Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, January 15, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၀ ) ပညာပါရမီ

အမှန်စင်စစ် ပညာ၏သဘောဟူသည် လောက၏သက်ရှိသက်မဲ့ ဖြစ်စဉ်ဖြစ်ရပ်အားလုံးကို ၎င်းတို့၏သဘာဝအစစ်အမှန်အတိုင်း သိမြင်နားလည်ခြင်းပင်တည်း။ ထိုစကားကိုအနည်းငယ်ချဲ့ပါအံ့။ ကျောင်းများတွင် သက်ဆိုင်ရာဘာသာရပ်များကို သင်ယူကြရ သင်ကြားပေးကြရ၏။ အဘယ်အတွက်နည်း၊ သက်ဆိုင်ရာဘာသာရပ်၏ မူလသဘောသဘာဝအစစ်အမှန်ကို သိမြင်နားလည်ရေးအတွက်ပင်တည်း။ မှန်၏။ ဝိဇ္ဇာဘာသာရပ်များကိုသင်ခြင်းသည် ထိုဝိဇ္ဇာဘာသာရပ်များ၏သဘောကို သူ့သဘာဝအတိုင်းသိနားလည်ဘို့ဖြစ်သကဲ့သို့ သိပ္ပံဘာသာရပ်များကိုသင်ခြင်းသည်လည်း ထို့အတူပင်ဖြစ်၏။ သို့ဆိုလျှင် ကျောင်းများတွင်သင်သော ဘာသာရပ်များသာလျှင် ပညာရေးဖြစ်သလော၊ သို့မဟုတ် ကျောင်းပညာရပ်မှတစ်ပါး အခြားသော မိမိပတ်ဝန်းကျင်တွင် တွေ့ကြုံ မြင်ကြား ထိသိနေရသော လောကဖြစ်စဉ် လူမှုရေးဖြစ်စဉ်စသည်တို့သည်လည်း ပညာရေးမဟုတ်လေသလော။ သေချာစွာစေ့ငုကြည့်ပါက  လောက၏နယ်ပယ်တိုင်း အရာရာတိုင်း အဆင့်တိုင်းတွင် ယူတတ်ပါက ပညာရပ်များစွာရှိ၏။ ယနေ့ပညာရပ်အားလုံးသည် လောကထဲမှရယူလာသော ပညာရပ်များပင်မဟုတ်ပါလော။ အမှန်စင်စစ် လောကော သတ္တာနမာစေရော ဟူသောစကားအရ လောကကြီးသည် သတ္တဝါအားလုံး၏ ဆရာဖြစ်၏။ ထိုလောကဆရာထံမှ သင်ယူစရာများ မကုန်နိုင် မခန်းနိုင်ရှိ၏။ မှန်၏။ ယနေ့ ပညာရှင်ဆိုသူများနှင့် ပညာရှာမှီးကြသူများသည် ပညာကိုအဘယ်မှရသနည်း။ လောကထံမှ လောကထဲမှရ၏။ လောကဟူသောဆရာထံမှသင်ယူကြရ၏။ အများသိကြသည့်အတိုင်း လောကသည် သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက ဟူ၍သုံးပါးရှိ၏။ ထိုသုံးပါးတွင် သတ္တလောကဖြစ်သည့် သက်ရှိသတ္တဝါများထံမှလည်း ပညာများရ၏။ ရန်သူထံမှလည်း ပညာရနိုင်၏။ ချစ်သူထံမှလည်း ရနိုင်ပြန်၏။ အနိမ့်နှင့်အမြင့် ချမ်းသာနှင့်ဆင်းရဲ ပညာရှိနှင့် ပညာမဲ့ ဂုဏ်ရှိနှင့် ဂုဏ်မဲ့ အာဏာရှိနှင့် အာဏာမဲ့ စသည့်စသည့် အလွှာမျိုးစုံတို့ထံမှလည်း