Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, March 28, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၂ )

မောင်တော်ဟာ ဘုရားဖြစ်ပီးတော့ ဗရာဏသီပြည်ကို အရင်ကြွသွားခဲ့တယ်နော်။ ဗာရာဏသီရွှေပြည်တော်မှာ ထိပ်တန်းလက်ရွေးစင် သံဃာတော်အပါး ( ၆၀ ) ကိုအရင်စုစည်းပီးတဲ့နောက်မှာတော့ ရာဇဂြိုဟ်ပြည်ကို ကြွသွားပြန်တယ်။ တတိယအနေနဲ့မှ ဖခမည်းတော်ဘုရင်ကြီးရဲ့ ပင့်ဖိတ်ချက်အရ ကိုယ့်တိုင်းပြည်ကို ပြန်လာခဲ့တယ်။ မောင်တော်မွေးရပ်ဌာနီ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်တော့ ဘုရားဖြစ်ပီးလို့ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားဖြစ်ပီးတော့ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်နေ့မှာ တိုင်းပြည်ကိုပြန်ရောက်ခဲ့တာလေ။
ရောက်တဲ့ နေ့မှာပဲ ဝေဿန္တရာဇာတ်တော်ကြီးကို အကျယ်တဝင့်ဟောကြားတဲ့အခါမှာ နှမတော်လေ ကျေနပ်လိုက်တာ။ မဒ္ဒီမိဖုရားဘဝနဲ့ ဝေဿန္တရာလို ပညာရှင်သူတော်စင် ရှင်ဘုရင်တစ်ယောက်ကို ဖြည့်ဆည်းပေးခဲ့ရတာတွေကို အသေးစိတ် ခရေစေ့တွင်းကျ ပြန်သိရလို့ ကျေနပ်လိုက်တာ မောင်တော်ဘုရားရယ်။ မောင်တော်ဘုရားရဲ့ အနှိုင်းမဲ့စွဲဆောင်အားတွေပါပီး လေးနက်မှန်ကန် ဖြောင့်မတ်တဲ့ တရားစကားတွေကို နာကြားကြရတော့ နန်းတွင်းသူ/သားများရော ပြည်သူပြည်သားအားလုံးကရော အလွန်တရာကို ကျေနပ်ကြတယ်။ ဒါတောင် မာန်မာနကြီးလွန်းတဲ့ အချို့ဆွေတော် မျိုးတော်တွေကို ပေါက္ခရဝဿမိုးရွာသွန်းပီးတော့ တန်ခိုးအရှိန်အဝါသုံးပီး မာနကို ချိုးပစ်ခဲ့ရသေးတယ်။

   နှမတော်ရဲ့ တိုက်ခန်းကိုရောက်လာပြန်တော့ စန္ဒကိန္နရီဇာတ်တော်ကိုဟောတော်မူတော့လဲ ထပ်ပီးကျေနပ်ရပြန်ပါတယ်။ ဒီဘဝမှာ နှမတော်ရဲ့ အပြုစုအယုယနဲ့ အချစ်တွေကို ပစ်ခွါခဲ့ပေမယ့် နှမတော်ရဲ့ အချစ်တွေကို လက်ခံခဲ့တဲ့ ဘဝတွေလဲ ရှိပါလားဆိုတာ သိရလို့ပေါ့။ နောက်ပီးတော့ မောင်တော်ပြန်ခါနီး ကဆုန်လကုန်လောက်မှာ ဓမ္မပါလဇာတ်တော်ကြီးကိုဟောပြန်တော့လဲ ကြားနာလို့ ကောင်းလိုက်တာ။ ကြားနာလို့ မဝနိုင်အောင်ပါပဲ။ ကိုယ့်တိုင်းကိုယ့်ပြည်ကို ပြန်လာစဉ် ရက်သတ္တနှစ်ပတ်လောက်အတွင်းမှာ သံသရာသမိုင်းလဲတွင်ခဲ့ပီးတော့ အားလုံးကိုလဲ တရားထူးတွေရစေခဲ့တဲ့ ဇာတ်တော်ကြီးတွေကို အချက်ကျကျ တရားရအောင် စွဲဆောင် ဟောသွားခဲ့တယ်နော်။ ဒီတော့မှပဲ သမိုင်းစစ်သမိုင်းမှန်ဆိုတာ ပစ္စက္ခမှာ ပြုပြင်ပြောင်းလဲ ကျင့်သုံးနိုင်ဘို့ သင်္ခန်းစာတွေလဲပေးသလို အနာဂတ်အတွက် လင်းလက်တဲ့ အခြေနေတွေကိုလဲ ဖန်တီးပေးနိုင်ပါလားဆိုတာ ကောက်ချက်စွဲနိုင်ခဲ့တာပေါ့။ တကယ်တော့ အတိတ်သံသရာဆိုတာဟာ ဘဝသမိုင်းတွေပဲမလား။ အတိတ်သံသရာက ဘဝသမိုင်းတွေကို တကယ်မသိကြလို့ မတတ်ကြလို့သာ သတ္တဝါတွေဟာ မိုက်မဲနေကြတာပဲလေ။ အချို့သော ပညာတတ်တွေ ဒဿနဆရာတွေကတော့ သမိုင်းနဲ့ပတ်သက်လို့ ပြောကြတယ်။ သမိုင်းဆိုတာ သမိုင်းသက်သက်မျှ
သာပါပဲ ပရမတ္ထမဟုတ်သလို ဖြစ်ရပ်မှန်အကုန်အစင်လည်းမဟုတ်ပါဘူးတဲ့။ သမိုင်းကိုအပြည့်အဝယုံကြည်မှုမပါတဲ့ ဒီဝါကျကို ဘာကြောင့်များပြောကြပါလိမ့်ဆိုတာ မောင်တော်ရှင်းပြတဲ့ ဇာတ်တော်တွေကို နာကြားပီးမှ နှိုင်းယှဉ်တတ်လာတယ်။ နားလည်တတ်လာတယ်။ ကျေးဇုးအထူးပါပဲမောင်တော်ရယ်။        တကယ်တော့ လောကသမိုင်းတွေဆိုတာ လောဘ ဒေါသ မောဟစတဲ့ သဘာဝတရားဆိုးတွေမကင်းသေးဘဲ  အားသာတဲ့သူတွေ နိုင်တဲ့သူတွေက ရေးခဲ့ကြတာဆိုတော့ အားလုံးမှန်မှာလဲ မဟုတ်သလို အပြည့်အဝလဲ
သန့်စင်နိုင်မှာမဟုတ်ပါဘူး။ မောင်တော်ရှင်းပြခဲ့တဲ့ အတိတ်သံသရာထဲက ဘဝသမိုင်းတွေကတော့ ပညတ်အကြောင်းတွေ ဖြစ်ရပ်အကြောင်းတွေ ပရမတ်အကြောင်းတွေ ဘဝအကြောင်းတွေကို ကမ္ဘေကမ္ဘာချီပီး အနှိုင်းမဲ့တဲ့ အတိတ်သိဥာဏ်တော်နဲ့ တိကျပြတ်သားစွာဟောပြခဲ့တာမို့ လောကသားတွေအတွက် အကျိုးရှိလိုက်တာ မောင်တော်ရယ်။
