Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, October 18, 2014

နာယကအခြေခံဥပဒေ

“ ဆရာတော်ဘုရား ... နာယကဂုဏ် ၆ ပါး၊ မိတ်ဆွေကောင်းတို့ ၏လက္ခဏာများ (သို့ ) ဂုဏ်ပုဒ် များ၊ မင်းကျင့်တရား ၁၀ ပါး တို့ ကို လင်္ကာ အပါအ၀င် သင့်သမျှအကျယ်နှင့်တကွ တပည့်တော် သိလို၊ မှတ်လိုပါသဖြင့် တပည့်တော်၏ အီးမေးဖြင့် ရှင်းလင်းသင်ပြပေးပါရန် လက်ဆယ်ဖြာဦးထက်မိုးလျှက် ရှစ်ခိုးကန်တော့ တောင်းခံအပ်ပါတယ်ဘုရား။ ”

ဖင်လန်နိုင်ငံ ကူအိုပီအိုမြို့  ဒကာကြီးဦးဇော်ဝင်းမှ မိမိအားအထက်ပါအတိုင်း ဖေ့စ်ဘုတ်ပေါ်မှ လျှောက်ထားတောင်းခံလာပါသည်။ “ အခွင့်သင့် အလျဉ်းသင့်သလို ရှင်းပြပေးပါမည် ဒကာကြီး ” ဟု မိမိက လက်ခံသည့်အနေဖြင့်ဖေ့စ်ဘုတ်ပေါ်မှပင် အကြောင်းပြန်ထားခဲ့သည်။ မိမိသည် သင်ယူလေ့လာစရာနှင့်အခြားဖတ်မှတ်စရာများစွာရှိသော်လည်း ဤကဲ့သို့ ဒကာ/ဒကာမများက
သိလိုရေးဖြင့်မေးမြန်းလာသောအချက်များကို မေတ္တာနှလုံးသွင်း၍လက်ခံဖြေဆိုပေးခြင်းသည်လည်း ရဟန်းတော်တစ်ပါးအတွက်လျော်ကန်သင့်မြတ်သောအလုပ်ပင်ဖြစ်သည်ကတကြောင်း၊ အများသူငါသိသင့်သိထိုက်သော မေးခွန်းဖြစ်သည်လည်းတကြောင်းကြောင့်ကိုယ်ပိုင်အလုပ်ချိန်
များမှ အချိန်ကိုအကျိုးရှိရှိဖဲ့ယူသုံးစွဲကာ ဖြေဆိုလိုက်ပါသည်။

အထက်ပါအမေးတွင် ၁။ နာယကဂုဏ်ခြောက်ပါး၊ ၂။ မိတ်ဆွေကောင်းတို့၏ လက္ခဏာများ (သို့) ဂုဏ်ပုဒ်များ၊ ၃။ မင်းကျင့်တရား (၁၀) ပါး ဟူ၍ သိလိုသောအချက် သုံးချက်ပါဝင်ပါသည်။ အဆိုပါ သုံးချက်စလုံးသည် အဓိပ္ဗါယ်ရှိရှိ အနှစ်သာရပြည့်ဝစွာဖြင့်ရှင်သန်လိုသောလူသားတစ်ယောက်အနေဖြင့် သိသင့်သိထိုက်သော အရေးကြီးသည့်ဘဝစည်းကမ်းနည်းလမ်းများပင်ဖြစ်သည်။ သက်ဆိုင်ရာဘဝအသီးသီးအတွက် လမ်းညွှန်တရားဟုလည်း ဆိုနိုင်သည်။ နာယကဖြစ်သူမှာ နာယကတို့လိုက်နာရမည့်စည်းကမ်းများ ကျင့်ထုံးများကိုသိဖို့လိုအပ်သလို လူမှုအပေါင်းအသင်းနှင့်
ကင်းကွာ၍ မရနိုင်သောလူသားတစ်ဦးအနေဖြင့်လည်း မိတ်ဆွေကောင်းနှင့်မိတ်ဆွေယုတ်တို့၏ သဘောလက္ခဏာများကို ကွဲပြားစွာနားလည်ထားဖို့လိုအပ်လှသည်။ မင်းဖြစ်သူသည်လည်း မင်းနှင့်ဆိုင်သော ကျင့်ဝတ်များကို သိဖို့နှင့်အမှန်တကယ်လိုက်နာဖို့အရေးကြီးကြောင်းမှာ ပြောပြစရာမလိုအောင်ပင်ထင်ရှားလှသည်။  အချက်ပါသိလိုသောအကြောင်းအရာသုံးမျိုးတွင် နာယကဂုဏ်ခြောက်ပါးကို ဦးစွာဖြေဆိုပါမည်။

"နာယကဂုဏ်ခြောက်ပါး"

ခမာ ဇာဂရိ ယုဋ္ဌာနံ၊ သံဝိဘာဂေါ ဒယိက္ခဏာ။
နာယကႆ ဂုဏာဧေတ၊ ဣစ ၦိတဗၺာ သတံ ဂုုဏာ။
( လောကနီတိ ဂါထာနံပါတ် ၁၁၉ )
အဓိပ္ဗါယ်မှာ ၁။ သည်းခံခြင်း၊ ၂။ နိုးကြားခြင်း၊ ၃။ လုံ့လဝီရိယရှိခြင်း၊ ၄။ ခွဲဝေပေးကမ်းခြင်း၊ ၅။ သနားကြင်နာခြင်း၊ ၆။ အမျှော်အမြင်ရှိခြင်း တို့သည် 
အဖွဲ့ အစည်း၏အကြီးအကဲဖြစ်သူ မိဘဖြစ်သူနှင့်အစိုးရလုပ်သူတို့၏ ဂုဏ်ကျေးဇူးများဖြစ်သည်။ ရှိထား သိထား ကျင့်သုံးရမည့် စည်းကမ်းနှင့် နည်းလမ်းတို့ဖြစ်သည်။ သူတော်ကောင်းတို့ နှစ်သက်မြတ်နိုးသော စည်းကမ်းနည်းလမ်းများဖြစ်သည် ဟုဆိုလိုပါသည်။

အနည်းငယ်ချဲ့ ပါမည်။ ဤနေရာ၌ နံပါတ် ၁။ ခမာ၊ သည်းခံခြင်းဟူသည် ဘုရားအလောင်းတော်ခန္တီဝါဒီရှင်ရသေ့အား   ကလာဗုမင်းက ကြမ်းတမ်းရိုင်းပြစွာပြောဆို ရိုက်နှက်ညှင်းဆဲပြီးလျှင် လက်ဖြတ် ခြေထောက်ဖြတ် နှာခေါင်းဖြတ် နားရွက်ဖြတ် ခေါင်းဖြတ်ခြင်းခံရသည်ကို ရှင်ရသေ့မှ ဘာမျှမခုခံ မတုန့်ပြန်ဘဲ သေသည်အထိ သည်းခံသွားသည့် သည်းခံခြင်းမျိုးကိုမဆိုလိုပါ။ ထိုကဲ့သို့ သော သည်းခံခြင်းမျိုးသည် ခန္တီပါရမီကို ဖြည့်ဆည်းတော်မူသော ဘုရားအလောင်းတော်တို့၏ သဗ္ဗညုတဥာဏ်တော်ရရှိရေး ကျင့်စဉ် လမ်းစဉ်သာလျှင်ဖြစ်သည်။

