Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, December 25, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၇ ) သီလပါရမီ

အမှန်စစ်စစ် ပါရမီသီလဟူသည် မည်သည့်စည်းစိမ်နှင့် မည်သည့် နတ်ဘုံ ဗြဟ္မာ့ဘုံကိုမျှ မတမ်းတ မတွယ်တာပဲ ဆောက်တည်ကျင့်သုံးသောသီလပင်ဖြစ်၏။ စာအသုံးအရပြောရလျှင် ဘဝသမ္ပတ္တိနှင့် ဘောဂသမ္ပတ္တိတို့ကို မငဲ့ကွက်ဘဲ ကျင့်သုံးသောသီလဖြစ်၏။ မှန်၏။ စည်းစိမ်ချမ်းသာနှင့် ဘုံဗိမာန်ဌာနများကို တောင့်တ၍ စောင့်သုံးသော သီလသည် စိတ်အားဖြင့် အပြည့်အဝ မဖြူစင် မဖြောင့်မတ်နိုင်ချေ။ အကြောင်းကား စိတ်နှလုံးဖြူစင်မှုနှင့် ရိုးသားဖြောင့်မတ်မှုကို အခြေခံ၍စောင့်သုံးသော သီလသာလျှင် ဖြူစင်မြင့်မြတ်၍ ပါရမီသီလဖြစ်နိုင်သောကြောင့်တည်း။ သာမန်သီလတွင် ကိုယ်မှုနှင့်နှုတ်မှုသည်သာ ပဓာနကျ၏။ ထိုသာမန်သီလကိုအကြောင်းပြု၍ လူ့စည်းစိမ်ကိုလည်း တမ်းတနိုင်၏။ နတ်စည်းစိမ်ကိုလည်း တမ်းတနိုင်၏။ စိတ်ထဲထွင် မကောင်းသည့်အရာများ ကြံစည်နေနိုင်၏။ ကောက်ကျစ်စဉ်းလဲမှုလည်း အစ္ဇျတ္တတွင် ဖြစ်နေနိုင်၏။ ကိုယ်နှင့်နှုတ်ကိုသာ လုံခြုံအောင် အပြင်သို့ ပေါက်မထွက်အောင် စောင့်ထိန်းရခြင်းဖြစ်၏။   ပါရမီသီလတွင်ကား ထိုသို့မဟုတ်၊ ရိုးသားဖြူစင်ဖြောင့်မတ်သော စိတ်နှလုံးကို အခြေခံ၍သာ ကိုယ်မှုနှင့်နှုတ်မှုတို့ကို စောင့်စည်းရ၏။ သို့ဆိုလျှင် မည်သည့်စည်းစိမ်ကိုမျှမတမ်းတ မမက်မောဘဲ စင်ကြယ်သော စိတ်ကိုအခြေခံ၍သာ ဆောက်တည်ရသော ထိုပါရမီသီလသည် အဘယ်သို့ဦးတည်ပါသနည်း။ အဖြေကား ဗောဓိဥာဏ်သို့သာ ဦးတည်ပါသတည်း။ ထိုဗောဓိဥာဏ်သည်လည်း သမ္မာသမ္ဗောဓိဥာဏ် ပစ္စေကဗောဓိဥာဏ် သာဝကဗောဓိဥာဏ်စသည်ဖြင့်ရှိလေ၏။ မှန်၏။ ထိုဗောဓိဥာဏ်ကိုရရှိမှသာလျှင် ဘေးထွက်ဆိုးကျိုးလုံးဝကင်းစင်သော ပျော်ရွှင်မှု ငြိမ်းချမ်းမှု ပြည့်ဝမှုတို့ကို ရနိုင်ပေသည်တကား။  အဘယ့်ကြောင့်ဆိုသော် ဤဗောဓိဥာဏ်ပညာတော်တို့သည် ကိုယ်မှု နှုတ်မှု စိတ်မှုတို့ ဖြူစင်ဖြောင့်မတ်သော ပါရမီသီလကို အခြေခံ၍ ရှာဖွေရရှိခဲ့ခြင်းကြောင့်ပင်တည်း။   ဤအကြောင်း အနည်းငယ်ရှင်းပါမည်။ ကမ္ဘာပေါ်ရှိ ပညာရှင်အချို့နှင့် စာရေးဆရာအချို့တို့က ယနေ့ခေတ်သည် ပညာခေတ်ဟု ဆိုကြ၏။ ထိုသူတို့ဆိုသည့်အတိုင်း ယနေ့ခေတ်သည် ပညာခေတ်ဆိုက တိုးတက်လာသော သိပ္ပံ ဝိဇ္ဇာပညာရပ်များကိုထောက်ထား၍ ငြင်း၍မရ၊မှန်လှ၏။ သို့သော် ထိုထိုတိုးတက်လာသောပညာရပ်များကြောင့် ဤကမ္ဘာကြီး ပြည့်စုံသွားပီလော၊ လူသားတို့မျှော်မှန်းသော ပျော်ရွှင်မှု အေးချမ်းမှု တည်ငြိမ်မှုတို့ကိုရော ရရှိပါပြီလော။ လူမှုလောကကြီးတစ်ခုလုံး ရည်မှန်းချက်တွေ ပြည့်ဝနေပြီလော။ စဉ်းစားဘွယ်ဖြစ်၏။ အမှန်စင်စစ် ထိုရည်မှန်းချက်များ ပြည့်ဝဘို့ဝေးစွ၊ ပြဿနာများ အတောမသတ်နိုင်အောင်ပင် ဆက်ကာဆက်ကာဖြစ်ပွါးနေ၏။  ကမ္ဘာ့နေရာများစွာ လုပ်ငန်းများစွာ ဌာနများစွာဝယ် ထိုထိုလောကီပညာရပ်များကိုအသုံးပြု၍ စိတ်ထိခိုက်ဖွယ်ရာများ အနိဋ္ဌာရုံများ အော့နှလုံးနာစရာ ဖြစ်ရပ်ဆိုးများ နေ့စဉ်နှင့်အမျှဖြစ်ပေါ်နေကြ၏။ နည်းပညာကိုသုံး၍ ဘဏ်တွေကိုဖောက်၏။ သူတစ်ပါးနိုင်ငံ၏ ထိပ်တန်းလျှို့ဝှက်ချက်တို့ကို ဖောက်၍ ခိုး၏။ သူတစ်ပါးစီးပွါးရေး လုပ်ငန်းများကို နည်းပညာဖြင့် နည်းမျိုးစုံဖျက်၏။ သည်ထက်မက ဘေးထွက်ဆိုးကျိုးများကား များပြားလှပါ၏။ ဤသည်မှာ သီလကိုအခြေမခံသော ကိုယ်ကျင့်သီလမဲ့သော ပညာရပ်တို့၏ ဘေးထွက်ဆိုးကျိုးတို့ပင်တည်း။  ထို့ပြင် တိုးတက်လာပါသည်ဆိုသော ပညာရပ်များကိုအကြောင်းပြု၍ ကိုယ်ကျိုးရှာ လောဘသမားများလည်းပေါ်ပေါက်လာ၏။ တစ်ဖန် ထိုပညာရပ်များကို အသုံးပြု၍ နျူကလီးယားလက်နက်များနှင့် အခြားစွမ်းအားပြင်းလက်နက်များ ထုတ်လုပ်ကာ ကမ္ဘာကို မင်းမူ၍ ခြိမ်းခြောက်နေသော လောဘနှင့် ဒေါသသမားများလည်း ဒုနှင့်ဒေး။ အဆိုးဆုံးမှာ အမှားကို အမှန်ဟုသိကာ အမှန်ကို အမှားဟုပြောင်းပြန်သိနေသော မောဟဖြင့် ထိုထိုလောကီပညာရပ်များကိုအသုံးပြုလျှက် လူမှုလောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခြင်းပင်တည်း။ တိုက်ခိုက်နေခြင်းပင်တည်း။ ဆိုလိုသည်မှာ ယနေ့တိုးတက်လာသော ပညာရပ်များကို လောဘနှင့်လည်းရှာခဲ့၏။
ဒေါသဖြင့်လည်းကြိုးစားခဲ့၏။ မောဟဖြင့်လည်း ပြောင်းပြန်တွေဖြစ်အောင် ကျင့်ဆောင်ခဲ့၏။ နိုင်ထက်စီးနင်း မတရားလွှမ်းမိုးရာ၌ မရှက်မကြောက်ခြင်းဟူသော အဟိရိက အနောတ္တပတို့ဖြင့်လည်း ရက်စက်ခဲ့၏။ ထို့ကြောင့်မည်သည့် လောကီပညာရပ်မဆို ဘေးထွက်ဆိုးကျိုးများ
