Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, March 23, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၁၁ )

မောင်တော်ဟာ စကားလေးတစ်လုံးနဲ့တောင် နှုတ်မဆက်တော့ဘဲ  ထွက်ခွါသွားခဲ့တဲ့ ညကပေါ့။ မောင်တော် စိတ်ထိခိုက်မိအောင် ဘယ်လိုအရာ တစ်ခုခုများ လုပ်ခဲ့မိပါလိမ့်လို့ စဉ်းစားမိတိုင်း အဖြေမထွက်ခဲ့ဘူး။ နားမလည်နိုင်ခဲ့ဘူး။ အသေအချာ မှတ်မိတာတစ်ခုကတော့ ကံဆိုးမိုးမှောင်ကျတဲ့ လပြည့်ညကြီးဆိုတာပါပဲ။ အဲဒီ ထွက်ခွါသွားမယ့်နေ့မှာလေ ပါရမီဖြည့်ဖက်တို့ရဲ့ ဝတ္တရားတွေ မလစ်ဟင်းရအောင် ပြုစုပီးသားပါ။ ကိုယ့်တာဝန်ကိုယ်ကျေတယ်ဆိုတဲ့ စိတ်နဲ့ ယုံကြည်စိတ်ချ ကြည်နူးစွာပဲ မောင်တော်ရဲ့ လက်မောင်းတော်ပေါ်မှာခေတ္တ လှိုက်လှဲစွာ မှေးစက်ခဲ့တာပေါ့။ ဒါပေမယ့်လေ မောင်တော်ဟာ နှမတော်ကို စွန့်ခွါဘို့ စဉ်းစားဆုံးဖြတ်ခဲ့ပီးသားဆိုတာကို ကြိုတင်မသိခဲ့ရပါဘူး။ မောင်တော်ဟာ အလွန်ယဉ်ကျေးထက်မြက်တဲ့ မဟာလူသားတစ်ယောက်ဖြစ်တဲ့အတွက် နှမတော်ခေတ္တအိပ်ပျော်သွားခဲ့စဉ်မှာ ဖခင်ကောင်းတို့ရဲ့ မဟာကရုဏာနဲ့ သားတော်လေးကိုလဲ ဆိုတေးနဲ့ချော့သိပ်ခဲ့မယ်လို့ ယုံကြည်ခဲ့ပါတယ်လေ။ နှမတော် အသေအချာမှတ်မိနေတာက ညဉ့်ဦးယံမှာ သားတော် ရာဟုလာလေးကို နူးညံ့ညင်သာစွာ ထွေးပွေ့ပီးတော့ နှဖူးတော်လေးကို အသာအယာ နမ်းရှုပ်လိုက်တယ်။ ပီးတော့ ဆက်ပြောလိုက်တာက သားလေးရေ သားလေးရဲ့ မေမေကို စောင့်ရှောက်နော်တဲ့။ မောင်တော်ရဲ့ အပြုအမူတွေအတွက် ဘယ်လိုသံသယမှ မရှိခဲ့သလို မောင်တော် ဘာဆိုလိုမှန်းလဲ မသိခဲ့ရိုးအမှန်ပါ။

      အဲဒီညကလေ မောင်တော်နဲ့နှမတော်တို့ အတူစံမြန်းခဲ့ကြတဲ့ အိပ်ရာကုတင်ဘေးက လေသာပြတင်းကို ဖွင့်ပီးကြည့်လိုက်မိပါတယ်။ သေချာစူးစမ်းလိုက်တော့ ညဟာ ပုံမှန်မဟုတ်ဘဲ မငြိမ်မသက်ဖြစ်နေခဲ့တာကိုတော့ သတိပြုမိပါတယ်။ ပတ်ဝန်းကျင်က လေပြေလေညှင်းတွေဟာ အရင်လိုမညင်သာမငြိမ့်ညောင်းတော့ဘဲ ညာသံပေးပီး သစ်ပင်တွေ ယိမ်းထိုးနေလောက်အောင် တဝီဝီ အော်မြည်တိုက်ခတ်နေလေရဲ့။ ကြားရတဲ့ နှမတော်အတွက် စိတ်မသက်သာ စရာပါလေ။ မောင်တော်ဟာ ဘာမှမပြောမဆိုဘဲ နှမတော်ရဲ့ဘေးနားမှာ နွေးထွေးစွာအားပေးနှစ်သိမ့်ရင်း အိပ်စက်လဲလျောင်းခဲ့ပါသေးတယ်။ အဲဒီနေ့ဟာ အရမ်းပင်ပန်းခဲ့တာမို့ တစ်ခဏလေး တစ်မှေးအိပ်စက်ခဲ့ပါတယ်။ တစ်မှေးဆိုပေမယ့် အဲဒီညဟာ အနှစ်ခြိုက်ဆုံး အိပ်ပျော်ခဲ့ရတဲ့ နောက်ဆုံးညတစ်ညရဲ့ တစ်မှေးပါ။  အဲဒီညရဲ့ နှစ်ခြိုက်စွာ တစ်မှေးလေး မှေးစက်ခဲ့ရတဲ့နောက်မှာတော့ ဘယ်တော့မှ ပျော်ရွှင်အေးချမ်းမှုတွေမရခဲ့တော့ပါဘူး။
နောက်ပီးတော့ မောင်တော်ဟာ ဘယ်အချိန်မှာ စွန့်ခွါသွားခဲ့တယ်ဆိုတာကိုလဲ  မသိခဲ့တော့ပါဘူး။ ဒါတွေအားလုံးကို ကျိန်ဆိုပြောရဲပါတယ် မောင်တော်ရယ်။

        နှမတော်ကိုချစ်ကြင်နာရက်နဲ့ စွန့်ခွါသွားကတည်းက မောင်တော်ပြန်လာနိုင်မယ့် လမ်းတစ်လျှောက် ပြတင်းပေါက်ကိုဖွင့်လို့ အသင့်စောင့်မျှော်ခဲ့တာ နေ့တိုင်းပါပဲ။ အလွန်နူးညံ့တဲ့ ပိုးခြည်နဲ့ ရက်လုပ်ထားတဲ့ ပြတင်းခန်းဆီးကာလေးက ဖေါက်ထွက်လာတဲ့ အလင်းမှိန်မှိန်လေးကို အားပြုပီးတော့ မောင်တော်များ ပြန်လာလေမလားဆိုပီး စောင့်မျှော်ခဲ့ရတာ ညစဉ်ညတိုင်းပါပဲလေ။ ဒါပေမယ့်လဲလေ နှမတော်က မျှော်သာမျှော်ရသူ၊ ပေါ်မလာသူက မောင်တော်ရယ်ပေါ့။ မောင်တော်ပေါ်မလာနိုင်မှန်းသိပေမယ့် အလေ့အကျင့်ဖြစ်နေတဲ့အတွက်ကြောင့် လေသာပြတင်းကို ခပ်ပြင်းပြင်းလေး ထပ်ခါထပ်ခါ ဖွင့်မိကြည့်မိပါရဲ့။ ကြည့်လိုက်တိုင်းမှာ အရာရာဟာ အမြင်တွေဝေဝါးပီးတော့ ခြုံနွယ်ပိတ်ပေါင်းတွေကလဲ ပိန်းပိန်းပိတ်နေအေင် ကာဆီးထားကြလေရဲ့။ ဒါပေမယ့်လေ နှမတော်ရဲ့ နှလုံးသားမှာတော့ ဗလာဟင်းလင်း ကွင်းပြင်ကြီးပါပဲ။