ဤနေရာ၌ “ဆိုလိုသောသည်းခံခြင်းဟူသည် မိသားတစု သို့မဟုတ်
 အဖွဲ့ အစည်းတစ်ခုခု သို့မဟုတ် နိုင်ငံတနိုင်ငံကိုဦးဆောင်ရသည့်အခါ လက်လောက်ငယ်သားများ၏အထင်အမြင်လွဲမှားမှုကြောင့်
ဖြစ်စေ သို့မဟုတ် ပြိုင်ဘက်များ၏ မလိုလားမှုကြောင့်ဖြစ်စေ ဝေဘန်ပုတ်ခတ်ပြောဆိုသံများကို သည်းခံရမည်။ ဟုတ်လျှင်ဟုတ်မှန်သည့်အတိုင်းဝန်ခံရမည်။ မဟုတ်လျှင် မဟုတ်သည့်အတိုင်း တရားမျှတသောဥပဒေဘောင်အတွင်းမှ တည်ငြိမ်စွာရှင်းလင်းပြောကြားရမည်၊ မှန်ကန်စွာသတင်းထုတ်ပြန်ပေးရမည် ” ဟုဆိုလိုပါသည်။ အကြောင်းမှာ ပုထုဇဉ်တို့၏ဥာဉ်အရ အကြီးအကဲဖြစ်လာလျှင် “ ငါက ဥက္ကဋ္ဌပဲ အတွင်းရေးမှုးပဲ ဝန်ကြီးချုပ်ပဲ သမ္မတပဲ ” ဟု မသိစိတ်တွင် မထင်မရှားဖြစ်စေ၊ ထင်ထင်ရှားရှားဖြစ်စေ အတ္တမာနစိတ်ကား ဝင်ရောက်လာတတ်စမြဲဖြစ်သည်။ ထိုအတ္တစိတ်ကလေးကား ကြာလာသည်နှင့်အမျှ ရင်တွင်းသန္တာန်ဝယ် နူးညံ့သိမ်မွေ့ သည့်အဆင့်မှ ခိုင်မာပြင်းထန်သောအဆင့်သို့ရောက်ရှိလာတတ်သည်။ 
အချို့ ကလည်း နူးညံ့စွာရက်စက်တတ်သည့်အခြေအနေသို့ရောက်ရှိလာတတ်သည်။ 
မည်သို့ဆိုစေ အသိဥာဏ်သာရှေ့ သွားမပြု ဦးမစီးပါက ထိုပြင်းထန်ကြမ်းတမ်းရက်စက်တတ်သောအဆင့်သို့
အလွယ်တကူပင်ရောက်ရှိတတ်လေသည်။

အဆိုပါ အဆင့်သို့ရောက်ရှိလာသောအတ္တကို ထိန်းသိမ်းဖို့အရေးမှာ မုန်ယိုသောဆင်တကောင်ပမာ ထိန်းသိမ်းရခက်ပေမည်။ ထိုအခါ လက်အောက်ငယ်သားများ၏ ကျိုးကြောင်းတင်ပြချက်များကိုလည်း အလေးမထား ဂရုမစိုက်ဘဲ “ ငါပြောသည်သာအမှန်၊ ငါတွေးသည်သာအဟုတ်၊ ငါလုပ်သည်သာ ကောင်းကျိုးရှိတယ် ” ဟု မှောက်မှားစွာမြင့်တက်လာသောအတ္တဘဝင်စိတ်ဖြင့် အများတကာကို
နှိပ်စက်မိတော့သည်။ ထိုသို့ အတ္တကြီး၍ သည်းခံခြင်းကင်းလာသောအခါ ဒေါသအလျောက်ပြုမူဆောက်ရွက်တော့သည်။ ဒေါသစိတ်ဖြင့် အကောင်အထည်ဖေါ်တော့သည်။ အပ်/မအပ်၊ ရာ/မရာ၊ သင့်/မသင့်ကိုမချင့်ချိန်တော့။ လက်အောက်ငယ်သားအများ၏ ဆန္ဒကိုမလေးစားတော့။ ထိုသို့ဆင်ခြင်ဥာဏ်ကင်းမဲ့စွာ ငယ်သားများ၏ဆန္ဒကိုလည်းမလေးစားတော့ဘဲ ဒေါသအလိုကျဆောင်ရွက်သည်ကို
 ဒေါသာဂတိဟုခေါ်ဆိုသည်။ ဒေါသရှေ့ သွားပြု၍ ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

ထို့ပြင် သည်းခံစိတ်ကင်းသောအကြီးအကဲသည် အမှားအမှန်နှင့်ကောင်းကျိုးရှိခြင်း မရှိခြင်းကို အလေးမထားတော့ဘဲ သူ၏ပုဂ္ဂလိကဆန္ဒအလျောက် ဆောက်ရွက်တော့သည်။ သူ၏ဆန္ဒသည် မူဝါဒဖြစ်လာသည်၊ ပန်းတိုင်ဖြစ်လာသည်၊ မျှော်မှန်းချက်ဖြစ်လာသည်၊ ဖြတ်ထုံးဖြစ်လာသည်၊ သူတဦးတည်း၏ပုဂ္ဂလိကဆန္ဒကို တရားဥပဒေဆိုသောနာမည်ဖြင့် ကင်ပွန်းတပ်ကာ သတ်မှတ်ပြဋ္ဌာန်းလာသည်အထိပင် ဆန္ဒနယ်နမိတ်ကျော်လွန်လာသည်။ ဤသည်ကို ဆန္ဒာဂတိဟုခေါ်သည်။

၎င်းနောက် ကြာလာသည်နှင့်အမျှ သူ၏ဦးဆောင်မှုအမှားများနှင့်သူ၏ကျူးလွန်မှုများ
အတွက် တရားခံဖြစ်မှာကိုကြောက်လာသည်။ သူကိုယ်တိုင်၏အမှားများအတွက် တာဝန်မခံရဲဖြစ်လာသည်။ တာဝန်ယူလုပ်ခဲ့စဉ်က သည်းခံခြင်းကင်းမဲ့စွာ အတ္တစိတ်များ၊ ဒေါသာဂတိများ၊ ဆန္ဒာဂတိများတို့နှင့်လွဲမှားစွာဆောင်ရွက်ခဲ့မှုများအတွက် တာဝန်ခံချိန်ရောက်လာတော့ ခေါင်းရှောင်ချင်လာသည်၊ တာဝန်ခံရမှာကိုကြောက်လာသည်။ တာဝန်ယူခြင်းနှင့်တာဝန်ခံခြင်း (Responsibility and accountability) တို့ ရှေ့ နောက်မညီဖြစ်လာသည်။ ထိုအခါ မမျှတသော မတရားသောနည်းလမ်းများကို ကကြိုးကုန်အောင်မျိုးစုံသုံး၍ သူ့ကိုယ်သူကာကွယ်တော့သည်။ ယုတ္တိမတန်သောဆင်ခြေများ၊ ခိုင်မာမှုမရှိသောအကြောင်းပြချက်များဖြင့်လှည့်စားဖို့ကြိုးစားလာ

