Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, January 1, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၈ ) နေက္ခမ္မပါရမီ

နေက္ခမ္မ ဟူသော ပါဠိစကားလုံးကို မိမိငယ်စဉ်က တောထွက်ခြင်းဟူ၍နားလည်ခဲ့၏။ မှန်သင့်သလောက် အတိုင်းအတာတစ်ခုအထိတော့မှန်၏။ သို့သော် မူရင်းစကားလုံး၏ အဓိပ္ပါယ်ကို မထိမိချေ။ အဘယ်ကြောင့်ဆိုသော် နေက္ခမ္မဟူသောစကားလုံးသည် ကိလေသာမှထွက်မြောက်ခြင်း တနည်း ကာမမှ ထွက်မြောက်ခြင်း ဟူ၍အဓိပ္ပါယ်ရှိသောကြောင့်ပင်တည်း။ ဤနေရာ၌ ထွက်မြောက်ခြင်းဟူသည် ကိလေသာတို့ကို စွန့်လွှတ်ခြင်းပင်တည်း။ မှန်၏။ ကိလေသာတို့ကို စွန့်လွှတ်နိုင်မှသာလျှင် လောကကောင်းကျိုးကိုသယ်ပိုးနိုင်မည်ဖြစ်၏။ လောကပွါးစီးရေး အေးချမ်းရေး ဖွံ့ဖြိုးရေးတို့ကို နည်းမှန်လမ်းကျ ဆောင်ရွက်နိုင်မည်ဖြစ်၏။ ပစ္စက္ခအခြေအနေဆိုးတို့မှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၏။ ထို့ပြင် သံသရာဘေး အိုဘေး နာဘေး သေဘေးစသော ဘေးဒုက္ခအမျိုးမျိုးမှလည်း မုချ လွတ်မြောက်နိုင်ပေမည်။ နေက္ခမ္မဟူသော စကားလုံးအရ စွန့်လွှတ်ဟူရာ၌ ပြင်ပဗဟိဒ္ဓအရာဝတ္ထုတို့ကိုစွန့်လွှတ်ခြင်းနှင့် အတွင်းအစ္ဇျတ္တအရာတို့ကို စွန့်လွှတ်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ တနည်းဆိုသော် ရုပ်ပိုင်းဆိုင်ရာကို စွန့်လွှတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာကို စွန့်လွှတ်ခြင်းပင်ဖြစ်သတည်း။ ထိုနှစ်မျိုးတွင် စိတ်ပိုင်းဆိုင်ရာကို စွန့်လွှတ်နိုင်ပါမှ ရုပ်ပိုင်းဆိုင်ရာကိုစွန့််နိုင်မည် အမှန်ဖြစ်၏။ အရာရာကို တပ်မက်ခင်မင်လိုချင်တတ်သော တဏှာလောဘကို စွန့်လွှတ်နိုင်လျှင် ရာထူးကိုလည်းစွန့်နိုင်၏။ အာဏာကိုလည်းစွန့်နိုင်၏။ ထင်ပေါ်ကျော်ကြားမှု အလေးမြတ်ပြုခြင်းကိုခံရမှု အခြံအရံများမှု စသည့်ပြင်ပအာရုံဝတ္ထုများကို စွန့်လွှတ်နိုင်၏။ ထို့အတူပင် ဒေါသစိတ်ကိုစွန့်လွှတ်နိုင်လျှင် ရန်သူကိုလည်း မေတ္တာပွါးနိုင်၏။ ကြမ်းတမ်းစွာပြောဆိုခြင်း သတ်ခြင်း နှိပ်စက်ခြင်း နိုင်ထက်စီးနင်းပြုခြင်းတို့ကိုလည်း ပြုလုပ်လိမ့်မည်မဟုတ်တော့။ မောဟကိုစွန့်လွှတ်နိုင်လျှင်လည်း မသိမိုက်မဲစွာ မှားယွင်းခြင်း