Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, October 4, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၉ ) ခြားနားချက်


၂၇.၀၉.၁၄ ရက် စနေနေ့တွင် ဒုတိယအပတ်သင်တန်းပြန်စရသည်။ ယခုအပတ်တော့ ဟိုတယ်တွင်မတည်းခိုတော့ဘဲ ဟယ်ဆင်ကီမြို့ ရှိ မြန်မာဒကာ ဒကာမများကပင့်ဖိတ်သဖြင့် မြန်မာအိမ်များတွင် တည်းခိုရသည်။ မြန်မာများ၏ ပင့်ဖိတ်ချက်ကြောင့် ဖင်းလူမျိုးတို့၏ အစီအစဉ်များကို ရပ်ဆိုင်းစေလိုက်သည်။ မြန်မာ ဒကာ/မများကလည်း ဤသင်တန်းအတွက်ဝမ်းသာကြသည်။ ကိုမိုက်ကယ်+မအေးနိုင်သန်းမိသာစုက ကြိုပို့မှအစ အရာရာအဆင်ပြေအောင် ဆောင်ရွက်ပေးသည်။ သို့နှင့် ထိုနေ့နံနက် ( ၁၀ ) နာရီတွင် Buddhism ဖြင့်သင်တန်းကိုစတင်ခဲ့သည်။

ဗုဒ္ဓဓမ္မကို ယုံကြည်တဲ့နေရာမှာ ကိုယ်ပိုင်အသိဥာဏ်ဖြင့် ပြတ်ပြတ်သားသား ယုံကြည်ဖို့လိုအပ်ကြောင်း၊ တကယ်တော့ အစစ်အမှန်ယုံကြည်မှုဆိုတာ ကိုယ်ပိုင်ဥာဏ်ပညာနဲ့ကိုယ်တိုင်သိမြင်နားလည်ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ဓမ္မစကြာသုတ်မှာ စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ဝိဇ္ဖာ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဖာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ/  There arose in me the eye, the knowledge, the wisdom, the insight and the light. ဟုသာဟောကြောင်း၊ စစ်မှန်တဲ့ ဓမ္မကို ယုံကြည်တယ်ဆိုတာဟာ ဥာဏ်မျက်စိပွင့်လာတာ၊ အသိဥာဏ်တွေဖြစ်ပေါ်လာတာ၊ ကြောင်းကျိုးတွေကို ကိုယ်တိုင်သိနားလည်လာတာ၊ ထိုးထွင်းသိမြင်လာတာ၊ ဥာဏ်အလင်းရောင်ကို ကိုယ်တိုင်ရရှိလာတာ၊ အဲဒီဥာဏ်မျက်စိတွေနဲ့ သဘာဝတရားရဲ့အဖြစ်မှန်တွေကို သဘာဝအရှိအတိုင်း သိမြင်နားလည်သွားတာ၊ အဲဒီအသိအမြင်တွေနဲ့ ယုံကြည်သွားတာကို ဆိုလိုခြင်းဖြစ်ကြောင်း အေးအေးဆေးဆေး အကျယ်ချဲ့ ကာ ရှင်းပြလိုက်သည်။

အခြားဘာသာတရားများတွင်တော့ ဒီလိုကိုယ်တိုင် တိုက်ရိုက်သိမြင်နားလည်စေရန်နှင့် သစ္စာဥာဏ်ရရှိရန် သင်ကြားပေးခြင်းမရှိဘဲ ဖန်ဆင်းရှင်ဘုရားသခင်ကိုသာ မဖြစ်မနေယုံကြည်ဖို့ အလေးထားသင်ကြားပေးကြောင်း၊ ယုံကြည်မှုနဲ့ဆုတောင်းခြင်းသည် အရေးကြီးသောအချက်ဖြစ်ကြောင်း၊ မကောင်းတာတွေကို လုပ်ချင်တိုင်းလုပ်ပြီးမှ ယုံကြည်ဆုတောင်းရုံသက်သက်ဖြင့် အပြစ်ကလွတ်မြောက်သည်ဟုဆိုခြင်းသည်လည်းကောင်း၊ ဘာမကောင်းမှုကိုမျှမလုပ်ဘဲ အလွန်ရိုးသားဖြောင့်မတ်သူတစ်ဦးဟာ ဖန်ဆင်းရှင်ကိုမယုံကြည် ဆုမတောင်းရုံမျှဖြင့် အပြစ်ရှိသည်ဟုဆိုကာ အပြစ်ပေးခြင်းသည်လည်းကောင်း လုံးဝကြောင်းကျိုးမဆီလျော်ကြောင်း၊ မွေးကတည်းက ဘာအကုသိုလ်မှမလုပ်တဲ့ အလွန်ဖြောင့်မတ်တဲ့ သူတော်ကောင်းတစ်ယောက်ဟာ မွေးရာပါအပြစ်သားဖြစ်တယ်လို့ သင်ပြပေးခြင်းဟာလဲ လူသားရဲ့အရည်အချင်းကို ချိုးနှိမ်ခြင်းသာဖြစ်ကြောင်း၊ လူသားရဲ့လွတ်မြောက်ရေးအတွက် လူသား၏အရည်အချင်း အစွမ်းအစများကိုအသုံးမပြုရဘဲ ဖန်ဆင်းရှင်ထံမှာ အားလုံးဦးညွတ်အရှုံးပေးထားရကြောင်း၊ လူသား၏ အစွမ်းအစနှင့်အခန်းကဏ္ဍသည်အလွန်မှေးမှိန်စွာရှင်သန်ရကြောင်းနှင့် ဒီကနေ့ တွေ့ရှိထားတဲ့ ပညာရပ်များအရဖြစ်စေ ယထာဘူတဥာဏ်ရင့်သန်သူများအနေဖြင့်ဖြစ်စေ ဤကမ္ဘာကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းမထားသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ ဒါတွေဟာ ဗုဒ္ဓဓမ္မနဲ့အခြားဘာသာတရားတို့ရဲ့ ခြားနားချက်ဖြစ်ကြောင်း စသည်ဖြင့် လေးလေးနက်နက် အချိန်ယူကာ ရှင်းပြလိုက်သည်။

( ဤကဲ့သို အခြားဘာသာတရားများနှင့်နှိုင်းယှဉ်ကာရှင်းပြလိုက်ရခြင်းသည် အခြားဘာသာများကို စော်ကားလို၍မဟုတ်ဘဲ ဗုဒ္ဓဓမ္မ၏သဘောသဘာဝကို ထင်ရှားစေလိုသောကြောင့်ဖြစ်ပါသည်။ အခြားဘာသာများနှင့်ဗုဒ္ဓဓမ္မအကြားဝယ် ဤခြားနားချက်သည် အမှန်တရားလည်းဖြစ်၍ မိမိလုပ်ကြံ၍ပြောခြင်းလည်းမဟုတ်ပါ။ ဒီထက်ခြားနားကွဲပြားသောအရာများကို အလျဉ်းသင့်သည့်အခါ ဖေါ်ပြပါဦးမည်။ )


