ်များကိုပင် နှစ်များစွာလေ့လာပါသော်လည်း အပြီးဆုံးသို့မရောက်နိုင် မတတ်နိုင်သေးဘဲဖြစ်ရလေသည်။ အမှန်စင်စစ် ပညာရပ်တစ်ခုကို အမှန်တကယ် တတ်မြောက်ဘို့ဆိုသည်မှာ လွယ်ကူသောကိစ္စတော့မဟုတ်ချေ။ ရှေးရှေးကမ္ဘာဦးခေတ်မှသည် ယနေ့ နှစ်ဆယ့်တစ်ရာစုခေတ်တိုင်အောင် လူသားတို့သည်  အုပ်ချုပ်ရေး လူမှုဆက်ဆံရေး ဘာသာရေး ကူးသန်းရောင်းဝယ်ရေး လူနေမှုပုံစံနှင့် နေ့စဉ်လူမှုဘဝများစွာအတွက် စနစ်အမျိုးမျိုး နည်းလမ်းအသွယ်သွယ် ယဉ်ကျေးမှုအဖုံဖုံ ဘာသာစကားအမျိုးစုံ ပညာရပ်အသီးသီးတို့ဖြင့် လူ့လောကကြီးကို ချီတက်ခဲ့ကြ ပုံဖေါ်ခဲ့ကြသည်။ လူ့သမိုင်းကို လူသားများကိုယ်တိုင် စိတ်တိုင်းကျ တစ်ခေတ်ပြီးတစ်ခေတ် စနစ်အသစ်အသစ်တို့ဖြင့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖေါ်ခဲ့ကြသည်။ တွေးခေါ်ခဲ့ ရေးသားခဲ့ကြသည်။ လူသားတို့သည် အသိပညာရော အတတ်ပညာပါ နှစ်ခုလုံးမဖွံ့ဖြိုးမီဝယ် လူသားဘဝနှင့်ပတ်သက်သော အရာရာသည်လည်း နောက်ကျခဲ့သည်။ နှေးကွေးခဲ့သည်။ တဖြည်းဖြည်းနှင့် အသိပညာရော အတတ်ပညာပါ  ဖွံ့ဖြိုးလာသည်နှင့်အမျှ လူသားဘဝနှင့်ပတ်သက်သော အရာရာသည် သူ့ထက်ငါ ရှေ့ရောက်အောင်ကြိုးစားခြင်းဖြင့် ပြိုင်ဆိုင်မှုအခြေအနေသို့ရောက်ရှိလာခဲ့သည်။ အဖြစ်အပျက်နှင့် လုပ်ဆောင်ချက်မှန်သမျှတို့သည်လည်း အရင်ထက်စာလျှင် မြန်သည်ထက်မြန်လာသည်။ သွက်သည်ထက် သွက်လာသည်။

   ရှေးယခင်က သက်ဆိုင်ရာပညာရပ်များသည် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအတွက် သီးခြားစီအသုံးပြု၍ အကန့်အသတ်ဖြင့် ပြောင်းလဲစေခဲ့ရာမှ ယနေ့ကမ္ဘာသည် သီးခြားစီခွဲခြား၍ မရတော့ဘဲ အားလုံးတပြေးညီ တချိန်တည်း တပြိုင်တည်း သက်ဆိုင်သည့်အနေအထားသို့ရောက်ရှိလာသည်။ ရှေးယခင်က ဒေသတစ်ခု၏ ဖြစ်ရပ်များသည် အခြားဒေသတစ်ခုသို့ မကူးစက်နိုင်သော်လည်း သို့မဟုတ် ကူးစက်မှုနှေးကွေးသော်လည်း ယနေ့ခေတ်တွင် ကူးစက်မှုကား တမုဟုတ် တခဏချင်းပင်မြန်ဆန်လှသည်။ စီးပွါးရေးသတင်းများကိုဖတ်မိသည့်အခါ စီးပွါးရေး၏ ရိုက်ခတ်မှုသည် အသီးသီးသောအားကြီး အားသေးအတိုင်းအတာအရ ကူးစက်မှုအင်းအားပြင်ထန်လှသည်ကို သိရသည်။ ထိုစီးပွါးရေးအရှိန်၏ရိုက်ခတ်မှုမှတဆင့် နိုင်ငံရေး လူမှုရေး ပညာရေး စသည့်အရာရာတို့သည်လည်း ကူးစက်ခံရကာ အပြောင်းအလဲများဖြစ်ကုန်ကြသည်။ ထို့အတူပင် နိုင်ငံရေးအဆောက်အအုံတစ်ခု ပြောင်းလဲသည့်အခါလည်း အခြားလူနှင့်ပတ်သက်သမျှသော အရာရာသည် ကူးစက်ခံရမှုမြန်ဆန်လှသည်။ အထူးသဖြင့် ကောင်းသည့်အရာတိုင်း အဖြစ်အပျက်တိုင်းတွင် ကူးစက်မှုနှေးကွေးသည်ဟု ဆိုနိုင်ရန်ရှိသော်လည်း မကောင်းသည့်ဖြစ်ရပ်တိုင်းတွင် ကူးစက်မှုကား အံ့သြဘွယ်မြန်ဆန်လှသည်။ ဤသည်တို့မှာ တိုးတက်လာသော ပညာရပ်များ၏ ရိုက်ခတ်မှု သို့မဟုတ် တွန်းအား သို့မဟုတ် အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ ပညာရပ်များမတိုးတက်မီက ယခုကဲ့သို့ ရိုက်ခတ်မှု မမြန်ဆန်ခဲ့ချေ။ သို့သော် တိုးတက်လာသော ပညာရပ်များသည် အားလုံးအကောင်းဘက်သို့ချည်း ဦးတည်သည်တော့မဟုတ်။ အကောင်းနှင့်အဆိုးဒွန်တွဲလျှက်သာ ခရီးဆက်နေကြသည်ကိုတွေ့ရသည်။ ဤသည်မှာလည်း လောက၏သဘာဝဟုသာ ဆိုရမည်ထင်သည်။

   အတတ်ပညာနှင့် အသိပညာနှစ်မျိုးတွင် အတတ်ပညာသည် ရုပ်ဝတ္ထုများနှင့်ပို၍သက်ဆိုင်မှုများသည်ဟုထင်သည်။ အကြောင်းမှာ အတတ်ပညာပိုင်းတွင် ရုပ်ဝတ္ထုများကိုအခြေခံကာ စီမံခန့်ခွဲခြင်း ဖန်တီးခြင်း စမ်းသပ်လေ့လာခြင်းတို့ဖြင့် လုပ်ကိုင်ရသောကြောင့်ပင်ဖြစ်သည်။ အသိပညာသည် နာမ်တရားပိုင်းနှင့်ပို၍ သက်ဆိုင်မှုများပြားသည်ဟု ဆိုချင်သည်။ အကြောင်းမှာ အသိပညာပိုင်းတွင် ဘဝ၏ အတွေ့အကြုံများ၊ စိတ်ပိုင်းနှင့်ဆိုင်သော ခံစားချက်များနှင့် ယူဆချက်တို့ကို အခြေခံ၍ တိုးတက်လာသောကြောင့်ပင်ဖြစ်သည်။ ထိုထိုအတတ်ပညာနှင့် အသိပညာနှစ်မျိုးလုံးသည် မိမိတို့ တစ်ဦးချင်းစီ၏ ဘဝအတွက်ရော လူမှုအစုအဖွဲ့အတွက်ပါ ကောင်းကျိုးကိုဖြစ်ထွန်းစေခဲ့သည်မှန်သော်လည်း ဆိုးကျိုးကိုဖန်တီးခဲ့သည်မှာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီးဖြစ်သည်ကို ကမ္ဘာ့သမိုင်းတစ်လျှောက် အဆက်မပြတ်သော ဒေသဆိုင်ရာစစ်ပွဲများ၊ ကမ္ဘာ့စစ်ပွဲကြီးများကိုထောက်ထား၍ သိနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုထိုပညာရပ်များသည် ဆိုးကျိုးများကိုဖြစ်စေခဲ့သနည်းဟူမူ ထိုထိုအတတ်ပညာနှင့်အသိပညာတို့သည် ကိုယ်ကျင့်တရားကို အမြဲတန်းအခြေမပြု ( မဏ္ဍိုင်မပြု ) ခဲ့သောကြောင့်ပင်ဖြစ်သည်။

