Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, October 4, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၁၉ ) ခြားနားချက်


၂၇.၀၉.၁၄ ရက် စနေနေ့တွင် ဒုတိယအပတ်သင်တန်းပြန်စရသည်။ ယခုအပတ်တော့ ဟိုတယ်တွင်မတည်းခိုတော့ဘဲ ဟယ်ဆင်ကီမြို့ ရှိ မြန်မာဒကာ ဒကာမများကပင့်ဖိတ်သဖြင့် မြန်မာအိမ်များတွင် တည်းခိုရသည်။ မြန်မာများ၏ ပင့်ဖိတ်ချက်ကြောင့် ဖင်းလူမျိုးတို့၏ အစီအစဉ်များကို ရပ်ဆိုင်းစေလိုက်သည်။ မြန်မာ ဒကာ/မများကလည်း ဤသင်တန်းအတွက်ဝမ်းသာကြသည်။ ကိုမိုက်ကယ်+မအေးနိုင်သန်းမိသာစုက ကြိုပို့မှအစ အရာရာအဆင်ပြေအောင် ဆောင်ရွက်ပေးသည်။ သို့နှင့် ထိုနေ့နံနက် ( ၁၀ ) နာရီတွင် Buddhism ဖြင့်သင်တန်းကိုစတင်ခဲ့သည်။

ဗုဒ္ဓဓမ္မကို ယုံကြည်တဲ့နေရာမှာ ကိုယ်ပိုင်အသိဥာဏ်ဖြင့် ပြတ်ပြတ်သားသား ယုံကြည်ဖို့လိုအပ်ကြောင်း၊ တကယ်တော့ အစစ်အမှန်ယုံကြည်မှုဆိုတာ ကိုယ်ပိုင်ဥာဏ်ပညာနဲ့ကိုယ်တိုင်သိမြင်နားလည်ခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ဓမ္မစကြာသုတ်မှာ စက္ခုံ ဥဒပါဒိ၊ ဥာဏံ ဥဒပါဒိ၊ ဝိဇ္ဖာ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဖာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ/  There arose in me the eye, the knowledge, the wisdom, the insight and the light. ဟုသာဟောကြောင်း၊ စစ်မှန်တဲ့ ဓမ္မကို ယုံကြည်တယ်ဆိုတာဟာ ဥာဏ်မျက်စိပွင့်လာတာ၊ အသိဥာဏ်တွေဖြစ်ပေါ်လာတာ၊ ကြောင်းကျိုးတွေကို ကိုယ်တိုင်သိနားလည်လာတာ၊ ထိုးထွင်းသိမြင်လာတာ၊ ဥာဏ်အလင်းရောင်ကို ကိုယ်တိုင်ရရှိလာတာ၊ အဲဒီဥာဏ်မျက်စိတွေနဲ့ သဘာဝတရားရဲ့အဖြစ်မှန်တွေကို သဘာဝအရှိအတိုင်း သိမြင်နားလည်သွားတာ၊ အဲဒီအသိအမြင်တွေနဲ့ ယုံကြည်သွားတာကို ဆိုလိုခြင်းဖြစ်ကြောင်း အေးအေးဆေးဆေး အကျယ်ချဲ့ ကာ ရှင်းပြလိုက်သည်။

အခြားဘာသာတရားများတွင်တော့ ဒီလိုကိုယ်တိုင် တိုက်ရိုက်သိမြင်နားလည်စေရန်နှင့် သစ္စာဥာဏ်ရရှိရန် သင်ကြားပေးခြင်းမရှိဘဲ ဖန်ဆင်းရှင်ဘုရားသခင်ကိုသာ မဖြစ်မနေယုံကြည်ဖို့ အလေးထားသင်ကြားပေးကြောင်း၊ ယုံကြည်မှုနဲ့ဆုတောင်းခြင်းသည် အရေးကြီးသောအချက်ဖြစ်ကြောင်း၊ မကောင်းတာတွေကို လုပ်ချင်တိုင်းလုပ်ပြီးမှ ယုံကြည်ဆုတောင်းရုံသက်သက်ဖြင့် အပြစ်ကလွတ်မြောက်သည်ဟုဆိုခြင်းသည်လည်းကောင်း၊ ဘာမကောင်းမှုကိုမျှမလုပ်ဘဲ အလွန်ရိုးသားဖြောင့်မတ်သူတစ်ဦးဟာ ဖန်ဆင်းရှင်ကိုမယုံကြည် ဆုမတောင်းရုံမျှဖြင့် အပြစ်ရှိသည်ဟုဆိုကာ အပြစ်ပေးခြင်းသည်လည်းကောင်း လုံးဝကြောင်းကျိုးမဆီလျော်ကြောင်း၊ မွေးကတည်းက ဘာအကုသိုလ်မှမလုပ်တဲ့ အလွန်ဖြောင့်မတ်တဲ့ သူတော်ကောင်းတစ်ယောက်ဟာ မွေးရာပါအပြစ်သားဖြစ်တယ်လို့ သင်ပြပေးခြင်းဟာလဲ လူသားရဲ့အရည်အချင်းကို ချိုးနှိမ်ခြင်းသာဖြစ်ကြောင်း၊ လူသားရဲ့လွတ်မြောက်ရေးအတွက် လူသား၏အရည်အချင်း အစွမ်းအစများကိုအသုံးမပြုရဘဲ ဖန်ဆင်းရှင်ထံမှာ အားလုံးဦးညွတ်အရှုံးပေးထားရကြောင်း၊ လူသား၏ အစွမ်းအစနှင့်အခန်းကဏ္ဍသည်အလွန်မှေးမှိန်စွာရှင်သန်ရကြောင်းနှင့် ဒီကနေ့ တွေ့ရှိထားတဲ့ ပညာရပ်များအရဖြစ်စေ ယထာဘူတဥာဏ်ရင့်သန်သူများအနေဖြင့်ဖြစ်စေ ဤကမ္ဘာကို မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းမထားသည်မှာ အထင်အရှားပင်ဖြစ်ကြောင်း၊ ဒါတွေဟာ ဗုဒ္ဓဓမ္မနဲ့အခြားဘာသာတရားတို့ရဲ့ ခြားနားချက်ဖြစ်ကြောင်း စသည်ဖြင့် လေးလေးနက်နက် အချိန်ယူကာ ရှင်းပြလိုက်သည်။

( ဤကဲ့သို အခြားဘာသာတရားများနှင့်နှိုင်းယှဉ်ကာရှင်းပြလိုက်ရခြင်းသည် အခြားဘာသာများကို စော်ကားလို၍မဟုတ်ဘဲ ဗုဒ္ဓဓမ္မ၏သဘောသဘာဝကို ထင်ရှားစေလိုသောကြောင့်ဖြစ်ပါသည်။ အခြားဘာသာများနှင့်ဗုဒ္ဓဓမ္မအကြားဝယ် ဤခြားနားချက်သည် အမှန်တရားလည်းဖြစ်၍ မိမိလုပ်ကြံ၍ပြောခြင်းလည်းမဟုတ်ပါ။ ဒီထက်ခြားနားကွဲပြားသောအရာများကို အလျဉ်းသင့်သည့်အခါ ဖေါ်ပြပါဦးမည်။ )


မိမိ၏ ရှင်းပြချက်ပြီးဆုံးသွားသည့်အခါ Mikko Koponen ဟူသောအမျိုးသားတစ်ယောက်က ဤသို့ မေးခွန်းတစ်ခုမေးလာသည်။
 ( ဆက်လက်ဖေါ်ပြပါမည် )

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***