တော့သည်။ တဖက်သားကို အပြစ်ပုံချလာသည်။ ဤသို့ တာဝန်ခံရမည်ကိုကြောက်သောကြောင့် သို့မဟုတ် တရားခံဖြစ်ကာပြစ်ဒဏ်ခံရမည်ကိုကြောက်သောကြောင့် သို့မဟုတ် အထက်နှင့်အောက်စသည်တို့မှ ဖိအားများကိုကြောက်သောကြောင့် အမှန်ကိုကျောခိုင်းကာ လွဲလွဲမှားမှားဆောင်ရွက်သည်ကို ဘယာဂတိဟုခေါ်သည်။ (ဆက်ပါဦးမည်)

Thursday, October 16, 2014

သူတို့ ရှင်သန်နေရင်



လူတစ်ဦးချင်းစီကိုပြောင်းလဲတိုးတက်စေမယ်။
မိသားစုကိုဂုဏ်အသရေတင့်စေမယ်။
အမျိုးသားဂုဏ်ကို ဆောင်စေမယ်။
နိုင်ငံ့ဂုဏ်တံခွန်ကို လွင့်ပျံစေမယ်။
အာဏာရှင်လက်အောက်ကလွတ်မြောက်စေမယ်။
လူမှုအဖွဲ့ အစည်းကြီးကို အဆင့်မြင့်ရောင်စုံပန်းချီတွေနဲ့ လင်းလက်စေမယ်။
ကမ္ဘာကြီးကို ပွင့်လင်းစေမယ်။
တရားဥပဒေတွေ စိုးမိုးစေမယ်။
ကောင်းခြင်းလက္ခဏာတွေ ကူးစက်စေမယ်။
ပတ်ဝန်းကျင်ကို စိမ်းလန်းစေမယ်။
ရေမြေနဲ့သဘာဝအလှကို ကာကွယ်စေမယ်။
မြစ်တွေကို လွတ်လပ်စွာ စီးဆင်းစေမယ်။
တောတောင်တွေကို ထာဝရရှင်သန်စေမယ်။
ပိုင်ဆိုင်မှုတွေကို အာမခံရှိစေမယ်။
ပူလောင်မှုတွေ ငြိမ်းအေးစေမယ်။
အရှုပ်တွေ ရှင်းစေမယ်။
အပုပ်တွေ ကင်းစေမယ်။
အမှောင်တွေ လင်းစေမယ်။
ငြိမ်းအေးမှုကို ဦးတည်စေမယ်။
ဆင်းရဲခြင်းတွေ ပပျောက်စေမယ်။
ချမ်းသာခြင်းတွေ တိုးစေမယ်။
အာဃာတတွေ ညှိုးနွမ်းစေမယ်။
ချစ်ခြင်းတွေ လန်းဆန်းစေမယ်။
ကွဲပြားခြင်းတွေ ထပ်တူဖြစ်စေမယ်။
မညီမျှမှုတွေ လျော့နည်းစေမယ်။
လူသားတန်ဘိုးကို မြင့်တက်စေမယ်။
လူ့အခွင့်အရေးတွေ ပြည့်ဝစေမယ်။
မုန်းသူတွေ ပြုံးစေမယ်။
ချစ်သူတွေ ခိုင်မြဲစေမယ်။
မကောင်းမှုတွေ ဆင်ခြင်စေမယ်။
ကောင်းမှုတွေ ဝေစည်စေမယ်။
အတွေးအခေါ်တွေ လေးနက်စေမယ်။
လှုပ်ရှားမှုတွေ သွက်လက်စေမယ်။
အမျှော်အမြင်တွေ ကျယ်ပြန့်စေမယ်။
ဦးဆောင်မှုတွေ စစ်မှန်စေမယ်။
နောက်လိုက်ခြင်းတွေ ရင့်ကျက်စေမယ်။
ရန်စတွေ ကျိုးပျက်စေမယ်။
ကျောခိုင်းသူတွေ မျက်နှာချင်းဆိုင်စေမယ်။
လိုအပ်ချက်တွေ ပြည့်ဝစေမယ်။
အောင်မြင်သူတွေကို ဝမ်းသာစေမယ်။
အားနဲသူတွေကို သနားချီးမြှောက်စေမယ်။
အားလုံးကို တန်းတူချစ်စေမယ်။
အဂတိတွေ ကင်းစေမယ်။
ရက်စက်သူတွေ သူတော်စင်ဖြစ်စေမယ်။
ပုထုဇဉ်တွေ အရိယာဖြစ်စေမယ်။
သောတာပန်ဖြစ်စေမယ်။
သကဒါဂါမ်ဖြစ်စေမယ်။
အနာဂါမ်ဖြစ်စေမယ်။
ရဟန္တာဖြစ်စေမယ်။
ဘုရားဖြစ်စေမယ်။
အားလုံး အားလုံးကိုဖြစ်စေမယ်။
    သူတို့ဆိုတာ
ဗုဒ္ဓဟောတော်မူခဲ့တဲ့ ဗြဟ္မစိုရ်နဲ့ ပညာတွေရှင်သန်နေရင်ပေါ့လေ။ 

Tuesday, October 14, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂၄ ) ပညာရပ်များစုစည်းရာ


 သို့နှင့်သင်တန်းဌာနသို့ရောက်သောအခါ ခေတ္တမျှအနားယူပြီးနောက် ပြောလက်စနိယာမငါးပါးအကြောင်းကို ရှင်းပြလိုက်သည်။

 ၁။ ဥတုနိယာမဆိုတာက သက်မဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ကြီးပါပဲ။ ဥပမာ လေတိုက်ခြင်း မိုးရွာခြင်းဆိုတဲ့ ရာသီဥတုရဲ့သဘာဝဖြစ်ပေါ်မှု၊ နွေ မိုး ဆောင်းဆိုတဲ့ ရာသီဥတုတွေရဲ့ ပုံမှန်လည်ပတ်နေမှု၊ ရာသီအလိုက် သစ်ပင်ကြီးငယ်တို့ရဲ့ ပွင့်ခြင်း သီးခြင်းဖြစ်မှု၊ ( နိုင်ငံအလိုက် ရာသီ ဥတုမတူညီဘဲ လည်ပတ်နေမှုများလည်းပါဝင်သည် ) ပုံမှန်မလည်ပတ်ဘဲနဲ့ ထူးခြားသော ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှု၊ လေတိုက်ခြင်း မိုးရွာခြင်းတို့ရဲ့အကြောင်းတရားများ၊ ပူခြင်း အေးခြင်းစသည်တို့ရဲ့သဘာဝတရားများ၊ အဲဒီလို ရာသီဥတုနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတတ်တဲ့ အဖြစ်အပျက်တွေဟာ ဥတုနိယာမဖြစ်တယ်။

