အရင်တစ်ပတ်တင်ခဲ့တဲ့ ပို့စ်မှာ သုမိတ္တာဆိုတဲ့
ယသောဓရာအလောင်းလျာမလေးရဲ့ အသိဥာဏ်နဲ့ သတ္တိစွမ်းပကား
ကြီးမားပြတ်သားမှုကြောင့် ဗုဒ္ဓဝါဒပေါ်ထွန်းခဲ့တဲ့အထိ
ကူညီပံ့ပိုးဖြည့်ဆည်းနိုင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်တော့ သူမရဲ့
အသိဥာဏ်နဲ့ သတ္တိစွမ်းပကားကြီးမားပုံကို ဝေဿန္တရာဇာတ်တော်ကို အခြေခံပြီး
တွေးတောနိုင်သလောက် သုံးသပ်တင်ပြမှာပါ။ ဇာတ်တော်အကြောင်းကို အကျဉ်းချုပ်
ပြန်လည်တင်ပြရင်း သုံးသပ်သွားမှာပါ။ ဒီဇာတ်တော်မှာ တိုင်းပြည်က
နှင်ထုတ်လို့ ဝေဿန္တရာဟာ တိုင်းပြည်ကနေ ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကို
ထွက်ခွါရတယ်။ ထွက်ခွါခါနီးမှာ ဝေဿန္တရာက ပါရမီဖြည့်ဖက်ဖြစ်တဲ့
မဒ္ဒီမိဖုရားကို မှာတယ်။ ချစ်နှမ ငါကိုယ်တော်မြတ်ကတော့
တိုင်းပြည်ကနေထွက်ရတော့မယ်။ ဒီလိုထွက်ခွါရတဲ့အခါမှာ ချစ်နှမအနေနဲ့
မိဘတွေရှိရာ ကိုယ့်တိုင်းပြည်ကို ( ဒေဝဒဟ ) ပြန်ချင်လဲပြန်ပါ။
တိုင်းပြည်ပြန်ရောက်လို့ နောက်အိမ်ထောင်ပြုမယ်ဆိုလဲ ပြုပါ။ ဒီအရာတွေအတွက်
အားလုံးကို နားလည်ခွင့်လွှတ်ပါတယ်။ သားလေး ဇာလီနဲ့ သမီးလေး
ကဏှာဇိန်တို့ကိုလဲ လောကအလယ် မျက်နှာမငယ်ရအောင်
ပြုစုထိန်းသိမ်းစောင့်ရှောက်နေရစ်ပါတော့လို့ မှာရှာတယ်။ ဝေဿန္တရာမင်းဟာ
မဒ္ဒီမိဖုရားကို ပစ်ထားရက်တဲ့စိတ်နဲ့ ဒီစကားတွေကို ပြောနေတာမဟုတ်ပါဘူး။
မဒ္ဒီမိဖုရားဟာ အလွန်ချစ်ခင်လေးစားထိုက်တဲ့ မိန်းမသားတစ်ယောက်ဖြစ်တဲ့အတွက်
ချစ်စိတ် လေးစားစိတ်တွေနဲ့ နေရစ်ခဲ့ဘို့ မှာတမ်းချွေနေတာပါ။ ဝေဿန္တရာရဲ့
စိတ်ထဲမှာ ဘယ်နေ့ ဘယ်အချိန် ဘယ်သောခါမှ တိုင်းပြည်ကို
ပြန်ရောက်မယ်ဆိုတာလဲမသိ၊ ပြန်ရောက်ချင်လဲ ရောက်နိုင်သလို ပြန်မရောက်တော့ဘဲ
တစ်သက်လုံး ဝင်္ကဘာတောင်တန်းမှာပဲ နေရကောင်း နေရနိုင်တာကိုး။
ဒီလိုမှာတမ်းချွေတော့ မဒ္ဒီမိဖုရားက ပြန်ပြောတယ်။ မောင်တော် ဝေဿန္တရာ၊
မောင်တော်မရှိတဲ့ လောကရဲ့ ဘယ်နေရာမှာမှ တစ်ယောက်ထည်းခွဲမနေပါဘူးတဲ့။
နှမတော်ရဲ့ တိုင်းပြည်ကိုလဲ မပြန်ဘူး။ မောင်တော်ရဲ့ နန်းတော်ထဲမှာလဲ
တစ်ယောက်ထဲ ကျန်မနေခဲ့ချင်ပါဘူး။ မောင်တော် ရှိရာအရပ်မှာပဲ မခွဲမခွာ
လက်တွဲသွားမှာပါ။ ဝင်္ကဘာဆိုတဲ့ တောနက်ကြီးထဲမှာ သားရဲ တိရစ္ဆာန်တွေ
ဘယ်လောက်ဆိုးသွမ်းကြမ်းတမ်းပါစေ မောင်တော်နောက်ကို နှမတော်လိုက်မယ်။
လျှိုမြောင် ချောက်ကမ်းပါးတွေ ဘယ်လောက်ပဲ ထူထပ်လို့ နက်ရှိုင်းနေပါစေ
မောင်တော်နဲ့ မခွဲဘူး လို့ ပြောပြတော့ ဝေဿန္တရာကလက်ခံတယ်။ ဒါနဲ့ သားလေးရယ်
သမီးလေးရယ် နှစ်ယောက်လုံးကိုခေါ်ပီးတော့ စုစုပေါင်း မိသားစုလေးယောက်
ဟိမဝန္တာရှိ ဝင်္ကဘာတောင်တန်းကိုရောက်ကြတယ်။ ရောက်တော့ ဝင်္ကဘာတောင်တန်းမှာ