      မောင်တော်ပြန်လာမယ့်နေ့ရက်ကို မမောနိုင်မပန်းနိုင်ဘဲ တမ်းတ ဆွေးမြေ့စွာ အစဉ်အမြဲတွေးနေခဲ့ရသလို မောင်တော်ပြန်လာနိုင်မယ့် နည်းလမ်းများရှိရင်လဲ သိချင်လိုက်တာ။ မောင်တော်ရဲ့ စူးရှထက်မြက်တဲ့ မျက်လုံးတွေရဲ့ အကြည့်အောက်မှာ ရင်ခွင်ထဲတိုးဝင်ပီးတော့ ကျေနပ်ကြည်နူးမှုပီတိလေးကို ခံစားချင်လှပါဘိ။ နောက်ပီးတော့လေ မောင်တော်ရဲ့ ခြေသလုံးကိုဖက်ပီးတော့ နောက်တစ်ကြိမ်ပစ်ခွါမသွားဘို့ အနူးအညွတ်တောင်းပန်ချင်လိုက်တာ။ မောင်တော် စိတ်ပြန်လည်လာအောင် အားပါးတရနမ်းရှုပ်ပီးတော့လဲ
ဖြားယောင်းသွေးဆောင်ချင်လိုက်တာ။ မီးတောင်ပေါက်ကွဲလို့ ထွက်ကျလာတဲ့ ချော်ရည်တွေလို နှမတော်ရဲ့ ရင်တွင်းမှာ မွန်းကြပ်ပီးပေါက်ကွဲထွက်လာတဲ့ ပရိဒေဝ ချော်ရည်တွေကို သန့်စင်ပေးလှဲ့ပါအုံး။ ထွက်ပေါက်လေးပေးပါအုံး မောင်တော်ရယ်။ ပရိဒေဝမီးတွေက မောင်တော်ကို အကျပ်ကိုင်တဲ့ မေးခွန်းတွေမေးခိုင်းနေပီး ဒေါသတွေနဲ့ ရန်တွေ့ခိုင်းနေလို့ပါ။ ဒီလိုရန်တွေ့ခွင့်သာမရရင် မောင်တော်ဟာ နှမတော်ကို မတပ်မက်တော့တဲ့ မျက်လုံးတွေနဲ့ ရိပ်ကနဲဝှေ့ကြည့်လိုက်တဲ့ အချိန်မှာပဲ သေပွဲဝင်လိုက်ရတော့မလား သို့မဟုတ်  ကျောက်ရုပ်ကြီးများဖြစ်သွားလေတော့မလားလို့တောင်
ကိုယ့်ကိုယ်ကိုထင်မိပါရဲ့။ စောင့်ဆိုင်းရင်း ရူးနေခဲ့ရတာ ကြာပီမို့ ကိုယ့်ကိုယ်ကို ဘာမှန်းတောင် မသိတော့ပါဘူးလေ။

        အထူးသဖြင့်တော့လေ နန်းတွင်းပုရောဟိတ်ကြီးတွေ၊ နက္ခတ္တဗေဒပညာရှင်ကြီးတွေက ပြောပြခဲ့ဖူးပါတယ်။
မောင်တော်ကို မွေးဖွားတုန်းကလဲ မြေငလျင်လှုပ်တာကစလို့ ထူးခြားတဲ့ မဟာမင်္ဂလာနိမိတ်ကြီးတွေ
ပေါ်ပေါက်ခဲ့တယ်တဲ့။ နောက်ပီးတော့လေ  မောင်တော်ဟာ လေးကျွန်းတစ်မြင့်မိုရ်လုံးကို အစိုးရတဲ့ စကြာဝတေးမင်းကြီးဖြစ်လိမ့်မယ် သို့မဟုတ် အနိုင်းမဲ့ ဥာဏ်ရှင် သဗ္ဗညုဘုရားသခင် ဖြစ်လိမ့်မယ်တဲ့။ နှမတော်လဲ စဉ်းစားမိတယ်လေ။ နှမတော်မွေးဖွားခါစမှာကတည်းက မောင်တော်လိုလင်ယောကျာ်းမျိုးကို ရလိမ့်မယ်၊ နောက်ပီးတော့ ခမ်းနားထယ်ဝါလှတဲ့ နန်းတော်တွင်းမှာ စည်းစိမ်းချမ်းသာတွေ အခြွေအရံတွေ၊ လိုအပ်တာမှန်သမျှ သက်ရှိသက်မဲ့တွေ ပြည့်စုံဝန်းရံနေရသော်လဲ အသက်မဲ့တဲ့ ကျောက်ရုပ်ကြီးလို အထီးကျန်နေလိမ့်မယ်ဆိုတဲ့
