Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, January 24, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၃) ရှေးဟောင်းကမ္ဘာထဲမှ ခေတ်သစ်မြို့ တော်

အမ်စတာဒမ်မြို့ ၏ပင်ကိုယ်အလှသည် ပွင့်လင်းလွတ်လပ်မှုရှိသည်ကိုတွေ့ရသည်။
 “လှတမျက်နှာ ယဉ်တကိုယ်လုံး” ဟုဆိုရမလောက်ပင် လူငယ် လူရွယ်
လူကြီးအရွယ်မျိုးစုံတို့၏မျက်နှာများသည်ဝင်းပပဖြင့်လှသွေးကြွယ်ကြသည်။ အဆောက်အဦးများကလည်းရှေးဗိသုကာလက်ရာနှင့်ခေတ်သစ်ဗိသုကာ
လက်ရာတို့ဖြင့်မြိုင်ဆိုင်စွာ အလှပြိုင်နေကြလေရော့သလားပင်ထင်မှတ်ရသည်အထိ ရှေးခေတ်အလှနှင့်ခေတ်သစ်အလှတို့ဖြင့်ဟန်ချက်ညီညီ ယဉ်ကျေးမှု၏
တန်ဖိုးကိုဖေါ်ကျူးပေးနေကြသည်။ အမ်စတာဒမ်၏လှသွေးကြွယ်၍
အယဉ်ဆင့်သောတင့်တယ်မှုကိုတွေးတောနေစဉ်အခိုက်ဝယ် အမှတ်မထင်
 “အရှင်ဘုရား အဲဒီမီးချောင်းနီနီတွေထွန်းထားတာတွေမြင်တယ်မလား။ 
အဲဒါတွေက အမျိုးသမီးများနဲ့တရားဝင်ပျော်ပါးတဲ့နေရာတွေ အခန်းတွေပါဘုရား” ဟု
 ဒကာကိုထွန်းအောင်က လက်ညှိုးညွှန်လျှက်ပွင့်လင်းစွာရှင်းပြသည်။

သူပြောပြမှပင် ဝဲယာရှေ့ နောက်ကို စေ့စေ့စပ်စပ်မျက်တောင်ခပ်၍စူးစမ်းလိုက်သည့်အခါ
မီးချောင်းနီနီများထွန်းထားသောလမ်းသွယ်ကလေးများကလည်း အသွယ်သွယ်ရှိသလို မီးနီနီထွန်းထားသောအခန်းတွေကလည်း အရမ်းများနေသည်ကိုတွေ့ရသည်။ ထိုစဉ် ဒကာဆက်မျိုးဦးပြောထားဖူးသော “ အရှင်ဘုရား အင်္ဂလန်ကလူငယ်အချို့ ဆိုရင် စနေ တနင်္ဂနွေမှာလာတယ်။ ဟော်တယ်မှာမတည်းဘူး။ ဖြစ်သလိုပဲနေပြီးတော့
 ဆေးခြောက်နဲ့အမျိုးသမီးကိုပဲ သီးသန့်လာပြီးတော့သုံးစွဲကြတာ ပျော်ပါးကြတာဘုရား” ဟူသောစကားကိုလည်းအမှတ်ရမိသည်။ အင်း….. ဟုတ်ပေမည်၊ ဟုတ်ပေလိမ့်မည်။ သူတို့လူငယ်များအတွက် တာဝတိံသာမှသိကြားမင်း၏နန္ဒဝန်ဥယာဉ်နှင့်
အမ်စတာဒမ်ကိုလဲနိုင်မည်မထင်ပေ။ အမ်စတာဒမ်သည်ဥရောပ၏ခေတ်သစ်
နန္ဒဝန်ဥယာဉ်ဖြစ်နေခဲ့ပြီမဟုတ်ပါလား….. ထို့ပြင်
 ဤအပျော်အပါးလုပ်ငန်းသည်လည်း သူ့နိုင်ငံ၏ဝင်ငွေကောင်းသော
စီးပွါးရေးတခုဖြစ်ဟန်ရှိ၍တရားဝင်ခွင့်ပြုလက်ခံထားဟန်ရှိသည်ဟု 
ခပ်ဝေးဝေးအမြင်ဖြင့်တရေးရေးတွေးမိသည်။

နောက်တခုသတိပြုမိသည့်အရာမှာ စက်ဘီးဖြစ်သည်။ စက်ဘီးသည်အမ်စတာဒမ်
မြို့ တွင်အလွန်ပေါသည်။ တနိုင်ငံလုံးတွင်လည်းစက်ဘီးအလွန်ပေါသည်။ 
အဘယ်မျှအထိပေါသနည်းဟူမူ စက်ဘီးစီးရေကလူဦးရေထက်ပင်
များပြားသည်ဟုသိရသည်။ စက်ဘီးပေါသောနယ်သာလန်ကိုရောက်ခိုက်
 တချိန်တခါကစက်ဘီးမြို့ တော်ဖြစ်ခဲ့ဖူးသောမန္တလေးကိုသတိရမိပြန်သည်။ 
ငယ်စဉ်စာသင်ပျိုနုဘဝ မန္တလေးတွင်ပညာဆည်းပူးနေစဉ်ဝယ် 
မန္တလေးသည်စက်ဘီးတို့ဖြင့်ရှုပ်ထွေးနေသည်။ မန္တလေးမြို့ သူ
မြို့ သားများသည်ကျောင်းသွားကျောင်းပြန်ဖြစ်စေ အလုပ်သွားအလုပ်ပြန်ဖြစ်စေ အခြားမည်သည့်အကြောင်းဖြင့်သွားသည်ဖြစ်စေ စက်ဘီးကိုသာအများစုသုံးစွဲခဲ့သည်။ 
စက်ဘီးသည်မန္တလေးမြို့ ၏သင်္ကေတများထဲမှ တခုဖြစ်ခဲ့ဟန်ရှိသည်။ 
ယခုတော့ ဆင်းရဲတွင်းနွံ့ နစ်နေသည့် ရွှေပြည်တခုတည်းတွင်သာဈေးကွက်ဝင်သော (အခြားဘယ်ဖွံ့ဖြိုးပြီးနိုင်ငံကမှလက်မခံသော) တရုပ်ဆိုင်ကယ်များဖြင့်ပြည့်ကျပ်နေလေပြီ။ 
တရုပ်တို့၏ ပေါချောင်ညံ့ပစ္စည်းများတို့ဖြင့် အောင့်အောင့်အီးအီးသာယာနေတတ်လေပြီ။
 မည်သို့ဖြစ်စေ “သူ့အိုးနှင့်သူ့ဆန် တော်တန်လှသည်” မို့ ဈေးပေါပေါနှင့်ထုတ်လုပ်ပေးနိုင်သော
တရုပ်ကိုပင်ကျေးဇူးတင်ရမလိုဖြစ်နေသည်။ မဟုတ်လျှင် ရွှေပြည်သူပြည်သားအများစုသည် 
စက်ဘီးကမ္ဘာမှဆိုင်ကယ်ကမ္ဘာသို့ပြောင်းလဲ
ချီတက်ရန်ပင်အခက်အခဲရှိနိုင်သည်မဟုတ်ပါလား…..။

