Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Tuesday, July 22, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၆ )


"ပြည့်အင်အားဟူသည် "
Finland နိုင်ငံတွင် Car parking မရှိသော အချို့ ကုန်တိုက်ကြီးများသည်
 မြို့ ပြင်သို့ထွက်ကြသည်။ Car parking ရှိသောအချို့ ကုန်တိုက်ကြီးများသည်သာ
 မြို့ တွင်းတွင်ရှိပါသည်။
 မြိ့ ပြင်တွင်ရှိသောကုန်တိုက်ကြီးများသည် ပစ္စည်းအမျိုးအစားလည်းစုံလင်သလို ကားရပ်နားရန်နေရာလွတ်သည်လည်း အလျှံပယ်ပင်ဖြစ်၍ ဈေးဝယ်သူများလည်း စိတ်ချမ်းသာ လွတ်လပ်စွာ ဝယ်ယူနိုင်ကြသည်။ ထို့ကြောင့် တစ်ခါတစ်ရံ
လိုအပ်သောပစ္စည်းကိုရနိုင်ရေးအတွက် မြို့ ပြင်သို့ထွက်၍ ဈေးဝယ်ကြရသည်။
 ဈေးတစ်ခုကိုတည်ဆောက်လျှင် ဈေးသက်သက်ကိုသာ မစဉ်စားဘဲ ဈေးဝယ်သူတို့၏ ကားရပ်နားစရာနေရာပါထည့်သွင်းစဉ်းစားသည့်ဥပဒေကား ခိုင်မာ၍နေပေပြီ။ ထို့အတူ အစိုးရရုံးများသို့သွားလျှင်လည်း ရုံးတိုင်းတွင် Car parking ရှိလေသည်။ အကယ်၍ နေရာလွတ်မရှိလျှင် ရပ်ခွင့်မရှိပေ။ ရပ်နားရန်သတ်မှတ်ထားသော မျဉ်းကြောင်းအတိုင်းသာ ယာဉ်များ ရပ်နားကြရသည်။ ဆောက်လုပ်ရေးကုမ္မဏီမှဖြစ်စေ အစိုးရမှဖြစ်စေ လူနေအိမ်ရာများဆောက်လုပ်လျှင်လည်း Car parking သည် မရှိမဖြစ်ထည့်သွင်းရသည်။ မထည့်သွင်းဘဲ ဆောက်လုပ်ခွင့်မရှိပေ။ အဆိုပါ Car parking သည် ဆောက်လုပ်ရေးအိမ်ယာမှ အခန်းနှင့်အညီအမျှသာရှိသည်မဟုတ်ဘဲ ဧည့်သည်ယဉ်များအတွက်လည်း သီးသန့် Car parking ထည့်သွင်းတည်ဆောက်ကြရသည်။ ထို့ကြောင့်ပင် စည်းကမ်းမဲ့စွာ လမ်းဘေးတွင်ယာဉ်ရပ်နားထားခြင်းမျိုးလည်း မရှိုတော့သည့်အပြင် ယဉ်ကြောပိတ်ဆို့မှုနှင့်အများပြည်သူတို့၏ သွားလာရေးကိုလည်း အနှောက်အယှက်မဖြစ်တော့ပေ။
