Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, November 27, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၃ ) အမျိုးသားနှင့် အမျိုးသမီး မည်သူကပို၍ မြင့်မြတ်သနည်း

မိမိတို့ အရှေ့တိုင်းနိုင်ငံအများစုတွင် အမျိုးသမီးများအား တစ်ဆင့်နှိမ့်၍ လွဲမှားစွာ  ကြည့်တတ်ကြ မြင်တတ်ကြ၏။ ထိုသို့ အမျိုးသမီးများအပေါ် လွဲမှားစွာ ဝမ်းနဲဘွယ်ရာ နှိမ်ချ၍ကြည့်ရာ၌ အိန္ဒိယနိုင်ငံနှင့် အာရပ်မူစလင်နိုင်ငံအများစုသည် အဆိုးရွားဆုံးဖြစ်မည်ဟု ထင်မိ၏။ ကြည့်မြင်ပုံမှာ ဤသို့... အမျိုးသမီးများသည် အမျိုးသားများအောက် မူလဗီဇအနေဖြင့် ယုတ်ညံ့ကြ၏။ အမျိုးသားများသည် အမျိုးသမီးများထက် မူလဗီဇအားဖြင့် ပို၍ မြင့်မြတ်ကြ၏ဟု ယူဆကြသတတ်။ ပို၍ဆိုးသည့်အချက်မှာ  မိန်းမဘဝဟူသည် ခွေးထီးလောက်မှ မမြင့်မြတ်ဟု ထင်မှတ်ယူဆကြသည်ကိုလည်း မိမိတွေ့ဖူး ကြားဖူးသတတ်။ ထိုအမြင်ထိုအယူအဆတို့သည်  လွဲခြင်းကြီးလွဲ၍ မှားခြင်းကြီးမှာလေစွ။ တစ်ဖက်သတ်ဆန်လွန်းလေစွ။ အဆင်ခြင်ဥာဏ်ကင်းမဲ့စွာ တွေးမှတွေးလေစွ။
မြတ်ဗုဒ္ဓ၏ဒေသနာတော်များအရ  ခွေးသည် အဟိတ်တိရစ္ဆာန် အပါယ်ဘုံသားဖြစ်ပြီး လုံးဝတရားထူးမရနိုင်သော အောက်တန်းစားသာဖြစ်၍ အမျိုးသမီးသည် သဟိတ်လူသားဖြစ်ကာ တရားထူးရနိုင်သော အဆင့်မြင့်တန်းစားသုဂတိဘုံသားဖြစ်လေ၏။ အဘိဓမ္မာတရားတော်အရ ပဋိသန္ဓေစိတ်အားဖြင့်လည်း လူသားနှင့်ခွေးသည် မတူခြားနားကွဲပြားပါ၏။ ထို့ပြင် ပစ္စုပ္ပန်ဘဝရှုထောင့်အရ အနေအထိုင် ဆက်ဆံရေး အပြုအမူ အကျင့်အကြံ အစားအစာ တွေးခေါ်မျှော်မြင်မှု ယာဉ်ကျေးမှုကို လက်ခံကျင့်သုံးမှု စသည့် အချက်များတို့ဖြင့်လည်း ခြားနားလွန်းလှ၏။ ထိုအချက်တို့ကို နဲနဲလေးမျှမစဉ်းစားဘဲ တမင်နှိမ်ချကာ အစဉ်အလာအားဖြင့်မှား၍ အကြင်နာမဲ့စွာသတ်မှတ်ကျင့်သုံးနေခြင်းသည် ဝမ်းနဲဘွယ်ကောင်းလေစွ။ ထို့ပြင် အမျိုးသမီးများသည် ယုတ်ညံ့သောကြောင့် ဘုရားရင်ပြင်၏ အထက်ပစ္စယံသို့ မတက်ရ တက်ခွင့်မရှိဟုလည်း ယုံကြည်ကြပြန်လေ၏။ ဤကဲ့သို့ လွဲမှားစွာ ထင်မြင်နားလည် ယူဆနေကြခြင်းသည် ယာဉ်ကျေးမှုအနေဖြင့်ရော ဘာသာတရားအနေဖြင့်ပါ ရောထွေး