Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, February 26, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၆ ) အဓိဋ္ဌာနပါရမီ

အဓိဋ္ဌာန်ဟူသော စကားလုံးသည်လည်း မြန်မာဗုဒ္ဓဘာသာနယ်ပယ်တွင် အသုံးတွင်ကျယ်လှသောဝေါဟာရ တစ်ခုပင်ဖြစ်၏။ အဓိဋ္ဌာန်ပုတီးစိပ်သည်၊ အဓိဋ္ဌာန်သီလဆောက်တည်သည်၊ အဓိဋ္ဌာန်သက်သတ်လွတ်စားသည်၊ အဓိဋ္ဌာန်တရားစခန်းဝင်သည် စသည်ဖြင့်အဓိဋ္ဌာန်များ များပြားလှပါ၏။ ရည်မှန်းချက်အသီးသီးဖြင့် ပုဂ္ဂိုလ်အသီးသီိးမှ ဖြည့်ကျင့်နေကြခြင်းဖြစ်၏။ အားထုတ်ကြိုးစားနေကြခြင်းဖြစ်၏။ သို့ဆိုလျှင် အဓိဋ္ဌာန်ဟူသော စကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်းဆိုသည်ကို တိတိကျကျသိဘို့လိုအပ်လှ၏။ အမှန်စင်စင် အဓိဋ္ဌာန်ဟူသော စကားလုံးသည် ပါဠိဘာသာ အဓိဋ္ဌာန ဟူသောဝေါဟာရမှလာ၏။ အဓိပ္ပါယ်ကား ခိုင်မာပြတ်သားသော ဆောက်တည်မှု တနည်း ပြတ်သားခိုင်မာရဲရင့်သောဆုံးဖြတ်ချက် ဟူ၍ဖြစ်၏။ မှန်၏။ ကြီးမားသောရည်မှန်းချက်အတွက် သို့မဟုတ် ကြီးမားသောလုပ်ငန်းတစ်ခုအတွက် လုပ်ရတော့မည်ဖြစ်လျှင် ပြတ်သားခိုင်မာရဲရင့်သောဆုံးဖြတ်ချက်သည် အရေးကြီးလှပါ၏။ ထိုအဓိဋ္ဌာန်ဟူသော ဆုံးဖြတ်ချက်မပါလျှင် မည်သည့်လုပ်ငန်းမျှထိုက်တန်စွာအောင်မြင်မည်မဟုတ်ချေ။ စစ်မှန်ခိုင်မာသော အဓိဋ္ဌာန်ရှိသူသည် အစ၌လည်း ခိုင်မာပြတ်သား၏။ အလယ်၌လည်း ပြတ်သားရဲရင့်၏။ အဆုံး၌လည်း တိကျပြတ်သား၏။ အစ အလယ် အဆုံးကာလသုံးပါးလုံးဝယ် ခိုင်မာတိကျပြတ်သားရဲရင့် လှ၏။ မည်သည့်အကြောင်းကြောင့်မျှ ဆုံးဖြတ်ချက်ကို အပျက်ဆီးမခံပေ။ အဓိဋ္ဌာန်ကို ပျက်စီးစေသော အကြောင်းတရားများစွာထဲတွင် ထင်ရှားသောအကြောင်းများကိုသာ အကျဉ်းချုပ်၍ရေးပါမည်။ လာဘဟူသော လာဘ်လာဘသည်လည်းအဓိဋ္ဌာန်ကိုပျက်စီးစေနိုင်၏။ အဓိဋ္ဌာန်၏ အဖျက်အမှောင့်ဖြစ်၏။ လာဘ်လာဘဟူသည် ငွေကြေးအပါအဝင် သာမန်လူသားတို့တပ်မက်မောသော ရာထူး ဂုဏ်သိရ် စည်းစိမ် အိုးအိမ်စသည့်ပိုင်ဆိုင်မှုအစုစုတို့ပင်ဖြစ်၏။ ထို့နောင် သက္ကာရဟူသော အခြွေအရံပေါများမှု၊ အများ၏အထင်ကြီးခံရမှု၊ အများ၏လေးစားခံရမှု၊ အများ၏အခွင့်အရေးနှင့်နေရာပေးဆက်ဆံခံရမှုတို့ပင်ဖြစ်၏။ ထိုသည့်သက္ကာရသည်လည်း အဓိဋ္ဌာန်၏ ဆူးငြောင့်ခလုတ်ကန်သင်းပင်ဖြစ်၏။ ထို့ပြင် သိလောကဟူသော ထင်ပေါ်ကျော်ဇောမှု၊ ဂုဏ်သတင်းမွှေးပျံ့မှုတို့သည်လည်း အဓိဋ္ဌာန်၏ မာရ်နတ်သာဖြစ်၏။ ကြီးမားသောလုပ်ငန်းတစ်ခုကို မြင့်မြတ်သောရည်ရွယ်ချက်ဖြင့် တစိုက်မတ်မတ်ကြိုစားလုပ်ဆောင်နေသူ အတွက် ဤဆိုခဲ့ပြီးသော လာဘ သက္ကာရ သိလောကဟူသော အဖျက်အမှောင့်ပယောဂများသည် မလွဲမသွေဝင်ရောက်လာမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ဤလာဘ သက္ကာရနှင့်သိလောကတို့သည် စစ်မှန်သော အဓိဋ္ဌာန်ကိုဖြည့်ကျင့်သူအတွက် ခလုတ်ကန်သင်း အမှိုက်သရိုက်မျှသာဖြစ်လေ၏။ ဆူးငြောင့်ခလုတ် အဟန့်အတား ရန်သူများသာဖြစ်၏။ မိတ်ဆွေစစ်မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုလာဘ သက္ကာရ သိလောကတို့ဖြင့် ဖျားယောင်းသိမ်းသွင်းမှုကိုခံရသောအခါ မူလရည်မှန်းချက်များ ဆုံးဖြတ်ချက်များ ပြောင်းလဲသွားတတ်၏။ သို့မဟုတ် ပျက်ဆီးပျောက်ကွယ်သွားတတ်၏။ ဤသို့ဖြစ်တတ်သည်မှာ အသစ်အဆန်းလည်းမဟုတ်၊ မိမိအနေဖြင့် အပြစ်ဟူ၍လည်းမဆိုချင်ပေ။  အကြောင်းမှာ သာမန်လူတန်းစားများအဖို့ ဤဖြစ်ရပ်များသည် ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာသာဖြစ်သောကြောင့်ပင်ဖြစ်၏။  သာမန်လောကရှုထောင့်အရကြည့်လျှင် ဤ လာဘ သက္ကာရ သိလောကတို့ကိုရရှိခြင်းသည် ဘဝ၏အောင်မြင်မှုဖြစ်၏။ ဘဝ၏ရည်မှန်းချက်လည်းဖြစ်၏။ ဘဝ၏ပန်းတိုင်ဟူ၍လည်းသတ်မှတ်ထားကြ၏။ ဘဝ၏အရေးကြီးဆုံးသော မိတ်ဆွေသင်္ဂဟဟူ၍လည်းမြင်ကြမည်ဖြစ်၏။ ဤအောင်မြင်မှု၊ဤရည်မှန်းချက်နှင့် ဤပန်းတိုင်အတွက် လောကသားတို့ မမောနိုင်မပန်းနိုင် မျှော်လင့်ခြင်းကြီးစွာဖြင့် နေ့စဉ်နိစ္စဓူဝ ရုန်းကန်ကြိုးစားနေကြ၏။ အမှန်စင်စစ် ဤလာဘ သက္ကာရ သိလောကအတွက် ရည်မှန်းချက်ထား ပန်းတိုင်သတ်မှတ်၍ ကြိုးစားနေခြင်းသည် ရေတိုစီမံကိန်းမျှသာဖြစ်လေ၏။ တစ်ဘဝစာ တစ်ခဏတာအတွက် တောင့်တချက်များသာဖြစ်လေ၏။ သို့သော် ရေရှည်သံသရာရည်မှန်းချက် သို့မဟုတ် သံသရာမှလွတ်မြောက်ရေးရည်မှန်းချက် ထားသူအတွက်ကား ဤလာဘ သက္ကာရနှင့်သိလောကတို့သည်ပန်းတိုင်လည်းမဟုတ်၊ရည်မှန်းချက်ဟူ၍လည်းမသတ်မှတ်၊ အောင်မြင်မှုဟူ၍လည်းမယူဆကြချေ။ အကြောင်းမှာ တကယ်စစ်မှန်ထိုက်တန်သည့် ရလာဒ်မဟုတ်သောကြောင့်ပင်တည်း။ မှန်၏။ ထိုအောင်မြင်မှုများကို တပ်မက်မောသော တဏှာ၊ ငါလုပ်လျှင်ဖြစ်တယ် ငါသာစွမ်းတယ် စသည်ဖြင့်ထောင်လွှားမောက်မာသော