ယနေ့ခေတ်ဝယ်
လူ့အခွင့်အရေး ဟူသောစကားလုံးသည် တစ်ကမ္ဘာလုံးတွင် ရေပန်းစားလှ၏။ ထိုသည့်စကားလုံးကို တွင်တွင်ကြီးသုံးနှုန်းပြောဆိုနေကြလေ၏။ ကုလသမဂ္ဂတွင်လည်းသုံး၏။ လူမှုအဖွဲ့အစည်းများတွင်လည်းသုံး၏။ နိုင်ငံရေးအဝန်းအဝိုင်းနယ်ပယ်တွင်လည်းသုံး၏။ သာမန်လှုမှုဝန်းကျင်တွင်လည်းသုံး၏။ အရှေ့တိုင်း အနောက်တိုင်း ကမ္ဘာ့နေရာတိုင်းတွင် နေရာဒေသမရွေး နိုင်ငံမရွေး ဘာသာမရွေး လူမျိုးမရွေး သုံးနှုန်းပြောဆိုနေကြသည်ကို လူသားတိုင်း သိနေကြ ကြားနေကြသည်သာဖြစ်၏။ အဘယ်ကြောင့် ထိုစကားလုံးကို ဤမျှအတိုင်းအတာအထိ သုံးနှုန်း၍ လူ့အခွင့်အရေးလှုပ်ရှားကြိုးပမ်းမှုများကို လုပ်ဆောင်နေကြဘိသနည်း။ ဆန်းစစ်ဘို့လိုအပ်လာ၏။ အဖြေကားရှင်းပါ၏။
လူသားအချင်းချင်းအပေါ် တရားမျှတခြင်းကင်းမဲ့ကာ မတရားပြုကျင့်နေကြသောကြောင့်ပင်တည်း။ တနည်းဆိုသော် လူသား၏မူလကျင့်ဝတ်နှင့်တာဝန်တို့ကို မကျင့်ခြင်း မစောင့်ထိန်းခြင်း တာဝန်မယူခြင်းကြောင့်ပင်တည်း။ မှန်၏။ လူအသီးသီးတွင် ကိုယ်စီကိုယ်စီ ကျင့်ကြရမည့် ကျင့်ဝတ်များ၊ စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းများ၊ ဖြည့်ဆည်းပေးရမည့်တာဝန်များ၊ တစ်ဦးပေါ်တစ်ဦးထားရှိရမည့် စိတ်ထားများ၊ ပွါးများရမည့် မေတ္တာ ကရုဏာစသည့် ဗြဟ္မစိုရ်တရားများသည်ရှိ၏။ ထိုထိုသက်ဆိုင်ရာ ကျင့်ဝတ်များ စည်းကမ်းများ တာဝန်များ စိတ်ထားများကင်းမဲ့သွားသောအခါ လူ့မှုအဖွဲ့အစည်းကြီးသည် လူသားတို့မျှော်မှန်းထားသော ဖွံ့ဖြိုးမှု ကြွယ်ဝမှု ပျော်ရွှင်မှု အေးချမ်းမှု ပန်းတိုင်ဆီသို့မရောက်ဘဲ ခုတ်ရာတစ်ခြား ရှရာတလွဲဖြစ်ကာ မလိုလားမနှစ်သက်နိုင်သော အနိဋ္ဌလူ့အဖွဲ့အစည်းကြီးအဖြစ်သို့ ကျရောက်လေတော့၏။ အုပ်ချုပ်သူလူတန်းစားဖြစ်သည့် အစိုးရတို့သည် သူတို့ကျင့်အပ်သည့် ကျင့်ဝတ်များကိုမကျင့်လျှင် သို့မဟုတ် ကျင့်သယောင်ယောင် သရုပ်သယောင်များဖြင့်လှည့်စားနေလျှင်၊ တစ်ဖန် အပြန်အားဖြင့် အုပ်ချုပ်ခံ ပြည်သူပြည်သားများသည်လည်း သူတို့ကျင့်အပ်သည့် ကျင့်ဝတ်များကို မကျင့်လျှင် သို့မဟုတ် အစိုးရနှင့် ပြည်သူအချင်းချင်းကို လှည့်စားကြလျှင် ထိုတိုင်းပြည်သည် တရားမျှတမှုကင်းမဲ့ကာ လူ့အလွှာများကွဲပြား၍ မအေးချမ်းရုံမျှမဟုတ် တပြေးညီ သာတူညီမျှ မဖွဲ့ဖြိုး မတိုးတက်ဘဲ လူမှုသောကနှင့်ဒုက္ခတို့ အတိပြည့်နေသည့် ဒုစရိုက်ထူပြောလှသောတိုင်းပြည်သာဖြစ်ပေမည်။ ထိုမှတစ်ဆင့် တိုင်းဒေသ ခရိုင် မြို့နယ် ရပ်ကွက် ကျေးရွာ ဟူသော အောက်ခြေအဆင့်တိုင်းတွင်လည်း အသီးအသီး ကျင့်ရမည့်ကျင့်ဝတ်စည်းကမ်းများကို မထိန်းသိမ်းမလိုက်နာပါက မိမိတို့မျှော်မှန်းချက်နှင့်ဝေးနေဦးမည်သာပင်ဖြစ်သည်။ လူသား၏စစ်မှန်သော မူလဘူတ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများမှ ဝေးနေဦးမည်သာပင်ဖြစ်သည်။ အနီးစပ်ဆုံး အခြေအနေကိုကြည့်ရလျှင် မိသားစုတစ်စုတွင်လည်း လင့်ကျင့်ဝတ်နှင့်မယားကျင့်ဝတ်တို့ကို ကျေပွန်စွာ မကျင့်ကြပါက အေးချမ်းမည်မဟုတ်သည်မှာ လက်တွေ့ပင်ဖြစ်၏။ ထို့အတူ မိဘနှင့်သားသမီးအကြားတွင်လည်း ကိုယ်စီဖြည့်ကျင့်ရမည့်ကျင့်ဝတ်များကို မကျင့်ပါက မိဘနှင့်သားသမီးသည် ကျေလည်သည့် ဆက်ဆံရေးကိုလည်းရနိုင်မည်မဟုတ်သည့်အပြင် မိသားစု အေးချမ်းဖွံ့ဖြိုးရေးအတွက်လည်း ခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ထို့ပြင် ဆရာနှင့်တပည့် အလုပ်ရှင်နှင့် အလုပ်သမား မိမိနှင့် မိတ်ဆွေသင်္ဂဟများအကြားတွင် ကျင့်ရမည့်ကိုယ်စီကျင့်ဝတ်များ၊ အပြန်အလှန်ဖြည့်ဆည်းပေးကြရမည့် တာဝန်များ၊ စောင့်ထိန်းအပ်သည့်စည်းကမ်းများစသည်တို့ အသီးသီးရှိကြပါ၏။ အမှန်စင်စစ် ထိုထိုလူသား၏မူလဘူတ ကျင့်ရမည့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများသည် လူမျိုး အသားအရောင် ကိုးကွယ်ရာဘာသာ နိုင်ငံစသည်တို့နှင့်မသက်ဆိုင်ဘဲ မည်သူမဆို ကျင့်သုံးပါက လက်တွေ့ဒိဋ္ဌ ကောင်းကျိုးရသည့် လူသားအားလုံး၏ မူလဘူတ ကျင့်ဝတ်တို့သာဖြစ်ကြ၏။ အထက်ပါဆိုခဲ့သည့်အတိုင်း
လူသား၏ မူလဘူတကျင့်ဝတ်တို့ကို မကျင့်ဘဲ ဖောက်ပြန်မှားယွင်းစွာ ဖားနိုင်ဖားစား ငါးနိုင်ငါးစား တိရစ္ဆာန်စိတ်ထားများဖြင့် လူသားအချင်းချင်း ကျူးလွန်ခဲ့ကြခြင်းကြောင့် ခံရသူများမှ မခံမရပ်နိုင်ဖြစ်ကာ လူ့အခွင့်အရေး Human Rights ဟူသောစကားလုံးသည် ပေါ်ပေါက်လာခဲ့ရတော့၏။ ထို Human Rights