Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~
Showing posts with label ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး. Show all posts
Showing posts with label ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး. Show all posts

Sunday, July 8, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၁) ဗုဒ္ဓ၏ တန်းတူအခွင့်အရေးစံ သတ်မှတ်ချက် (က)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁)တွင် All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood. ဟုပြဋ္ဌာန်း၍ အပိုဒ် (၃)တွင် Everyone has the right of life, liberty and security of person. ဟု (ဘာသာပြန်ကို အထက်တွင်ဖေါ်ပြပြီး) ပြဋ္ဌာန်းထား၏။ ဤအချက်တို့ကို ဗုဒ္ဓဓမ္မက ပြည့်ပြည့်ဝဝ တံဆိပ်ခပ်နှိပ်ကာ ထောက်ခံပါ၏။ အဘယ့်ကြောင့်နည်း။ ဗြဟ္မစိုရ်မေတ္တာတရားသည် in a spirit of brotherhood ဟုဆိုသည့် ညီရင်းအစ်ကိုစိတ်ထားထက်ကျော်လွန်၍ လူသားသာမက တိရစ္ဆာန်များအပါအဝင် သက်ရှိသတ္တဝါအားလုံးကို ညီညီမျှမျှချစ်မြတ်နိုးသောကြောင့်ပင်တည်း။ ထို့ကြောင့် ရှင်းရှင်းပြောရလျှင် Human Rights ဟူသော စကားလုံးနှင့် in a spirit of brotherhood ဟူသောစကားလုံးတို့၏ အဓိပ္ပါယ်ထက် ဗုဒ္ဓဓမ္မမေတ္တာတရားသည် များစွာသာလွန်နေ၏။ ထို့ပြင် လူသားတို့၏ တန်းတူရည်တူဖြစ်မှုကို ဗုဒ္ဓဓမ္မက ကျိုးကြောင်းမျှတ ခိုင်လုံသော မနုဿဗေဒဆိုင်ရာအချက်အလက်များ၊ ဇီဝဗေဒဆိုင်ရာအချက်အလက်များ၊ လူမှုကျင့်ဝတ်ရေးရာ၊ ဥပဒေရေးရာ၊ ကိုယ်ကျင့်တရား၊ ဘာသာတရားကိုးကွယ်ဆည်းကပ်မှု၊ လူမှုဗေဒဆိုင်ရာအချက်အလက်များတို့ဖြင့် ထည့်သွင်းစဉ်းစားခြင်းကိုလည်းခွင့်ပြုလက်ခံပါ၏။ ထို့အချက်အလက်များတို့တွင် မနုဿဗေဒဆိုင်ရာတို့ကို ဦးစွာစဉ်းစားကြည့်ကြစို့။ အာဖရိကတိုက်မှ အာဖရိကန်လူမျိုးသည် အာရှတိုက်မှ လူမျိုးများနှင့် အသားအရောင် ရုပ်ရည် အနေအထိုင် ယဉ်ကျေးမှု အစားအစာ ရာသီဥတု စသည်စသည်ကွဲပြားမည်ဖြစ်သလို အခြားသောသက်ဆိုင်ရာ နိုင်ငံ ဒေသတို့နှင့်လည်း ကွဲပြားနေမည်မှာအမှန်ဖြစ်၏။ သို့သော် ဤကွဲပြားမှုသည် အစားအစာနှင့် ရာသီဥတုစသည်ကြောင့် ဖြစ်ပေါ်လာသော အပေါ်ယံကွဲပြားခြားနားမှုသာဖြစ်၏။ လူလူချင်းကား မခြား၊ တစ်သားတည်းအတူတူသာတည်း။
     တစ်ဖန် အာဖရိကမှ လူမည်းမိန်းမတစ်ယောက်နှင့် အမေရိကားမှ လူဖြူယောကျာ်းတစ်ယောက်တို့ လက်ထပ်၍ ကလေးမွေးလျှင် ထိုကလေးသည် လူစင်စစ်သာဖြစ်မည်တည်း။ အခြားထူးခြားသော သတ္တဝါမဖြစ်နိုင်ချေ။
   ထို့ပြင် ဇီဝဗေဒအားဖြင့်ကြည့်လျှင် လူသား၏ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အတူတူသာဖြစ်၏။ နီဂရိုးလူမျိုးတွင်လည်း ဆံပင် ခေါင်း ပါးစပ် လည်ပင်း မျက်စိ နား နှာခေါင်း ရင်ဘတ် ဝမ်းဗိုက် ကျောပြင် ခြေထောက် ခြေသည်း လက်သည်း မွှေးညှင်း အသွေး အသား အရည် အူသိမ် အူမကြီး အစာအိမ် အသဲ ကျောက်ကပ်စသည့်စသည်ဖြင့် ၃၂ ကောဋ္ဌာသ ရှိသလို မြန်မာလူမျိုးတွင်လည်း အတူတူပင်ဖြစ်၏။ အခြားအခြားသောလူမျိုးများတွင်လည်း အတူတူပင်ဖြစ်၏။ အသဲချင်းလည်း အစားထိုးကုသ၍ရ၏။ သွေးအစားသွင်း၍ ကုသလျှင်လည်းရနိုင်၏။ ဇီဝဖြစ်စဉ်အားဖြင့်ခြားနားခြင်းမရှိပါချေ။ မျိုးစိတ် မျိုးနွယ်အားဖြင့်လုံးဝမခြားနားပေ။ ကွဲပြားသော မျိုးစိတ် မျိုးနွယ်အမှတ်လက္ခဏာများလည်းမရှိချေ။ ဆိုလိုသည်မှာ လူသား၏ မူလပဓာနဇီဝကမ္မဖြစ်စဉ်နှင့် အဂါင်္အစိတ်အပိုင်းတို့သည် အတူတူသာဖြစ်၏။ ဘာမှကွဲပြားခြားနားခြင်းမရှိ ဟုပြောလိုရင်းဖြစ်ပါ၏။

          သို့သော် အခြားသော ပိုးတောင်မာနှင့်ပိုးဖလံများ၊ ပုရွက်ဆိတ်နှင့်ခြကောင်တို့သည် ခြားနားကြ၏။ အဘယ့်ကြောင့်နည်း။ မျိုးနွယ် မျိုးစိတ် အမှတ်လက္ခဏာများ ခြားနားခြင်းကြောင့်တည်း။ ထို့ပြင် ခြေလေးချောင်း သတ္တဝါများလည်း အချင်းချင်းခြားနားကြသလို ငှက်များအချင်းချင်းလည်းခြားနားကြ၏။ မြွေအချင်းချင်းလည်းခြားနားကြသလို ငါးအချင်းချင်းလည်း ခြားနားကြပြန်၏။ အဘယ့်ကြောင့်နည်း။ မျိုးစိတ်မျိုးနွယ်၏ အမှတ်လက္ခဏာကိုက ခြားနားနေသောကြောင့်ပင်တည်း။ လူသားတွင် မည်သည့်လူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့ခြားနားခြင်းမရှိချေ။ ထိုတိရစ္ဆာန်သတ္တဝါတို့သည် အသံ အပြုအမူ နေထိုင်ရှင်သန်ပုံ စားသောက်ပုံအားလုံးခြားကြ၏။ လူသည် လူအသံသာထွက်၏။ လူစာစား၏။ လူလိုသာနေထိုင်၏။ ဆင်းရဲချမ်းသာ၊ အရပ်ဒေသ၊ ယဉ်ကျေးမှုစသည်တို့ကွာဟမှုအရ အနိမ့်အမြင့်သာ ကွာပေမည်။ လူမည်းမိန်းမတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားဖွားသလို လူဖြူမိန်းမတစ်ယောက်သည်လည်း ကိုယ်ဝန်ဆောင်၍သာ သားဖွား၏။ ထို့ကြောင့် မနုဿဗေဒနှင့် ဇီဝဗေဒရှုထောင့်အရ ဘာများကွာခြားပါသနည်း။ အရာရာအတူတူသာဖြစ်၏။

    ထို့ပြင် ဗုဒ္ဓခေတ်မတိုင်မီမှစ၍ ယနေ့ခေတ်တိုင်အောင် အိန္ဒိယတွင် ဇာတ်စံနစ်ကျင့်သုံးမှုသည် ရှိသေး၏။ ဟိန္ဒူဘာသာကြီးစိုးသော အိန္ဒိယတွင် ဟိန္ဒူဘာသာရှိနေသ၍ ဇာတ်စံနစ်သည်ဆက်လက်ရှိနေမည်သာဖြစ်၏။ အဘယ့်ကြောင့်နည်း။ ဟိန္ဒူဘာသာသည် လူတန်းစားခွဲခြား၍ တည်ဆောက်ထားသောကြောင့်ပင်တည်း။ ဗြဟ္မဏ (ပုဏ္ဏား)မျိုးဇာတ်၊ ခတ္တိယ မင်းမျိုးဇာတ်၊ ဝေဿ ကုန်သည်မျိုးရိုးဇာတ်နှင့် သုဒ္ဓ သူဆင်းရဲ ကျော်မွဲဇာတ်ဟူ၍ လေးမျိုးပိုင်းခြားကာ လူမှုအဖွဲ့အစည်းကို တည်ဆောက်ထား၏။ ထိုမျိုးဇာတ်လေးမျိုးတွင် ပုဏ္ဏားမျိုးဇာတ်သည် အမြဲတန်းမြင့်မြတ်၏။ မည်သည့်မကောင်းမှုကိုကျူးလွန်သည်ဖြစ်စေ၊ မည်သည့် ဥပဒေကိုချိုးဖောက်သည်ဖြစ်စေ သူသည်မြင့်မြတ်သူ အဖြစ်မှ လျှောကျသွားခြင်းအလျဉ်းမရှိချေ။ အကြောင်းကား သူသည် ထာဝရဘုရား ဗြဟ္မာကြီး၏ အာခံတွင်းမှ စတင်မွေးဖွားလာသည့် မျိုးနွယ်ဖြစ်ခြင်းကြောင့်တည်း။ တစ်ဖန် အနိမ့်ဆုံးဇာတ်ဖြစ်သည့် သုဒ္ဓဟုခေါ်သော သူဆင်းရဲဇာတ်သည် အမြဲတန်းယုတ်ညံ့၏။ အောက်တန်း နောက်တန်းကျ၏။ မည့်သို့သော အကျင့်ကောင်းကိုကျင့်သည်ဖြစ်စေ၊ မည်သည့်ဥပဒေကိုမျှမချိုးဖေါက်သော နိုင်ငံသားကောင်းဖြစ်နေသည်ဖြစ်စေ သူသည် ယုံညံ့သူသာတည်း။ နိမ့်ကျသူသာတည်း။ အကြောင်းမှာ သူသည် ထာဝရဘုရား ဗြဟ္မာကြီး၏ ခြေဖမိုးမှစတင်မွေးဖွားလာသည့် မျိုးနွယ်ဖြစ်ခြင်းကြောင့်တည်း။ ထို့ကြောင့် သုဒ္ဓဇာတ်တို့သည် အပေါ်လွှာ ဇာတ်သုံးမျိုးတို့၏ အမြဲတန်းအဖိနှိပ်ခံလူတန်းစား အလုပ်အကျွေးလူတန်းစားဖြစ်နေလေတော့၏။ ယနေ့ခေတ် အိန္ဒိယသို့ ဘုရားဖူးရောက်ဖူးသူများ သိကြပေမည်။ ရာဇဂြိုဟ်မြို့ သတ္တပဏ္ဏိတောင်ခြေတွင် ဇာတ်မြင့်များရေချိုး သွားတိုက် အဝတ်လျှော်၍ ကျလာသောရေကို ဇာတ်လတ်အဆင့်ရှိသူများက ချိုးကြရ လျှော်ဖွတ်ကြရ သွားတိုက်ကြရ၏။ တစ်ဖန် ထိုဇာတ်လတ်များ ရေချိုးဖွတ်လျှော်ပြီးမှ ကျလာသော ညစ်ထေးနေသော ရေများကိုသာ ဇာတ်နိမ့်များက လျှော်ဖွတ်ကြ ရေချိုးကြ သွားတိုက်ကြရ၏။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပြည့်ဝသော ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတော်ကြီးဟု ကျယ်လောင်စွာ ကြွေးကြော်ဂုဏ်ယူနေသော်လည်း ဘာသာတရား၏ တည်ဆောက်ပုံသွင်းထားသော ဥပဒေနှင့်ထုံးတမ်းစဉ်လာအရ လူလူချင်းခွဲခြားမှုကား ကြီးမားလှလေစွ။ နောင် ဘယ်ခေတ် ဘယ်အခါတိုင်အောင် နှစ်သန်းပေါင်းဘယ်လောက်များ ခွဲခြားဆက်ဆံကာ ဆက်လက်ဖိနှိပ်ခံကြရဦးမည်လည်းမသိ။ အလွန်ဝမ်းနည်းစရာကောင်းသော လူမှုအဖွဲ့အစည်းကြီးဖြစ်ပေသည်။

     အမှန်စင်စစ် ဇာတ်မြင့်သူနှင့် ဇာတ်နိမ့်သူတို့ တူညီသော ထင်းတစ်ချောင်းကို မီးရှို့လျှင်လည်း ထိုမီး၏ အပူရှိန်နှင့် အရောင်အလင်းသည် အတူတူပင်ဖြစ်ပေမည်။ ထို့အတူ တူညီသော မြစ်တစ်ခုဝယ် တူညီသော ဆပ်ပြာကိုတိုက်၍ ရေချိုးကြလျှင် ထိုရေနှင့်ဆပ်ပြာသည် အတူတူပင် ပြောင်စင်စေလိမ့်မည်တည်း။ ဇာတ်မြင့်ဖြစ်သောကြောင့် ပို၍လှပစေမည်မဟုတ်ပေ။ သို့ဖြစ်၍ အရာရာသည် လူသားအတွက် တစ်ပြေးညီသာဖြစ်၏။ သို့သော် သက်ဆိုင်သူတို့၏ အရည်အချင်းအလိုက် ခြားနားမှုတော့ရှိ၏။ အရည်အချင်းကွဲပြားမှုကြောင့် လူတန်းစားကွဲပြားမှုကိုတော့ လုံးဝ ဇွတ်အတင်း ညှိ၍ မရနိုင်ပါချေ။ အဘယ့်ကြောင့်နည်း။ လူ့အခွင့်အရေးဟူသည် အရည်အချင်းပေါ်မှာသာ မူတည်သောကြောင့်တည်း။ အရည်အချင်းမြင့်သူသည် အဆင့်အတန်းမြင့်မည်ဖြစ်သလို အရည်အချင်းနိမ့်ပါကလည်း အဆင့်အတန်းနိမ့်ပေမည်။ သို့ဆိုလျှင် ထိုအရည်အချင်းဟူသည် အဘယ်နည်း။

Monday, July 2, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၁၀) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်ခြင်း (ခ)

ဗြဟ္မစိုရ်တရားလေးပါးတွင် မေတ္တာအကြောင်းကို အပိုင်း (က)တွင် မိမိစွမ်းနိုင်သမျှစုစည်းတင်ပြခဲ့ပါသည်။ ယခုအပိုင်း (ခ)တွင် ကြွင်းကျန်သည့် ကရုဏာ မုဒိတာနှင့် ဥပေက္ခာအကြောင်းတို့ကို စွမ်းသမျှတင်ပြပါမည်။ ကရုဏာဟူသော ဝေါဟာရကို အင်္ဂလိပ်ဘာသာပြန်သည့်အခါ Compassion ဟုဘာသာပြန်ကြ၏။ အောက်စဖို့ဒ်အဘိဓာန်တွင် Compassion ကိုဤသို့ဖွင့်ဆိုထား၏။ Compassion: pity for the sufferings of others, making one want to help them: be filled with compassion.  A feeling of deep sympathy and sorrow for another who is stricken by misfortune, accompanied by a strong desire to alleviate the suffering. Compassion: a deep awareness of and sympathy for another suffering.  Humane quality of understanding the suffering of others and wanting to do something about it. Definition of compassion: sympathetic consciousness of others' distress together with desire to alleviate it.
  ဤဖွင့်ဆိုချက်၏ဆိုလိုရင်းမှာ ကရုဏာဟူသည် ကံဆိုးမိုးမှောင်ကျနေ၍ အတိဒုက္ခရောက်နေသော သူအား ထိုဒုက္ခမှကယ်တင်ပေးလိုသော ပြင်းပြသည့်ဆန္ဒ၊ ဒုက္ခရောက်နေသူအား နစ်နစ်နောနောစိတ်ပူပန်၍ လူသားဆန်စွာ လေးလေးနက်နက်သနားကြင်နာမှု ဟူ၍ဖြစ်၏။
           