မိမိ၏ ရှင်းပြချက်ပြီးဆုံးသွားသည့်အခါ Mikko Koponen ဟူသောအမျိုးသားတစ်ယောက်က ဤသို့ မေးခွန်းတစ်ခုမေးလာသည်။
 ( ဆက်လက်ဖေါ်ပြပါမည် )

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၈ ) ကြိုးစားခြင်း၏ရလာဘ်


အမှန်စင်စစ် မေးခွန်းရှင်၏ ငြင်းဆိုချက်သည် အနိုင်ရလိုမှုသဘောမပါဘဲ ယုတ္တိယုတ္တာခိုင်မာသော အဖြေတစ်ခုကို သူသိချင်နေကြောင်းမှာ ထင်ရှားလှသည်။ သို့နှင့်မိမိကလည်း ဤသို့ရှင်းပြလိုက်သည်။ “ Evolution of man ” လူသားရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို စဉ်းစားရင် ထင်ရှားပါတယ်။ ကမ္ဘာဦးလူသားဟာ ဒီကနေ့ငါတို့ခေတ်လူသားတွေနဲ့ အများကြီးကွာခြားခဲ့ပြီ။ ပြောင်းလဲခဲ့ပြီ။ lifestyle တွေ ပြောင်းလဲခဲ့ပြီ။ living-standard တွေလဲ အများကြီးကွာခြားခဲ့ပြီ။ ဒါတွေဟာ ခုချက်ချင်းကြီးပြောင်းလဲလာတာမဟုတ်ဘူး။ တရွေ့ ရွေ့ နဲ့တဆင့်ပြီးတဆင့်ပြောင်းလာတာဖြစ်တယ်။ လူသားတွေရဲ့ အုပ်ချုပ်မှုပုံသဏ္ဍာန်တွေ၊ စားဝတ်နေရေးရှာဖွေမှုပုံသဏ္ဍာန်တွေ၊ စားသောက် နေထိုင်ပုံတွေ၊ လူမှုဆက်ဆံရေးပုံသဏ္ဍာန်တွေ၊ ဘာသာစကားအသုံးအနှုန်းအနှုန်းတွေ၊ ပညာသင်ကြားရေးစနစ်တွေ စသည်ဖြင့် အရာရာတိုင်းဟာ တိုးတက်ပြောင်းလဲလာခဲ့တယ်။

ဒီအပြောင်းအလဲတွေအားလုံးဟာ စိတ်ကြောင့်ပြောင်းလဲလာတာပဲ။ ပညာတတ်ချင်တဲ့စိတ်မရှိလို့ မသင်ရင် မတတ်ဘူး။ မတတ်ရင် ဒီကမ္ဘာကြီးဟာ ပြောင်းလဲခဲ့မှာမဟုတ်ဘူး။ ကမ္ဘာဦးကအတိုင်းပဲဆက် ရှိနေအုံးမှာပဲ။ ဒါကမျက်မှောက်ခေတ်သမိုင်းမှတ်တမ်းတင်ထားနိုင်သလောက်ပြောတာ။ မြတ်ဗုဒ္ဓဟောထားတဲ့ ကမ္ဘာဦးခေတ်မှာတုန်းက လူသားတွေဟာ ကိုယ်ရောင်ကိုယ်ဝါတွေရှိခဲ့တယ်။ နေလတွေမပေါ်သေးဘူး။ အဲဒီကိုယ်ရောင်ကိုယ်ဝါနဲ့ပဲ အလင်းရောင်ရနေခဲ့တာ။ ( အမှာ။    ။ မျက်မှောက်ခေတ် သမိုင်းဆရာများ၏အလိုအရမဟုတ်၊ ဗုဒ္ဓ၏တရားတော်အရ ပြောခြင်းဖြစ်သည်။ မျက်မှောက်ခေတ်သမိုင်းဆရာများကား လွန်ခဲ့သော နှစ်သန်းလေးဆယ်လောက်က အခြေအနေထက်ပို၍ မပြောနိုင်ကြသေး ) ခုလို ရုပ်အစားအစာတွေမစားသေးဘူး။ နာမ်အစားအစာပဲစားနေခဲ့တာ။ အဲဒီနာမ်အစားအစာဆိုတာ ဈ န်ကြောင့်ဖြစ်တဲ့ပီတိပါပဲ။ အဲဒီပီတိကိုပဲ သုံးဆောင်ခံစားရင်း အသက်ရှင်သန်နေခဲ့တာ။ အာဟာရလေးမျိုးထဲမှာ ဝိညာဏာဟာရလို့ ( ပီတိအာဟာရ ) ပြောရမယ်။ အဲဒီလို နာမ်အာဟာရကိုသာ စားသုံးလျှက် အသက်ရှင်သန်နေခဲ့ကြတဲ့ကာလဟာ နှစ်သန်းပေါင်းများစွာကြာခဲ့တယ်။ မျိုးဆက်ပေါင်းများစွာကြာခဲ့တယ်။ အဲဒီကာလတွေမှာ လူသားတွေဟာ ကောင်းကင်မှာကျက်စားနေနိုင်ခဲ့တယ်။  

နောက်ပိုင်းမှာ နွားနို့မလိုင်ဖတ်ကဲ့သို့ နူးညံ့လှတဲ့မြေဆီလွှာကိုစားမိခြင်းကြောင့် ရသတဏှာဖြစ်လာခဲ့တယ်။ အဲဒီတဏှာကြောင့် မူလရှိတဲ့ ကိုယ်ရောင်ကိုယ်ဝါတွေပျောက်သွားခဲ့တယ်။ ( ပီတိနှင့်နှိုင်းစာလျှင်မြေဆီလွှာကား ကြမ်းတမ်းလှသည် ) အဲဒီအခါမှာ ကမ္ဘာကြီးဟာ အလင်းရောင်မရှိတော့ဘူး။ ဒီတော့ လူသားတွေက အမိုက်တိုက်ကြီးထဲမှာနေရတာကို
ကြောက်လာကြတယ်။ ဒါနဲ့ အလင်းရောင်ကိုတမ်းတကြတယ်။ ရဲရင့်တဲ့အလင်းရောင်ကြီးပေါ်ပေါက်ပါစေ လို့ စိတ်ဆန္ဒပြုကာတောင့်တကြတယ်။ ဒါကြောင့် ရဲရင့်စေတဲ့ “သူရိယ” ဆိုတဲ့ နေဟာပေါ်ပေါက်လာခဲ့တယ်။ ပါဠိမှာ နေကို သူရိယလို့ခေါ်တယ်။ နေကွယ်ပျောက်သွားပြန်တော့ တဖန်ကြောက်ကြပြန်တယ်။ ဒါနဲ့လူသားတွေက ပထမပေါ်လာတဲ့ သူရိယက အလင်းရောင်လဲပေးတယ်။ အပူဓာတ်လဲပေးတယ်။ ဒီတစ်ခါတော့ အေးမြတဲ့ဓာတ်ကိုပေးတဲ့ အလင်းရောင်ပေါ်ရင် ကောင်းမှာပဲ၊ ပေါ်ပါစေလို့ ဆန္ဒပြုတမ်းတကြတယ်။ ဒီစိတ်ဆန္ဒပြုတဲ့အခါ အေးမြတဲ့အလင်းရောင်ရှိတဲ့ လဟာပေါ်ပေါက်လာခဲ့တယ်။ လကိုပါဠိမှာ ဆန္ဒာလို့သုံးတယ်။ နောက်ပိုင်းမှာတော့ စာလုံးပေါင်းပါပြောင်းလဲလာပီးတော့ စန္ဒာလို့ ဖြစ်လာတယ်။ အဲဒီလို နေလတွေပေါ်ပေါက်လာပြီးတော့ မြေဆီလွှာကိုသာ စားသုံးကာရှင်သန်ခဲ့တဲ့ကာလကလဲ နှစ်သန်းများစွာကြာခဲ့တယ်။