အေးအေးချမ်းချမ်းနေထိုင်ကြတယ်။ ဝေဿန္တရာက တရားကျင့်တယ်။ မဒ္ဒီမိဖုရားက
မိသားစု လေးယောက်ရဲ့ အစားအစာအတွက် သစ်ဥ သစ်ဖု အရှာထွက်ရတယ်။ နေကုန်နေခန်း
တောကြီးမျက်မဲထဲမှာ ပင်ပင်ပန်းပန်း နေ့စဉ်နဲ့အမျှ အစာရှာထွက်ရသော်လည်း
မဒ္ဒီမိဖုရား ပျော်ပါတယ်။ ကျေနပ်တယ်။ ဒီနေရာမှာ သတိပြုမိတာက သူမဟာ
ဝေဿန္တရာကို တဏှာပေမသက်သက်နဲ့ အရူးအမူး ချစ်နေရုံသက်သက်မျှကြောင့်မဟုတ်ဘဲ၊
ဝေဿန္တရာရဲ့ ဘုရားဖြစ်ရေး လောကကို ကယ်တင်ရေးဆိုတဲ့ လမ်းစဉ်ကို
မြတ်နိုးလွန်းလို့ လေးစားလွန်းလို့ ကြည်ညိုလွန်းလို့ သူမရဲ့
ချမ်းသာမှုတွေကို စွန့်လွှတ်ပီး တောကြီးမျက်ထဲအရောက်လိုက်လံဖြည့်ဆည်းပေးတာပါ။
တကယ်လို့သာ သူမဟာ ဝေဿန္တရာအပေါ်မှာ လေးစားကြည်ညို တန်ဘိုးထားမှုတွေမပါဘဲ
တဏှာပေမသက်သက်အတွက်နဲ့သာချစ်ခဲ့တာဆိုရင် မဒ္ဒီဟာ ဒီလောက်ထိဘဝကို ရင်းရဲ
ရင်းနိုင်မှာ မဟုတ်ပါဘူး။ အဆင်းရဲခံနိုင်မှာမဟုတ်ပါဘူး။ တကယ်လို့
တဏှာပေမသက်သက်ကို အခြေခံပီး ရင်းရဲ ရင်းနိုင်စေအုံးတော့၊ ရေရှည်မှာ
ဒီလောက်အထိ ကျေနပ်စွာ ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူး။ ခုတော့ အရာရာဟာ
လောကအတွက်ပဲ ဖြစ်စေရမယ် ဆိုတဲ့ မြင့်မြတ်လှတဲ့ သံဓိဋ္ဌာန်နဲ့
ဗျူဟာအဆင့်ဆင့်ချမှတ်ပြီး ကြိုးစားနေတဲ့ မောင်တော် ဝေဿန္တရာကို ချစ်မေတ္တာရော
လေးစားကြည်ညိုစိတ်ပါ အားကြီးမိသူမို့ ဒီလောက်အထိ ဖြည့်ဆည်းပေးနိုင်တာပါ။
သူမရဲ့ ဝေဿန္တရာအပေါ်ထားရှိတဲ့ အချစ်စိတ် မေတ္တာစိတ် လေးစားစိတ်တွေဟာ
ပါရမီဖြည့်ရာမှာ အလွန်ထိရောက်တဲ့ စွမ်းအင်တွေပါပဲ။ ဒါကြောင့်လဲ သူမက
မောင်တော်ရဲ့ လောကတ္ထစရိယဆိုတဲ့ လောကကောင်းကျိုးသယ်ပိုးရေး ခရီးလမ်းမှာ
မငြီးမငြူ ကူညီဖြည့်ဆည်းရင်း ကျေနပ်နေသူရယ်ပါ။ သို့်သော်လဲ ဒီကျေနပ်
ပီတီဖြစ်ရတဲ့ အခြေအနေဟာ အမှတ်မထင်
ပျောက်ကွယ်ပျက်ဆီးဘို့အကြောင်းဖန်လာတော့တယ်။ တစ်နေ့မှာတော့ မဒ္ဒီမိဖုရား
အစားအစာအတွက် သစ်ဥ သစ်ဖုအရှာထွက်နေတုန်း ဇူဇကာပုဏ္ဏားဟာ သားနဲ့သမီးကိုလာပီး
အလှုခံပါတော့တယ်။ သဗ္ဗညုတဥာဏ်တော် ရရှိရေးကိုရည်မှန်းတောင့်တပြီးတော့
အလွန်ချစ်ရတဲ့ သားလေးနဲ့ သမီးလေးကို ဝေဿန္တရာဟာ လှုလိုက်ပါတော့တယ်။
ညနေချမ်းရောက်တော့ မိသားစုအတွက် သစ်ဥ သစ်ဖုတွေ မိသားစုအတွက်
အားပါးတရသယ်ဆောင်လာခဲ့တဲ့ ယသောဓရာဟာ မြင်နေကျမြင်ကွင်းလေး မမြင်ရတော့ ရင်ထဲ
နှလုံးထဲမှာ အလွန်ပဲ စိုးထိတ်မိခဲ့ပါတော့တယ်။ အဲဒီမြင်ကွင်းလေးကတော့
သူမကို အမောပြေစေတဲ့ သူမရဲ့ သားလေးနဲ့ သမီးလေးတို့ရဲ့ ပျော်ရွှင်စွာ
ဆော့ကစားနေကြတဲ့ မြင်ကွင်းလေးပါပဲ။ ( ဆက်လက်တင်ပြပါမည်။ )
Sunday, December 9, 2012
Subscribe to:
Post Comments (Atom)
1 comments:
အရာရာဟာ လောကအတွက်ပဲ ဖြစ်စေရမယ်
Post a Comment