 မြို့ သစ်တစ်ခုကိုတည်ဆောက်လျှင်လည်း လူနှင့်ပတ်သက်၍ လိုအပ်သောအရာမှန်သမျှ ထည့်သွင်းစဉ်းစားကာတည်ဆောက်ပေးရသည်။ ဥပမာ ကျမ္မာရေး ပညာရေး ရေမြှောင်း လျှပ်စစ်မီး လမ်း စသည်တို့ကို စနစ်တကျ ရေရှည်ခိုင်ခံ့အောင် တည်ဆောက်ပေးသည်။ လယ်ယာမြေကို အဓမ္မသိမ်း၍ အကွက်ရိုက်ရောင်းစားခြင်းသက်သက်မျှသာဖြစ်ပြီးလျှင် လူထုအတွက်မည်သည့်လိုအပ်ချက်ကိုမျှ ထည့်သွင်းမစဉ်းစားသည့် မြို့ သစ်တည်ဆောက်မှုမျိုး အလျဉ်းမရှိချေ။ ကိုယ်ထူကိုယ်ထလမ်းဟူ၍လည်း လုံးဝမရှိ မသိ မကြားဘူးကြသလို ကိုယ်ထူကိုယ်ထလျှစ်စစ်မီးတပ်ဆင်ခြင်းဟူသည်မှာလည်း သူတို့အဖို့ဒဏ္ဍာရီသဖွယ်သာဖြစ်ပေလိမ့်မည်။ 

   ဘတ်စ်ကားစီးလျှင်လည်း အချိန်တိတိကျကျစီးနိုင်သည်။ ဘတ်စ်ကားစီးဘို့အတွက် လမ်းထွက်၍ကားမှတ်တိုင်တွင် ကြိုတင်စောင့်နေစရာမလိုချေ။ မသွားခင် အိမ်တွင် မိမိသွားမည့်နေရာကို အင်တာနက်တွင် ရှာဖွေကြည့်လိုက်လျှင် ဘယ်ဘတ်စ်ကားက ဘယ်အချိန် ဘယ်မိနစ်တွင် ဘယ်ကားမှတ်တိုင်၌ ဆိုက်ရောက်မည်ဆိုသည်ကို မိနစ်ပိုင်းအတွင်းသိနိုင်သည်။ ထို့ကြောင့် အချိန်ကိုအလဟဿမကုန်ဆုံးစေရဘဲ မိမိသွားလိုသောနေရာသို့ အချိန်တိကျစွာရောက်နိုင်သည်ဖြစ်၍ စိတ်ချမ်းသာရသည်။ လမ်းဘေးတွင် ကားရပ်၍ရသော နေရာများလည်း ရှိသည်။ သို့သော် အချိန်သတ်မှတ်ချက်ကိုကျော်လွန်၍မရ။ နေရာအလိုက် ရပ်နားနိုင်သည့်အချိန် သတ်မှတ်ချက်ကွာခြားသည်။ လမ်းဘေးတွင် စည်းမဲ့ကမ်းမဲ့ရပ်ထားသော ကားများလည်း မရှိ၊ အကယ်၍ ရှိပါကလည်း ယဉ်စည်းကမ်းဥပဒေကိုချိုးဖောက်သောနည်းလမ်းများကို အသုံးမပြုဘဲ တိတိကျကျ ထိရောက်စွာအရေးယူသဖြင့်လမ်းစည်းကမ်းသည် တည်ငြိမ်နေတော့သည်။
ထို့ပြင် အချို့ မီးပွိုင့်များသည် သတ်မှတ်သည့်အချိန်စေ့မှသာ စိမ်း ဝါ နီ ကိုပြသည်မဟုတ်ပါ။
အကယ်၍ မိမိကားရှေ့ တည့်တည့်တွင် မီးနီပြရမည့်အချိန်ဝယ် တစ်ဖက်မှမီးစိမ်းပြ၍ ဖြတ်ကူးသွားမည့်ကားမရှိပါက ( ကားရှင်းနေလျှင် )
မိမိ၏ ရှေ့ တည့်တည့်မှမီးပွိုင့်သည် အနီမပြတော့ဘဲ အလိုအလျောက် မီးစိမ်းပြကာ
 လွှတ်ပေးလိုက်သည်ကို အံ့သြစွာကြုံရဖူးသည်။  ယာဉ်ထိန်းရဲမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ အလိုအလျောက် ဆောင်ရွက်သော စနစ်ဖြစ်သည်။ စင်္ကာပူတွင်ရောက်စဉ်ကလည်း ယာဉ်စည်းကမ်းအလွန်ကောင်းသည်ကို သတိပြုမိသည်။ အမှန်စင်စစ် စင်္ကာပူတွင်လည်း ယာဉ်အသွားအလာများလွန်းလှပါသည်။ သို့သော် မည်သည့်နေရာတွင်မျှ ယာဉ်ကြောပိတ်ဆို့မှုမရှိပါချေ။ နေရာကျဉ်းကျဉ်းလေးဝယ် အရာရာအချိုးကျ သဟဇာတဖြစ်ကာ ဟန်ချက်ညီအောင် စီမံနိုင်သည့်စွမ်းပကားကို ချီးကျူးအံ့သြမိသည်။
