ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, February 6, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၇) ရုံးသုံးဘာသာစကား များသောနိုင်ငံ


ဆက်လက်၍ အေဒီ (၁၃) ရာစုနှစ်တွင်တည်ဆောက်ခဲ့သော
 ရှေးဟောင်းခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးသို့သွားရောက်လေ့လာကြသည်။
 ဘုရားကျောင်းကြီးသည်မြင့်လည်းမြင့်မားသည်။ ကျယ်လည်းကျယ်ပြန့်သည်။ အတွင်းအပြင်စီချယ်ထားသောပန်းချီလက်ရာများ၊ ထုလုပ်ထားသောပန်းပု
အနုပညာလက်ရာများသည် လည်းပြောင်မြှောက်လှသဖြင့် ကြည့်ရှုလေ့လာရသည်မှာ
အရသာတွေ့လှသည်။ အနုပညာကိုနားမလည်သော်လည်း နားလည်သလို
ခံစားကြည့်ရင်းအရသာတွေ့ ခြင်းဖြစ်သည်။ ရှေးခေတ်တွင်
ဘယ်လ်ဂျီယံနိုင်ငံသည်ခရစ်ယန်ဘာသာကိုအလွန်ပင်ယုံကြည်ကိုးကွယ်ခဲ့ကြောင်း အဆိုပါဘုရားကျောင်းဟောင်းကြီးကသက်သေထူကာပြောပြနေသည်။

၎င်းနောက် Gellerery သို့သွားရောက်ကြသည်။ Gellerery သည်ရှေးဟောင်း
အဆောက်အဦကိုအတွင်းပိုင်းတွင်ခေတ်သစ်ဒီဇိုင်းများဖြင့်
ခမ်းနားစွာအလှဆင်ထားသဖြင့် အလှဆင်တိုင်းတင့်နေသောခပ်ချောချော
အမျိုးသမီးကြီးနှင့်တူသည်ဟုထင်သည်။ အတွင်းထဲဝယ်ဖွင့်ထားသော
စားသောက်ဆိုင်တွင် စားသုံးသူများပြည့်နေခြင်းမှာလည်း ဤ Gellerery အမျိုးသမီးချောကြီး၏ရုပ်ရည်တင့်တယ်မှုနှင့်ဧည့်ခံကောင်းသော
စွမ်းရည်တို့ကြောင့်ဖြစ်မည်ထင်သည်။ အမှတ်တရအနေဖြင့်
တခုခုစားချင်သောဆန္ဒဖြစ်ပေါ်မိသော်လည်း ရဟန်းတပါးအတွက်
စည်းခြားထားရသောအချိန်သတ်မှတ်ချက်ကြောင့် ဆန္ဒကိုသာမျိုသိပ်လိုက်ရတော့သည်။
 “ ငါ၏ရဟန်းအဖြစ်သည် မိသားစုသံယောဇဉ်နှောင်ကြိုးမှကင်းလွတ်သည်ဟု
ဆိုနိုင်သော်ငြားလည်း ဆန္ဒနှောင်ကြိုးမှမလွတ်ကင်းသေးသောကြောင့် 
ဆန္ဒကိုချိုးနှိမ်မျိုသိပ်ရသောအနေအထားမျှသာရှိပါသေးလား” ဟုလည်းကိုယ့်ကိုယ်ကိုဆင်ခြင်သည့်အတွေးစများလည်း ဝင်လာသေးသည်။

Antwerp river ဆိပ်ကမ်းသို့ရောက်ကြသောအခါ တိုက်ခတ်လာသောလေသည်
အကြင်နာမဲ့လွန်းသည်ဟုထင်သည်။ ဆောင်းရာသီ၏အပူချိန်အနှုတ်ဒီဂရီရှိနေခိုက်ဝယ်
 မြစ်ကမ်းပါး၏အလှကိုရှုစားရင်းကြည်ကြည်နူးနူးပျော်မြူးလိုသူတို့အားမနာလိုဝန်တိုစွာ
 မောင်းထုတ်နေသည့်အလားထင်ရလောက်အောင်မညှာမတာ 
တဟူးဟူးတိုက်ခတ်နေသည်။ သို့ဖြစ်၍ အမှတ်တရဓါတ်ပုံများကို
ခပ်သုတ်သုတ်ရိုက်၍ပြန်လာခဲ့ကြသည်။ ညနေ (၆) နာရီတွင်
 မိမိတို့တည်းခိုရာ Colombus hotel သို့ပြန်ရောက်ကြသည်။ 
အဆိုပါဟော်တယ်ကိုပိုင်ဆိုင်သူမှာ Antwerp မြို့ တွင်နေထိုင်သော ရွှေပြည်မှ
ကိုဇင်မင်းထွန်း မဂျုးဂျုးမိသားစုဖြစ်သည်။ သူတို့သည် ထိုဟိုတယ်ကိုပိုင်သည်သာမက ဘားဆိုင်လည်းဖွင့်ထားသည့်ပြင် ကားနှစ်စီးသုံးစီးပင်ပိုင်ဆိုင်လိုက်သေးသည်။
 ထိုမျှသာမက အိမ်နှစ်လုံးသုံးလုံးပါပိုင်ဆိုင်ထားသူဖြစ်ကြောင်းသိရသည်။
 ရွှေပြည်သားတယောက်က ဥရောပတွင်စီးပွါးရေးလုပ်ငန်းများအခြေကျ
အောင်မြင်နေသည်ကိုမြင်ရ သိရသဖြင့်မုဒိတာအခါခါပွါးရသည်။

နယ်သာလန်သည်ဘယ်လ်ဂျီယံထက်အနည်းငယ်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသော်လည်း
 လူနေမှုစနစ်နှင့် လူနေမှုအဆင့်အတန်းတို့သည်အတူတူပင်ဖြစ်သည်ဟုထင်ရလောက်အောင်
မတိမ်းမယိမ်းသာဖြစ်နေသည်။ ရာသီဥတု၊ ရေမြေသဘာဝတောတောင်နှင့်
အဆောက်အဦတို့မှာ အတူတူသာဖြစ်ကြသည်ကိုတွေ့ရသည်။ 
ထို့ကြောင့် ဘယ်လ်ဂျီယံနိုင်ငံတွင်းသို့ရောက်သွားသော်လည်း ထူးခြားသောခံစားမှုကို
မထိတွေ့ရပေ။ ထို့ပြင် ဒကာကိုဇင်မင်းထွန်း၏ပြောပြချက်အရ Antwerp မြို့ တွင်
 ဂျူးလူမျိုးငါးသောင်းခန့်ရှိသည်။ ဂျုးလူမျိုးတို့သည် အခြားသူများနှင့်မရောဘဲသီးခြားနေထိုင်ကြသည်
ဟုသိရသည်။ ဂျုးအမျိုးသားတို့၏ရိုးရာလူနေမှုပုံစံမှာ အခြားသူများနှင့်မတူဘဲတမူထူးနေသည်။ 
သူတို့၏ယဉ်ကျေးမှုဖြစ်သောရိုးရာဝတ်ဆင်နေထိုင်မှုပုံစံတို့ကို မပျောက်ပျက်အောင်
ထိန်းသိမ်းထားသဖြင့်ဇာတိမာန် အမျိုးမာန်ရှိသောလူမျိုးဖြစ်သည်ဟု စိတ်ထဲမှတိုးတိုးတိတ်တိတ်ကောက်ချက်ချမိသည်။ ထို့ပြင် 
တချိန်ကနာမည်ကြီးမင်းသား ဗန်ဒိန်းသည်လည်း ဘယ်လ်ဂျီယံနိုင်ငံသားဟုသိရပြန်သည်။