၂။ ဗီဇနိယာမဆိုတာ သက်ရှိရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ကြီးပါ။ သစ်ပင်တွေရဲ့ မျိုးစေ့သဘာဝတွေနဲ့ သတ္တဝါတွေရဲ့ မျိုးဗီဇသဘာဝစွမ်းအင်ဖြစ်စဉ်ကြီးပါ။ သရက်ပင်မှ သရက်သီးသီးတာ၊ စပါးစေ့မှ စပါးသီးတာ၊ ပျားရည်နဲ့ကြံစတာတွေမှ အချိုဓာတ်ရရှိတာ၊ အချို့ သော သစ်သီးဝလံတွေရဲ့ အလွန်ထူးဆန်းတဲ့သဘောလက္ခဏာတွေ ရှိနေတာ၊ သိပ္ဗံနည်းကျ ဖေါ်ထုတ်တွေ့ရှိထားတဲ့ ကလာပ်စည်းတွေရဲ့သဘောတရားတွေနဲ့ မျိုးရိုးဗီဇအကြောင်းတွေ၊ ရုပ်ချင်းဆင်တူနေတဲ့ အမွှာပူးဖြစ်တည်မှုတွေ၊ စတဲ့ ဖြစ်စဉ်တွေဟာ ဗီဇနိယာမ တွေပါပဲ။

၃။ ကမ္မနိယာမ ဆိုတာကတော့ သက်ရှိသတ္တဝါတွေပြုလုပ်နေကြတဲ့ ကံတွေရဲ့ကြောင်းကျိုးဖြစ်စဉ်ကြီးပါပဲ။ မင်းတို့သိပြီးသားဖြစ်တဲ့ ကုသိုလ်ကံကြောင့် ကောင်းကျိုးဖြစ်၊ အကုသိုလ်ကံကြောင့် မကောင်းကျိုးဖြစ်တယ်ဆိုတဲ့ ဖြစ်စဉ်ပါပဲ။ ရေဟာ ညီမျှတဲ့မျက်နှာပြင်ရောက်အောင် စီးဝင်သလို ကံဟာလဲ တူညီတဲ့ ညီမျှတဲ့အကျိုးတွေကို မလွဲမသွေပေးပါတယ်။ အဲဒီလို ကံကအကျိုးပေးတယ်ဆိုရာမှာ တန်ခိုးရှင်တစ်ဦးဦးက ဆုပေး ဒဏ်ပေးတဲ့သဘောမျိုးတော့ မဟုတ်ဘူး။ အဆက်မပြတ်လည်ပတ်နေတဲ့မွေးရာပါ မူလအခြေခံစွမ်းအင်သဘောတရားပဲ။ အမျိုးမျိုးသောအတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ သီးခြားစရိုက်လက္ခဏာတွေ၊ စူးစမ်းလေ့လာခဲ့ဖူးတဲ့ အသိပညာ အတတ်ပညာတွေ စတဲ့ များပြားလှတဲ့ အဖြစ်အပျက်တွေကို မှတ်တမ်းစာအုပ်ထူထူကြီးထဲမှာ ခေတ်အဆက်ဆက်က သမိုင်းတွေကိုရေးမှတ်ထားသလိုပဲ စိတ်ထဲမှာ အမြဲမပြတ်အသိအမှတ်ပြုခဲ့ မှတ်တမ်းတင်ခဲ့တယ်။

ဒီအတွေ့အကြုံတွေ၊ သဘောလက္ခဏာတွေနဲ့စွမ်းအင်တွေဟာ တဘဝပြီးတဘဝ ကူးစက်လာခဲ့တယ်။ သို့သော်လည်း အချိန်တွေကြာလာသည်နှင့်အမျှ ဘဝတွေများလာသည်နှင့်အမျှ မှတ်တမ်းတွေကို မေ့ပျောက်ကုန်တယ်။ အကုန်လုံးကိုမမှတ်မိတော့ဘူး။ ဒီလက်ရှိဘဝမှာကိုပဲ ငယ်ငယ်က အဖြစ်အပျက်တွေကို အကုန်လုံးမမှတ်မိတော့ဘူး။ တော်တော်များများမေ့ကုန်ပြီ။ ထူးချွန်တဲ့ အချို့ ပါရမီရှင်ကလေးတွေဟာဆိုရင် ဘယ်သူ့ဆီကမှ သင်ယူစရာမလိုဘဲ ဘာသာစကားတော်တော်များများပြောတတ်တာတွေရှိတယ်။ ဒါတွေဟာ မူလအခြေခံဖြစ်တဲ့ ကံစွမ်းအင်ရဲ့ အဆက်မပြတ်လည်ပတ်မှုရဲ့သာဓကတွေပဲ။ ဒီကံအကြောင်းက အများကြီးကျယ်ဝန်းတယ်။ အရမ်းနက်နဲတယ်။ ဗုဒ္ဓကလဲ ကမ္မဝိပါကော အစိန္တေယျော၊ ကံရဲ့အကျိုးတွေကို ကြံစည်မနေသင့်ဘူး၊ ကြံစည်ရင် ရူးသွပ်ခြင်း ပင်ပန်းခြင်းပဲဖြစ်လိမ့်မယ် လို့ ( အင်္ဂုတ္တိုရ်မှာ ) ဟောထားပါတယ်။ ဘာလို့လဲဆိုတော့ ဘဝအဆက်ဆက်ပြုလုပ်ခဲ့တဲ့ ကံအမျိုးမျိုးဟာ အရမ်းရှည်လျားခဲ့လို့၊ အရမ်းနက်နဲ ရှုပ်ထွေး ကျယ်ပြန့်နေလို့ပါပဲ။ ဒီကံအကြောင်းကိုလဲ သက်ဆိုင်ရာအခန်းရောက်မှ အကျယ်ပြောတော့မယ်။

၎။ ဓမ္မနိယာမဆိုတာ သဘာဝတရားရဲ့ဓမ္မတာဖြစ်စဉ်ကြီးပါပဲ။ ဘုရားအလောင်းတော်ရဲ့ နောက်ဆုံးဘဝမွေးဖွားတဲ့အခါ ငလျင်လှုပ်တာ၊ အချိန်အခါမဟုတ်ဘဲ ပန်းတွေပွင့်တာ၊ ဂီတတူရိယာတွေက အလိုလိုမြည်တာ စတဲ့ဖြစ်ရပ်တွေဟာ ဓမ္မနိယာမပါပဲ။ နောက်ပြီးတော့ ကမ္ဘာမြေရဲ့ဆွဲအားတွေ၊ အခြားသော သဘာဝတရားရဲ့ အလိုလိုဖြစ်တည်မှု၊ ပျက်ဆီးမှုတွေ စတဲ့အရာအားလုံးဟာ ဒီဓမ္မနိယာမထဲမှာ ပါဝင်တယ်။ ဒီဖြစ်တည်မှု ပျက်ဆီးမှုတိုင်းမှာလည်း သက်ဆိုင်ရာ သဘာဝအကြောင်းတရားတွေကပါနေမြဲပါပဲ။