ပြည့်စုံသန့်စင်လိုက်ပါဘိ။ ဒါပေမယ့်လေ ကိုယ့်တိုင်းပြည်ပြန်ရောက်တုန်းမှာ တစ်ဝါတလေတောင်မဆိုတော့ဘဲ ရက်သတ္တနှစ်ပတ်လောက်လေးနေပီး ပြန်သွားတာကိုတော့ မကျေမနပ်ဖြစ်မိတယ်။

    နောက်ပီးတော့လေ နန်းညွန့်နန်းလျာဖြစ်တဲ့ နန္ဒမင်းသားကိုလဲ ရောက်ပီးလို့ နှစ်ရက်မြောက်နေ့မှာ ရဟန်းပြုပေးလိုက်တော့ တိုင်းပြည်နဲ့ လူမျိုးအတွက် ရတက်မအေးဖြစ်ခဲ့ရပါသေးတယ်။ ဒီထက်ပိုဆိုးပြန်တာက နောက်ဆုံးနန်းညွန့်နန်းလျာအဖြစ် အသိမှတ်ပြုထားတဲ့ မင်းလောင်းလေး၊ ချစ်မဝနိုင်တဲ့ သားတော်လေး ရာဟုလာကိုလဲ ရောက်ပီးလို့ ခုနစ်ရက်မြောက်နေ့မှာ ကိုရင်ဝတ်ပေးလိုက်တော့ နန်းတော်ရဲ့အသဲ၊ သကျမျိုးတွေရဲ့ သူရဲကောင်း၊ တိုင်းပြည်ရဲ့ ဥသျှောင်လေးတွေဟာ
မောင်တော်နောက်ပါကုန်ကြပီ။ မောင်တော်ပြန်ရောက်လာလို့ အားရှိပီလို့ထင်ခဲ့မိတာ။ ခုတော့ အားမတက်ဘဲ အားပျက်ခဲ့ရတဲ့အထိတောင် ခံစားရမိပါရဲ့။ ဒါနဲ့တင်ရပ်မသွားခဲ့ဘူးလေ။ တိုင်းပြည်မှာ အဓိကကျတဲ့ မှုးကြီးမတ်ကြီးတွေ၊ ဝန်ကြီးဝန်ငယ်တွေ၊ စစ်သည်တော်တွေစတဲ့ ရဲစွမ်းသတ္တိရော အရည်အချင်းပါပြည့်ဝကြတဲ့ ထိပ်ပိုင်းကလူကြီးတွေကလဲ မောင်တော်နောက်ကို လိုက်သွားကြပီ။  တိုင်းပြည်နဲ့လူမျိုးကိုဦးဆောင် မောင်းနှင်ကြမယ့် လူတွေကလဲ နဲကုန်ပီ။ နောက်ပီးတော့ မောင်တော်အရင်းဖြစ်တဲ့ ဒေဝဒတ်မင်းသားလဲ မောင်တော်နောက်ကိုပါသွားခဲ့ပီ။
အနုရုဒ္ဓါမင်းသား၊ ဘဒ္ဒိယမင်းသားစတဲ့ လူစွမ်းလူတော်တွေလဲ မရှိကြတော့ဘူး။ မောင်တော်ပြန်လာတော့မှပဲ တိုင်းပြည်ဟာ အားအင်တွေချည့်နဲ့ခဲ့ရတော့တယ်။ ဖခမည်းတော်ဘုရင်ကြီးက အနာဂါမ်အရိယာကြီးဖြစ်သွားခဲ့ပီ။ မိထွေးတော်ကြီးမဟာပဇာပတိဂေါတမီက သောတာပန်တည်ခဲ့ပီ။ ဒီတော့ သူတို့မှာတော့ အရာရာအတွက် လွတ်မြောက်အေးငြိမ်းတဲ့ တရားအရသာကို ခံစားနိုင်ကြပီမို့ တရားနဲ့ဖြေဆည်နိုင်ကြပီပေါ့။ တရားတော်ရဲ့ လွတ်မြောက်မှုအရသာကို နားလည်ခံစားနိုင်သွားကြပီကိုး။  နှမတော်အဘို့မှာတော့ အားမလိုအားမရ ဝမ်းလဲသာ ဝမ်းလဲနဲ မချိတင်ကဲခံစားနေဆဲပါပဲ။ ဒါပေမယ့်  အံ့သြမိတဲ့အချက်တစ်ခုက ဘယ်လိုရာထူးတွေ ငွေကြေးတွေ စည်းစိမ်တွေ အာဏာတွေ အပျော်အပါးတွေမှမပါဘဲနဲ့ ဘဝရဲ့ပိုင်ဆိုင်မှုအရာရာကို စွန့်လွှတ်နိုင်လောက်အောင် ပြောင်မြောက်တဲ့ မောင်တော်ရဲ့ စည်းရုံးရေးစွမ်းအားကိုပေါ့။ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေတဲ့ လူတန်းစားအလွှာစုံကို တစ်တန်းစားတည်းဖြစ်စေပီးတော့ အအေးချမ်းဆုံး အထက်တန်းအကျဆုံး
သံဃအဖွဲ့အစည်းကြီးကို ခိုင်ခိုင်မာမာတည်ထောင်နိုင်ခဲ့တာကိုလဲ ထပ်ဆင့်လို့ အလွန်အံ့သြမိပါရဲ့။ ဒီလိုအဖွဲ့အစည်းဟာ ဒီကမ္ဘာမှာပထမဆုံးအဖွဲ့အစည်းကြီးပါပဲ။ ဘယ်လိုခေါင်းဆောင်တစ်ဦးတစ်ယောက်ကမှ ဒီလောက်မြင့်မြတ် အေးချမ်းတည်ငြိမ်တဲ့အဖွဲ့အစည်းမျိုး မတည်ထောင်ခဲ့ကြသေးပါဘူး။

   မောင်တော်တိုင်းပြည်က ပြန်မကြွခင်လေးမှာ မိထွေးတော်ကြီးက ဘိက္ခုနီမ (အမျိုးသမီးရဟန်း )
ဖြစ်ချင်ကြောင်းလျှောက်ထားတော့ မောင်တော်ဘုရားက ခွင့်မပြုခဲ့ဘူး။ ရဟန်းပြုချင်စိတ်မရှိတဲ့ နန်းညွန့်နန်းလျာ နန္ဒမင်းသားနဲ့ သားတော်လေးတွေကိုတော့ ရဟန်းပြုပေး ရှင်ပြုပေးတယ်။ မောင်တော်ရဲ့လုပ်ရပ်တွေဟာ
ပညာရှင်သူတော်စင်တွေအနေနဲ့ လက်ခံနိုင်စရာဖြစ်ပေမယ့် နှမတော်လို ပုထုဇဉ်မိန်းမသားအနေနဲ့တော့ လက်မခံနိုင်စရာတွေချည်းပါပဲ။ တကယ်တော့လဲ ဒါတွေက ခံစားသိနဲ့ပြောပြနေတာပါမောင်တော်ရယ်။ ဒါပေမယ့် ဦးနှောက်ရဲ့ဆင်ခြင်သိနဲ့ သိနေတာက မောင်တော်ဟာ မိမိအတွက်ရော လောကအတွက်ရော ကောင်းကျိုးမဲ့စေတဲ့ လုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူးဆိုတာပါပဲ၊ အနှိုင်းမဲ့ဘုရားရှင် မဖြစ်ခင်ကတောင် လောကကောင်းကျိုးကို ကြီးကျယ်စွာ သယ်ပိုးနိုင်ခဲ့တဲ့ မောင်တော်ဟာ ဘုရားဖြစ်လာတဲ့အခါမှာတော့ အထူးပြောစရာမလို၊ ချွင်းချက်မရှိအောင်
