Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, October 15, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၇ )

ဤ သုမေဓာချစ်သားသည် နောင်အခါ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်သောကာလ၌ ဘဒ္ဒကမ္ဘာဝယ် သိစရာမှန်သမျှ ကြွင်းမဲ့ဥဿုံအလုံးစုံသိမြင်တော်မူသည့် ဘုရားအဖြစ်သို့ရောက်ရှိချိမ့်မည်၊ ဤ သုမိတ္တာ ချစ်သမီးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဘက်အဖြစ်ဖြင့် ပါဝင်ဖြည့်ဆည်းလိမ့်မည် ဟူ၍။  မိမိတို့ ဗုဒ္ဓဘာသာဝင်များ ယနေ့ကိုးကွယ်ဆည်းကပ်နေကြသော
ဂေါတမဘုရားရှင်၏ သာသနာတော်သည် ဤသို့ဗျာဒိတ်တော်ကိုခံယူရာမှ အစပြုခဲ့လေ၏။ ဒီပင်္ကရာဘုရားရှင်၏ ဗျာဒိတ်တော်သည် ယနေ့သာသနာတော်ကို ကြိုတင်၍ အသိမှတ်ပြုခဲ့ခြင်းလည်းဖြစ်၏ ဟုဆိုနိုင်၏။ ထို့ပြင်ဤဗျာဒိတ်တော်ကို ခံယူသည့်အခမ်းအနားသည် ယနေ့သာသနာတော်၏ အစဦးဆုံးသော အခင်းအကျင်း ဖြစ်၏ ဟူ၍လည်းဆိုနိုင်ချိမ့်မည်ထင်၏။  ဤသို့သော ဗျာဒိတ်တော်ကို ဒီပင်္ကရာဘုရားရှင်အား ဖူးမြှော်
ကြည်ညိုကြသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကြားသိကြရသောအခါ စကြာဝဠာ၏ အနှိုင်းမဲ့ခေါင်းဆောင် သို့မဟုတ် သုံးဆယ့်တစ်ဘုံ၏ ခေါင်းဆောင်သည် ယခုပေါ်ပေါက်ချေပြီဟူ၍ များစွာ
နှစ်ထောင်းအားရဖြစ်ကြ၏။ ဝမ်းသာပီတိ အဖြစ်ကြီးဖြစ်ကြရ၏။ သူတို့၏ဝမ်းသာပီတိသည် အနှိုင်းအဆမဲ့၏၊ အလွန်တရာမြင့်မြတ်ဖြူစင်၏၊ သဂြိုင်္ဟ်စကားဖြင့်ပြောရလျှင် သောမနဿ သဟဂုတ်ဥာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်စိတ်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိလေသာပွါးစီး အားကြီးရေးအတွက် ဝမ်းမြောက်ခြင်းမဟုတ်ဘဲ ကိလေသာကုန်ခန်း မြတ်ရဟန်း ( ဘုရား ) ဖြစ်ရေးအတွက်
ဝမ်းမြောက်ခြင်းကြောင့်ပင်ဖြစ်၏။ ထို့ပြင် နတ်ဗြဟ္မာအပေါင်းတို့သည် ဤသို့လည်း မျှော်လင့်ကြပြန်လေ၏။ အကယ်၍မိမိတို့သည် ဤဒီပင်္ကရာဘုရားရှင်လက်ထက်တော်၌ တရားထူးကိုမရခဲ့လျှင်
နောင်အခါဝယ် ဂေါတမဘုရားရှင်လက်ထက်တော်၌ တရားထူးကိုရရှိကြမည် ဟူ၍။ သူတို့၏ မျှော်လင့်တမ်းတချက်သည် မြင့်မြတ်ပေစွတကား။ အတုယူ အားကျထိုက်လေစွ။ စံပြုထိုက်လေစွတကား။ ယနေ့သာသနာတော်၏ မြစ်ဖျားခံရာ အစဦးဆုံး အခမ်းအနားသည် ဤမျှသာဖြစ်၏။ ဤအခမ်းအနားနှင့်ပတ်သက်၍ မိမိဤသို့ဆက်လက်၍ အတွေးပထျာဖြန့် စဉ်းစားခြင်း သံသရာချဲ့ဆန့်မိပါတော့၏။ လောကုတ္တရာမှလွဲ၍ လောက၏ နယ်ပယ်အသီးသီးတွင် ဘို့နှစ်ဘို့လိုအပ်၏။ ဘက်နှစ်ဘက်သည်ရှိ၏။ ထိုဘို့နှစ်ဘို့ ဘက်နှစ်ဘက် ညီညွတ်မျှတ ပြည့်စုံပါမှ ရလာဒ်တစ်ခု ထွက်ပေါ်လာမြဲဖြစ်၏။ အဆိုးနယ်ပယ်တွင်ဖြစ်စေ အကောင်းနယ်ပယ်တွင်ဖြစ်စေ သိပ္ပံပညာရပ် နယ်ပယ်တွင်ဖြစ်စေ ဝိဇ္ဇာပညာရပ် နယ်ပယ်တွင်ဖြစ်စေ အဆိုပါ ဘို့နှစ်ဘို့ ဘက်နှစ်ဘက်သည် မလွဲမသွေရှိသည်သာဖြစ်၏။ ထိုအရာကား ဖိုသဘာဝနှင့် မသဘာဝပင်တည်း။ တနည်းဆိုသော် ဖိုသတ္တိစွမ်းအင်နှင့် မသတ္တိစွမ်းအင်ပင်ဖြစ်ချေ၏။ ဤသတ္တိစွမ်းအင်နှစ်ခုသည် ဆန့်ကျင်ဘက်လည်းဖြစ်၏။ အလွန်အားကြီးသောဆွဲအားလည်းဖြစ်၏။ ထိုဆန့်ကျင်ဘက်ဆွဲအားတို့၏ ဟန်ချက်ညီညီဖြင့် ညီညွတ်ပေါင်းစည်းမိသောအခါ ရလာဒ်တစ်ခုသည် မုချဖြစ်ပေါ်လာရလေတော့၏။ လောကဓံတရားဟု အများသိနေကြသည့် ပေါများခြင်းနှင့် ရှားပါးခြင်း၊ ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်း၊ မိတ်ဆွေသင်္ဂဟ ပေါများခြင်းနှင့် အထီးကျန်ခြင်း ဟူသော ဒွန္ဒဒွန္ဒ အစုံအစုံသဘာဝတို့သည်လည်း မည်သည့်လောကီနယ်ပယ်တွင်မှ
ရှောင်လွှဲ၍မရဘဲ ထိုအစုံအစုံ သဘာဝတို့ကြောင့်ပင် အရာရာသည် ပြောင်းလဲ ဖြစ်ပျက် တိုးတက် ဆုတ်ယုတ်လျှက် ခရီးဆက်နေကြရခြင်းဖြစ်တော့၏။ ဤနေရာ၌ မိမိအဓိကတင်ပြလိုသည်မှာ ဆန့်ကျင်ဘက်တို့၏ အစုံအစုံသဘာဝဖြစ်ပါ၏။ သုံးဆယ့်တစ်ဘုံသားတို့အားကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ရရှိရေး ရည်မှန်းချက်ဖြင့် ဗျာဒိတ်တော်ကိုခံယူလျှက် ပါရမီတော်ဆယ်ပါးကို ကိုယ်တော်တိုင်ဖြည့်ကျင့်တော့မည်ဖြစ်သော ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် သုမိတ္တာမည်သော အမျိုးသမီးလေးပါဝင်လာသည်ကို အဘယ့်ကြောင့် လက်ခံဘိသနည်း။ ထို့်ပြင် ဒီပင်္ကရာဘုရားရှင်သည်လည်း အဘယ့်ကြောင့် တစ်ဦးတည်းမခွဲဘဲ နှစ်ဦးတွဲ၍ ဗျာဒိတ်ပေးခဲ့လေသနည်း။ အထူးသဖြင့် အလွန်ရှည်ကြာလှသော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်းဝယ် သူတို့ နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားသည် အလွန်ပင်ကြီးမားလှသည်ကို တွေ့ရ မြင်ရ သိရ ဖတ်ရ၏။ ထိုချစ်ခြင်း မေတ္တာတရားသည် ပါရမီတော်တို့ကြောင့်ကြီးမားလာလေသလော၊ သို့မဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်း မေတ္တာတရားကြောင့်ပင် ပါရမီတော်တို့ကို ဖြည့်ဆည်းနိုင်ခဲ့လေသလော။ ဤသို့သော လော များစွာ ဘိသနည်း အသီးသီးကို မိမိဘာသာ မေးခွန်းထုတ်၍ မိမိဘာသာ ဤသို့ဆက်လက်၍ အတွေးစိတ်ကူး မြူးမိပါတော့သတည်း။
( ဆက်ရန်......)