တကယ်တော့ ဒါဟာဘယ်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းတာမဟုတ်ဘဲ သဘာဝနိယာမဖြစ်စဉ်ကြီးပါ။ ဒီဖြစ်စဉ်ကြီးထဲမှာ လနေတို့ပေါ်ထွက်လာဘို့အတွက် လူသားတွေရဲ့စိတ်ဆန္ဒဟာအရေးကြီးတဲ့
အစိတ်အပိုင်းဖြစ်ခဲ့တယ်။ ဒါကြောင့် လနဲ့နေတို့ဖြစ်ပေါ်လာတာဟာ လူသားတွေရဲ့စိတ်ဆန္ဒနဲ့မကင်းခဲ့ဘူး။ တနည်းပြောရရင် လူသားတွေရဲ့ လုပ်ရပ်တွေဟာ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးရဲ့ဖြစ်ရပ်တွေနဲ့ ကျိုးကြောင်းဆက်နွယ်နေတယ်။ လူ့စိတ်က သီးခြားဖြစ်ပြီးတော့ ကမ္ဘာကြီးက သီးခြားဖြစ်နေတာမဟုတ်ဘူး။ ကမ္ဘာ့ဖြစ်စဉ်ကြီးနဲ့လူသားတွေရဲ့ စိတ်ဓာတ် လုပ်ရပ်တွေဟာ ဆက်နွယ်နေတယ်။ ဒီကနေ့ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုတွေကို စဉ်းစားကြည့်ရင် လူသားရဲ့စိတ်ဟာ အရေးကြီးလှကြောင်း ထင်ရှားပါတယ်။

 ဤရှင်းပြချက်ကို နားထောင်ရင်း ဤသို့ဆိုလာပြန်သည်။ “ ဒါဆို အခြားသတ္တဝါတွေရဲ့ စိတ်ဆန္ဒမပါဘဲ လူသားရဲ့စိတ်ကြောင့်သာ ဖြစ်ပေါ်လာတယ်လို့ ယူဆရမှာလား ” တဲ့။ “ အေး ဟုတ်တယ်။ ဒီစကြာဝဠာမှာ လူသားသာလျှင်ပဓာနဖြစ်တယ်၊ ဘယ်ဖန်ဆင်းရှင် တန်ခိုးရှင်ရဲ့စိတ်ကြောင့်မှမဟုတ်ဘူး ” ဟု မိမိကပြောပြလိုက်သည့်အခါ သူက “ ခု မင်းပြောပြတာတွေဟာ ဘုရားဟောသလား ” တဲ့။ “ ဘုရားဟောထားတာပေါ့ကွ ” ဟု မိမိကဆိုသောအခါ “ ဒါဆိုရင် ဘယ်ထဲမှာဟောလဲ၊  ဇာတကမှာလား၊ သုတ္တန်မှာလား ” ဟု စူးစမ်းလာပြန်သည်။ ( သူကား ဇာတကနှင့်သုတ္တန်အကြောင်း တစေ့တစောင်းလေ့လာထားဟန်ရှိသည် ) “ သုတ္တန်မှာဟောထားတယ်။ အဂ္ဂညသုတ်ပဲ ” ဟု ပြောလိုက်ရာ “ အိုကေ၊ ယက်စ် ” ဟုဆိုကာ နှုတ်ဆိတ်သွားလေတော့သည်။ ( ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၊ အဂ္ဂညသုတ် )

ဤသို့ဖြင့် ပထမအပတ် အဘိဓမ္မာသင်တန်းကားပြီးဆုံးခဲ့သည်။ သင်တန်းပြီးဆုံးသွားသည့်အခါ မိမိက သင်တန်းသားများအား ငါသင်ကြားပေးတာကို ကျေနပ်မှုရှိကြလားဟု မေးလိုက်ရာ အားလုံးက အလွန်ကျေနပ်အားရကြောင်း၊ အထူးကျေးဇူးတင်ကြောင်းနှင့် အင်္ဂလိပ်စကားကလည်း မနှေးလွန်းမမြန်လွန်းဘဲ သူတို့အတွက် အလွန်ရှင်းလင်းစွာနားလည်ကြောင်း ပြောပြကြသည်။ မိမိအနေဖြင့်လည်း အကျိုးအမြတ်အများကြီးကျန်ရှိခဲ့သည်။ ၎င်းမှာ  “ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရခဲ့သည်။ သူတို့အားလုံးကျေနပ်ကြသလို ကိုယ်တိုင်လည်း ကျေနပ်မှုခံစားရသည်။ ငယ်စဉ်ဘဝမှစ၍ ဘဝ၏အချိန်များစွာကိုရင်းနှီးကာ ကြိုးစားခြင်း၏ဆုလာဘ်ကား “ ဤသန့်စင်သော ပီတိ ” ပင်ဖြစ်တော့သည်။ ဤဆုလာဘ် ဤအမြတ်အစွန်းသည် မိမိအတွက်ကြီးမားသော ခွန်အားပင်ဖြစ်သည်။ ကမ္ဘာဦးလူသားများကား ပီတိနှင့်အသက်ရှင်သန်ခဲ့ကြသည်။ မိမိလည်း ပီတိစား၍ လောကဓမ္မကောင်းကျိုးများကို စွမ်းနိုင်သလောက် သယ်ပိုးရပေဦးမည်။ အခါအားလျော်စွာ ဤသို့သောပီတိမျိုးကို ယခင်ကလည်း ခံစားရခဲ့ဖူးသည်။ နောင်လည်းခံစားချင်ပါသည်။ စာဖတ်သူများလည်း ပီတိဓာတ် ကူးစက်ပါစေ။  ( ဆက်လက်ဖေါ်ပြပါမည် )


Thursday, October 2, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၇ ) အမှောင်ထဲမှာ တဝဲလည်လည်



မေးခွန်း….၈။ ဒါဆိုရင် လတွေ နေတွေကိုဘယ်သူကဖန်ဆင်းတာလဲ? စိတ်ကပဲ ဖန်ဆင်းတာလား?

