Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Wednesday, July 30, 2014

What does religion teach us? ဘာသာတရားက ကျွန်ုပ်တို့ကို ဘာတွေသင်ကြားပေးပါသလဲ? ( ၁ )

Religion teaches us to overcome our difficulties without creating further difficulties. Every problem of life which we come across could be solved if only we know how to practice a rational religion. 

ဘာသာတရားဟာ အကျွန်ုပ်တို့ကို နောက်ထပ်အခက်အခဲတစုံတရာဆက်လက်မဖြစ်စေဘဲ လက်ရှိအခက်အခဲကို ကျော်လွှားနိုင်ဘို့ သင်ကြားပေးပါတယ်။ ဆင်ခြင်တုံတရားအခြေခံသော ဘာသာတရား၏ ကျင့်ပုံကျင့်နည်းကို သိကြမှသာလျှင် သို့မဟုတ် သတိ ပညာကိုအခြေခံသော ဘာသာတရား၏သင်ကြားချက်တို့ကို သိရှိလိုက်နာကြာမှသာလျှင် အကျွန်ုပ်တို့ အမှတ်မထင်ကြုံတွေ့ဖြတ်သန်းရသော ဘဝပြဿနာတိုင်းကို ဖြေရှင်းနိုင်ပါတယ်။ 

မှန်ပါတယ်။ စစ်မှန်သောဘာသာတရားရဲ့သင်ကြားချက်များကို စစ်မှန်အောင်သာ ကျင့်သုံးကြရင် လူသားတွေမလိုလားတဲ့ ပြဿနာတိုင်းဟာ ကင်းဝေးနေမှာပါ။ ဘာသာတရားကို ကိုးကွယ်ကျင့်သုံးကြတဲ့အခါမှာ ဆင်ခြင်တုံတရား သို့မဟုတ် သတိနဲ့ ပညာဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ သတိနဲ့ ပညာလုံးဝမပါဘဲ တန်ခိုးရှင်တစ်ဦးဦးကို အရမ်းယုံ မျက်ကန်းယုံ ယုံကြည်တတ်တဲ့ မှိုင်းမိခံရတဲ့ယုံကြည်မှုမျိုးသက်သက်မျှနဲ့သာ ကိုးကွယ်ကြမယ်ဆိုရင် ပြဿနာတိုင်းကို ဖိတ်ခေါ်ရာရောက်ပါတယ်။ အစွန်းရောက်တယ်ဆိုတာဟာ သတိနဲ့ပညာအားနဲသွားလို့ သို့မဟုတ် ဆင်ခြင်တုံတရားပညာနဲ့ ယုံကြည်မှုတို့ ဟန်ချက်မညီမျှမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓကတော့ သဒ္ဓါနဲ့ပညာမျှတအောင် ကျင့်သုံးတတ်ဖို့ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ 

Man has been endowed with certain extra faculties which animals do not have. If man does not train himself to utilize such faculties he is capable of behaving in a manner much worse than animals. He could train himself against the moral back ground introduced by a religion. But such religious instruction should be given not by threatening them with hell-fire nor by pleasing them by promising a paradise, but by making them to understand why they should observe morality and obtain from evil. 

လူသားဟာ တိရစ္ဆာတွေမှာမရှိတဲ့ အချို့ ပိုလွန်ကောင်းမြတ်သော စွမ်းရည်များနဲ့ပြည့်စုံပါတယ်။ တကယ်လို့ လူသားဟာ တိရစ္ဆာန်ထက် ပိုလွန်ကောင်းမြတ်တဲ့ အဲဒီအရည်အသွေးတွေကို အကျိုးရှိရှိအသုံးပြုဘို့ မလေ့ကျင့်ဘူးဆိုရင် တိရစ္ဆာထက်အဆိုးရွားဆုံးဖြစ်တဲ့ အပြုအမူတွေကိုပြုမူနိုင်ပါတယ်။ သူဟာ ဘာသာတရားက အစပျိုးသင်ကြားပေးထားတဲ့ အခြေခံကိုယ်ကျင့်တရားကိုလဲ ဆန့်ကျင်နိုင်ပါတယ်။ တကယ်တော့ ကောင်းကင်ဘုံနဲ့ ကတိပေးပြီး မြှောက်ပင့်ခြင်း၊ ငရဲမီးနဲ့ခြောက်လှန့်ခြင်းတို့ မပြုလုပ်ဘဲ ဘာကြောင့် ကိုယ်ကျင့်တရားကို ကျင့်သုံးသင့်တယ်၊ ဘာကြောင့် မကောင်းမှုမှရှောင်ကြဉ်သင့်တယ်ဆိုတာကို နားလည်အောင်ရှင်းပြခြင်းဖြင့်သာလျှင် ဘာသာတရားသင်ကြားချက်များကို ပေးသင့်ပါတယ်။ 