Sunday, October 9, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၆ )

ထိုသူမ၏နာမည်ကားသုမိတ္တာ ဟူသတတ်။ ထိုနာမည်၏ အဓိပ္ပါယ်ကား မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အလွန်ချစ်ခင်တတ်သူ ဟူ၍ဖြစ်သတတ်။ မှန်၏၊ သုံးဆယ့်တစ်ဘုံသား အားလုံးအတွက် အလောင်းတော်အား ဘုရားဖြစ်စေရန် ကူညီ၍ ပါရမီဖြည့်ဆည်းပေးရမည့်သူသည် မိတ်ဆွေကောင်းဖြစ်နေပါမှ သို့မဟုတ် အများပြည်သူလူထု၏ အလွန်ချစ်ခင်အပ်သူ သို့မဟုတ် အများပြည်သူလူထုကို ချစ်ခင်တတ်သူဖြစ်ပါမှ ပါရမီဖြည့်ဘက်ဖြစ်နိုင်ပေမည်။ ထိုသို့မဟုတ်ပါက သာမာန်အမျိုးသမီးဖြစ်သွားပေမည်။ ထိုဘုရားရှင်ကို ကြိုဆိုသည့် အခမ်းအနားတွင် ထိုသုမိတ္တာမည်သော အမျိုးသမီးငယ်လေးသည် ဒီပင်္ကရာဘုရားရှင်ကို လှုရန်အတွက် ကြာပန်းရှစ်ခိုင်ယူလာခဲ့လေ၏။ သူမ၏ အစပထမရည်ရွယ်ချက်သည် သူမကိုယ်တိုင် တစ်ဦးတည်း လှုဘို့ဖြစ်၏။ သို့သော် ဒီပင်္ကရာဘုရားရှင်အား သူ၏ခန္ဓာကိုယ်ကို တံတားခင်း၍လှုဒါန်းနေသော သုမေဓာရှင်ရသေ့ကို မြင်တွေ့ရသောအခါ သူမသည် လေးစားကြည်ညိုသွားလေ၏။ ယုံကြည်မှု၊ အားထားမှု၊ ချစ်ခင်မှု၊ ပူးပေါင်းဆောင်ရွက်လိုမှုနှင့် ပေးဆပ်ဖြည့်ဆည်းလိုမှုဟူသောဆန္ဒတို့သည်လည်း သူမ၏ရင်တွင်းသို့ အလိုအလျောက် ချင်းနင်းဝင်ရောက်လာခဲ့၏။ ထို့ကြောင့်ပင် သူမသည် လှုရန် ယူဆောင်လာခဲ့သော ကြာပန်းရှစ်ခိုင်အနက် သုံးခိုင်ကိုသာ သူမကိုင်ဆောင်လျှက် ကျန်ငါးခိုင်ကိုမူ သုမေဓာရှင်ရသေ့အား လိုလိုလားလားပင် ပေးလှုလိုက်လေ၏။ ဤနေရာတွင်မိမိ ဤသို့စဉ်းစားမိ၏။ အလောင်းတော်၏နာမည်ကား သုမေဓာ၊ အဓိပ္ပါယ်ကား ပညာပြည့်ဝ နှလုံးလှသူ သို့မဟုတ် စိတ်နှလုံးဖြူစင်လှသောပညာရှိ ဟူ၍ဖြစ်ပြီးလျှင် ကူညီ၍ ပါရမီဖြည့်မည့်သူ သုမိတ္တာ၏ အဓိပ္ပါယ်မှာ မိတ်ဆွေကောင်း သို့မဟုတ် အလွန်ချင်ခင်တတ်သူဟု အဓိပ္ပါယ်ရှိသဖြင့် သူတို့နှစ်ဦး၏ အမည်နာမ ဗျူပ္ပတ်နှင့် လုပ်ရပ်တို့သည် အလွန်ပင်ညီညွတ်တိုက်ဆိုင် ကြလေ၏တကား ဟူ၍။  ထို့နောက် သုမေဓာမည်သော