မာနနှင့် ထိုတဏှာနှင့်မာနတို့ကိုအခြေခံသော မှောက်မှားသည့် ဒိဋ္ဌိများဖြစ်ပွါးလာနိုင်လေ၏။ ထိုတရားများဖြစ်လာလျှင်လည်း မိမိအတွက်ရော လောကအတွက်ပါ အန္တရာယ်သည် အနည်းနှင့်အများဖြစ်လာတော့၏။ သို့ဆိုလျှင် ယနေ့ကမ္ဘာဝယ် အချို့လူဆိုးများသည် မကောင်းမှုကိုကျူးလွန်ရန်အတွက် ခိုင်မာသောဆုံးဖြတ်ချက်ကိုချ၍ ကျူးလွန်ရန်လက်မနှေးကြဘဲ လက်ရဲဇက်ရဲဖြင့်ပြုလုပ်ကြ၏။ တုံးတိုက်တိုက် ကျားကိုက်ကိုက် မိုက်ရူးရဲဆန်စွာ ကျူးလွန်ကြမည့် ဆုံးဖြတ်ချက် လုပ်ဆောင်ချက်တို့ဖြင့်  လှုပ်ရှားရုန်းကန်နေကြ၏။ ထိုလုပ်ဆောင်ချက်သည်လည်း အဓိဋ္ဌာန်ပင်ဖြစ်လေသလော။ အဖြေကား ဤလုပ်ဆောင်ချက် ကျူးလွန်ချက်တို့သည်လည်း အဓိဋ္ဌာန်ပင်ဖြစ်၏ဟူလေသတ်။ အကြောင်းကား အဓိဋ္ဌာနအရ အဓိမောက္ခစေတသိက်ကိုအရကောက်ရ၍ ထိုအဓိမောက္ခစေတသိက်သည် ကုသိုလ်စိတ်များနှင့်လည်းစပ်ယှဉ်နိုင်သလို အကုသိုလ်စိတ်များနှင့်လည်း အတူတွဲစပ်ကာ ဖြစ်နိုင်ခွင့်ရှိသောကြောင့်ပင်တည်း။ အဓိဋ္ဌာန်တွင် အကြံဆိုးများလည်းပါနိုင်သလို အတွေးကောင်းများလည်းပါနိုင်၏။  အဓိဋ္ဌာန်ဖြင့် အော့နှလုံးနာစရာ မသတီစရာ  ရက်စက်ကြမ်းကြုတ်မှုများကိုလည်းကျူးလွန်နိုင်သလို ချစ်ခင်မြတ်နိုး စုံမက်စွာအားထားလောက်သော အကြင်နာတရား ပညာတရားများဖြင့် လောကကောင်းကျိုးကိုစွမ်းစွမ်းတမံသယ်ပိုးသော လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ပါ၏။ လောကတွင် အကြံဆိုးများဖြင့် အဓိဋ္ဌာန်ဆိုးများ ကြီးစိုးလွှမ်းမိုးနေသည်ကိုလည်းတွေ့နိုင်သလို အကြံကောင်းမနောကောင်းများဖြင့် အဓိဋ္ဌာန်ကောင်းများ အောင်မြင်နေသည်ကိုလည်း အထင်အရှားတွေ့မြင်နိုင်ပါ၏။ ထို့ကြောင့်အဓိဋ္ဌာန်ဟုဆိုတိုင်း အကောင်းချည်းဟူ၍ မဆိုနိုင်ကြောင်း သေချာစွာမှတ်သားဘို့လိုအပ်ပါ၏။ ဝါဝါမြင်တိုင်း ရွှေအစစ်မဟုတ်နိုင်ကြောင်းစာဖတ်သူသိနားပြီးသားဖြစ်ပေမည်။ ယနေ့ခေတ်တွင် အလိမ်အညာ အကြံအဖန်များပေါများလှသောကြောင့် အသိဥာဏ်ကိုယ်ခံအား ကောင်းကောင်းရှိထားဘို့ အမှန်ပင်လိုအပ်လှပါ၏။ အထက်ပါရှင်းပြချက်တို့မှာ သာမန်အဓိဋ္ဌာန်အကြောင်းကိုသာ အကျဉ်းချုပ်၍ စာဖတ်သူနားလည်နိုင်ဘို့နှင့် ထို့ထက်ဆက်လက်၍စဉ်းစားနိုင်စေဘို့တင်ပြခြင်းမျှသာဖြစ်ပါ၏။ ပါရမီမြောက်သော အဓိဋ္ဌာန်မဟုတ်ချေ။ အမှန်စင်စစ် အဓိဋ္ဌာနပါရမီဟူသည် ဒါန