Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, December 3, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၁၂ ) ဗုဒ္ဓ၏ တန်းတူအခွင့်အအရေးစံ သတ်မှတ်ချက် ( ခ )

ဗုဒ္ဓဓမ္မအရ အရည်အချင်းဟူသည် သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတ္တပ္ပ ဟူသော သူတော်ကောင်း တရားခုနစ်ပါးတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးကို မြန်မာမှုပြုပါက ၁။ ယုံကြည်မှုခိုင်မာခြင်း၊ ၂။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ၃။ အကြားအမြင်ဗဟုသုတ များပြားခြင်း၊ ၄။ စွန့်လွှတ်အနစ်နာခံစိတ်ရှိခြင်း၊ ၅။ ကျိုးကြောင်းဆင်ခြင်နိုင်သည့် ဥာဏ်ပညာရှိခြင်း၊ ၆။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကိုရှက်ခြင်းနှင့် ၇။ မကောင်းမှု ပြုလုပ်ပြောဆိုကြံစည်ရမည်ကို ကြောက်လန့်ခြင်းတို့ပင်ဖြစ်၏။ ထိုတရား ခုနစ်ပါးသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍ ရကောင်းသော တရားမဟုတ်ချေ။ အမြဲယှဉ်တွဲဆက်စပ်လျှက်ရှိသော တရားတို့ဖြစ်၏။ စိတ်ဓါတ်ရေးရာအရ အထက်တန်းကျ မြင့်မြတ်လှသည့် သူတော်သူမြတ်တို့သာ ထာဝစဉ်ကျင့်သုံးနိုင်သော သဘောတရားတို့ဖြစ်ပါ၏။ လူသားမှန်သမျှတို့၏ ရင်တွင်းနှလုံးသားထဲဝယ် သံမှိုစွဲသကဲ့သို့စွဲရမည်လည်းဖြစ်သလို ဦးခေါင်းတွင်လဲ ထာဝစဉ်ဆင်ခြင်နိုင်သည့် ဥာဏ်ပညာဖြင့် ပန်ဆင်ထားရမည့် တရားများလည်းဖြစ်၏။ လူသားတိုင်း၏ နှလုံးသားနှင့်ဦးနှောက်တို့ဝယ် ထိုတရားများ ကိန်းဝပ်နေပါက အဘယ်မည်သော မကောင်းမှု ဒုစရိုက်ကို တွေ့မြင်နိုင်ပါတော့မည်နည်း။ သာယာငြိမ့်ငြောင်း ပျော်မွေ့ဖွယ် အတိကောင်းသည့်လောကကြီးဖြစ်နေမည်မှာ သေချာလှတော့၏။ ထို့ပြင် အဆိုပါ တရားခုနစ်ပါးသည် လူသားအရင်းအမြစ် စစ်စစ်လဲဖြစ်၏။ ယနေ့ကမ္ဘာဝယ် လူသားအရင်းအမြစ် ဖြစ်ထွန်းပြန့်ပွါးရေးအတွက် မျိုးဆက်သစ်များကိုမွေးထုတ်နေကြရာဝယ် ဤတရားခုနစ်ပါးကိုသာ မျိုးဆက်သစ်တို့၏ နှလုံးသားနှင့် ဦးနှောက်ဝယ် ထည့်သွင်းပေးနိုင်ပါက အမှန်တကယ်အားကိုးလောက်သည့် လူသားအရင်းအမြစ်ပြည့်ဝသော အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမှာမလွဲပင်တည်း။ လူ့အခွင့်အရေးချိုးဖောက်မှုဟူသော