Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, January 8, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၉ ) ပညာပါရမီ

ပညာဟူသော သဘောတရားသည် အလွန်ကျယ်ပြန့်နက်ရှိုင်း၏။ ထိုသို့ကျုယ်ပြန့်သောပညာရပ်များကို ပညာရှင်များ စာရေးဆရာများ တရားဟောဆရာများ စသူတို့သည် လက်လှမ်းမီသလောက် သူတို့၏ရှုထောင့် သူတို့၏အတွေ့အကြုံများကိုအခြေခံကာ အသီးသီးဖွင့်ပြချပြ သင်ပြရေးပြခဲ့ကြ၏။ ပြည့်စုံသောအဓိပ္ပါယ်သို့ရောက်သည်လည်းရှိ၏။ မရောက်သည်လည်းရှိ၏။ မည်သို့ဆိုစေ ပညာ၏သဘောတရားကို သင်ပြဖွင့်ပြ ရေးပြခြင်းတို့ဖြင့် လက်ဆင့်ကမ်းခဲ့ကြသော ရှေးရှေးသောဆရာ့ဆရာများကြောင့်ပင် မိမိတို့သည်ယနေ့တိုးတက်သောပညာများဖြင့်နေနိုင်ကြ၏။ ဖွံ့ဖြိုးသောနိုင်ငံများကိုတည်ထောင်နိုင်ကြ၏။ လွယ်ကူသက်သာသော ဆက်သွယ်ရေး စားဝတ်နေရေး သွားလာရေး သယ်ယူပို့ဆောင်ရေးစသည့် လှု့အမှုအရေးအရာများမှအစ တိရစ္ဆာန်အရေး ပတ်ဝန်းကျင်အရေးစသည့်စသည့် သက်ရှိသက်မဲ့အရေးအရာ အားလုံးအတွက်ပညာဖြင့်စီမံဖန်တီးတည်ဆောက်လာနိုင်ကြ၏။ ပညာရပ်များကို
ခေတ်အဆက်ဆက်လက်ဆင့်ကမ်းခဲ့ သယ်ဆောင်ခဲ့ကြသော ရှေးရှေးသောပညာရှင်များ၏ ကျေးဇူးပေတကား။ အထူးသဖြင့် ယနေ့ကမ္ဘာတွင် အာဏာရှင်များတဖြည်းဖြည်းကျဆုံး၍ ပညာရှင်များတဖြည်းဖြည်းတိုးပွါးလာကာ နေရာရလာသည့်အတွက် မိမိအနေဖြင့် ကျေနပ်မိပါ၏။ဝမ်းသာအားရဖြစ်မိပါ၏။ အကြောင်းကား လောကအတွက်မင်္ဂလာရှိသော တိုးတက်မှုဖြစ်သောကြောင့်ပင်တည်း။ စာဖတ်သူများလည်းမိမိကဲ့သို့ခံစားမိမည်ဟုယုံကြည်မိ၏။ မိမိတို့လူ့သမိုင်းကို အနည်းငယ်စေ့ငုကြည့်ပါက ကမ္ဘာဦးမှသည် ယနေ့ခေတ်အထိ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို တဖြည်းဖြည်းချင်း အာဏာနှင့် ပညာဟူသော ယန္တရားနှစ်ခုဖြင့်မောင်းနှင်လာခဲ့၏။ အစကနဦးတွင် အာဏာသည်အသာစီးရခဲ့သော်လည်း ရာစုနှစ်များစွာတွင်ပညာရှင်များနှင့် ပညာချစ်သူများ၏ အချိန်ကာလနှင့် အသက်များကိုပေး၍ကြိုးစားခဲ့မှုကြောင့် နောက်ပိုင်းတွင်ပညာသည်တဖြည်းဖြည်းခြင်းဖြင့် အားကောင်းလာခဲ့ကာ အသာစီးရလာခဲ့၏။ ထိုသို့ပညာ၏အသာစီးရမှုကြောင့်ပင် ယနေ့ခေတ်လူသားများ ကမ္ဘာ့ရွာစံနစ်ကြီးဖြစ်အောင် တည်ဆောက်လာနိုင်ခဲ့ကြ၏။ သို့သော်လည်း နိုင်ငံတိုင်း အဖွဲ့အစည်းတိုင်းတွင် ပညာအသာစီးရသည်တော့မဟုတ်သေးချေ။ ပညာအသာစီးရ၍ ပညာရှင်ကိုတန်ဘိုးထားတတ်သော နိုင်ငံနှင့်အဖွဲ့အစည်းများတွင် ရေတိုရောရေရှည်ပါ ခိုင်ခံ့တိုးတက်၏။ အဂတိတရားများကင်းလျှက်တရားမျှတသော အေးချမ်းသောလူ့အဖွဲ့အစည်းများကို တည်ဆောက်နိုင်သည်ကိုတွေ့ရ၏။ ပညာရှင်ကိုတန်ဘိုးမထားတတ်သော နိုင်ငံနှင့်အဖွဲ့အစည်းများတွင် အေးချမ်းမှုလဲမတည်ဆောက်နိင်သလို ဖွံ့ဖြိုးမှုလည်းမရှိ၊တရားမျှတမှုဟူသည်မှာ စဉ်းစား၍ပင်မရနိုင်သောအချက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အခွင့်အရေးနှင့်အာဏာကိုသာ အလေးပေးသောကြောင့်ပင်တည်း။ မှန်၏။ အာဏာရှင်၏ ဦးဆောင်မှုနောက်တွင် အခွင့်အရေးသမားသည်သာ အစဉ်လိုက်၏။ ပညာရှင်များအလုပ်လုပ်၍ မဖြစ်နိုင်ချေ။ အကယ်၍ အာဏာရှင်စေခိုင်းတိုင်းပြုလုပ်သော ပညာရှင်ရှိသည်ဆိုပါလျှင် ထိုပညာရှင်သည် ကရုဏာမဲ့သော အတ္တကြီးသောအခွင့်ရေးသမားသာဖြစ်မည်ဟုယူဆမိ၏။ ဤအချက်ကို ယနေ့ကမ္ဘာ့ဖြစ်ရပ်ဖြစ်စဉ်တို့ကိုကြည့်၍သိနိုင်နားလည်နိုင်ပါ၏။ ထို့ပြင် မိမိတို့နေ့စဉ်အသုံးပြုနေသော ကားများ ရထားများ လေယာဉ်များစသည်ကို သက်ဆိုင်ရာဆီတစ်မျိုးမျိုးဖြင့်ထည့်ကာ မောင်းနှင်ရ၏။ ဆီမရှိပါက ထိုထိုယာဉ်ရထားကို အသုံးပြု၍ရနိုင်မည်မဟုတ်ချေ။ ထို့အတူ မိမိတို့၏ ကိုယ်ပိုင်ဘဝများ၊မိသားစုဘဝများ၊မျိုးနွယ်စုဘဝများ၊လူမှုအဖွဲ့ဘဝအသီးသီးများ၊နိုင်ငံများကို ပညာဖြင့်မောင်းနှင်ပါမှ မိမိတို့လိုရာခရီးပန်းတိုင်ကိုရောက်နိုင်ပေမည်။ ပညာမပါဘဲလျှောက်လှမ်းသောဘဝသည် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေပေလိမ့်မည်။ ထို့ပြင်ဥစ္စာကိုရှာရာ၌လည်း ပညာမဲ့သူသည်ရေတိုဖြတ်လမ်းနည်းကိုအသုံးပြုတတ်၏။ တစ်ခါသုံးဘဝဖြင့်ကုန်ဆုံးရ၏။ တစ်ခါသုံးပလပ်စတစ်ပစ္စည်းကဲ့သို့ပင်တည်း။ သူတို့၏မျိုးဆက်သစ်အဆက်ဆက်အတွက် အမွေမထားနိုင်ခဲ့ချေ။ ပညာရှိသူသည် ရေရှည်မဟာဗျူဟာချမှတ်၍ ဥစ္စာကိုရှာ၏။ ကြာလေခိုင်ခံ့လေဖြစ်၏။ မျိုးဆက်သစ်အဆက်ဆက်အတွက် ကောင်းသောအမွေများ ချန်ထားပေးထားနိုင်ခဲ့ကြ၏။ တို့ပြင် ပညာရပ်များယခုခေတ်လိုမထွန်းကားသေးသော ရှေးခေတ်တွင်သယံဇာတပစ္စည်းများကို အရောင်းအဝယ်လုပ်၍စီးပွါးရှာကာ ချမ်းသာခဲ့ကြ၏။ ဆရာများ၏အဆိုအရ ၁၉၉၀ ခုနှစ်လောက်အထိ ချမ်းသာသူ ( ၁၀ )ယောက်တွင် ( ၉ )ယောက်သည်သယံဇာတပစ္စည်းများကိုရောင်းဝယ်ခြင်းဖြင့်ချမ်းသာခဲ့၏။ တစ်ယောက်သောသူသည်သာ ပညာကိုအရောင်းအဝယ်လုပ်ခဲ့၏။ သို့သော် နောင်ဆယ်နှစ်အကြာ ( ၂၀၀၀ )ခုနှစ်ရောက်သောအခါ ချမ်းသာသူဆယ်ယောက်တွင် ( ၉ )ယောက်သည် ပညာကိုအရောင်းအဝယ်လုပ်ကာ ချမ်းသာလာခဲ့၏။ တစ်ယောက်သောသူသည်သာ သယံဇာတကိုရောင်းဝယ်ခြင်းဖြင့်ချမ်းသာ၏။ ယနေ့ကမ္ဘာတွင် သယံဇာတသည်ရှားပါးလာလေပြီ။ လူ့အဖွဲ့အစည်းတွင်ပညာသည်အသက်သွေးကြောဖြစ်လာနေချေပြီ။ ထို့ကြောင့် နောင်အနာဂတ်တွင်ပညာသည်မည်မျှအရေးကြီးကြောင်း စာဖတ်သူနားလည်နိုင်ပေမည်။ နိုင်ငံအချင်းချင်းကျူးကျော်ရာ၌လည်း ပညာကိုသာအသုံးပြုလာချေပြီ။ ယခင်ကလို ကုန်းတတန် ရေတတန်သွား၍ တိုက်ခိုက်စရာမလိုတော့။ လူအင်အားများစွာသုံးဖွယ်ရာမလိုတော့ချေ။ ပညာဖြင့်မောင်းနှင်ကာ စွမ်းအားပါသောနည်းအမျိုးမျိုးဖြင့် လွှမ်းမိုးနေသည်မှာအထင်အရှားပင်ဖြစ်ပေသည်။ ကျူးကျော်ရေးအတွက်သာမဟုတ်၊ မိမိတို့၏မျိုးနွယ်နှင့်နိုင်ငံကိုကာကွယ်ရာတွင်လည်း ပညာဖြင့်ကာကွယ်ရသောအခြေအနေသို့ရောက်နေပေပြီ။ ထို့ကြောင့် မိမိတို့နိုင်ငံနှင့် အမျိုးဘာသာ သာသနာအတွက် အသက်ပေး၍ကာကွယ်မည် ဆိုသောစကားထက် အမိနိုင်ငံနှင့်အမျိုး ဘာသာ သာသနာအတွက် ပညာဖြင့်ကာကွယ်မည် ဟူသောဆောင်ပုဒ်ကိုကိုင်စွဲသင့်သောအချိန်ရောက်နေပေပြီ။ ထို့ပြင် ပညာမရှိပါကမျိုးနွယ်မျိုးဆက်တို့လည်း ပျက်သုဉ်းသွားနိုင်ပါ၏။ ဥပမာအနေဖြင့် ဒိုင်နှိုဆောနှင့်ဂေါ်ဇီလာ သတ္တဝါတို့သည် မျိုးဆက်ပြတ်သည်အထိ မျိုးသုဉ်းခဲ့ကြပြီဖြစ်၏။ အကြောင်းမှာ မျိုးနွယ်ကိုကာကွယ်နိုင်သော ပညာမဲ့ခြင်းကြောင့်ပင်တည်း။ အခြားအခြားသော မျိုးသုဉ်းသွားသောသတ္တဝါများ၊ မျိုးသုဉ်းလုဆဲဆဲဖြစ်သောသတ္တဝါများလည်း ထို့အတူပညာမဲ့ခြင်းကြောင့်ဟူသည်မှာ အထူးပြောစရာပင်မလိုတော့။ တစ်ဖန် ကျမ္မာရေးရှုထောင့်က ကြည်ြ့ပန်လျှင်လည်း ဥစ္စာကံစောင့် အသက်ဥာဏ်စောင့် ဟူသောစကားအတိုင်း အသက်ရှင်သန်ရေးအတွက် ကျမ္မာရေးအသိပညာသည် အလွန်တရာပင်အရေးကြီးပါ၏။ ကံကြောင့်မဟုတ်ဘဲ ပညာမဲ့ခြင်းကြောင့်သေဆုံးရသူများ များစွာရှိသလို ကျမ္မာရေးအသိပညာရှိခြင်းကြောင့်အသက်ဆက်လက်ရှင်သန်ခွင့်ရရှိကြသူများလည်း များစွာရှိ၏။ အထူးသဖြင့် မိမိတို့နိုင်ငံနှင့်ပတ်သက်၍ မိမိဝမ်းနဲမိသည့်အချက်မှာ တစ်ချိန်ကပညာရည်မြင့်မားခဲ့မှုကြောင့် သမိုင်းတင်နိုင်ခဲ့ပါလျှက် တဖြည်းဖြည်းပညာရည် အားနဲလာမှုကြောင့်သမိုင်းဆက်လက်မတင်နိုင်တော့သည့်အပြင် သမိုင်းပါပျောက်တော့မည့်အနေအထားသို့ရောက်နေခြင်းပင်တည်း။ ကမ္ဘာ့အဝေးကြီးဆီသို့ကြည့်စရာမလို၊ မိမိတို့အိမ်နီးချင်းနိုင်ငံများကိုကြည့်လျှင်ပင် မိမိတို့နိုင်ငံလောက်သမိုင်းမရှိခဲ့သော နိုင်ငံများသည် ယနေ့မိမိတို့ကိုကျော်လွန်ကာ မိမိတို့လူမျိုးများကို အထက်စီးမှ ပိုင်စိုးပိုင်နင်း ခိုင်းစားနေကြပေပြီ။ မိမိတို့ကား ကျိုးနွံစွာ ကျွန်ဖြစ်ရင်းဝမ်းစာရှာနေရချေပြီ။ ပညာရည်မြင့်သူတို့က သမိုင်းသစ်ကိုရေးနေကြလေပြီ။ ဤအချက်ကိုစဉ်းစားလျှင် သူတို့သည် မိမိတို့ထက် ပညာရည်မြင့်မားကြောင်းမှာ ထင်ရှားလှတော့၏။ ဝမ်းနဲဘွယ်ရှက်ဘွယ်ရှိပေစွတကား။ အထက်ပါအချက်တို့မှာ သင်ဆရာ မြင်ဆရာ ကြားဆရာများထံမှ မိမိမှတ်သားလေ့လာဖူးသည်များကို နားလည်သလောက် ပစ္စက္ခအခြေအနေနှင့်ယှဉ်၍ ပညာ၏အရေးပါပုံ လောက၏အသက်သွေးကြောဖြစ်ပုံကို ထောင့်စုံမှသုံးသပ်တင်ပြခြင်းဖြစ်ပါသည်။ ပညာ၏သဘောနှင့် ပညာပါရမီတို့၏ သဘောသဘာဝ အစစ်အမှန်ကိုမတင်ပြရသေးပါ။ အမှန်စင်စစ် ပညာ၏သဘောဟူသည်ဤသို့..........ဆက်ရန်..

***ဓမ္မမိတ်ဆွေများ၏အမှာစကား***