 ဆောင်းပါး၏အခန်း ( ၅ ) တွင်ရေးခဲ့သည့်အတိုင်း ရာသီဥတု၏ ငဲ့ညှာမှုကင်းမဲ့စွာ ဖိစီးနှိပ်စက်မှုကိုခံကြရသော်လည်း လူသားတို့တည်ဆောက်ထားသော လူမှုစနစ် ကောင်းမွန်မှုကြောင့်
 ရာသီဥတု၏ရက်စက်မှုဒဏ်ကိုလည်း မခံရတော့။
 အေးခဲလွန်းသော ဆောင်းသည် Finland နိုင်ငံ၏သဘာဝအလှအမှတ်တံဆိပ်ပင်ဖြစ်သွားတော့သည်။ 

  အရင်းစစ်တော့ အမြစ်မြေကဆိုသလို လူ့အဖွဲ့အစည်းတစ်ခုသည် ဤကဲ့သို့စည်းကမ်းရှိစွာ သွားလာနေထိုင်တတ်ခြင်းသည် ခေါင်းဆောင်တို့၏ ခေါင်းဆောင်မှုအရည်အသွေးကောင်းမွန်ခြင်းသည် ပဓာနကျသောအချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
အကြောင်းမှာ ခေါင်းဆောင်မှုဟူသည်
တန်ဘိုးများကို လက်တွေ့ဆောင်ရွက်မှုအဖြစ်ပြောင်းယူခြင်း ( Transform values into action )
 ကြည်လင်သောအနာဂတ်အမြင်များကို လက်တွေ့အစစ်အမှန်ဖြစ်စေခြင်း ( Visions into realities ) အခက်အခဲများကို မွမ်းမံပြင်ဆင်ပေးခြင်း ( Obstacles into innovations )
 ကွဲပြားခြားနားမှုများကို တစ်စုတစ်စည်းတည်း စုစည်းခိုင်မာစေခြင်း ( Seperateness into solidarity ) တို့ဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်ဟု မိမိဖတ်မှတ်ရဖူးသည်။ ဖတ်မှတ်ဖူးသည့်အတိုင်းလည်း ယုံကြည်ပါသည်။ ဤကဲ့သို့ စွမ်းဆောင်နိုင်သော ခေါင်းဆောင်များကိုလည်း ဤနိုင်ငံလူထုက သတ္တိရှိရှိရွေးချယ်နိုင်ခဲ့ကြသည်။
ထို့ကြောင့် အရာရာ၏ တိုးတက်မှုနှင့်ဆုတ်ယုတ်မှုသည် ခေါင်းဆောင်တို့၏