ဖြေ…..၈။ “ ဟုတ်တယ်။ လနဲ့နေတို့ ဖြစ်ပေါ်လာတဲ့ကိစ္စမှာလဲ စိတ်ဟာ အဓိကကျတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်တယ်။  သဘာဝနိယာမဖြစ်စဉ်ကြီးထဲမှာ စိတ်ရဲ့တမ်းတချက်ကြောင့်ဖြစ်ပေါ်လာတာပဲ ”  ဟု မိမိက ပြောလိုက်သည်။ ထိုစဉ်  “ ငါကတော့ မယုံချင်ဘူး။ Discoveries တွေနဲ့ ခေတ်သစ်ပညာရှင်တွေရဲ့ အယူအဆတွေကိုလေ့လာကြည့်ရင် စိတ်နဲ့မသက်ဆိုင်ပါဘူး၊ သဘာဝနိယာမဖြစ်စဉ်ကြီးသက်သက်ပါ။ စိတ်ကြောင့် ဖြစ်လာတယ်ဆိုတာကို ငါလက်မခံနိုင်ဘူး ” ဟု မေးခွန်းရှင်က ပြောင်ပြောင်တင်းတင်းပင် ငြင်းချက်ထုတ်လာသည်။ တနည်းဆိုသော် ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးခြင်းပင်ဖြစ်သည်။ မိမိကလည်း ဤကဲ့သို့ အပြန်အလှန်ဆွေးနွေးခြင်းကို နှစ်သက်သူဖြစ်သောကြောင့် သူ၏ထပ်ဆင့်အမေးသည် မိမိအတွက် ကျေနပ်စရာပင်ဖြစ်ခဲ့သည်။

မိမိငယ်စဉ်ကလည်း သိချင်သည့်အချက်များကို နီးစပ်ရာပုဂ္ဂိုလ်များအား ပွင့်လင်းစွာမေးဖူးသည်။ မေးမိတိုင်းလည်း အများစုက မကြိုက်ကြပေ။ ဤမေးခွန်းမကြိုက်သည့် အလေ့အထသည် ရွှေပြည်တွင်သာမဟုတ်၊ ပွင့်လင်းမြင်သာမှု ( Transparency ) ကို အလေးထားပါသည်ဆိုသော ပြည်ပရောက် ရွှေမြန်မာများသော်မှ ဆွေးနွေးဖူးသည့်အခါတိုင်း မသိသည့်အရာများကို မသိဘူးဟု ရိုးရှင်းစွာဝန်ခံရမည့်အစား ပြန်လည်၍ထိုးနှက်ခြင်းဖြင့် တုန့်ပြန်ကြသည်ကိုသာ အများစုတွေ့ဖူးပါသည်။ မင်္ဂလသုတ် ပရိတ်ကြီးတွင် “ ကာလေန ဓမ္မသာကစ္ဆာ ဧတံ မင်္ဂလမုတ္တမံ ၊ အခွင့်ရ သင့်တော်သည့်အချိန်တွင် ကြောင်းကျိုးတရားများကို ဆွေးနွေးခြင်းသည် ကြီးပွါးကြောင်း ဖြစ်သည် ” ဟု မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ရိုးသားစွာမေးမြန်းခြင်း ဆွေးနွေးခြင်းသည် မြတ်ဗုဒ္ဓအလိုတော်ကျသာဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာဝင်ဟု နာမည်ခံထားကြသော လူအများစုကြီးသည် အထက်တန်းဓမ္မများကိုမဆိုထားဘိ မြတ်ဗုဒ္ဓ၏ နေ့စဉ်လူမှုဘဝလမ်းညွှန်ချက်လေးများနှင့်ပင်ဝေးနေကြဆဲဖြစ်သည်ကို ဝမ်းနဲဖွယ်ရာ တွေ့ရှိရသည်။ ထို့ကြောင့်လည်း ဗုဒ္ဓဘာသာနိုင်ငံများ ဆင်းရဲနေကြသည်ဟု မိမိယူဆသည်။

မေးခွန်းကိုမဖြေဆိုမီ ဆွေးနွေးခြင်းနှင့်ပတ်သက်၍ မိမိ၏အမြင်ကိုစာဖတ်သူများအား အနည်းငယ်တင်ပြချင်သည်။ ရိုးသားသောစိတ်ဖြင့်လွတ်လပ်စွာဆွေးနွေးမေးမြန်းခြင်းသည် ယနေ့ဖွံ့ ဖြိုးသောလူမှုအဖွဲ့အစည်းတိုင်း၏ စွဲမြဲနေသော အလေ့အထပင်ဖြစ်သည်။ တဖက်သားကို နှိပ်ကွပ်လိုသော၊ ခေသူမဟုတ်ကြောင်း ဝါကြွားလိုသော၊ တတ်ချင်ယောင်ဆောင်သော တတ်ယောင်ကား မာယာသာဌေယျ စိတ်ထားများဖြင့် မေးမြန်းခြင်း ဆွေးနွေးခြင်းတို့သည် တစ်ဦးချင်းစီအတွက်ဖြစ်စေ လူမှုအဖွဲ့ အစည်းအတွက်ဖြစ်စေ ကောင်းကျိုးမဖြစ်စေဘဲ
အန္တရာယ်ကိုသာ ဦးတည်စေသည်။

မိမိသည် အိန္ဒိယတွင် ပညာသင်နေစဉ် နိုင်ငံတကာဗုဒ္ဓဘာသာအစည်းအဝေးများသို့ လေး ငါးကြိမ်လောက်တက်ရောက်ဖူးသည့်နည်းတူ မိမိကိုယ်တိုင်လည်း စာတမ်းတင်သွင်းခြင်း ဆွေးနွေးခြင်းများကိုပြုလုပ်ဖူးပါသည်။ စာတမ်းရှင်များ အဆိုတင်သွင်းသူများကို နားထောင်သူပရိသတ်မှ ရိုးသားလွတ်လပ်စွာမေးကြပြီးလျှင် ဖြေဆိုသူများကလည်း ရိုးသားပွင့်လင်းစွာပင်ဖြေကြသည်ကိုသာတွေ့ရသည်။ သို့သော် မေးသမျှမေးခွန်းတိုင်းကိုတော့ ဖြေဆိုနိုင်ကြသည်မဟုတ်၊ မဖြေဆိုနိုင်သည့်အရာများကို ချောင်ပိတ်၍ မေးရကောင်းလားဟု မယူဆဘဲ သူတို့မသိသေးကြောင်း ကျေးဇူးတင်ကြောင်းနှင့် သူတို့၏ပုဂ္ဂိုလ်ရေးအမြင်အရ ဖြေရလျှင် ဤသို့ထင်မြင်ယူဆကြောင်းစသည်ဖြင့် ရိုးသားစွာတုန့်ပြန်ကြသည်မှာ ကျေနပ်ပီတိဖြစ်ရသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။ ဤသို့ ရိုးသားစွာဝန်ခံခြင်းအတွက် သိက္ခာလည်းမကျ၊ အထင်လဲမသေးဘဲ လေးစားသောစိတ်ဖြင့်လက်ခံနားလည်တတ်ကြသည်မှာလည်း မိမိအတွက်အတုယူစရာများဖြစ်ခဲ့သည်။ ရွှေပြည်တွင်လည်း ဤအလေ့အထများ အနည်းငယ်ခေါင်းပြူလာသည်ဖြစ်ရာ ကြိုဆိုဝမ်းသာရမည့်
အချက်ပင်ဖြစ်သည်။

