ယသောဓရာဟာ လောကသားတွေအားလုံးအတွက် အဂ္ဂဗျူဟာ သဘောတရားအရ
သုမေဓာရှင်ရသေ့နဲ့အတူ ဘဝရဲ့အရာရာကို စွန့်လွှတ်အနစ်နာခံ
ကြိုးစားတော့မည်ဖြစ်ကြောင်း ဆုံဖြတ်ခဲ့တာကို
စာဖတ်သူများသိခဲ့ကြပြီးဖြစ်ပါတယ်။ ဒီနေရာမှာ အရာရာကို စွန့်လွှတ်မှု အကြောင်း
မပြောခင် အဂ္ဂဗျူဟာအထိ မျှော်မှန်းနိုင်တဲ့ ဆုံးဖြတ်ရဲတဲ့ အမျိုးသမီးငယ်လေး
သုမိတ္တာရဲ့ အသိဥာဏ်အဆင့်အတန်းနဲ့ သတ္တိကို ပြောပြချင်ပါတယ်။ လောကရဲ့
နိုင်ငံရေး စီးပွါးရေး လူမှုရေး စစ်ရေးစတဲ့ အရေးအရာတွေကို အောင်မြင်အောင်
ဆောင်ရွက်ကြိုးပမ်းကြရတဲ့အခါမှာ ဗျူဟာ အဆင့်ဆင့် သတ်မှတ်ပြီး
ဆောင်ရွက်ကြရတယ်ဆိုတာ ဗဟုသုတရှိသူတိုင်း
နားလည်သဘောပေါက်ကြပြီးသားပဲဖြစ်ပါတယ်။ ဗျူဟာနဲ့ပတ်သက်လို့ မိမိနားလည်သလောက်
အကျဉ်းချုပ်ပြောရမယ်ဆိုရင် ၁။ နည်းဗျူဟာ၊ ၂ ။ မဟာဗျူဟာ နဲ့ ၃ ။
အဂ္ဂဗျူဟာတို့ပဲ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးအနက်က အဂ္ဂဗျူဟာဆိုတာ ဘယ်တော့မှ
အောက်တန်းကို နိမ့်ကျခြင်း လျှောကျခြင်း မဖြစ်နိုင်တော့တဲ့ ထာဝရ တည်ငြိမ်
အေးချမ်းစွာ ရပ်တည်ရင်း အဆုံးစွန် မြင့်မြတ်သော အခြေအနေကို ရောက်ရှိသွားရေး
ရည်မှန်းချက်တစ်ခုပါပဲ။ မဟာဗျူဟာဆိုတာကတော့ ရေရှည်အောင်ပွဲရဘို့အတွက်
နောင်ဘယ်နှစ်ဘယ်ကာလမှာ အောင်မြင်မှုအတိုင်းအတာ
ဘယ်လောက်အထိရောက်ရှိရမယ်ဆိုတဲ့ ရေရှည်မျှော်မှန်းချက်ဖြစ်ပါတယ်။
နည်းဗျူဟာဆိုတာကတော့ အဲဒီ အဂ္ဂဗျူဟာတွေ မဟာဗျူဟာတွေ အောင်မြင်ရေးအတွက်
ချမှတ်ကျင့်သုံးကြရတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နည်းစံနစ်တွေ၊
စည်းကမ်းဥပဒေတွေပဲ ဖြစ်ပါတယ်။ ဒီရှင်းပြချက်ဟာ မိမိနားလည်သလောက်
နားလည်ထားသလို ရှင်းပြလိုက်တာပါ။ ယသောဓရာအကြောင်းပြန်ဆက်ပါမယ်။ ယသောဓရာဟာ
ခုပြောပြခဲ့တဲ့ ဗျူဟာသုံးမျိုးလုံးကို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင်
ဘုရားအလောင်းတော်နဲ့လက်တွဲပြီး မလျှော့တမ်း နောက်မဆုတ်တမ်း မနေမနား
ကြိုးစားဆောင်ရွက်ခဲ့သူရယ်ပါ။ ဗုဒ္ဓဝါဒရှုထောင့်အရ ဒီဗျူဟာသုံးမျိုးကို
ဆီလျော်အောင် နှိုင်းယှဉ်သုံးသပ်ပြရမယ်ဆိုရင် ၁။ အဂ္ဂဗျူဟာဆိုတာ လူမျိုးမရွေး
ဘာသာမရွေး နိုင်ငံမရွေး ဆင်းရဲချမ်းသာ အလွှာမရွေး ဘုံဗိမာန်မရွေး
သတ္တဝါမှန်သမျှ မဂ်ဖိုလ်နိဗ္ဗာန်ကို ရရှိရောက်ရှိရေးပါပဲ။ ၂။
မဟာဗျူဟာဆိုတာကတော့ သတ္တဝါမှန်သမျှ သံသရာတစ်လျှောက်လုံးမှာ အထက်တန်းကျ