ဘယ်လ်ဂျီယံတွင်ခေါင်းမီးခြုံသောမွတ်ဆလင်အမျိုးသမီးများတော်တော်တွေ့ရသည်။ အစ္စလာမ်ဘာသာဝင်များအတော်ပင်များပေလိမ့်မည်။ နယ်သာလန်တွင်လည်း
ခေါင်းမြီးခြုံအမျိုးသမီးများအတော်ပင်တွေ့ရသည်။ ဘယ်လ်ဂျီယံတွင် လူဖြူဗုဒ္ဓဘာသာများလည်း
 အတော်ပင်များသည်ဟုသိရပြီး ဗမာဘုန်းတော်ကြီးများ၏ပိဋကတ်ပညာ
အရည်အသွေးနှင့်ကမ္မဋ္ဌာန်းနည်းစနစ်ကိုလေးစားအားထား
ကြကြောင်းလည်းသိရသည်။ ဘယ်လ်ဂျီယံ၏ရုံးသုံးဘာသာစကားမှာ 
ဘယ်လ်ဂျီယံ၊ ဂျာမာန်၊ဒတ်ခ်ျနှင့်ပြင်သစ်ဘာသာအားဖြင့် စကားလေးမျိုးသုံးသည်ဟုသိရသည်။ ရုံးသုံးဘာသာစကားအများဆုံးသုံးသောနိုင်ငံတနိုင်ငံဖြစ်သည်ဟုပင်ဆိုချင်ပါသည်။

မြို့ တော် Brussel တွင်ကား ပြင်သစ်စကားပြောကြသည်ဟုသိရသည်။
 နယ်သာလန်နှင့်နီးသောAntwerp မြို့ တွင်ကား ဒတ်ခ်ျဘာသာစကားကိုအပြောများသည်
ဟုသိရသည်။ ဤမြို့ သည် ဗမာသင်္ဘောသားများအလုပ်လုပ်ကိုင်သည့် 
သင်္ဘောများအများစုဆိုက်ကပ်ရာမြို့ ဖြစ်သည်ဟုလည်းသိရသည်။ 
အထူးသတိပြုမိသည့်အချက်မှာ လမ်းပေါ်တွင်သွားလာနေကြသော
 ပြည်သူအများစု၏မျက်နှာများမှာ လူကြီးလူငယ်မရွေးအေးဆေးလျှက်သောက
ကင်းဝေးမှု၏သရုပ်သကန်ပေါ်လွင်နေသည်။အပူရုပ်ပေါ်နေသော
မျက်နှာများကိုမတွေ့မိခဲ့ပါ။ စားဝတ်နေရေးအတွက် ပူလောင်စွာ
ခုန်ကျော်ခွနင်း၍ရုန်းကန်ရသောအနေအထားတွင်မရှိကြသောကြောင့်ဖြစ်မည်
ထင်သည်။မိမိရောက်ဖူးသောဥရောပနိုင်ငံများတွင်ဤကဲ့သို့အပူကင်းသော
မျက်နှာများကိုသာတွေ့ရသည်ကများလေသည်။ ဤသို့ဖြင့်
 ထိုနေ့ (၂၁.၁.၁၅) တွင် Antwerp မြို့  ဒကာကိုဇင်မင်းထွန်း၏ဟိုတယ်၌
ကျိန်းစက်အနားယူလိုက်သည်။ (ဆက်လက်ဖေါ်ပြပါမည်)

Thursday, February 5, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၆) မှတ်မှတ်ရရ နေ့တနေ့


“ အရှင်ဘုရား နောက်တခေါက်လာလည်လျှင် မတ်လလောက်မှာအရောက်လာပါ။ 
အဲဒီလဟာ တနိုင်ငံလုံးရဲ့နေရာတိုင်းမှာပန်းတွေနဲ့ဝေပြီးလှပနေပါတယ်။
 အဲဒီလမှာတော့နယ်သာလန်ဟာ ကမ္ဘာမှာသဘာဝပန်းမျိုးစုံတွေနဲ့
စီချယ်ထားတဲ့ အလှပဆုံးနိုင်ငံဖြစ်ပါတယ်။ နောက်တခုထူးခြားတာက 
မတ်လနောက်ဆုံးရက်ပတ်မှ မေလနောက်ဆုံးရက်ပတ်အထိ Leiden မြို့ မှာ
ကမ္ဘာ့အကြီးဆုံးပန်းခြံကြီးဖြစ်တဲ့ “Keukenhof” ဆိုတာရှိတယ်။
 အဲဒီပန်းခြံထဲကိုဝင်ဖို့ဝင်ကြေးကတော့ (၁၅) ယူရိုပေးရတယ်။ ပန်းခြံထဲမှာ
တကမ္ဘာလုံးမှခရီးသွားဧည့်သည့်တွေဟာ တနေကုန်စားကြသောက်ကြရင်း
အပန်းဖြေကြပါတယ်။ ခရီးသွားဧည့်သည်အများစုကတော့ အာရှမှ
တရုပ်တွေများပါတယ်။ အဲဒီအချိန်ဟာပန်းခြံပိုင်ရှင်အတွက်ဝင်ငွေအလွန်ကောင်းတဲ့
အချိန်ဖြစ်ပါတယ်” ဟု ဒကာကိုထွန်းအောင်နှင့်ဒကာဆက်မျိုးဦးတို့မှ
အားပါးတရပြောပြကြရင်းနောက်တကြိမ်လာလည်ဖို့ဖိတ်ခေါ်ကြသည်။

၎င်းနောက် “ အရှင်ဘုရား နှစ်စဉ်နှစ်တိုင်းဧပြီလ (၃၁) ရက်နေ့ဟာ ဘုရင်မကြီး
Beofrix ရဲ့မွေးနေ့ဖြစ်ပါတယ်။ (၂၀၁၃) ခုနှစ်အထိအဲဒီဘုရင်မကြီးရဲ့မွေးနေ့ကို
နှစ်စဉ်ကျင်းပလာခဲ့ပါတယ်။ ဒါပေမယ့် ဘုရင်မကြီးဟာ သားတော်
Willem-Alexander ကိုထီးနန်းလွှဲအပ်ပြီးနောက်ပိုင်းမှာတော့
 (၂၀၁၄) ခုနှစ်မှစတင်ပြီး ဧပြီလ (၃၀) ရက်နေ့ကို ဘုရင်မွေးနေ့အဖြစ်စတင်
သတ်မှတ်ကျင်းပပါတယ်။ ဘုရင်မကြီးမွေးနေ့ကိုတော့မကျင်းပတော့ပါဘူး။ 
ဘုရင်မမွေးနေ့ကိုKoninginneday ဟုခေါ်ဆိုပြီးတော့ ဘုရင်မွေးနေ့ကို Koningsday
 လို့ခေါ်ဆိုပါတယ်။ ဟိုအရင်ကဆိုရင် ဘုရင်မိသားစုအပြင်သွားရင် 
သူတို့ဖာသာပဲလွတ်လွတ်လပ်လပ်သွားတယ်။ 
ဘုရင်မကြီးကိုကားနဲ့ဝင်တိုက်ပြီးလုပ်ကြံတဲ့ကိစ္စပေါ်ပေါက်ပြီး
မအောင်မြင်တဲ့နောက်မှာတော့ အစောင့်တွေရှိလာပါတယ်။ ဘုရင်ကို
ပြည်သူအများစုကလေးစားကြည်ညိုကြပါတယ်ဘုရား ” ဟု 
သိသင့်သိထိုက်သည့်များ မကျန်ရလေအောင်ဗဟုသုတဒါနပြုကြပြန်လေသည်။