နယ်သာလန်တွင်ကား ထူထပ်သောဆီးနှင်းများမရှိသဖြင့်စက်ဘီးစီး၍ကောင်းသည်။ စက်ဘီးများ၏တန်ဖိုးသည်အစားစားရှိသော်လည်း ဈေးကြီးသည်ဟုသိရသည်။ 
အချို့ ကောင်းသောစက်ဘီးများဆိုလျှင် ယူရိုငွေ (၆၀၀၀ သို့မဟုတ် ၇၀၀၀) အထိရှိသည်
ဟုသိရသည်။ မြန်မာငွေနှင့်တွက်လျှင် သိန်း (၆၀ သို့မဟုတ် ၇၀) ကျော်မျှတန်ဖိုးရှိလေသည်။ ဖင်လန်နိုင်ငံတွင်ကား ရာသီဥတုဆိုးရွားသည့်ပြင်ထူထပ်သောနှင်း
များကြောင့် ယခုလိုဆောင်းရာသီရောက်လျှင် စက်ဘီးရော ဆိုင်ကယ်ပါနှစ်မျိုးလုံးစီး၍
မရတော့ချေ။ နွေရာသီတွင်သာစက်ဘီးနှင့်ဆိုက်ကယ်ကိုအသုံးပြုကြရသည်။ 
အမ်စတာဒမ်တွင် စက်ဘီးထားရသည့် ဘီးစတင်းမှာကြီးမားသည့်ပြင် နှစ်ထပ် 
တချို့ နေရာတွင် သုံးထပ်မျှရှိသည်။ စက်ဘီးသူခိုးလည်းအလွန်ပေါသောမြို့ ဟု
သိရသဖြင့်အံ့သြမိသည်။ ဖွံ့ ဖြိုးပြီးနိုင်ငံများတွင်စက်ဘီးလောက်အဆင့်ကိုခိုးသူမှာ 
ရှားပါးသည်မဟုတ်ပါလား…။
ထို့ပြင် ဖင်လန်တွင်လူနေတိုက်တာများဆောက်လုပ်လျှင် ကလေးကစားကွင်းများနှင့်
ကလေးကစားပစ္စည်းများကိုထည့်သွင်းတည်ဆောက်ပေးရသည့်ပြင် 
စုပေါင်း၍အသားငါးကင်စားနိုင်သည့် ဘုံဆိုင်မီးဖိုဆောင်ကိုလည်းထည့်သွင်း
တည်ဆောက်ပေးရသည်။ နယ်သာလန်တွင်ကား လူနေတိုက်တာအဆောင်အဦတိုင်း၌
ဤကဲ့သို့ပြည့်စုံစွာတည်ဆောက်ပေးထားသည်ကိုမတွေ့ရပေ။ နောက်တခုထူးခြားသည်မှာ အမ်စတာဒမ်၏တိုက်တာအဆောက်အဦများမှာ
အပြင်ဘက်တွင်အင်္ဂတေဖြင့်မွမ်းမံမထားဘဲ မွမ်းမံထားသောအင်္ဂတေအပေါ်မှ
လှပသေသပ်စွာအုတ်စီထားသည်ကိုမြင်ရသည်မှာလည်း မျက်စိပသာဒရှိလှသည်။
ထို့ပြင် အမ်စတာမ်မြို့ ကို မြို့ တွင်းမှပတ်၍ဖောက်လုပ်ထားသောတူးမြှောင်းတလျှောက် မိုးလုံလေလုံမှန်ကာထားသောရေယာဉ်ငယ်ဖြင့်လည်ပတ်ရသည့်အရသာမှာလည်း
တမူထူးလှသည်။ မှတ်မှတ်ရရလည်းဖြစ်စေသည်။ မှန်လုံရေယာဉ်ငယ်အတွင်းမှ ဝဲယာရှိမြင့်မားသောအဆောက်အဦများ၊ ယဉ်ကျေးသောရှေးဟောင်းလက်ရာများ၊ လှသွေးကြွယ်သည့်ခေတ်သစ်လက်ရာများတို့ဖြင့်စုံညီစွာတင့်တယ်နေသော
အမ်စတာဒမ်သည် မြင်ရသူ၏ရင်ကိုလှုပ်ရှားစွဲလမ်းစေသည်။ “ အော်.. တကယ်တော့ အမ်စတာဒမ်နှင့်ရဟန်းဘဝဟာ အလွှာချင်းခြားနားလေစွတကား”…. ဟုလည်း 
ခံစားရမိသည်။