ရှင်ရသေ့နှင့် သုမိတ္တာမည်သော အမျိုးကောင်းသား အမျိုးကောင်းသမီးနှစ်ယောက်တို့သည် ဒီပင်္ကရာဘုရားရှင်အား နှစ်ယောက်ပေါင်း၍ ကြာပန်းရှစ်ခိုင်ကိုလှုဒါန်းခဲ့ကြ၏။ ထိုသို့လှုဒါန်းစဉ်တွင် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်၏ အနှိုင်းမဲ့အသရေတော်ကို ဖူးတွေ့ရသဖြင့်အလွန်အားကျကြည်ညိုမိတော့၏။ အထူးသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် ငရဲနှင့် တိရစ္ဆာအပါအဝင် သုံးဆယ့်တစ်ဘုံသူ ဘုံသားတို့အတွက် လောကီကောင်းကျိုးနှင့် လောကုတ္တရာကောင်းကျိုးဤနှစ်မျိုးတို့ကို အနှိုင်းမဲ့သော ကရုဏာ၊ မေတ္တာ၊ ပညာတို့ဖြင့် အနှိုင်းမဲ့ဆောင်ရွက်တော်မူနိုင်သကဲ့သို့ သုမေဓာရှင်ရသေ့သည်လည်း လောကသားတို့၏ ကောင်းကျိုးမှန်သမျှကို သယ်ဆောင်လို ကယ်တင်လိုသော မဟာကရုဏာနှင့်  ဆန္ဒတို့သည် အလွန်အမင်းပြင်းပြင်းပြပြဖြစ်တော်မူလေ၏။ အမှန်စင်စစ် ဘုရားဖြစ်လိုသောဆန္ဒသည် အလွန်အမင်းပြင်းပြထက်သန်လာလေ၏။ မှန်လှ၏။ ဘုရားဖြစ်မှသာလျှင် အသားအရောင် အမျိုးအနွယ် နေရာဒေသ နိုင်ငံ ဘုံဌာန အဆင့်အလွှာ စသော လောကသားတို့၏ အပေါ်ယံအမြင်တို့ကို မရှုမြင် မခွဲခြားဘဲ သတ္တဝါတိုင်း၏ ပါရမီ အနုအရင့် အဆင့်အတန်းကိုသာ ကြည့်ရှုဆင်ခြင်တော်မူ၍ လောက ကောင်းကျိုးနှင့် လောကုတ္တရာ ကောင်းကျိုး ထိုနှစ်မျိုးတို့ကို အနှိုင်းမဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပါ၏။ ထို့ကြောင့်ပင် သူသည်ဘုရားဖြစ်လိုစိတ် ထက်သန်ပြင်းပြခြင်းပင်ဖြစ်၏။ ထို့ပြင်သုမိတ္တာမည်သော အမျိုးသမီးကောင်းလေးသည်လည်း သုမေဓာရှင်ရသေ့နှင့် သံသရာတစ်လျှောက် ဘဝဆက်တိုင်းတွင် ဘုရားဖြစ်သည်အထိ လိုလိုလားလားပေးဆပ်ပြီး ချိုချိုခါးခါးမျှဝေ၍ အတူတကွ ဆောင်ရွက်လိုသော ပါရမီဖြည့်လိုစိတ်တို့သည်လည်း တားမနိုင်ဆီးမရ ဖြစ်ပေါ်လာလေတော့၏။ အမှန်စင်စစ် သူတို့နှစ်ယောက်လုံး၏ အသိဥာဏ်နှင့် စိတ်သန္တာန်တွင် သို့မဟုတ် ဦးနှောက်နှင့်နှလုံးသားတို့တွင် မိမိတို့၏ အရာရာကို