Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, February 12, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၄ ) ခန္တီပါရမီ

ခန္တီ ဟူသောပါဠိစကားလုံးသည် မြန်မာစကားလုံးစစ်စစ်ဖြစ်လေဟန် ထင်ရလောက်အောင် မိမိတို့မြန်မာများနှင့် ရင်းနှီးကျွမ်းဝင်လှ၏။ လက်ရှိဖြစ်ပျက်ကြုံတွေ့နေရသော ပြဿနာများကို အကျယ်အကျယ် ဆက်လက်မဖြစ်ပွါးစေရန် သီးခံလိုက်ပါ သီးခံလိုက်ပါ ဟူသည့်
အကြံပြုတိုက်တွန်းစကားများကို မိမိတို့လှုမှုနယ်ပယ်တွင် နေ့စဉ်သုံး ဓလေ့ထုံးစံစကားလုံးဖြစ်သည်အထိ ကြားနေရ၏။ ထိုသို့ စကားလုံးအသုံးအနှုန်းအရ နေ့စဉ်သုံးထုံးစံဖြစ်သည်အထိ ရင်းနှီးနေသော်လည်း ခန္တီ၏ အဓိပ္ပါယ်ကို မှန်ကန်စွာသိနားလည်သူကား ရှားပါးလှသည်ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ခန္တီဟူသောစကားလုံး၏ အနက်အဓိပ္ပါယ်ကား ကျယ်ပြောလှသောကြောင့်လည်းကောင်း၊ လက်တွေ့ကျင့်ကြံသူလည်း နည်းပါးသောကြောင့်လည်းကောင်း ဖြစ်ပေသည်။ မှန်၏။ မည်သည့်သဘောတရား မည်သည့် သိက္ခာပုဒ် မည်သည့်ကျင့်စဉ်ပင်ဖြစ်စေ လုံလောက်အောင်  တကယ်လက်တွေ့ကျင့်ကြံလျှင် အမှန်တကယ်ပင် သူ့သဘာဝအရှိအတိုင်း သဘောပေါက်လာရမြဲဖြစ်၏။ သို့ဆိုလျှင် ခန္တီ ဟူသောစကားလုံး၏အဓိပ္ပါယ်ကား ဘာဖြစ်သနည်း။ မြန်မာလို သီးခံခြင်းပင်တည်း။ သို့ဆိုလျှင် သီးခံခြင်း၏အဓိပ္ပါယ်သည် ဘာဖြစ်သနည်း။ အဓိပ္ပါယ်ကား သဘာဝတ္ထဓမ္မ၏ ကောင်းဆိုး ကြောင်းကျိုးကိုသိစွမ်းနိုင်သော ဥာဏ်ပညာနှင့်
မေတ္တာတရားတို့ကိုအခြေခံ၍ တွေ့ကြုံလာရသောဖြစ်ရပ်တိုင်းကို တည်ငြိမ်စွာခံနိုင်ရည်ရှိသော မွန်မြတ်သည့် စိတ်စွမ်းအင်သည်သီးခံခြင်းပင်တည်း။  သို့ဆိုလျှင် ၁။ မည်သည့်အရာကိုသီးခံရမည်နည်း၊ ၂။ မည်သို့သီးခံရမည်နည်း၊ ၃။ အဘယ့်ကြောင့်သီးခံရသနည်း၊ ၄။ သီခံခြင်း၏ အကျိုးကျေးဇူးကား ဘာဖြစ်သနည်း။ ဤသို့စသော အဓိပ္ပါယ်များကို စဉ်းစားဖို့ နားလည်ဖို့လိုအပ်၏။ နားလည်မှလည်းကျင့်နိုင်မည်ဖြစ်သလို ကျင့်နိုင်မှလည်းလက်တွေ့ကျကျပို၍နားလည်ကာ
ကောင်းကျိုးများကို ခံစားရမည်ဖြစ်၏။ အထက်ပါ အချက်လေးချက်တွင် နံပါတ်တစ်အရ