အဆိုပါ မှန်လုံရေယာဉ်စထွက်သည်နှင့်တပြိုင်နက် တူးမြောင်းအကြောင်း 
အမ်စတာဒမ်အကြောင်းနှင့် အထူးသဖြင့်နယ်သာလန်၏ (၁၇) ရာစုရွှေခေတ်
အကြောင်းကိုအလေးပေး၍တပ်ဆင်ထားသောစက်မှပြောပြလေသည်။
ရေယာဉ်ပေါ်တွင်တပ်ဆင်ထားသောစက်မှရှင်းပြသည်များကိုမိမိနားထောင်လိုသော
ဘာသာစကားဖြင့်နားထောင်နိုင်သည်။ မိမိနားထောင်လိုသော
ဘာသာစကား၏သင်္ကေတကိုနှိပ်လိုက်ရုံပင်ဖြစ်သည်။ အင်္ဂလိပ် ပေါ်တူဂီ 
စပိန် တရုပ် စသည်ဖြင့် ဘာသာစကားအမျိုးပေါင်း (၂၀) ကျော်မျှရှိသည်။ ထိုင်းဘာသာစကားကိုပင်ထည့်သွင်းထားသည်ကိုတွေ့ရတော့ “ ငါတို့နဲ့အိမ်နီးနားချင်း
ဖြစ်ပါလျှက် သူတို့ဘာသာစကားက လူရာဝင်နေပါလား…၊ နိုင်ငံတကာ
စီးပွါးရေးလုပ်ငန်းနယ်ပယ်ထဲမှာအသုံးပြုနေနိုင်ပါလား…၊ ငါတို့ဘာသာစကားကတော့ ခုထိလူလားလဲမမြောက်၊ လူရာလဲမဝင်၊ နို့မစင်သေးသည့်လူမမယ်ကလေးဘဝ
တွင်သာရှိနေပါသေးလား” ဟု တွေးမိရင်း စိတ်ထဲတွင်မချင့်မရဲခံစားရမိသည်။ 
မရှက်တန်းဝန်ခံရလျှင် ရွှေပြည်၏ဘာသာစကားမှာ ရွှေပြည်လေဆိပ်မှ
လေယာဉ်တက်သည်နှင့်တပြိုက်နက် အသက်ဇီဝိန်ချုပ်သွားကြတော့သည်။ 
မည်သည့်နိုင်ငံ မည်သည့်ဒေသ၏မည်သည့်လုပ်ငန်းခွင်မှာမှ
အသက်မရှင်သန်နိုင်တော့ချေ။
အမ်စတာဒမ်တွင်တူးမြှောင်းများလည်းအလွန်ပေါများလှသည်။ သို့သော် အဓိကတူးမြှောင်းသည်ဒတ်ခ်ျတို့အခေါ် ၁။ Herengracht၊ အင်္ဂလိပ်အခေါ် (Gentle men cannal)၊ 
၂။ ဒတ်ခ်ျအလို Keizersgracht အင်္ဂလိပ်အလို( Emperor’s cannal) ၃။ ဒတ်ခ်ျနာမည် 
Prinsengracht၊ အင်္ဂလိပ်နာမည် (Prince’s cannal) ဟူ၍သုံးခုရှိသည်။ 
၎င်းတူးမြှောင်းတို့ကို (၁၇) ရာစု ဒတ်ခ်ျတို့၏ရွှေခေတ်တွင်ဖေါက်လုပ်ခဲ့သည်။
 အမ်စတာဒမ်မြို့ တွင်ရှိသောတူးမြှောင်းအားလုံးကိုပေါင်း၍ကီလိုမီတာဖွဲ့ လျှင်
 ကီလိုမီတာ (၁၀၀) ကျော်ထိရှိကြောင်းသိရသည်။ 
ထို့ပြင် အမ်စတာဒမ်တွင်ကျွန်းငယ်လေးများ (၉ ၀) ခန့် လောက်ရှိကြောင်းလည်း
သိရပြန်သည်။ အမ်စတာဒမ်၏တံတားစင်းရေပေါင်းမှာ (၁၅၀၀) အထိပင်ရှိသည်။ 
အမ်စတာဒမ်မြို့ ကို Venice of the north ဟုလည်းတင်စားခေါ်ဝေါ်ကြသေးကြောင်း
သိရသည်။