 ခေါင်းဆောင်မှုတစ်ခုတည်းတွင်သာ မူတည်သည်မဟုတ်ပါဘဲ ခေါင်းဆောင်ရွေးချယ်သူတို့၏ အသိဥာဏ်နှင့်သတ္တိသည်လည်း အလွန်အရေးကြီးသောကဏ္ဍတွင်ရှိပါကြောင်း သတိပြုသင့်ကြသည်။ တနည်းဆိုရသော် ပြည်သူတို့၏ ပညာအားနှင့်သတ္တိအားသည်သာ ပို၍အဓိကကျသည်ဟုဆိုလျှင်လည်း မှားမည်မထင်ပါ။ အကြောင်းမှာ အဆိုပါအင်အားတို့သည်သာ ခေါင်းဆောင်ကောင်းကို ရွေးချယ်ပေးနိုင်၍ မကောင်းသူကိုပယ်ရှားနိုင်သောကြောင့်ပင်ဖြစ်သည်။ အဆိုပါ ပြည်သူတို့၏ ခေါင်းဆောင်ကောင်းကိုရွေးချယ်နိုင်သော အသိဥာဏ်နှင့်သတ္တိကြောင့် ပြည်သူကို အူမ မတောင့်စေဘဲ ဝမ်းစာနှင့်သာနပမ်းလုံးခိုင်းထားသော နိုင်ငံရေးစနစ်ဆိုးသည်လည်း သမိုင်းတွင် ရယ်စရာဟာသတစ်ခုအဖြစ်ဖြင့် ဤနိုင်ငံ (Finland) ဝယ် ကျန်ရစ်ခဲ့လေပြီ။ ပြည်ဖုံးကားချခဲ့ပြီးလေပြီ။ တနည်းဆိုသော် ပြည်သူတို့၏ အသိဥာဏ်ပညာနှင့်သတ္တိအားသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၏ အမြုတေရတနာအစစ်ပင်ဖြစ်သည်။ ပြည့်အင်အားဟူသည် ထိုအသိဥာဏ်ပညာနှင့်
သတ္တိတို့သာဖြစ်သည်။ ( ဆက်ရန် )



Sunday, July 20, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၅ )


 "တရားဥပဒေစိုးမိုးပါစေ "
ဖင်းလူမျိုးတို့စားသုံးကြသည်မှာ အဓိကအားဖြင့် ဂျူံ အားလူး အသီးအရွက်နှင့်အသားငါးများဖြစ်သည်။ ဆန်ကိုစားကြသော်လည်းအနည်းငယ်သာဖြစ်သည်။ ဟင်းသီးဟင်းရွက်တို့ဈေးကြီးသော်လည်း အသားငါးက ဈေးပေါသည်။ အကြောင်းမှာ ဟင်းသီးဟင်းရွက်စိုက်၍မရလောက်အောင် အေးသောကြောင့်ပင်ဖြစ်သည်။ အကယ်၍ စိုက်ပျိုးလျှင်လည်း အပူပေးရုံကြီးများတည်ဆောက်၍ စိုက်ရသဖြင့် အကုန်အကျများလေသည်။  (organic horticulture ) သဘာဝမြေသြဇာသုံး စိုက်ပျိုးရေးအတတ်ပညာနှင့်စိုက်ပျိုးရောင်းချသဖြင့် ကျမ္မာရေးအတွက်သင့်တော်သော်လည်း ပြည်ပမှတင်သွင်းလာသောစားသုံးကုန်များထက် ဈေးလည်းပို၍ကြီးလေသည်။ အပူပေးရုံကြီးများမတည်ဆောက်ဘဲ မြေပြင်တွင်အလွတ်စိုက်ပျိုး၍ရနိုင်သောကာလမှာ မေလမှသြဂုတ်လအထိ လေးလသာရှိသည်။ ထိုလေးလအတွင်းတွင်သာ ဂျုံများ အချို့ အသီးအနှံများနှင့် မွေးမြူရေးနွားများအတွက် မြက်များကို စိုက်ပျိုးကြသည်။  စက်တင်ဘာလတွင်အအေးဓာတ်ဝင်လာသောကြောင့် သစ်ပင်များမှ သစ်ရွက်များရွှေဝါရောင် သင်္ကန်ကိုဆင်မြန်းကုန်ကြတော့သည်။ ရော်ရွက်ဝါတို့ မြေခကြတော့မည့် အရိပ်လက္ခဏာပင်ဖြစ်သည်။  အောက်တိုဘာလရောက်လျှင် ရွှေဝါရောင်ရွက်ဟောင်းလေးများအားလုံးမြေခကြရတော့သည်။