ဆောင်ရွက်နိုင်မယ်ဆိုတာကိုလဲ နှမတော် အသေအချာ သုံးသပ်စဉ်းစားနားလည်မိပါတယ်။ ဒါကြောင့် နှလုံးသားနဲ့ ပစ္စက္ခရင်တွင်းခံစားအသိက လက်မခံနိုင်သော်လဲ သံသရာမှာ ပါရမီတွေဖြည့်ခဲ့ရတဲ့အစွမ်းတွေကြောင့် မူလမွေးရာပါ ဗီဇအသိနဲ့ ဆင်ခြင်သိက အားလုံးကို နားလည်နေခဲ့တယ်လေ။ မောင့်ဝမ်းထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာသိသလို မောင်တော်ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကိုလဲ အပ်ကျမတ်ကျသိနေခဲ့ပါတယ်။

      မောင်တော်ဘုရားဖြစ်ပီးလို့ ငါးဝါမြောက် မောင်ဘုရားရဲ့ သက်တော် လေးဆယ်မှာပေါ့။ ဝေသာလီတိုင်းပြည် မဟာဝုန်တော ကူဋာဂါရကျောင်းတိုက်ကြီးမှာ သံဃာတော်များစွာ ခြံရံပီးသီတင်းသုံးစဉ်ကပေါ့။ အလွန်ကျေးဇူးကြီးမားလှတဲ့ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီဟာ ကိုယ်ကိုယ်တိုင်ပဲ ခေါင်းရိတ်၊ သင်္ကန်းဝတ်ပီးတော့ နန်းတွင်းသူ မောင်းမိဿံငါးရာကို ဦးဆောင်ကာ အမျိုးသမီးရဟန်းဖြစ်ဘို့အရေးတောင်းဆိုဘို့ မောင်တော်ဘုရားရှိရာကို သွားခဲ့ပါတယ်။ နှမတော်နဲ့ ဇနပဒကလျာဏီတို့က မလိုက်ပါခဲ့ကြဘူးလေ။ အမှန်ကိုပြောရရင် အမျိုးသမီးရဟန်းမလဲ မဖြစ်ချင်ဘူး။ တရားလဲ အားမထုတ်ချင်ဘူး။ နိဗ္ဗာန်လဲမရောက်ချင်ပါဘူး။ တိုင်းပြည်မှာ မောင်တော်ဘုရားရဲ့ မိဖုရားခေါင်ကြီးအဖြစ်နဲ့ပဲ နေချင်ခဲ့ တမ်းတခဲ့တာလေ။
နောက်ဆုံးမှာတော့ တူတော်လေးဖြစ်တဲ့ အရှင်အာနန္ဒာရဲ့အကူအညီနဲ့ မိထွေးတော်ကြီးနဲ့တကွနန်းတွင်းသူ ငါးရာဟာ အမျိုးသမီး ရဟန်းပြုခွင့်ရခဲ့ကြပါတယ်။ ဘိက္ခုနီမအဖြစ်ကိုရခဲ့ကြပါတယ်။  ဒါဟာ မှားယွင်းနေတဲ့ ကမ္ဘာ့အစဉ်အလာဟောင်းတစ်ခုကို
ချေဖျက်ပီးတော့ မှန်ကန်ကောင်းမြတ်တဲ့အစဉ်အလာသစ်တစ်ခုကို မောင်တော်ဖန်တီးလိုက်တာပါပဲ။
