အမှန်စင်စစ် မေးခွန်းရှင်၏ ငြင်းဆိုချက်သည် အနိုင်ရလိုမှုသဘောမပါဘဲ ယုတ္တိယုတ္တာခိုင်မာသော အဖြေတစ်ခုကို သူသိချင်နေကြောင်းမှာ ထင်ရှားလှသည်။ သို့နှင့်မိမိကလည်း ဤသို့ရှင်းပြလိုက်သည်။ “ Evolution of man ” လူသားရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို စဉ်းစားရင် ထင်ရှားပါတယ်။ ကမ္ဘာဦးလူသားဟာ ဒီကနေ့ငါတို့ခေတ်လူသားတွေနဲ့ အများကြီးကွာခြားခဲ့ပြီ။ ပြောင်းလဲခဲ့ပြီ။ lifestyle တွေ ပြောင်းလဲခဲ့ပြီ။ living-standard တွေလဲ အများကြီးကွာခြားခဲ့ပြီ။ ဒါတွေဟာ ခုချက်ချင်းကြီးပြောင်းလဲလာတာမဟုတ်ဘူး။ တရွေ့ ရွေ့ နဲ့တဆင့်ပြီးတဆင့်ပြောင်းလာတာဖြစ်တယ်။ လူသားတွေရဲ့ အုပ်ချုပ်မှုပုံသဏ္ဍာန်တွေ၊ စားဝတ်နေရေးရှာဖွေမှုပုံသဏ္ဍာန်တွေ၊ စားသောက် နေထိုင်ပုံတွေ၊ လူမှုဆက်ဆံရေးပုံသဏ္ဍာန်တွေ၊ ဘာသာစကားအသုံးအနှုန်းအနှုန်းတွေ၊ ပညာသင်ကြားရေးစနစ်တွေ စသည်ဖြင့် အရာရာတိုင်းဟာ တိုးတက်ပြောင်းလဲလာခဲ့တယ်။
ဒီအပြောင်းအလဲတွေအားလုံးဟာ စိတ်ကြောင့်ပြောင်းလဲလာတာပဲ။
ပညာတတ်ချင်တဲ့စိတ်မရှိလို့ မသင်ရင် မတတ်ဘူး။ မတတ်ရင် ဒီကမ္ဘာကြီးဟာ ပြောင်းလဲခဲ့မှာမဟုတ်ဘူး။
ကမ္ဘာဦးကအတိုင်းပဲဆက် ရှိနေအုံးမှာပဲ။ ဒါကမျက်မှောက်ခေတ်သမိုင်းမှတ်တမ်းတင်ထားနိုင်သလောက်ပြောတာ။
မြတ်ဗုဒ္ဓဟောထားတဲ့ ကမ္ဘာဦးခေတ်မှာတုန်းက လူသားတွေဟာ ကိုယ်ရောင်ကိုယ်ဝါတွေရှိခဲ့တယ်။
နေလတွေမပေါ်သေးဘူး။ အဲဒီကိုယ်ရောင်ကိုယ်ဝါနဲ့ပဲ အလင်းရောင်ရနေခဲ့တာ။ ( အမှာ။ ။ မျက်မှောက်ခေတ် သမိုင်းဆရာများ၏အလိုအရမဟုတ်၊
ဗုဒ္ဓ၏တရားတော်အရ ပြောခြင်းဖြစ်သည်။ မျက်မှောက်ခေတ်သမိုင်းဆရာများကား လွန်ခဲ့သော နှစ်သန်းလေးဆယ်လောက်က
အခြေအနေထက်ပို၍ မပြောနိုင်ကြသေး ) ခုလို ရုပ်အစားအစာတွေမစားသေးဘူး။ နာမ်အစားအစာပဲစားနေခဲ့တာ။
အဲဒီနာမ်အစားအစာဆိုတာ ဈ န်ကြောင့်ဖြစ်တဲ့ပီတိပါပဲ။ အဲဒီပီတိကိုပဲ သုံးဆောင်ခံစားရင်း
အသက်ရှင်သန်နေခဲ့တာ။ အာဟာရလေးမျိုးထဲမှာ ဝိညာဏာဟာရလို့ ( ပီတိအာဟာရ ) ပြောရမယ်။ အဲဒီလို
နာမ်အာဟာရကိုသာ စားသုံးလျှက် အသက်ရှင်သန်နေခဲ့ကြတဲ့ကာလဟာ နှစ်သန်းပေါင်းများစွာကြာခဲ့တယ်။