ထို့ပြင် မိမိအိန္ဒိယတွင် ပညာသင်နေစဉ် ( MMWAI ) ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားချိန်ဝယ် အပြန်အလှန်ဆွေးနွေးခြင်းဖြင့်အတွေ့အကြုံနှင့်အသိပညာများကို မြင့်တင်ရန်ရည်ရွယ်၍ မဟာယာနဂိုဏ်းဝင်ဘုန်းကြီးများကိုဖိတ်မံ၍လည်းကောင်း၊ ပညာသင်ရဟန်းတော်များအချင်းချင်းအနေနှင့်လည်းကောင်း အပြန်အလှန်ဟောပြောခြင်း မေးမြန်းခြင်း ဆွေးနွေးခြင်းအစီအစဉ်ကို စနေတနင်္ဂနွေကျောင်းပိတ်ရက်များတွင် အကောင်အထည်ဖေါ်ခဲ့ဖူးသည်။ ထိုလုပ်ငန်းစဉ်မှ သိလိုက်ရသည့်အချက်မှာ “ နိုင်ငံခြားပညာတော်သင် ရဟန်းတော်များသော်မှ ပွင့်လင်းစွာဆွေးနွေးခြင်း မေးမြန်းခြင်းဒဏ်ကို မခံနိုင်ကြသေးပါလား၊ နှလုံးသားသည် အမှောင်ကျနေဆဲပါလား၊ ပိတ်မိနေသော နှလုံးသားကို ခပ်ပါးပါးလေးတွန်းဖွင့်ရုံမျှဖြင့် မရနိုင်သေးပါလား၊ နှစ်များစွာလွှမ်းမိုးလာခဲ့သော နိုင်ငံရေး အမှောင်ထုသည် မြတ်ဗုဒ္ဓ၏ဓမ္မရောင်ခြည်ကို အင်နှင့်အားနှင့်ပိတ်ဆို့ခဲ့သဖြင့် အမှောင်ထုထဲတွင် တဝဲလည်လည် ဖြစ်နေဆဲပါလား ” ဟူသော သင်္ခန်းစာပင်ဖြစ်သည်။  ( ဆက်လက်ဖေါ်ပြပါမည် )

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၆ ) စိတ်သာပဓာန


အိန္ဒိယစားသောက်ဆိုင်သည် အိန္ဒိယနိုင်ငံတွင်ရှိသော ဆိုင်များနှင့်ကွာခြားလွန်းနေသည်။ အိန္ဒိယပုံစံနှင့် ဥရောပပုံစံတို့၏ခြားနားမှုကား တော်တော်များသည်။ ( သို့သော် ဟိုတယ်ဝန်ဆောင်မှုပိုင်းတွင်ကား ခြားနားမှု သိပ်မရှိလှပါ။ ) သန့်ရှင်းမှု၊ ငွေပေးချေမှုစနစ်၊ စားသောက်မှုပုံသဏ္ဌာန်နှင့်ဝန်ဆောင်မှုတို့မှအစ အရာအားလုံးခြားနားနေသည်။ အစားအစာများမှာသောအခါ မိမိက “ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင် သုံးသလား ” ဟု မေးလိုက်သည်တွင် “ မသုံးပါဘူး ” ဟု ဆိုလေသည်။ “ ဘယ်ဟင်းခတ်အမွှေးအကြိုင်ကို ထည့်ပေးရမလဲ ” ဟု ပြန်မေးလာသည်ကို “ ဘယ်ဟာမှ မသုံးဘူး ” ဟု မိမိကပြန်ပြောလိုက်သည်။ သို့နှင့် အစားအစာလာချပေးသဖြင့် စားတော့မည်ပြုစဉ် ဆိုင်ဝန်ထမ်းတစ်ဦးက “ တောင်းပန်ပါတယ်၊ ဟင်းခတ်အမွှေးအကြိုင်မှားထည့်ပေးမိပါတယ်၊ အသစ်ပြန်လုပ်ပေးပါမည် ” ဟုဆိုကာ စားခါနီးဆဲဆဲ ဆွမ်းပွဲကိုပြန်သိမ်းသွားလေသည်။ မိမိကလည်း အသစ်လဲခိုင်းသည်မဟုတ်၊ သိလဲမသိသေးဘဲ သူ့တို့၏ အားနဲချက်ကို သူတို့ကိုယ်တိုင် တာဝန်ယူသွားခြင်းပင်ဖြစ်သည်။ အသစ်လာချပေးသော ဆွမ်းကိုဘုန်းပေးပြီး၍ အကြိုက်ဆုံးဖြစ်သည့်ဘလက်ခ်ကော်ဖီတစ်ခွက်ဖြင့် တစ်နေ့တာဆွမ်းကိစ္စကို အဆုံးသတ်လိုက်သည်။

နေ့လည်ခင်း အဘိဓမ္မာသင်တန်းပြန်စသောအခါ စိတ်၏အရေးကြီးပုံကို ဓမ္မပဒမှာလာရှိသည့် မနောပုဗ္ဗင်္ဂမာ ဓမ္မာ စသော ဂါထာကို အနဲငယ်ချဲ့ ထွင်၍ ရှင်းပြလိုက်သည်။ လောကတွင် သက်ရှိ သက်မဲ့အရာရာ၏ ဖြစ်ပျက်သမျှသည် စိတ်အပေါ်တွင်သာ မူတည်ကြောင်း၊ စိတ်ကသာ ရှေ့ သွားဖြစ်ကြောင်း၊ အကြီးအမှုးဖြစ်ကြောင်း၊ စိတ်ကြောင့်သာ ဖြစ်နေရကြောင်းများကို လူ့သမိုင်းနှင့်ယှဉ်၍ ရှင်းပြလိုက်သည်။ ကမ္ဘာဦးမှသည် ယနေ့အထိ နိုင်ငံရေးစနစ်၊ လူမှုစနစ်၊ လူနေမှုအဆင့်အတန်း၊ တိုးတက်မှုနှင့်ဆုတ်ယုတ်မှု၊ ပြောင်းလဲလာနေသော လူနေမှုပုံစံ စသည်တို့သည် လူသားတို့၏ စိတ်ကြောင့်သာလျှင် ဖြစ်ရကြောင်း၊ ကောင်းကင်ဘုံမှ မည်သည့်တန်ခိုးရှင်ကမျှ ဝင်ရောက်ဖန်တီးခြင်း ကူညီခြင်း ဖျန်ဖြေခြင်း အလျဉ်းမရှိကြောင်း စသည်ဖြင့် ခေတ်အလိုက်ဖြစ်ပျက်ခဲ့သည့်သမိုင်းများနှင့်ယှဉ်ထိုး၍ ရှင်းပြလိုက်သည်။
သင်ကြားရေးကို အာရုံစိုက်ထားရသဖြင့် သင်တန်းချိန်အတွင်းမေးကြသည့် တိုလီမုစ္စမေးခွန်းများကိုကား အကုန် မမှတ်မိတော့ပေ။ တစ်နာရီကျော်မျှကြာသွားသောအခါ လက်ဖက်ရည်သောက်ချိန်နားကြသည်။ ထိုစဉ်အတွင်း အမျိုးသား တစ်ယောက်မှ ဤသို့မေးလာသည်။