    မြတ်ဗုဒ္ဓပွင့်တော်မမူမီကာလ ဘီစီခြောက်ရာစုတွင်ပင် လူသားတို့သည် သူတို့၏နေ့စဉ်လူမှုဘဝများအတွက် အဆင့်မြင့်သော အတတ်ပညာများဖြင့် ဖန်တီးနေနိုင်ခဲ့ကြသည်။ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အတတ်ပညာများ၊ ပန်းတိမ် ပန်းတည်း ပန်းဘဲ စသော ပန်းအတတ်ပညာရပ်များ၊ ချည်ထည်အမျိုးမျိုး ပိုးထည်အမျိုးမျိုးတို့ကို ရက်လုပ်နိုင်သော အဝတ်အထည်ချုပ်အတတ်ပညာရပ်များ၊ နက္ခတ္တဗေဒပညာရပ်များ၊ အုပ်ချုပ်ရေးပိုင်းတွင်လည်း ပဒေသရာဇ် ဧကရာဇ်အုပ်ချုပ်မှုပုံစံများ၊ ဝေသာလီနိုင်ငံနှင့်ကုသိနာရုံပြည်တို့ကဲ့သို့ ပါလီမန်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများ၊ ဆေးပညာဘက်တွင်လည်း ဆရာဇီဝကကဲ့သို့ အထွေထွေနှင့်ခွဲစိတ်အထူးကုဆရာဝန်များပေါ်ပေါက်ခဲ့သည်အထိ ပညာရပ်များထွန်းကားခဲ့သည်ကို ပိဋကတ်စာပေတွင် အထင်အရှားတွေ့နိုင်ပေသည်။ အသိပညာပိုင်းအနေဖြင့်မူလည်း များစွာထွန်းကားခဲ့သည်။ မြတ်ဗုဒ္ဓပွင့်တော်မမူမီတွင် အရင်ဘုရားအဖြစ်ကိုခံယူနေကြသောပုဂ္ဂိုလ်ကြီးများမှာ သူ့ခေတ်သူ့အခါအရ အလွန်ထင်ရှားသော အသိပညာရှင်များ သို့မဟုတ် အတွေးအခေါ်ပညာရှင်များဖြစ်ကြလေသည်။ သူတို့၏ အချို့သောအသိနှင့်အတွေးအခေါ်ပညာရပ်တို့သည် မဂ်ဥာဏ်ဖိုလ်ဥာဏ်နှင့်နိဗ္ဗာန်ကိုမရနိုင် မသိနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ  လောကအပေါ်လွှမ်းနိုင်ခဲ့သည်ကတော့
အမှန်ပင်ဖြစ်သည်။ ယနေ့ခေတ်တိုင်အောင်ပင် ဘီစီခြောက်ရာစုကအတွေးအခေါ်ပညာရပ်များကို အိန္ဒိယတက္ကသိုလ်များနှင့်နိုင်ငံတကာတက္ကသိုလ်များတွင် ဒဿနိကဗေဒဋ္ဌာနတို့၌ လေ့လာသင်ကြားနေရဆဲပင်ဖြစ်သည်။ မိမိကိုယ်တိုင်သည်လည်း အိန္ဒိယတွင်ပညာသင်စဉ်ကာလဝယ် Department of Buddhist Studies နှင့် Department of Pali and Prakrit တို့၌ မသင်ယူခဲ့ဘဲ Department of Philosophy ၌သာပညာသင်ယူခဲ့သည်။