စကားလုံးသည်လည်း ဤကမ္ဘာမြေမှ အပြီးအပိုင် ပျောက်ကွယ်သွားမည်သာတည်း။ ထို့ပြင် ဤတရားခုနစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်း နတ်ပြည်ရောက်ကြောင်းနှင့်သာသက်ဆိုင်၏။ လူမှုနိုင်ငံရေး စစ်ရေးစသည်တို့နှင့် မဆိုင်ဟု အမြင်ကျဉ်းမြောင်းစွာ ယူဆတတ်ကြသည်လည်း ရှိပါ၏။ အမှန်စင်စစ် ဤတရားခုနစ်ပါးကို သေချာစွာ ဆန်းစစ်ကြည့်ပါက လောကလူမှုနယ်ပယ်အသီးသီး၌ အပြည့်အစုံအသုံးချနိုင်သော စွမ်းရည်ပြည့်သဘောတရားများဖြစ်ပါ၏။ ထို့ကြောင့် မိမိတို့နိုင်ငံဝယ် ဒီမိုကရေစီခေတ်သို့သွားကြသော ယနေ့လို အချိန်အခါမျိုးတွင် ဤသူတော်ကောင်းတရားခုနစ်ပါးသည် မရှိမဖြစ်လိုအပ်ပါ၏။ မကျင့်မဖြစ် ကျင့်သင့်ကြပါ၏။ မသိမဖြစ် သိသင့်လှကြပါ၏။ လူသားအချင်းချင်းခေါင်းပုံဖြတ် သွေးစုပ်ချယ်လှယ်ကာ အမြတ်ကြီးစားနေကြသော မိမိတို့ဗမာပြည်ဝယ် ဤတရားများ ဒီထက်မက ပြန့်ပွါးသင့်လှပါ၏။ ဗုဒ္ဓဘာသာတိုင်းပြည်ဟု ဂုဏ်ယူဝင့်ကြွားပြီး မြတ်ဗုဒ္ဓ၏ လောကကြီးပွါးရေး စီးပွါးရေး သဘောတရားလမ်းစဉ်တို့ကို သွေဖည်ကာ လူသားမဆန်သော Jungle Law အကျင့်များတိုးပွါးလာနေသည်မှာ အလွန်ဝမ်းနည်းဘွယ်ကောင်းသော အချက်ကြီးပင်ဖြစ်တော့၏။ ထို့ပြင် ဤတရားခုနစ်ပါးသည် ကြီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ စီးပွါးရေးလမ်းညွန်လည်းဖြစ်၏။ ငြိမ်းချမ်းရေးလမ်းညွန်လည်းဖြစ်၏။ မြင့်မြတ်ရေးလမ်းညွန်လည်းဖြစ်ပါ၏။ သူတော်ကောင်းကျင့်စဉ်လဲဖြစ်၏။ အောင်မြင်ရေးလမ်းညွန်လဲဖြစ်၏။ လူသားအရင်းအမြစ်လဲဖြစ်၏။ အဆင့်မြင့်လူသားအဖြစ်သို့ရောက်အောင်လဲ တင်ပေးနိုင်စွမ်း၏။ သို့ဖြစ်၍ ဗုဒ္ဓဓမ္မအရ အရည်အချင်းပြည့်လူသားဟူသည် ဤတရားခုနစ်ပါး ပြည့်စုံသူပင်ဖြစ်တော့၏။ ဤတရားခုနစ်ပါးကိုသာ နိုင်ငံသားအများစုက ပိုင်ဆိုင်နိုင်အောင် ကြိုးစားကြည့်စမ်းပါ။ ထိုနိုင်ငံသည် အမှန်ပင်တိုးတက် အောင်မြင် အေးချမ်းမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်း အာမခံပါ၏။ ယနေ့ကြီးပွါးအောင်မြင်နေကြသော ကမ္ဘာ့နိုင်ငံကြီးများကို ကြည့်လျှင် သူတို့၏ လုပ်ထုံးလုပ်နည်းများ ဥပဒေများ စည်းကမ်းများသည် ဤတရားခုနစ်ပါးကို ( အပြည့်အစုံမဟုတ်သော်လည်း ယေဘုယျအားဖြင့် )