မေးခွန်း….. ၇။ မနောပုဗ္ဗင်္ဂမာ ဓမ္မာနဲ့ပတ်သက်လို့ သိချင်ပါတယ်။ စိတ်ကြောင့်ဖြစ်တယ်ဆိုတာလက်ခံပေမယ့် အချို့ အရာတွေကတော့ စိတ်ကြောင့်ဖြစ်တာမဟုတ်ပါဘူး။ အတွေ့အကြုံကြောင့် ဖြစ်ပျက်သွားတာတွေ၊ ပြောင်းလဲသွားတာတွေရှိပါတယ်။ အဲဒါကို ဘယ်လိုပြောမလဲ?

ဖြေ……၇။ “ ဟုတ်ပီ။ ဒါဆိုရင် အတွေ့အကြုံတွေကရော ဘာကြောင့်ဖြစ်တာလဲ ” ဟု မိမိက ပြန်မေးလိုက်သည်တွင် “ ကိုယ့်ရဲ့ရွေးချယ်မှုကြောင့် ဖြစ်တာပါ ” ဟု မဆိုင်းမတွပြန်ဖြေလာသည်။ “ ဟုတ်ပီ။ အဲဒီရွေးချယ်မှုကို ဘာနဲ့ရွေးချယ်တာလဲ ” ဟု မိမိက ထပ်ဆင့်မေးလိုက်သည်တွင် သူကား သဘောပေါက်သွားဟန်ဖြင့် ပြန်မဖြေဘဲ ပြုံးနေလေသည်။ သို့နှင့် မိမိကပင်ဆက်လက်၍ ပြောလိုက်သည်။ “ ရွေးချယ်တဲ့အခါမှာလဲ စိတ်နဲ့ပဲရွေးချယ်တယ်။ ရွေးချယ်တဲ့အခါမှာ စိတ်အားထက်သန်သည်ဖြစ်စေ မသန်သည်ဖြစ်စေ စိတ်နဲ့ပဲရွေးချယ်တာ၊ ဆုံးဖြတ်တာပါပဲ။ အဲဒီဆုံးဖြတ်ချက်၊ ရွေးချယ်ချက်အရ တွေ့ ကြုံလာကြရတာပဲ၊ အသိဥာဏ်ရှိတဲ့လူက အဲဒီအတွေ့အကြုံပေါ်မှာ သင်္ခန်းစာယူပြီးတော့ အကောင်းဘက်ကိုပြောင်းလဲယူကြတာဖြစ်တယ်။ ဥာဏ်နဲတဲသူတွေကတော့ သင်္ခန်းစာမယူတတ်လေတော့ သူတို့ရဲ့အတွေ့ အကြုံတွေဟာ ဘဝအတွက် အရည်အသွေးတွေဖြစ်မလာဘူး။ အတွေ့ အကြုံမည်ကာမျှပဲဖြစ်တယ်။ ဒါကြောင့် ဥာဏ်ရှိသူအတွက် အတွေ့ အကြုံဟာ အရေးအကြီးဆုံးပါပဲ။ ဟုတ်တယ်။ အတွေ့ အကြုံရှိဖူးတဲ့ စိတ်ဟာလဲ ပိုလို့ ရင့်ကျက်လာတယ်။ အဲဒီရင့်ကျက်တဲ့ စိတ်နဲ့ ဆောင်ရွက်ရင် အရာရာဟာ အမှားနဲမယ်။ အကောင်းဘက်ကို ဦးတည်စေမယ်။ ဒါကြောင့် ဘဝမှာ အရာရာရဲ့အကြောင်းရင်းဟာ စိတ်သာပဓာနဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် ဒီလောက်ဆို ပြည့်စုံပါပြီ။
မိမိကသာ ပြည့်စုံပြီဟုဆိုသော်လည်း သူ၏ မျက်နှာတွင်ကားမကျေနပ်၊ အားမရသေးသည့် အမူအရာပြနေလေသည်။ ထို့ကြောင့် မိမိက သူ၏ မျက်နှာကို စိုက်ကြည့်နေစဉ်မှာပင် နောက်ထပ်မေးခွန်းတစ်ခုဖြင့် ထပ်ဆင့်၍ အတွန့်တက်လာပြန်သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



Wednesday, October 1, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၅ ) ငါတကယ်ပေါက်ပါပြီ


ဤသို့ဖြေဆိုပြီးသောအခါ လူငယ်အမျိုးသားတစ်ယောက်မှ မေးခွန်းထုတ်လာပြန်သည်ကိုလည်း အသာတကြည်ပင်လက်ခံလိုက်သည်။