            ထို့ပြင် Compassion နှင့်ပတ်သက်၍ အခြားသောဖွင့်ဆိုချက်မှာဤသို့။
   Compassion need not be cultivated or developed - it is naturally present. Cultivated compassion is lifeless compared to the potent energy of innate altruism of that is available to everyone. True compassion is not about pity, yet feels everything deeply and responds to everything completely. Natural compassion fuels our responses with beneficial action, skillful means and heart connection with no need for contrivance.
   အဓိပ္ပါယ်မှာ ကရုဏာကိုတမင်ပွါးများဘို့မလိုအပ်။ ၎င်းသည် သဘာဝလက်ဆောင်တစ်ခုဖြစ်၏။ တမင်ပွါးများထားသော ကရုဏာသည် လူတိုင်း၌ရှိသော ကိုယ်ကျိုးမငဲ့သော မူလစိတ်စွမ်းအင်လောက် အသက်မဝင်။ စစ်မှန်သောကရုဏာသည် သနားခြင်းသက်သက်မျှသာမဟုတ်၊ အရာရာကိုနစ်နစ်နောနောခံစား၍ ပြည့်ပြည့်ဝဝ တုန့်ပြန်ဆောင်ရွက်တတ်၏။ ထို့ပြင် သဘာဝမူရင်းကရုဏာသည် လုပ်ကြံဖန်တီးမှုအလျဉ်းမရှိဘဲ ကောင်းကျိုးဖြစ်ထွန်းစေသော လုပ်ရပ်များ၊ ကျွမ်းကျင်လိမ္မာသော နည်းလမ်းများနှင့် ဖြုစင်သော နှလုံးသားတို့ဖြင့် မိမိတို့၏ တုန့်ပြန်ဆောင်ရွက်မှုများကို အင်အားပြည့်စေ၏ ဟူသတည်း။
  အထက်ပါဖွင့်ဆိုချက်နှစ်ခုတွင် အောက်စဖို့အဘိဓာန်၏ ဖွင့်ဆိုချက်သည် မူရင်းကရုဏာပုဒ်၏ အဓိပ္ပါယ်နှင့် အလှမ်းဝေးနေ၏။ ဒုတိယဖွင့်ဆိုချက်သည် အတော်အတန်နီးစပ်၏။ မူရင်းကရုဏာဟူသော စကားလုံး၏အဓိပ္ပါယ်မှာ  သောကဗျာပါဒအပူမီးများလုံးဝမရှိဘဲ တည်ငြိမ်အေးချမ်းစွာ သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ဖျောက်ကယ်တင်ပေးလိုသော လေးနက်မြင့်မြတ်ကြီးမားသော စိတ်စွမ်းအင်ဖြစ်၏။ ဥပမာဆိုပါစို့။ အသင်သည် လူတစ်ယောက်ကို သနား၏။ သူ့အတွက် စိတ်ပူပန်မှုသောကလဲဖြစ်၍ အေးငြိမ်းမှုမရ။ ဤအခြေအနေ ဤစိတ်ထားမျိုးကို ကရုဏာအစစ်ဟုမဆိုရ။ ကရုဏာအတုသာဆိုရ၏။ အမှန်စင်စစ် အသင်သည် လူတစ်ယောက်ဆင်းရဲဒုက္ခရောက်နေသည်ကို သနား၏။ ထိုသနားခြင်းသည် ထိုသူအတွက် စိတ်ပူပန်မှု၊ ပင်ပန်းမှု၊ နာကျင်မှုအလျဉ်းမရှိ၊ သို့သော် အလေးထား၏။ တန်ဘိုးထား၏။ အလွန်ကြင်နာသနား၏။ ကြည်၏။ ငြိမ်း၏။ အေးချမ်း၏။ ပြည့်ဝ၏။ အသိဥာဏ်ပညာပါ၏။ ထိုအဓိပ္ပါယ်များပါဝင်သော စိတ်ထားမျိုးဖြင့် တစ်စုံတစ်ရာသော ကောင်းကျိုးများဖြစ်မြောက်သည်အထိ စွန့်လွှတ်အနစ်နာခံကာ ကူညီဆောင်ရွက်၏။ ကယ်ဆယ်ပေး၏။ ဤသည့်စိတ်ဓာတ်နှင့်လုပ်ရပ်နှစ်မျိုးပါဝင်မှုကိုသာ ကရုဏာဟုခေါ်ဆို၏။
  
       တတိယမြောက် ဗြဟ္မစိုရ်တရားသည် မုဒိတာဖြစ်၏။ ဤမုဒိတာသည် သူများကြီးပွါးအောင်မြင်သည်ကို မနာလိုခြင်းနှင့် မိမိ၏ ပိုင်ဆိုင်မှုနှင့်အောင်မြင်မှုမှန်သမျှကို သူတပါးအားမျှဝေမပေးလိုသည့် ဝန်တိုခြင်းသဘောတရားတို့၏ဆန့်ကျင်ဘက်ဖြစ်၏။ သူတပါးကြီးပွါးအောင်မြင်သည်ကို ဝမ်းမြောက်တတ်သည့်သဘော ကျေနပ်တတ်သည့်သဘောပင်ဖြစ်၏။ မိမိ၏မိသားစု မိမိနှင့်နီးစပ်သူဖြစ်ခြင်းကြောင့်မဟုတ်မူဘဲ အားလုံးအပေါ်ဝယ် ကြီးပွါးရေး အောင်မြင်ရေးနှင့်ပတ်သက်၍ ဝမ်းမြောက်တတ်၏။ မိမိ၏ရန်သူ ဆန့်ကျင်ဘက်သဘောထားရှိသူတို့ အပေါ်သော်မှ ဝမ်းမြောက်နိုင် ကျေနပ်နိုင်၏။ မြင့်မြတ်လှချေ၏တကား။
       စတုတ္ထမြောက် ဗြဟ္မစိုရ်တရားသည် ဥပေက္ခာဖြစ်၏။ ဥပေက္ခာ၏ သဘောသည် အောင်မြင်ခြင်းကြောင့်လည်းဝမ်းမမြောက်၊ ကျရှုံးခြင်းကြောင့်လည်း ဝမ်းမနဲ၊ စိတ်မချမ်းမသာမဖြစ်၊ တည်ငြိမ်တည့်မတ်ခြင်းသဘောရှိ၏။ လောက၏ အမျိုးမျိုးသော ဖြစ်ရပ်လုပ်ရပ်တို့ဖြင့် ခြောက်တိုင်းလည်းမကြောက်၊ မြှောက်တိုင်းလည်း မမြောက်မူဘဲ မူလသဘောသဘာဝအတိုင်း အရှိကိုအရှိအတိုင်း တည်ငြိမ်တည့်မတ်စွာနားလည်ခံစားတတ်ခြင်းသဘောပင်တည်း။ လောက၏ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော လောကဓံတို့ကို သဘာဝအတိုင်းရှုမြင်ခံစားနားလည်၍ တည်ငြိမ် ရင့်ကျက် တည့်မတ်စွာ ဆက်လက်ဆောင်ရွက်အားထုတ်ခြင်းသဘောပင်ဖြစ်၏။  အထင်ရှားဆုံးသော သာဓကကိုဆိုရလျှင် ဒေဝဒတ်သည် မြတ်ဗုဒ္ဓအပေါ်ဝယ် အမျိုးမျိုးမကောင်းကြံကာ လုပ်ကြံသတ်ဖြတ်သည်အထိ အတင့်ရဲခဲ့၏။ သို့သော် မြတ်ဗုဒ္ဓသည် ဒေဝဒတ်အပေါ်ဝယ် ဒေါသလည်းမဖြစ်၊ ကျောခိုင်းပစ်ထားခြင်းလည်းမဟုတ်၊ ဒေဝဒတ်နှင့်ပတ်သက်၍ ဟောစရာရှိက အရှိအတိုင်း မူလသဘာဝအတိုင်း သိရှိနားလည်အောင် ကောင်းကျိုးဖြစ်ထွန်းအောင်ဆက်လက်၍ ဟောပြော၏။  ရှင်းစရာရှိပါက ရှင်း၏။ ငါ့စကားကို နားမထောင်သူ ငါ့ကိုမကောင်းကြံသူဟူ၍ ဒေါသအာဃာတစိတ်ထား၊ မလိုလားသောစိတ်ထားတို့ဖြင့် ပစ်ပယ်လိုက်ခြင်းမဟုတ်။ ကျောခိုင်းလိုက်ခြင်းမဟုတ်ပေ။  သို့သော်လောကလူအများသည်ကား မိမိသဘောနှင့်မတိုက်ဆိုင်တိုင်း လုံးဝမဆက်ဆံ မကူညီတော့ဘဲ အရေးမထားတော့ဘဲ ကျောခိုင်းလိုက်ခြင်း ပစ်ပယ်လိုက်ခြင်းကို ဥပေက္ခာဟု ထင်မှတ်မှားနေကြ၏။  အလွန်သတိထားရမည့်အချက်ပင်တည်း။  ထို့ကြောင့် ဥပေက္ခာဟူသည် ဒေါသကြောင့်ပစ်ပယ် ကျောခိုင်းလိုက်ခြင်းလည်းမဟုတ်၊ ချစ်ခင်ခြင်းကြောင့်လဲ ပို၍ကြောင့်ကြစိုက်ခြင်းမဟုတ်ဘဲ ဖြစ်စဉ်ဖြစ်ရပ်တို့၏ မူလသဘောသဘာဝကို အရှိအတိုင်းခံစားနည်းလည်ကာ ကောင်းကျိုးဖြစ်ထွန်းအောင် လုပ်သင့်သည်တို့ကို အလေးအနက်ထားလျှက် အေးဆေး တည်ငြိမ် တည့်မတ်စွာ ဆက်လက်ကြိုးစားလုပ်ဆောင်တတ်သည့်သဘောပင်ဖြစ်ပါ၏။ 
 