ကမ္ဘာပေါ်ဝယ် အချို့နိုင်ငံများတွင်လူကြည်ညိုသောဘုရင်တွေရှိကြသေးသည်။ 
သို့သော် အများစုမှာ အုပ်ချုပ်သည့်ဘုရင်မဟုတ်ဘဲ အကြည်ညိုခံရသည့်နိုင်ငံ့
ဥသျှောင်တော်ဝင်လူတန်းစားမိသားစုများသာဖြစ်ကြသည်။ 
အချို့ နိုင်ငံများတွင်ကား တော်ဝင်ဘုရင်မိသားစုနှင့်အစိုးရနှစ်ခုစလုံးသည် လူထု၏ကြည်ညိုလေးစားမှုကိုခံယူရရှိနိုင်ကြသည်ကိုတွေ့ရသည်။ 
သည်မျှသာမကသေး အလုပ်သမားများအတွက်အာမခံချက်ရှိသော လုပ်ငန်းရှင်ကုမ္မဏီများလည်းရှိနေကြသည်။ လူအချင်းချင်းတန်ဖိုးထားရသော
လူမှုစနစ်ကြီးကိုလည်းခိုင်မာစွာတည်ဆောက်ထားနိုင်ကြသည်ကို
တွေ့ရသည်။ အမှန်စင်စစ် ဒီမိုကရေစီစနစ်တွင်လူထုကြည်ညိုမှသာလျှင်
အစိုးရအဖွဲ့ သည်လည်းတည်မြဲနိုင်သည်။
အကယ်၍ လူထုမကြည်ညိုဘဲအာဏာတည်မြဲနေသောဒီမိုကရေစီနိုင်ငံရှိခဲ့လျှင်
 ထိုနိုင်ငံသည် စစ်မှန်သောဒီမိုကရေစီအစိုးရမဟုတ်သောကြောင့်ပင်
ဖြစ်သည်ဟုဆိုချင်ပါသည်။လူထုမကြည်ညိုဘဲအုပ်ချုပ်သော
အစိုးရဖြစ်လျှင် လူထုကြီးကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်မည်မှာသေချာသည်။
အမှန်စင်စစ် လူထုကြည်ညိုသောအစိုးရဖြစ်လျှင် နတ်များလည်းကြည်ညိုပေမည်။ လူရောနတ်ပါကြည်ညိုနိုင်သောအစိုးရတရပ်ရှိသည်ဆိုလျှင် ဓမ္မနှင့်
ညီညွတ်သောကြောင့်သာဖြစ်ရမည်။ ဓမ္မနှင့်ညီလျှင်ထိုပြည်သည်မဆင်းရဲဘဲ
ခေတ်မီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးဖြစ်မည်မှာ ဗေဒင်ဆရာမလိုဘဲ
 အသေအချာသိနိုင်သည်…. စသည်ဖြင့် ဒကာများ၏ဘုရင်အကြောင်း
စကားကိုနားထောင်ပြီးနောက် ရှည်လျားသောအတွေးများကို
ဆက်လက်တွေးနေမိသည်။

၂၁.၁.၁၅ နေ့တွင်ကား ဒကာဦးထွန်းအောင် ဒကာဆက်မျိုးဦးတို့နှစ်ဦးနှင့်အတူ
နံနက် (၈း၄၅) တွင် Amstelveen မှ ဘယ်လ်ဂျီယံနိုင်ငံသို့အလည်အပတ်
ခရီးထွက်ဖြစ်ခဲ့ကြသည်။ မိမိသွားရောက်လည်ပတ်ချင်သောနိုင်ငံဖြစ်၍ကျေနပ်မိသည်။ 
လိုက်ပို့ပေးသောဒကာဦးထွန်းအောင်နှင့်ဒကာဆက်မျိုးဦးတို့ကိုလည်း
အထူးကျေးဇူးတင်မိပြန်သည်။ ဒကာဦးထွန်းအောင်၏ကားလေးသည် အဝေးပြေးလမ်းမကြီးပေါ်တွင်အပူအပင် အခက်အခဲကင်းမဲ့စွာဖြင့် ငြိမ့်ငြိမ့်ငြောင်းငြောင်းလျှင်မြန်စွာပြေးနေသည်။ လမ်းပေါ်တွင်တိတိကျကျ
လမ်းညွှန်ပြထားသောဆိုင်းဘုတ်များသည် လိုအပ်သည့်နေရာတိုင်းတွင်ရှိနေကြ
သဖြင့် လမ်းမှားမည်ကိုစိုးရိမ်ရသည့်သောကမှကင်းဝေးစေသည်။ 
ထို့ပြင် ကားကိုဘယ်ကွေ့ရမည် ညာကွေ့ရမည်၊ ရှေ့ တည့်တည့်ဆက်မောင်းရမည်၊
ရှေ့ ကီလိုမီတာဘယ်လောက်တွင် လမ်းခွဲရှိသည်၊ မီးပွိုင့်ရှိသည်၊ မြန်နှုန်းမြင့်လျှင်မှတ်တမ်းတင်မည့်ကင်မရာရှိသည်၊ ဘယ်နှစ်နာရီတွင်
ခရီးဆုံးသို့ရောက်မည်၊ ဤခရီးကား ဘယ်နှစ်နာရီကြာမြင့်မည်
စသည်ဖြင့်အသေးစိတ်ပြောပြပေးသောလမ်းညွန်စက်မှ အသေးစိတ်ပြောပြနေသဖြင့် ကားသမားအဖို့ပို၍သက်သာပြီးခရီးသွားများအတွက်အဆင်ပြေလှသည်။

နယ်သာလန်အဝေးပြေးလမ်းမကြီးသည် ဝဲယာတဖက်စီတွင် (၅) လမ်းသွား
လမ်းမကြီးဖြစ်သဖြင့် ကြီးမားလှသည်။ နှစ်ဖက်ပေါင်းလျှင် (၁၀) လမ်းသွား
လမ်းမကြီးဖြစ်သည်။ လမ်းအကျယ်သည်ဤမျှသာမကသေး၊ ဝဲနှင့်ယာနှစ်ဖက်
စလုံးတွင် အရေးပေါ်လမ်းကိုလည်းထည့်သွင်းဖေါက်လုပ်ထားသဖြင့် အရေးကြီးကိစ္စပေါ်ပေါက်လာသော်လည်း လမ်းပိတ်ဆို့မှုမဖြစ်နိုင်တော့ချေ။ 
ထို့ပြင် လမ်းမကြီးသည် အဖုအထစ်အချိုင့်အခွက်တို့ကင်းစင်လျှက်
ညီညာပြန့်ပြူးနေသည်။ ကားသေးသော်လည်းမခုန်ဘဲနှင့်ငြိမ်ငြိမ်လေးပင်ပြေးနေသည်။
 ကီလိုမီတာ (၁၂၀၊ ၁၃၀) လောက်မောင်းနေသော်လည်း မြန်သည်ဟု
မထင်ရလောက်အောင်ပင်လမ်းမကြီးကညက်ညောအိစက်နေသည်။ တိုင်းသူပြည်သားတို့၏လုပ်အားမှကောက်ယူထားသောအခွန်အတုပ်
တို့သည် ပြည်သူအတွက်အမှန်တကယ်ပင်အသက်ဝင်ကာ
ကောင်းကျိုးဖြစ်စေသည်မှာ ဤလမ်းမကြီးတခုတည်းကြည့်ရုံမျှဖြင့်ပင်
ထင်ရှားလေသည်။ ဘယ်လ်ဂျီယံနိုင်ငံရောက်သည်အထိ ဟိုင်းဝေး
လမ်းမကြီးတလျှောက် အကြားအပျောက်မရှိဘဲ လျှပ်စစ်မီးတိုင်များ
အပြည့်တပ်ဆင်ထားသည်။ လျှပ်စစ်မီးကိုပြည်သူအတွက် အဖက်ဖက်မှ
လိုလေသေးမရှိသုံးစွဲပေးထားသည်။ လျှပ်စစ်ကိုဤမျှအထိလိုလေသေးမရှိအောင်
သုံးစွဲပေးထားနိုင်သော်လည်းပိုလျှံသောကြောင့်ရောင်းစားသည်ဟု
မကြားဘူးချေ။ လမ်းတလျှောက်တွင် ရှုမဆုံးသောမြက်ခင်းပြင်ကျယ်ကြီး
များလည်းတွေ့ရသည်။ သစ်တောငယ်များကိုထိန်းသိမ်းထားသည်ကိုလည်း
တွေ့ရပြန်သည်။