ဟောကိန်းကို ဟောခဲ့သူများရှိခဲ့ရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။ လူတွေက နှမတော်ကို လာလာပီးပြောကြတယ်။ မောင်တော်ရဲ့ ဖြောင့်မတ်မှန်ကန်လှတဲ့ စကားလုံးတွေ၊ နက်ရှိုင်းလှတဲ့ အသိပညာအကြောင်းတွေ၊ မောင်တော်အကြောင်း သတင်းကောင်းတွေကို ပါရမီဇာတ်ညွှန်းစာလွှာထဲက တစ်ဆင့်လာပြောကြတာပေါ့။ ပြောကြပုံကလေ မောင်တော်ဟာ အချိန်တွေအားလုံးကို ကျော်လွန်သွားပီတဲ့။ အနာဂတ်ဖြစ်လာမယ့် တဏှာကိုလဲ ကျော်ခဲ့ပီတဲ့။ အတိတ်က နောင်တတွေကိုလဲ ပစ်ပယ်ခဲ့ပီတဲ့။ ပစ္စုပ္ပန်မှာလဲ အရာရာပြည့်စုံနေတဲ့ မဟာလူသား ဘုရားဖြစ်နေခဲ့ပီတဲ့။ ဒါပေမယ့်လေ နှမတော်အတွက်တော့ အချိန်ဟာ ရှိနေဆဲ စောင့်ဆိုင်းနေဆဲရယ်ပါ။ ဒါအပြင်ထပ်ပြောကြသေးတာက ဘဝလွတ်မြောက်ရေးစစ်ပွဲကို ခြောက်နှစ်ကြာကြာ ဆင်နွှဲလို့အောင်မြင်ခဲ့ပီ။ ဘုရားရှင်ဖြစ်လာခဲ့ပီတဲ့။ ပီးတော့လေ လောကလူသားနဲ့ သတ္တဝါတွေအားလုံးကို ဦးဆောင်မောင်းနှင်ကာ လျှောက်လှမ်းရမယ့် မဂ္ဂင်လမ်းစဉ်တွေကိုလဲ ကြေငြာဟောပြောနေပီတဲ့။

      တကယ်တော့လေ မောင်တော်ဟာ ဘုရားပဲဖြစ်ဖြစ် စကြာဝတေးဘုရင်ကြီးပဲဖြစ်ဖြစ် နှမတော်သိထားတာက
မောင်တော်ဟာ မောင်တော်ပါပဲ။ မောင်တော်ဆိုတဲ့ နှလုံးသားရဲ့ သတ်မှတ်ချက်နဲ့ အချစ်က တစ်စက်ကလေးမှ ပျက်ပြယ်မသွားခဲပါဘူး။ ဒါကြောင့် တစ်ခုတော့ တောင်းဆိုပါရစေနော်။ မောင်တော်ပြန်လာတဲ့အခါ