မျက်နှာပန်းလှလှဖြင့် ကျင်လည်နိုင်ရေး၊ လူဖြစ်ရင်လဲ အထက်တန်းလွှာ
လူတန်းစားများအဖြစ် တစ်ပြေးညီ နေထိုင်ဆက်ဆံပေါင်းသင်းနိုင်ရေး၊ ဒီထက်
နတ်ဘုံဆိုတဲ့ အထက်တန်းကျတဲ့ စည်းစိမ်တွေပြည့်ဝလှတဲ့
ကောင်းကင်ဘုံကိုရောက်ရှိရေး၊ ဗြဟ္မာဘုံဆိုတဲ့ ကောင်းကင်ဘုံမှာ
ဈန်စည်းစိမ်တွေနဲ့ ကမ္ဘာများစွာ အေးချမ်းမှုကို
ခံစားနိုင်ရေးတို့ပဲဖြစ်ပါတယ်။ ၃။ နည်းဗျူဟာဆိုတာကတော့ အထက်ပါ ရည်မှန်းချက်
နှစ်ခုစလုံး အောင်မြင်ရေးအတွက် လက်တွေ့ချမှတ်ကျင့်သုံးရတဲ့ ဒါန သီလ ဘာဝနာ
တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားအလောင်းတော်နဲ့ ယသောဓရာတို့အတွက်တော့
ပါရမီဆယ်ပါးဟာ နည်းဗျူဟာတွေပါပဲ။ ဒီပါရမီဆယ်ပါးဆိုတဲ့ နည်းဗျူဟာတွေကို
တစ်ဘဝတည်းလည်းမဟုတ်၊ တစ်ကမ္ဘာလဲ မက၊ ကမ္ဘာတစ်ထောင်ထက်လဲ ကျော်လွန်တဲ့
လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာအောင် ကြိုးစားရုန်းကန်ဖြည့်ဆည်းခဲ့ကြရပါတယ်။
လောကသားတွေအတွက် ဒီလောက်အထိ အနစ်နာခံပြီး ဆောင်ရွက်ခဲ့တဲ့
အမျိုးသမီးခေါင်းဆောင်ရယ်လို့ ပိဋကတ်စာပေကလွဲရင် ဘယ်သမိုင်းထဲမှာမှ
ဘယ်စာပေထဲမှာမှ ရှာလို့တွေ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဝါဒဆိုတာဟာ
လောကသားတွေရဲ့ကောင်းကျိုးတွေအတွက် အဲဒီလို ဗျူဟာတွေချမှတ် လုပ်ဆောင်
ဖြည့်ကျင့်ပြီးမှ ပေါ်ပေါက်လာရတဲ့ ဘာသာတရားမျိုးပါ။ ဥံဖွ ဖြစ်စေ
တည်စေဆိုပြီး မန်းမှုတ်လို့ဖြစ်တည်လာခဲ့တာမဟုတ်သလို တန်ခိုးရှင်ဆိုတဲ့
ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဖန်ဆင်းမှုကြောင့်ဖြစ်ပေါ်လာတာလဲမဟုတ်ပါဘူး။ ဒီတော့
ယသောဓရာဟာ ဒီလိုဗျူဟာတွေကို ချမှတ်ပြီး ဘဝဆက်တိုင်းကျင့်သုံးခဲ့တာဟာ
သူမအတွက် သက်သက်လုံးဝမဟုတ်ဘဲ လောကသားတွေအတွက်ကိုသာ အဓိကအားဖြင့်
ရည်းစူးဖြည့်ကျင့်ခဲ့သူဆိုတာ ထင်ရှားလှပါတယ်။ တကယ်လို့သာ သုမိတ္တာဆိုတဲ့
အမျိုးသမီးငယ်လေးဘဝမှာ အသိဥာဏ် အဆင့်အတန်းနိမ့်နေခဲ့ရင်၊
အသိဥာဏ်ရှိအုံးတော့ သတ္တိနည်းနေခဲ့ရင် လောကသားတွေအတွက် ဒီလို ဗျူဟာတွေကို
ချမှတ်ကျင့်သုံးနိုင်မှာမဟုတ်ပါဘူး။ သုမေဓာဆိုတဲ့ ရသေ့လေးရဲ့ ဘုရားဖြစ်ရေး
ဗျူဟာတွေကို သူမ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ခုတော့ သူမရဲ့
အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြောင့် ဗုဒ္ဓဝါဒ ပေါ်ထွန်းခဲ့တဲ့အထိ
