Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, January 22, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၁) နယ်သာန်လား ဟော်လန်လား


မိမိငယ်စဉ်က မန္တလေးမြို့ တွင်ဘာသာဗေဒသင်တန်းတက်စဉ်ဝယ် ဆရာဦးမြင့်ဆွေ 
(လန်ဒန်) ကပြောဖူးသည်။ “အရှင်ဘုရားတို့ Nether ဆိုတာ ငရဲကိုပြောတာ၊ 
Land ဆိုတာကုန်းမြေ၊ ပင်လယ်ရေပြင်ရဲ့အောက်မှာ ရှိနေတာကြောင့် 
ငရဲတိုင်းပြည်လို့ခေါ်တာ” တဲ့။ သက္ကဋဘာသာ ပါဠိဘာသာနှင့်အင်္ဂလိပ်ဘာသာတို့ကို
ပူးတွဲ၍ပို့ချသောဘာသာဗေဒသင်တန်းဖြစ်သဖြင့် ဆရာသည်ဘာသာဗေဒ
ဆန်ဆန်ကြံဆကာပြောလိုက်ခြင်းဖြစ်မည်ထင်သည်။ မည်သို့ဆိုစေ 
ထိုစဉ်ကတည်းက နယ်သာလန်သို့သွားရောက်လည်ပတ်ချင်သောစိတ်ဆန္ဒသည် အမြုတေအဖြစ်ဖြင့်ရင်တွင်းဝယ်ကိန်းအောင်းနေခဲ့သည်။
ထိုဆန္ဒအမြုတေသည် ယခုတော့လက်တွေ့ဘဝသရုပ်ဖြစ်ခဲ့ပြီ။ 
ဒကာဦးထွန်းအောင်နှင့်ဒကာမဒေါ်အေးအေးစိုးမိသားစုတို့၏သဒ္ဓါတရားသည်
မိမိရင်တွင်းဝယ်ကာလကြာမြင့်စွာတိတ်တခိုးကိန်းအောင်းနေခဲ့သော
ဆန္ဒအမြုတေကို လက်တွေ့ ဘဝသရုပ်ပေါ်အောင်ဖြည့်ဆည်းပေးလိုက်ခြင်း
ဖြစ်သဖြင့်ကျေးဇူးအထူးတင်မိသည်။ တဆက်တည်းပင် ဒကာဦးထွန်းအောင်မိသားစုနှင့်
ဓမ္မမိတ်ဆွေဒကာဒကာမများဖြစ်နိုင်စေရန် မိတ်ဆက်ပေးခဲ့ကြသောဖင်လန်နိုင်ငံမှ ဦးဇော်ဝင်းမိသားစုနှင့်ဦးကျော်ဌေးမိသားစုကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါသည်။ ဤခရီးစဉ်အတွက်အဖက်ဖက်မှပြည့်စုံစေရန် အခြားဝိုင်းဝန်းကူညီဆောင်ရွက်
ပေးကြသောဒကာဒကာမများကိုလည်းကျေးဇူးတင်ကြောင်း
ထပ်လောင်း၍ပြောလိုပါသည်။

အမှန်ဆိုသော် နယ်သာလန်သည် ပင်လယ်ရေပြင်အောက်ရောက်နေသောနိုင်ငံ
ဟုဆိုသော်လည်း တနိုင်ငံလုံးသည်ပယ်လယ်ရေပြင်အောက်ရောက်နေသည်
မဟုတ်ဘဲ အချို့ သောမြို့ တို့သာရောက်နေကြသည်ဟုသိရသည်။ 
ပင်လယ်ရေပြင်အောက်နိမ့်နေသောမြို့ အချို့ တို့တွင်လည်း တညီတညာတည်း
နိမ့်နေကြသည်မဟုတ်ဘဲ တမြို့ နှင့်တမြို့ အတိုင်းအတာခြင်းမတူညီဟုသိရသည်။ 
ထို့ပြင် မိမိမြန်မာပြည်တွင်ရှိစဉ်မှသည်ယခုနယ်သာလန်ရောက်သည်အထိ သိထားသည်မှာဟောလန်နှင့်နယ်သာလန်သည်နာမည်မျှသာကွဲ၍ 
အတူတူပင်ဖြစ်သည်ဟုမှတ်ထား၊သိထားခဲ့သည်။ မိမိ၏
မိတ်ဆွေအပေါင်းအသင်းများလည်းဤကဲ့သို့ပင်သိမှတ်ထားကြလေသည်။ မိမိ၏
မိတ်ဆွေများသာမဟုတ်၊ နယ်သာလန်တွင်နေထိုင်ကြသောမြန်မာအချို့ တို့သည်ပင် ဟော်လန်နှင့်နယ်သာလန်အကြောင်းကိုကွဲကွဲပြားပြားမှန်ကန်စွာမသိကြဟု 
သိရသည်။ ဟော်လန်ဟူသည်ရှေးကခေါ်သောနာမည်ဖြစ်ပြီးလျှင် နယ်သာလန်ဟူသည် ယခုခေါ်သောနာမည်ဖြစ်သည်ဟုလည်း ပြောဆိုသံကိုကြားရပြန်သည်။ သို့နှင့် ဝေဝါးထွေပြားသောစကားလုံးများတွင်သာလမ်းမဆုံးချင်သောကြောင့် ဂဃနဏသိနိုင်ရန်လေ့လာကြည့်မိသည်။

အမှန်စင်စစ် နယ်သာလန်ဆိုသည်မှာ တနိုင်ငံလုံးကိုရည်ညွန်း၍ခေါ်ဆိုသောနာမည်ဖြစ်ပြီးလျှင် ဟော်လန်ဆိုသည်မှာ နယ်သာလန်၏ပြည်နယ် (၁၂) ခုအနက်မှ တောင်ဟော်လန်ပြည်နယ်နှင့်
မြောက်ဟော်လန်ပြည်နယ် (၂) ခုကိုသာရည်ညွန်း၍ခေါ်ဆိုသောနာမည်ဖြစ်သည်ဟု လေ့လာချက်အရသိရသည်။ မြောက်ဟော်လန်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ Schipol
 လေဆိပ်နှင့် (Amsterdam) အမ်စတာဒမ်မြို့ တော်တို့ပါဝင်လေသည်။ 
ဤ (Amsterdam) အမ်စတာဒမ်မြို့ သည် နယ်သာလန်နိုင်ငံ၏ရုံးစိုက်ရာ
မြို့ တော်မဟုတ်ချေ။ တောင်ဟော်လန်ပြည်နယ်တွင်ကား နယ်သာလန်နိုင်ငံ၏
ရုံးစိုက်ရာမြို့ တော်ဖြစ်သော (Den Haag) ဒန်ဟတ်ဂ်မြို့ ပါဝင်သည်။ ၎င်း (Den Haag) 
ဒန်ဟတ်ဂ်မြို့ ကို အင်္ဂလိပ်အသံထွက်ဖြင့် (The Hague) “သည်ဟိသ်” မြို့ ဟုခေါ်ဆိုပြီး
ဤမြို့ သည်အပြည်ပြည်ဆိုင်ရာတရားရုံးချုပ် ရုံးစိုက်ရာမြို့ တော်လည်းဖြစ်သည်။ (Rotterdam)
 ရော့တာဒမ်မြို့ သည်လည်းတောင်ဟော်လန်ပြည်နယ်တွင်ပါဝင်၍ နယ်သာလန်၏
အကြီးဆုံးဆိပ်ကမ်းမြို့ ကြီးလည်းဖြစ်သည်။ အဆိုပါတောင်ဟော်လန်နှင့်မြောက်ဟော်လန်
ပြည်နယ်များတွင်နေကြသူများကို (Hollanders) ဟော်လန်ဒါ ဟုခေါ်ဆိုကြောင်း
သိရသည်။

တနိုင်ငံလုံးကိုခြုံငုံ၍ (၁၂) ပြည်နယ်လုံးပါဝင်အောင်သုံးနှုန်းလျှင် (Dutch) ဒတ်ခ်ျနိုင်ငံ 
သို့မဟုတ် နယ်သာလန်နိုင်ငံဟူ၍ခေါ်ဝေါ်သုံးနှုန်းသည်။ လူမျိုးမှာဒတ်ခ်ျလူမျိုးဖြစ်၍ 
ဘာသာစကားသည်လည်း ဒတ်ခ်ျဘာသာစကားပင်ဖြစ်သည်။ အထူးသဖြင့်
 (The Kingdom of the Netherlands) “နယ်သာလန်ဘုရင့်နိုင်ငံတော်” 
ဟုသုံးနှုန်းလျှင်မူကား Aruba, Curacao, Sint Maarten ဟူသောကျွန်းနိုင်ငံသုံးခုပါ 
ပါဝင်လေသည်။ ထို့ကြောင့် “နယ်သာလန်ဘုရင့်နိုင်ငံတော်” ဟုသုံးနှုန်းလျှင် မူလ(၁၂)ပြည်နယ်ရှိသောနယ်သာလန်နိုင်ငံနှင့်အဆိုပါကျွန်းနိုင်ငံသုံးခုစုပေါင်း၍ စုစုပေါင်းလေးနိုင်ငံဖြစ်လေသည်။ (အောက်တွင်ဖေါ်ပြထားသောမြို့ သုံးမြို့ 
လည်းပါဝင်ပါသည်) အထက်ပါကျွန်းနိုင်ငံသုံးခုတည်ရှိသည့်နေရာမှာ 
(Central America) တောင်အမေရိကားနှင့်မြောက်အမေရိကား
တိုက်ကြီးနှစ်ခုတို့၏အကြားတွင်ရှိလေသည်။ ၎င်းကျွန်းနိုင်ငံများသည်
သူတို့ကိုယ်ပိုင်အလံကိုအလေးပြု၍ ကိုယ်ပိုင်ငွေကြေးကိုသုံးစွဲကြကာ ကိုယ်ပိုင်အစိုးရတို့ဖြင့်အုပ်ချုပ်ကြသည်ဟုသိရသည်။ သို့သော်လည်း
အဆိုပါကျွန်းနိုင်ငံသားများသည် နယ်သာလန်နိုင်ငံသားအဖြစ်အသိမှတ်ပြုခံရပြီးလျှင် နယ်သာလန်ပတ်စ်ပို့ကိုသာကိုင်ကြသည်။ ထို့ပြင် ၎င်းကျွန်းနိုင်ငံတို့သည် 
ဥရောပသမဂ္ဂ (E U) အဖွဲ့ ဝင်နိုင်ငံများပင်ဖြစ်ကြလေသည်။ အကြောင်းမှာ 
မူလနယ်သာလန်နိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံဖြစ်သောကြောင့်ပင်ဖြစ်သည်။