           ကိုင်းအသင်စာရှုသူ အသင်သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရတရားခေါ်သည့် ဗြဟ္မစိုရ်တရားတို့၏ အဓိပ္ပါယ်ကို ယခုသိပေပြီ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ စာပိုဒ် သုံးဆယ် (၃၀) လုံးကိုလည်း သိပြီ။ ထိုစာပိုဒ် (၃၀) လုံးသည် ဗြဟ္မစိုရ်တရားလေးပါးလောက် မကျယ်ပြန့် မလေးနက်ကြောင်းကိုလည်း အသင်နားလည်လေပြီ။ ထို့ပြင်ဤဗြဟ္မစိုရ်တရားများသည် နိုင်ငံနယ်နိမိတ် ကိုလည်းကျော်လွန်ကာ စကြာဝဠာအားလုံးသို့လည်းပြန်နှံ့ပါဝင်ကြောင်းကိုလည်း အသင်ရိပ်စားမိပေပြီ။  ကုလသမဂ္ဂတွင် ကမ္ဘာနှင့်ချီ၍ ကမ္ဘာသူကမ္ဘာသားများအတွက်ဟုဆိုကာဆွေးနွေးပြောဆိုနေကြသော လူ့အခွင့်အရေးပြဿနာများကို ဤဗြဟ္မစိုရ်လေးပါးဖြင့်အသက်သွင်းဖြေရှင်းလိုက်ပါက လုံးဝပြီးပြတ်ပြေငြိမ်းသွားမည်သာတည်း။ အမှန်စင်စစ် မြတ်ဗုဒ္ဓဖေါ်ထုတ်ရှင်းပြတော်မူခဲ့သော  ဤဗြဟ္မစိုရ်တရားများသည် စကြာဝဠာ၏ မည်သည့်ဥပဒေ မည်သည့်စည်ကမ်း နည်းလမ်းထက်မဆို သာလွန်မြင့်မြတ်လှ၏။ အမှန်စင်စစ် ဤဗြဟ္မစိုရ်တရားသည် Natural discipline, natural law which was discoveries which was formulated by the Buddha for all beings in the world ဟုဆိုရမည်ဖြစ်၏။  ဤဗြဟ္မစိုရ်တရားတို့ကိုသာ ကျင့်သုံးနိုင်ပါက လူ့အခွင့်အရေးပြဿနာသာမက အခြားမည်သည့်ပြဿနာမဆို ဖြေရှင်းနိုင်၏။ ငြိမ်းအေးနိုင်ပါ၏။ ကုလသမဂ္ဂစားပွဲဝိုင်းတွင်လည်းကောင်း လူမှုအဖွဲ့အစည်း အသီးသီးတွင်လည်းကောင်း မိသားစုတိုင်းတွင်လည်းကောင်း လူတစ်ဦးချင်းစီတွင်လည်းကောင်း ဤဗြဟ္မစိုရ်တရားများအသက်သွင်းပေးဘို့လိုအပ်ပါ၏။ ဤတရားများအသက်မဝင်သ၍ ဤကမ္ဘာသည်ဘယ်သောခါမျှ ပြဿနာငြိမ်းမည်မဟုတ်ပေ။ ဤတရားများ အသက်ဝင်လေလေ ဤကမ္ဘာကြီး ငြိမ်းအေးလေလေ၊ ဤတရားများ အသက်မဲ့လေလေ ဤကမ္ဘာကြီး ဆူပွက်လေလေသာဖြစ်နေမည်တည်း။ သို့ဖြစ်၍ ဤဗြဟ္မစိုရ်တရားများ အသက်ဝင်ကာ ဤကမ္ဘာကြီး အေးချမ်းပါစေဟု မေတ္တာဗြဟ္မစိုရ်အသက်သွင်းလိုက်ပါ၏။

Sunday, June 24, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး (၉) ဗြဟ္မစိုရ်တရားကို လူ့အခွင့်အရေးဖြင့် ချဉ်းကပ်ခြင်း (က)

သီလမဂ္ဂင်သည် ကမ္ဘာ့လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊
 မိမိကိုယ်ကို သီလစောင့်ထိန်းခြင်းသည် မိမိအတွက်ရော သူတပါးအတွက်ပါ နှစ်ဦးနှစ်ဘက် အေးချမ်းမှုနှင့်လုံခြုံမှုကိုဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် လူ့ပြဿနာများပြေလည်ရေးအတွက် ကိုယ်ကျင့်သီလသည် အသက်သွေးကြောပင်ဖြစ်ကြောင်း အသင်စာဖတ်သူ ကောင်းကောင်း သိပေပြီ။ ယခုဆက်လက်၍ ဗြဟ္မဝိဟာရခေါ် ဗြဟ္မစိုရ်တရားလေးပါးကို လူ့အခွင့်အရေးဖြင့်ချဉ်းကပ်၍ ရှင်းပြပါမည်။ ဤနေရာ၌ အသင်စာဖတ်သူသည် အလွန်မြင့်မြတ်လှသည့် ဗြဟ္မစိုရ်တရားများကို လူ့အခွင့်အရေးနှင့်ချဉ်းကပ်ခြင်းသည် ဘာသာတရားနှင့် လူ့ပြဿနာကို ရောထွေးအောင် ဝေဝါးအောင် မဆီမဆိုင် တွေးချင်ရာတွေတွေး၍
 ရေးချင်ရာတွေရေးနေသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။  
အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ဓမ္မများသည် သုံးဆယ့်တစ်ဘုံသားအားလုံးအတွက်ဖြစ်သော်လည်း အဓိကအားဖြင့် လူသားအတွက် ဟောကြားထားခြင်းဖြစ်၏ဟု မိမိဆိုချင်၏။ အဘယ့်ကြောင့်ဤသို့ ပြောနိုင်သနည်း။ အကြောင်းကား မြတ်ဗုဒ္ဓသည် သူကိုယ်တိုင် လူသားဖြစ်၍ ဘုရားအဖြစ် ၄၅ နှစ်အတွင်းတွင် ၄၄ ဝါတိတိ လူ့ပြည်တွင် လူသားများအားဦးစားပေး ဟောကြားတော်မူ၍ တစ်ဝါသာလျှင် တာဝတိံသာနတ်ပြည်၌ တရားဟောတော်မူသောကြောင့်တည်း။
ဤအချက်ကိုထောက်ဆလျှင်ပင် လူသားသည် ဤကမ္ဘာ ဤစကြာဝဠာတွင် အလွန်အရေးပါသူဖြစ်ကြောင်း၊ လူသားများသာ ကောင်းလျှင် ကမ္ဘာသည်လည်း အေးချမ်းနေမည်ဖြစ်ကြောင်း၊ လူသားများသာမက သဘာဝပတ်ဝန်းကျင် သဘာဝတောရိုင်းတိရစ္ဆာန်များ ပျက်ဆီးဆုံးရှုံးမှု ပြဿနာများလည်း ကင်းဝေးသွားမည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ လူနှင့်ဆက်စပ်ပတ်သက်သမျှ အရာရာသည်
 ပြေလည်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ကြောင်းမှာ ထင်ရှားလှ၏။  လူသားဘဝ၏ မည်သည့် အခြေအနေ မည်သည့်ရှုထောင့် မည်သည့်ဖြစ်ရပ် မည်သည့်ခေတ်ကာလ မည်သည့်ဒေသ မည်သည့်လူမျိုးမဆို လက်တွေ့ကျင့်သုံးလျှင် ကျင့်သုံးသလောက် လက်ငင်းဒိဋ္ဌ ကောင်းကျိုးပေးနိုင်သည့် သဘာဝဓမ္မများဖြစ်၏။ ဆိုလိုသည်မှာ လူသား၏ ရှုပ်ထွေးကျယ်ပြန့်လှသော
 ရောင်စုံပြဿနာများသည် မြတ်ဗုဒ္ဓ၏ ဓမ္မဆေးများကို သက်ဆိုင်ရာ ရောဂါ (ပြဿနာ) အခြေအနေအလိုက်  လူသားကိုယ်တိုင် သောက်သုံးပါက (ကျင့်သုံး) မုချ ပြေလည် အေးငြိမ်းနိုင်ကြောင်း သိစေလိုရင်းဖြစ်ပါ၏။