   မြတ်ဗုဒ္ဓပွင့်ထွန်းတော်မူလာသောအခါမှသာ အတွေးအခေါ်ပညာရပ်ထက်ကျော်လွန်သော ထိုးထွင်းသိပညာရပ်တို့ကို လူသားတို့သည် သိခွင့် ခံစားခွင့် ကျင့်သုံးခွင့်တို့ လက်ဝယ်ပိုင်ပိုင်ရရှိလာခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ ထိုးထွင်းသိပညာရပ်တို့ကို ယနေ့ဗုဒ္ဓဘာသာ သာသနာဟု  လူအများကသုံးစွဲနေကြသည်။ ယနေ့ကမ္ဘာတွင် အချို့သောပညာတတ်များသည် မြတ်ဗုဒ္ဓ၏ထိုးထွင်းသိပညာရပ်များကို ဒဿနိကဗေဒခေါ် အတွေးအခေါ်ပညာရပ်၌ ထည့်သွင်း၍သင်ကြားနေကြလေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသော သတ်မှတ်ချက်တစ်ခုပင်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ မိမိအိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မဂဓတက္ကသိုလ်တွင် မာစတာတန်းကိုသင်ယူနေစဉ် ဆရာများနှင့် အငြင်းအခုံ အခြေအတင် အကြိမ်ကြိမ်ဖြစ်ခဲ့ရဖူးသည်။ အကြိမ်များစွာထဲက မှတ်မိသမျှ အဖြစ်အပျက်တစ်ခုကိုတင်ပြချင်သည်။ တစ်နေ့ စာသင်ခန်းတွင် မိမိ၏ဆရာဖြစ်သူနှင့် မြတ်ဗုဒ္ဓ၏ဓမ္မအကြောင်းကို ဆွေးနွေးဖြစ်ကြစဉ် " မိမိ၏ဆရာက ဗုဒ္ဓ၏ အတွေးအခေါ်များသည် အလွန်ထူးခြားကြောင်း၊ အိန္ဒိယတွင်ပေါ်ပေါက်ခဲ့ကြသောအတွေးအခေါ်များစွာတို့တွင် ဗုဒ္ဓ၏အတွေးအခေါ်တို့သည် လက်တွေ့ကျပြီး ခေတ်အဆက်ဆက် မမှေးမှိန်ခဲ့ဘဲ ထွန်းတောက်ပနေဆဲဖြစ်ကြောင်း၊ သို့သော် ဟိန္ဒူဘာသာမှလာရှိသည့် အတွေးအခေါ်တို့ကို ဗုဒ္ဓသည်ပြန်လည်ဆန်းသစ်အောင်လုပ်ပြီးတင်ပြခဲ့ကြောင်း" စသည်ဖြင့် မိမိအားပြောပြလေသည်။

   မိမိသည်ဤစကားကိုကြားရသောအခါ ဖြစ်စဉ်အမှန်ကို သိစေရန် ခံစားချက်ပြင်းပြင်းဖြင့် ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။ " မြတ်ဗုဒ္ဓ၏တရားတော်များသည် အတွေးအခေါ်ပညာရပ်များလုံးဝမဟုတ်ပါကြောင်း၊ အကယ်၍ မြတ်ဗုဒ္ဓ၏တရားတော်များသည် အတွေးအခေါ်ပညာရပ်များသာဖြစ်ခဲ့လျှင် မြတ်ဗုဒ္ဓသည် အတွေးအခေါ်ပညာရှင်တစ်ယောက်သာလျှင်ဖြစ်ခဲ့လိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာတွင်ပေါ်ပေါက်ခဲ့ကြသော