Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, January 29, 2012

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၂၂ ) ပညာပါရမီ

ဝိညာဏ်သိအဆင့်ဟူသည် သဘာဝဖြစ်စဉ်တို့၏ အကြောင်းအကျိုးကို ဆင်ခြင်စဉ်းစားခြင်း ဝေဘန်သုံးသပ်ခြင်း ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း စေ့ငုစွာဆွေးနွေးအဖြေရှာခြင်းတို့ဖြင့်သိလာရသော ကြောင်းကျိုးကိုခိုင်လုံစွာတတ်သိနားလည်သည့် အသိပင်တည်း။ ထိုဝိညာဏ်သိပညာသည် လွတ်လပ်၏။ စိတ်တံခါးကို အကျယ်ပြန့်ဆုံး ဖွင့်လိုက်ခြင်းလည်းဖြစ်၏။ ယုံကြည်မှုလည်းပါ၏။ မိမိ၏အသိပညာကို အလိုရှိသလောက်ချဲ့ဆန့်ဖြန့်ကျက်ကာ လူးလွန့်၏။ အကြောင်းမှာ မည်သည့်လွဲမှားသောဖိအားပေးမှုကိုမျှ ထိုဝိညာဏ်သိပညာက လက်မခံ မယုံကြည်သောကြောင့်တည်း။   ယနေ့ကမ္ဘာကို တဖြေးဖြေးဖြင့် အဆင့်ဆင့်တိုးတက်သောအခြေအနေသို့ရောက်အောင် ထိုဝိညာဏ်သိပညာက စွမ်းဆောင်ခဲ့၏။ သညာသိပညာအဆင့်သက်သက်မျှဖြင့် ယနေ့ကဲ့သို့တိုးတက်အောင် လူမှုလောကကြီးတစ်ခုလုံးကို တွန်းအားပေးစွမ်းဆောင်နိုင်မည်မဟုတ်ချေ။ မှန်၏။ နယူတန်၏ ကမ္ဘာမြေဆွဲငင်အား သီအိုရီသည် ဝိညာဉ်သိအဆင့်ပင်မဟုတ်ပါလော။ ထို့ပြင် အိုင်းစတိုင်း၏ နှိုင်းရသီအိုရီသည်လည်း ဝိညာဏ်သိအဆင့်တွင်ပင်စာရင်းဝင်ပါ၏။ ဤသည်မှာ မိမိတို့ပိဋကစာပေများအလိုအရ သတ်မှတ်ခြင်းပင်ဖြစ်၏။ ကမ္ဘာဝယ် ထွန်းပေါက်တောက်ကြွားကာ တတ်သိခဲ့ကြသော ထိုထို နယူတန် အိုင်းစတိုင်း စတီဖင်ဟော့ကင်း စသော ပညာရှင်များစွာတို့၏ ဝိညာဏ်သိပညာသည် ယနေ့လူမှုကမ္ဘာကြီးတစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်မှုပေးလျှက်  များစွာကျေးဇူးပြုခဲ့ ပြုနေဆဲ ကျေးဇူးပြုနေမည်မှာ စာဖတ်သူလက်တွေ့ပင်ဖြစ်ပါ၏။ ( ဤနေရာဝယ် ဝိညာဏ်ဟုဆိုရာ၌ အများစုက လွဲမှားစွာနားလည်နေကြသည့် အတ္တကောင် ဝိညာဉ်ကောင် လိပ်ပြာကောင် မဟုတ်ကြောင်း သတိချပ်ပါ။ ) ပါဠိဘာသာမှ ဝိညာဏဟူသောပုဒ်ကို ဝိညာဏ်ဟု ပါဠိသက် ( ပါသက် ) စကားအဖြစ်ပြောဆိုကြခြင်းဖြစ်၏။ အမှန်စင်စစ် ဝိညာဏဟူသောပုဒ်၏ အဓိပ္ပါယ်မှာ အာရုံကိုအထူးသဖြင့်သိခြင်းပင်တည်း။ အာရုံကိုအထူးသဖြင့်သိခြင်းဟူသည် သာမန်မှတ်သိ
သိရုံမျှမဟုတ်မူ၍ အထက်တွင်ဆိုခဲ့သည့်အတိုင်း သဘာဝတရား၏ ဖြစ်စဉ်ကို ကြောင်းကျိုးယုတ္တိခိုင်လုံစွာ