       ယခု မိမိတင်ပြလိုသည့် အကြောင်းအရာကို ဆက်ပါမည်။
 ဗြဟ္မစိုရ်တရားလေးပါဟူသည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ လေးပါးပင်ဖြစ်၏။ ထိုလေးပါတွင် မေတ္တာကို မေတ္တာနှင့်ပတ်သက်၍ မိမိစွမ်းသမျှ တင်ပြပါမည်။ မေတ္တာတရားနှင့်ပတ်သက်၍ လူတို့၏ အဆင့်အလွှာအလိုက် အမျိုးမျိုး အဓိပ္ပယ်ဖွင့်ဆိုကြ ရေးသားကြ၏။ အချို့ဆိုလျှင် မူရင်းဝေါဟာရ၏ဆိုလိုရင်း အဓိပ္ပါယ်နှင့် လုံးဝကွဲပြားခြားသည်အထိ ပြောဆိုရေးသားနေသည်များကိုလည်း မိမိ ကြားဖူး ဖတ်ဖူးပါ၏။ ထို့ကြောင့် ဤနေရာ၌ မေတ္တာဟူသောဝေါဟာရ၏ မူရင်းအဓိပ္ပါယ်ပေါ်လွင်ထင်ရှားစေရန် အနည်းငယ်ချဲ့ထွင်ရေးသားပါမည်။

         မေတ္တာဟူသောဝေါဟာရကို  Oxford English Dictionary တွင် Love, affection > a strong feeling of deep affection for sb/sth, especially a member of your family or a friend. ထို့ပြင် Love ကို အဓိပ္ပါယ်တူစကားလုံးများဖြင့်ဖွင့်ဆိုရာတွင် Love means warm affection, attachment, affectionate devotion etc..ဟူသတတ်။ အဓိပ္ပါယ်မှာ ချစ်ခြင်းမေတ္တာဟူသည် တစ်စုံတစ်ယောက်အား (သို့) တစ်စုံတစ်ခုအား နစ်နစ်နောနောစွဲလမ်းသည့် ပြင်းပြသော စိတ်ခံစားချက်ဟူသတဲ့။
အထူးသဖြင့် မိမိ၏ မိသားစု (သို့) သူငယ်ချင်းကို ချစ်ခြင်းဟုဖွင့်ဆိုသတတ်။ အဓိပ္ပါယ်တူထပ်ဖွင့်ရာမှာတော့ အချစ်မေတ္တာဟူသည် နွေးထွေးသော ချစ်ခင်မှု၊ တွယ်တာမှု၊ တွယ်တာချစ်ခင်သော ပေးဆပ်မှု စသည်တဲ့။ ဤသည့်ဖွင့်ဆိုချက်သည် ဗုဒ္ဓဓမ္မတွင်လာရှိသည့် မေတ္တာ၏အဓိပ္ပါယ်နှင့် လုံးဝမတူချေ။ ကွာခြားလှ၏။ အဘယ့်ကြောင့်နည်း။ အင်္ဂလိပ်ဝေါဟာရတွင် မေတ္တာဟူသောပါဠိဝေါဟာရနှင့် တိုက်ရိုက်အဆင့်တူညီသည့် ဝေါဟာရမရှိသောကြောင့်တည်း။ အမှန်စင်စစ် ပါဠိစာပေမှလာသည့် မေတ္တာ၏ အဓိပ္ပါယ်သည် ရယူပိုင်ဆိုင်လိုမှုအလျဉ်းမရှိဘဲ လူ့လောကကြီး၏ သာယာဖွံ့ဖြိုးရေး၊ အေးချမ်းရေးအတွက် ကိုယ်ကျိုးစီးပွါးကို စွန့်လွှတ်ကာ အကူအညီပေးလိုမှုဟူသော ဖြူစင်မြင့်မြတ်သည့် ကုသိုလ်ဆန္ဒသက်သက်သာလျှင်ဖြစ်၏။ ဤချစ်မေတ္တာတရားသည် ချစ်လိုသူကိုသာရွေးကောက်ချစ်၍ မချစ်လိုသူများကို ပယ်ထုတ်ပစ်သော အဂတိသဘောသက်ရောက်သည့် မေတ္တာမျိုးလည်းမဟုတ်ချေ။ အကယ်၍ သင်သည် သင်နှင့်အကျွမ်းဝင်သော သင်လိုလားသော သူများကိုသာရွေးကောက်၍ချစ်ပြီးလျှင် မလိုလားသူများကို ပယ်ထုတ်ထားပါက သင့်ထံတွင် ပိဋကတ်စာပေမှဆိုလိုသည့် မေတ္တာမရှိသေးကြောင်းနားလည်ထားသင့်၏။

         ထို့ပြင် မေတ္တာဟူသည် ညီရင်းအကိုပမာချစ်ခင်သည့် စိတ်ခံစားချက်သက်သက်မျှမဟုတ်မူဘဲ လူသားအားလုံးအတွက် ကျင့်ဘို့ရန်ဟောကြားထားသော မူလအခြေခံ သဘောတရား
လည်းဖြစ်၏။ ကောင်းကျိုးလိုလားသည့် အတွေးစိတ်ကူးသက်သက်မျှမဟုတ်မူဘဲ အားလုံးအတွက် ရက်ရောသော ပေးဆပ်မှုများနှင့် တက်ကြွသော လက်တွေ့ပါဝင်ဆောင်ရွက်မှုလည်းဖြစ်၏။ မေတ္တာသည် အရပ်ဒေသတိုင်းမှ သတ္တဝါတိုင်းအား အေးလျှင်နွေးစေ၏။ ပူလျှင်အေးစေ၏။
 မြေပေါ် မြေအောက် ရေပေါ် ရေအောက် လေပေါ် လေအောက်
 ကောင်းကင်ပေါ် ကောင်းကင်အောက်တွင် နေထိုင်ကြသော
သက်ရှိသတ္တဝါအားလုံးအား အတိုနှင့်အရှည် အဖြူနှင့်အမည်း
အဝေးနှင့်အနီး ရုပ်ဆိုးနှင့်ရုပ်ချော ဆင်းရဲနှင့်ချမ်းသာ ပညာရှိနှင့်ပညာမဲ့
အာဏာရှိနှင့်အာဏာမဲ့ နိမ့်သူနှင့်မြင့်သူ အဖိုနှင့်အမ ကောင်းသူနှင့်
မကောင်းသူ အငယ်နှင့်အကြီး အထက်နှင့်အောက် ဘယ်အရာတစ်ခုကိုမျှ
မခွဲခြားဘဲ နေရာတိုင်းမှ သတ္တဝါတိုင်းအား မည်သည့်တုန့်ပြန်ချက်ကိုမျှ မမျှော်ကိုးဘဲ
 တပ်မက်မောခြင်း ပူလောင်ပြင်းပြစွာ လွမ်းဆွတ်ခြင်းတို့လည်းအလျဉ်းမရှိသည့်
 ပေးဆပ်ဖြည့်ဆည်းပေးလိုသော အဖြူထည်သက်သက် စစ်မှန်သည့် ဆန္ဒသက်သက်သည်သာ မေတ္တာဖြစ်လေ၏။

