သူမ၏အမေးကိုဖြေပြီးသောအခါ မိမိကသူတို့အားသိလိုသည့်အရာများကို
ဤသို့တောင်းဆိုခဲ့သည်။“မင်းတို့ နိုင်ငံကစုံတွဲမောင်နှံတွေရဲ့အကြောင်းတွေကို
သိချင်တယ်။ နောက်ပြီးတော့ လူတွေလက်ရှိတွေ့ကြုံဖြစ်ပျက်နေတဲ့
နေ့စဉ်ဘဝအခြေအနေတွေလဲသိချင်တယ်။ ပြောပြပေးပါ ” ဟုတောင်းဆို
လိုက်သည်။ ထိုစဉ်အမျိုးသားတယောက်က နာရီကိုကြည့်၍ “ဆွမ်းစားချိန်နီးပြီ၊
ဆွမ်းဆိုင်ရောက်မှပဲ ဆွမ်းစားပြီးကော်ဖီသောက်ရင်း ပြောပြမယ်” ဟုဆိုလာသည်။ သို့နှင့်နေ့ဆွမ်းစားရန်အတွက် အပြင်ထွက်ခဲ့ကြတော့သည်။
လမ်းရောက်တော့ “အရှင်ဘုရားကိုအာရှဆိုင်မှာဆွမ်းကပ်မယ်။ နီပေါဆိုင်ကိုသွားကြမယ်။ နီပေါအစားအစာသိပ်ကောင်းတယ်။ နီပေါအစားအစာကိုကြိုက်လား”
ဟုမေးလာသည်။ မိမိကလည်း “အဆိပ်မဖြစ်သောအစားအစာမှန်သမျှ
ကြိုက်တာတွေပဲများပါတယ်” ဟုပြောလိုက်သည်။ နီပေါဆိုင်သို့ရောက်ကြသည့်အခါ
အစားအစားများမှာထားဆဲအချိန်တွင် မိမိကသိလိုသည့်မေးခွန်းများဖြေကြားပေးရန်
တောင်းဆိုလိုက်သည်။
သူတို့ပြောသမျှကို စာရေး၍မှတ်ထားလိုက်ရာ အချက် ၁၁ ချက်မျှရှိသည်။
ပြောသမျှကိုရေးမှတ်ပြီးသောအခါ မှာထားသည့်နီပေါအစားအစာများရောက်လာသည်။ အိန္ဒိယတွင်နေထိုင်ကာပညာသင်လာခဲ့သောမိမိအဖို့ နီပေါအစားအစာသည်
ရင်းနှီးပြီးသားပင်ဖြစ်နေလေပြီ။ ထိုစဉ်ခဏဝယ် နီပေါနိုင်ငံ
ခတ္တမန္ဒူမြို့ တော်သို့ရောက်ခဲ့စဉ်က မြန်မာဟင်းချိုမှာစားခဲ့ဖူးသည်ကိုသတိရမိသည်။ ကြီးမားလှသောစားသောက်ဆိုင်ကြီးထဲသို့ဝင်ရောက်ပြီးနောက် ရနိုင်သည့်အစားအစာ စာရင်းကိုကြည့်လိုက်သည့်အခါ မြန်မာဟင်းချိုဟူသောနာမည်ကိုတွေ့လိုက်သည်။
သို့နှင့် မြန်မာလက်ရာနှင့်အရသာအတိုင်းတကယ်ဟုတ် မဟုတ်သိလိုသဖြင့်မှာလိုက်သည်။ ဟင်းချိုကိုသောက်ကြည့်လိုက်သည့်အခါ အမှန်ပင်မြန်မာဟင်းချို၏
အရသာကိုတွေ့ထိရသဖြင့်အံ့သြခဲ့ဖူးသည်။ယခုဆိုင်တွင်ကား
နီပေါအစားအစာသက်သက်သာလျှင်ရနိုင်လေသည်။
ယခုတော့ သူတို့ပြောသမျှကိုရေးမှတ်ထားသောစာရွက်မှာ
ဘယ်ရောက်သွားသည်မသိတော့ဘဲ ကြက်ပျောက်ငှက်ပျောက်ပျောက်ဆုံးသွားတော့သည်။
သို့ဖြစ်၍ ဤနေရာ၌ မိမိမှတ်မိသမျှကိုသာရေးသားပါမည်။