မှန်ပါတယ်။ လူသားတွေရဲ့ ထူးခြားကောင်းမြတ်တဲ့စွမ်းရည်တွေကို လွဲမှားစွာအသုံးပြုခဲ့ကြတာကြောင့် ကမ္ဘာ့သမိုင်းမှာ အမည်းစက်ကြီးတွေ စွန်းထင်းခဲ့ဖူးပါပြီ။ အဲဒီအစွန်းရောက်အမဲစက်တွေဟာ တိရစ္ဆာထက်ပိုဆိုးတဲ့ လူသားတွေရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အကျင့်ဆိုးတွေပါပဲ။ အထူးသဖြင့်တော့ လူသားရဲ့ မူလပင်ကိုစွမ်းရည်များကို အသုံးတည့်အောင် အသုံးပြုဘို့မစဉ်းစားဘဲ ငရဲမီးနဲ့ခြောက်ပြီး ကောင်းကင်ဘုံနဲ့မြှောက်တဲ့ သဘောတရားကို အသားပေးလွန်းခဲ့တဲ့ဘာသာတရားတွေဟာ လူသားရဲ့သဘာဝစွမ်းရည်များမှ သွေဖည်စေပြီး တန်ခိုးရှင်တစ်ဦးဦးရဲ့အထံမှာ ကိုယ်ပိုင်အစွမ်းအစတွေကို စုံမှိတ်ပြီးအပ်နှံစေပါတယ်။ ဒီတော့ လူသားဟာ သူ့ထက်အရာရာပိုလွန်တဲ့ တန်ခိုးရှင်တစ်ဦးရှိတယ်ဆိုတဲ့ အခြေအမြစ်ကင်းမဲ့သော အစွဲအလမ်းကို ခိုင်မာလာခဲ့တယ်။ ဒါကြောင့်ပဲ လူသားရဲ့မူလစွမ်းပကားတွေကို ယုံကြည်အားကိုးမှုထက် တန်ခိုးရှင်ကိုသာ အားကိုးမှုတွေကြီးစိုးလွှမ်းမိုးခဲ့ပြီး အဲဒီတန်ခိုးရှင်ကသာ လူသားတွေရဲ့ ကောင်းကောင်းဆိုးဆိုးအမျိုးမျိုးသော အရာရာတွေအတွက်ပဓာနဖြစ်တယ်လို့ ယုံမှတ်မှားလာခဲ့တော့တယ်။ 

Human beings cannot be controlled by a government merely by imposing more and more rigid rules. The more the government makes the rules the more would people find out loopholes to break such rules. If man is morally trained by a religion so as to make him understand why he should behave as a good citizen, no problems would arise. 

အစိုးရတစ်ဖွဲ့ဟာ ပို၍ပို၍တင်းကျပ်တဲ့ အမိန့်ဥပဒေများကိုပြဌာန်းရုံမျှဖြင့် လူသားကို ထိန်းချုပ်လို့ရနိုင်မှာမဟုတ်ပါဘူး။ အစိုးရဟာ တင်းကျပ်တဲ့အမိန့်ဥပဒေများကို ပြဌာန်းလေလေ လူထုဟာ အဲဒီတင်းကျပ်တဲ့ အမိန့်ဥပဒေများကို ချိုးဖောက်ရန် ထွက်ပေါက်ကိုရှာဖွေတွေ့ရှိလေလေပဲဖြစ်ပါလိမ့်မယ်။ ဘာသာတရားက လူသားကို နိုင်ငံသားကောင်းတစ်ယောက်အဖြစ်ဖြင့် ကိုယ်ကျင့်သိက္ခာတရားကို ဘာကြောင့်လေးစားလိုက်နာသင့်တယ်ဆိုတာကို နားလည်အောင်လေ့ကျင့်သင်ကြားပေးလျှင် လူမှုပြဿနာတွေဟာ ဖြစ်ပေါ်လာမှာ မဟုတ်တော့ပါဘူး။ 