 လောကလူအများစုသည် တွယ်တာမက်မောသော အောက်မေ့တမ်းတသော စွဲလမ်းသော
ရာဂ (သို့) တဏှာကို မေတ္တာဟု အထင်မှားတတ်ကြ၏။ ထို တွယ်တာ မက်မောသော ချစ်မေတ္တာသည် အရမ်းချိုမြိန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် မီးကဲ့သို့ပူလောင်၏။ မီးထက်လည်းပို၍ ပူတတ်၏။  ဥပမာအားဖြင့်  တခဏအတွင်း ပွင့်လာသောပန်းကလေးသည် နေ၏ပြင်းပြသော အပူဒဏ် သဘာဝရာသီဥတုနှင့် မီး၏အပူဒဏ်တို့နှင့်တွေ့ကြုံရသည့်အခါ တခဏအတွင်းမှာပင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် ညှိုးလျှပြီး ကြွေကျပျက်ဆီးရသကဲ့သို့ ထိုတပ်မက်မောသော
တဏှာအချစ်သည် မိမိဆန္ဒနှင့်မတိုက်ဆိုင်သည့် အခြေအနေများ ဖြစ်ရပ်များနှင့်ကြုံတွေ့ရသည့်အခါ ချက်ချင်းပင်ကွယ်ပျောက်ကာ စိတ်ဆိုးကြ စိတ်ကောက်ကြ ကွဲကြကွာကြလေတော့၏။
 မြန်မာစကားပုံရှိ၏။ ချစ်ကြပြန်တော့လဲ အသဲစွဲ၊ မုန်းကြပြန်တော့လဲ အရိုးကွဲတဲ့။ အချစ်ကြီးတော့ အမျက်ကြီးတဲ့။ ဤစကားပုံများသည် တဏှာပေမ ချစ်မေတ္တာကိုသာ ရည်ညွှန်း၍ပေါ်ထွက်လာကြခြင်းဖြစ်၏။ ထို့ကြောင့် တပ်မက်မောသော အချစ်မေတ္တာကြီးလေလေ အမုန်းနှင့် နာကျင်ခံခက်မှုများလည်း ကြီးမားလေလေပင်ဖြစ်၏။ အဘယ့်ကြောင့်နည်း ဤချစ်မေတ္တာသည် မီးနှင့်တူ၍ အလွယ်တကူ အမြန်ပင်လောင်ကျွမ်းပျက်စီးစေနိုင်သောကြောင့်တည်း။ ထို့ပြင် အချစ်အတွက် ပူလောင်ခြင်းသည်လည်း မေတ္တာစစ်၏ သဘောလက္ခဏာမဟုတ်၊ မေတ္တာစစ်၏ သဘောလက္ခဏာသည် သန့်စင်မှုနှင့် အင်အားကိုပေးနိုင်သောကြောင့်ပင်ဖြစ်၏။ တဏှာချစ်သည် ကြမ်းတမ်း၏။ ပျက်လွယ်၏။ မခိုင်မာချေ။ မေတ္တာစစ်သည် ဝါဂွမ်းကဲ့သို့နူးညံ့၏။ သို့သော် ခိုင်မာ၏။ ကျစ်လစ်၏။

           အမုန်းတရား မနာလိုဝန်တိုမှု ရက်စက်ကြမ်းကြုတ်မှု ရန်ငြိုးထားမှုတို့ကို
ပယ်သတ်ပြီးသည့်နောက် သန့်စင်မြင့်မြတ်သည့် စိတ်ထားကြောင့် ညစ်ထေးနေသော
လူမှုဝန်းကျင်ကို သန့်ရှင်းစင်ကြယ်စေခြင်း၊  အေးချမ်းမှုနှင့်
 ကောင်းကျိုးများဖြစ်ထွန်းလာစေသည့်သဘောသည် မေတ္တာစစ်ပင်ဖြစ်၏။
ထို့ပြင် မေတ္တာချစ်သည် စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားချက်လည်းမရှိ၊
အတ္တဆန်သော ချစ်မေတ္တာမျိုးလည်းမဟုတ်၊ နယ်စည်းလည်းမခြား၊
ကန့်သတ်ချက်လည်းမပါ၊ စိတ်အနှောက်အယှက်နှင့် ကသိကအောက်ဖြစ်မှုကြောင့် ပျက်ပြားသွားသည်လည်းမဟုတ်။ အဘယ့်ကြောင့်နည်း။ မည်သည့်တုန့်ပြန်ချက်ကိုမျှ မျှော်လင့်မထားသောကြောင့်ပင်တည်း။

   ထို့ပြင် မေတ္တာသည် တက်ကြွသည့် စွမ်းအင်လည်းဖြစ်၏။
 မေတ္တာစစ်ရှိသူ၏ လုပ်ရပ်တိုင်း အမူရာတိုင်းသည် လောကလူသားများအား
အညစ်အကြေးကင်းသော စိတ်ထားဖြင့် အမြင့်မားဆုံးသော အောင်မြင်မှုကိုရရှိရေး၊ ပူလောင်မှုသောကကို ဖျေဖျောက်ပေးရန် ပို၍ဆီလျော်ပြီး ပို၍ချောမွေ့သော လမ်းကြောင်းကိုပြပေးရေး၊ ပို၍လွယ်ကူသောလမ်းကို ဖေါက်လုပ်ပေးရေး၊ ကောင်းချီးပြုပေးရေး၊ ကူညီဖေးမပေးရေးတို့သာလျှင်ဖြစ်လေ၏။

  ယခုတစ်ဖန် ပို၍ထင်သာမြင်သာဖြစ်စေရန် မေတ္တာကိုဒေါသနှင့်ယှဉ်၍တင်ပြပါမည်။
 ဒေါသသည် အကျဉ်းကျစေ၏။ မေတ္တာသည် လွတ်လပ်စေ၏။
 ဒေါသသည် အခွင့်အရေးကင်း၏။ မေတ္တာသည် အခွင့်အရေးပြည့်၏။
 ဒေါသသည် နောင်တတရားကိုသယ်ဆောင်လာ၏။ မေတ္တာသည် ငြိမ်းချမ်းမှုကို သယ်ဆောင်လာ၏။ ဒေါသသည် စိတ်အနှောက်အယှက်ဖြစ်စေ၏။ မေတ္တာသည် စိတ်ကိုအေးချမ်းတည်ငြိမ်စေ၏။ ဒေါသသည် ကွဲပြားစေ၏။ မေတ္တာသည် စည်းလုံးညီညွတ်စေ၏။ ဒေါသသည် ကြမ်းတမ်းစေ၏။ မေတ္တာသည် နူးညံ့စေ၏။
 ဒေါသသည် ဆူးငြောင့်ခလုတ် အဟန့်အတားဖြစ်၏။ မေတ္တာသည် အကူအညီဖြစ်၏။
အချုပ်အားဖြင့် မေတ္တာသည် သက်ရှိသက်မဲ့ အရာရာအတွက် နယ်စည်းမခြား ပုဂ္ဂိုလ်မခွဲဘဲ ကောင်းကျိုးမှန်သမျှကို ဖြစ်စေနိုင်သောသဘောပင်ဖြစ်၏။
(ဆက်လက်တင်ပြပါမည်)