အနည်းနှင့်အများပါရှိမြဲပင်ဖြစ်၏။ ဤသို့ဆိုခြင်းကြောင့် လောကီပညာရပ်များသည် လောကအတွက် အန္တရာယ်သက်သက်သာဖြစ်သည်ဟုမဆိုလိုပါ။ လောကီပညာရပ်များကြောင့် ကောင်းကျိုးများဖြစ်ထွန်းခဲ့သည်မှာလည်း အထင်အရှားပင်ဖြစ်၏။ လောကအတွက်လောကီပညာရပ်များသည် လိုအပ်ပါ၏။ ကျေးဇူးများပါ၏။  ကိုယ်ကျင့်သီလမပါလျှင် တွေ့ကြုံ ဖြစ်ပျက်နိုင်သော အခြေအနေတို့ကိုသာ ဆိုခြင်းဖြစ်ပါ၏။ အကယ်၍ သီလတရားကိုသာ အခြေခံကျင့်သုံးပါက ထိုထိုလောကီ ပညာရပ်တို့သည် လူမှုလောကကြီးတစ်ခုလုံးအတွက် အလွန်တရာပင် တန်ဘိုးရှိမည်ဖြစ်၏။ ထိုကြောင့် ကိုယ်ကျင့် နှုတ်ကျင့် ဟူသော သီလတရားကို အခြေခံထားသော ပညာရပ်တို့သာလျှင် လူသားတို့မျှော်မှန်းသော ပြီးပြည့်စုံသည့် အခြေအနေသို့ရောက်နိုင်ပါ၏။ ထို့ထက် ပါရမီသီလကိုအခြေခံ၍ ကျင့်သုံးခြင်းဖြင့် ကြိုးစားရှာဖွေရယူခဲ့သော ဗောဓိဥာဏ်ပညာသည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိ။ အလုံးစုံကို ပြီးပြည့်စုံစေနိုင်၏။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ မိသားတစ်စုအတွက်ဖြစ်စေ၊ လူမှုအဖွဲ့အစည်းအတွက်ဖြစ်စေ၊ ကမ္ဘာလောကအတွက်ဖြစ်စေ အေးချမ်းမှု ပျော်ရွှင်မှု တည်ငြိမ်မှု တိုးတက်မှု ရင့်ကျက်မှု ပြည့်ဝမှု ချမ်းသာမှုတို့ကိုသာ အတိပေးလေ၏။ ပါရမီသီလသည် ထိုသို့သော ဂုဏ်ပေါင်းခသည့် ဗောဓိဥာဏ်သို့သာ ဦးတည်ချေသည်တကား။ သို့သော်လည်း ဘုရားအလောင်းတော်သည်ပင် ပါရမီဖြည့်စဉ်ကာလဝယ် မကောင်းမှုများ အားလုံးကင်းစင်ခဲ့သည်တော့မဟုတ်ချေ။ အကြောင်းမှာ မကောင်းမှုများ အားလုံးကင်းစင်သွားလျှင် သမ္မာသမ္ဗောဓိဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိမည်ဖြစ်သောကြောင့်ပင်တည်း။ ထို့ကြောင့်စာဖတ်သူတို့လည်း သီလပါရမီကို ဖြည့်ကျင့်ရာဝယ် နိုင်သလောက် တဖြည်းဖြည်းကျင့်ကြရမည်ပင်ဖြစ်၏။ တစ်ကြိမ်တည်း တစ်ဘဝတည်းဖြင့် စင်ကြယ်ပြည့်စုံစေရန်ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ သီလ၏ ကောင်းကျိုးတို့ကား များပြားလှပါ၏။ ဤနေရာ၌ မဖေါ်ပြတော့ပါ။ ဤမျှဆိုလျှင် သီလ၏အကျိုးကျေးဇူးမည်မျှအထိကျယ်ပြန့်ကြီးမားမည်ကို  စာဖတ်သူများ အလွယ်တကူ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစား၍ သိနိုင်ပါ၏။ ရိုးရိုးသာမန်သီလကိုဖြစ်စေ၊ ပါရမီသီလကိုဖြစ်စေ မိမိနှင့်လောက၏ကောင်းကျိုးကို လိုလားသူမှန်သမျှကျင့်ဆောင်အပ်ပါ၏။ ကျင့်ဆောင်ကြပါရန်လည်း တိုက်တွန်းအပ်ပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***