ဟုတ်ပါတယ်။ အာဏာရှင်များကြီးစိုးတဲ့နိုင်ငံတွေမှာ ပို၍တင်းကျပ်လာပြီး မမျှတတဲ့အမိန့်အာဏာများဟာ ပြည်သူလူထုရဲ့ကိုယ်ကျင့်တရားကို မထိန်းချုပ်နိုင်ရုံမျှမက အာဏာပိုင်လူတန်းစားတို့ရဲ့ ကိုယ်ကျင့်တရားကိုလည်း အောက်ဆုံးအဆင့်သို့ရောက်စေခဲ့တတယ်ဆိုတာ သမိုင်းမှာလက်တွေ့အထင်အရှားပဲဖြစ်ပါတယ်။ အဲဒီမမျှတတဲ့ အမိန့်အာဏာတွေဟာ ကိုယ့်ကျင့်တရားပျက်ပြားခြင်းထွက်ပေါက်ဆီသို့ တိတ်တိတ်တမျိုး ထင်ထင်ရှားရှားတဖုံ ခုန်ဆင်းသွားကြတော့တာပါပဲ။ ( ဆက်ရန် ) 

Sunday, July 27, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၇ ) ဤခရီးနီးသလား

ဖင်လန်နိုင်ငံတွင် လူငယ်များအတွက်ပညာသင်ကြားရေးသည် အဆင်ပြေလွယ်ကူလှသည်။ နို့စို့ကလေးအရွယ်မှစ၍ ( ၇ ) နှစ်သားအရွယ်မတိုင်မီအထိ ကလေးထိန်းကျောင်းတွင်ထားကြသည်။ ကလေးထိန်းကျောင်းအတွက်လခကို မိဘ၏အခြေအနေအလိုက် ပေးကြရသည်။ မိဘများအလုပ်မရှိလျှင် ကျောင်းလခပေးရန်မလိုဘဲ စိတ်အေးချမ်းသာစွာ အခမဲ့ ကျောင်းထားနိုင်သည်။ အလုပ်ရှိသော မိဘဖြစ်လျှင်ကား ကျောင်းလခပေးကြရသည်။ ကျောင်းတွင် နံနက်စာ နေ့လည်စာနှင့်မုန့်ပဲသွားရည်စာတို့ကိုလည်း အခမဲ့ကျွေးလိုက်သေးသည်။  ကလေးများ၏ ကြီးထွားမှု ဖွံ့ဖြိုးမှုနှင့် တတ်သိနားလည်မှုတို့ကို အချိုးကျ ဟန်ချက်ညီညီရရှိစေနိုင်သော စောင့်ရှောက်မှုနှင့်ပညာသင်ကြားမှုတို့ကို ဖြည့်ဆည်းပေးသည်။ ၎င်းဖြည့်ဆည်းပေးမှုသည် ငယ်ရွယ်စဉ်ကလေးဘဝပညာရေးနှင့် ကလေးစောင့်ရှောက်မှုအစိတ်အပိုင်းနှစ်ခုတို့၏ မကွဲပြားဘဲ တစ်သားတည်းဖြစ်မှုကိုဖေါ်ဆောင်သည်။  ဆိုလိုသည်မှာ ကလေးစောင့်ရှောက်မှုသည်ပင် ပညာသင်ကြားပေးခြင်းဖြစ်သည်။ စောင့်ရှောက်ရင်းဖြင့် သင့်လျော်သောပညာရပ်များကိုသင်ကြားပေးသည်။  သို့သော် ကလေးအသက်ခြောက်နှစ်သို့ရောက်သောအခါ အခြေခံပညာအလယ်တန်းကိုတက်ရောက်နိုင်ရန် အခြေခံအကြိုတန်းကို တစ်နှစ်ကြာတက်ရောက်ရသည်။ ၎င်းအကြိုတန်း၏ ရည်ရွယ်ချက်သည် ကလေးဘဝပညာရေးနှင့်စောင့်ရှောက်မှုတို့၏ အစိတ်အပိုင်းအနေဖြင့် ကလေးများ၏ တတ်မြောက်ရေးကျွမ်းကျင်မှုကို တိုးတက်စေရန်ရည်ရွယ်သည်။ အလွယ်ဆိုရသော် အခြေခံအကြိုတန်းသို့လွယ်ကူစွာတက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်သောအတန်းလည်းဖြစ်သည်။ ထို့ပြင် ထိုအခြေခံအကြိုတန်းအတွက် မိဘများမှငွေကြေးကုန်ကျစရာမလိုဘဲ အစိုးရမှထောက်ပံ့သော အခမဲ့ပညာရေးဖြစ်သည်။ အခြေခံအကြိုပညာရေးအတွက် အမျိုးသားဗဟိုသင်ရိုးညွှန်းတန်းကို ဖင်လန်အမျိုးသားပညာရေးအဖွဲ့မှဆုံးဖြတ်သည်။ 