Sunday, June 10, 2012

ဗုဒ္ဓဓမ္မနှင့်လူ့အခွင့်အရေး ( ၇ ) ဗုဒ္ဓဝါဒ၏ လူသားအပေါ်သဘောထား

အသင်စာဖတ်သူသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးကို ဖတ်ရှုပြီးပေပြီ။ ထိုအပိုဒ် သုံးဆယ်လုံးသည် အဓိကအားဖြင့် ဘာကိုဖေါ်ညွှန်းပါသနည်း။ စာဖတ်သူကိုယ်တိုင်လည်း စဉ်းစားစေချင်ပါ၏။ မိမိစဉ်းစား သုံးသပ်မိသည်များကိုလည်း မိမိဥာဏ်မီသမျှ ဖေါ်ပြပါမည်။ အမှန်စင်စစ် အထက်ပါ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် သုံးဆယ်လုံးသည်
၁။ လူသား၏ မူလ မွေးရာပါတန်ဘိုးနှင့် ဂုဏ်သိက္ခာ
၂။ လူသားအချင်းချင်း ထားရှိရမည့်စိတ်ထားများနှင့်
၃။  လူသားအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကိုယ်ကျင့်တရားများနှင့် တာဝန်များ
ဤအချက်သုံးချက်ကိုသာလျှင် အဓိကအားဖြင့် ဖေါ်ညွှန်းသည်ဟု မိမိကောက်ချက်စွဲမိ၏။ တိတိကျကျ ပြောရလျှင် မြတ်ဗုဒ္ဓညွှန်ကြားဖေါ်ပြတော်မူခဲ့သော ငါးပါးသီလအဆင့်အထိ မမီချေ။ ဆိုလိုသည်မှာ ငါးပါးသီလသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းထက် အနှစ်သာရအားဖြင့်ပိုမို၍မြင့်မားပြီးလျှင် ငါးပါးသီလမျှကိုသာလုံခြုံပါလျှင် လူမှု့ လောကကြီးတစ်ခုလုံး မလိုလားအပ်သည့် လူမှု့ ပြဿနာများ ကင်းဝေးနေမည်မှာ အမှန်ပင်ဖြစ်လေ၏။ လူ့အခွင့်အရေးဟူသောစကားလုံးနှင့် လှုပ်ရှားမှုတို့သည်လည်း အဆိုပါ အချက်တို့ကို လိုက်နာမှု့ မရှိကြသောကြောင့်သာလျှင် ပေါ်ပေါက်လာခြင်းပင်ဖြစ်၏။ အထက်ပါအချက်သုံးချက်ကိုသာ လူသားများလိုက်နာ ကျင့်သုံး စောင့်ထိန်းခဲ့ကြပါက လူ့အခွင့်အရေးပြဿနာသည် ပေါ်ပေါက်လာစရာ အကြောင်းမရှိချေ။ အထက်ပါ အချက်သုံးချက်တွင် နံပါတ်တစ်ဖြစ်သည့် လူသား၏ မူလမွေးရာပါ တန်ဘိုးနှင့် ဂုဏ်သိက္ခာအကြောင်းကို ဦးစွာတင်ပြလိုပါ၏။ ဤကမ္ဘာပေါ်ဝယ်ရှိကြသော ဘာသာတရားများအနက် ဗုဒ္ဓဝါဒ၏ လူသားအပေါ်ထားရှိသည့် သဘောထားသည်အလွန်ထူးခြားလှ၏။ အဘယ့်ကြောင့်နည်း။ ဗုဒ္ဓဝါဒအရ လူသားတစ်ယောက်အဖြစ် မွေးဖွားလာဘို့အရေးသည် အလွန်တရာခက်ခဲပြီးလျှင် လူသားဘဝကို ရရှိခြင်းသည်လည်း တန်ဘိုးအရှိဆုံးသော အခွင့်အရေးကို ရရှိခြင်းပင်ဖြစ်၏ဟု လက်ခံထားသောကြောင့်ပင်တည်း။ ထို့ကြောင့် ဗုဒ္ဓဝဂ္ဂ ဧရကပတ္တနာဂရာဇဝတ္ထု ဓမ္မပဒ၌ ဘုရားရှင်ဤသို့ ဟောတော်မူ၏။
ကိစ္ဆော မနုဿပဋိလာဘော၊ ကိစ္ဆံ မစ္ဆာန ဇီဝိတံ။ ကိစ္ဆံ သဒ္ဓမ္မသဝနံ၊ ကိစ္ဆော ဗုဒ္ဓါန မုပ္ပါဒေါ။
အဓိပ္ပါယ်မှာ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏။ လူသားတို့၏ အသက်ရှည်စွာ နေရခြင်းသည်လည်းခဲယဉ်း၏။ သူတော်ကောင်းတရားကို ကြားနာရဘို့ရန် ခဲယဉ်း၏။ ဘုရားအဖြစ် သို့မဟုတ် ဘုရားဖြစ်ရာကာလကို ရဘို့ရန်ခဲယဉ်း၏ ဟူ၍ဖြစ်၏။ ဤ နေရာ၌ အဓိကပြောလိုသည်မှာ ကိစ္ဆော မနုဿပဋိလာဘော၊ လူသားအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏ ဟူသောစကားပင်ဖြစ်၏။ လူ့ဘဝကို လွယ်လွယ်ရသည်မဟုတ်၊ အလွန်ရခဲ၏၊ အဘယ့်ကြောင့်နည်း လူသားဘဝသည် အလွန်တန်ဘိုးရှိသောကြောင့်ပင်တည်း။ သံယုတ္တနိကာယ် ပါဏသုတ်တွင်လည်း သမုဒ္ဒရာအောက်ခြေတွင် နေထိုင်သော မျက်လုံးတစ်ဖက်ကန်းနေသည့် လိပ်တစ်ကောင်သည် နှစ်ပေါင်းတစ်ရာကြာမှ ကောင်းကင်ကိုကြည့်ဘို့ရန် အပေါ်သို့တက်လာသည့်အခါ သမုဒ္ဒရာတွင်မျောနေသော ထမ်းပိုးတုံးမှ အပေါက်နှင့်စွပ်မိဘို့ရန် ခက်ခဲသကဲ့သို့ ထို့အတူ လူသားအဖြစ်ကိုလည်း ရရှိဘို့ရန်မှာ အလွန်ပင်ခက်ခဲကြောင်း မြတ်ဗုဒ္ဓဟောတော်မူပါ၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓသည် ယဉ်ကျေးမှု ဓလေ့ထုံးစံ နေရာဒေသ နိုင်ငံ အသားအရောင် ယောကျာ်းမိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် မည်မျှပင် များပြားစွာကွဲပြားခြားနားနေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထားမေတ္တာပွါးရမည်ဖြစ်ကြောင်း သင်ကြားဆုံးမတော်မူ၏။ ထို့ပြင် မေတ္တသုတ်၌လည်း မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝံပိ သဗ္ဗဘူတေသု မာနသံ ဘာဝယေ အပရိမာဏံ ဟုဟော်တော်မူ၏။ အဓိပ္ပါယ်မှာ မိခင်သည် မိမိ၏တစ်ဦးတည်းသောသားကို အသက်တမျှ တန်ဘိုးထားစောင့်ရှောက်သကဲ့သို့ ထို့အတူ လူသားအားလုံးသည်လည်း တစ်ဦးပေါ်တစ်ဦး လေးစားတန်ဘိုးထားကာ သက်ရှိသတ္တဝါ အားလုံးကိုမေတ္တာပွါးများကြရမည်ဟု ဆိုလို၏။ ထို့ပြင် မေတ္တာမပွါးနိုင်ဘဲ ဒေါသအလျောက် သတ်ဖြတ်မိပါကလည်း သတ္တဝါတို့၏ တန်ဘိုးအသီးသီးအလိုက် အပြစ်ရှိကြောင်းမြတ်ဗုဒ္ဓ သင်ကြားပေးတော်မူ၏။ သတ္တဝါတို့ကို သတ်ဖြတ်မှုကြောင့်ရရှိသောအပြစ်ဒဏ်များတွင် လူကိုသတ်သည့် အပြစ်သည် အကြီးလေးဆုံးဖြစ်ပါ၏။ အထင်ရှား အလွယ်ကူဆုံးသောသာဓက တစ်ခုကိုပြရလျှင် ရဟန်းတစ်ပါးသည် သေစေလိုသော ကြံရွယ်ချက်ဖြင့် လူကိုသတ်မိပါက ရဟန်းအဖြစ်မှလျှောကျလေတော့၏။ ပါရာဇိကကျလေ၏။ ရဟန်းဘဝဖြင့် ဆက်လက်၍နေခွင့်မရှိတော့ပေ။ အယုတ်ဆုံးအားဖြင့် လူရုပ်အသွင်သဏ္ဌာန်မပီပြင်သေးသော သန္ဓေသားကို ပျက်ကျစေရန် ကိုယ်ဝန်ဖျက်ဆေးပေးလျှင်ပင် ပါရာဇိကကျလေတော့၏။ ရဟန်းတစ်ပါးအနေဖြင့် မည်သည့်အကြောင်းကြောင့်မျှ လူကိုသတ်ခွင့်မရှိ၊ သတ်ဘို့ရန် နည်းလမ်းလည်းပေးခွင့်မရှိ၊ လူသားတစ်ယောက် သေစေရန်ရည်ရွယ်၍ မည်သို့သော နည်းပရိယာယ်ကိုမျှ အသုံးပြုခွင့်မရှိပေ။ အကယ်၍ လူကိုသေစေရန် တနည်းနည်းဖြင့် ကျူးလွန်မိပါက နောက်ထပ်တစ်ဖန် ရဟန်းဖြစ်ချင်၍ အကြိမ်တစ်ရာ ကမ္မဝါဖတ်၍ ရဟန်းခံသော်လည်း ရဟန်းအဖြစ်ကို မရနိုင်တော့။ အဘယ့်ကြောင့်နည်း။ အလွန်တန်ဘိုးကြီးလှသော လူသားဘဝကို ဆုံးရှုံးအောင် ပြုမူခြင်းကြောင့်ပင်တည်း။ မြတ်ဗုဒ္ဓ၏ဓမ္မသည် လူသားကိုဤမျှအထိတန်ဘိုးထား၏။ လေးစား၏။
 