လူ့အခွင့်အရေး ဟူသောဝေါဟာရသည် ဘယ်ခေတ်တွင် စတင်ပေါ်ပေါက်ခဲ့သနည်း။ ဘယ်နိုင်ငံဘယ်ဒေသတွင် အစပျိုးခဲ့လေသနည်း၊ မည်သည့်ကိုးကွယ်ရာ ဘာသာစာပေ ယဉ်ကျေးမှုတွင် ပါဝင်ခဲ့သနည်း၊ မည့်သည်ဘာသာရေးခေါင်းဆောင် သို့မဟုတ် နိုင်ငံရေးခေါင်းဆောင် သို့မဟုတ် အတွေးအခေါ်ရှင်က စတင်ဖေါ်ထုတ်ခဲ့လေသနည်း၊ ဤသို့စသော အချက်အလက်တို့ကို သိသင့်လှ၏။ နားလည်သင့်၏။ အဘယ့်ကြောင့်နည်း။ မိမိတို့သည် လူသားဖြစ်၍ လူသား၏ လက်တွေ့ကျသော ဖြစ်စဉ်ကို ယခင်နှင့်ယခုဟူသာ ကာလနှစ်မျိုးကိုနှိုင်းယှဉ်၍ မဖြစ်မနေသိသင့် သိထိုက်လှသောကြောင့်ပင်ဖြစ်ပါ၏။ ထိုသို့သိမှသာလျှင် မိမိတို့နေထိုင်ရာ ဝန်းကျင်၊ မိမိတို့မွေးဖွားရာ နိုင်ငံ၊ မိမိတို့ကိုးကွယ်ရာဘာသာအယူဝါဒ၊ မိမိတို့ လက်ခံကျင့်သုံးနေကြသော ယဉ်ကျေးမှုအသီးသီးတိုင်းတွင် လူ့အခွင့်အရေးဟူသော လူသား၏မူလဗီဇ မွေးရာပါ ရပိုင်ခွင့်များ၊ မွေးရာပါ လူ့ဂုဏ်သိက္ခာများနှင့်တန်ဘိုးများ၊ လူသား၏အဆင့်အတန်းနှင့်စွမ်းရည်များ၊ ရှိသလား မရှိဘူးလား၊ ရသလား မရဘူးလား၊ မိမိတို့ဘယ်မျှအတိုင်းအတာအထိ အခွင့်အရေးနှင့် တန်ဘိုးများ၊ အဆင့်အတန်းများ၊ ဆုံးရှုံးနေကြသနည်း၊ သို့မဟုတ် ဘယ်မျှအတိုင်းအတာအထိ ရရှိနေကြသနည်း စသည်တို့ကို နားလည်နိုင်ကြပေလိမ့်မည်။ ထိုသို့နားလည်၍ ပယ်သင့်သည်တို့ကို ပယ်နိုင်အောင်အားထုတ်၍ ရသင့်သည်တို့ကိုလည်း ရနိုင်အောင်အားထုတ်နိုင်ကြပါမှ မိမိတို့၏ မူလအခွင့်အရေးနှင့်တန်ဘိုးများကို အပြည့်အဝရရှိနိုင်ကြပေမည်။ ခံစားနိုင်ကြပေမည်။ အထူးမေတ္တာရပ်ခံလိုသည်မှာ မိမိနားလည်သလောက် လေ့လာမိသလောက် ခံစားမိသလောက် စာဖတ်သူများအား မျှဝေချင်သော ကုသလစေတနာနှင့်ဆန္ဒကြောင့် ဤ
ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ဟူသော ခေါင်းစည်းကို ရွေးချယ်တင်ပြလိုက်ခြင်းဖြစ်ပါသည်။ အကယ်၍ မိမိ၏ တင်ပြချက် ရေးသားချက်နှင့် အယူအဆတို့သည် မှားယွင်းနေပါလျှင် သို့မဟုတ် အားနည်းနေပါလျှင် စာဖတ်သူများအနေဖြင့် ကရုဏာရှေ့ထား၍ ပြင်ဆင်ဖြည့်စွက်အကြံပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။ သုခိတာ ဟောထ။ (ဘုန်းသူရိန်)
0 comments:
Post a Comment