စွန့်လွှတ်ပေးဆပ်၍ လောကကောင်းကျိုးလုပ်ဆောင်ရန် အလွန်အမင်းစိတ်သန် ခံယူ ခံစားလျှက်ရှိကြ၏။ ဤသည်မှာ သူတို့နှစ်ဦး၏ လောကအပေါ်ထားရှိသော မဟာကရုဏာနှင့် အသိဥာဏ်ပညာပင်ဖြစ်တော့၏။ ဤနေရာ၌ ဘုရားအလောင်းတော် သုမေဓာ၏ မဟာကရုဏာနှင့် ပညာသည်ပို၍ပြဋ္ဌာန်းအားကြီးလှသည်ကိုမမေ့သင့်ပေ။ မှန်၏။ လောကကောင်းကျိုးကို သယ်ပိုးရာတွင် ကရုဏာနှင့်ပညာသည် မရှိမဖြစ်လိုအပ်ပါ၏။ ကရုဏာသာရှိ၍ ပညာမပါလျှင် ထိုထိုလုပ်ရပ်တို့သည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေတတ်ပါ၏။ စေတနာကောင်းရှိသော်လည်း နည်းလမ်းမှားသဖြင့် ကောင်းကျိုးမရ ဆိုးကျိုးဖြစ်ရတတ်သည်ဟု ဆိုလိုပါ၏။ တစ်ဖန် ပညာသာရှိ၍ ကရုဏာမပါလျှင်လည်း အကြင်နာမဲ့၍ ရက်စက်ကြမ်းကြုတ်တတ်သဖြင့် လောကသားများ၏ အားထားရာသဖွယ်မဖြစ်ဘဲ ဆိုးကျိုးများကို ခံစားရတတ်ပါ၏။ ထို့ကြောင့် လောကကောင်းကျိုးကို ဆောင်ရွက်ရာတွင် ကရုဏာနှင့်ပညာသဘောတရားတို့သည် အမှန်တကယ်လိုအပ်လှပါ၏။ သို့မှသာလျှင် လောကသားတို့အတွက် စစ်မှန်သော ကောင်းကျိုးချမ်းသာများကို ခံစားကြရမည်ဖြစ်ပါ၏။ ထိုသူနှစ်ယောက်တို့၏  ထိုအခြင်းအရာအားလုံးကို ဒီပင်္ကရာမြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်ဖြင့်သိတော်မူလေ၏။ ထို့ပြင် သုမေဓာရှင်ရသေ့၏ အနာဂတ်ကို ဆင်ခြင်တော်မူသောအခါ၌လည်း နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာသောကာလဝယ် ဘဒ္ဒကမ္ဘာ၌ ဂေါတမအနွယ်တော်ဖြင့် ဘုရားအဖြစ်သို့အမှန်မုချ ရောက်ရှိမည်ဖြစ်ကြောင်းကိုလည်းသိတော်မူသည့်အပြင် သုမိတ္တာအမျိုးကောင်းသမီးလေးသည်လည်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းတို့ပတ်လုံး ပါရမီဖြည့်ဖက်အဖြစ်ဖြင့် မလွဲမသွေပါဝင်ဖြည့်ဆည်းလိမ့်မည်ဖြစ်ကြောင်းတို့ကိုလည်း သိမြင်တော်မူလေ၏။ ထို့ကြောင့်ပင် ဘုရားရှင်က သူတို့နှစ်ဦးအား ဤသို့ ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။
( ဆက်ရန်......)

***ဓမ္မမိတ်ဆွေများ၏အမှာစကား***