နံနက် (၁၀း၄၅) မိနစ်တွင်ဘယ်လ်ဂျီယံနိုင်ငံသို့ရောက်ရှိခဲ့သည်။ 
ဘယ်လ်ဂျီယံဘက်ခြမ်းတွင်ကား အဝေးပြေးလမ်းမကြီးသည်အနည်းငယ်
 အပေါက်အပြဲလေးများ ဖာထေးရာလေးများကိုတွေ့ရသဖြင့် “အော် သူတို့လည်း
 တို့နဲ့နဲနဲတော့တူပါလား” ဟု မှတ်ချက်ပြုမိသည်။ သို့သော် မဆိုစလောက်နေရာအနည်းငယ်လေးမျှသာတွေ့ရသည်။
 ဘယ်လ်ဂျီယံ၏ဒုတိယမြို့ တော်ဖြစ်သည့် Antwerp မြို့ှတွင်နေထိုင်သော
 ဒကာဦးဇင်မင်းထွန်း ဒကာမဒေါ်ဂျုးဂျူးတို့မှ သူတို့နေအိမ်တွင်နေ့ဆွမ်းကပ်ကြသည်။
 ထူးခြားသည်မှာထိုနေ့ဆွမ်းပွဲဝယ် ငါးပိသုံးလေးမျိုးစားရခြင်းဖြစ်သည်။ 
ထိုမျှငါးပိပေါပေါရနေသည်ကိုအံ့သြစွာမေးကြည့်တော့
 “ ဒီမှာထိုင်းတွေများတယ်ဘုရား၊ ဒါကြောင့်ငါးပိကတော့ပေါပါတယ်” ဟုဆိုလေသည်။
နေ့ဆွမ်းစားပြီး၍ မြို့ ထဲသို့ ဒကာဦးထွန်းအောင် ဒကာဆက်မျိုးဦးနှင့်မိမိတို့သုံးဦးသား
အတူတူလည်ပတ်ကြသည်။ ကုန်တိုက်ကြီးများမှာအခြားနိုင်ငံများကဲ့သို့ပင်

ဖြစ်၍ထူးထူးခြားခြားမတွေ့ရပေ။ ထိုနေ့သည်ကား လမ်းလည်းသာ 
ဆွမ်းဘုန်းလည်းကောင်း လည်ပတ်ရသည်မှာလည်းပီတိဖြစ်ရသဖြင့် မှတ်မှတ်ရရစွဲထင်သောနေ့တနေ့ဖြစ်ခဲ့လေသည်။
 (ဆက်လက်ဖေါ်ပြပါမည်)

Monday, February 2, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၅) ဓမ္မနှင့်ညီညွတ်သောနိုင်ငံသည်ဖွံ့ ဖြိုး၏



နောက်တခုထူးခြားသည့်အရာမှာ နယ်သာလန်သည်ပြတိုက်ပေါသော
နိုင်ငံများထဲတွင်တခုအပါအဝင်ဖြစ်သည်ဟုဆိုချင်သည်။ ရှေးဟောင်းပြတိုက်ရှိသလို ပန်းချီပြတိုက်လည်းရှိသည်။ သမိုင်းပြတိုက်လည်းရှိသည်။ ကုန်ကုန်ပြောရလျှင် 
Sex Museum ပင်ရှိသည်။ မိမိအမြင်အရမူ ပြတိုက်တို့ရှိခြင်းသည် ပြည်သူတို့အားအလုပ်အကိုင်ကိုဖန်တီးပေးနိုင်သည့်ပြင်ဝင်ငွေလည်းရစေသည်။ ပြည်သူတို့အားအသိဥာဏ်တိုးစေသည်။ အမှန်စင်စစ် ပြတိုက်ဟူသည် လူသားတို့အား
အတိတ်နှင့်ပစ္စုပ္ဗန်တို့၏ဖြစ်ကြောင်းစုံလင်ကိုချိတ်ဆက်ကာအသိပညာပေးသော မဟာပညာဌာနကြီးဖြစ်သည်ဟု ခံယူနားလည်မိသည်။ တနည်းဆိုသော်
 ပြတိုက်တို့သည် အတိတ်၏ဓါတ်ပုံကိုပစ္စုပ္ဗန်ဗီဒီယိုကင်မရာထဲသို့
ထည့်သွင်း၍ကြည့်ရှုရင်းအနာဂတ်ဘဝကိုပုံဖေါ်စေနိုင်သောသင်္ခန်းစာနှင့်
ဘဝအလင်းဥာဏ်ကိုဖြစ်စေသည်ဟု သုံးသပ်မိသည်။

 (၁၇. ၁. ၁၅) နေ့တွင်ကား Amstelveen မြို့ နေ ဦးထွန်းအောင် ဒေါ်အေးအေးစိုး 
မိသားစုတို့၏ဓမ္မဒါန ဓမ္မပူဇာအဖြစ်ဖြင့် Utretch မြို့ တွင် မစ္ဇျိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် စူဠကမ္မဝိဘင်္ဂသုတ်ကိုအခြေခံ၍ “ ဘာကြောင့်လူတန်းစားကွဲပြားရသလဲ” ဟူသောတရားတော်ကိုဟောကြားခဲ့သည်။ တရားနာပရိသတ်မှာ (၅၀)
 လောက်မျှသာရှိမည်ဖြစ်သော်လည်း တရားတော်၏အနှစ်သာရတန်ဖိုးကို
သိလိုကြသည့်ပြင် တရား၏ငြိမ်းအေးမှုအရသာကိုမြိန်ယှက်စွာ
သုံးဆောင်ခံစားလိုကြသော သဒ္ဓါတရားရွှန်းရွှန်းစိုသည့်ဓမ္မပရိသတ်ဖြစ်သဖြင့် ဟောကြားသူရောနာကြားသူပါ ဓမ္မအရသာကိုနှစ်ခြိုက်စွာခံစားခွင့်ရခဲ့သော
အမြဲအမှတ်ရဖွယ်ရာ ဓမ္မသဘင်အခမ်းအနားတခုဖြစ်ခဲ့သည်။ နေ့လည် (၁း၃၀) မိနစ်တွင်ဓမ္မသဘင်ကိုစတင်၍ ညနေ (၄) နာရီတွင်မှသာပြီးဆုံးခဲ့သဖြင့် တရားဟောချိန်ကြာသည်ဟုဆိုနိုင်သော်လည်း ဟောကြားသူရော နာကြားသူပါမည်သူမျှ ဤမျှအထိအချိန်ကြာမြင့်သွားခဲ့ကြောင်း မထင်လိုက်ကြချေ။

မိမိသည်အကျော်အမော်မဟုတ်သောအညတရဘုန်းကြီးတပါးပင်ဖြစ်လင့်ကစား...
နာမည်ကျော်ကြားမှုထက် တရား၏အနှစ်သာရကိုသာဦးစားပေး၍နာကြားကြသော ဒကာဒကာမတို့၏သဒ္ဓါတရားနှင့်ဓမ္မ၏သိမ်မွေ့နူးညံ့သောအစွမ်းသတ္တိကြောင့် 
အားလုံးသည်ညွတ်နူးဆွတ်ပျံ့ သောရဓမ္မနံ့ဖြင့်ပနံတင့်ခဲ့ကြသည့်
နေ့လည်းဖြစ်ခဲ့သည်။ ဓမ္မဒါနဓမ္မပူဇာအလှုရှင် ဦးထွန်းအောင်နှင့်ဒေါ်အေးအေးစိုးတို့
မိသားစုသည်လည်း ဓမ္မပီတိနှင့်ဓမ္မသဘင်အောင်မြင်ခြင်းပီတိနှစ်မျိုးလုံးကိုတပြိုင်တည်း နှစ်ခြိုက်စွာခံစားကြရသောနေ့ဖြစ်ခဲ့သည်။ အချုပ်ကိုဆိုရသော် တရားဟောသူ တရားနာသူနှင့်ဓမ္မဒါနအလှုရှင်များအားလုံး နူးညံ့သောဓမ္မနှလုံးသား၏
အချင်းချင်းကူးစက်မှုကြောင့်ဓမ္မအပြုံးကိုမျက်နှာအသီးသီးတွင်ပန်ဆင်လျှက်
ဓမ္မဖြင့်ဘဝအလှဆင်နိုင်ခဲ့သောနေ့တနေ့ဖြစ်ခဲ့သည်။ 
ထို့ပြင် ရွှေပြည်ကြီးမှ ခုနစ်ယောက်မြောက်သမ္မတဖြစ်သည့်
ဒေါက်တာမောင်မောင်သည် ဤ Utretch မြို့ မှ Utretch တက္ကသိုလ်တွင်
 ကျောင်းတက်ခဲ့ပြီး (၁၉ ၅၆) ခုနှစ်တွင် LLD ကိုရရှိခဲ့သည်ဟု လေ့လာသိရှိရသည်။ 