သတ္တဝါအများကျွတ်တန်းဝင်ကြရတဲ့အထိ ကောင်းကျိုးတွေ ဝေဖြာခဲ့ရတယ်။ ဒါနဲ့
ပတ်သက်လို့ ပိုပီးထင်ရှုားအောင် ဆက်လက်တင်ပြချင်ပါတယ်။
Saturday, December 8, 2012
အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၃ )
Thursday, December 6, 2012
အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၂ )
ယသော်ဓယာလို့အသံထွက်အနေနဲ့ လူသိများလှတဲ့
ယသောဓရာဟာ ဘယ်ခေတ် ဘယ်ကာလ ဘယ်ဘဝ ဘယ်တုန်းကမှ အခွင့်ရေးမယူဘဲ လူလောကအတွက်
ကမ္ဘာကြီးအတွက် ထို့ထက် စကြာဝဠာကြီးတစ်ခုလုံးအတွက် ကျရာနေရာကဘဝဆက်တိုင်းမှာ
ကျေနပ်ကြည်နူးစွာ
ဖြည့်ဆည်းတာဝန်ယူခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း အမျိုးသမီးကောင်းတစ်ယောက်ပါ။
သူမရဲ့ ဘဝဇာတ်ကြောင်းကို လက်လှမ်းမီသမျှ ဇာတ်ကြောင်းပြန်ကောက်ရရင် ဟိုးးးးး လွန်ခဲ့တဲ့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကျော်ကာလက
ဖြည့်ဆည်းတာဝန်ယူခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း အမျိုးသမီးကောင်းတစ်ယောက်ပါ။
သူမရဲ့ ဘဝဇာတ်ကြောင်းကို လက်လှမ်းမီသမျှ ဇာတ်ကြောင်းပြန်ကောက်ရရင် ဟိုးးးးး လွန်ခဲ့တဲ့ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကျော်ကာလက
ဒီပင်္ကရာ မြတ်စွာဘုရားရှင်ရဲ့ ရှေ့တော်မှောက်မှာ သုမေဓာဆိုတဲ့
ရှင်ရသေ့တစ်ပါးနဲ့အတူ ဆုတောင်းခဲ့ဖူးတဲ့ မိန်းမမြတ်တစ်ယောက်၊ ဒါ့အပြင်
ဗျာဒိတ်လို့ခေါ်တဲ့ တိကျတဲ့ အနာဂတ်ဟောကိန်းကို မြောက်များလှစွာသော
အလွှာမျိုးစုံသောပရိသတ်ရဲ့ အလယ်မှာ သုမေဓာရှင်ရသေ့နဲ့အတူ တစ်ပြိုက်နက်
ခံယူရရှိခဲ့ဖူးတဲ့ ကမ္ဘာ့အာဇာနည် အမျိုးသမီးတစ်ယောက်ရယ်ပါ။ ဒီအမျိုးသမီးဟာ
သုမေဓာဆိုတဲ့ ရသေ့တစ်ပါးကို မြင်တွေ့လိုက်ရချိန်မှာ နှလုံးသားနဲ့ရော
ဦးနှောက်နဲ့ပါ ယှဉ်တွဲပြီး ခံစားခဲ့ရ သိမြင်ခဲ့ရတာက သုမေဓာဆိုတဲ့ ရသေ့ဟာ
ဘယ်ဘဝ ဘယ်အချိန် ဘယ်ခေတ်ကာလ ဘယ်ကမ္ဘာမှ မခွဲခွါသင့်ဘဲ ထာဝရလက်တွဲသင့်တဲ့
ရုပ်ပိုင်းရော စိတ်ပိုင်းပါ အရည်အသွေးပြည့်ဝလှတဲ့ အမျိုးကောင်းသား
ယောကျာ်းသားတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။ ဒါဟာလဲ အရည်အချင်းရှိတဲ့ မိန်းမကောင်းတစ်ယောက်ဖြစ်တာကြောင့်
ဒီလို ခံစားနိုင် သိမြင်နားလည်နိုင်တာပါ။ ဒီအမြင်ကို အခြေခံပြီး သူမဟာ