တူးမြှောင်းတလျှောက်ဘေးဝဲယာရှိအဆောက်အဦများမှာ ရှေးဟောင်းအဆောက်
အဦများသာဖြစ်ကြလေသည်။ အချို့ အဆောက်အဦများမှာယိုင်နေသော်လည်း 
နံဘေးမှအဆောက်အဦး၏နံရံဖြင့်ထောက်ကန်ပေးထားသည်နှင့်အလားတူစွာ အဆောက်အဦအချင်းချင်းကျားကန်ပေးထားသည်ကိုလည်းတွေ့ရသည်။ 
ထိုသို့ ရှေးအိမ်ဟောင်းများကိုယနေ့ထိဆက်လက်သုံးစွဲခြင်းသည် ရှေးဟောင်းကိုမြတ်နိုးသဖြင့်အသစ်ပြင်မဆောက်ဘဲနေကြသည်ဟုလည်း
သိရသည်။ သို့သော် အပြင်ဘက်တွင်ရှေးဟောင်းပုံစံအသွင်ယူထားသော်လည်း အဆောက်အဦများမှာဟောင်းနွမ်းညစ်ထေးနေသည်ကိုတခုမှမတွ့ရဘဲ
ခေတ်သစ်၏နှစ်မြို့ ဖွယ်ရာအရောင်များဖြင့်သစ်လွင်တောက်ပနေသည်။ အဟောင်းနှင့်အသစ်ကိုသဟဇာတဖြစ်စွာရောသမမွှေလျှက်ခရီးဆက်နေကြသည့်
အမ်စတာဒမ်သရုပ်ကိုပီပြင်စွာမြင်ရသည်။ သို့သော် အိမ်၏အတွင်းပိုင်းတွင်ကား ခေတ်မီပစ္စည်းအသုံးအဆောင်များဖြင့်အပြည့်အစုံတပ်ဆင်နေထိုင်ကြသည်
ဟုသိရသည်။

ဤကဲ့သို့လူများနေထိုင်သောရှေးဟောင်းအဆောက်အဦများကိုမြင်ရသည့်အခါ နီပေါနိုင်ငံ 
ခတ္ထမန္ဒူမြို့ မှ ရှေးဟောင်းနန်းတော်အဆောက်အဦများကိုသတိရမိပြန်သည်။ 
နီပေါတွင်ကား ရှေးဟောင်းအဆောက်အဦပေါ်တွင် စားသောက်ဆိုင်ဖွင့်ခြင်း အမှတ်တရပစ္စည်းအရောင်းဆိုင်များဖွင့်ခြင်းတို့ဖြင့် အသက်ဝင်နေအောင်ဖန်တီးကာ ရှေးဟောင်းကိုထိန်းသိမ်းထားလေသည်။ ဤကဲ့သို့ထိန်းသိမ်းခြင်းသည် လာရောက်လည်ပတ်သူကိုနားနားနေနေစားသုံးခြင်း ဈေးဝယ်ခြင်းတို့ဖြင့်
ရှေးဟောင်း၏အမွေအနှစ်နှင့်ရသကိုတိုက်ရိုက်ထိတွေ့ခွင့်ရရှိစေလေသည်။ 
ထိုနည်းတူစွာ အမ်စတာဒမ်သည်လည်း (၁၇) ရာစုမှအဆောက်အဦဟောင်းများထဲတွင် လူများနေထိုင်လျှက်ယနေ့ထိအသက်ဝင်ရှင်သန်နေအောင် ထိန်းသိမ်းထားနိုင်သည်မှာ အံ့သြဖွယ်ရာအချက်တခုပင်ဖြစ်သည်။ မိမိအမြင်အရဆိုရမူ… အမ်စတာဒမ်သည်
 “ရှေးဟောင်းကမ္ဘာထဲမှ ခေတ်သစ်မြို့ တော်” ဖြစ်သည်ဟုသုံးသပ်မိသည်။
 ရေယာဉ်ငယ်အတွင်းဝယ် ခပ်ရေးရေးတွေးရင်းငေးရင်းဖြင့်လိုက်ပါလာသည်မှာ (၇၅) မိနစ်ပင်ကြာမြင့်သွားခဲ့ပြီးဖြစ်သဖြင့် သတ်မှတ်ထားသည့်လေ့လာရေးခရီးစဉ်
တပတ်ပြည့်လေပြီ။ သို့နှင့် ဒကာဆက်မျိုးဦးနှင့်အတူကုန်းပေါ်သို့တက်ခဲ့တော့သည်။ 
ရေယာဉ်ခမှာ ယူရိုငွေ(၁၅) ယူရိုပေးရသည်။ 

(ဆက်လက်ဖေါ်ပြပါမည်)

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***