(၁၈. ၁. ၁၅) နေ့တွင်ကား ဒကာကိုထွန်းထွန်းဦး ဒကာမ မဂျူးလီမိသားစုတို့မှ
ပင့်ဖိတ်သဖြင့် Velsel-zuid ကျေးရွာသို့ ဆွမ်းဘုန်းပေးကြွရောက်ခဲ့သည်။
 ကျေးရွာဆိုသော်လည်း ရွှေပြည်ကြီးမှ ခရိုင်မြို့ ကြီးအလား ကျယ်ပြန့်သည်။ သန့်ရှင်းလှပသောရွာကြီးပင်ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးဥရောပနိုင်ငံတို့တွင်ကား
 တောကျေးလက်နှင့်မြို့ ပြဟူသည် လူဦးရေအနည်းအများသာကွာခြား၍ 
အရာရာသည်ဘာမျှမကွဲပြား မခြားနားကြပါ။ လူနေမှုအဆင့်အတန်း အသုံးအဆောင် အစိုးရ၏လူမှုထောက်ပံ့မှုစနစ် ဆက်သွယ်ရေးမှအစအရာရာသည်တပြေးညီသာဖြစ်သည်။ ဆွမ်းအနုမောဒနာတရားဟောကြားပြီးသောအခါ အလွန်ကြီးမားသော (ဗမာအခေါ်) သူခိုးဈေးလည်းသို့လည်းသွားရောက်ခဲ့သည်။ အဆိုပါ သူခိုးဈေးသည်
 ကြီးလည်းကြီးမားသည်။ ပစ္စည်းအမျိုးအမည်များလည်းစုံလင်သည်။ 
ထူးခြားသည်မှာ ဗမာပြည်မှဈေးများနှင့်တူနေခြင်းပင်။ ဈေးသည်ကလည်း
 သူဆိုချင်သလောက်ဆိုသည်၊ ဝယ်သူကလည်း သူရချင်သည့်ဈေးကိုဆစ်သည်။
 ဈေးဆစ်သည့်အတိုင်းလည်းလျှော့ပေးသည်။ ရောင်းသူနှင့်ဝယ်သူသည် အသံတူဖြစ်ဖို့လွယ်ကူသဖြင့်ဈေးညှိရသည်မှာလွယ်ကူသောဈေးကြီးတခုဖြစ်သည်။
 ရောင်းသူများကလည်း အတင်းဆွဲဆောင်ကာရောင်းခြင်းမျိုးလုပ်သည်ကိုမတွေ့ရပေ။ 
အချို့ ပစ္စည်းများမှာ ဈေးပေါပေါနှင့်အလွန်ကောင်းမှန်းသိသော်လည်း
 မသယ်ယူနိုင်ခြင်းကြောင့်မဝယ်ဖြစ်ခဲ့ပါ။

သူခိုးဈေးကိုစုံအောင်လှည့်ပတ်ကြည့်ပြီးနောက်ပြန်လာခဲ့ကြသည့်အခါ 
လမ်းတလျှောက်တွင် သင်္ဘောဆိပ်ကမ်းပေါ်မှ ရေနံချက်စက်ရုံနှင့်ဆိပ်ကမ်းကပ်ထားသော
ရေနံတင်သင်္ဘောများကိုတွေ့ရသည်။ ကားလမ်းဘေး၏ဝဲယာတို့တွင်ကား ဖြောင့်တန်းညီညာသောရေမြှောင်းများဖြင့်ခြံစည်းရိုးကာရံထားသကဲ့သို့ စီရရီလှပနေသောမြက်ခင်းပြင်များကိုတွေ့ရသည်။ လမ်းဘေးရှိသစ်ပင်များမှာ
 ဆောင်းရာသီ၏ကျီစယ်မှုကိုခံရသဖြင့်သစ်ရွက်များဝေဖြာမနေသော်လည်း
 စနစ်တကျစိုက်ပျိုးထားခြင်းကြောင့် စီတန်းလျှက်သပ်သပ်ရပ်ရပ်
လှပနေသည်ကိုမြင်ရသည်။ ဤမြင်ကွင်းကိုကြည့်၍စင်္ကာပူနှင့်နှိုင်းယှဉ်ကြည့်မိသည်။
 စင်္ကာပူနှင့်နယ်သာလန်သည် နယ်မြေကျဉ်း၍လူနေထူထပ်သော်လည်း
မြေယာကိုအလေအလွင့်မဖြစ်စေဘဲ လူထုအတွက်လှလှပပအချိုးအစားကျစွာ
အသုံးတည့်အောင်စီမံခန့်ခွဲနိုင်ကြသည်ကိုသတိပြုမိသည်။ “ ဤနိုင်ငံတို့ကား
 နယ်မြေကျဉ်းသော်လည်းစီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုတို့၏သန့်ရှင်းကောင်းမွန်မှုကြောင့် နယ်မြေလုသွေးချောင်းစီးမှုများလည်းမရှိဘဲသောက
 ကင်းဝေးနေသောနိုင်ငံတို့ပေတကား…” ဟု မုဒိတာစိတ်ဖြစ်ပွါးရသည်။
 သို့သော် စင်္ကာပူသည်နယ်သာလန်ထက်နိုင်ငံပိုကျဉ်းသည့်ပြင်
လူဦးရေလည်းပိုများလေသည်။

နောက်တခုထူးခြားသည့်အရာမှာရေသုံးစွဲမှုဖြစ်သည်။ စင်္ကာပူသည်ရေကို
မလေးရှားမှဝယ်ယူသုံးစွဲရပြီး လက်ရှိချုပ်ဆိုထားသောစာချုပ်မှာ (၂၀၂၀) ခုနှစ်တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် နောက်ထပ်စာချုပ်အသစ်
ချုပ်ဆိုနိုင်ရန်အတွက်မလေးရှားနှင့် ဆွေးနွေးနေသည်ဟုသိရသည်။ နယ်သာလန်နိုင်ငံကား ပင်လယ်ရေမျက်နှာပြင်အောက် 6-76 meter နိမ့်သည်။ သောက်သုံးရေအတွက်
ရေချိုမြစ်နှင့်မိုးရေကိုစုသောသီးသန့် ရေချိုကန်ကြီးများသည် အဓိကအားဖြင့်မြို့ ကြီး
များတွင်ရှိကြောင်းသိရသည်။ရေချိုမြစ်များမှလာသမျှမြစ်ရေများသည်
 ရေကန်ကြီးများတွင်အဆုံးသတ်သည်။ ၎င်းနောက် ထိုရေကန်ကြီးများမှ
ရေကိုသောက်သုံးရေအဖြစ် ပြန်လည်သန့်စင်၍အသုံးပြုသည်။ ထို့ပြင် ပင်လယ်ရေကိုလည်းရေချိုအဖြစ်ကျိုချက်သန့်စင်၍အသုံးပြုသည်ဟုလည်းသိရသည်။