သုမေဓာရှင်ရသေ့ကိုတောင် ခွင့်မတောင်းတော့ဘဲ ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဆုံးဖြတ်ချက်က သူ (သုမေဓာရှင်ရသေ့နဲ့အတူ) နဲ့အတူ ဘဝဆက်တိုင်း နိဗ္ဗာန်ရောက်တဲ့အထိ လောကကောင်းကျိုးတွေကို လက်တွဲဆောင်ရွက်တော့မယ်လို့ပေါ့။
ဒီဆုံးဖြတ်ချက်ကြောင့်ပဲ ဒီပင်္ကရာမြတ်စွာဘုရားရှင်ကို ပူဇော်ဘို့အတွက်
သူမယူဆောင်လာခဲ့တဲ့ ကြာပန်းရှစ်ခိုင်ကို သူမတစ်ယောက်တည်း မပူဇော်ဘဲ
နှစ်ယောက်ပေါင်းပြီး ပူဇော်ဘို့ အကြောင်းဖန်လာတော့တယ်။ ဒါကြောင့်ပဲ
ကြာပန်းရှစ်ခိုင်အနက်က ငါးခိုင်ကို သုမေဓာရှင်ရသေ့ကိုပေးပြီး
ကျန်သုံးခိုင်ကိုတော့ သူမကိုယ်တိုင်ကိုင်ဆောင်ပြီး သူတို့နှစ်ဦးပူးတွဲကာ
ဒီပင်္ကရာမြတ်စွာဘုရားရှင်ကို မမှိတ်မသုံသော ယုံကြည်ချက်ဖြင့်
လောကကောင်းကျိုးသယ်ပိုးဘို့အရေး
မျှော်တွေးကာ အသိဥာဏ်ပညာကို အရင်းတည် အခြေခံလျှက် လှုဒါန်းခဲ့ကြပါတယ်။
အဲဒီအချိန်တုန်းက ယသောဓရာဆိုတဲ့ နာမည်ကို မရရှိခဲ့ မပိုင်ဆိုင်ခဲ့သေးပါဘူး။
ပိုင်ဆိုင်ခဲ့တဲ့ သူမရဲ့ နာမည်က သုမိတ္တာ တဲ့။ သုမေဓာဆိုတဲ့ ရသေ့လေးရဲ့
နာမည်ရဲ့ အဓိပ္ပါယ်က ကောင်းသောပညာရှိတဲ့ သို့မဟုတ် ပညာရှိသူတော်ကောင်း။
သုမိတ္တာဆိုတဲ့ အမျိုးသမီးကောင်းလေးရဲ့နာမည်က မိတ်ဆွေကောင်း
သူငယ်ချင်းကောင်း သို့မဟုတ် ပါရမီဖြည့်ဖက်တဲ့။ ပါရမီဖြည့်ဖက်လို့
ဘာသာပြန်တာက မူရင်းအဓိပ္ပါယ်မဟုတ်ပါဘူး။ မိတ်ဆွေကောင်းဖြစ်မှတော့
ပါရမီဖြည့်ဖက်ဖြစ်ပြီပေါ့။ ဆင့်ပွါးအဓိပ္ပါယ်အရ ဘာသာပြန်လိုက်တာပါ။
ဒီနေရာမှာ ဘာသာပြန်နည်းကို ပြောပြဘို့မလိုတာကြောင့် မပြောပြတော့ပါဘူး။
သူတို့နှစ်ယောက်လုံးရဲ့ နာမည်က သဒ္ဒါနဲ့အနက် ဗျုပ္ပတ်နှင့်လုပ်ရပ်တို့
ကိုက်ညီလှပါတယ်။ အကြောင်းက သုမေဓာဆိုတဲ့ ဘုရာအလောင်းတော်ကလေးဟာ လောကအတွက်
ထို့ထက် စကြာဝဠာအတွက် ကောင်းကျိုးရှိမည်မှန်လျှင် ဘယ်အရာကိုမဆို
စွန့်လွှတ်စတေးအနစ်နာခံပြီး ကြိုးစားဘို့ လောကရဲ့ဘယ်အရာကိုမဆို ရင်ဆိုင်ဘို့ မြူတစ်မှုန် နှစ်တစ်စိမျှ နှောင့်နှေး
လက်တွန့်နေမည့်သူမဟုတ်သလို သုမိတ္တာဆိုတဲ့ အမျိုးသမီးကောင်းလေးဟာလဲ လောကရဲ့
အရာရာအတွက် ကောင်းကျိုးဖြစ်ထွန်းမည်မှန်လျှင်
သူမဘဝရဲ့ အရာရာကို အစတေးခံဘို့ဆုံးဖြတ်ထားသူ၊ ဒီတစ်ဘဝအတွက်မျှသာမက
ဘဝအသိန်း အသန်း အကုဋေမက ဒီထက်.... ကမ္ဘာ အသိန်း အသန်း အကုဋေမက
ပေးဆပ်စွန့်လွှတ်ရသော်လဲ ကျေနပ်ရဲရင့်စွာ စွန့်လွှတ်ရေးခရီးဆက်ဝန့်သူ
အနှိုင်းမဲ့ အာဇာနည် အမျိုးသမီးကလေးပါပဲ။ ဒီလို ရဲ့ရင့်ပြီး