 မြေပြင်တွင် လေနှင်ရာလူးလွန့်ခွင့်မရကြတော့ဘဲ အေးခဲသောနှင်းဖွေးဖွေးများအောက်တွင် သဂြိုဟ်မြှုတ်နှံခြင်းကို ခံကြရပြန်လေဦးမည်။ ထို့ပြင် ရွက်ဟောင်းတို့ကြွေကျပြီးသော သစ်ပင်များသည် ရွက်သစ်တို့ဖြင့်တဖန်ထပ်၍ အလှဆင်နိုင်ရန် ပုရစ်ဖူးတို့လည်း ဖူးခွင့်မရကြတော့ပြီ။ အေးခဲလှသောဆောင်းနှင်းအောက်ဝယ် အရွက်ဗလာ ရိုးတံညှာသက်သက်ဖြင့်သာ အနှုတ်အမှတ် ပုံမှန်အားဖြင့် ၁၅ မှ ၂၀ ဒီဂရီစင်တီဂရိတ်ရှိသော ( ဒေသအလိုက် ရာသီဥတုကွာခြားတတ်သည်၊ တစ်ခါတစ်ရံ အနှုတ် ၂၉ / ၃၀ အထိရှိတတ်သည် ) ဆောင်းဒဏ်ကို သစ်ကိုင်းခြောက်များအသွင် အထီးကျန်စွာခံကြရတော့သည်။ အကြင်နာမဲ့သော ဆောင်းသည် သစ်ပင်ပန်းမာလ်တို့၏သဘာဝအလှတရားကို ရက်စက်စွာဖျက်ဆီးလိုက်တော့သည်။ 

  နွေရာသီတွင် ပိတ်ပိတ်ပိန်းကာစိမ်းစိုနေသော တောကြီးများသည် ဆောင်းရာသီရောက်သောအခါ ပင်စည်နှင့်သစ်ကိုင်းများသာကျန်ရှိတော့သဖြင့် တောတောင်အားလုံးသည် ဟင်းလင်းပွင့်နေကြသည်။ စတုဒိသာပတ်ဝန်းကျင်တွင် ဖြူဖွေးအေးခဲနေသော နှင်းပုံတို့သည်သာ
( ၆ ) ခြောက်လလောက်ကြာသည်အထိ မင်းမှုနေတော့သည်။ ၎င်းနှင်းတို့သည် မေလလယ်လောက်ရောက်မှသာလျှင် အရည်ပျော်စီးခြင်းဖြင့် နှုတ်ဆက်ထွက်ခွါသွားကြတော့သည်။ ထိုအခါမှသာ သစ်ပင်တို့သည် သူတို့၏ ခန္ဓာပင်စည်ကို ရွက်သစ်တို့ဖြင့်တဖန်ပြန်၍ အလှဆင်နိုင်ရန် ပုရစ်ဖူးသော အညွန့်ဦးလေးများဖြင့် စတင်ခေါင်းပြူလာကြသည်။ နွေရာသီ၏ နေရောင်နှင့်အပူဓာတ်သည် ရွက်နု အဖူးနု အပွင့်နုနှင့် အသီးနုတို့ကို ကြင်နာငြင်သာစွာ ကြိုဆိုလိုက်ကြသဖြင့် နွေဦး၏အလှသည် ပို၍သစ်လွင်လာကာ ချစ်ခင်စရာသဘာဝအလှဖြင့် တင့်တယ်နေပေတော့သည်။ ဂျွန်လရောက်လျှင် သစ်ပင်တောတောင်တို့ပြန်လည်စိမ်းလန်းလျှက် နိုင်ငံကိုသဘာဝဖြင့် အလှဆင်လိုက်သကဲ့သို့ရှိသည်။ အေးခဲသောနှင်းများကင်းစင်၍ ပွင့်လင်းသောနွေရာသီသို့ရောက်သည်ဆိုလျှင် လူများလည်းအိမ်တွင်းတွင်သာ ခိုအောင်းမနေကြတော့ဘဲ အပြင်သို့ထွက်လာကြတော့သည်။   
  