ယှက်တင်ကာ ဖြစ်ပေါ်လာခဲ့ပြီးလျှင် အချိန်ကာလ ကြာမြင့်စွာ ခိုင်ခံ့တည်ရှိလျှက် ကျင့်သုံးလာခဲ့သော အမှားတစ်ရပ်ပင်ဖြစ်သည်ဟု ထင်မိ၏။ ဤသို့အမျိုးသမီးများကို နှိမ်ချ၍ လွဲမှားသည့် အယူအဆ အစဉ်အလာကို အမျိုးသမီးများကိုယ်တိုင်ကရော အမျိုးသားများကပါ ဘယ်ခေတ်ဘယ်ကာလက စတင်ခဲ့သည်မသိရသော အလွန်ကြာမြင့်သည့် အချိန်ကာလတစ်ခုက အိန္ဒိယနိုင်ငံနှင့်အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများမှ စတင်ဖြစ်ထွန်းကာ ကျင့်သုံးခဲ့သည်ဟု ထင်မိ၏။ အထူးသဖြင့် ကမ္ဘာဦးကာလ အမျိုးသားများ ကာယအား လက်ရုံးအားကိုး၍ လွှမ်းမိုးခဲ့သည့်အချိန်မှစတင်ခဲ့ဟန်ရှိ၏။ ယနေ့ကာလ နည်းပညာများ ထွန်းကားတိုးတက်လာခြင်းကြောင့် ကာယအား လက်ရုံးအားကို အသုံးပြုမှုများအားနဲလာသောအခါ ဥာဏအား အသုံးပြုမှုသည်
ပို၍အသုံးဝင်လာသည်ကိုတွေ့ရ၏။ ဤသို့ဥာဏအားအသုံးပြုမှုသည် ခရီးတွင်လျှက် အကျိုးဖြစ်ထွန်းလာသောအခါ အမျိုးသမီးများလည်း အမျိုးသားများနည်းတူ ရင်ဘောင်တန်း၍ အတူတွဲကာ ချီတက်နိုင်စွမ်း လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်ကိုတွေ့လာရ၏။ အမျိုးသမီးများ၏ ကံစွမ်းရည် ဥာဏ်စွမ်းရည်ထူးတို့သည် အစဉ်အလာနှင့် ယာဉ်ကျေးမှုတို့၏ ကန့်သတ်မှုဘောင်အတွင်းမှ ရုန်းထွက်လွတ်မြောက်လာကြ၏။ အမျိုးသမီးများသည် ကာယအားမှလွဲ၍ ဥာဏအားမနိမ့်ကျကြောင်းမှာ ယနေ့ခေတ်ကာလ အခြေအနေများအရ အထင်အရှားပင်ဖြစ်၏။ သို့သော် ကမ္ဘာ့သမိုင်းကိုပြန်လည်၍ ကြည့်လျှင်မူကား တီထွင်ဖန်တီးလိုစိတ်ပြင်းပြမှု၊ စွန့်လွှတ်စွန့်စားလိုစိတ်ရှိမှု၊တိုက်ရဲခိုက်ရဲသည့် ရဲစွမ်းသတ္တိရှိမှုတို့၌တွင်မူ အမျိုးသားသည် အမျိုးသမီးထက် ယေဘုယျအားဖြင့်သာသည်ဟု ဆိုက မှားအံ့မထင်။တနည်းဆိုသော် ဦးဆောင်လိုစိတ်သည် အမျိုးသားကပို၍ အားကောင်းခဲ့လေ၏။ ထို့ကြောင့်ပင် အမျိုးသားများက လွှမ်းမိုးခဲ့ကာ မြင့်မြတ်သူ အရှင်သခင်အဖြစ်ဖြင့် နေရာယူခဲ့ကြဟန်ရှိ၏။ ထို့ပြင် ယုတ်ညံ့ခြင်းနှင့်မြင့်မြတ်ခြင်းတို့သည် အမျိုးသားဖြစ်ခြင်း အမျိုးသမီးဖြစ်ခြင်းတို့နှင့်လုံးဝမသက်ဆိုင်ချေ။ အမှန်စင်စင်သော်ကား သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရိ သြတ္တပ တည်းဟူသော သူတော်ကောင်းတရား ခုနစ်ပါးကိုလက်ကိုင်ထား၍ ကျင့်သုံးသူသည် ဤဘဝတွင်လည်း မြင့်မြတ်၏။ နောက်ဘဝတွင်လည်းမြင့်မြတ်၏။ မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ အထက်ပါ သူတော်တရား ခုနစ်ပါးမရှိ မကျင့်သုံးပါက ယခုဘဝ၌ဖြစ်စေ နောက်ဘဝ၌ဖြစ်စေ ယုတ်ညံ့သူပင်ဖြစ်၏။ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် လူသား၏ အဆင့်အတန်းကို သူတော်ကောင်းတရားကို အခြေခံ၍ သုံးသပ်ဆုံးဖြတ်၏။ လူသားတစ်ယောက်၏ အဆင့်အတန်းသည် အဇ္ဈတ္တသန္တာန်ကို အရင်းခံကာ ဖြစ်ပေါ်လာသည့် သူကျင့်သုံးနေသော အယူအဆ အကျင့်အကြံ အပြောအဆိုတို့တွင်သာ မူတည်ပါ၏။ ရာထူး စည်းစိမ် ဂုဏ်သိန် အရှိန်အဝါတို့ကို အခြေခံခြင်းလဲမရှိ၊ ဗဟိုလည်းမပြုချေ။ တနည်းဆိုသော် မြတ်ဗုဒ္ဓသည် လူသား၏ ယုတ်ညံ့မှုနှင့် မြင့်မြတ်မှုကို ပြင်ပသန္တာန်၌ရှိသော အခြေအနေ ဖြစ်ရပ်ဖြစ်စဉ်နှင့် အလွှာတို့ကိုကြည့်၍ မဆုံးဖြတ်ပေ။ လူသား၏ အဇ္ဈတ္တသန္တာန်၌ရှိသော ပါရမီ အရည်အသွေး စိတ်ဓါတ်သဘာဝနှင့်ကိုယ်ကျင့်တရားတို့ကို အခြေခံပြု စံနမူနာထား၍သာ ဆုံးဖြတ်၏။ အမျိုးသားဖြစ်ခြင်းကြောင့် မြင့်မြတ်ပြီးလျှင် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည် ဟူသော ဟောကြားချက် သင်ကြားချက်တို့ကိုလည်း ပိဋကတ်တော်တွင် မိမိမတွေ့ဘူးပေ။ နာလည်းမနာကြားဘူးပေ။ ထို့ကြောင့် အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ သဒ္ဓါ သီလစသော သူတော်ကောင်းတရားဖြစ်သည့် မူလလူသားအရင်းအမြစ် တရားတို့ရှိသူ ကျင့်သုံးသူသည် မြင့်မြတ်၏။ ထိုတရားများ ရှိလဲမရှိ ကျင့်လဲမကျင့်သုံးသူသည် ယုတ်ညံ့၏။ ယနေ့ပေါ်ပြုလာဖြစ်နေသော စကားလုံးနှင့်ပြောရလျှင်မူကား Human Resources လူသားအရင်းအမြစ်ဟူသည် ထိုသူတော်ကောင်းတရား ခုနစ်ပါးတို့ပင်ဖြစ်လေ၏။  ထိုသို့ လူသားအရင်းအမြစ်ဖြစ်သည့် သူတော်ကောင်းတရားများ ရှင်သန်အားကောင်းသောကြောင့်ပင် ယသောဓရာလောင်းလျာသည် မြင့်မြတ်သည့် ဘုရားလောင်းနှင့်အတူပေါင်းဖက်၍ ပါရမီဖြည့်နိုင်ခဲ့ခြင်းဖြစ်၏။ အနှိုင်းမဲ့လောကကောင်းကျိုးကို