Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, May 6, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၂ ) လူ့အခွင့်အရေး၏ သမိုင်းပုံရိပ်

ယနေ့ တစ်ကမ္ဘာလုံးတွင် လှုပ်ရှားရုန်းကန်ဖြေရှင်းနေကြသော လူ့အခွင့်အရေး ပြဿနာသည် ၁၉၃၉ ခုနှစ်မှစတင်ပြီး ၁၉၄၅ ခုနှစ်တွင်ပြီးဆုံးသော ၆ နှစ်ကြာမြင့်သည့်ဒုတိယကမ္ဘာစစ်ကြီး၏ နောက်ပိုင်းတွင်မှပေါ်ထွက်လာသော ပြဿနာတစ်ရပ်ဖြစ်၏။ ဤလူ့အခွင့်အရေးလှုပ်ရှားမှု အရေးတော်ပုံသည် သမိုင်းကြောင်းအရကြည့်လျှင် ကာလအားဖြင့်ကြာမြင့်လှသည်မဟုတ်သေးချေ။ တိတိကျကျပြောရလျှင် လူ့အခွင့်အရေးကို ပြဿနာတစ်ခုအဖြစ်လက်ခံလာခဲ့ကြသည်မှာ ယခုစာရေးနေချိန်အထိဆိုလျှင် ၆၇ နှစ်သက်တမ်းမျှသာရှိသေး၏။ အရွယ်ရလာပြီဟုဆိုနိုင်သော်လည်း ပြီိးဆုံးအောင်မြင်စွာ အေးချမ်းမျှတသည်အထိဖြေရှင်းနိုင်သော အခြေအနေသို့မရောက်သေးကြောင်းမှာ ယနေ့ကမ့္ဘာဖြစ်ရပ်များက အထင်အရှားသက်သေပင်ဖြစ်လေ၏။ ဤလူ့အခွင့်အရေးကိစ္စကို အားလုံးစုပေါင်းဖြေရှင်းရမည့် ပြဿနာတစ်ရပ်အဖြစ်လက်ခံလာခဲ့သည်မှာ မကြာမြင့်လှသေးသော်လည်း အတွေးအခေါ်အနေဖြင့်တည်ရှိလာခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဟုဆိုနိုင်ပါ၏။ သို့သော် လူ့အခွင့်အရေး Human Rights ဟူသောစကားလုံးဖြင့်တိုက်ရိုက်သန္ဓေတည်ကာ ပေါ်ထွက်လာသည်တော့မဟုတ်ချေ။ အမှန်စင်စစ် "Natural Rights or Rights of Man" မူလသဘာဝရပိုင်ခွင့်များ သို့မဟုတ် လူသား၏ ရပိုင်ခွင့်များ ဟူသောစကားလုံးများဖြင့် သန္ဓေတည်လာခဲ့၏။ တနည်းဆိုသော် လူ့အခွင့်အရေး 'Human Rights' ဟူသောစကားလုံးသည် မူလသဘာဝရပိုင်ခွင့်များ 'Natural Rights' ဟူသော ကျယ်ပြန့်လွတ်လပ်သည့်အတွေးအခေါ်၏ ရင်သွေးသားရတနာဖြစ်သည်ဟုဆိုကဆိုနိုင်လေ၏။ ဤလူ့အခွင့်အရေး ဟူသောစကားလုံးကို ရှေးခေတ်အဆက်ဆက်တွင် ပိုင်ဆိုင်မှု သုံးစွဲမှုမရှိကြောင်း စာဖတ်သူသိပေပြီ။ သို့သော် မည်သူကစတင်ဖေါ်ထုတ်ခဲ့သနည်းဟူမူ ဤအခွင့်အရေးဟူသော စိတ်ကူးအယူအဆတစ်ခုကို ကျိုးကြောင်းမျှတသည့်စံနစ်ကို ကျင့်သုံးခဲ့ကြသော ရှေးဟောင်းဂရိများ သို့မဟုတ် ရောမများတို့သည် ကျယ်ပြန့်သော အသိဥာဏ်ဖြင့်ဆင်ခြင်ကာ ဖေါ်ထုတ်ခဲ့ကြ၏။ ရှေးဟောင်း ဂရိနှင့်ရောမတို့က ဖေါ်ထုတ်ခဲ့သည်ဟု ဆိုသော်လည်း ဤအခွင့်အရေးဟူသော စိတ်ကူးအယူအဆသည် ဥရောပတိုက်တွင် ၁၂ ရာစုကုန်ဆုံးသည့်တိုင် ပေါ်ထွက်လာခြင်းမရှိသေးပေ။ သို့သော် အေဒီ ၁၄ ရာစုနှစ်အကုန်တွင် 'Natural