  အကယ်၍ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လိုပါက လုပ်ငန်းစီမံချက်ကို ဥပဒေနှင့်အညီလုပ်ထုံးလုပ်နည်းကျကျ အစိုးရကိုတင်ပြလျှင် အစိုးရမှငွေချေးပေးသည်။ စိုက်ပျိုးရေးအတတ်ပညာ ဘယ်အဆင့်ထိတတ်မြောက်ကြောင်းကိုပါပူးတွဲတင်ပြရသည်။  အကယ်၍ အရှုံးပေါ်သောကြောင့် အကြွေးပြန်မဆပ်နိုင်လျှင်လည်း တိကျသောအထောက်အထားဖြင့် တင်ပြပါက ထိုအကြွေးသည် ကြွေးပူမဖြစ်တော့ဘဲ ကြွေးအေးဖြစ်သွားသည်။ အစိုးရမှ အပြစ်ပေးအရေးယူခြင်းမျိုး မပြုလုပ်ချေ။ ရွှေပြည်မှာကဲ့သို့ အမှန်တကယ်  အကြွေးမဆပ်နိုင်သော လယ်သမားများကို ကရုဏာရှေ့ ထား၍ သက်ညှာစွာ ထမင်းတစ်နပ်လျှော့၍စားခိုင်းသောသတင်းမျိုးကို ဖင်းလူမျိုးတို့သာကြားသိပါက အံ့သြမဆုံးဖြစ်မိမှာ သေချာသည်။  ကြွေးအေးဖြစ်၍ အရေးမယူဟုဆိုသော်လည်း လိမ်လည်တင်ပြ၍တော့မရ။ လိမ်လည်မှု ရှိ/ မရှိကိုလည်း စနစ်နှင့်နည်းပညာအားကောင်းသောကြောင့် အစိုးရကအလွယ်တကူပင်သိနိုင်လေသည်။ အကယ်၍ အလိမ်မိသွားလျှင်လည်း သူ့ဘဝသည် ထိုအမဲစက်အစွန်းအထင်းကြောင့် နောက်ထပ်လုပ်ငန်းများဆက်လက်လုပ်ဆောင်ဘို့မလွယ်ကူတော့ချေ။ အကြောင်းမှာ လိမ်လည်ခြင်းပြစ်မှုကို ကျူးလွန်ထားကြောင်း မှတ်တမ်းသည် သူ၏ Identity card တွင် တစ်သက်တာချေဖျက်၍မရနိုင်တော့ဘဲ ဝင်ရောက်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အမဲစက်ကိုမျှ မစွန်းထင်းမိစေရန် ဤနိုင်ငံတွင် အထူးသတိပြုကျင့်သုံးနေထိုင်ကြရသည်။ ထို့ပြင် ဤနိုင်ငံတွင် လုပ်ငန်းတစ်ခုခုအတွက် ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း ရဲစခန်းနှင့်ရပ်ကွက်တို့မှ ထောက်ခံချက်လည်းမလိုပါ။ မည်သည့်ကိစ္စပဲလုပ်လုပ် ကိုယ်ပိုင် indentity card ကို စက်တွင်ထည့်ကြည့်လိုက်ရုံမျှဖြင့် သူ့အကြောင်းအားလုံးပါပြီးသားဖြစ်သောကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း ထောက်ခံချက်မလိုဘဲ အလုပ်ကိစ္စပြီးစီးနိုင်လေသည်။ ထို့ကြောင့် အကြံအဖန်လုပ်၍ထောက်ခံချက်ရယူခြင်းမျိုးလည်း