သယ်ပိုးတော်မူသည့် ဘုရားအလောင်းတော်နှင့် တွဲဘက်၍ ကူညီလုပ်ကိုင်နိုင်စွမ်းရှိခဲ့၏။  အကယ်၍ မိန်းမက ယုတ်ညံ့သည်မှန်လျှင် ယသောဓရာသည် ဘုရားလောင်းနှင့်တွဲဘက်၍ ပါရမီမဖြည့်နိုင်ရာ။ တွဲဘက်၍ လောကကောင်းကျိုးကို မသယ်ပိုးနိုင်ရာ။  ဆိုလိုသည်မှာ အမျိုးသမီးများသည် မူလ သဘာဝလူသားဗီဇ နှင့် လူသားဇာတ်သဘောအရ အမျိုးသားများအောက်ယုတ်ညံ့ကြသည်မဟုတ်။ မူလသဘာဝလူသား ဗီဇနှင့် လူသားဇာတ်အရ  အတူတူပင်ဖြစ်၏။( ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ဖိုမျိုးစေ့ မမျိုးစေ့ တနည်းအားဖြင့် ကမ္မဇရုပ်ကိုမဆိုလို။ လူသားဗီဇသဘာဝ တနည်းဆိုသော် လူသားပဋိသန္ဓေစိတ်ကိုသာဆိုလို၏။ အဘိဓမ္မာတွင် ယောကျာ်း ပဋိသန္ဓေစိတ် မိန်းမ ပဋိသန္ဓေစိတ်ဟူ၍ သီးခြားမလာ မပါရှိပေ။ ) ဤသို့ ရှုထောင့်စုံမှ သုံးသပ်ကြည့်လျှင် အမျိုးသမီးဖြစ်ခြင်းကြောင့် ယုတ်ညံ့သည်၊ အမျိုးသားဖြစ်ခြင်းကြောင့် မြင့်မြတ်သည်ဟု ယူဆ၍ မရနိုင်ကြောင်းမှာ ထင်ရှားလှ၏။ ထို့ကြောင့်အမျိုးသမီးများသည်လည်း မိမိတို့ကိုယ်မိမိတို့ ယုတ်ညံ့ကြသည်ဟု ဆက်လက်၍ အထင်မှား အမြင်မှားမဖြစ်စေလို၊ အမျိုးသားများကလည်း အမျိုးသမီးများအပေါ် တစ်ဖက်သတ် အထင်သေးမှုမျိုးမဖြစ်စေလိုပေ။ အထူးသဖြင့် ပြောလိုသည်မှာ အမျိုးသမီးများသည်လည်း အမျိုးသားများနည်းတူ လောကအတွက် အသုံးဝင်တန်ဘိုးရှိသော အဆင့်မြင့်လူသား လူသတ္တဝါဖြစ်၏ ဟူသည့်အချက်ပင်ဖြစ်ပါ၏။ သို့အတွက်ကြောင့် အမျိုးသမီးထုအနေဖြင့် မိမိတို့၏မူလစွမ်းပကား အရည်အသွေးတို့ကို လောကအတွက် ယသောဓရာကဲ့သို့ဖြစ်စေ၊အခြားအခြားသောပါရမီရှင်တို့ကဲ့သို့ဖြစ်စေ ကြိုးစားဆောင်ရွက်နိုင်ရန်တိုက်တွန်းအပ်ပါ၏။ ( မိမိသည်​ ဤစကားချပ်ကို စပ်မိ၍သာအကျဉ်းချုပ်၍ တင်ပြခြင်းဖြစ်၏။ အခါအခွင့်သင့်သည့်အခန်းသို့ရောက်လျှင်မူ အကျယ်ဆွေးနွေးတင်ပြပါအုံးမည်။ ဤအကြောင်းအရာသည် ကျယ်ပြန့်မှုလည်းရှိသလို စိတ်ဝင်စားဘွယ်လည်းကောင်းပါ၏။ )  သို့သော် အမျိုးသမီးဘဝဖြင့် မရနိုင် မဖြစ်နိုင် မရောက်နိုင်သော အခြေအနေတို့ကားရှိ၏။ ယင်းတို့မှာ.......

***ဓမ္မမိတ်ဆွေများ၏အမှာစကား***