တွေဝေခြင်း အသိဥာဏ် အဆင်အခြင်မဲ့စွာ ပြောဆိုပြုမူကြံစည်ခြင်းများ ကင်းဝေးသွားပေမည်။ မာနကိုစွန့်နိုင်လျှင် ယဉ်ကျေးသိမ်မွေ့လာပေမည်။ ညီညွတ်မှုများပိုမိုရရှိလာမည်။ မောက်မာခက်ထန်ခြင်း ရိုင်းပြခြင်းများရှိမည်မဟုတ်တော့။ မနာလိုဝန်တိုမှုတို့ကိုစွန့်နိုင်လျှင် အချင်းချင်း မေတ္တာထားကာ သူတစ်ပါးကြီးပွါးအောင်မြင်သည်ကို ကျေနပ်  ဝမ်းမြောက်နိုင်ကြပေမည်။ ယနေ့လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးအတွင်းဝယ် ဖြစ်ပျက်နေသောပြဿနာများ၏ ဇစ်မြစ်သည် ကိလေသာတို့ကို မစွန့်လွှတ်နိုင်ခြင်းပင်တည်း။ ကိလေသာများကို မြဲမြံစွာဆုပ်ကိုင်ထားခြင်းကြောင့်ပင်တည်း။  လောကီဆရာတို့၏သမိုင်းမှတ်တမ်းအရ မည်သည့်နိုင်ငံကြောင့် မည်သည့်အဖွဲ့အစည်းကြောင့် မည်သူ့ကြောင့်စသည်ဖြင့် အပေါ်ယံပညတ်ကိုသုံးသပ်၍ ပြဿနာ၏ဇစ်မြစ်ကိုရှာဖွေဖေါ်ထုတ် မှတ်တမ်းတင်ကြရိုးပင်တည်း။ သို့သော် ဓမ္မသဘောစစ်စစ်အရသုံးသပ်လျှင် ကိလေသာများကြောင့်ပြဿနာများဖြစ်ပွါးနေရသည်မှာ ထင်ရှားလှ၏။ မြတ်ဗုဒ္ဓသည် ပြဿနာ၏အဖြေကိုရှာရာ၌ ဇစ်မြစ်အကြောင်းတရားတို့ကို အချက်ပိုင်ပိုင် တိတိကျကျ မိမိရရ ဖေါ်ထုတ်သင်ကြားခဲ့၏။ အဆိုပါ ထိုစွန့်လွှတ်မှုနှစ်မျိုးတွင် စိတ်ပိုင်းဆိုင်ရာစွန့်လွှတ်မှုသည် ပို၍လည်းခက်ခဲသလို ပို၍လည်း အဓိကကျ၏။ စိတ်ပိုင်းဆိုင်ရာကို စွန့်လွှတ်ရာဝယ်ခက်၏ဟု ဆိုရာ၌ ကိလေသာများကို စွန့်လွှတ်ဘို့်ခက်၏ဟု ဆိုခြင်းဖြစ်ပါ၏။ အများစုအနေဖြင့် ကုသိုလ် စိတ်စေတသိက်တို့ကို စွန့်လွှတ်ဘို့ ဝန်မလေး မဖင့်နှေးတတ်ကြပေ။ အကြောင်းမှာ ပုထုဇဉ်အများစုသည် ပါပသ္မိံရမတိ မနော ဆိုသည့်အတိုင်း မကောင်းမှု၌သာ မွေ့လျော် ပျော်ပိုက်ကြသောကြောင့်ပင်တည်း။ ထိုထိုကိလေသာတို့ကိုစွန့်လွှတ်နိုင်လျှင် လောကကြီးငြိမ်းချမ်း၏။ မစွန့်နိုင်လျှင် နယ်ပယ်အသီးသီး၌ ပြဿနာကြုံ၏။ အခက်ပွေ၏။ ထိုသို့ရုပ်ပိုင်းနှင့်စိတ်ပိုင်းကိုစွန့်လွှတ်ရာတွင်လည်း သာမန်ကုသိုလ်ဖြစ်စွန့်လွှတ်ခြင်းနှင့် ပါရမီကုသိုလ်ဖြစ်စွန့်လွှတ်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ မိမိအတွက် လူ့စည်းစိမ် နတ်စည်းစိမ် ဗြဟ္မာစည်းစိမ်များကို တောင့်တ၍စွန့်လွှတ်ခြင်းသည် သာမန်ကုသိုလ်ဖြစ်၏။ ပါရမီကုသိုလ်မဖြစ်။ ထို့ပြင် ဤကုသိုလ်မျိုးသည် အခိုင်အမာအမြုတေ အနှစ်အဖြစ်ဖြင့် မတည်မြဲနို်င်ချေ။ ဘဝတစ်ကွေ့ကွေ့ဝယ် အကျိုးမပေးဘဲ ပျက်သုဉ်းနိုင်၏။ အကျိုးမပေးသော အဟောသိကံဖြစ်နိုင်၏ဟုဆိုလိုပါ၏။ အမှန်စင်စစ် ပါရမီမြောက်စွန့်လွှတ်ခြင်းဟူသည် (ဝါ) နေက္ခမ္မပါရမီဟူသည် လောကကောင်းကျိုးကိုရည်ရွယ်၍ စွန့်လွှတ်ခြင်းဖြစ်၏။ မိမိအတွက်ရည်ရွယ် တမ်းတ မှန်းဆခြင်း အလျဉ်းမရှိချေ။ ထိုသို့ ပါရမီမြောက်စွန့်လွှတ်သော ကုသိုလ်မျိုးသည် အစဉ်ထာဝရတည်မြဲ၏။ ဘဝအဆက်ဆက် အမြုတေအဖြစ်ဖြစ်လိုက်ပါ၏။ အရှိန်အဝါကောင်း၏။ ခိုင်ခံ့၏။ အစစ်အမှန်အားကိုးထိုက်၏။ ဖြည့်ကျင့်ထိုက်၏။ ထိုထိုပါရမီကုသိုလ်စိတ်ဓါတ်ရှိသူများ၏ ကျင့်ကြံဖြည့်ဆည်းခြင်းကြောင့် ယနေ့ကမ္ဘာကြီး တိုးတက်ခဲ့၏။ ထိုထိုပါရမီရှင်များသည် မိမိအတွက် ပစ္စုပ္ပန်အခွင့်အရေးနှင့် လောကအတွက်အမှန်တရားဟူသောထိုနှစ်ခုတွင် တစ်ခုခုကိုရွေးချယ်ရသည့်အခါ လောကကြီး၏အမှန်တရားအတွက် ပစ္စုပ္ပန်အခွင့်အရေးတို့ကိုစွန့်လွှတ်ခဲ့ကြ၏။ စွန့်လွှတ်ရဲကြ၏။ စွန့်လွှတ်ခြင်း၌ အလွန်သတ္တိကောင်းသူများဖြစ်ကြ၏။ ဂရိမှအတွေးအခေါ်ပညာရှင် ဆော့ခရတ္တိသည် သူ၏သဘာဝတ္ထအမှန်တရားအတွက် အဆိပ်ကိုတည်ငြိမ်စွာသောက်ကာ အသက်ကိုပင်စွန့်ပြခဲ့၏။ ထိုသို့စွန့်လွှတ်ခြင်းကြောင့်ပင် လောကသားအများမှာ သူ၏သဘာဝတ္ထတရားများ သိခွင့် လေ့လာခွင့်ရခဲ့ကြ၏။ လောကအတွက် အတွေးအခေါ်အယူအဆများလမ်းပွင့်ခဲ့၏။ ထို့ပြင် နေက ကမ္ဘာကိုပတ်သည်ဟူသော ရှေးဟောင်းအယူအဆမှားကြီးကို ပြင်ဆင်၍ ကမ္ဘာကသာ နေကိုလည်ပတ်နေသည်ဟူသော နေဗဟိုပြုစကြာဝဠာ အယူအဆမှန်ကိုဖေါ်ထုတ်ပြခဲ့သော နီကိုလပ်စ် ကိုပါးနီးကပ်စ် သည်လည်း လောကသားများအမှန်သိရေးအတွက် အသက်ကိုစွန့်ခဲ့ရ၏။ တို့အတူ နေသည် ကမ္ဘာထက်ကြီး၏ဟု ဖေါ်ထုတ်တင်ပြခဲ့သူ ဘရူနိုသည်လည်း စစ်မှန်သော ပညာရပ်အတွက် အသက်စွန့်ခဲ့ရသူပင်တည်း။ ထိုသူတို့၏စွန့်လွှတ်မှုကြောင့်ပင် ယနေ့လူသားများအမှန်ကိုသိခွင့်ရခဲ့ကြ၏။ထို့ကြောင့်ပင် လောကကြီးက သူတို့ကို ချစ်ခြင်းမေတ္တာဖြင့် အစဉ်ထာဝရနေရာပေးလေးစားခဲ့ကြ၏။ မေတ္တာစိတ် စာနာစိတ်တို့ဖြင့်သမိုင်းတင်ခဲ့ကြ၏။ သူတို့၏စွန့်လွှတ်မှုသည် လောကအတွက် အသိဥာဏ်တံခါးဖွင့်ခြင်းပင်ဖြစ်၏။ ထိုသို့ စွန့်လွှတ်မှုကြောင့်ပင် သူတို့သည် ထိပ်တန်းသို့ ရောက်ခဲ့ကြ၏။ မစွန့်လွှတ်ဘဲ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက် ခိုးဆိုးသူတို့သည်လည်း ဘဝတွင်အခိုက်အတန့်အားဖြင့် အောင်မြင်သည်ဟုဆိုနိုင်သော်လည်း ( အစစ်မှန်အောင်မြင်သည်မဟုတ်သည့်တိုင် )သူတို့၏သမိုင်းသည် အစဉ်အမြဲ အမဲစက်စွန်း၏။ သွေးချင်းချင်းရဲ၏။ လောကအတွက် အရုပ်ဆိုးအကျဉ်းတန်၏။ သူတို့သည် လောက၏အသိဥာဏ်တံခါးကိုပိတ်၏။ ကိုယ်ကျင့်တရား ထောက်တိုင်ကို ရိုက်ချိုးကြ၏။ အခွင့်အရေးအတွက်ဆိုလျှင် ဘနဖူး သိုက်တူးရဲကြသည့် ငမိုက်သားတို့ပင်တည်း။  မိမိတို့ ပိဋကတ်စာပေတွင်လည်း ယသောဓရာသည်လောကအတွက် ဘုရားအလောင်းတော်နှင့်တူယှဉ်ကာစွန့်လွှတ်ခဲ့၏။ ထို့အတူ ရှင်သာရိပုတ္တရာ ရှင်မောဂ္ဂလာန် စသော မထေရ်မြတ်ကြီးတို့သည်လည်းစွန့်လွှတ်ခဲ့ကြ ဖြည့်ဆည်းခဲ့ကြ၏။ ထိုထိုစွန့်လွှတ်ကြသူများ ပိဋကတ်စာပေတွင် များစွာရှိပါ၏။ ဤသည်မှာ ထိုထိုစွန့်ဝံ့သူများ  သစ္စာနှင့်ပညာကိုချစ်ကြသူများ၏စွန့်လွှတ်မှုများစွာထဲမှ ထင်ရှားရာကိုပြောခြင်းဖြစ်၏။ ထို့ပြင်အထင်ရှားဆုံး အများဆုံးနှင့် အမြင့်မြတ်ဆုံး စွန့်ဝံ့သူကိုပြောရလျှင် အများသိပြီးဖြစ်သည့် ဗုဒ္ဓရှင်တော်မြတ်ဘုရားဖြစ်၏။ ထို့ကြောင့်ပင် အနှိုင်းမဲ့သော သဗ္ဗညုတဥာဏ်တော်ရှင်ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်စွန့်လွှတ်ခြင်းသည် အောင်မြင်ကြောင်းလည်းဖြစ်၏။ ထင်ပေါ် ကျော်ဇောကြောင်းလည်းဖြစ်၏။ ဥာဏ်ပညာကြီးမားကြောင်းလည်းဖြစ်၏။ ချမ်းသာကြောင်းလည်းဖြစ်၏။ အစစ်အမှန် ငြိမ်းအေးကြောင်းလည်းဖြစ်၏။ သမိုင်း၏ ချစ်မြတ်နိုးမှုကိုလည်း ခံရ၏။ စွန့်လွှတ်ခြင်း၏ ကောင်းကျိုးတို့ကို ပိဋကတ်တော်ဝယ် များစွာလာရှိ၏။ ထို့ကြောင့်လောကလူသားအများစုအနေဖြင့် ပါရမီကုသိုလ်ဖြစ်အောင် စွန့်လွှတ်ကြလျှင် မိမိတို့်မျှော်မှန်း တမ်းတသော အရာများပြီးပြည့်စုံနိုင်ပါ၏။ မိမိအတွက်သာမက လောကအတွက်လည်းပြီးပြည့်စုံနိုင်ပါ၏။ သို့ဖြစ်၍ မိမိရော လောကပါ နှစ်ဖြာနှစ်ဝ ပြီးပြည့်စုံစေရန် ကျင့်နိုင်ကြ စွန့်နိုင်ကြပါစေကြောင်းကိုလည်း ဆုတောင်းပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***