ထို့ပြင် ၁၆၀၂ ခုနှစ်မှ ၁၈၀၀ ခုနှစ်အထိနှစ်ပေါင်း (၂၀၀) နီးပါး တန်ခိုးသြဇာကြီးမားကာ
အောင်မြင်ခဲ့သော ဒတ်ခ်ျအရှေ့ အိန္ဒိယကုမ္မဏီ The Dutch East India Company
 (ဒတ်ခ်ျဘာသာစကားဖြင့် Vereenigde Oostindische Companie, VOC ဟုခေါ်သည်) သည်
 East Coast of America ကို New Netherlands ဟုနာမည်ပေးခဲ့သည်။ မြို့ တော်ကိုလည်း 
New Amsterdam ဟုသမုတ်ခဲ့လေသည်။ ၎င်း New Amsterdam မြို့ သည် ယခုအခါ အမေရိကန်ပြည်ထောင်စုမှကုလသမဂ္ဂဌာနချုပ်ရုံးစိုက်သော New York
မြို့ တော်ကြီးပင်ဖြစ်သည်။ ယခုတော့ အနိစ္စသဘောအရနယ်သာလန်ပိုင်
မဟုတ်တော့ချေ။ ဒတ်ခ်ျလူမျိုးတို့သည်လည်း အတိတ်တချိန်က
အင်ပါယာကျယ်ပြန့်သောလူမျိုးတို့ပင်ဖြစ်ခဲ့သည်။

ထို့ပြင် တောင်အမေရိကားနှင့်မြောက်အမေရိကားတိုက်၏အလယ်တွင်ရှိသော
 Bonaire, Sint Eustatius, Saba မြို့ ဟူသောမြို့ သုံးမြို့ တို့သည်လည်း 
နယ်သာလန်ပိုင်မြို့ တို့ပင်ဖြစ်သည်။ တနည်းဆိုသော် ကျွန်းနိုင်ငံငယ်လေးများ
ပင်ဖြစ်သည်။ သို့သော် ၎င်းမြို့ တို့သည်ယူရိုငွေကြေးကိုမသုံးစွဲကြဘဲ ဒေါ်လာကိုသာ
သုံးစွဲကြလေသည်။ ဤမြို့ သူ မြို့ သားများသည်လည်း နယ်သာလန်နိုင်ငံသားများပင်ဖြစ်၍ နယ်သာလန်ပတ်စ်ပို့ကိုပင်ကိုင်ကြလေသည်။ ၎င်းပြင် ဤမြို့ သုံးမြို့ သည် နေရာဒေသအားဖြင့်ဝေးကွာသည့်ပြင် တိုက်အားဖြင့်လည်းခြားနားနေစေကာမူ နယ်သာလန်နိုင်ငံ၏ရွေးကောက်ပွဲတွင်မဲထည့်နိုင်ခွင့်ရှိကြလေသည်။
(E U) ဥရောပသမဂ္ဂစာရင်းဝင်မြို့ များလည်းဖြစ်ကြသည်။ အကြောင်းမှာ 
နယ်သာလန်ဘုရင့်နိုင်ငံတော်တွင်ပါဝင်သောကြောင့်ပင်ဖြစ်လေသည်။
 မိမိယခုတင်ပြခဲ့ပြီးသော (မူလနယ်သာလန်မပါ) ကျွန်းနိုင်ငံသုံးနိုင်ငံနှင့်မြို့ သုံးမြို့ ကို
ပေါင်း၍ခေါ်လျှင် The Dutch Caribbean ဟုခေါ်ဆိုကြောင်းသိရသည်။ သို့သော် 
“The Kingdom of the Netherlands” “နယ်သာလန်ဘုရင့်နိုင်ငံတော်” ဟုသုံးနှုန်းလျှင်မူကား
 မူလဥရောပမှ ပြည်နယ် (၁၂) ခုပါဝင်သောနယ်သာလန်နိုင်ငံအပြင်
အထက်ပါဆိုခဲ့ပြီးသောကျွန်းနိုင်ငံသုံးခုနှင့်မြို့သုံးမြို့  တို့အားလုံးပါဝင်ကြောင်းနှင့်
၎င်းနိုင်ငံငယ်များနှင့်မြို့ များတို့ကိုစုပေါင်း၍ရည်ညွှန်းခေါ်ဆိုကြောင်း သိရသည်။
 (ဆက်လက်ဖေါ်ပြပါမည်)

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***