Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, February 19, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၅ ) သစ္စာပါရမီ

"ကတိသစ္စာ၊ တည်သောခါဝယ်၊ ဩဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဘက်ဝင်၏" ဟုစာဆိုတော် အရှင်မဟာသီလဝံသက စပ်ဆိုတော်မူခဲ့၏။ မှန်၏။ လူသားများ ကတိသစ္စာတည်ကြသောအခါ ပြုသမျှအရာရာဝယ် အနှစ်အသားပြည့်ဝလျှက် သက်မဲ့ဖြစ်သည့် နွယ်မြက်သစ်ပင်သော်မှ ဆေးဘက်ဝင်သည်အထိ ဩဇာအစွမ်းသက်ရောက်လေ၏။ သက်ရှိလူသားများ၏ ကတိသစ္စာအစွမ်းထက်မြက်မှုကိုကား အထူးပြောဘွယ်ရာမရှိတော့ချေ။ သစ္စာ၏အစွမ်းများဖြင့် သေလုဆဲဆဲအခြေအနေမှ အသက်ပြန်လည်ရှင်သန်လာခဲ့သော သာဓက ဇာတ်တော်များနှင့် ဆုံးရှုံးရတော့မည့် အခြေနေဆိုးများမှ အထက်တန်းအခြေအနေသို့ တမုဟုတ်ချင်းပြောင်းလဲသွားကြသောဖြစ်ရပ်များ ပိဋကတ်တော်ဝယ် ပါရှိ၏။ သစ္စာစကား၏ အရှိန်အဟုန်နှင့် စွမ်းပကားသည် မြင့်မားလှပါ၏။ တန်ဘိုးလည်းကြီး၏။ ချစ်မြတ်နိုးဘွယ်လည်းကောင်း၏။ ယုံကြည်ထိုက် အားကိုးထိုက်သည့်စွမ်းအားလည်းရှိ၏။ ကတိသစ္စာပျက်ယွင်းကြသောအခါ အရာရာသည်ပေါ့ပျက်ပျက်ဖြစ်၍ အနှစ်သာရမှကင်းဆိတ်ပြီးလျှင် သက်ရှိနှင့်သက်မဲ့နှစ်ခုစလုံး၏ တန်ဘိုးနှင့်စွမ်းအားသည်လည်း ကျဆင်းလေတော့၏။ သို့ဆိုလျှင် သစ္စာဟူသော စကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်း။ ဤသစ္စာဟူသော စကားလုံးသည်လည်း ယခင်ဆိုခဲ့သော ဝီရိယ ခန္တီစသော စကားလုံးများကဲ့သို့ ပါဠိစကားလုံးစစ်စစ်သာတည်း။ မြန်မာများနှင့် ကိုယ်ပိုင်စကားလုံးဖြစ်လေဟန်အထိ အလွန်ရင်းနှီးသော စကားလုံးပင်တည်း။ မိမိသတိပြုမိသည်မှာ မိမိတို့မြန်မာများနှင့် အသုံးအနှုန်းအရ အလွန်ရင်းနှီးသော ပါဠိစကားလုံးများသည် လက်တွေ့ကျင့်ကြံမှုအပိုင်းနှင့် စကားလုံးများကိုနားလည်မှုအပိုင်းတွင် အလွန်ပင်စိမ်းကားနေသည်ကိုတွေ့ရ၏။ အမှန်စင်စစ် သစ္စာဟူသောစကားလုံး၏ အဓိပ္ပါယ်သည် ဖြောင့်မှန်ခြင်း ဟူ၍ဖြစ်၏။ ဖြောင့်လည်းဖြောင့်မတ်၍ မှန်လည်းမှန်၏ဟု ဆိုလို၏။ မှန်၏။ အချို့သူများသည် စိတ်ထားဖြောင့်မတ်သော်လည်း ဥာဏ်ပညာနည်းပါးမှုကြောင့် မှားတတ်၏။ အမှန်သို့မတက်လှမ်းနိုင်ကြပေ။ အချို့ကား အမှန်ကိုသိနားလည်သော်လည်း မဖြောင့်မတ်ကြ။ ဖြောင့်သော်လည်း မမှန်နိုင်၊ မှန်နိုင်ခွင့်ရှိသော်လည်း မဖြောင့်သည့် အခြေအနေများ စာဖတ်သူများ၏ဝန်းကျင်တွင်ရှိနေမည်မှာအမှန်ပင်ဖြစ်၏။  ထို့ကြောင့် ဤနေရာ၌ သစ္စာဟူသည် ဖြောင့်မတ်၍မှန်ကန်ခြင်းတည်း။ ( ယခုရေးမည့်အကြောင်းအရာကို ဒုက္ခသစ္စာစသည့် သစ္စာလေးပါးနှင့်မရောထွေးစေလိုပါ။ ပရမတ္တသစ္စာလေးပါး
အကြောင်းရေးခြင်းမဟုတ်ပါ။ ) သို့ဆိုလျှင် မည်သည့်အရာများ ဖြောင့်မတ်မှန်ကန်ခြင်းကို ဆိုလိုပါသနည်း။ ဤအရာ၌ လုပ်ရပ်နှင့်စကားရပ် နှစ်ခုထပ်တူဖြစ်ခြင်း ညီညွတ်ခြင်းကို ဖြောင့်မတ်မှန်ကန်ခြင်းဟု ဆိုလိုပါ၏။  ပြောသလိုလုပ်၍ လုပ်သလိုပြောခြင်းဟုဆိုလို၏။ ကတိတည်ခြင်းဖြစ်၏။ အလုပ်တစ်ခြား အပြောတစ်ခြားမဟုတ်ဟု ဆိုလို၏။ လောကဆိုစကားအရ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယား ကားယား မဟုတ်ခြင်းပင်တည်း။ ထို့ပြင် ကတိသစ္စာတည်သောသူသည် သူတပါးက မိမိကို ချစ်ခင်လာစေရန် မြှောက်ပင့်၍လည်းမပြောတတ်၊ သူတပါးက မိမိကို အထင်ကြီးလာစေရန်လည်း ဝါကြွားပလွှား၍ မပြောတတ်ချေ။ ဖြောင့်မတ်မှန်ကန်သည့်အရာကိုသာ ပြော၍ ထိုအရာကိုသာကျင့်သုံး၏။ ဘုရားအလောင်းတော်ပါရမီဖြည့်စဉ်ကာလသံသရာတစ်လျှောက်လုံးတွင် သူ့အသက်သတ်မှုစသော မကောင်းမှုများကို ကျူးလွန်ခဲ့မိသော်လည်း လိမ်ညာ ဝါကြွားပြောဆိုခြင်းကိုမူ အလျဉ်းမပြုခဲ့ မပြောခဲ့ချေ။ အစဉ်အမြဲဖြောင့်မတ်မှန်ကန်သည့်  စကားတို့ကိုသာခိုင်မာစွာ ပြောဆိုတော်မူခဲ့၏။ ထိုသစ္စာစကားတို့ကို အလောင်းတော်သည် သူ၏လမ်းညွှန်အဖြစ်အသုံးပြုခဲ့၏။ အမှန်စင်စစ် ဤသစ္စာသည် တစ်ဦးချင်းစီ၏ တန်ဘိုးအတွက်သာ အရေးကြီးသည်မဟုတ်၊  မိသားစုနယ်ပယ် လူမှုဆက်ဆံရေးနယ်ပယ် စီးပွါးရေးနယ်ပယ် နိုင်ငံရေးနယ်ပယ် ဥပဒေပြုရေးနယ်ပယ်စသော ဝန်းကျင်နယ်ပယ်အသီးသီးတွင်လည်း အရေးကြီးလှပါ၏။ ဤသစ္စာနှင့်စပ်၍ ဤနယ်ပယ်အသီးသီးကို ချိန်ထိုး၍ စာဖတ်သူစဉ်းစားပါက စဉ်းစားနိုင်သလောက် ကျယ်လည်းကျယ်ပြန့်၏။အရေးလည်းပါ၏။ နက်ရှိုင်းမှုလည်းရှိ၏။ အမှန်တကယ်လည်း လိုအပ်၏။ ဥပမာတစ်ခုအနေဖြင့် ပြောရလျှင် တရားမျှတသော စီးပွါးရေးကုမ္မဏီတစ်ခု တည်ထောင်လုပ်ကိုင်လိုသူသည် ခိုင်မာတည်ငြိမ်သော နိုင်ငံရေးရှိ မရှိကိုကြည့်ရ၏။ ထို့ပြင် သူလုပ်ကိုင်မည့်နိုင်ငံ၏ ဥပဒေသည် တရားမျှတမှု သို့မဟုတ် ဖြောင့်မှန်မှု ရှိ မရှိကြည့်ရပြန်၏။ ထိုဥပဒေကတိကဝတ်များ မျှတခိုင်မာမှသာလျှင် စီးပွါးရေးကုမ္မဏီများလည်း ခိုင်မာမျှတစွာပေါ်ပေါက်လာနိုင်ပေမည်။ သို့မှသာ နိုင်ငံအတွက် လူမှုဝန်းကျင်အတွက် အသက်ရှင်သန်နေထိုင်ရေးသည် အဆင့်မီစွာဖြစ်ပေါ်တည်တံ့နေပေမည်။ လူ့ဘဝ၏ လိုအပ်ချက်တို့အတွက် အာမခံချက်ရှိပေမည်။ မတရားသော စီးပွါးရေးကုမ္မဏီများကြောင့် အလုပ်အကိုင်များရရှိနိုင်သော်လည်း လိုအပ်သည့် တရားမျှတသော အာမခံချက်များ အလျဉ်းရှိမည်မဟုတ်ချေ။ လူသား၏ မူလတန်ဘိုးများကင်းမဲ့ကာ ကျေးကျွန်သဖွယ်သာ တာဝန်ထမ်းဆောင်လျှက် နေထိုင်ကျင်လည်ရပေမည်။ ထို့ပြင် ဥစ္စာရှာပြည်နာမှ၊ ပညာရှာပြည်သာမှ၊ တရားရှာခန္တီပါမှ ဟူသောလောက ဆိုရိုးစကားဝယ် ဥစ္စာရှာပြည်နာမှ ဟူသောစကားရပ်သည် မတရားနိုင်ထက်စီးနင်းလွန်းသော ဥစ္စာရှာနည်းကိုရည်ညွှန်းခြင်းဖြစ်မည်ဟု ယူဆပါ၏။ ရေးစွဲထားသော ဥပဒေကတိကဝတ်များ စည်းကမ်းများသည် အားမကိုးထိုက် မယုံကြည်ထိုက်သော သစ္စာမဲ့စကားရပ်များအဖြစ် ရှင်သန်နေသောတိုင်းပြည်ကိုရည်ညွှန်းခြင်းဖြစ်မည်ဟု မှတ်ယူမိပါ၏။
  ဥပဒေဟူသည် တိုင်းသူပြည်သားများနှင့်တကွ နိုင်ငံခြားသားများအပါအဝင် လူသားများကိစ္စအတွက် ဆောင်ရွက်ရန် ပေးထားသော ကတိသစ္စာစကားရပ်တို့ပင်ဖြစ်၏။ ကတိကဝတ်တို့ပင်ဖြစ်၏ဟုဆိုချင်ပါ၏။ ထိုဥပဒေဟူသည့် ကတိသစ္စာစကားရပ်များမဖြောင့်မှန်လျှင် သို့မဟုတ် ဥပဒေကတိကဝတ်များသစ္စာသဘောမသက်ရောက်လျှင် လူသားများအတွက် မည်သို့လျှင်ကောင်းကျိုးဆောင်နိုင်ပါနည်း။ လိုတစ်မျိုး မလိုတစ်မျိုးအဓိပ္ပါယ်ဖွင့်နိုင်သော မတည်ငြိမ်သည့် ဥပဒေကတိကဝတ်များနှင့် မတရားသည့်အာဏာဖြင့် တစ်ဖက်သတ်ရေးဆွဲထားသော ဥပဒေစကားရပ်များကြီးစိုးသော လူမှုနယ်ပယ်တိုင်းသည် သာယာအေးချမ်းလိမ့်မည်မဟုတ်ချေ။ ရုပ်ပိုင်းတိုးတက်မှုရော စိတ်ပိုင်းတိုးတက်မှုပါ လုံးဝမရှိနိုင်ချေ။ ရုပ်ပိုင်းလည်းနိမ့်ကျမည်ဖြစ်သလို စိတ်ပိုင်းတွင်လည်း တဦးနှင့်တစ်ဦးအပြန်အလှန် ယုံကြည်မှု နားလည်မှု ကြင်နာချစ်ခင်မှု တန်ဘိုးထားလေးစားမှုများပပျောက်သွားမည်မှာအမှန်ပင်ဖြစ်၏။ ထို့ပြင် တရားမျှတသောလူမှုလောကဖြစ်ရေးထက် တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အခွင့်ထူးကိုလက်ဦးလိုသည့် ဝိသမလောဘသမားများနှင့် ကြမ်းကြုတ်ခက်ထန်လွန်းသည့်ဒေါသသမားများသာ ကြီးစိုးလာပေမည်။ သို့ဆိုလျှင် လူမှုလောက၏ တန်ဘိုးများ စံနှုန်းများ မူလဗီဇမွေးရာပါအခွင့်အရေးများအားလုံးသည် မှေးမှိန်ကွယ်ပျောက်ကာ လူ့ဘုံက ငရဲခန်းကြီးဖြစ်နေမည်သာတည်း။  ဤနေရာတွင် အကျဉ်းမျှသာ သိသာရုံဖေါ်ပြထားသောကြောင့် စာဖတ်သူ ဆက်လက်၍ စဉ်းစားစေလိုပါ၏။ အထူးသဖြင့် ဓမ္မဥပဒေများကိုဖျက်သိမ်း၍ အဓမ္မဥပဒေများကို ပြဋ္ဌာန်းခြင်းသည်လည်း မုသာဝါဒကိုကျူးလွန်ရုံမျှသာမဟုတ်၊ တစ်လောကလုံးကိုသစ္စာဖောက်ခြင်းပင်ဖြစ်၏။ ငွေမည်းကို ငွေဖြူလုပ်သကဲ့သို့ မတရားအာဏာဖြင့် အဓမ္မဥပဒေများကိုပြဋ္ဌာန်းခြင်းသည် အလွန်မှောက်မှားသည့် မိစ္ဆာမုသားလမ်းစဉ်ကို အာသာငမ်းငမ်းတက်မက်စိတ်နှင့် ကြမ်းတမ်းသည့်ဒေါသ အာဃာတတို့ဖြင့် ဓမ္မဖြစ်လေဟန် အရှက်ကင်းမဲ့စွာ အသက်သွင်းခြင်းသာတည်း။ ဓမ္မကိုသစ္စာဖောက်ခြင်းသာတည်း။ ထို့ပြင် ဘုရားရှင်ဟောကြားသော ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်ကို စကားအမျိုးအစားခြောက်မျိုးဖြင့် ချိန်ထိုးကြည့်သော် နှစ်မျိုးကိုသာတွေ့ရမည်ဖြစ်၏။
   ၁။ မှန်လည်းမှန်၊ကောင်းကျိုးလည်းရှိ၊သူတပါးလည်းနှစ်သက်သောစကား။
   ၂။ မှန်လည်းမှန်၊ကောင်းကျိုးလည်းရှိ၏၊ သို့သော်သူတပါးမနှစ်သက်သောစကား။
  ဘုရားရှင်သည် စကားခြောက်မျိုးတွင် ဤနှစ်မျိုးကိုသာအသုံးပြုတော်မူခဲ့၏။ ဝိနည်းပညတ်ရာတွင်လည်းဤနှစ်မျိုးကိုသာသုံး၏။ သုတ္တန်ကိုဟောရာတွင်လည်းကောင်း အဘိဓမ္မာကိုဟောရာတွင်လည်းကောင်း ဤနှစ်မျိုးကိုသာအသုံးပြုတော်မူခဲ့၏။ ဘုရင်ကိုဟောသည်ဖြစ်စေ ပြည့်တန်ဆာကိုဟောသည်ဖြစ်စေ နတ်ဗြဟ္မာကိုဟောသည်ဖြစ်စေ ဤစကားနှစ်မျိုးကိုသာ အသုံးပြုတော်မူ၏။ ထို့အတူ မိမိတို့လူမှုဝန်းကျင်အတွက်လည်း ဤအင်္ဂါနှစ်မျိုးပါဝင်သော ဥပဒေကတိကဝတ်များ စည်းကမ်းဥပဒေများ နည်းဥပဒေများစသည်ကိုရေးစွဲကျင့်သုံးကြလျှင် လူမှုလောကသည် စိတ်ပိုင်းတန်ဘိုးနှင့်စံနှုန်းများရော ရုပ်ပိုင်းတန်ဘိုးနှင့်စံနှုန်းများပါ မြင့်တက်လာကာ လူ့ဘုံသည် နတ်နန်းဗိမာန်ဘုံကြီးပမာ သာယာဖွယ်ဖြစ်လာမည်မှာ အသေအချာပင်ဖြစ်၏။  မိမိအထက်ပါရေးသားချက်များသည် သစ္စာပါရမီမဟုတ်ပါချေ။ လောကအတွက်အရေးကြီးသော သစ္စာစကား သစ္စာဓမ္မအကြောင်းကို ဥပဒေနှင့်စပ်၍ မိမိနားလည်သမျှ အကျဉ်းချုပ်၍ရှင်းပြခဲ့ခြင်းသာဖြစ်ပါ၏။ အမှန်စင်စစ် သစ္စာပါရမီဟူသည်
  လောကသာယာဝပြောရေးအတွက်စွန့်လွှတ်သောစိတ်ထားဖြင့် အပြောနှင့်အလုပ်ညီညွတ်အောင် လုပ်ဆောင်ဖြည့်ကျင့်ခြင်းပင်ဖြစ်၏။ ဤသည်ကိုပင် သုဟုဇု ဟုခေါ်ပါ၏။ သုဟုဇုဟူသည် ကိုယ်ရော နှုတ်ရော စိတ်ရော သုံးပါးစလုံး အလွန်ညီညွတ်ခြင်းပင်ဖြစ်ပါ၏။ အချုပ်အားဖြင့် မိမိအပါအဝင် လောကသားများအားလုံး လောကသစ္စာကိုဖြစ်စေ ထို့ထက်ပို၍မြင့်မြတ်သော ပါရမီသစ္စာကိုဖြစ်စေ စွမ်းနိုင်သည့်သစ္စာများကို ဖြည့်ကျင့်နိုင်ကြပါစေသောဟု တောင်းဆုပြုလိုက်ရပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***