မည်သည့်အရာကိုသီးခံရမည်နည်းဟူသောမေးခွန်း၏ အဖြေကား  အရာရာကိုသီးခံရ၏ ဟူသတည်း။ အေးခြင်းပူခြင်းကိုလည်းသီးခံရ၏။ စား၍ကောင်းခြင်း အရသာရှိခြင်းကြောင့်လည်း ရသတဏှာမလွန်ကဲအောင်သီးခံရ၏။ စား၍မကောင်းခြင်း အရသာမရှိခြင်းကြောင့်လည်း အလိုမကျဖြစ်ခြင်း ဒေါသဖြစ်ခြင်းများမဖြစ်ရအောင်သီးခံရပြန်၏။ ဤသို့စသည်ဖြင့် သီးခံရာနယ်ပယ်သည်ကျယ်ဝန်းပါ၏။  အနည်းငယ်ချဲ့ပါအံ့။ သီးခံခြင်းကို အများစုနားလည်ထားကြသည်မှာ တဖက်သားက မိမိအပေါ်ရိုင်းပြစော်ကားလျှင် သို့မဟုတ် တနည်းနည်းဖြင့်မတရားပြုမူလျှင် ထိုသူကိုအပြစ်မမြင်ဗွေမယူဘဲ ခွင့်လွှတ်လိုက်ခြင်းသည်ပင်ဖြစ်သည်ဟူ၍။ ဤအဓိပ္ပါယ်သည်လည်း မှန်ကန်သောဖွင့်ဆိုချက်တွင် အကျုံးဝင်ပါ၏။ သီးခံခြင်း၏အဓိပ္ပါယ်သည် အလွန်ကျယ်ပြန့်လှ၏။ အမှန်စင်စစ် သီးခံခြင်းဟူသည် မိမိကိုယ်မိမိလည်းသီးခံရ၏။ သူတပါးကိုလည်းသီးခံရ၏။ တနည်းဆိုသော် အဇ္ဈတ္တရောဗဟိဒ္ဓပါ သို့မဟုတ် အတွင်းရောအပြင်ပါ သီးခံရ၏။
လောကဓံ၏သဘာဝတို့ကိုလည်း သီးခံရ၏။ မိမိကိုယ်ကိုသီးခံခြင်းဟူသည် မိမိ ဒေါသဖြစ်သည့်အခါ ထိုဒေါသကိုပြေငြိမ်းအောင် သို့မဟုတ် ပြေလျော့အောင်အားထုတ်စွမ်းဆောင်ခြင်းပင်ဖြစ်၏။ တနည်းဆိုသော် ကြမ်းတမ်းသော ဒေါသအဖြစ်မှ နူးညံ့သောမေတ္တာအဖြစ်သို့ပြောင်းလဲခြင်းပင်ဖြစ်၏။ အကယ်၍ မိမိမှာဖြစ်နေသော ဒေါသကို သီးမခံဘဲ ဒေါသအလိုအတိုင်း ပြုမူလျှင် မိမိသည်ဒေါသသားကောင်ဖြစ်သွားပေတော့မည်။ ဒေါသစေရာလုပ်သည့်  ဒေါသပါးကွက်သား
ဖြစ်သွားပေတော့မည်။ သီးခံနိုင်သူမဟုတ်တော့။  ထို့အတူ လောဘစိတ်ဖြစ်လျှင်လည်း ထိုတပ်မက်တတ်သောလောဘစိတ်ကို စွန့်လွှတ်နိုင်သော အလောဘစိတ်အဖြစ်သို့ပြောင်းလဲနိုင်ခြင်းသည် သီးခံခြင်းပင်ဖြစ်၏။ ထို့ပြင် မိမိကိုသူတပါးက အထင်သေးအမြင်သေးပြောဆိုပြုမူသည်ကိုသာ သီးခံရသည်မဟုတ်သေး။ မိမိက သူတပါးကို အထင်သေးခြင်း ရွံ့ရှာစက်ဆုပ်ခြင်းတို့ကိုလည်း မဖြစ်အောင်သီးခံရ၏။ သူတပါးကို မနာလိုဝန်တိုခြင်း အနိုင်ထက်ကလူပြုမူလိုခြင်း  မတရားဂုတ်
သွေးစုတ်လိုခြင်းစသောအောက်ကျယုတ်ညံ့သည့်စိတ်ထားများကိုလည်း
မဖြစ်ပေါ်အောင် သို့မဟုတ် ပပျောက်သွားအောင် ထိန်းသိမ်းခြင်း အားထုတ်ခြင်းတို့ဖြင့်လည်း သီးခံရ၏။ ဤသည်တို့မှာ မိမိကိုယ်ကိုသီးခံခြင်းတို့ပင်ဖြစ်၏။ အမှန်စင်စစ် သီးခံခြင်း၏ ပထမ နေရာဌာနသည် ပြင်ပပတ်ဝန်းကျင်မဟုတ်။ သူတစ်ပါးလည်းမဟုတ်။ လောကကြီးလည်းမဟုတ်။ မိမိ၏ရင်တွင်းအဇ္ဈတ္တဌာနသည်သာ သို့မဟုတ် မိမိစိတ်သန္တာန်အစဉ်တည်းဟူသောဌာနသည်သာ  သီးခံရာဘူမိဖြစ်ပါလေ၏။ ထို့ပြင် လောကဓံတရားရှစ်ပါးတွင်အကောင်းဘက်၌ပါဝင်သည့် လာဘ်လာဘပေါများခြင်း အခြွေအရံများပြားခြင်း အများ၏ချီးမွမ်းမှုကိုခံရခြင်း ထင်ပေါ်ကျော်စောခြင်း ချမ်းသာကြွယ်ဝခြင်း တို့နှင့်ကြုံတွေ့ရသောအခါတွင်လည်း ဘဝင်လည်းမမြင့်၊ မာနတံခွန်လည်းမထူ၊ အတ္တစွဲလည်းမကြီး၊ အောက်ခြေလည်းမလွတ်ဘဲ တည်ငြိမ်စွာလက်ခံနေနိုင်ခြင်းသည်လည်း သီးခံခြင်းပင်ဖြစ်၏။ ထို့အတူ အပြန်အားဖြင့် အဆိုးလောကဓံလေးပါးနှင့်ကြုံတွေ့ရသောအခါတွင်လည်း စိတ်ဓါတ်မကျ၊ မယိမ်းမယိုင်၊ ခိုင်ခိုင်မတ်မတ် တည်ငြိမ်အေးချမ်းစွာ အသက်မွေးဝမ်းကျောင်းနေနိုင်ခြင်းသည်လည်း သီးခံခြင်းပင်တည်း။ ယနေ့ကမ္ဘာဝယ် စီးပွါးရေးအရအောင်မြင်မှုများနှင့် လူမှုမျက်နှာစာအသီးသီးတွင်
အောင်မြင်ကျော်ကြားမှုများရရှိနေကြသော်လည်း မိမိကိုယ်ကို အဆုံးစီရင်သွားကြသည်မှာ ဤမွန်မြတ်သော သီးခံမှုမရှိသောကြောင့်ပင်တည်း။ ထို့ပြင် စိတ်မွန်းကျပ်မှုများ မခံမရပ်နိုင်ဖြစ်မှုများ တင်းကျပ်မှုများ စိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုများ စိတ္တဇဝေဒနာရှင်များသည် ဤသီးခံနိုင်မှုကျင့်စဉ်
မရှိခြင်းတွင်သာအခြေခံလေ၏။ အကယ်၍သာ အထက်ပါဆိုခဲ့သည်အတိုင်း သီးခံမှုကိုဖြည့်ကျင့်နိုင်လျှင် မည်သူမဆို ဆိုးကျိုးများကင်းဝေး၍ ကောင်းကျိုးများတိုးပွါးမည်မှာအမှန်မုချပင်တည်း။  အူမတောင့်မှ သီလစောင့်နိုင်သည်ဟူသော လောကဆိုရိုးစကားရှိသော်လည်း သီးခံခြင်းကို အမှန်တကယ်
ကျင့်သုံးနိုင်သူသည် အူမ မတောင့်သော်လည်း သီလစောင့်နိုင်သည်သာတည်း။ သူတပါးကို သီးခံမှုပတ်သက်၍ အထူးပြောစရာမလိုအောင်ပင်ထင်ရှားလှသောကြောင့် ဤနေရာ၌ မရေးသားတော့ပေ။ ထို့ကြောင့် သီးခံခြင်းသဘောတရားကို မိမိတို့၏ နေ့စဉ်လူမှုနယ်ပယ် မျက်နှာစာအသီးသီးတွင် ကျင့်သုံးရန်နေရာများစွာရှိပါ၏။ ထိုသို့ကျင့်သုံးလျှင်လည်း လူမှုပြဿနာများ နည်းသည်ထက်နည်းကာ သီးခံနိုင်မှုထုထည်နှင့်အတိုင်းအတာအရ အားကောင်းလျှင်ကောင်းသလောက်အေးချမ်းသော
လူမှုဝန်းကျင်ဖြစ်လာမည်မှာမလွဲပင်တည်း။ တနည်းဆိုသော် နှစ်ဘက်အစွန်းလွတ်သည့် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ခွင့်လွှတ်ကျေအေးပေးလိုက်ခြင်းသည်လည်း သီးခံခြင်းပင်ဖြစ်ပါ၏။ နံပါတ်နှစ်အရ မည်သို့သီးခံရမည်နည်းဟူမူ စိတ္တာနုပဿနာသတိပဋ္ဌာန်နည်းအရ မိမိသန္တာဝယ်ဖြစ်ပေါ်နေသော စိတ်အစဉ်ကို ဖြစ်သည့်အတိုင်းရှုမှတ်လိုက်ခြင်းပင်ဖြစ်၏။