သူတို့ပြောပြသည်များမှာ
၁။ ဖင်လန်နိုင်ငံတွင် လင်မယားကွာရှင်းမှုတွေများလာနေတယ်
၂။ အလုပ်လက်မဲ့တွေတိုးလာနေတယ်
၃။ ပညာတတ်အလုပ်လက်မဲ့များလည်း တိုးလာနေတယ်
၎။ လူတွေမှာ စိတ်ဖိစီးမှုတွေများလာနေတယ် မပျော်ရွှင်ကြဘူး
၅။ သက်ကြီးရွယ်အိုတွေမှာ စိတ်အလိုမကျမှုတွေဖြစ်နေကြတယ်
၆။ လုပ်ငန်းခွင်မှာ အထက်လူကြီးရဲ့ဖိအားကြောင့် ပျော်ရွှင်မှုနဲလာတယ် စသည်ဖြင့်ပွင့်လင်းစွာ ရင်ဖွင့်ကြသည်။အထက်ပါအချက်တို့တွင် ပို့ချဆဲဖြစ်သော
အကြောင်းအရာနှင့်ဆက်စပ်နေသည့် “ လင်မယားကွာရှင်းမှုတွေများလာနေတယ်” ဆိုသောအချက်ကိုဆွေးနွေးချင်စိတ်ဖြစ်လာသည်။ သို့ဖြစ်၍ မိမိက
“ကွာရှင်းမှုတွေများလာရတာ ဘာကြောင့်လို့မင်းတို့ထင်လဲ” ဟု မေးလိုက်သည့်အခါ
“မသိဘူး၊ သူများမိသာစုအရေးကို ငါတို့မသိဘူးလေ” ဟုဆိုလေသည်။
သို့နှင့် ဆွမ်းကိစ္စပြီးသဖြင့် သင်တန်းဌာနသို့ပြန်လာခဲ့ကြသည်။
သင်တန်းဌာနသို့ပြန်ရောက်၍ ခေတ္တအနားယူပြီးနောက် အချိန်စေ့ရောက်သဖြင့်သင်တန်းကိုပြန်လည်စတင်သည့်အခါ
မိမိကမေးလိုက်သည်။ “ငါပြောပြခဲ့တဲ့ အချက်ငါးချက်ကိုမင်းတို့နိုင်ငံမှာကျင့်သုံးကြသလား”
ဆိုတော့ “ငါတို့က ကြားတောင် မကြားဖူးဘူး” ဟုဆိုလေသည်။
“ဇနီးမောင်နှံနှစ်ယောက်ဟာ အထက်ပါအချက်ငါးချက်ကိုသာတကယ်ကျင့်သုံးကြရင် ကွာရှင်းမှုဆိုတာမဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင် အနည်းအကျဉ်းပဲဖြစ်မှာပါ” ဟု မိမိ၏ယူဆချက်ကိုပြောပြသည့်အခါ သူတို့က ခေါင်းညိတ်ပြလျှက် အချို့ က ပြုံးပြလျှက် သဘောတူကြောင်းတုန့်ပြန်ကြသည်ကိုတွေ့ရလေသည်။ “ဒါနဲ့ မင်းတို့မိသားစုဘဝတွေမှာ ငွေကိုဘယ်သူကကိုင်သလဲ” ဟု ရုတ်ခြည်းပေါ်လာသောမေးခွန်းကိုမေးလိုက်သည်။ “ငွေကိုသီးခြားထိန်းသိမ်းကိုင်တွယ်သူတော့မရှိပါဘူး။ ကိုယ့်လစာက
ကိုယ့်ဘဏ်ကဒ်ထဲကိုဝင်လာတယ်။ ကိုယ့်ဖာသာကိုယ်သုံးချင်တာသုံးတယ်။ ဒါပေမယ့် အိမ်အတွက်တခုခုဝယ်မယ် သုံးစွဲမယ်ဆိုရင်တော့ ဥပမာ ကားဝယ်မယ်ဆိုရင်ပေါ့လေ နှစ်ယောက်သားတိုင်ပင်ကြပါတယ်” ဟုဖြေလေသည်။ သို့နှင့်မိမိကပင် နောက်ထပ်မေးခွန်းတခုဖြင့်ထပ်ဆင့်၍ပစ်သွင်းလိုက်ပြန်သည်။
( ဆက်လက်ဖေါ်ပြပါမည်)