မျိုးဆက်ပေါင်းများစွာကြာခဲ့တယ်။ အဲဒီကာလတွေမှာ လူသားတွေဟာ ကောင်းကင်မှာကျက်စားနေနိုင်ခဲ့တယ်။
နောက်ပိုင်းမှာ နွားနို့မလိုင်ဖတ်ကဲ့သို့
နူးညံ့လှတဲ့မြေဆီလွှာကိုစားမိခြင်းကြောင့် ရသတဏှာဖြစ်လာခဲ့တယ်။ အဲဒီတဏှာကြောင့် မူလရှိတဲ့
ကိုယ်ရောင်ကိုယ်ဝါတွေပျောက်သွားခဲ့တယ်။ ( ပီတိနှင့်နှိုင်းစာလျှင်မြေဆီလွှာကား ကြမ်းတမ်းလှသည်
) အဲဒီအခါမှာ ကမ္ဘာကြီးဟာ အလင်းရောင်မရှိတော့ဘူး။ ဒီတော့ လူသားတွေက အမိုက်တိုက်ကြီးထဲမှာနေရတာကို
ကြောက်လာကြတယ်။ ဒါနဲ့ အလင်းရောင်ကိုတမ်းတကြတယ်။
ရဲရင့်တဲ့အလင်းရောင်ကြီးပေါ်ပေါက်ပါစေ လို့ စိတ်ဆန္ဒပြုကာတောင့်တကြတယ်။ ဒါကြောင့် ရဲရင့်စေတဲ့
“သူရိယ” ဆိုတဲ့ နေဟာပေါ်ပေါက်လာခဲ့တယ်။ ပါဠိမှာ နေကို သူရိယလို့ခေါ်တယ်။ နေကွယ်ပျောက်သွားပြန်တော့
တဖန်ကြောက်ကြပြန်တယ်။ ဒါနဲ့လူသားတွေက ပထမပေါ်လာတဲ့ သူရိယက အလင်းရောင်လဲပေးတယ်။ အပူဓာတ်လဲပေးတယ်။
ဒီတစ်ခါတော့ အေးမြတဲ့ဓာတ်ကိုပေးတဲ့ အလင်းရောင်ပေါ်ရင် ကောင်းမှာပဲ၊ ပေါ်ပါစေလို့ ဆန္ဒပြုတမ်းတကြတယ်။
ဒီစိတ်ဆန္ဒပြုတဲ့အခါ အေးမြတဲ့အလင်းရောင်ရှိတဲ့ လဟာပေါ်ပေါက်လာခဲ့တယ်။ လကိုပါဠိမှာ ဆန္ဒာလို့သုံးတယ်။
နောက်ပိုင်းမှာတော့ စာလုံးပေါင်းပါပြောင်းလဲလာပီးတော့ စန္ဒာလို့ ဖြစ်လာတယ်။ အဲဒီလို
နေလတွေပေါ်ပေါက်လာပြီးတော့ မြေဆီလွှာကိုသာ စားသုံးကာရှင်သန်ခဲ့တဲ့ကာလကလဲ နှစ်သန်းများစွာကြာခဲ့တယ်။
တကယ်တော့ ဒါဟာဘယ်သူတစ်ဦးတစ်ယောက်ကမျှ
ဖန်ဆင်းတာမဟုတ်ဘဲ သဘာဝနိယာမဖြစ်စဉ်ကြီးပါ။ ဒီဖြစ်စဉ်ကြီးထဲမှာ လနေတို့ပေါ်ထွက်လာဘို့အတွက်
လူသားတွေရဲ့စိတ်ဆန္ဒဟာအရေးကြီးတဲ့
အစိတ်အပိုင်းဖြစ်ခဲ့တယ်။ ဒါကြောင့်
လနဲ့နေတို့ဖြစ်ပေါ်လာတာဟာ လူသားတွေရဲ့စိတ်ဆန္ဒနဲ့မကင်းခဲ့ဘူး။ တနည်းပြောရရင် လူသားတွေရဲ့
လုပ်ရပ်တွေဟာ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးရဲ့ဖြစ်ရပ်တွေနဲ့ ကျိုးကြောင်းဆက်နွယ်နေတယ်။
လူ့စိတ်က သီးခြားဖြစ်ပြီးတော့ ကမ္ဘာကြီးက သီးခြားဖြစ်နေတာမဟုတ်ဘူး။ ကမ္ဘာ့ဖြစ်စဉ်ကြီးနဲ့လူသားတွေရဲ့
စိတ်ဓာတ် လုပ်ရပ်တွေဟာ ဆက်နွယ်နေတယ်။ ဒီကနေ့ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုတွေကို
စဉ်းစားကြည့်ရင် လူသားရဲ့စိတ်ဟာ အရေးကြီးလှကြောင်း ထင်ရှားပါတယ်။
ဤရှင်းပြချက်ကို နားထောင်ရင်း ဤသို့ဆိုလာပြန်သည်။
“ ဒါဆို အခြားသတ္တဝါတွေရဲ့ စိတ်ဆန္ဒမပါဘဲ လူသားရဲ့စိတ်ကြောင့်သာ ဖြစ်ပေါ်လာတယ်လို့ ယူဆရမှာလား
” တဲ့။ “ အေး ဟုတ်တယ်။ ဒီစကြာဝဠာမှာ လူသားသာလျှင်ပဓာနဖြစ်တယ်၊ ဘယ်ဖန်ဆင်းရှင် တန်ခိုးရှင်ရဲ့စိတ်ကြောင့်မှမဟုတ်ဘူး
” ဟု မိမိကပြောပြလိုက်သည့်အခါ သူက “ ခု မင်းပြောပြတာတွေဟာ ဘုရားဟောသလား ” တဲ့။
“ ဘုရားဟောထားတာပေါ့ကွ ” ဟု မိမိကဆိုသောအခါ “ ဒါဆိုရင် ဘယ်ထဲမှာဟောလဲ၊ ဇာတကမှာလား၊ သုတ္တန်မှာလား ” ဟု စူးစမ်းလာပြန်သည်။
( သူကား ဇာတကနှင့်သုတ္တန်အကြောင်း တစေ့တစောင်းလေ့လာထားဟန်ရှိသည် ) “ သုတ္တန်မှာဟောထားတယ်။
အဂ္ဂညသုတ်ပဲ ” ဟု ပြောလိုက်ရာ “ အိုကေ၊ ယက်စ် ” ဟုဆိုကာ နှုတ်ဆိတ်သွားလေတော့သည်။
( ဒီဃနိကာယ်၊ ပါထိကဝဂ်ပါဠိတော်၊ အဂ္ဂညသုတ် )
ဤသို့ဖြင့် ပထမအပတ် အဘိဓမ္မာသင်တန်းကားပြီးဆုံးခဲ့သည်။
သင်တန်းပြီးဆုံးသွားသည့်အခါ မိမိက သင်တန်းသားများအား ငါသင်ကြားပေးတာကို ကျေနပ်မှုရှိကြလားဟု
မေးလိုက်ရာ အားလုံးက အလွန်ကျေနပ်အားရကြောင်း၊ အထူးကျေးဇူးတင်ကြောင်းနှင့် အင်္ဂလိပ်စကားကလည်း
မနှေးလွန်းမမြန်လွန်းဘဲ သူတို့အတွက် အလွန်ရှင်းလင်းစွာနားလည်ကြောင်း ပြောပြကြသည်။
မိမိအနေဖြင့်လည်း အကျိုးအမြတ်အများကြီးကျန်ရှိခဲ့သည်။ ၎င်းမှာ “ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရခဲ့သည်။ သူတို့အားလုံးကျေနပ်ကြသလို
ကိုယ်တိုင်လည်း ကျေနပ်မှုခံစားရသည်။ ငယ်စဉ်ဘဝမှစ၍ ဘဝ၏အချိန်များစွာကိုရင်းနှီးကာ
ကြိုးစားခြင်း၏ဆုလာဘ်ကား “ ဤသန့်စင်သော ပီတိ ” ပင်ဖြစ်တော့သည်။ ဤဆုလာဘ် ဤအမြတ်အစွန်းသည်
မိမိအတွက်ကြီးမားသော ခွန်အားပင်ဖြစ်သည်။ ကမ္ဘာဦးလူသားများကား ပီတိနှင့်အသက်ရှင်သန်ခဲ့ကြသည်။
မိမိလည်း ပီတိစား၍ လောကဓမ္မကောင်းကျိုးများကို စွမ်းနိုင်သလောက် သယ်ပိုးရပေဦးမည်။
အခါအားလျော်စွာ ဤသို့သောပီတိမျိုးကို ယခင်ကလည်း ခံစားရခဲ့ဖူးသည်။ နောင်လည်းခံစားချင်ပါသည်။
စာဖတ်သူများလည်း ပီတိဓာတ် ကူးစက်ပါစေ။ ( ဆက်လက်ဖေါ်ပြပါမည် )
0 comments:
Post a Comment