 ရွှေပြည်တွင်ကား ရေကိုဝယ်စရာလည်းမလို ကျိုချက်သန့်စင်စရာလည်းမလိုဘဲ
သဘာဝသန့်စင်နေသဖြင့်ကံကောင်းလှသည်။ ရေအတွက်ငွေလဲမကုန် 
သီးခြားဘတ်ဂျက်လည်းသုံးစွဲစရာမလိုဘဲ ဆင်းရဲတွင်းနက်နေရသည်မှာ
အလွန်အံ့အားသင့်စရာအချက်များစွာအနက်မှတခုဖြစ်သည်။
 နယ်သာလန်နှင့်စင်္ကာပူတို့သည် နယ်မြေကလည်းကျဉ်းကျဉ်း၊
 သယံဇာတကလည်းဆင်းရဲသဖြင့် သဘာဝအမွေကောင်းကိုမခံယူရသော်လည်း 
လူသားတို့၏ ကံဥာဏ်ဝီရိယအမွေကောင်းကို အစိုးရအဆက်ဆက်
မပျက်မကွက်လက်ဆင့်ကမ်းခြင်းနှင့်ခံယူခြင်းများရှိခဲ့သဖြင့် ကမ္ဘာဝယ် 
လုံခြုံသော ဖွံ့ ဖြိုးသော သိက္ခာရှိသောနိုင်ငံများအဖြစ် ရပ်တည်နိုင်ကြလေပြီ။
 ဤနိုင်ငံတို့သည် ယေဘုယျအားဖြင့်ဗုဒ္ဓဓမ္မနှင့်ညီညွတ်သောကြောင့် ဤကဲ့သို့သောအဆင့်အတန်းကိုရောက်နေသည်ဟုသုံးသပ်မိသည်။ 
ဗုဒ္ဓဘာသာနိုင်ငံများသည်လည်းဗုဒ္ဓဓမ္မနှင့်အညီအမှန်တကယ်ကျင့်သုံးနိုင်ကြလျှင် 
အဘယ်မှာလျှင်မဖွံ့ ဖြိုးဘဲ ရှိအံ့နည်း..။ မှန်၏။ နိုင်ငံတခုဆင်းရဲတွင်းနက်နေလျှင် 
သို့မဟုတ် မတရားမှုများလွှမ်းမိုးနေလျှင် သို့မဟုတ် တရားဥပဒေစိုးမိုးမှုမရှိဘဲ
ပရမ်းပတာဖြစ်နေလျှင် ဗုဒ္ဓဓမ္မနှင့်မညီသောကြောင့်သာဖြစ်သည်ဟု ဧကန်မှတ်ယူထိုက်သည်။ (ဆက်လက်ဖေါ်ပြပါမည်)

Tuesday, January 27, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၄) တရားဥပဒေသေခြင်းမှာ ဘဝသည်အခါခါ နာရသေရ၏

(၉ .၁.၁၅) နေ့တွင်ဘယ်လ်ဂျီယံနှင့်ဂျာမဏီနိုင်ငံတို့အနီးတွင်ရှိသော Maastricht မြို့ နေ
 ဦးတင်သောင်း ဒေါ်တင်တင်ဝင်းမိသားစုနေအိမ်သို့ကြွရောက်၍ နယ်သာလန်နိုင်ငံတွင်ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေးအတွက် မိမိ၏
အတွေ့အကြုံနှင့်အတွေးအမြင်များကိုအခြေခံ၍မချွင်းမချန်အကြံပြုဆွေးနွေးပေးခဲ့သည်။
 မိမိ၏ဆွေးနွေးအကြံပြုချက်များကို နွေးထွေးကျေနပ်စွာလက်ခံကြိုဆိုကြသဖြင့်
စိတ်ထဲမှသာဓုခေါ်ရင်းဝမ်းသာရသည်။ ဒကာဒကာမတို့၏
သာသနာပြုလိုသောသဒ္ဓါတရားကိုလည်းချီးကျုးလေးစားမိသည်။ 
မိမိအနေဖြင့်လည်းဘုန်းတော်ကြီးကျောင်းအမြန်ဖြစ်မြောက်စေရန် အမှန်ဆန္ဒရှိပါသည်။ အမြန်ဖြစ်မြောက်ပါစေဟုလည်း ရင်တွင်းမှဆုတောင်းမေတ္တာ
အခါခါပို့သဖြစ်သည်။ အဆိုပါဆွေးနွေးပွဲငယ်လေးတွင် ဂျာမနီနိုင်ငံဖရန့်ဖွတ်မြို့ တွင် သီးတင်းသုံးသောဦးကုသလသာမိ၊ နယ်သာလန်နိုင်ငံမှ 
ဦးတင်သောင်း ဒေါ်တင်တင်ဝင်း၊ ကိုဒညလင်း၊ ကိုမိုးကျော်နှင့်ဖင်လန်နိုင်ငံမှ
စာရေးသူတို့ပါဝင်ခဲ့ကြသည်။ အရေးအကြီးဆုံးအချက်အနေဖြင့်
သာသနာပြုရာဝယ် မိမိနှလုံးသားတွင် ပထမဆုံးသာသနာတည်ဖို့အရေးကြီးကြောင်းကို သမိုင်းကြောင်းဖြစ်ရပ်များ လက်ရှိပစ္စက္ခအခြေအနေများနှင့်ယှဉ်ထိုး၍ 
စုံစုံစေ့စေ့သုံးသပ်ပြခဲ့သည်။

“ ဘီစီသုံးရာစုတုန်းက အိန္ဒိယတိုက်ကြီးမှာအလွန်တန်ခိုးထွားခဲ့တဲ့သိရီဓမ္မာသောက
ဘုရင်ကို ဒကာ/ဒကာမများတို့သိကြမှာပါ။ အဲဒီဘုရင်ဟာအလွန်ရက်စက်ကြမ်းကြုတ်တဲ့
အာဏာရှင်ဘုရင်ဖြစ်ခဲ့သော်လည်း ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့အခါ နူးညံ့သိမ်မွေ့ 
တဲ့ဘုရင်ဖြစ်လာခဲ့တယ်။ သိမ်မွေ့ညင်သာပြီးထက်မြက်လာခဲ့တယ်။ တနည်းပြောရရင် သာသနာမှာလာရှိတဲ့တရားတွေဟာ သူ့ရဲ့ရင်တွင်းမှာတည်ခဲ့တယ်။ 
ဒါကြောင့် တိုင်းပြည်ကို ဗြာဟ္မစိုရ်တရားနဲ့အုပ်ချုပ်နိုင်ခဲ့တယ်။ အဲဒီခေတ်ကာလရဲ့
 ငြိမ်းချမ်းတဲ့ဖွံ့ ဖြိုးပြီးနိုင်ငံတော်ကြီးဖြစ်အောင်တည်ထောင်နိုင်ခဲ့တယ်။ 
သူ့ရဲ့ပြည်တွင်းပြည်ပပေါ်လစီတွေဟာ သာသနာတော်ကိုမဏ္ဍိုင်ပြုထားတာမို့ ခိုင်ခံ့ပြီးနိုင်ငံတကာမှာဂုဏ်သိက္ခာတင့်ခဲ့တယ်။ ယနေ့အထိအတုယူ
ဂုဏ်ပြုထိုက်တဲ့သမိုင်းအမွေအနှစ်တွေ လှပတဲ့သမိုင်းစာမျက်နှာတွေဟာ
ရှိနေဆဲဖွင့်ထားဆဲဖြစ်တယ်။ နောက်ပီးတော့ စာပေတွေအနုပညာလက်ရာတွေ 
လူမှုဖွံ့ဖြိုးရေးတွေ တိရစ္ဆာန်စောင့်ရှောက်ရေးမှအစ အရာရာဟာ
စည်ပင်တိုးတက်ခဲ့တယ်။ အဲဒါက ဘီစီသုံးရာစုမှာ ဖြစ်ထွန်းခဲ့တဲ့ဖြစ်ရပ်မှန်တခုကို
မီးမောင်းထိုးပြရုံသက်သက်ပါ။ တိတိကျကျပြောရရင် အသောကဘုရင်ဟာ စိတ်နှလုံးနူးညံ့လာတဲ့အတွက်ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတော့ စိတ်နှလုံးနူးညံ့မှုဟာမြင့်မြတ်မှုအဆင့်သို့ရောက်လာပြီးတော့ပိုလို့ခိုင်မာခဲ့တယ်။
 ဒီနေရာမှာစိတ်နှလုံးမြင့်မြတ်မှုဆိုတာ သိမ်မွေ့ညင်သာပြီးထက်မြက်တဲ့စိတ်ထားနဲ့သတ္တိကို
ဆိုလိုတာပါ။ အဲဒီစိတ်ထားနဲ့သတ္တိကို သတိနဲ့ပညာကဖြစ်စေတာပါ။ 
သတိနဲ့ပညာမရှိရင်မဖြစ်နိုင်ပါဘူး။ အဲဒီမြင့်မြတ်စိတ်ထားခိုင်မာမှုဟာ 
ဦးဇင်းတို့မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန် တိဘက် ဟိမဝန္တာ 
တရုပ်စတဲ့နိုင်ငံတွေမှာ အလွန်သန့်ရှင်းသောသာသနာပြုနည်းနဲ့
သာသနာတော်ပြန့်ပွါးစေခဲ့တယ်” ။