မေးခွန်း….၆။ မဂ္ဂင်လမ်းစဉ် ရှစ်သွယ်မှာ ဘယ်လမ်းစဉ်ကို ပထမစကျင့်ရမလဲ?
ဖြေ……။ ၆။ ဘယ်လမ်းစဉ်ကို စကျင့်ရမလဲဆိုတော့ သမ္မာဒိဋ္ဌိ/ Right understanding လမ်းစဉ်ပဲဖြစ်တယ်။ ဒီ Right understanding ဟာ ဗုဒ္ဓဓမ္မရဲ့ အဦးအစ ပထမရှိရမယ့် အချက်ပါပဲ။ မှန်ကန်သောနားလည်မှုဆိုတာ သူများပြောလို့ မှန်တယ်ထင်ပြီး ( နားယောင်ပြီး ) လက်ခံထားတာမျိုးမဟုတ်ဘူး။ ကိုယ်တိုင်ကိုယ်ကျ အရှိကိုအရှိအတိုင်း နားလည်တာ သိမြင်တာဖြစ်တယ်။ ခရစ်ယန်ဘာသာအရ ယေရှုသခင်က ပြောလို့မှန်တာပဲ ဆိုပြီးလက်ခံတာမဟုတ်ဘူး။ အစ်စလာမ်ဘာသာအရ မုဟုမ်မဒ်က ပြောလို့ သူ့ကိုလေးစားလို့ နားလည်လက်ခံထားတာလည်းမဟုတ်ဘူး။ ဗုဒ္ဓဘာသာအရ ဗုဒ္ဓဘုရားရှင်ဟောတာကို ကြိုက်လို့ဆိုပြီး လက်ခံနားလည်တာမျိုးလည်းမဟုတ်ဘူး။ အခြားဘယ်သူတစ်ဦးတစ်ယောက်ကမျှ ဘယ်တန်ခိုးရှင်ကမှ ( ဆုပေးမယ် ဒဏ်ပေးမယ်ဆိုတဲ့ အခြောက်တရား အမျှော်တရားတွေနဲ့ ) ဖိအားပေးလို့လည်းမဟုတ်ဘူး။ သဘာဝတရားတို့ရဲ့ ဖြစ်ပျက်မှုတွေကို ကိုယ့်ရဲ့ကိုယ်ပိုင်ဥာဏ်စွမ်းနဲ့ သဘာဝအတိုင်း ( အရှိအတိုင်း ) သိမြင်နားလည်တာ လက်ခံထားတာကိုဆိုလိုတယ်။ ဘုရားရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မီမှာ ဒီလမ်းစဉ်ကိုမလျှောက်ခဲ့မိဘဲ အစွန်းတရားကိုလျှောက်ခဲ့မိလို့ ခြောက်နှစ်ကြာအောင် ဆင်းရဲခံခဲ့ရပြီး တရားထူးကိုမရခဲ့ဘူး။ ဒီ Right understanding ဆိုတဲ့ ပထမလမ်းစဉ်ကို စတွေ့ တော့မှ လမ်းစဉ်အမှန်ကိုရောက်ခဲ့တယ်။ နောက်ဆုံး ဘုရားဖြစ်လာခဲ့တယ်။

ဒီလမ်းစဉ်ကို သိမြင်ဘို့အတွက် ပထမရှိရမယ့် အရည်အသွေးက Clear vision ဖြစ်တယ်လို့ ငါယူဆတယ်။ Clear vision ရှိမှသာ Right understanding ဆီသို့ဦးတည်သွားနိုင်တယ်။ အဲဒီ Clear vision ဟာ မင်းရဲ့ ပထမရှိရမယ့် ကိုယ့်ရည်ကိုယ်သွေးပဲ။ ဗုဒ္ဓက ဒီလိုအရည်သွေးတွေ ထက်မြက်လာအောင် သင်ကြားပေးတယ်။ အဲဒီအရည်အသွေးတွေနဲ့ မင်းကိုယ်တိုင်ဆုံးဖြတ်ခွင့် ရွေးချယ်ခွင့်ရှိတယ်။ မင်းရဲ့ ကိုယ်ပိုင် ရွေးချယ်မှု၊ ဆုံးဖြတ်မှုအပေါ်မှာ ဆုပေးခြင်း ဒဏ်ပေးခြင်း ဘာမှမလုပ်ဘူး။ မင်းကိုယ်တိုင် တာဝန်ယူရတယ်၊ တာဝန်ခံရတယ်။ အခြားဘာသာတွေမှာတော့ ကိုယ့်ဘဝကို ကိုယ်တိုင်တာဝန်ယူစရာမလိုဘူး။ တာဝန်ခံစရာလဲမလိုဘူး။ Clear vision and right understanding ဆိုတာလဲ ရှိဘို့မလိုအပ်ဘူး။ ဖန်ဆင်းရှင်ကို ယုံကြည်မှုရှိမယ် ဆုတောင်းမယ်ဆိုရင် လုံလောက်ပီ။ ဗုဒ္ဓရဲ့တရားတော်မှာတော့ လုပ်ချင်တာတွေလုပ်ပြီးမှ တန်ခိုးရှင်ထံမှာ ဆုတောင်းရုံနဲ့မရနိုင်ဘူး၊ ကိုယ်တိုင်လုပ်ခဲ့တာတွေအတွက် ကိုယ်တိုင်သာ တာဝန်ရှိသူဖြစ်တယ်။ တာဝန်ခံရတယ်။  သို့သော် ကိုယ့်လုပ်ရပ်ကို ကိုယ်တိုင်တာဝန်မယူချင်သူတွေ၊ မယူရဲသူတွေကတော့ တန်ခိုးရှင်ရဲ့အထံမှာ ဆုတောင်းတောင်းတဲ့ အလေ့အထကို နှစ်သက်ကြတယ်။

ဒီ မဂ္ဂင်လမ်းစဉ်ရှစ်သွယ်ထဲမှာ တန်ခိုးရှင် ဖန်ဆင်းရှင်ကို ယုံကြည်ရမယ်လို့လဲ အကြပ်မကိုင်ဘူး။ ဆုတောင်းရမယ်လို့လဲပြဌာန်းမထားပါဘူး။ ဖန်ဆင်းရှင်ဆိုတဲ့သူက ( တကယ်လဲမရှိပါဘူး ) ငါ့ကို ရှိခိုးလို့ လေးလေးစားစား ဆုတောင်းလို့ သဘောကျပြီး ဆုပေးမယ်၊ ငါ့ကို မလေးစားလို့ ဒေါသထွက်ပြီး ဒဏ်ပေးမယ်ဆိုတာလဲ မပါဘူး။ တကယ်တော့ မဂ္ဂင်ရှစ်ပါးဆိုတာ လူတစ်ဦးချင်းစီရဲ့ မွန်မြတ်တဲ့ အရည်အသွေးတွေကို မြှင့်တင်ပေးပြီး ကိုယ်ပိုင်အရည်အသွေးနဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်အောင် လျှောက်လှမ်းနိုင်အောင် လမ်းညွှန်ထားတဲ့ သဘောတရားလမ်းစဉ်သာဖြစ်တယ်။

  ဒီလမ်းစဉ်ရှစ်သွယ်ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ကြောင်းကျိုးဆက်စပ်နေတယ်။ အုပ်စုခွဲရင် သီလ အုပ်စု၊ သမာဓိအုပ်စုနဲ့ ပညာအုပ်စုရယ်လို့ သုံးအုပ်စုဖြစ်လာတယ်။  ဒီသုံးအုပ်စုထဲမှာ ပညာအုပ်စုကို အစပထမကျင့်သင့်တယ်။ အဲဒါက Right understanding and right thought / သမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ဗ တို့ဖြစ်တယ်။ အဲဒီ နှစ်ခုထဲကမှ သမ္မာဒိဋ္ဌိ ဖြစ်အောင်၊ အဲဒီသမ္မာဒိဋ္ဌိလမ်းစဉ်ကိုလျှောက်ဖြစ်အောင် ပထမကြိုးစားရမယ်။ အဲဒီပထမလမ်းစဉ်ကို ကျင့်နိုင်ပြီဆိုရင် အခြားလမ်းစဉ် ( ၇ ) သွယ်ဟာလဲ တွဲပါလာပြီးသားဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကြောင်းကျိုးဆက်စပ်နေလို့ဖြစ်တယ်။