 ကင်းဝေးသွားတော့သည်။ ဤသည်မှာ တရားဥပဒေစိုးမိုးခြင်း၏ ပြယုဂ်အစိတ်အပိုင်းတစ်ခုဖြစ်၍ တရားဥပဒေက လူကိုစောင့်ရှောက်သော သာဓကလည်းဖြစ်သည်။ 

 မဟာဓမ္မပါလဇာတ်တော်တွင် " ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခ မာဝဟတိ " ဟု မြတ်ဗုဒ္ဓဟောတော်မူသည်။ အဓိပ္ဗါယ်မှာ " တရားဥပဒေကို လိုက်နာကျင့်သုံးသော လူကို တရားဥပဒေက အကာအကွယ်ပေးနိုင်၊ စောင့်ရှောက်နိုင်၏။ တရားဥပဒေကို ခိုင်မာစွာရေရှည်စောင့်ထိန်းကျင့်သုံးလျှင် ချမ်းသာအားလုံးရနိုင်သည် " တဲ့။ လူ့အဖွဲ့အစည်းတွင် တရားဥပဒေစိုးမိုးမှု ( the rule of law ) ရှိဖို့လိုအပ်ကြောင်းဟောခြင်းဖြစ်သည်ဟု အလွယ်မှတ်သားနိုင်သည်။ မှန်၏။ တရားဥပဒေဟူသည် လူကစောင့်ထိန်းကျင့်သုံးမှသာ အသက်ဝင်ကာ လူကိုကျေးဇူးပြုပေးနိုင်သည်။ မကျင့်သုံးပါက မတရားဥပဒေက အသက်ဝင်လာပြီး လူမှုဒုက္ခအဝဝကို  ဖန်တီးမည်မှာ သေချာလှတော့သည်။ ထို့ကြောင့်လူတိုင်း၏ ခေါင်းနှင့်ရင်ထဲဝယ် တရားဥပဒေများ ခိုင်မာစွာရှင်သန်နေဘို့အရေးကြီးလှသည်။   ရွှေပြည်တွင် မြတ်ဗုဒ္ဓ၏ ဤဓမ္မတို့ကား နှစ်ပေါင်းထောင်ချီကာ ကိန်းဝပ်ခဲ့ဖူးပြီ။ ထိုဓမ္မများ ပိဋကတ်စာအုပ်ထဲတွင်သာ ဆက်လက်ကိန်းဝပ်မနေစေဘဲ လူမှုလောက၏ လက်တွေ့ဘဝထဲသို့ လွတ်လပ်စွာရှင်သန်ခွင့်ရလျှင် အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကား ဖြစ်ပေမည်။ ရွှေပြည်ကြီးကိုဖွံ့ဖြိုးတိုးတက် အေးချမ်းစေနိုင်သော  မြတ်ဗုဒ္ဓ၏ဓမ္မများ လူမှုစတိတ်စင်မြင့်ပေါ်သို့တက်ရောက်၍ ခိုင်မာစွာနေရာယူနိုင်ပါစေ၊ ရွှေပြည်သူ/သားအားလုံးတို့၏ နှလုံးသားနှင့်ဦးနှောက်တို့ဝယ် အမြစ်တွယ်၍ ထက်မြက်စွာလင်းလက်နိုင်ပါစေဟုလည်း ဆုတောင်းမိသည်။ ထို့ထက် အုပ်ချုပ်သူလူတန်းတို့၏ သန္တာန်ဝယ် မြတ်ဗုဒ္ဓ၏ဖွံ့ဖြိုးရေး ဓမ္မများ အမြစ်တွယ်ပါစေဟု ပို၍တမ်းတမိသည်။ ( ဆက်ရန် )



***ဓမ္မမိတ်ဆွေများ၏အမှာစကား***