စွန့်လွှတ်ရေးစိတ်ဓာတ်အားကောင်းလှတဲ့
အမျိုးကောင်းသမီးလေး သုမိတ္တာဟာ အဲဒီဘဝမှာ သုမေဓာဆိုတဲ့
ပညာရှိသူတော်ကောင်းလေးနဲ့ လက်ဆက်ခွင့်မရလိုက်ပါဘူး။ အကြောင်းက သုမေဓာဟာ
ရသေ့သူတော်စင်ငယ်လေး တစ်ပါးဖြစ်နေခဲ့လို့ပါပဲ။ ဘာပဲဖြစ်ဖြစ်
လက်ဆက်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူမရဲ့ အဓိကရည်မှန်းချက်က
လောကကောင်းကျိုးအတွက် အတူတကွ ဘယ်တော့မှ နောက်မဆုတ်တန်း
လက်တွဲလျှောက်လှမ်းဖို့ပါပဲ။ ဒီအဂ္ဂဗျူဟာ ရည်မှန်းချက်ကြောင့်ပဲ သူမဟာ
အဲဒီဘဝကတည်းက လောကကောင်းကျိုးအတွက် စတင်ပြီးလုပ်ဆောင်ခဲ့ပါတယ်။
အပိုင်း ၃ မျှော်။
အပိုင်း ၃ မျှော်။
Monday, December 3, 2012
ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၁၂ ) ဗုဒ္ဓ၏ တန်းတူအခွင့်အအရေးစံ သတ်မှတ်ချက် ( ခ )
ဗုဒ္ဓဓမ္မအရ အရည်အချင်းဟူသည် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတ္တပ္ပ ဟူသော သူတော်ကောင်း တရားခုနစ်ပါးတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးကို မြန်မာမှုပြုပါက ၁။ ယုံကြည်မှုခိုင်မာခြင်း၊ ၂။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ၃။ အကြားအမြင်ဗဟုသုတ များပြားခြင်း၊ ၄။ စွန့်လွှတ်အနစ်နာခံစိတ်ရှိခြင်း၊ ၅။ ကျိုးကြောင်းဆင်ခြင်နိုင်သည့် ဥာဏ်ပညာရှိခြင်း၊ ၆။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကိုရှက်ခြင်းနှင့် ၇။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကို ကြောက်လန့်ခြင်းတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍ ရကောင်းသော တရားမဟုတ်ချေ။ အမြဲယှဉ်တွဲဆက်စပ်လျှက်ရှိသော တရားတို့ဖြစ်၏။ စိတ်ဓါတ်ရေးရာအရ အထက်တန်းကျ မြင့်မြတ်လှသည့် သူတော်သူမြတ်တို့သာ ထာဝစဉ်ကျင့်သုံးနိုင်သော သဘောတရားတို့ဖြစ်ပါ၏။ လူသားမှန်သမျှတို့၏ ရင်တွင်းနှလုံးသားထဲဝယ် သံမှိုစွဲသကဲ့သို့စွဲရမည်လည်းဖြစ်သလို ဦးခေါင်းတွင်လဲ ထာဝစဉ်ဆင်ခြင်နိုင်သည့် ဥာဏ်ပညာဖြင့် ပန်ဆင်ထားရမည့် တရားများလည်းဖြစ်၏။ လူသားတိုင်း၏ နှလုံးသားနှင့်ဦးနှောက်တို့ဝယ် ထိုတရားများ ကိန်းဝပ်နေပါက အဘယ်မည်သော မကောင်းမှု ဒုစရိုက်ကို တွေ့မြင်နိုင်ပါတော့မည်နည်း။ သာယာငြိမ့်ငြောင်း ပျော်မွေ့ဖွယ် အတိကောင်းသည့်လောကကြီးဖြစ်နေမည်မှာ သေချာလှတော့၏။ ထို့ပြင် အဆိုပါ တရားခုနစ်ပါးသည် လူသားအရင်းအမြစ် စစ်စစ်လဲဖြစ်၏။ ယနေ့ကမ္ဘာဝယ် လူသားအရင်းအမြစ် ဖြစ်ထွန်းပြန့်ပွါးရေးအတွက် မျိုးဆက်သစ်များကိုမွေးထုတ်နေကြရာဝယ် ဤတရားခုနစ်ပါးကိုသာ မျိုးဆက်သစ်တို့၏ နှလုံးသားနှင့် ဦးနှောက်ဝယ် ထည့်သွင်းပေးနိုင်ပါက အမှန်တကယ်အားကိုးလောက်သည့် လူသားအရင်းအမြစ်ပြည့်ဝသော အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမှာမလွဲပင်တည်း။ လူ့အခွင့်အရေးချိုးဖောက်မှုဟူသော စကားလုံးသည်လည်း ဤကမ္ဘာမြေမှ အပြီးအပိုင် ပျောက်ကွယ်သွားမည်သာတည်း။ ထို့ပြင် ဤတရားခုနစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း နတ်ပြည်ရောက်ကြောင်းနှင့်သာသက်ဆိုင်၏။ လူမှုနိုင်ငံရေး စစ်ရေးစသည်တို့နှင့် မဆိုင်ဟု အမြင်ကျဉ်းမြောင်းစွာ ယူဆတတ်ကြသည်လည်း ရှိပါ၏။ အမှန်စင်စစ် ဤတရားခုနစ်ပါးကို သေချာစွာ ဆန်းစစ်ကြည့်ပါက လောကလူမှုနယ်ပယ်အသီးသီး၌ အပြည့်အစုံအသုံးချနိုင်သော စွမ်းရည်ပြည့်သဘောတရားများဖြစ်ပါ၏။ ထို့ကြောင့် မိမိတို့နိုင်ငံဝယ် ဒီမိုကရေစီခေတ်သို့သွားကြသော ယနေ့လို အချိန်အခါမျိုးတွင် ဤသူတော်ကောင်းတရားခုနစ်ပါးသည် မရှိမဖြစ်လိုအပ်ပါ၏။ မကျင့်မဖြစ် ကျင့်သင့်ကြပါ၏။ မသိမဖြစ် သိသင့်လှကြပါ၏။ လူသားအချင်းချင်းခေါင်းပုံဖြတ် သွေးစုပ်ချယ်လှယ်ကာ အမြတ်ကြီးစားနေကြသော မိမိတို့ဗမာပြည်ဝယ် ဤတရားများ ဒီထက်မက ပြန့်ပွါးသင့်လှပါ၏။ ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဂုဏ်ယူဝင့်ကြွားပြီး မြတ်ဗုဒ္ဓ၏ လောကကြီးပွါးရေး စီးပွါးရေး သဘောတရားလမ်းစဉ်တို့ကို သွေဖည်ကာ လူသားမဆန်သော Jungle Law အကျင့်များတိုးပွါးလာနေသည်မှာ အလွန်ဝမ်းနည်းဘွယ်ကောင်းသော အချက်ကြီးပင်ဖြစ်တော့၏။ ထို့ပြင် ဤတရားခုနစ်ပါးသည် ကြီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ စီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ ငြိမ်းချမ်းရေးလမ်းညွန်လည်းဖြစ်၏။ မြင့်မြတ်ရေးလမ်းညွန်လည်းဖြစ်ပါ၏။ သူတော်ကောင်းကျင့်စဉ်လဲဖြစ်၏။
အောင်မြင်ရေးလမ်းညွန်လဲဖြစ်၏။ လူသားအရင်းအမြစ်လဲဖြစ်၏။
အဆင့်မြင့်လူသားအဖြစ်သို့ရောက်အောင်လဲ တင်ပေးနိုင်စွမ်း၏။ သို့ဖြစ်၍
ဗုဒ္ဓဓမ္မအရ အရည်အချင်းပြည့်လူသားဟူသည် ဤတရားခုနစ်ပါး
ပြည့်စုံသူပင်ဖြစ်တော့၏။ ဤတရားခုနစ်ပါးကိုသာ နိုင်ငံသားအများစုက ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြည့်စမ်းပါ။ ထိုနိုင်ငံသည် အမှန်ပင်တိုးတက် အောင်မြင် အေးချမ်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်း အာမခံပါ၏။ ယနေ့ကြီးပွါးအောင်မြင်နေကြသော ကမ္ဘာ့နိုင်ငံကြီးများကို ကြည့်လျှင် သူတို့၏ လုပ်ထုံးလုပ်နည်းများ ဥပဒေများ စည်းကမ်းများသည် ဤတရားခုနစ်ပါးကို ( အပြည့်အစုံမဟုတ်သော်လည်း ယေဘုယျအားဖြင့် )
အခြေခံထားကြသည်ကို တွေ့မြင်နိုင်ပါ၏။ ထို့ကြောင့်မြတ်ဗုဒ္ဓသည် ဓမ္မပဒ ဗြဟ္မဏဝဂ်၌ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။ သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။ ဟူ၍ ဟောတော်မူပါ၏။ အဓိပ္ပါယ်မှာ ကိုယ်နှုတ်စိတ် သုံးပါးလုံး၌ အပြစ်မဖြစ်အောင် ကျင့်သုံးနေထိုင်သူသည် ဗြဟ္မဏဖြစ်၏ ဟူ၍ဖြစ်ပါ၏။ မှန်၏။ ဤကဲ့သို့သော သူတော်ဥစ္စာခုနစ်ပါးဟု ပြောဆိုနေကြသည့် ကြီးပွါးရေး လမ်းညွန်ခုနစ်ပါးကို အခြေခံကာ နေထိုင်ကျင့်သုံးပါက ဗြဟ္မဏစစ်စစ်များဖြစ်လာကြမည်သာတည်း။ သို့ဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာသည်လည်း ဤကမ္ဘာ ဤလောကမှ ပျောက်ကွယ်သွားတော့မည်သာတည်း။ သို့ဖြစ်၍ ဗုဒ္ဓ၏တန်းတူအခွင့်အရေးစံဟူသည် ဤသူတော်ကောင်းတရား ခုနစ်ပါးကို အခြေခံတည်ဆောက်ထားခြင်းဖြစ်၏။ ဤတရား ခုနစ်ပါးကိုသာ နိုင်ငံသားတိုင်းကျင့်သုံးကြလျှင် သို့မဟုတ် အုပ်ချူပ်သူအစိုးရကိုယ်တိုင်မှ အစပြု၍ လူအများစုကြီးက ကျင့်သုံးကြလျှင် လူသားတိုင်းတန်းတူ ရည်တူရှိမှု ဟူသောအခွင့်အရေးသည် အလိုလိုဖြည့်ကျင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ တန်းတူရည်တူရှိမှု ဟုဆိုသောကြောင့် နွားထီးငါးကျပ် နွားမငါးကျပ်၊ ကြက်သားလဲ တစ်မတ်၊ ဝက်သားလဲတစ်မတ်၊ ငှက်သားလဲ တစ်မတ်၊ ကန်စွန်းရွက်လဲတစ်မတ်၊ ဗူးသီးလဲ တစ်မတ် ဟူသော တူညီမှုမျိုးကိုဆိုလိုသည်တော့မဟုတ်။ ဆိုလိုသည်မှာ ဤတရားခုနစ်ပါး သာလွန်သူသည် တည်ငြိမ်အေးချမ်းစွာ အထက်တန်းကိုရောက်ပေလိမ့်မည်။ သို့သော် ဤအထက်တန်းရောက်မှုသည် တဖက်သားကို ဖိနှိပ်ချုပ်ချယ်ကာ အမြတ်ကြီးစားသော လူစားမျိုးတော့ မဟုတ်ချေ။ ဤတရားခုနစ်ပါး အားနည်းသူသည် နိမ့်ကျနေပေလိမ့်မည်။ သို့သော် ဤနိမ့်ကျမှုသည် ဖိနှိပ်ခံသောအနေမျိုးဖြင့် နိမ့်ကျမည်တော့မဟုတ်ဘဲ လူ့ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ နေထိုင်ကျင့်သုံးနိုင်မည်သာဖြစ်၏။ ဤသို့သော သူတော်ကောင်းတရား ခုနစ်ပါး တန်းတူရည်တူကျင့်နိုင်မှာသာ ယနေ့ကမ္ဘာ့လူသားများ မျှော်မှန်းချီတက်နေကြသော တန်းတူရည်တူ အခွင့်အရေးပန်းခိုင်ကြီးကို လူသားတိုင်းလှလှပပပန်ဆင်နိုင်ကြပေမည်။