၅။ စိတ္တနိယာမ၊ ဒါက နောက်ဆုံးအချက်။ စိတ်ရဲ့ဖြစ်စဉ်ပါပဲ။ အာရုံတစ်ခုကို မြင်တဲ့အခါ ကြားတဲ့အခါ နံတဲ့အခါ စားတဲ့အခါ ထိတဲ့အခါ စသည်တို့မှာ အဆင့်ဆင့်ဖြစ်တဲ့ စိတ်ရဲ့ဖြစ်စဉ်သဘောတရားပါပဲ။ ဒီနိယာမထဲမှာ စိတ်ရဲ့စွမ်းအင်တွေ၊ စိတ်ချင်းဆက်သွယ်မှုတွေ၊ အကြားအမြင်တွေ၊ အတိတ်ဘဝတွေကိုမှတ်မိတာ၊ သူတပါးရဲ့စိတ်ကို ဖြစ်နေတဲ့အတိုင်း တိတိကျကျသိနိုင်တာ၊ အလွန်ဝေးသောအရပ်မှအသံကို ခေတ်မီကိရိယာအကူအညီမပါဘဲ ကြားနိုင်တာ၊ စတဲ့ စိတ်စွမ်းအင်တွေရဲ့ဖြစ်စဉ်ဟာ စိတ္တနိယာမပါပဲ။ သက်ဆိုင်ရာအခန်းရောက်ရင် အကျယ်သိလာရမှာပါ။

ဒီနိယာမငါးပါးဟာ သက်ရှိ သက်မဲ့အရာရာကို လည်ပတ်နေအောင် မောင်းနှင်နေတာဖြစ်တယ်။ ဒီနိယာမငါးမျိုးကို ထုတ်လုပ်ပေးတဲ့သူ၊ ထုတ်လုပ်ပြီးတော့ လည်ပတ်နေအောင် ထိန်းချုပ်မောင်းနှင်နေတဲ့သူ ရှိသလား? မရှိဘူးလား? မင်းတို့ဘယ်လိုထင်လဲ? မိမိက ရှင်းပြရင်းမေးခွန်းထုတ်လိုက်သည်။ “ ဒါက နိယာမသက်သက်ပဲလေ။ ဒါဟာ တကယ့်သဘာဝပညာရပ်တွေပဲ ” ဟု သူတို့ကဆိုကြသည်။ အေး ဟုတ်ပီ။ ဒါဆိုရင် မင်းမေးတဲ့အဖြေကို အခုငါဖြေတော့မယ်။

ဆူနာမီလိုဖြစ်ရပ်ဆိုးတွေ၊ မီးတောင်ပေါက်ကွဲတာတွေ စတဲ့ဖြစ်ရပ်တွေဟာ ဓမ္မနိယာမကြောင့်ဖြစ်တာပဲ။ သူ့သဘာဝကိုက နိယာမဖြစ်နေတာ။ သဘာဝပုံမှန်ဖြစ်စဉ်ကြီး။ အဲဒီလိုဖြစ်လာတဲ့အခါ ဘယ်သူ့ကြောင့်ပါလို့ ဘာကြောင့်ပါလို့ အပြစ်တင်လို့မရတော့ဘူး။ ဓမ္မနိယာမအရ သူဖာသာသူဖြစ်လာတာကိုး။ ဒီဓမ္မနိယာမရဲ့သဘောတရားတွေထဲမှာ ဘူမိဗေဒအရလေ့လာရင် အသေးစိတ်ပိုသိလာမှာပဲ။ ဘူမိဗေဒဆိုတာလဲ ဒီဓမ္မနိယာမထဲက အကြောင်းအရာတွေကိုလေ့လာရတဲ့ ပညာရပ်ပါပဲ။ ဒီလို ဓမ္မနိယာမအရဖြစ်တာကြောင့် ဘူမိဗေဒပညာရှင်တွေဖေါ်ထုတ်ပြတဲ့ အချက်အလက်တွေဟာ ဗုဒ္ဓရဲ့ဓမ္မနဲ့ကွဲလွဲစရာအကြောင်းမရှိနိုင်ပါဘူး။ ဗုဒ္ဓရဲ့တရားတော်တွေဟာ ပညာရပ်အစုအဝေးကြီးပါပဲ။ ဒီတရားတော်တွေရဲ့ သီအိုရီတွေကို အခြေခံပြီး ခေတ်သစ်ပညာတွေကိုလေ့လာရင် ရှာဖွေတွေ့ရှိမှုတွေဟာ ဒီထက်ပိုလို့အားကောင်းလာမယ်လို့ငါမျှော်လင့်တယ်။  ဒီလောက်ဆိုရင် မင်းမေးတဲ့မေးခွန်း အဆင်ပြေလောက်ပါပီ။ မိမိက ဤသို့ပြောပြလိုက်သောအခါ  “ ရှင်းရှင်းလင်းလင်း သဘောပေါက်ပါပြီ၊  ခုလို အကျယ်တဝင့်ရှင်းပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ” ဟု ကျေနပ်ပီတိဖြင့်တုန့်ပြန်ကြသည်။ ထိုရက်ပတ်တွင်လည်း ကျေနပ်ဖွယ်ရာ အမေးအဖြေများနှင့်ပင် သင်တန်းကိုအဆုံးသတ်ခဲ့တော့သည်။

မှတ်ချက်။   ။ မိမိဖြေဆိုခဲ့စဉ်က ကျန်ရှိနေခဲ့သော သဘောတရားနှင့်အချက်အလက်အချို့ ကို ဖြည့်စွက်တင်ပြထားပါသည်။