“ယခုအခြေအနေကတော့ ခေတ်အနေနဲ့ကလဲ (၂၁) ရာစုကိုရောက်နေပြီ။ ဒေသအနေနဲ့
ကလည်း ဥရောပဖြစ်နေတယ်။ အထူးသဖြင့် ယဉ်ကျေးမှုတွေလဲမတူကြဘူး၊
 နိုင်ငံတော်ရဲ့လက်ရှိကျင့်သုံးနေဆဲဥပဒေတွေကလည်းကွာခြားပြန်တယ်။ ဓလေ့ထုံးစံတွေဟာလဲ 
အရှေ့ နဲ့အနောက်ဖြစ်နေတယ်။ နောက်ပြီးတော့ အစားအသောက်မှအစရာသီဥတုအဆုံး
အလုံးစုံဟာ မတူညီကြဘူး။ ဒါကြောင့် ဥရောပမှာသာသနာပြုတော့မယ်ဆိုရင် အရာရာမှာသတိနဲ့ပညာဦးစီးပြီးတော့လုပ်ကိုင်နိုင်မှသာယဉ်ကျေးသိမ်မွေ့ပြီး
ထက်မြက်တဲ့စိတ်ထားနဲ့သတ္တိကိုရရှိနိုင်မယ်။ အဲဒီစိတ်ထားနဲ့သတ္တိရှိမှလဲ
 အောင်မြင်နိုင်မယ်။ သတိနဲ့ပညာမဦးစီးဘဲပုထုဇဉ်ပီပီ ပြောဆိုမိလုပ်မိရင် ခုတ်ရာတခြား ရှရာတလွဲဖြစ်သွားတတ်ပါတယ်” ဟု ပဏာမရှင်းပြလိုက်သည်။ ထို့နောက်မှ ဖင်လန်နိုင်ငံတွင်မိမိတွေ့ကြုံခဲ့ဖူးသောအခြေအနေများနှင့်အသိအမြင်များကို 
သဘောတရားရေးထက် လက်တွေ့ဆန်သောလုပ်နည်းကိုင်နည်းများကို 
အကျယ်တဝင့်ပြောပြလိုက်သည်။ မိမိပြောပြီးသည့်အခါ အားလုံးကဝမ်းသာအားရရှိကြသဖြင့် အဆင်ပြေ၍အေးချမ်းသောကောင်းကျိုးရှိသောကျေနပ်ဖွယ်ရာ တွေ့ဆုံမှုတခုဖြစ်ခဲ့သည်။

ဆွေးနွေးပွဲပြီးဆုံး၍အိပ်စက်နားနေရန်အတွက် အခန်းအသီးသီးသို့ရောက်ကြသော
အခါ ဦးကုသလသာမိနှင့်ဥရောပ၏သာသနာရေးအတွေ့အကြုံအသီးသီးကို
အမြင်ကိုယ်စီဖြင့်ပွင့်လင်းစွာဖလှယ်ကြသည်။ (၁၀.၀၁.၁၅) တွင်
နေ့ဆွမ်းစားပြီးသောအခါ ဆွမ်းအလှုရေစက်ချသည်။ ညနေ (၃း၂၀) မိနစ်တွင်
 Maastricht မြို့ မှ Utretch မြို့ သို့ရထားစီး၍ပြန်လာခဲ့ကြရာ Eindhoven
မြို့ သို့အရောက်တွင် လှပသေသပ်ပြီးခေတ်သစ်ဗိသုကာလက်ရာတို့ဖြင့်
ဝင့်ထည်နေသော PSV ဘောလုံးကလပ်၏အသင်းပိုင်ကွင်းကြီးကို
ရထားပေါ်မှမြင်ရလေသည်။ Amsterdam မြို့ တွင်ရှိသော Ajax အေဂျက်စ်
 (ဒတ်ခ်ျတို့အသံထွက်မှာ “အာယားစ်” ) ကလာပ်၏အသင်းပိုင်ကွင်းကြီးကား
ပို၍ခန့်ညားသည်။ အောင်မြင်မှုအဆင့်ဆင့်၏အရောင်အရှိန်တို့ဖြင့် ဝင့်ကြွားနေသည့်ဟန်ဆောက်လုပ်ထားသည်။ နယ်သာလန်မှရထားများသည်
ကောင်းမွန်သည်မှန်သော်လည်း ဖင်လန်မှရထားများလောက် တောက်ပ
သန့်ရှင်းမှုမရှိချေ။ ဖင်လန်မှရထားများသည်အင်္ဂလန်မှရထားများထက်လည်း
သာလွန်ကောင်းမွန်ကြောင်း အင်္ဂလန်မှဆရာတော်တပါးကခရီးအတူ
သွားရင်းပြောပြဖူးသည်။ ဖွံ့ဖြိုးပြီးနိုင်ငံချင်းတူသော်လည်း မထင်ရှားသော
ခြားနားမှုများရှိနေကြောင်းကိုလည်းသတိပြုမိသည်။

ဤအပြန်ခရီးဝယ် မှန်အလုံကာထားသောရထားတွဲအတွင်းမှ ဝဲယာပတ်ဝန်းကျင်ကို
သတိထားကာလိုက်ပါခဲ့သဖြင့် ကျယ်ပြန့်သောမြက်ခင်းပြင်ကြီးများ ယာခင်းစိုက်ကွင်းကြီးများကိုတမျှော်တခေါ်တွေ့ရသည်။ ရံဖန်ရံခါ
သစ်တောများကိုလည်းတွေ့ရတတ်သေးသည်။ လူဦးရေ (၁၆) သန်းရှိသော
ဤနိုင်ငံသေးသေးလေးတွင် ဤကဲ့သို့ကျယ်ပြန့်သောယာခင်းများ မြက်ခင်းများ
တွေ့ရသဖြင့်အံ့သြမိသည်။ ဤနယ်သာလန်တွင် မြေယာကိုမတရားလုယက်ခံရသော
သတင်းလည်းမဖတ်ဘူးခဲ့သလို ဥပဒေမဲ့စွာမြေယာဆုံးရှုံးမှုကြောင့်
ပူဗျာပွေနေသောပြည်သူတို့၏ငိုရှိုက်သံတို့ကိုလည်း မကြားဘူးခဲ့ပါ။ တရားမျှတတည်ငြိမ်သောဥပဒေဖြင့်နိုင်ငံသားတို့၏မြေယာပိုင်ဆိုင်မှုကို
ကာကွယ်ပေးထားသည်မှာထင်ရှားလှသည်။ ထို့ပြင် ယာစိုက်ခင်းထဲတွင်
ရေအမြဲရှိနေသောရေမြှောင်းများကိုတွေ့ရသည်။ ထိုမြှောင်းရေတို့သည် စီးဆင်းမနေဘဲရေသေများဖြစ်သော်လည်းအမှိုက်သရိုက်မရှိဘဲသန့်ရှင်း
နေသည်ကိုသာတွေ့ရသည်။ တောရောမြို့ ပါမကျန်လူအားလုံးသည်ရေမြှောင်းထဲသို့
အမှိုက်မပစ်ကြခြင်းသည် နယ်သာလန်၏ထူးခြားသောလက္ခဏာတရပ်ဖြစ်သည်။