ပညာများရယူဆည်းပူးနိုင်၏။ ယူတတ်ဘို့ ယူနိုင်ဘို့သာ ပဓာနဖြစ်၏။ ထို့ပြင် တိရစ္ဆာန်များထံမှသော်လည်းပညာရနိုင်၏။ အထင်ရှားဆုံး ဥပမာပြရလျှင် မုဆိုးဆိုင်သင် ဟူသောစကားအရ ဆိုင်ဟူသောတိရစ္ဆာန်၏ အပြုအမူများမှ မုဆိုးလိုက်နည်းပညာကိုရနိုင်၏။ ပုရွက်ဆိတ်ကလေးများ စည်းလုံးညီညွတ်စွာ အစာရှာဖွေစုဆောင်းမှုကိုကြည့်၍ သူတို့ထံမှ ညီညွတ်ရေးစိတ်ဓါတ်များ ချစ်ခင်ရေးနှလုံးသားများ အတ္တမာနစွဲကင်းကင်းဖြင့် အပြန်အလှန်အမှီပြုကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်ခြင်း စိတ်ဓာတ်များကိုရနိုင်၏။ ပျားကောင်များ သူတို့၏အုံကို အသက်ပေး၍သတ္တိရှိရှိ ကာကွယ်ကြပုံကိုကြည့်၍ အမျိုးသားရေးစိတ်ဓါတ်များ ဇာတိသွေး ဇာတိမာန်များ ရယူပေါက်ဖွားနိုင်၏။ လူသားအချင်းချင်းထံမှ ပညာများလက်ဆင့်ကမ်းကာ ရယူခဲ့ကြ၊ ရယူနေကြသည်ကိုကား အထူးပြောဖွယ်မလိုတော့ပေ။ နတ်ဗြဟ္မာများထံမှလည်း အသိပညာများရယူနိုင်ပြန်၏။ ထို့ပြင် သင်္ခါရလောကဖြစ်သည့် ပြုပြင် ဖန်တီး ပြောင်းလဲ ဖြစ်ပျက်ဟူသောသက်ရှိသက်မဲ့တို့၏ ဖြစ်စဉ်ဖြစ်ရပ်များမှလည်း ပညာများရယူနိုင်ပြန်၏။ ယနေ့ကျောင်းများတွင် ပြဋ္ဌာန်းထားကြသော ဘာသာရပ်များကိုကြည့်လျှင် အများစုသည် သင်္ခါရလောကမှ ထုတ်ယူထားကြသည့် ပညာရပ်များဖြစ်သည်ဟု မိမိနားလည်မိ ခံယူမိ၏။ ထို့ပြင် ဩကာသလောကဖြစ်သည့် တိရစ္ဆာန်တို့၏ နေရာဘုံဌာန လူတို့၏နေရာဘုံဌာန ငရဲ နတ်နှင့် ဗြဟ္မာတို့၏နေရာဘုံဌာနများမှလည်း ပညာရပ်များရယူနိုင်၏။ ပညာရပ်မှန်သမျှကို ထိုလောကသုံးပါးထဲမှ ရနိုင်ယူနိုင်၏။ ထိုလောကသုံးပါးထဲတွင် ပညာရပ်မှန်သမျှ အားလုံးရှိ၏။ လောကီပညာရပ်များကိုသာမက လောကုတ္တရာပညာရပ်များကိုပါ ထိုးထွင်းသိမြင်ဘို့အရေးတွင်လည်း ထိုလောကသုံးပါးကို သဘာဝအတိုင်းသိမြင်အောင် အားထုတ်ကြရ ကြိုးစားကြရ၏။ ထိုသို့သိမြင်အောင် ပညာပါရမီကိုဖြည့်ကျင့်ခြင်းဖြင့် ထိုလောကသုံးပါးအကြောင်းကို သိစရာမှန်သမျှ တစ်စမကျန်ရအောင် အကုန်အစင် သဘာဝအတိုင်းသိမြင်တော်မူသောကြောင့်လည်း လောကဝိဒူ ဟူသောဂုဏ်တော်ကို