Monday, October 13, 2014

ဒိုင်ယာရီအပိုင်းအစလေးများ(၂၃)ကော်ဖီထက်ပိုတဲ့အရသာ


 မေးခွန်း…..၁၁။ အခုကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်မကြာခဏဖြစ်နေတယ်။ ဥပမာ ဆူနာမီလို အန္တရာယ်မျိုးတွေပေါ့။ ဒါတွေက တမျိုးပြီးတမျိုး ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဖန်ဆင်းရှင်ကိုယုံကြည်တဲ့ ဘာသာဝင်တွေကို ငါမေးကြည့်တယ်။ 
( သူကား ဘာသာကိုနာမည်ပါတပ်၍ပြောသော်လည်း မိမိကချန်လှပ်ခဲ့ပါမည် ) လူသားတွေကို ထိခိုက်ပျက်စီးစေတဲ့ ဒီလိုဖြစ်ရပ်ဆိုးတွေကို ဘာလို့ဖန်ဆင်းရတာလဲ? အဲဒါတွေကို ဘာလို့မတားဆီးဘဲ လက်ပိုက်ကြည့်နေရတာလဲ? သို့မဟုတ် ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက အန္တရာယ်မရှိ ဘေးမထိအောင် စီမံသင့်တယ်။ အဲလို မစီမံဘဲနဲ့ ကမ္ဘာဦးကတည်းက ဒီနေ့အထိ သဘာဝအန္တရာယ်တွေမျိုးစုံတွေနဲ့ လူသားတွေကို ရင်ဆိုင်စေတယ်။ ဒါနဲ့ပတ်သက်လို့ ဖန်ဆင်းရှင်က သူဖန်ဆင်းတာမှန်ရင် သူ့မှာလုံးဝတာဝန်ရှိတယ်။ ဒီတာဝန်ကိုမယူဘဲ ( မဖြေရှင်းဘဲ ) ဘာလို့ဆင်းရဲ ဒုက္ခတွေကို ကြည့်နေရတာလဲ? ဘာဖြစ်လို့ ခေတ်အဆက်ဆက် ဆင်းရဲတွေဖန်တီးနေရတာလဲ? လို့ ငါကပွင့်ပွင့်လင်းလင်းမေးဖူးတယ်။ အဲဒီတော့ သူတို့က ဘာပြန်ပြောသလဲ ? ။ မိမိက မစောင့်နိုင်ဘဲ မေးလိုက်သည်တွင် “ သူတို့က ဘာမှမဖြေဘဲ ငြိမ်နေကြတယ်။ နောက်တော့ သူတို့ မသိဘူး လို့ပြောကြတယ် ” ဟု ဆိုလေသည်။ “ ဒါနဲ့ ငါကလဲဆက်ပြောလိုက်တယ်။ ဘူမိဗေဒပညာရှင်တွေရဲ့အလိုအရဆိုရင်တော့ ဖန်ဆင်းရှင်နဲ့ဘာမှမပတ်သက်ဘူး။ ဖြစ်ခြင်းရဲ့အကြောင်းတရားတွေကို ပညာရှင်များအနေနဲ့ဖေါ်ထုတ်ပြကြတယ်၊ ပညာရှင်တွေပြောပြတာကို ငါလက်ခံတယ်၊ ဒါဟာ အကြောင်းတရားတွေပြည့်စုံလို့ ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်ပဲလို့ ငါလက်ခံတယ် ” ဟု သူကဆိုလေသည်။ ၎င်းနောက် သူကပင်ဆက်လက်၍  “ အခု ငါသိချင်တာက ဗုဒ္ဓရဲ့တရားတော်အရ ဒီလိုပြဿနာမျိုးတွေမှာ ဘယ်လိုဖြေရှင်းနိုင်ပါသလဲ? သိချင်ပါတယ် ” ဟု ဆိုလာလေသည်။ သူ၏အမေးအတွက် ဖြေဆိုရန်မြတ်ဗုဒ္ဓကအပြည့်အစုံဟောထားပြီးဖြစ်သော်လည်း အချက်အလက်ကို တိတိကျကျဖြစ်ဖို့နှင့်ချက်ချင်းကြီးဖြေဆိုဖို့အတွက် မိမိအနည်းငယ်တုန့်ဆိုင်းသွားလေသည်။ သို့သော်လည်း မိမိကကြိုစား၍ ဖြေဆိုခဲ့သဖြင့်ကျေနပ်လောက်သည့်အထိ ခံစားရမိပါသည်။

ဖြေ….၁၁။  “ စကြာဝဠာကြီးထဲမှာရှိတဲ့ သက်ရှိတွေရော သက်မဲ့တွေရော အားလုံးသောဖြစ်ရပ်ဖြစ်စဉ်တွေဟာ ( ၂၄ ) ( ပဋ္ဌာန်း ၂၄ ပစ္စည်း ) မျိုးသော ကြောင်းကျိုးနိယာမတွေကြောင့် ဖြစ်နေ ပျက်နေကြတာဖြစ်တယ်လို့ မြတ်ဗုဒ္ဓက တိတိကျကျဟောခဲ့ပြီးပါပြီ။ ဒီ ( ၂၄ ) မျိုးသောကြောင်းကျိုးနိယာမတွေရဲ့အပြင်ဘက်မှာ စကြာဝဠာကြီးကိုရော သက်ရှိသက်မဲ့တွေရော အားလုံးကိုရှာလို့မတွေ့နိုင်တော့ဘူး။ စကြာဝဠာကြီးကိုရော သက်ရှိတွေ သက်မဲ့တွေကိုရော အားလုံးကို ဒီကြောင်းကျိုး ( ၂၄ ) မျိုးနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီ ( ၂၄ ) မျိုးရဲ့အဝန်းအဝိုင်းထဲမှာပဲရှိတယ်။ ဒါတွေဟာ မူလသီအိုရီတွေဖြစ်တယ်။ ဒီ ( ၂၄ ) မျိုးထဲကမှ အသေးစိတ်သီအိုရီတွေကလဲ သိန်းသောင်းမက များပြားလှပါတယ်။ ”။ သောက်လက်စ ကော်ဖီတို့ကား ပူခြင်းသဘောမှ အေးခြင်းသဘောသို့ ဖေါက်ပြန်ကုန်ကြပြီ။ သို့သော် သူတို့ကား ကော်ဖီ၏ ဖေါက်ပြန်ခြင်းထက် စကြာဝဠာသီအိုရီ၏ ဖေါက်ပြန်ခြင်းကို ပို၍စိတ်ဝင်စားလာကြသည်။ လျှာဖြင့်ခံစားရသော အရသာထက် ဦးနှောက်ဖြင့်ခံစားရသောအရသာတွင် သူတို့စီးမျောနေကြလေပြီ။

 “ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ အဲဒါတွေ အားလုံးကိုရှင်းပြပါနော်၊ ဒါတွေငါတို့ လုံးဝမကြားဖူးဘူး၊ မဖတ်ခဲ့ဖူးဘူး ” ဟု ပျော်ရွှင်အားတက်သော စကားလုံးများဖြင့် သူတို့ရေရွတ်နေကြသည်။ တောင်းဆိုနေကြသည်။  “ အေးပါ ရှင်းပြမှာပါ၊ ဒါပေမယ့် ဒီအကြောင်းအရာတွေက အထက်တန်းအဆင့်တွေဖြစ်တယ်။ မင်းတို့ ခုလေ့လာနေတဲ့ အခြေခံအဆင့်ပြီးဆုံးတော့မှ ပိုလို့နားလည်မယ်။ ဗုဒ္ဓကိုပိုလို့အံ့သြမယ်။ လေးစား ကြည်ညိုကြမယ် ”။ မိမိက ဤသို့ဆိုလိုက်သည်တွင် “ အဲဒီ ( ၂၄ ) မျိုးထဲက တစ်မျိုးလောက် ပထမပြောပြပေးပါလား ” ဟု Mrs Poceddu က ဆိုလာသည်။ “ နောက်ပိုင်း သက်ဆိုင်တဲ့အခန်းရောက်မှ ပြောပြပေးပါမယ်။ အဲဒါတွေပြောပြဖို့အတွက် ဒီမှာအချိန်မလောက်ဘူး၊ ခုမေးထားတဲ့ မေးခွန်းအတွက် ခြုံမိငုံမိတဲ့အချက်နဲ့ပဲ ငါဖြေပါမယ် ”။ မိမိပြောသော အကြောင်းပြချက်ကို သူတို့ မကန့်ကွက်ဘဲ တညီတညွတ်တည်း နှုတ်ဆိတ်ခြင်းဖြင့် လက်ခံလိုက်ကြလေသည်။