   ကလေးအသက် ( ၇ ) နှစ်သို့ရောက်သောအခါမှစ၍ မသင်မနေရပညာရေးစနစ်အရ အခြေခံပညာကျောင်းသို့စတင်တက်ရောက်ကြရသည်။ တစ်တန်းမှစ၍ ကိုးတန်းအထိကို မသင်မနေရ အခြေခံပညာရေးအဖြစ်သတ်မှတ်ကာ အခြေခံပညာရေးကို ကိုးနှစ်ကြာသင်ကြားကြရသည်။ ၎င်းကိုးနှစ်ကို နှစ်ပိုင်းပြန်ခွဲလိုက်သောအခါ တစ်တန်းမှ( ၆ ) တန်းအထိသည် အခြေခံပညာအလယ်တန်းဖြစ်၍ ( ၇ ) တန်းမှ( ၉ ) တန်းအထိသည် အထက်တန်းဖြစ်သည်။ ( ၁၀ ) တန်းမှ ( ၁၂ ) တန်းအထိ သုံးနှစ်ကြာသင်ယူရသောပညာရေးသည် အဆင့်မြင့်ပညာရေးဖြစ်သည်။ ဤနိုင်ငံတွင် အခြေခံပညာမူလတန်းဟူ၍ သတ်မှတ်ထားချက်မရှိပါ။  ကျောင်းသင်ရိုးညွှန်းတမ်းသည် အမျိုးသားဗဟိုသင်ရိုးညွန်းတမ်းကိုအခြေခံသည်။  မသင်မနေရပညာရေးကို ကိုးနှစ်ကြာသင်ကြားပြီးဆုံးသည့်အခါ ကျောင်းသား၏ကိုယ်ပိုင်ဆန္ဒအလျောက် တစ်နှစ်အပိုထပ်ဆင့်သင်ယူရန်ရွေးချယ်ခွင့်ရှိသည်။ သို့သော် မရွေးချယ်လျှင်လည်းရသည်။ ဤဆန္ဒအလျောက်တစ်နှစ်ရွေးချယ်ခွင့်ရှိသောပညာရေးသည် အထက်တန်းပညာရပ်များကိုဆက်လက်သင်ယူနိုင်စေရန် လူငယ်များအားတိုက်တွန်းဘို့ရန်နှင့်ကူညီဘို့ရန် ရည်ရွယ်ပါသည်။ အကယ်၍ တက္ကသိုလ်သို့ဆက်လက်သင်ကြားလိုလျှင် ( ၁၂ ) တန်းအောင်မှသာ တက်ရောက်သင်ကြားနိုင်သည်။ ထူးခြားသည်မှာ သားသမီးကို မိဘကကိုယ်ဖြစ်စေချင်သည့်အတိုင်း ပုံဖေါ်ခွင့်မရဘဲ ကလေး၏ဆန္ဒအလျောက်သာပညာရေးကိုလွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားခြင်းဖြစ်သည်။ လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားသည်ဆိုသော်လည်း ကျောင်းသားတစ်ဦးတည်း၏ ဆန္ဒသက်သက်မျှဖြင့် စိတ်ထင်တိုင်းရွေးခွင့်မရှိပေ။  သားသမီး ( ကျောင်းသား ) ၏ ပညာရေးအခြေအနေနှင့်ဆန္ဒကို ဆရာ ဆရာမများက အနီးကပ်လက်တွေ့ကျကျ သိမြင်ထားပြီးဖြစ်ရာ ကျောင်းသားမိဘများကိုကျောင်းသို့ခေါ်ဆောင်၍ ကလေး၏အနေအထားကိုရှင်းပြလျှက် အနာဂတ်ပုံဖေါ်ရေးကို ဆွေးနွေးကြရသည်။ ထိုသို့ ၁။ မိဘ ၂။ ကျောင်းသား ၃။ ဆရာဆရာမတို့၏ အသီးသီးသောဆွေးနွေးချက်များအရ ကျောင်းသား၏ဆန္ဒနှင့်အနေအထားကိုက်ညီသော ပညာရေးကိုဇောင်းပေး၍ ရွေးချယ်ခွင့်ပေးလိုက်ကြသည်။ အလွန်အတုယူထိုက်သော စနစ်တစ်ခုပင်ဖြစ်သည်။ သံသရာမှ လွတ်မြောက်ရေးအတွက် သတ္တဝါတို့၏ အကြိုက်စရိုက်အားလျော်စွာ မြတ်ဗုဒ္ဓ၏ ကမ္မဋ္ဌာန်းပေးသောနည်းစနစ်နှင့်တူညီနေသည်ကို သတိပြုမိသည်။ 