သီလစသော ပါရမီမြောက်သည့် လုပ်ငန်းများကိုဖြစ်မြောက်အောင်မြင်စေရန် ဖြူစင်ဖြောင့်မတ် မြင့်မြတ်စွာ ပဓာနအားဖြင့်တွန်းအားပေးသော ခိုင်မာပြတ်သားတိကျရဲရင့်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်၏။ မှန်၏။ ဤအဓိဋ္ဌာန်ပါရမီဟူသော ဆုံးဖြတ်ချက်စိတ်စွမ်းအားသည် သူလျှောက်လှမ်းမည့်လမ်းခရီးဝယ် ကြုံတွေ့ရသော အခက်အခဲ ဆူးငြောင့်ခလုပ်များကို ပယ်ရှားတော်လှန်ပစ်နိုင်စွမ်း၏။ အနှောက်အယှက်များသည် မည်သည့်ပုံစံမျိုးဖြင့်ပင် အသွင်ပြောင်း၍ဝင်လာသည်ဖြစ်စေ ဂရုမစိုက် အလေးမထားပေ။ပျော်ရွှင်ကြည်နူးစရာအဖြစ်ဝင်လာလျှင်လည်း နည်းလမ်းအဖြစ်အသုံးချကာ ကျော်လွှား၏။ ဒုက္ခ သောကအဖြစ်ဖြင့်ဝင်လာလျှင်လည်း တည်ငြိမ်စွာပယ်ရှားပစ်၏။ သူဆက်လက်လျှောက်လှမ်းမည်ဖြစ်သော မြင့်မြတ်သည့် မဟာရည်မှန်းချက်အတွက် စိုးစဉ်းအနည်းငယ်မျှ နောက်ပြန်လှည့်မည့်သူမဟုတ်ချေ။ သို့သော်  ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဟူ၍ မိုက်ရူးရဲဆန်ဆန် တစ်ဇွတ်ထိုးခေါင်းမာစွာလည်းပြုလုပ်လိမ့်မည်မဟုတ်ချေ။ ဥာဏ်ပညာနှင့်ယှဉ်စပ်သော နှိုင်းနှိုင်းချိန်ချိန် သုခမိန်၊ ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသည့်အတိုင် အခြေအနေနှင့်အချိန်အခါကို ကောင်းစွာအသုံးချကာ ဆုံးဖြတ်လုပ်ဆောင်နိုင်၏။ ထို့ပြင် လောကကောင်းကျိုးနှင့် ကောင်းမှုကုသိုလ်အတွက် သူ့ကိုစည်းရုံးလျှင် ရနိုင်သော်လည်း အကျိုးမဲ့သော အကုသိုလ်လုပ်ငန်းများအတွက်စည်းရုံးလျှင်မည်သို့မျှရနိုင်မည်မဟုတ်ပေ။ ထိုပါရမီမြောက်အဓိဋ္ဌာန်သည် အခြေအနေနှင့် အချိန်အခါအရ မာလျှင်သံချောင်း ပျော့လျှင်ဖယောင်း ဟူသကဲ့သို့ မာသင့်သည့်အရာဝယ် သံချောင်းကဲ့သို့လည်းမာ၏။ ကျောက်ခဲကဲ့သို့လည်း ကျစ်လစ်သိပ်သည်း၏။ ပျော့သင့်သည့်အရာဝယ် ဖယောင်းကဲ့သို့လည်း ပျော့သကဲ့သို့  ပန်းပွင့်ပမာလည်းနူးညံ့လှပပြနိုင်၏။ သို့သော် လိမ်လည်ကောက်ကျစ်ခြင်း အလျဉ်းမရှိချေ။  မိမိအနေဖြင့် လောကလူသားအများသည် ဖြူစင်ထက်မြက်သော ကုသိုလ်အဓိဋ္ဌာန်များလည်း တည်ဆောက်နိုင်ကြပါစေ၊ ထို့ထက် ပါရမီမြောက်သည့် အဓိဋ္ဌာန်များလည်း တည်ဆောက်ဖြည့်ကျင့်နိုင်ကြပါစေသောဟု ပတ္ထနာမှု တောင်းဆုပြုလိုက်ရပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***