          ထို့ပြင် အသိဥာဏ်ပိုင်းအဆင့်အတန်းကို စဉ်းစားကြည့်လျှင်လည်း နိဗ္ဗာန်ကို ဦးစွာ မျက်မှောက်ပြုလျှက် သိနိုင် နားလည်နိုင်သည်မှာ ဤကမ္ဘာဝယ် လူသားသာလျှင်ဖြစ်၏။ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ တိရစ္ဆာန်ဆိုလျှင် ပိုလို့ပင်ဝေးလေစွ။ နိဗ္ဗာန်ဟူသည် ဒဿနဆိုင်ရာရုပ်လွန်ပညာရပ်မဟုတ်ချေ။ မြတ်ဗုဒ္ဓသင်ကြားတော်မူသည့်အတိုင်း အမှန်တကယ်လိုက်နာကျင့်သုံးလျှင် ကိုယ်တိုင်ကိုယ်ကျ မဂ်ပညာ ဖိုလ်ပညာတို့ဖြင့် သိနိုင်သော ဧကန်အရှိတရား ဖြစ်၏။ ထိုနိဗ္ဗာန်တရားကို မရေမတွက်နိုင်သောသက်ရှိသတ္တဝါများထဲတွင် လူသားသည်သာ အဦးဆုံးသိခဲ့၏။  ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့် ဂုဏ်သိက္ခာမြင့်၏၊ တင့်၏။ အခြားသတ္တဝါများထက် အသိဥာဏ်လည်းမြင့်၏။ မွေးရာပါ အပြစ်ကင်းစင်၏။ ဘာအပြစ်မှမပါဝင်။ တစ်ချို့ဘာသာများ၏ အဆိုအရ လူသားသည် မွေးရာပါအားဖြင့် အပြစ်ပါလာ၏။ အပြစ်သားဖြစ်၏။ ထိုအပြစ်ကို ဖြေဖျောက်၍ ကယ်တင်ပေးရန် သက်ဆိုင်ရာ ဘုရားကို မျက်နှာချိုသွေးကာ ဆုတောင်းကြရ၏။ ဗုဒ္ဓဓမ္မအရ လူသားသည် မွေးရာပါအားဖြင့်ပင် ဂုဏ်တင့်၏။ မြင့်၏။ ဥာဏ်ထက်၏။ အပြစ်ကင်းစင်၏။ မည်သို့သောပုဂ္ဂိုလ်ကိုမျှ ဒူးထောက်လက်မြှောက်၍ မျက်နှာချိုသွေးကာ ဆုတောင်းနေရန်မလိုပေ။ ထို့ပြင် လူသားသည် အရာရာကို ဖန်တီးနိုင်၏။ လူ့လောကကြီးတစ်ခုလုံးကို လူသားများသာ စိတ်တိုင်းကျချယ်လှယ်နေနိုင်ကြ၏။ အဘယ့်ကြောင့်နည်း။ လူသားသည် မူလမွေးရာပါ အစွမ်းရှိသောကြောင့်ပင်တည်း။  လူသားသည်သာ ကိုးကွယ်ရာ ဘုရားဖြစ်နိုင်၏။ လူသားမှတစ်ပါး မည်သည့်သက်ရှိသတ္တဝါမျှ ဘုရားမဖြစ်နိုင်ချေ။ ဗုဒ္ဓဓမ္မအရ လူသားသည် အကျင့်မြတ်ကို အမှန်တကယ်ကျင့်လျှင် စာလုံးကြီးဖြင့်ပေါင်းသော God ကလည်း လူသားကို လေးစားရိုသေရှိခိုးရ၏။ စာလုံးသေးဖြင့်ပေါင်းသော gods များစွာတို့သည်လည်း လူသားကို လေးစားကြရ၏။ လူသားသည် God နှင့် gods အားလုံးကို ရှိခိုးစရာမလို၊ သူတို့ထံသို့ဆုတောင်းခံစရာမလို၊ မေတ္တာပွါးရန်သာလို့၏။ လူသား၏တန်ဘိုးသည် ဤမျှအထိမြင့်မားလှ၏။  ဤကဲ့သို့ မွေးရာပါ လူသား၏ဂုဏ်သိက္ခာကို အရှိအတိုင်း သဘာဝအတိုင်း ဖေါ်ထုတ်တင်ပြပေးသော ဘာသာတရား အဘယ်မှာလျှင် ရှိပါမည်နည်း။ ရှိလျှင်လည်း ပြစမ်းပါလော့။ သိချင်လှပါ၏။
         
               အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၁) တွင် လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဘန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏ ဟု ပြဋ္ဌာန်းထား၏။ ဤပြဋ္ဌာန်းချက်နှင့် ဗုဒ္ဓဓမ္မကို အသင်စာဖတ်သူ နှိုင်းယှဉ်ကြည့် သုံးသပ်ကြည့်စမ်းပါလော့။ ဤကြေငြာစာတမ်းသည် ယနေ့ကမ္ဘာ့လူသားများအတွက် ကျင့်သုံးထိုက်သည့် အခြေခံမူတစ်ခုဖြစ်ပါ၏။ သို့သော် မြတ်ဗုဒ္ဓသည် ဤကြေငြာစာတမ်းထက် လူသား၏တန်ဘိုးနှင့် ဂုဏ်သိက္ခာကို နှစ်ပေါင်း ၂၅၀၀ ကျော်စော၍ ကြိုတင်ကာ ဖေါ်ထုတ်တင်ပြခဲ့၏။ ထို့ကြောင့် ဗုဒ္ဓဓမ္မအရ လူသားသည် တန်ဘိုးအမြင့်ဆုံးဖြစ်၏။ ဂုဏ်သိက္ခာအမြင့်ဆုံးဖြစ်၏။ အလွတ်လပ်ဆုံးဖြစ်၏။ အသိဥာဏ်အမြင့်ဆုံးဖြစ်၏။ လူသားထက်မြင့်သော လူသားကကိုးကွယ်ရသော သက်ရှိသတ္တဝါဟူ၍မရှိချေ။ လူသားသည် သက်ရှိသတ္တဝါအားလုံးကို မေတ္တာတရား ကရုဏာတရား ကိုယ်ကျင့်တရား တာဝန်ဝတ္တရားတို့ဖြင့် ချီးမြှောက်ရန်သာတာဝန်ရှိလေ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***