လောဘစိတ်ကလေးဖြစ်ပေါ်လာပါက မိမိ၏ရင်တွင်းသန္တာန်ကို အာရုံပြု၍ ထိုဖြစ်နေသောလောဘစိတ်ကလေးကို စူးစိုက်ကာအာရုံပြုလျှက် ထပ်ကာထပ်ကာ အဆက်မပြတ်ပြေပျောက်သွားသည်အထိ ရှုမှတ်ရမည်ဖြစ်၏။ ဤသည်ကိုပင် စိတ်ပညာရှင်များ မိမိစိတ်ကို မိမိပြန်ကြည့်ခြင်းဟုဆိုကြ၏။ လောဘစိတ်ဖြစ်သည့်အခါလည်း
လောဘအလိုကျမတုန့်ပြန်၊ဒေါသစိတ်ဖြစ်သည့်အခါလည်း ဒေါသအလိုကျမဆောင်ရွက်၊ မာနတက်သည့်အခါလည်း မာနစေရာလိုက်မလုပ်ဘဲ ထိုစိတ်တို့၏သဘာဝကို တိတ်ဆိတ်ငြိမ်သက်စွာ ထိန်းချုပ်၍ရှုကြည့်ခြင်းပင်တည်း။ ထို့ပြင် မနာလိုဝန်တိုစိတ်စသော အခြားသော ညစ်ထေးစွန်းထင်းသည့် မည်သည့်စိတ်ကိုမဆို ဤကဲ့သို့ရှုမှတ်ရပေမည်။ ဤကဲ့သို့ရှုမှတ်လျှင် ညစ်ထေးပေကျံ၍ အစွန်းရောက်သည့် စိတ်ဆိုး စိတ်ယုတ်များ ပပျောက်သွားကာ ခန္တီတရားများ တဖွားဖွားတိုးပွါးလာပေမည်။ နံပါတ်သုံးအရ အဘယ့်ကြောင့်သီးခံရသနည်းဟူမူ အဓမ္မကိုဓမ္မဖြင့်အောင်နိုင်လိုသောကြောင့်ပင်တည်း။ မှန်၏။ လောဘကိုလောဘဖြင့်အနိုင်ယူ၍မရချေ။ ထို့အတူဒေါသကိုလည်း ဒေါသဖြင့်အောင်၍မရချေ။ လောက၏ သတ်မှတ်ချက်အရ အင်အားကြီးသူကအောင်နိုင်သည်ဟုဆိုရသော်လည်း ဓမ္မအရအောင်နိုင်ခြင်းဟုမဆိုရ၊
လောဘဒေါသကိုအတိုးချထားခြင်းသာတည်း။ တစ်ချိန်ချိန်ဝယ် လောဘဒေါသတို့၏ တန်ပြန်အကျိုးသက်ရောက်မှုများက သက်ဆိုင်သူကိုရိုက်ခတ်မည်မှာမလွဲတည်း။ အမှန်စင်စစ် လောဘကို အလောဘဖြင့်အောင်နိုင်ခြင်းသည်သာ အောင်နိုင်ခြင်းအစစ်ဖြစ်သကဲ့သို့ ဒေါသကိုလည်း အဒေါသဖြင့်အောင်နိုင်ခြင်းသည်သာ အောင်မြင်မှုအစစ်ဖြစ်ပါ၏။ ဤသည်ကိုပင် ခန္တီဖြင့်အောင်နိုင်ခြင်းဟုလည်းဆိုရပါ၏။ ထိုသို့ မငြိမ်းချမ်းသော အဓမ္မလောကကို ငြိမ်းချမ်းသော ဓမ္မဖြင့်အောင်နိုင်ရန် သီးခံခြင်းတရားကိုဖြည့်ကျင့်ရခြင်းဖြစ်ပါ၏။ အမှန်စင်စင် ခန္တီဟူသည် အလွန်တည်ငြိမ်တိတ်ဆိတ်သောစကားလုံးများပင်ဖြစ်၏။ သို့သော် သက်ရောက်မှုစွမ်းအားကား အလွန်ပြင်းထန်ကျယ်လောင်လှ၏။  ထို့ပြင် မနာလိုဝန်တိုမှု မာနကြီးမှု အတ္တဆန်မှုစသည်တို့၌လည်း သီးခံခြင်းဖြင့် အောင်မြင်မှုနည်းလမ်းကို စာဖတ်သူချဲ့ထွင်၍သဘောပေါက်နိုင်လောက်ပေပြီမို့ အထူးမရေးလိုတော့ပေ။ နံပါတ်လေးအရ သီးခံခြင်း၏ အကျိုးကျေးဇူးကား ဘာဖြစ်သနည်းဟူမူ လောကီကောင်းကျိုးများကိုသာရရှိရုံမျှမက  နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးများကိုပေးပါ၏။ ထို့ကြောင့်ပင် ဘုရားရှင်သည် ခန္တီပရမံ တပေါ တိတိက္ခာစသည်ဖြင့် ခန္တီတရားသည် အမြင့်မြတ်ဆုံးသောတရားဖြစ်ကြောင်း