ခုပြောပြခဲ့တဲ့ ( ၂၄ ) မျိုးသော ကြောင်းကျိုးနိယာမသီအိုရီတွေကို အကျဉ်းချုပ်လိုက်ရင် ငါးမျိုးဖြစ်လာတယ်။ အဲဒါတွေကတော့
၁။ ဥတုနိယာမ
၂။ ဗီဇနိယာမ
၃။ ကမ္မနိယာမ
၎။ ဓမ္မနိယာမ
၅။ စိတ္တနိယာမ တို့ပဲဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဖြစ်နေ ပျက်နေကြတဲ့ သက်ရှိသက်မဲ့အရာရာဟာ ဒီငါးမျိုးကြောင့်ပဲ ဖြစ်နေပျက်နေကြတာပဲဖြစ်တယ်။ ဆိုလိုတာက နေဗဟိုရ်ပြုစကြာဝဠာကြီးတစ်ခုလုံးကိုရော သက်ရှိသက်မဲ့တွေရော အားလုံးကို ဒီနိယာမငါးမျိုးနဲ့ ဖွဲ့စည်းထားတာပဲ။ ဒီနိယာမငါးမျိုးကို ဘယ်သူကမှဖန်ဆင်းထားတာမဟုတ်ဘူး။  ဘယ်ဘာသာရေးခေါင်းဆောင်ကမှလဲ မဖေါ်ထုတ်နိုင်ခဲ့ဘူး။ ဗုဒ္ဓတစ်ပါးတည်းကသာ ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓရဲ့တရားတော်တွေဟာ ဖေါ်ထုတ်တွေ့ရှိချက် Discoveries တွေဖြစ်တယ်၊ ဖန်ဆင်းတဲ့လက်ရာ ( Creation ) တွေမဟုတ်ဘူး၊ ဒါကြောင့် ဗုဒ္ဓကတော့ ရှာဖွေဖေါ်ထုတ်တင်ပြပြီးတော့ လမ်းညွန်သူသာဖြစ်တယ်၊ ဖန်ဆင်းရှင်မဟုတ်ဘူး လို့ မင်းတို့ကို ငါအကြိမ်ကြိမ်ပြောခဲ့တာဖြစ်တယ်။


 မိမိကအေးနေပြီဖြစ်သော ဘလက်ခ်ကော်ဖီဖြင့် ခြောက်လာသော အာကိုဆွတ်လိုက်သည်။ သူတို့အားလုံးလဲ ပူပူနွေးနွေးအရသာ ပျယ်နေပြီဖြစ်သောကော်ဖီကို တပြိုင်တည်းပင် အရသာမခံဘဲ မော့လိုက်ကြသည်။ သူတို့ကား ကော်ဖီ၏အရသာကို နစ်နစ်နောနော ခံစားလေ့ရှိသော်လည်း ယခုမူ ဓမ္မစကား၏အရသာဖြင့် အစားထိုးခံစားနိုင်ကြလေပြီ။ ဖုန်းလာသည်ကိုပင် မကိုင်ကြဘဲ ဓမ္မစကားတွင် စီးဝင်နေကြလေပြီ။ ဤတွင် အကြောင်းအရာမှာ ကျယ်ပြန့်လေးနက်နေသောကြောင့် စဉ်းစားဖို့ရန်အချိန်ယူလိုသဖြင့် သင်တန်းဌာနရောက်မှသာ ဆက်လက်ရှင်းပြမည်၊ ခု ပြန်ကြစို့ဟု မိမိက ပြောလိုက်သည်ကို အားလုံးက သဘောတူသဖြင့် အတွေးကိုယ်စီဖြင့် နှုတ်ဆိတ်လျှက် ကော်ဖီဆိုင်ကို ကျောခိုင်းခဲ့ကြတော့သည်။ ( ဆက်လက်ဖေါ်ပြပါမည် )

Sunday, October 12, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂၂ ) ငါက ဗုဒ္ဓယာန


ထိုနေ့ ဒုတိယပိုင်း သင်တန်းသည် ထူးခြားသောမေးခွန်းများမရှိဘဲ အလွယ်တကူပင်ပြီးဆုံးခဲ့သည်။ ထိုနေ့ညအတွက် ဟယ်ဆင်ကီမြို့ ရှိ ဦးအောင်ခိုင်+ဒေါ်မိမိပို မိသားစုမှ ပင့်ဖိတ်ထားသဖြင့် သူတို့အိမ်သို့သွားရောက်ကိန်းစက်အနားယူရသည်။ သူတို့အိမ်တွင် တည်းခိုကိန်းစက်ရသည်မှာလည်း လိုလေသေးမရှိအောင်ပြုစုပေးသဖြင့် အဆင်ပြေလှသည်။ အထူးသဖြင့် နံနက်ခင်းအာရုံဆွမ်းအတွက် နန်းကြီးသုပ်ဘုန်းပေးရသည်မှာ ဥရောပတွင်နေထိုင်သောရဟန်းတပါးအနေဖြင့် ရှားရှားပါးပါး မဟာဒုတ်ဆွမ်းပင်ဖြစ်သည်။ တနင်္ဂနွေနေ့နံနက်တွင် ဦးအောင်ခိုင်နှင့်ဦးညိမ်းမိုးတို့မှ သင်တန်းရှိရာဌာနသို့ ကားဖြင့်လိုက်ပို့ပေးကြသည်။ ထိုနေ့ နံနက်ခင်း Buddhism ပို့ချချက်များနှင့်ပတ်သက်၍ မေးခွန်းများမေးရန် ဖိတ်ခေါ်သော်လည်း မေးစရာမရှိအောင် ရှင်းလင်းကြောင်းပြောပြကြသဖြင့်သက်သာခွင့်ရခဲ့သည်။ နံနက်ခင်း ပို့ချချက်များပြီးဆုံးသဖြင့် နေ့လည်ဆွမ်းကပ်ရန် ဖင်းစားသောက်ဆိုင်သို့ပင့်သွားကြသည်။ ဆိုင်မှာသားသတ်လွတ်ဆိုင်ဖြစ်ပြီး ဟင်းအမယ်များမှာလည်း ( ၂၀ ) နီးပါးခန့်ရှိမည်ထင်သည်။ 
အချို့ ဟင်းများကို စားလည်းမစားဖူး မြင်လည်းမမြင်ဖူးသောကြောင့် မြည်းစမ်းကြည့်ရုံမျှသာထည့်ရသည်။