တတ်သိနားလည်ခြင်းပင်ဖြစ်၏။ မှန်၏။ ထိုဝိညာဏ်သိပညာကိုတတ်သိထားသူ သို့မဟုတ် ဝိညာဏ်သိပညာကို မြတ်နိုးတတ်သူသည် အရမ်းယုံမျက်ကန်းယုံ ယုံကြည်သည့်သဘောမရှိချေ။ တွေ့ကြုံကြားသိရသမျှသော အရာရာတို့ကို ယုတ္တိယုတ္တာရှိ မရှိ စူးစမ်း၏။ သုံးသပ်၏။ လေ့လာ၏။ ဆင်ခြင်၏။ ဆွေးနွေး၏။ ခွဲခြမ်းစိတ်ဖြာ၏။ ထိုဝိညာဏ်သိပညာဖြင့် ဦးဆောင်နိုင်ကြမှသာလျှင် လောကအတွက် ကောင်းကျိုးဖြစ်ထွန်းမည်ဖြစ်၏။ ထို့အတူ ဝိညာဏ်သိပညာရှိမှသာလျှင် နောက်လိုက်ကောင်းများဖြစ်နိုင်ကြမည်ဖြစ်၏။ ထိုဝိညာဏ်သိပညာများရှိကြမှသာလျှင် ရှေ့သို့အဆင့်ဆင့် တက်လှမ်းနိုင်ကြမည်ဖြစ်၏။ သို့မှသာ လူမှုလောကသည် ဖွံ့ဖြိုးတိုးတက်မှုများစွာဖြင့် သာယာဝေဖြာနေပေလိမ့်မည်။ ( ပညာသိအဆင့်ရှိကြလျှင်ကား ဆိုဘွယ်ရာမရှိ အကောင်းချည်းအတိဖြစ်မည်မှာ သေချာလှတော့၏။ )သို့သော် ကောင်းသောတိုးတက်ခြင်း ဖြစ်လိုလျှင် ကိုယ်ကျင့်တရားပါဘို့ အရေးကြီးသည်ကိုလည်းမမေ့အပ်ပေ။ မိမိတင်ပြခဲ့သည့် အထက်ပါ စာသင်နည်းလေးမျိုးတွင် Discussion and Field ဟူသော ပညာသင်နည်းတို့သည် ဤဝိညာဏ်သိပညာရေးအဆင့်တွင်ပါဝင်ပါ၏။ ထို့ကြောင့်မိမိတို့နိုင်ငံတွင် ဤအဆင့်ပညာရေးများ အမြန်တိုးပွါးပါစေ ကျယ်ပြန့်ပါစေ ဟုလည်း ရင်ထဲသွေးထဲမှ နစ်နောစွာဆုတောင်းပါ၏။ ပိဋကစာပေအရ အသိဥာဏ်သုံးဆင့်တွင် နောက်ဆုံးအဆင့်သည် ပညာသိအဆင့်ပင်ဖြစ်၏။ ဤပညာသိအဆင့်သည် ကြားဖူး ဖတ်ဖူး သင်ဖူး အလွတ်အာဂုံကျက်မှတ်ဖူးရုံမျှသိသော သညာသိအဆင့်ထက်လည်းကျော်လွန်၏။ သဘာဝတရား၏ဖြစ်စဉ်ကို ကြောင်းကျိုးယုတ္တိရှိ မရှိ ဆန်းစစ်ဝေဘန်သုံးသပ်ခွဲခြမ်းစိတ်ဖြာ၍သိသော ဝိညာဏ်သိအဆင့်ထက်လည်း ပိုလွန်ပြန်၏။  ယနေ့ကမ္ဘာဝယ် အောင်လက်မှတ်များ ဂုဏ်ပြုဆုတံဆိပ်များ အမျိုးမျိုးဖြင့် ဘွဲ့ပေးအပ်ကာ အသိအမှတ်ပြုနေကြခြင်းသည် အထက်ပါ သညာသိအဆင့်နှင့်ဝိညာဉ်သိအဆင့်တို့ကို အသိအမှတ်ပြုဂုဏ်တင်နေကြခြင်းပင်တည်း။ အမှန်စင်စစ် ပညာသိအဆင့်ဟူသည် ပိုင်းပိုင်းခြားခြား ပြတ်ပြတ်သားသား ကြည်ကြည်လင်လင် နက်နက်ရှိုင်းရှိုင်း ခိုင်ခိုင်မာမာဖြင့် ငြိမ်းအေးမှုရသကိုခံစားလျှက် ထိုးထွင်း၍သိမြင်နားလည်ခြင်းတည်း။ ထိုးထွင်းသိပညာအဆင့်ဖြစ်၏။ အဘယ်ကြောင့်ထိုသို့သိသနည်း။ အကြောင်းကား သက်ဆိုင်ရာကိလေသာတို့ကို အမြစ်ပြတ်ပယ်သတ်နိုင်သောကြောင့်ပင်တည်း။ ဤသို့သော အဆင့်သို့ရောက်အောင် မြတ်ဗုဒ္ဓသည် နည်းလမ်းအသွယ်သွယ် လေးဆယ်မျှ ပေးတော်မူခဲ့ သင်ပြတော်မူခဲ့၏။ ဤနည်းလမ်း လေးဆယ်သည် အမြတ်မြတ်ဆုံးသော ပညာရကြောင်းလမ်စဉ်ဖြစ်၏ ဟူ၍ သတိမမူမိကြ၊ အသိမှတ်မပြုမိကြချေ။ တရားအားထုတ်ခြင်း ဟူ၍သာ သိထားကြ၏။ အမှန်စင်စစ် ပညာရှာရာ နယ်ပယ်သည် ရုပ်နှင့်နာမ် နှစ်သွယ်သာရှိ၏။ ဤရုပ်နှင့်နာမ်မှတစ်ပါး အခြားပညာရှာရာနယ်ပယ် အဘယ်မှာရှိနိုင်တော့မည်နည်း။ ရုပ်နှင့်နာမ်တို့၏ တကယ့်ဖြစ်စဉ်သဘာဝကို မြတ်ဗုဒ္ဓပေးသောနည်းအရ ကြိုးစား၍ အမှန်တကယ်သိလျှင် လောက၏အရာရာကို ထိပ်တန်းကျကျ ရင်ဆိုင်ဖြေရှင်းဘို့ အမြဲတန်း အဆင်သင့်ဖြစ်နေမည်သာတည်း။ ဤပညာသိအဆင့်သို့ရောက်အောင် နည်းလမ်းပေးနိုင်သော ဘာသာတရားသည် မိမိတို့လက်ဝယ်ပိုင်ဆိုင်ထားသော မြတ်ဗုဒ္ဓ၏ သာသနာတော်တွင်း၌သာ ရှိပါ၏။ ရနိုင်ပါ၏။ အခြားမည်သည့် ဘယ်ဘာသာတရားမှာမှ မည်သည့်ပညာရေးစံနစ်မှာမှ ဤကဲ့သို့သော ပညာရပ်မျိုးကိုသင်ကြားမပေးနိုင်ချေ။ သင်ကြားပေးနိုင်ဘို့ဝေးစွ၊ ကြားဖူး မှတ်ဖူးခြင်းပင်မရှိကြလေတကား။ ကောင်းကင်ဘုံနှင့်သာ ဂိတ်ဆုံးကြလေ၏။ ကောင်းကင်ဘုံသည်သာ သူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်၏။ မိမိတို့သာသနာတော်၏ သင်ကြားချက်များအရ ကောင်းကင်ဘုံဗိမာန်ဟူသည် နောက်ဆုံးပန်းတိုင်မဟုတ်၊ အမြင့်မြတ်ဆုံးစာရင်းလည်းမဝင်ပါချေ။ ထို့ပြင် ကိလေသာကိုပယ်သတ်ကာ ထိုးထွင်း၍သိစွမ်းနိုင်သော ဤပညာသိအဆင့်သည် အောင်လက်မှတ်ဖြင့်အသိမှတ်ပြုရသော ပညာရည်အဆင့်မဟုတ်ချေ။ လောကီသားတို့က ဆုတံဆိပ်အပ်နှင်း၍ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပဖို့လည်းမလိုသော ပညာရည်အဆင့်ဖြစ်လေ၏။  ထိုထိုလောကီဂုဏ်ပြုခြင်းတို့ထက် များစွာသာလွန်၏။ လောကသိပညာများဖြစ်သော သညာသိ ဝိညာဏ်သိအဆင့်တို့နှင့်နှိုင်းယှဉ်၍မရစကောင်းချေ။  မှန်၏။ ကိလေသာသက်ဝင်လှုပ်ရှားနေသော အသိသည် သက်ဆိုင်ရာကိလေသာ၏ အရောင်၊အရှိန်နှင့် စွမ်းအင်တို့၏ ရိုက်ခတ်မှုကြောင့် မကြည်လင်မပြတ်သား မနက်ရှိုင်း မထိုးထွင်းနိုင်ချေ။ ထင်ရှားသော ဥပမာဖြင့် အနည်းငယ်ချဲ့အံ့။ တဏှာလောဘ သက်ဝင်လှုပ်ရှားမှုအားကြီးသော လောကီပညာရှင်တစ်ယောက်သည် သူချစ်သောပုဂ္ဂိုလ်ကို တဏှာလောဘ၏ အရောင်အသွေး အရှိန်အဝါကိုအခြေလည်းခံ အသုံးလည်းပြု၍ မြင်မည်၊ ကြည့်မည်၊ ခံစားမည်၊ တွေးတောမည်၊ ပြောဆိုမည်၊ ပြုမူမည်ဖြစ်၏။ ပူဆွေးလောင်ကျွမ်းမည်ဖြစ်၏။ အသိဥာဏ်သည် မကြည်လင် မသန့်ရှင်း နောက်ကျူမည်ဖြစ်၏။ သဘာဝ၏ဖြစ်စဉ်အမှန်ကို မထင်ရှားမပြတ်သားသလို ထိုးထွင်းနက်ရှိုင်းမှုလည်းရှိမည်မဟုတ်ချေ။  သို့သော် တဏှာလောဘ အလွန်နည်းပါးသော သို့မဟုတ် တဏှာလောဘကို အမြစ်ပြတ် ပယ်သတ်ပြီးသော လောကုတ္တရာပညာရှင်တစ်ယောက်သည် လောက၏ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို အေးချမ်းသောမေတ္တာ စာနာနားလည်မှုအားကြီးသော ကရုဏာတို့ဖြင့် ကြည်လင်ပြတ်သားစွာမြင်၏။ ကြည့်၏။ သူ၏အကြည့်အမြင်သည် နက်ရှိုင်း၏။ ပြတ်သား၏။ ကြည်လင်၏။ အေးမြ၏။ မပူဆွေးမလောင်ကျွမ်းတတ်။ သဘာဝကို သဘာဝအတိုင်းသာ သိမြင်ခံစားနားလည်သုံးသပ်တော့၏။ အကြောင်းကား ညစ်နွမ်းပူလောင်စေတတ်သော တဏှာလောဘ၏ အရိပ်အရောင် အရှိန်အစွမ်းများ လုံးဝကင်းစင်သောကြောင့်ပင်တည်း။ ကိလေသာ ကင်း မကင်း ပါး မပါး၏ ကောင်းကျိုးဆိုးပြစ်ကို အညစ်ကြေးကင်းသောမှန်ကို ကြည့်ခြင်းနှင့် အညစ်ကြေးထူထပ်သောမှန်တို့ကိုကြည့်ခြင်းတို့ဖြင့်လည်း အကြမ်းဖျင်းဥပမာဖြင့်နားလည်နိုင်ပါ၏။  ထို့ကြောင့် မြတ်ဗုဒ္ဓသည် လောကသားတို့အား ထိုပညာသိအဆင့်သို့ရောက်အောင်တိုက်တွန်းတော်မူခဲ့သလို နည်းလမ်းများလည်းအပြည့်အစုံပေးတော်မူခဲ့၏။ တနည်းဆိုသော် ၁။ သုတမယဥာဏ်အဆင့် ၂။ စိန္တာမယဥာဏ်အဆင့်နှင့် ၃။ ဘာဝနာမယဥာဏ်အဆင့်ဟူ၍ သုံးမျိုးပိုင်းခြား၍လည်းရပါ၏။ ထိုတွင် သုတမယဥာဏ်သည် သညာသိအဆင့်နှင့်ညီမျှ၏။ စိန္တာမယဥာဏ်သည် ဝိညာဏ်သိအဆင့်နှင့်ညီမျှ၏။ ဘာဝနာမယဥာဏ်သည် ပညာသိအဆင့်နှင့်ညီမျှလေ၏။ မြတ်ဗုဒ္ဓ၏ပညာပါရမီဖြည့်ရာဘဝများကိုလေ့လာကြည့်လျှင် ဝိညာဏ်သိအဆင့် သို့မဟုတ် စိန္တာမယဥာဏ်အဆင့်ကိုပိုင်ပိုင်နိုင်နိုင်ရရှိအောင် အသုံးပြုခဲ့သည်ကို တွေ့နိုင်ပါ၏။ ထိုဝိညာဏ်သိပညာကိုဘဝအဆက်ဆက်ရင်းနှီး၍ ( ဖြည့်ဆည်း၍ ) ပညာသိအဆင့်ရောက်အောင် ဖြည့်ကျင့်ခဲ့၏။  တတိယအဆင့်ပညာကိုကား သဗ္ဗညုတဥာဏ်တော်သခင် ဘုရားရှင်အဖြစ်သို့ရောက်မှသာ ရရှိခဲ့သည်ကိုတွေ့ရမည်ဖြစ်၏။ ထို့ကြောင့် မိမိတို့သည်လည်း မြတ်ဗုဒ္ဓ၏သာဝကများဖြစ်သည်အားလျော်စွာ သညာသိအဆင့်ကိုကျော်လွန်ကြ၍ ဝိညာဏ်သိအဆင့်နှင့် ပညာသိအဆင့်တို့သို့ရောက်ရှိ ရရှိအောင် ကြိုးစားဖြည့်ကျင့်အားထုတ်သင့်ကြပါ၏။ အားထုတ်နိုင်ကြပါစေဟုလည်း ဆုတောင်းမေတ္တာချွေလိုက်ပါ၏။

***ဓမ္မမိတ်ဆွေများ၏အမှာစကား***