မောင်တော်ကို နှစ်ရှည်လများစွာ ကံဆိုးမိုးမှောင်ကျရင်းနဲ့စောင့်ဆိုင်းခဲ့ရတာတွေ၊ စိတ်လိုက်မာန်ပါ တမ်းတစွာ ပြောခဲ့တာတွေများရှိရင်လေ အဲဒီအရာတွေဟာ မလုံလောက်သေးဘူးလို့။ မကျေသေးဘူးလို့။ ဘာကြောင့်လဲဆိုတော့ မောင်တော်ရဲ့ ဘေးနားမှာ မခွဲမခွါ ထာဝရနေချင်တဲ့ နှလုံးသားက စိုးမိုးနေလို့ပါ။ ခုတော့လေ မောင်တော်က အနှိုင်းမဲ့ဥာဏ်ရှင် ဘုရားသခင်ဖြစ်လာခဲ့ပီဆိုတော့ နှမတော်ရဲ့ အကူညီတွေ မလိုအပ်တော့ဘူးပေါ့နော်။ မောင်တော်အနားမှာ လုပ်ကျွေးပြုစုကြမယ့် စကြာဝဠာက လူတွေ နတ်တွေ ဗြဟ္မာတွေက များပြားလွန်းလှသကိုး။ နန်းတော်ထဲမှာ မောင်တော်ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပီးတော့ ထပ်တလဲလဲ ခေါ်နေမိတော့ နန်းတွင်းသူတွေက ပြောကြတယ်လေ။ သိဒ္ဓတ္ထမင်းသားဟာ ဘုရားဖြစ်သွားပီတဲ့။ မောင်တော်ဆိုတဲ့ အသုံးအနှုန်းကို စွန့်ပစ်သင့်ပါပီတဲ့။ သံသရာတစ်လျှောက်လုံး သုံးနှုန်းလာခဲ့တဲ့ ဒီဝေါဟာရကို တစ်ခဏလေးနဲ့ ဘယ်လိုလုပ် ဖြုတ်ပစ်နိုင်မှာလဲ မောင်တော်ရယ်။

      မောင်တော်ဟာ နှမတော်နဲ့ သားတော်လေးရာဟုလာကိုပစ်ခွါပီးတော့ သစ္စာတရားကိုရှာဖွေရင်း အနှိုင်းမဲ့ဥာဏ်တော်ရှင် ဘုရားသခင်ဖြစ်လာခဲ့တယ်။ နှမတော်အဘို့မှာတော့ အာဃာတတွေ အငြှိုးအတေးတွေကင်းမဲ့ပီး မာန်မာနရိုကျိုးစွာ ချစ်နေဆဲ တမ်းတနေဆဲဖြစ်တဲ့ ပုထုဇဉ်မိန်းမသား တစ်ယောက်ရယ်ပါ။ နောက်ပီးတော့လေ မောင်တော်ရွေးချယ်လက်ခံထားတဲ့ ကံကြမ္မာရဲ့သားကောင် သက်သက်ရယ်ပါ။ နှမတော်ကို တမ်းတစိတ် ကြင်နာစိတ်တွေနဲ့ ဘယ်တော့မှ ပြန်မလာတော့တဲ့ လမ်းကိုမျှော်ကြည့်ရင်း တံခါးမကြီးဘေးနားမှာ ရပ်စောင့်နေခဲ့တာ ခုထိပါပဲလေ။ မောင်တော်ကသာ  နှမတော်ကို ချစ်စိတ် တမ်းတစိတ်တွေနဲ့  ပြန်လာမယ်ဆိုရင်လေ ဒီနေရာကမရွှေ့ဘဲ နောက်ဘဝထိအောင် ဆက်လက်ပီးတော့ ဒီနေရာကအမြဲ စောင့်မျှော်နေမှာပါ။  မောင်တော်ရဲ့ အချစ်ကြောင့်ရရှိခံစားရတဲ့ ကျေနပ်ပျော်ရွှင်မှုကလွဲလို့ အခြားဘာကိုမှ ဘယ်တော့မှ မရှာတော့ပါဘူး။ နှမတော်အတွက်တော့ သိဒ္ဓတ္ထမင်းသားရဲ့ ကြင်ယာသက်ထား ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်သည်သာလျှင် အထိုက်တန်ဆုံးပါ။ အလိုအပ်ဆုံး အပျော်ရွှင်ဆုံး ဆုလာဘ်ပါ။ အတမ်းတဆုံးပါ။ ကျက်သရေ အရှိဆုံးပါ။  နှမတော်တော်ရဲ့ အချစ်စစ်နဲ့ တမ်းတမှုများစွာတွေထဲက အနဲငယ်သော တမ်းတမှုဆန္ဒလေးကိုတောင် ဖြည့်ဆည်းပေးဘို့ သိပ်ခက်နေသလားလို့နန်းတော်ထဲက ထိတ်ထိတ်ကျဲပညာရှင်တစ်ယောက်ကိုတောင် မခံစားနိုင်တော့လို့ မေးကြည့်မိပါတယ်။

     မောင်တော်ကလေ နှမတော်ကိုစွန့်ပစ်ထွက်ခွါဘို့ဆုံးဖြတ်ခဲ့တုန်းက မောင်တော်ရဲ့ သစ္စာတရား စူးစမ်းရှာဖွေရေးအတွက် နှမတော်ကို ယုံကြည်ခဲ့မယ်ဆိုရင် နှမတော်ကလေ ကျေကျေနပ်နပ်ကြီးကို စတေးခံဖြည့်ဆည်းပေးချင်လိုက်တာ။ နှမတော်ရဲ့ စိတ်ထားနဲ့နှလုံးသားကို သိရက်သားနဲ့ ဘာဖြစ်လို့များ တိုးတိုးတိတ်တိတ် စွန့်ခွါထွက်ပြေးသွားခဲ့ရတာလဲ မောင်တော်ရယ်။ မောင်တော်ရဲ့ သစ္စာရှာဖွေရေးလမ်းစဉ်မှာ နှမတော်ဟာ ဆူးငြောင့်ခလုပ်ဖြစ်မှာကို ကြောက်နေခဲ့လို့လား သို့မဟုတ် မောင်တော်မထွက်ခွါမီ နှမတော်ကို မျက်နှာချင်းဆိုင်ပီး မဖွင့်ဟရဲဘဲ သတ္တိနဲနေခဲ့လို့လား။ ပြောပြစမ်းပါ။

       မောင်တော်ဟာ သားတော်လေးအကြောင်း တစ်စေ့တစ်စောင်းများ စဉ်းစားမိလေသလား သို့မဟုတ် နှမတော်အရေး အတွေးလေးများ အနဲငယ်ဝင်မိပါသလား သို့မဟုတ် တိုင်းပြည်နဲ့လူမျိုးအတွက် ငဲ့ကွက်စဉ်းစားခဲ့လေသလားတော့ မသိတတ်တော့ပါဘူး။ သစ္စာတရားတွေ တွေ့ရှိဘို့ထွက်ခွါသွားတဲ့မောင်တော်ဟာ သစ္စာတွေရရှိအောင်မြင်ခဲ့သလား ဆိုတာတောင်မသိတော့ပါဘူး။ သိလဲ မသိချင်ပါဘူး။ နှမတော်သိတဲ့အရာက မောင်တော် မတရားဘူး လုံးဝမတရားဘူး ဆိုတာပါပဲ။ ခုလိုစွပ်စွဲပြောဆိုမိခဲ့တဲ့အတွက် မောင်တော်ရဲ့ ခွင့်လွှတ်မှုကိုတော့ တမ်းတလိုချင်မိပါရဲ့။ မောင်တော်ကို စကြာဝဠာကြီးတစ်ခုလုံးက ဘယ်လောက်ပဲ ပူဇော်နေကြပါစေ၊ ဘယ်လောက်ပဲအထင်ကြီးလေးစား ကိုးကွယ်နေကြပါစေ ဘာမှကိစ္စမရှိဘူး။ စိတ်ထဲမှာ ခံစားနေမိတာက လက်ထပ်ပီးတဲ့နောက် ဘဝရဲ့ အနှိုင်းမဲ့ အဖေါ်မွန်ကောင်း တစ်ယောက်၊ အစဉ်အမြဲ ဘဝကိုလုံခြုံအေးချမ်းအောင် ကာကွယ်ပေးခဲ့သူတစ်ယောက်ဖြစ်ခဲ့တဲ့မောင်တော်ဟာ  လက်ထပ်ပီးလို့ ၁၃ နှစ်အကြာမှာတော့ ကတိသစ္စာတွေ ဖောက်ဖျက်ခဲ့သူတစ်ယောက်လို့ မြင်နေ ခံစားနေဆဲပါပဲ။