ဟောတော်မူထားပါ၏။  လောကီကောင်းကျိုးဟူသည်မှာလည်း များပြားလှစွာ၏။ သီးခံခြင်းကြောင့် ရရှိနေကြသော အကျိုးကျေးဇူးများကို  မိမိတို့၏နေ့စဉ်ရှင်သန်လှုပ်ရှားမှုဘဝများမှ
သေချာစွာစဉ်းစားကြည့်လျှင် အထင်းသာတွေ့မြင်နိုင်ပါ၏။ မိမိ၏မိသားစုကိုကြည့်လျှင် မိမိ၏ဇနီးမယား သို့မဟုတ် လင်ယောက်ျား သို့မဟုတ် သားသမီးတို့ကို အလျဉ်းသင့်သလို နေ့စဉ်နှင့်အမျှသီးခံနေကြရသည်ပင်ဖြစ်၏။ သီးမခံဘဲ မိမိစိတ်ထဲပေါ်လာတိုင်းသာ ပြုမူပြောဆိုကြစတမ်းဖြစ်လျှင် အသံမစဲ ရန်ဖြစ်ပွဲများ အမြဲရှိနေမည်မှာအမှန်ပင်ဖြစ်၏။ ထိုသို့ အလျဉ်းသင့်သလို သီးခံနေကြသောကြောင့်ပင် မိသားစုဘဝများ စုစည်းညီညွတ်စွာ နေနိုင်ကြခြင်းပင်မဟုတ်ပါလား။ မိမိအထက်ပါ ရေးသားခဲ့သော သီးခံခြင်းများသည် ပါရမီမြောက်သည့် သီးခံခြင်းမဟုတ်ပေ။ အမှန်စင်စစ် ခန္တီပါရမီဟူသည် သဘာဝတ္ထကိုသိသော
ဥာဏ်ပညာနှင့် မေတ္တာပဓာနဦးစီးသော သူတော်ကောင်းစိတ်ဓာတ်များကိုအခြေခံ၍ မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် လျှောက်လှမ်းကျင့်သုံးနိုင်သော အရာရာကိုမြင့်မြတ်တည်ငြိမ်စွာ ခံနိုင်ရည်ရှိသည့် မဟာစိတ်စွမ်းအင်ပင်ဖြစ်ပါ၏။ ထို့ကြောင့် ခန္တီ၏ စွမ်းအားသည်လည်းကြီးမားလှပါ၏။ ထို့ပြင် ဤသီးခံခြင်းခန္တီကို စိတ်ဓာတ်အင်အား ကြီးမားသူများသာကျင့်သုံးနိုင်ကြ၏။ စိတ်ဓာတ်အင်အားနည်းပါးသူများအနေဖြင့် ဤသီးခံခြင်းတရားကို မကျင့်သုံးနိုင်ကြပေ။ ထို့ကြောင့်ပင် ပါရမီကိုဖြည့်ကျင့်ကြသော ပါရမီရှင်တို့၏ စိတ်စွမ်းအားသည်လည်းကြီးမားခြင်းဖြစ်ပါ၏။ ထို့ကြောင့် လူသားတိုင်း မိမိတို့ခန္ဓာကိုယ်ကိုတင့်တယ်လှပရေးအတွက်နေ့စဉ်ပြုပြင်အလှဆင်သကဲ့သို့
လောကသာယာလှပရေးအတွက် ဤခန္တီစိတ်ထားကို မွေးမြူကာ ကျင့်သုံးအလှဆင်နိုင်ကြပါစေ၊ ခန္တီပါရမီကိုဖြည့်ဆည်းကျင့်ဆောင်တော်မူကြကုန်သော သူတော်ကောင်းကြီးများကိုအတုယူ၍ စွမ်းနိုင်သလောက်ကျင့်ကြံနိုင်ကြပါစေဟု ဆုတောင်းလိုက်ရပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***