အခြေခံထားကြသည်ကို တွေ့မြင်နိုင်ပါ၏။ ထို့ကြောင့်မြတ်ဗုဒ္ဓသည် ဓမ္မပဒ ဗြဟ္မဏဝဂ်၌ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။ သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။ ဟူ၍ ဟောတော်မူပါ၏။ အဓိပ္ပါယ်မှာ ကိုယ်နှုတ်စိတ် သုံးပါးလုံး၌ အပြစ်မဖြစ်အောင် ကျင့်သုံးနေထိုင်သူသည် ဗြဟ္မဏဖြစ်၏ ဟူ၍ဖြစ်ပါ၏။ မှန်၏။ ဤကဲ့သို့သော သူတော်ဥစ္စာခုနစ်ပါးဟု ပြောဆိုနေကြသည့် ကြီးပွါးရေး လမ်းညွန်ခုနစ်ပါးကို အခြေခံကာ နေထိုင်ကျင့်သုံးပါက ဗြဟ္မဏစစ်စစ်များဖြစ်လာကြမည်သာတည်း။ သို့ဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာသည်လည်း ဤကမ္ဘာ ဤလောကမှ ပျောက်ကွယ်သွားတော့မည်သာတည်း။ သို့ဖြစ်၍ ဗုဒ္ဓ၏တန်းတူအခွင့်အရေးစံဟူသည် ဤသူတော်ကောင်းတရား ခုနစ်ပါးကို အခြေခံတည်ဆောက်ထားခြင်းဖြစ်၏။ ဤတရား ခုနစ်ပါးကိုသာ နိုင်ငံသားတိုင်းကျင့်သုံးကြလျှင် သို့မဟုတ် အုပ်ချူပ်သူအစိုးရကိုယ်တိုင်မှ အစပြု၍ လူအများစုကြီးက ကျင့်သုံးကြလျှင် လူသားတိုင်းတန်းတူ ရည်တူရှိမှု ဟူသောအခွင့်အရေးသည် အလိုလိုဖြည့်ကျင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ တန်းတူရည်တူရှိမှု ဟုဆိုသောကြောင့် နွားထီးငါးကျပ် နွားမငါးကျပ်၊ ကြက်သားလဲ တစ်မတ်၊ ဝက်သားလဲတစ်မတ်၊ ငှက်သားလဲ တစ်မတ်၊ ကန်စွန်းရွက်လဲတစ်မတ်၊ ဗူးသီးလဲ တစ်မတ် ဟူသော တူညီမှုမျိုးကိုဆိုလိုသည်တော့မဟုတ်။ ဆိုလိုသည်မှာ ဤတရားခုနစ်ပါး သာလွန်သူသည် တည်ငြိမ်အေးချမ်းစွာ အထက်တန်းကိုရောက်ပေလိမ့်မည်။ သို့သော် ဤအထက်တန်းရောက်မှုသည် တဖက်သားကို ဖိနှိပ်ချုပ်ချယ်ကာ အမြတ်ကြီးစားသော လူစားမျိုးတော့ မဟုတ်ချေ။ ဤတရားခုနစ်ပါး အားနည်းသူသည် နိမ့်ကျနေပေလိမ့်မည်။ သို့သော် ဤနိမ့်ကျမှုသည် ဖိနှိပ်ခံသောအနေမျိုးဖြင့် နိမ့်ကျမည်တော့မဟုတ်ဘဲ လူ့ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ နေထိုင်ကျင့်သုံးနိုင်မည်သာဖြစ်၏။ ဤသို့သော သူတော်ကောင်းတရား ခုနစ်ပါး တန်းတူရည်တူကျင့်နိုင်မှာသာ ယနေ့ကမ္ဘာ့လူသားများ မျှော်မှန်းချီတက်နေကြသော တန်းတူရည်တူ အခွင့်အရေးပန်းခိုင်ကြီးကို လူသားတိုင်းလှလှပပပန်ဆင်နိုင်ကြပေမည်။
Subscribe to:
Posts (Atom)