ဘုရားရှင်ပိုင်ဆိုင်တော်မူခြင်းဖြစ်ပါ၏။ ထိုလောကသုံးပါးထက် သိစရာဘာများရှိပါသေးသနည်း။ ဘာဆိုဘာမျှမရှိတော့။ ပညာသင်ခြင်းဟူသည် ထိုလောကသုံးပါးကိုသဘာဝအတိုင်းသိမြင်အောင် သင်ယူနေကြခြင်းဖြစ်၏။ ဤအချက်ကိုပင် အသေးစိတ်ခွဲခြမ်း၍ ဘာသာရပ်အမျိုးမျိုးအဖြစ်သတ်မှတ်ထားကြခြင်းပင်ဖြစ်၏။ မိမိဆိုလိုသည်မှာ ကျောင်းများတွင်သင်သော ဘာသာရပ်များသည်သာ ပညာရေးမဟုတ်၊ ကျောင်းပြင်ပတွင်လည်း ယူတတ်ပါက မကုန်နိုင်မခမ်းနိုင်သော ပညာရပ်များရှိ၏ဟု ဆိုလိုခြင်းဖြစ်ပါ၏။ ယခုလောလောဆယ် အနီးကပ်ဆုံးဥပမာကိုပြရလျှင် မိုက်ကရိုဆော့ဖ်ကုမ္မဏီပိုင်ရှင် သူဌေးကြီးဘီလ်ဂိတ်သည် ကျောင်းပညာရေး မပြီးဆုံးခဲ့။ သို့သော် သူ၏ ကျောင်းပြင်ပတွင်ရှာဖွေထားသောပညာစွမ်းအားကြောင့် ယနေ့ အောင်မြင်နေသည်မှာ အထင်အရှားပင်ဖြစ်၏။ ထို့ပြင် မကြာမီကကွယ်လွန်သွားသော အက်ပ်ပဲကုမ္မဏီ၏ အမှုဆောင်အရာရှိချုပ် ဗုဒ္ဓဘာသာဘုန်းကြီးလူထွက် စတိပ်ဂျော့ဘ်သည်လည်း ကျောင်းပညာရေးပြီးဆုံးခဲ့သူမဟုတ်ချေ။ သမိုင်းကို အနည်းငယ်ဆန့်ကြည့်လျှင် အမေရိကားမှ နာမည်ကျော် သမတဟောင်း အေဗရာဟန်လင်ကွန်း၊ မိမိတို့ဗမာပြည်မှ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်တို့သည်လည်း ကျောင်းပညာရေးပြီးခဲ့သူများမဟုတ်ကြ။ သို့သော် လောကအတွက် သူတို့ရှာဖွေထားကြသောပညာများဖြင့် တာဝန်ကျေအောင်ထမ်းဆောင်ခဲ့ကြ ပေးဆပ်ခဲ့ကြသူများပင်တည်း။ ဂုဏ်ပြုအတုယူ အားကျထိုက်ပေစွတကား။ ထို့ကြောင့် ပညာသာလွန်သူသည် အရာရာကိုသိက္ခာရှိစွာ လွှမ်းမိုးနိုင်၏။ ထိုပညာဖြင့်လွှမ်းမိုးနိုင်ခြင်းသည် ရေရှည်ခိုင်ခံ့၏။ တည်တံ့၏။ ခိုက်ရန်ကင်း၏။ ပညာရှင်သည် အများကကြည်ဖြူစွာပေးသောနေရာကို သိက္ခာရှိစွာလက်ခံရယူ၏။ အာဏာရှင်သည် သူ၏နေရာအတွက် မတရားနည်းဖြင့် လုယူ၏။ ဤသို့ကွာချင်တိုင်းကွာခြားလှတော့၏။ ထို့ကြောင့်ပင် ဘုရားရှင်သည် ပညာရဘို့အရေးကိုသာ တိုက်တွန်းတော်မူခဲ့၏။ နည်းလမ်းပြတော်မူခဲ့၏။ လောက၏ကြီးပွါးရေး စီးပွါးရေးနယ်ပယ်တွင်သာမက လောကုတ္တရာနယ်ပယ်တိုင်အောင်  (သီလကိုအခြေခံသော) ပညာကိုသာ အသုံးပြုရန်ညွှန်ကြားတော်မူခဲ့၏။ အနှိုင်းမဲ့တန်ခိုးရှင်ဖြစ်တော်မူသော်လည်း တန်းခိုးပြခြင်းကို မဖြစ်မနေလိုအပ်မှသာပြတော်မူခဲ့၏။ သူ၏ တပည့်သားသံဃာတော်တို့ကိုလည်း တန်းခိုးမပြရန် ပညတ်ပိတ်ပင်ထားတော်မူ၏။ ပိဋကတ်စာပေတွင် မိမိတွေ့မိသလောက် ဘုရားရှင်သည် တန်ခိုးပြသည့်အကြိမ်အလွန်နည်းပါးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် တန်ခိုးပြခြင်းကိစ္စတွင် အတုအယောင်များ အကြံအဖန်များ လိမ်ညာလုပ်ကိုင်စားသောက်လိုသူများ သာသနာတော်ကိုတန်ခိုးတုများဖြင့် ဖျက်ဆီးမည့်သူများ ဖြစ်လာဘွယ်ရှိသောကြောင့်ပင်တည်း။ အထူးသဖြင့် ပညာသည်မည်မျှအရေးပါ၍ မည်မျှသာလွန်သည်ကို သာဓကပြရလျှင် အထင်ရှားဆုံးမှာ ဘုရားရှင်ပင်တည်း။ အဘယ်ကြောင့်ဘုရားဖြစ်သနည်း။ အဓိကအားဖြင့် ပညာကြောင့်ဘုရားဖြစ်၏။ တန်ခိုးအဓိကကြောင့်မဟုတ်ချေ။ အဘယ့်ကြောင့် ရဟန္တာဖြစ်သနည်း။ ပညာကြောင့်ပင်တည်း။ အဘယ့်ကြောင့် သံသရာမှအဆုံးတိုင်ထိ အပြီးအပြတ်လွတ်မြောက်နိုင်သနည်း။ ပညာကြောင့်ပင်တည်း။ ထိုပညာဟူသည် ယနေ့သင်ကြားနေကြသော ကျောင်းပညာရေးများမဟုတ်။ အဟုတ်အစစ်ကား မဂ်ပညာ ဖိုလ်ပညာတို့ပင်ဖြစ်သတည်း။ ထို့ကြောင့် လောကီသံသရာတွင် ကျင်လည်စဉ် သိက္ခာရှိစွာ ဂုဏ်ယူထိုက်စွာ မြတ်နိုးထိုက်စွာ ထိပ်တန်းသို့ရောက်စေနိုင်သည်မှာလည်း ပညာပင်တည်း။ ထိုလောကီမှလွတ်မြောက်၍ လောကုတ္တရာသို့ရောက်စေနိုင်သည်မှာလည်း ပညာပင်တည်း။ ထို့ကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာနှစ်ဘဝတွင် ပညာသည်အရေးပါလှ၏။ ပညာရရေးအလေးပေးသင့်လှ၏။ ပညာကြောင့်ပင် မိမိတို့ထက်အပြေးမြန်သော မြင်းကိုထိန်းကျောင်းကာ မောင်းနှင် တက်စီးနိုင်ခဲ့၏။ မိမိတို့ထက် အားကြီးသောဆင်ကို ခိုင်းစားနိုင်၏။ ပညာ၏ အကျိုးအမြတ်တို့မှာ များပြားလှစွာ၏။ ဤအကြောင်းအရာများကို အခန်း ၁၉ တွင်တော်တော်များများရေးခဲ့ပြီးဖြစ်ပါ၏။ ပညာနှင့်ပတ်သက်၍ ပိဋကစာပေတွင် ဤသို့အဓိပ္ပယ်ဖွင့်ဆိုကာ အဆင့်သတ်မှတ်လေ၏။ ဆက်ရန်.......

***ဓမ္မမိတ်ဆွေများ၏အမှာစကား***