တရုပ်မှ ကွန်ဖြူးရှပ်စ်၊ လောင်ဇူး၊ အိန္ဒိယမှ ဂျိန်းခေါင်းဆောင် မဟာဝီရနှင့် တိတ္ထိဆရာကြီးများ၊ အနောက်မှ ပိုက်သာဂိုးရပ်စ်၊  ဆိုကရေတီးစ်၊ ပလေတို စသောအတွေးအခေါ်ပညာရှင်တို့နှင့် တစ်တန်းစားထဲဖြစ်သွားနိုင်ကြောင်း၊ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် မည်သည့်သဘောတရားတစ်ခုကိုမျှ တွေးခေါ်ကြံဆ၍ဟောပြောခဲ့ခြင်းမရှိကြောင်း၊ တိုက်ရိုက်ထိုးထွင်းသိသော အရဟတ္တမဂ်ဥာဏ်တော် သဗ္ဗညုတဥာဏ်တော်ဖြင့်သာ ဟောကြားခဲ့ကြောင်း၊ ထို့ကြောင့်မြတ်ဗုဒ္ဓသည် အတွေးအခေါ်ပညာရှင်မဟုတ်ဘဲ အနှိုင်းမဲ့သဗ္ဗညုတဥာဏ်တော်ရှင်သာလျှင်ဖြစ်ကြောင်း၊  မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ပါဠိတော်များတွင် အတက္ကာဝစရော ငါဟောထားသည့်တရားတော်များကို တွေးခေါ်ကြံဆ၍သိနိုင်မည်မဟုတ်ဟု ဟောထားကြောင်း၊ လက်တွေ့မျက်တွေ့နှင့်ဥာဏ်တွေ့တို့ဖြင့် တိုက်ရိုက်ထိုးထွင်းသိထားသည့်အရာတို့ကိုသာဟောကြားထားကြောင်း၊ ထို့ကြောင့် မြတ်ဗုဒ္ဓ၏တရားတော်များကို ဒဿနိကဗေဒဋ္ဌာန၌ ထည့်သွင်းသင်ကြားသည်ကို မိမိတစ်ဦးတည်းအနေဖြင့်လက်မခံနိုင်ပါကြောင်း"  ပြန်ပြောင်းရှင်းပြခဲ့ဖူးသည်။

   ဤနေရာ၌ မိမိအဓိကပြောလိုသည်မှာ ဘီစီခြောက်ရာစုခေတ်သည် လူ့သမိုင်းတွင် မြင့်မားသော အသိပညာစတင်ပေါ်ထွန်းသောခေတ်ဖြစ်သည်ဟု။ တနည်းအားဖြင့် သစ္စာဓမ္မပေါ်ထွန်းသောခေတ်ဟုလည်း ပြောနိုင်ပေသည်။ ဘီစီခြောက်ရာစုမှစ၍ ယနေ့ခေတ် နှစ်ဆယ့်တစ်ရာစုတိုင်အောင်   နှစ်ပေါင်း ၂၆၀၀ ကြာသည်အထိ လူ့သမိုင်းကိုခရီးဆက်ခဲ့ကြရင်း ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာပညာရပ်များ များစွာတိုးတက်လာခဲ့သည်မှန်သော်လည်း မြတ်ဗုဒ္ဓ၏ သစ္စာဓမ္မကို တိုး၍တိုး၍သိသူများ နည်းပါးလာသည်ဟုဆိုက သင့်လျော်မည်ထင်သည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏သစ္စာဓမ္မကို မခံစားတတ်ကြ မသိကြလျှင် သို့မဟုတ် ခံစားတတ်သူ သိသူများနည်းပါးလာလျှင် သို့မဟုတ် မြတ်ဗုဒ္ဓ၏သင်ကြားချက်များနှင့်ဝေးကွာနေကြလျှင်  ယနေ့ပြောဆိုနေသော ကမ္ဘာ့ငြိမ်းချမ်းရေးဟူသည် စာရွက်ပေါ်တွင်သာ ခဏတာ သရုပ်ဆောင်အဖြစ်နှင့် တည်ရှိနေပေလိမ့်မည်။ တကယ်တန်းအသက်ဝင်နိုင်မည်မဟုတ်ချေ။ သို့မဟုတ် မီဒီယာများအတွက်ရေးသားစရာအချက်အလက် တစ်ခုမျှသာ