   သို့သော် အခြေခံအထက်တန်းဖြစ်သည့် ( ၉ ) တန်းအောင်ပြီးလျှင် အဓိကရွေးချယ်ခွင့်နှစ်ခုရှိသည်။ ၎င်းတို့မှာ ၁။ အသက်မွေးအလုပ်သင်ပညာရေးကျောင်းနှင့် ၂။ အဆင့်မြင့်ပညာသင်ကျောင်းတို့ဖြစ်သည်။ အဆိုပါ နှစ်ကျောင်းလုံး၏ ကျောင်းတက်ချိန်ကာလမှာ ( ၃ ) နှစ်ဖြစ်သည်။ အကယ်၍ အသက်မွေးအလုပ်သင်ပညာရေးကျောင်းပြီးဆုံးသောအခါ တက္ကသိုလ်သို့ဆက်လက်တက်ရောက်လိုလျှင်လည်း တက်ရောက်ခွင့်ရှိသည်။ အကယ်၍ အသက်မွေးအလုပ်သင်ပညာရေးကျောင်းကိုမတက်ဘဲ အဆင့်မြင့်ပညာရေးကျောင်းသို့တက်ရောက်ကာ အောင်မြင်ပြီးဆုံးသော်လည်း  အလုပ်သင်ပညာရေးကျောင်းကိုမဖြစ်မနေတက်ရောက်ကြရသည်သာဖြစ်သည်။ အကြောင်းမှာ အသက်မွေးအလုပ်သင်ပညာရေးကျောင်းမှ အောင်လက်မှတ်ရရှိထားမှသာလျှင် အလုပ်ရနိုင်သောကြောင့်ဖြစ်သည်။ သို့သော် အဆင့်မြင့်ပညာရေးကျောင်းပြီးဆုံးမှ အသက်မွေးအလုပ်သင်ပညာရေးကျောင်းကိုတက်ရောက်ကာပြီးဆုံးပါက အလုပ်ကောင်းကောင်း လစာကောင်းကောင်းအတွက် ပို၍အခွင့်အလမ်းသာလေသည်။ တက္ကသိုလ်ပညာရေးသည်ကား ဘီအေ ဘီအက်စ်စီ ဘွဲ့တို့အတွက်ပင် ၄ နှစ် သို့မဟုတ် ၅ နှစ်ကြာသည့်တိုင် သင်ယူကြရသည်။ ထိုထိုဘွဲ့တို့အတွက် စာအလွတ်ကျက်မှတ်ခြင်းကို ဦးစားမပေးဘဲ သုတေသနလုပ်ငန်းများကိုသာ အဓိကဦးစားပေးထားသည်။ 