 ယမန်နှစ်က ဖင်းလူမျိုးများဆွမ်းကပ်စဉ်ဝယ် အစိမ်းရောင်ဂေါ်ဖီပန်းပွင့်အကြော်ကို ကောင်းလိမ့်မည်အထင်ဖြင့် ထည့်၍ဘုန်းပေးခဲ့လေရာ ပါးစပ်ထဲရောက်ခါမှ ဘယ်လိုမှမခံနိုင်သော အနံ့ဆိုး၏ရိုက်ခတ်မှုကြောင့် ဆွမ်းမစားနိုင်ဘဲ ဖြစ်ခဲ့ရသည်။ သူတို့ရိုးရာ ဟင်းခတ်အမွှေးအကြိုင်သည် မိမိအတွက် အရသာမတိုးဘဲ အနံ့ဆိုးသာဖြစ်ခဲ့သည်။ သို့နှင့် ဆွမ်းမစားရဘဲ ဒုက္ကရစရိယာမှတ်တမ်းဝင်ခဲ့သောနေ့ကြုံခဲ့ရဖူးသည်။ ထိုအတွေ့အကြုံအရ ဒုက္ကရစရိယာမှတ်တမ်း နောက်တစ်ကြိမ်မဝင်လိုသောကြောင့် ခပ်ကြောက်ကြောက်နှင့်ပင် မြည်းစမ်းကာဘုန်းပေးရသော နေ့ထူးနေ့မြတ်ဖြစ်ခဲ့ရပေသတတ်။

ဆွမ်းဘုန်းပေးပြီးသောအခါ ဘေးချင်းကပ်လျှက်ရှိသောကော်ဖီဆိုင်သို့ ခရီးဆက်ကြသည်။ ကော်ဖီဆိုင်မှဖွင့်ထားသော သီချင်းကိုနားထောင်ရင်း Mikko Koponen ဟူသောအမျိုးသားတစ်ယောက်က ယနေ့ခေတ်ဂီတ၏ ငြိမ့်ငြောင်းသာယာမှုမရှိပုံ၊ ကကွက်ကဟန်တို့သည်လည်း ယခင်နှင့်မတူပြောင်းလဲလာပုံနှင့် ယနေ့ခေတ်အနုပညာများကို သူခံစား၍မရကြောင်းတို့ကို ပြောပြနေသည်။ “ အော် သူတို့လဲ တို့နိုင်ငံကရှေးလူကြီးတွေလိုပါပဲလား ” ဟု မှတ်ချက်ပြုမိသည်။ သို့နှင့်ထွေရာလေးပါးပြောဖြစ်ကြရင်း သူကပင် မေးခွန်းထုတ်လာပြန်သည်။ သူကား Buddhism ကိုအလွန်စိတ်ဝင်စားထက်သန်သူဖြစ်သည့်ပြင် အလွန်ရိုသေကိုင်းရှိုင်းသူလည်းဖြစ်သည်။

မှတ်မိသေးတော့သည်။ မိမိဟယ်ဆင်ကီတွင် သီတင်းသုံးစဉ်က Mikko သည် မိမိကိုဆွမ်းစားပင့်ခဲ့ဖူးပြီး ဆွမ်းဘုန်းပေးပြီး၍ သူ့ကားဖြင့်ပြန်လိုက်ပို့သည့်အခါ ကားထဲတွင်မိမိကမေးလိုက်သည်။ ( ထိုစဉ်က ယခုလောက် မရင်းနှီး မသိရှိသေး ) “ မင်းက မဟာယာနဗုဒ္ဓဘာသာလား ထေရဝါဒဗုဒ္ဓဘာသာလား ”  “ ငါက မဟာယာနလည်းမဟုတ်၊ ထေရဝါဒလည်းမဟုတ်ဘူး၊ ဗုဒ္ဓယာနပါ၊ ဗုဒ္ဓလမ်းစဉ်ကိုပဲ ကျင့်သုံးတယ်၊ ဘယ်ဂိုဏ်းကပဲဖြစ်ဖြစ် ဗုဒ္ဓဟောတဲ့တရားဆိုရင် လက်ခံတယ် ”  ဤသို့မဆိုင်းမတွပြန်ဖြေခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ဗုဒ္ဓဓမ္မအပေါ် သူ၏သဘောထားနှင့်အမြင်ပင်ဖြစ်သည်။ သူ၏ဗုဒ္ဓဓမ္မအပေါ် ရှုမြင်မှုသည် အစွဲကင်းသည်ဟု ယူဆမိသည်။ မိမိကလည်း ငါကမင်းကိုခွဲခြားတဲ့အနေနဲ့ မေးခြင်းမဟုတ်၊ အကျိုးအကြောင်းသိရုံမျှသာ မေးခြင်းဖြစ်ကြောင်းပြောပြသည့်အခါ သူနားလည်ပါကြောင်းနှင့်ပြဿနာမရှိကြောင်း ပြန်လည်ပြောပြခဲ့ဖူးသည်။

သူတို့အဖွဲ့ သည် အခါအားလျော်စွာ မိမိကျောင်းသို့လာရောက်ပြီး ဝေယျာဝစ္စများလုပ်ရင်း ဓမ္မအကြောင်းများကိုဆွေးနွေးခဲ့ကြဖူးသည်။ ဆွေးနွေးမှုတို့သည် နွေးထွေးမှုနှင့်အေးချမ်းမှုတို့အပြင် ဓမ္မအသိဥာဏ်နှင့်သဒ္ဓါတရားကိုပါ မြှင့်တင်နိုင်ခဲ့သည်။ ထို့နောက် ဒေါက်တာဘွဲ့ အတွက် ကျမ်းရေးပြီးသောအခါ မိမိကအိန္ဒိယသို့ ကျမ်းတင်ရန်ပြန်သွားရသဖြင့် သူတို့နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။ ယခင်လ ဓာတ်တော်ပူဇော်ပွဲတွင် သူနှင့်အမှတ်မထင်ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီး ဤသင်တန်းစဖြစ်သောအချိန်တွင်ကား အတော်ပင်ရင်းနှီးမှုဖြစ်ခဲ့သည်။ အပြန်အလှန်နားလည်မှုဖြင့်ပို၍နွေးထွေးသော လေးစားသော ဆက်ဆံရေးဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ပေါ့ပါးလွတ်လပ်စွာမေးလေ့ရှိပြီး မိမိကလည်း ပေါ့ပါးလွတ်လပ်စွာပင်ဖြေဖြစ်ပါသည်။ ယခုတကြိမ် မေးသောမေးခွန်းသည်ကား အလွန်စိတ်ဝင်စားဖွယ်လည်းဖြစ်ပြီးလျှင် အလေးအနက်ထား၍ ဖြေဆိုရသောမေးခွန်းလည်းဖြစ်သည်။ ….။ ( ဆက်လက်ဖေါ်ပြပါမည် )


***ဓမ္မမိတ်ဆွေများ၏အမှာစကား***