ဖြစ်နေပေမည်။ ယနေ့ခေတ်သည် အတတ်ပညာများရော အသိပညာများပါ တိုးတက်ထွန်းကားလာသောခေတ်ဖြစ်သည်ကို လူတိုင်းသိကြသည်။ သို့သော် ထိုထိုအတတ်ပညာနှင့် အသိပညာရပ်တို့သည် မြတ်ဗုဒ္ဓ၏ သစ္စာဓမ္မနှင့်မယှဉ်သောအခါ သို့မဟုတ် ကိုယ်ကျင့်တရားကို မဏ္ဍိုင်မပြုသောအခါ လောကအတွက်" ဆေးမဖြစ်ဘဲ ဘေးဖြစ်နေသည်ကများပါသည်။ အားကိုးစရာ အင်အားမဖြစ်ဘဲ ကြောက်မက်ဖွယ်ရာ ကျားပမာလည်းဖြစ်လာခဲ့သည်" ။

   ယနေ့ခေတ် နျူကလီးယားဗုံတစ်လုံး၏တန်ဘိုးသည် မည်မျှကြီးမားမည်ကို မိမိ မသိသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်ပါက လူတစ်သိန်းအတွက် ဆယ်နှစ်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးမြှင့်တင်နိုင်လိမ့်မည်ထင်မိသည်။ ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ခြုံငုံကြည့်ရလျှင် နေ့စဉ် လက်နက်ကြီးငယ် အထူးအဆန်းတို့ကို ထုတ်လုပ်မှု၊ အသုံးပြုမှု၊ အသုံးပြုမှုကြောင့် ပျက်စီးဆုံးရှုံးသွားမှု ကုန်ကျစားရိတ်နှင့် နေ့စဉ်တစ်ကမ္ဘာလုံး၏ စားဝတ်နေရေးအတွက် ပုံမှန် စုစုပေါင်းအသုံးစားရိတ်ကိုနှိုင်းယှဉ်ကြည့်လျှင် 50% 50% ဖြစ်နေမည်ဟု မိမိအနေဖြင့်ထင်မိသည်။ ( သုတေသနအညွှန်းကိန်းများအရ ပြောခြင်းမဟုတ်ဘဲ မိမိ၏ ထင်မြင်ချက်သက်သက်သာဖြစ်ပါသည် )  အကြောင်းမှာ ကမ္ဘာတွင် စစ်ပွဲမဖြစ်သောနေ့ဟူ၍ မိမိမကြားဖူး မဖတ်ဖူးသောကြောင့်ပင်ဖြစ်သည်။ ဒေသအလိုက် လူမျိုးစုအလိုက် နိုင်ငံအလိုက် ဘယ်သောအခါမှ မပြတ်စဲသော စစ်ပွဲတို့သည် အနဲနှင့်အများ အကြီးနှင့်အငယ်သာကွာ၍ နေ့စဉ်စစ်ပွဲများ ဆက်တိုက်ဖြစ်နေခဲ့ကြသည်။ ထိုထိုစစ်ပွဲတို့တွင်လည်း အတတ်ပညာရပ်များနှင့် အသိပညာရပ်များကို အသုံးပြုခဲ့ကြရသည်။ ပြုနေကြဆဲလည်းဖြစ်သည်။ နောင်လည်း အသုံးပြုကြပေအုံးမည်။ ( ဆက်လက်ဖေါ်ပြပါမည် )
  

***ဓမ္မမိတ်ဆွေများ၏အမှာစကား***