အမျိုးသမီးတွေရဲ့ဘဝနဲ့ အခန်းကဏ္ဍကို အစဉ်အမြဲနှိမ့်ချဆက်ဆံခဲ့တဲ့ ကမ္ဘာ့အစဉ်အလာဟောင်း စံနစ်ဆိုးကြီးကို ပယ်ဖျက်ပီးတော့ အမျိုးသမီးတွေကို လူနတ်ဗြဟ္မာတွေရဲ့ကိုးကွယ်ခံ လူတန်းစားအဖြစ် မောင်တော်မြှင့်တင်လိုက်တာပါပဲ။ အမျိုးသမီးတွေမှာလဲ ဒီလိုအရည်အသွေးတွေရှိတယ်ဆိုတာကို မောင်တော်ကလက်တွေ့ဖေါ်ဆောင်ပြလိုက်တာပါပဲ။ အမျိုးသမီးအခွင့်အရေးကို ကိုးကွယ်ခံလူတန်းစားဖြစ်တဲ့အထိ မြှင့်တင်ပေးတာဟာ ဒီဘဒ္ဒကမ္ဘာမှာ ကကုသန်ဘုရားရှင် ကောဏာဂုံဘုရားရှင် ကဿပဘုရားရှင်နဲ့ မောင်တော်ဘုရားရယ်ဆိုပီး လေးဦးပဲ ရှိပါသေးတယ်။ အခြားဘယ်ဘာသာရေးခေါင်းဆောင်ကမှ အမျိုးသမီးတွေကို ဒီလိုအခွင့်အရေးမျိုးမပေးခဲ့ပါဘူး။ မောင်တော်ဘုရားဖြစ်လာတာဟာ အမျိုးသမီးတွေအတွက် အလွန်ကံကောင်းခြင်းလက်ဆောင်တစ်ခုကို ထိုက်ထိုက်တန်တန်ရလိုက်တာပါပဲ။ ကျေးဇူးကြီးမားလှပါဘိ မောင်တော်ဘုရားရယ်။
နောက်ပီးတော့ အခွင့်အရေးဆိုတာတွေဟာ အရည်အသွေးရှိမှ ပေးလို့ရတယ်ဆိုတာကိုလဲ မောင်တော်ရဲ့  လုပ်ရပ်တွေကိုကြည့်ပီး သုံးသပ်နိုင်ခဲ့ပါတယ်။

  နန်းတော်တွင်းမှာ ဖခမည်းတော်ဘုရင်ကြီးကလဲ ပလ္လင်တော်ပေါ်မှာပဲ ရဟန္တာဖြစ်ပီးတော့ ပရိနိဗ္ဗာန်ပြုသွားပီ။ သားတော်လေးလဲ တရားထူးတွေရနေပီ။။ မောင်တော်ငယ်လေး နန္ဒမင်းသားလဲ ရဟန်းဝတ်သွားလို့ ရဟန္တာဖြစ်နေပီ။ မိထွေးတော်ကြီးလဲ ရဟန်းပြုသွားပီ။ ရဟန်းပြုပီးတဲ့နောက် သံခိတ္တသုတ်ကို နာကြားတော်မူရင်းနဲ့ ရဟန္တာထေရီမကြီးဖြစ်လို့
လောကရဲ့အရသာအားလုံးထက်ကျော်လွန်ပီး လွတ်မြောက်တဲ့ အေးချမ်းမှုရသကိုခံစားနေရပီ။ နှမတော်အဘို့မှာတော့ နန်းတော်တွင်းမှာ ပိုလို့သာ အထီးကျန်လာခဲ့ရပါပီ။ ပျော်စရာအချိန်ဆိုလို့ တစ်စက္ကန့်လေးတောင်မရှိတော့သလို အခြွေအရံတွေကလဲ နဲကုန်ပီ။ သုံးဆောင်နေရတဲ့ အသုံးဆောင်တိုင်းဟာ မနွေးထွေး မအိစက်တော့ရုံမျှမက စက်ဆုပ်စရာလို့တောင်ခံစားလာခဲ့ရတဲ့အထိပါပဲလေ။ မိထွေးတော်ရဲ့ အကူညီကိုယူပီး ရဟန်းမိန်းမပြုရုံမှတပါး အခြားရွေးချယ်စရာလဲ မရှိတော့ပါဘူး။

      နောက်ပီးတော့လေ မောင်တော်နဲ့နှမတော်တို့အကြောင်း ဒီလိုလဲစဉ်းစားမိပါတယ်။ ပါရမီစတင်ဖြည့်ဘို့ ဗျာဒိတ်တော်ကို