Rights' မူလသဘာဝရပိုင်ခွင့်များဟူသော အယူအဆတစ်ရပ်သည် ပြည့်စုံစွာပေါ်ထွက်လာပြီးလျှင် ဆက်လက်၍လည်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နောက်ပိုင်းတွင် 'Natural Rights' ဟူသောအယူအဆနှင့်ပတ်သက်၍ အင်္ဂလိပ်ဒဿနိကဗေဒပညာရှင်များဖြစ်ကြသည့် သောမတ်စ်ဟော့ဘ်စ် ( ၁၅၈၈- ၁၆၇၉ )နှင့် ဂျွန်လော့ခ် ( ၁၆၃၂-၁၇၀၄)တို့၏ အမြင်ခြားနားမှုများကိုအခြေခံကာ ဂိုဏ်းနှစ်ခုခြားနားစွာပေါ်ထွက်ခဲ့သည်။ သူတို့နှစ်ဦး၏ အယူအဆတို့သည် ၁၆၄၀ခုနှစ်တွင်အင်္ဂလိပ်တော်လှန်ရေးနှင့် ၁၆၈၈ ခုနှစ်တွင်ဖိနှိပ်သည့်အစိုးရကို ပုန်ကန်မှုများပေါ်ပေါက်စေခဲ့သည်။ တနည်းဆိုသော် မူလသဘာဝအခွင့်အရေးများကို နားလည်လာကြသောကြောင့် ပြည်သူများအား မတရားဖိနှိပ်သည့်အစိုးရကို အာခံတော်လှန်ခြင်းလည်းဖြစ်သည်။ မှန်၏။ လူသားသည် မိမိ၏မူလမွေးရာပါ အခွင့်အရေးများကိုမသိလျှင် ရပိုင်ခွင့်များကိုလည်းနားမလည်တော့၊ ဆုံးရှုံးမှုများကိုလည်း မစဉ်းစားမဝေဘန်တတ်တော့ချေ။ မိမိအသက်ရှင်သန်လာရခြင်း၏ သို့မဟုတ် လူဖြစ်လာရခြင်း၏ အဓိပ္ပါယ်ကိုလည်းမဖေါ်တတ်တော့ချေ။ ထိုအခါ အာဏာရှိသူ စည်းစိမ်ရှိသူတို့က ပစ္စည်းမဲ့သူများနှင့် အသိဥာဏ်ပညာအားနဲသူများအား လူသားအချင်းချင်း လူမဆန်စွာရက်ရက်စက်စက် ပြုမူဆက်ဆံ အုပ်စိုးဖိနှိပ် ချူပ်ချယ်ခဲ့ကြရာမှ လူ့အဆင့်အလွှာတို့သည်လည်း ကွာခြင်တိုင်းကွာခြားလှသည့်အခြေအနေသို့ရောက်ခဲ့ရတော့၏။ နောက်ပိုင်းတွင်လူသားများသည် အသိဥာဏ်တစ်စထက်တစ်စ ရင့်သန်လာသည့်အတွက်ကြောင့် မိမိတို့၏ အခွင့်အရေးများ ရပိုင်ခွင့်များ ဆုံးရှုံးမှုများ တာဝန်များ စည်းကမ်းများကို တစ်ဆင့်ချင်းနားလည်လာခဲ့ကြ၏။ ထို့နောက် ၁၇၇၆ ခု အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းသည် လူသားအားလုံး မူလသဘာဝအရ တန်းတူရည်တူအခွင့်အရေးရှိသည်မှာ အထင်အရှားဖြစ်ကြောင်း၊ လူသားအားလုံးသည် အမြဲတစေခိုင်မာသော သဘာဝအခွင့်အရေးရှိမှုနှင့်အတူ ဖန်တီးနိုင်မှုအခွင့်အရေးများလည်း ပြည့်ဝကြောင်း၊ ဘဝတွင် ပျော်ရွှင်မှုနှင့် လွတ်လပ်မှုကို အပြည့်အဝရှာဖွေရယူနိုင်ကြောင်း ခိုင်မာစွာကြေငြာခဲ့သည်။ ၎င်းနောက် ၁၃ နှစ်အကြာ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံသည် လူ့သားအခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးကြေငြာစာတမ်းတို့ကို အမေရိကန်တို့နှင့်တူညီစွာ ထပ်လောင်းကြေငြာခဲ့သည်။ ၎င်းနောက် ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးသည် လူသား၏ မွေးရာပါ ဂုဏ်သိက္ခာရှိမှု၊ တန်းတူရည်တူရှိမှု၊ လူသားမိသားစု၏အဖွဲ့ဝင်များအတွင်း ထာဝရအခွင့်အရေးများရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အေးချမ်းမှုတို့ကို တပြေးညီရယူနိုင်သောအခွင့်အရေးများရှိကြောင်းကြေငြာခဲ့သည်။ ထို့ပြင် အာဏာရှင်စလာဇာကို ဝေဘန်ခဲ့သည့်အတွက် တရားမျှတမှုကင်းမဲ့စွာ အကျဉ်းကျခံနေရသော ပေါ်တူဂီကျောင်းသားများအရေးကို ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် အင်္ဂလိပ်ရှေ့နေ ပီတာဘင်နီဆင်သည် ၁၉၆၀ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အစည်းကို လန်ဒန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြန်သည်။ ထို့နောက်တစ်ဖန် အပြည်ပြည်ဆိုင်ရာ ပြည်သူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ ပဋိညာဉ်စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာ စီးပွါးရေး လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများပဋိညာဉ်စာချုပ်တို့ကိုလည်း ၁၉၇၆ ခုနှစ်တွင် ကုလသမဂ္ဂ၌ ချူပ်ဆိုနိုင်ခဲ့သည်။ အထက်ပါ အတွေးအခေါ်များတိုးတက်ပြောင်းလဲလာမှုနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုများအားလုံးသည် ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့သည်။ မမျှမတဘဲ အရုပ်ဆိုးအကျည်းတန်စွာ တစ်ဖက်စောင်းနင်းဖြစ်နေခဲ့သော ဤကမ္ဘာကို အတိုင်းအတာတစ်ခုအထိ တည့်မတ်ပေးနိုင်ခဲ့သည်။ အလုံးစုံပြည့်စုံအောင်မြင်စွာဖြေရှင်းနိုင်မှုကားမရှိသေးချေ။ လောဘ ဒေါသ မောဟများထူပြောလှသော ဤကမ္ဘာကို လုံးဝသန့်စင်သော အပြစ်ကင်းသော ဘုံဗိမာန်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းဘို့ရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်ချေသည်။ သို့သော် အပြစ်နဲနိုင်သမျှနဲပြီး တရားမျှတသောအခွင့်အရေးများ ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးစားကြရန်မှာ လူသားများ၏ မူလတာဝန်ပင်ဖြစ်ပေသည်။ မိမိတို့၏ မူလရပိုင်ခွင့်များကို ရရှိနိုင်ရန် ကြိုးစားဘို့အရေးသည် မိမိတို့လူသားများ၏ မူလတာဝန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်နည်း လူသား၏ဘဝကို လူသားကိုယ်တိုင်သာဖန်တီးနိုင်သောကြောင့်ပင်တည်း။ လူ့သမိုင်းခရီးကိုလူသားကိုယ်တိုင်သာနှင်ရမည်ဖြစ်သောကြောင့်ပင်တည်း။

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***