   ဒါပေမယ့်လေ ဒီလိုလဲ ပြန်လည်ဖြေဆည်မိပါတယ်။ မောင်တော်နဲ့ယှဉ်တွဲလို့ ပါရမီဖြည့်စဉ်ကာလမှာ မိဖရားခေါင်ကြီးဖြစ်ခဲ့တာလဲ အကြိမ်ကြိမ်၊ ဝန်ကတော် ဖြစ်ခဲ့တာလဲ ဂဏန်းချပြလို့မရ၊ ပညာရှင် ဇနီးမယားဘဝနဲ့လဲ မရေတွက်နိုင်၊ ဂုဏ်သိက္ခာမြင့်မားတဲ့ လင်ကောင်းတစ်ယောက်ရဲ့ ဇနီးကောင်းဖြစ်ခဲ့ရတဲ့ ဘဝတွေကလဲ အသင်္ချေရယ်ပါ။ ဒါကြောင့်လေ ပေးဆပ်ခဲ့ရတယ်ဆိုပေမယ့် ရရှိခဲ့ရတဲ့ အကျိုးအမြတ်တွေကလဲ အနန္တရယ်ပါ။ သံသရာတစ်လျှောက် ရရှိခဲ့ရတဲ့ အကျိုးအမြတ်တွေအားလုံးကို မောင်တော်က ရယူလိုစိတ်နဲ့ ကြိုးစားခဲ့တာလဲ မဟုတ်ဘဲ ပေးဆပ်စွန့်လွှတ်စိတ်နဲ့ ကြိုးစားခဲ့လို့ တရားသဖြင့်ရခဲ့တဲ့ အခွင့်ထူးတွေရယ်ပါ။ နောက်ပီးတော့ အမှန်တရားကို မြတ်နိုးစွာရှာဖွေခြင်းဟာ သစ္စာဖေါက်တာမှ မဟုတ်ဘဲ၊ လောကုတ္တရာသစ္စာအတွက် လောကီသစ္စာကို မောင်တော်ရင်းနှီးခဲ့ရတာပါလားလို့ နားလည်ပေးပါတယ်။

         မောင်တော်ဟာ အနှိုင်းမဲ့ဥာဏ်ရှင် သစ္စာရှင်တစ်ယောက်ဖြစ်လာခဲ့ပီ။ ဒီစကြာဝဠာမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ စွမ်းရည်တွေ ဂုဏ်ပုဒ်တွေ ရရှိလာခဲ့ပီ။ ဒါပေမဲ့လေ မဖြစ်နိုင်မှန်းသိရက်နဲ့ အတ္တကြီးစွာ ဆုတောင်းနေမိပြန်တယ်။ ဒါကတော့
မောင်တော်ရဲ့ လောကုတ္တရာသစ္စာတွေ ပြောင်းပြန်ဖြစ်ပါစေလို့ပေါ့။ နောက်ပီးတော့လေ တမ်းတမိတာက အချိန်နဲ့အာကာသဆိုတဲ့ သံသရာစက်ဝန်းကြီးထဲမှာ လောကုတ္တရာသစ္စာတွေ သွေဖည်ပီးတော့ လောကီသစ္စာတွေအတွက် တစ်ဖန် ပြန်လှည့်လာမယ့်နေ့ကို ကမ္ဘာရာစုနှစ် ထောင်စုနှစ် သိန်းသန်းနှစ်များစွာထိ စောင့်နေချင်ပါတယ်လို့ပေါ့။ အဲလိုသာ မောင်တော်ပြန်လာမယ်ဆိုရင်လေ မောင်တော့်မျက်နှာကို စူးစူးရဲရဲကြည့်ပီးတော့ မေးချင်လိုက်တာ။ မေးချင်တာက မိန်းမသား တစ်ယောက်ရဲ့ ခံစားမှုပိုင်းတွေ၊ ဂုဏ်သိက္ခာတွေ၊ ရပ်တည်ချက်တွေ၊ ခေတ်ကာလရဲ့ယဉ်ကျေးမှုအရ