 မိမိလည်း ပြောလိုက်သည့်စကားများ ရှည်သွားပြီဖြစ်သောကြောင့်ရပ်တန့်ပြီး “ မင်း ဒီလောက်ဆို သဘောပေါက်ပြီလို့ ငါထင်တယ် ” ဟု ပြောလိုက်သောအခါ “ ငါ တကယ်ပဲ ရှင်းရှင်း သဘောပေါက်ပါပြီ ” တဲ့။
ဆွမ်းစားချိန်ကျရောက်လာသောကြောင့် မိမိကို အနီးအနားရှိ အိန္ဒိယ စားသောက်ဆိုင်သို့ ပင့်သွားကြသည်။ ( ဆက်လက်ဖေါ်ပြပါမည် )

Tuesday, September 30, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၄ ) အဖြေကို နှစ်သက်ပါတယ်

 ဟိုတယ်တွင် တည်းခိုရသည်မှာလည်း အဆင်ပြေသည်ပင်။ ပို၍အဆင်ပြေသည့်အရာမှာ နံနက်စာ
 ( အာရုံဆွမ်း ) ပင်ဖြစ်သည်။ ဟိုတယ်မှကျွေးသော အာရုံဆွမ်းသည် များပြားစုံလင်လှသည်။ သားသတ်လွတ်ဟင်းအမယ်က ( ၁၀ ) မျိုးလောက်ရှိမည်ထင်သည်။ အသားငါးဟင်းများကလည်း
 ( ၁၀ ) မျိုးခန့်လောက်ရှိသဖြင့်စုံလင်သည်။ ထိုအထဲတွင် မိမိအကြိုက်ဆုံးဖြစ်သည့် ဖင်လန်အခေါ်
 မက္ကရာ ( အသားမျိုးစုံကို ရောကြိတ်ထားပြီး ဝက်အူချောင်းပုံသဏ္ဌာန်ရှိလျှက် ကင်ထားသည့်အစားအစာ ) ကိုလည်းတွေ့ရသည်။ ထို့ပြင် ဝက်ဆားနယ်ခြောက် ပါးပါးကိုကင်ထားသည့် အစားအစာ ( bacon ) ကိုလည်းတွေ့ရသည်။ များစွာသော ဟင်းအမယ်များထဲမှ မက္ကရာနှင့် ဝက်ဆားနယ်ခြောက်ကို ဆလပ်ရွက်နုနုလေးများဖြင့် ရော၍သုံးဆောင်လိုက်သည်။ မိမိကြိုက်နှစ်သော အစားအစာဖြစ်သဖြင့် အရသာလည်းရှိ နှစ်သက်မှုလည်း ဖြစ်ရသည်။ ထို့ပြင် ကြက်ဥမွှေကြော်နှင့် ငါးသေးသေးလေးများကို အချဉ်ရည်စိမ်ထားသည်ကိုလည်း ဆလပ်ရွက်နုနုလေးများနှင့် ရောနှောကာလွေးလိုက်သေးသည်။ ဘလက်ခ် ကော်ဖီတစ်ခွက်ကိုဖြေးညှင်းစွာ မျိုကျိုက်လျှက် နံနက်စာ အာရုံဆွမ်းကို အပြီးသတ်လိုက်သည်။ အားလုံးကျမ္မာချမ်းသာကြပါစေဟုလည်း အာရုံဆွမ်းစားသုံးစဉ် စူးစိုက်စွာမေတ္တာပို့နေမိသေးသည်။

  ထိုနေ့ ( ၂၁.၀၉.၂၀၁၄ ) နံနက် ( 9:30 ) တွင် ဟိုတယ်မှ သင်တန်းဌာနသို့စတင်ထွက်ခွါ၍ နံနက် ( 10 ) နာရီတွင် တနင်္ဂနွေနေ့သင်တန်းစတင်ရသည်။ Buddhism အကြောင်းကို တစ်နာရီကျော်ကြာမျှ သင်ကြားပြီးသောအခါ အမျိုးသားတစ်ယောက်မှ မေးခွန်းတစ်ခုမေးလာလေသည်။

မေးခွန်း…၅။ ဗုဒ္ဓက အခြားဘာသာစကားနဲ့မဟောဘဲ ဘာကြောင့် မဂဓဘာသာနဲ့ဟောတာလဲ?

ဖြေ….၅။ ဒီဘာသာစကားဟာ မဂဓတိုင်းမှာ သုံးတဲ့ဘာသာစကားဖြစ်တယ်။ အာရိယန် ( အရိယ ) လူမျိုးတို့ သုံးတဲ့ဘာသာစကားလဲဖြစ်တယ်။ အဲဒီ ဗုဒ္ဓခေတ်ရဲ့ အများသုံးဘာသာစကားဖြစ်ပြီး ပေါ်ပြူလာဖြစ်ခဲ့တဲ့ ဘာသာစကားလဲဖြစ်တယ်။ ဒီနေ့ခေတ် အင်္ဂလိပ် ပြင်သစ်စတဲ့ ဘာသာစကားတွေရဲ့ အများသုံးဖြစ်မှု ပေါ်ပြူလာဖြစ်မှုတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုလို့ထင်ရှားမယ်။

ဒါ့အပြင် လောကီလူမှုနယ်ပယ်မှ အဓိပ္ဗါယ်များကိုသာမက လောကုတ္တရာနယ်ပယ်မှ အဓိပ္ဗါယ်တွေကိုပါ တိတိကျကျ ဖေါ်ပြပေးနိုင်တဲ့  ဘာသာစကားလဲဖြစ်တယ်။ အထူးသဖြင့် မဂဓဘာသာဟာ လူသားတို့ရဲ့ မူလဘာသာစကားလဲဖြစ်တယ်။ ဘယ်ဘာသာစကားကိုမျှ မကြားဘူး မပြောဘူးတဲ့ ကလေးငယ်တစ်ယောက်ဟာ အစဦးဆုံးစကားပြောမယ်ဆိုရင် မဂဓဘာသာကိုသာပြောမယ်။ ဒါကြောင့် လူသားတို့ရဲ့ မူလဘာသာစကားလို့ ဆိုခြင်းဖြစ်တယ်။ နတ်တွေ ဗြာဟ္မာတွေကလဲ မဂဓဘာသာစကားကိုပဲ သုံးကြတယ်။ ဒါကြောင့် ဗုဒ္ဓက မဂဓဘာသာနဲ့ဟောခဲ့တာဖြစ်တယ်။ သူကား ခေါင်းညိတ်လျှက် “ မင်းရဲ့အဖြေကို နှစ်သက်ပါတယ် ” ဟု ဆိုလေသည်။ ( ဆက်လက်ဖေါ်ပြပါမည် )


***ဓမ္မမိတ်ဆွေများ၏အမှာစကား***