   ထူးခြားသည်မှာ ကိုးတန်းအထိပါဝင်သော အခြေခံပညာအဆင့်နှင့် ( ၁၀ ) တန်းမှ ( ၁၂ ) တန်းထိပါဝင်သော အဆင့်မြင့်ပညာရေးတို့တွင် ပြဋ္ဌာန်းစာအုပ်များ ဘောလ်ပင် ခဲတံများနှင့်အခြားသောပညာရေးအသုံးအဆောင်ပစ္စည်းများကို အစိုးရမှ တရားဝင်အခမဲ့ ထောက်ပံ့သည်။  မိဘများမှာ သားသမီးများ၏ ပညာရေးအတွက် တစ်ပြားတစ်ချပ်မှ ကုန်ကျစရာမလိုချေ။ ကျောင်းအပ်ခလည်းပေးစရာမလို၊ ပေးရကောင်းမှန်းလည်း သူတို့မသိကြချေ။ ထို့ပြင် ကျောင်းတွင် နေ့လည်စာကိုလည်း အခမဲ့ကျွေးပြန်သေးသည်။ ထို့ကြောင့် ထမင်းချိုင့်ထည့်ပေးရသော ဒုက္ခမှလည်းကင်းဝေးသွားတော့သည်။  ကျောင်းကျမ္မာရေးနှင့်အခြားကောင်းကျိုးဖြစ်စေသော ဝန်ဆောင်မှုများအတွက်လည်း အခြေခံပညာကျောင်းသားနှင့်အဆင့်မြင့်ကျောင်းသားများအတွက် အခမဲ့ပင်ဖြစ်သည်။ အခြေခံပညာသင် ကျောင်းသားအားလုံးသည် သင်ကြားရေးနှင့်အခြားကျောင်းလုပ်ငန်းများတွင် လိုအပ်ချက်ဖြစ်ပေါ်လျှင်ဖြစ်ပေါ်ခြင်း အထောက်အပံ့နှင့်လမ်းညွန်မှုကို ရယူနိုင်ခွင့်ရှိသည်။ ဆရာ ဆရာများသည်လည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရသည်။ သင်ကြားရေးဆရာ၊ သင်ထောက်ကူဆရာ၊ ကလေးများအားနဲသည့်ဘာသာရပ်ကို ဖြည့်စွမ်းပေးမည့် စပါရှယ်လစ်စ်ထ် ဆရာတို့ဖြင့် ပြည့်စုံအောင် ဖြည့်ဆည်းတာဝန်ပေးထားသည်။ ထို့ကြောင့်ပင် ကလေးများ၏ ပညာရေးအတွက် မိဘများသည် ငွေရေးကြေးရေးမှအစ အရာရာအတွက် ပူပန်စရာမလိုတော့ပေ။ ထို့ကြောင့် ဆင်းရဲချမ်းသာမရွေး အားလုံးတပြေးညီ ပညာသင်ကြားခွင့်ရကြလေသည်။ ထို့ကြောင့်ပင် လူတန်းစားကွာဟမှုသည်လည်း ကျဉ်းမြောင်းသွားတော့သည်။ ပညာသင်ကာလသည် နှစ်စဉ် အောဂတ်စ်လလည်တွင်စတင်၍ ဂျွန်လဆန်းပိုင်းတွင် အဆုံးသတ်သည်။ နွေရာသီကျောင်းပိတ်ရက်မှာ ရက် ( ၆၀ ) ကျော်ကျော်ဖြစ်သည်။ 