ဤနိုင်ငံမှဤရေမြှောင်းများကိုမြင်ရသည့်အခါ ရွှေပြည်တွင်မန္တလေးမြို့ အနီးမှ
ခရိုင်မြို့ တမြို့ ကိုသတိရမိပြန်သည်။ ထိုမြို့ တွင်ကား ဤရေမြှောင်းထဲမှရေကိုချိုးသည်၊
သုံးသည်၊ မြှောင်းထဲတွင်ပင်ပန်းကန်ဆေးသည်၊ အဝတ်လျှော်ပြန်သည်၊ 
တံတွေးထွေးသည်၊ နှပ်ညှစ်သည်။ စွန့်ပစ်ပစ္စည်းများပစ်ချသည်။ အမှိုက်များကိုလည်း
ပစ်ချလိုက်ပြန်သေးသည်။ ဤမြှောင်းရေကိုအသုံးပြု၍ပင်သွားတိုက်လိုက်သေးသည်။ တခါတရံတွင်ရေစီးရေလာက ခြေမျက်စိလောက်အထိသာရှိသော်လည်း ထိုဖြေးဖြေးလေးစီးဆင်းနေသောရေလေးကိုပင်လျှင်မဆင်ခြင်ဘဲ သုံးစွဲကြလျှက်
အမှိုက်နှင့်အညစ်အကြေးများကိုစွန့်ပစ်နေကြပြန်သည်ကို အမှတ်ရလျှက်
တွေးရင်းအံ့သြနေမိရသည်။ သို့သော် မိမိလည်းထိုရေကိုပင်သုံးစွဲခဲ့ဖူးပါသည်။

နောက်တခု ထူးထူးခြားခြားသိရသည့်အရာမှာ ဟိုင်းဝေးလမ်းဖေါက်လုပ်ရန်
အတွက်လမ်းနယ်နှင့်မလွတ်သော ဟိုတယ်တခုကိုနယ်သာလန်အစိုးရမှ
ရွှေ့ ခိုင်းသည်ဟူ၏။ သို့သော် ပိုင်ရှင်ကမရွှေ့ ။ သို့နှင့် “ ဟော်တယ်ကို
မူလပုံစံလည်းမပျက်တန်ဖိုးလည်းမလျော့ကျစေဘဲ ပြန်လည်ဆောက်လုပ်ပေးမည်” ဟုဆွေးနွေးသည့်အခါလည်း ပိုင်ရှင်ကလက်မခံဘဲငြင်းပယ်ခဲ့သည်။ 
ထို့ကြောင့် အစိုးရမှဟော်တယ်ကိုရှောင်ကွင်း၍လမ်းဖောက်လုပ်
ခဲ့ရလေသောကြောင့်လမ်းကြောင်းကကောက်ကွေ့သွားခဲ့သတဲ့။ အံ့ဘွယ်ရှိစွ…၊ 
ထူးဆန်းလေစွ…..။ ၎င်းဟော်တယ်မှာ Amsterdam မြို့ နှင့် Breukelen
မြို့ အကြားတွင်ယခုရှိနေသော Hotel Breukelen ပင်ဖြစ်၍ ပိုင်ရှင်မှာ
တရုပ်သဌေးဖြစ်ကြောင်းသိရသည်။ တရားဥပဒေ၏အကာအကွယ်ကို
အပြည့်အဝရရှိသောနိုင်ငံပါတကား….၊ တရားဥပဒေသည်မူလအဓိပ္ဗါယ်အတိုင်းပင် အသက်ဝင်ရှင်သန်နေပါလား……၊ တစုံတယောက်၏ သို့မဟုတ် အသင်းအဖွဲ့ တခုခု၏
 သေဆိုသေ ရှင်ဆိုရှင်ဖြစ်နေရသည့် သေလိုက်ရှင်လိုက်တရားဥပဒေမဟုတ်ပါလား…၊ သဌေး၏ပိုင်ဆိုင်မှုသည်ခိုင်ခံ့လှလေစွတကား….ဟုတွေးရင်း “ရရှိပြီးသောစည်းစိမ်ဥစ္စာများအကြိတ်အခဲအမြဲတည်ပါစေ”ဟူသောရှေးဆရာတော်
များ၏ဆုပေးကိုသတိရမိသဖြင့် ဤသဌေးသည်ဤရှေးဆရာတော်ကြီးများထံတွင် ကုသိုလ်ပြုမိခဲ့ဟန်ရှိသည်ဟုလည်းဖြစ်နိုင်ချေရှိသမျှမှတ်ချက်ပြုမိသည်။

မဟာဓမ္မပါလာဇာတ်တော်တွင်လာရှိသော ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ ၊ 
ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ၊ “တရားဥပဒေကိုအသက်သွင်းလျှင် တရားဥပဒေကလည်းလူကိုအေးချမ်းတည်ငြိမ်စွာရှင်သန်စေ၏၊ တရားဥပဒေကို
အမြဲလေးစားလိုက်နာလျှင် ထိုလူမှုအဖွဲ့ အစည်းသည် လုံခြုံ၏၊ ချမ်းသာ၏” ဟူသော ဒေသနာတော်ကိုလည်းဆင်ခြင်ရင်းဖြင့်ဗုဒ္ဓဘာသာနာမည်မခံထားဘဲ 
သူတို့နိုင်ငံ၏မြတ်ဗုဒ္ဓဒေသနာနှင့်ညီညွတ်နေမှုကိုသိရသည့်အခါ
 အံ့သြလေးစားခြင်းဖြစ်ရသည်။ 

အမှန်စင်စစ် “တရားဥပဒေသေခြင်းမှာလူ့ဘဝဟာအခါခါနစ်နာရ၊ သေရပါလား” 
ဟုလည်း သံဝေဂဥာဏ်ပွါးမိသည်။ ထိုမှဆက်၍ ရွှေပြည်သို့စီရရီအတွေးများနှင့်အတူ 
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တို့ပြည် တို့မြေ၊ များလူခပ်သိမ်း
 ငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည် တို့ပြည် တို့မြေ၊ ပြည်ထောင်စုအမွေ
 အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ”ဟူသော
အနှစ်သာရပြည့်ဝခိုင်မာလှသည့်နိုင်ငံတော်သီချင်းကို
ပြန်လည်ကြားယောင်မိရင်း သီချင်းကပဲလွဲနေသလား၊ ငါကြားမိတာပဲ လွဲနေရော့သလား….တစုံတခုကများလွဲနေရော့သလား…လား….လား….
လားပေါင်းများစွာဖြင့် စဉ်းစားခန်းချဲ့ နေမိခဲ့တော့သည်။ 
ထို့ပြင် နယ်သာလန်၏ထူးခြားသောမြင်ကွင်းများ၊ စနစ်ကျသောလူမှုအဖွဲ့ အစည်း၏
လှုပ်ရှားလည်ပတ်နေပုံများ၊ အတုယူစရာများ တို့ကိုရထားပေါ်ဝယ်စိတ်ထဲတွင်
ထင်သမျှစဉ်းစားရင်း ညနေ (၅း၃၀) နာရီခွဲတွင် Utretch မြို့ သို့ပြန်လည်
ရောက်ရှိခဲ့သည်။ ထိုမှတဖန် မိမိတည်းခိုရာ Amstelveen မြို့  ဦးထွန်းအောင်
 ဒေါ်အေးအေးစိုးနေအိမ်သို့ ည (၇) နာရီတွင်ပြန်လည်ရောက်ရှိခဲ့သည်။ 
(ဆက်လက်ဖေါ်ပြပါမည်)

***ဓမ္မမိတ်ဆွေများ၏အမှာစကား***