 အခြေခံထားကြသည်ကို တွေ့မြင်နိုင်ပါ၏။ ထို့ကြောင့်မြတ်ဗုဒ္ဓသည် ဓမ္မပဒ ဗြဟ္မဏဝဂ်၌ ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။ သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြဟ္မဏံ။ ဟူ၍ ဟောတော်မူပါ၏။ အဓိပ္ပါယ်မှာ ကိုယ်နှုတ်စိတ် သုံးပါးလုံး၌ အပြစ်မဖြစ်အောင် ကျင့်သုံးနေထိုင်သူသည် ဗြဟ္မဏဖြစ်၏ ဟူ၍ဖြစ်ပါ၏။ မှန်၏။ ဤကဲ့သို့သော သူတော်ဥစ္စာခုနစ်ပါးဟု ပြောဆိုနေကြသည့် ကြီးပွါးရေး လမ်းညွန်ခုနစ်ပါးကို အခြေခံကာ နေထိုင်ကျင့်သုံးပါက ဗြဟ္မဏစစ်စစ်များဖြစ်လာကြမည်သာတည်း။ သို့ဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာသည်လည်း ဤကမ္ဘာ ဤလောကမှ ပျောက်ကွယ်သွားတော့မည်သာတည်း။ သို့ဖြစ်၍ ဗုဒ္ဓ၏တန်းတူအခွင့်အရေးစံဟူသည် ဤသူတော်ကောင်းတရား ခုနစ်ပါးကို အခြေခံတည်ဆောက်ထားခြင်းဖြစ်၏။ ဤတရား ခုနစ်ပါးကိုသာ နိုင်ငံသားတိုင်းကျင့်သုံးကြလျှင် သို့မဟုတ် အုပ်ချူပ်သူအစိုးရကိုယ်တိုင်မှ အစပြု၍ လူအများစုကြီးက ကျင့်သုံးကြလျှင် လူသားတိုင်းတန်းတူ ရည်တူရှိမှု ဟူသောအခွင့်အရေးသည် အလိုလိုဖြည့်ကျင့်ပြီးသား ဖြစ်နေပေလိမ့်မည်။ တန်းတူရည်တူရှိမှု ဟုဆိုသောကြောင့် နွားထီးငါးကျပ် နွားမငါးကျပ်၊ ကြက်သားလဲ တစ်မတ်၊ ဝက်သားလဲတစ်မတ်၊ ငှက်သားလဲ တစ်မတ်၊ ကန်စွန်းရွက်လဲတစ်မတ်၊ ဗူးသီးလဲ တစ်မတ် ဟူသော တူညီမှုမျိုးကိုဆိုလိုသည်တော့မဟုတ်။ ဆိုလိုသည်မှာ ဤတရားခုနစ်ပါး သာလွန်သူသည် တည်ငြိမ်အေးချမ်းစွာ အထက်တန်းကိုရောက်ပေလိမ့်မည်။ သို့သော် ဤအထက်တန်းရောက်မှုသည် တဖက်သားကို ဖိနှိပ်ချုပ်ချယ်ကာ အမြတ်ကြီးစားသော လူစားမျိုးတော့ မဟုတ်ချေ။ ဤတရားခုနစ်ပါး အားနည်းသူသည် နိမ့်ကျနေပေလိမ့်မည်။ သို့သော် ဤနိမ့်ကျမှုသည် ဖိနှိပ်ခံသောအနေမျိုးဖြင့် နိမ့်ကျမည်တော့မဟုတ်ဘဲ လူ့ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ နေထိုင်ကျင့်သုံးနိုင်မည်သာဖြစ်၏။ ဤသို့သော သူတော်ကောင်းတရား ခုနစ်ပါး တန်းတူရည်တူကျင့်နိုင်မှာသာ ယနေ့ကမ္ဘာ့လူသားများ မျှော်မှန်းချီတက်နေကြသော တန်းတူရည်တူ အခွင့်အရေးပန်းခိုင်ကြီးကို လူသားတိုင်းလှလှပပပန်ဆင်နိုင်ကြပေမည်။

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***