ယောကျာ်းတစ်ယောက်က စွန့်ပစ်သွားတဲ့အခါ မိန်းမသားတစ်ယောက်ရဲ့ သိမ်ငယ်မှုတွေ၊ ကြေကွဲမှုတွေ၊ မဆုံးနိုင်တဲ့ နာကျင်မှုတွေ၊ ဖေါ်ပြလို့မရနိုင်လောက်အောင် နက်ရှိုင်းစူးဝင်နေတဲ့ ဒဏ်ရာတွေနဲ့ ချန်ထားခဲ့ ကျန်နေခဲ့ရတဲ့အဖြစ်ဟာ တရားမျှတသလားလို့ပေါ့။

      မောင်တော်စွန့်ခွါသွားတဲ့ ခြောက်နှစ်ဟာ ရာစုနှစ် ခြောက်ထောင်မကကြာမြင့်လှတယ်လို့ထင်မိပါတယ်။ ဒါပေမယ့်လဲ ခုချိန်ထိ တံခါးဝက စောင့်နေဆဲပါ။ ဖြစ်နိုင်ရင်လေ မောင်တော်ပရိနိဗ္ဗာန်စံသွားရင်တောင် မောင်တော်ရဲ့ ဓါတ်တော်တွေနဲ့ နှမတော်ရဲ့ ပြာမှုန်လေးတွေ မောင်တော်စွန့်ခွါခဲ့တဲ့ နန်းတော်ရဲ့ ကောင်းကင်ယံမှာ တွေ့ဆုံချင်လိုက်တာ။ အချိန်တွေဟာ ပြောင်းလဲခဲ့ပီမို့ နှမတော်ကိုစွန့်ခွါသွားခဲ့တဲ့ ညဥ့်နက်သန်းခေါင်ယံဟာ နှမတော်ကိုပြည်လည် ခိုးဆောင် ပေါင်းထုပ် ခေါ်ယူတဲ့ မင်္ဂလာညချမ်းကြီးဖြစ်လာပါစေလို့ မောင်တော်လာရာလမ်းကို မျှော်မှန်းရင်း တမ်းတမိပါရဲ့။ သိဒ္ဓတ္ထမင်းသားရဲ့ ကြင်ယာသက်ထား မယားချောယသောဓရာဟာ ချစ်လင်မောင်တော်ကိုစောင့်နေဆဲပါ။ အချစ်ဝေဒနာ သံသရာဆိုးမှ ကယ်ထုတ်ပေးလှဲ့ပါအုံး။ နှမတော်ရဲ့ နှလုံးသားဟာ မောင်တော်ကို နွေးထွေးပေးနေဆဲပါ။ မောင်တော်ရဲ့ ကြင်နာမှုတွေကိုလဲ ငတ်မွတ်နေဆဲပါ။ မောင်တော်ပြန်လာတဲ့ နေ့ဟာ နှမတော်ရဲ့ နိဗ္ဗာန်ပါ။ အို မောင်တော်ဘုရားရယ် မောင်တော်စွန့်ခွါသွားကတည်းက အိပ်ပျက်ရတဲ့ ညတွေအတွက် အကြင်နာတစ်စက်ကလေးဖြစ်ဖြစ် ပြန်လည်ရရှိဘို့ စောင့်နေဆဲပါ။ ပြန်လာလို့ ကုစားပေးပါတော့ မောင်တော်ရယ်။  ( ဆက်လက်ဖေါ်ပြပါမယ် )

***ဓမ္မမိတ်ဆွေများ၏အမှာစကား***