  တဖန်ထူးခြားပြန်သည်မှာ နွေရာသီကျောင်းပိတ်ရက်တွင် မည်သည့်ကျူရှင်သို့မျှလည်း သွားစရာမလိုသည့်ပြင် ကျောင်းပိတ်ထားစဉ်ကာလအတွင်းဝယ် မည်သည့်ကျောင်းစာမျှမကြည့်ရန်နှင့် ဦးနှောက်နှင့်စိတ်ကို လွတ်လပ်စွာအနားပေးရန် ဆရာ ဆရာမများက ကျောင်းသားများအား မှာကြားလိုက်သည်။  ကျောင်းဖွင့်ရက်ကာလများတွင်လည်း အပြင်ကျူရှင်ဟူသည်ကို သူတို့ မရှိ မသိ မမြင် မကြားဘူးကြပေ။ အကယ်၍ ကျောင်းသားမှ ဘာသာရပ်တစ်ခုခုအားနဲသည်ဆိုလျှင် ကျောင်းတွင်သာ စပါယ်ရှယ်လစ်စ်ထ် ဆရာဖြင့် အပိုသင်ကြားပေးသည့်အလေ့အထရှိသည်။ အိမ်တွင်စာကျက်ဘို့မတိုက်တွန်းဘဲ နောက်နေ့သင်မည့်စာကို တစ်ခေါက်ဖတ်ထားရန်သာ မှာကြားသည်။ အိမ်စာကိုလည်း အလွန်ဆုံးလုပ်ရမှ တစ်နာရီသာဖြစ်သည်။ ဤတစ်နာရီသည်လည်း နေ့စဉ်မဟုတ်။ ကျောင်းသားကို လက်တွေ့ကျကျနားလည်သည်အထိ သင်ပြသည့်စနစ်ကိုသာ ဦးစားပေးသည်။  စာအလွတ်ကျက်၍ ဖြေခိုင်းသောနည်းစနစ်ကိုအားမပေးပေ။ စာအလွတ်မကျက်ရသော်လည်း ကမ္ဘာ့အအဆင့်မီပညာရေးတွင် ပါဝင်နေသည်။ ထို့ပြင် အဆင့်သတ်မှတ်ရာတွင်လည်း ရွှေပြည်မှာကဲ့သို့ (1 ) to (10 ) သတ်မှတ်ခြင်းမျိုးမဟုတ်။ (10 ) to (1 ) သတ်မှတ်သည်ကို  မိမိအနေဖြင့် အထူးအဆန်းဖြစ်စွာတွေ့ ရသည်။  အဆင့် ( ၁၀ ) ရသူသည်အတော်ဆုံးဖြစ်၍ အဆင့် ( ၁ ) ရသူသည် အညံ့ဆုံးဖြစ်သည်။ အကြောင်းမှာ ရာခိုင်နှုန်းဖြင့် အဆင့်ကိုသတ်မှတ်သောကြောင့်ဖြစ်သည်။ အမှတ် ( ၁၀၀) ရသူသည် ရာခိုင်နှုန်းအရ အဆင့် ( ၁၀ ) ဖြစ်၍ အမှတ်( ၅၀ )ရသူသည် အဆင့်( ၅ ) ဖြစ်ကာ အမှတ် ( ၁၀ ) ရသူသည် အဆင့် ( ၁ ) ဖြစ်သည်။ အထူးခြားဆုံးမှာ မိဘများမှ သားသမီးများ၏ ပညာရေးအတွက် ငွေကြေးကုန်ကျမှုကို လုံးဝစိတ်ပူစရာမလိုခြင်းဖြစ်သည်။ ကလေးများအတွက်လည်း ကျောင်းမှကျူရှင် ကျူရှင်မှကျောင်းသို့ လုံးချာလည်သွားလာရသော ဂျာအေးသူ့အမေရိုက် မုန့်လုံးစက္ကူကပ်ပုံပြင်ကဲ့သို့ သံသရာတဝဲဝဲလည်စရာမလိုတော့ချေ။ အထက်ပါ ပြောပြချက်တို့မှာ မိမိလက်လှမ်းမီသမျှတို့သာဖြစ်ပါသည်။ အပြည့်အစုံမဟုတ်ပါ။  ဤအကြောင်းအရာတို့ကို ရန်ကုန်မှ မိမိ၏ (ဆွမ်းခံကြွခဲ့ဖူးသော) ဆွမ်းဒကာမကို ပြောပြသောအခါ ဒကာမက ပြန်ပြောသည်မှာ " ဦးဇင်း တကယ်ပြောတာလား " တဲ့။ မယုံသင်္ကာစကားလုံးဖြင့် တုန့်ပြန်မှုကို ခံလိုက်ရသည်။   ဒကာမပြောမည်ဆိုလျှင်လည်း ပြောထိုက်ပေသည်မို့ တကယ်ပြောတာပါ ဟူသောစကားမှလွဲ၍ နှုတ်ထွက်မဝံ့တော့ပါ။ ဖြစ်နိုင်လျှင် " ကလေးငယ်လေးပြန်ဖြစ်၍ ဤနိုင်ငံတွင် ပညာတွေကို တဝကြီးသင်ယူချင်စမ်းပါဘိ " ဟုလည်း မဖြစ်နိုင်မှန်းသိလျှက်နှင့် နစ်နောစွာခံစားတမ်းတမိသည်။ ထို့ထက် တို့ရွှေပြည်ကြီး ဤခရီးကို နီးစေချင်လှဘိတော့သည်။ ( ဆက်ရန် )


***ဓမ္မမိတ်ဆွေများ၏အမှာစကား***