ခံယူတုန်းကလဲ မောင်တော်ကစပီး လက်မကမ်းခဲ့ဘူး မခေါ်ခဲ့ဘူးနော်။ နှမတော်ကိုယ်တိုင်ကသာ ပူးပေါင်းခဲ့ရတာပါ။ ခုလဲ ဘုရားဖြစ်ပီးလို့ နောက်ဆုံးပရိနိဗ္ဗာန်ပြုတော့မယ့် ဘဝမှာလဲ မောင်တော်နောက်လိုက်ပီး ရဟန်းပြုဘို့ မခေါ်ခဲ့ဘူးနော်။ ပါရမီတွေရဲ့အစမှာလဲ မခေါ်ခဲ့သလို သံသရာရဲ့ အဆုံးတစ်နေ့မှာလဲမခေါ်ခဲ့ပါဘူး။ နေနိုင်ရက်လိုက်တာ မောင်တော်ရယ်။ ရက်စက်တာမဟုတ်ပေမယ့် နေနိုင်ရက်တာတော့ အမှန်ပါပဲ။ ဒေါသမဖြစ်ပေမယ့် မချိတင်ကဲတော့ခံစားရပါတယ်။ စကြာဝဠာအတွက် အလုပ်လုပ်နေရသူမို့ နှမတော်အတွက် ချွင်းချက်တော့ရှိမှာပဲလို့လဲ စဉ်းစား နားလည်မိပါတယ်။ ဘာပဲဖြစ်ဖြစ်လေ မောင်တော်နောက်ကိုလိုက်ရင် အကျိုးမယုတ်ဘူးဆိုတာရယ် လုံခြုံမှုတွေ အေးချမ်းမှုတွေ
ပြည့်ဝမှုတွေစတဲ့ ကောင်းကျိုးတွေအပြည့်အဝရမယ် ဆိုတာရယ်တော့ အသေအချာယုံကြည်နေပီးသားပါ။
သာမန်လောကီလူသားဘဝတွေတုန်းကတောင်မှ နှမတော်ရဲ့ ဘဝကို လုံခြုံမှု အေးချမ်းမှု ပျော်ရွှင်မှုတွေ အပြည့်အဝရအောင် ဆောင်ကြဉ်းနိုင်ခဲ့တာပဲလေ။ ခုလို လောကသုံးပါးရဲ့ ခေါင်းဆောင် အနှိုင်းမဲ့ ဘုရားသခင်ဖြစ်လာပီဆိုတော့ နှမတော်အတွက် တစ်စက်ကလေးမှ ပူပင်စရာအကြောင်းမရှိတော့ပါဘူး။ မောင်တော်ရဲ့ ထီးရိပ် နန်းရိပ် လောကီရိပ်ကို ခိုလှုံဘို့ မမျှော်လင့်မတမ်းတတော့ပါဘူး။ မြင့်မြတ်စင်ကြယ်မှုတွေနဲ့ စစ်မှန်တဲ့ လွတ်မြောက်မှုရသကိုပေးနိုင်တဲ့ မောင်တော်ရဲ့ဓမ္မအရိပ် သာသနာအရိပ် လောကုတ္တရာအရိပ်ကိုပဲ ခိုလှုံပါတော့မယ်။ ဒါကြောင့်လေ မောင်တော်လဲရှိတဲ့ မိထွေးတော်ကြီးလဲ ရှိနေတဲ့ ဝေသာလီပြည်ကို နှမတော်ရဟန်းပြုဘို့လိုက်ခဲ့ပါပီ။ ရဟန်းပြုပါတော့မယ်။ ရဟန်းပြုခွင့်ပေးပါတော့၊ ဓမ္မအရိပ်ကို ခိုလှုံခွင့်လေး ပေးပါတော့၊ ဓမ္မလက်နဲ့ကမ်းလို့ကြိုပေးပါတော့
မောင်တော်ဘုရားရယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

***ဓမ္မမိတ်ဆွေများ၏အမှာစကား***