Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, January 23, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၂) ဤမြို့ ကို (Amsterdam) အမ်စတာဒမ်ဟုခေါ်သည်

ဒကာဆက်မျိုးဦးနှင့်အတူတွဲ၍ နယ်သာလန်အကြောင်းကိုလေ့လာပြီးသောအခါ 
အမ်စတာဒမ်မြို့ အကြောင်းကိုဆက်လက်၍စူးစမ်းလိုက်သည်။ “ အရှင်ဘုရား 
အမ်စတာဒမ်မြို့ ဟာ ပယ်လင်ရေမျက်နှာပြင်အောက် “၁၄” မီတာနိမ့်တဲ့မြို့ ဖြစ်ပါတယ်။ 
လူငယ်အများစု ပျော်ကြတဲ့နေရာလဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မကောင်းတဲ့မူးယစ်ဆေးဝါးတွေပေါများတယ်။ အထူးသဖြင့်ဆေးခြောက်အရမ်းပေါတယ်။ သုံးစွဲဖို့အတွက်ဝယ်ယူရတာအရမ်းလွယ်ကူတယ်။ ဒါ့အပြင် လိင်ဖျော်ဖျေရေးလုပ်ငန်းကလည်းအားကောင်းတယ်။ ပေါတယ်။ ေ
ဖျာ်ဖြေသူရောဖျော်ဖြေခံပါ နှစ်ဦးလုံးအတွက်လုံခြုံမှုအပြည့်အဝရှိတယ်။
 ဒါကြောင့်လူငယ်အများစုဟာ ဒီအမ်စတာဒမ်ကိုလာပြီးတော့ပျော်ကြတယ်။ အချို့ အင်္ဂလန်ကလူငယ်တွေဆိုရင် အားတဲ့စနေ တနင်္ဂနွေလေးမှာတောင်လာပြီးပျော်ကြတယ်။ 
ဒါတွေအားလုံးကို အစိုးရကတရားဝင်ခွင့်ပြုထားလို့လဲခုလို လွတ်လွတ်လပ်လပ်နဲ့
သုံးစွဲပျော်ပါးနိုင်တာဖြစ်ပါတယ်ဘုရား..” ဟု ဒကာဆက်မျိုးဦးက 
အမ်စတာဒမ်အကြောင်းသောင်းပြောင်းထွေလာကိုဖောက်သည်ချလေသည်။

မိမိကိုယ်တိုင်သည်လည်း “A short history of Amsterdan” ဟူသောစာအုပ်ငယ်ကိုဝယ်၍ဖတ်ကြည့်သည့်အခါ “ အမ်စတာဒမ်မြို့ သည်
လူငယ်များအတွက်အရာအားလုံးရနိုင်သည့်နေရာဖြစ်သည်။ လူတိုင်းကိုမေးကြည့်လျှင် 
အမ်စတာဒမ်မြို့ သည် နယ်သာလန်၏မြို့ တော်ဖြစ်သည်ဟုမဆိုင်းမတွ
ပြောကြမည်ဖြစ်သော်လည်း အမှန်စင်စစ် အမ်စတာဒမ်မြို့ တော်တွင် စာတိုက်ရုံး၊ 
မီးရထားရုံး၊ နိုင်ငံပိုင်ရေဒီယို တယ်လီဗီးရှင်းစသောရုံးများမရှိပါ။ သို့သော်လည်း 
ဤမြို့ သည် ကြော်ငြာများ၊ စာပေလက်ရာများနှင့်အနုပညာများကို စုစည်းရာ 
ဖန်တီးရာမြို့ ဖြစ်သည်။ အမ်စတာဒမ်မြို့ ကို (၁၃) ရာစုတွင်မှစတင်တည်ဆောက်ခဲ့သည်။
 ရေမြှောင်းများ ရေကန်များတို့ဖြင့်ဝန်းရံနေသည့်ပြင်
ရွှံ့ နွံများထူထပ်နေသောမြေနေရာကို မြို့ တမြို့ ဖြစ်အောင်
တည်ဆောက်နိုင်လိမ့်မည်ဟု မည်သူမျှမမျှော်လင့်ခဲ့ချေ။ 
ယနေ့ကား ဤမြို့ သည်ကမ္ဘာတွင်ထင်ရှားသောမြို့ ကြီးတမြို့ ပင်ဖြစ်နေပေပြီ။
အမ်စတာဒမ်၏ပထမဦးဆုံးသော ခရစ်ယန်ဘုရားရှိခိုးကျောင်းကို ခရစ်နှစ် (၁၃၀၀) ခုနှစ်ဝန်းကျင်၌မြေအမာဆုံးဖြစ်သောနေရာတွင် စတင်တည်ဆောက်ခဲ့သည်” 
ဟုတိတိကျကျသိရလေသည်။ မိမိတို့ရွှေပြည်မှ အနော်ရထာခေတ်သည် (၁၀၄၄) 
တွင်စတင်သဖြင့် အနော်ရထာခေတ်ထက်နောက်ကျသည်။ အနော်ရထာခေတ်
 ပုဂံစေတီပုထိုးဘုများထက် အမ်စတာဒမ်ခရစ်ယန်ဘုရားရှိခိုးကျောင်းက
နောက်ကျသည်ဟုဆိုရပေမည်။

၂၀၁၄ ခုနှစ်၏နှစ်သစ်ကူးည ဒီဇင်ဘာလ ၃၁ ရက်နေ့ညတွင် ဒကာကိုထွန်းအောင်နှင့်ဇနီးဒေါ်အေးအေးစိုးတို့မှ အမ်စတာဒမ်ညရှုခင်းကြည့်ရှုရန်နှင့်
ဗဟုသုတရစေရန်အမ်စတာဒမ်မြို့ တွင်းသို့လိုက်ပို့ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင်
 အမ်စတာဒမ်၏ နှစ်သစ်ကူးညနှင့်ကြုံဆုံခွင့်ရသည့်အတွက်ကျေနပ်မိသည်။ နှစ်သစ်ကူးည၏ အမ်စတာဒမ်မြို့ ထဲတွင် လူများသည်ကြိတ်ကြိတ်တိုးစည်ကားလှသည်။ 
လမ်းတိုင်း နေရာတိုင်းတွင်လူများပြည့်နေကြသည်။ အများစုမှာ လူငယ်နှင့်လူလတ်ပိုင်းအရွယ်များဖြစ်ကြသည်။ ဒကာကိုထွန်းအောင်က
ပြောသည်မှာ “ အရှင်ဘုရား အမ်စတာဒမ်မြို့ ဟာ ဒီလိုနှစ်သစ်ကူးညမှာမှ ခုလိုစည်ကားနေတာမဟုတ်ပါဘူး။ နေ့ရာညပါ ရာသီမရွေးအချိန်မရွေးစည်ကား
နေတဲ့မြို့ ပါဘုရား” တဲ့။ သူပြောသည့်အတိုင်းဟုတ်ပါပေသည်။
နောက်ရက်များတွင်မြို့ ထဲသို့သွားသည့်အခါလည်း လူများကား
စည်ကားမြဲစည်ကားနေသည်ကိုသာတွေ့ရသည်။ ရာသီဥတုသည်
 မိမိတို့ရွှေပြည်နှင့်နှိုင်းစာလျှင် တော်တော်အေးသည်ဟုဆိုနိုင်သော်လည်း
 ဖင်လန်နိုင်ငံနှင့်နှိုင်းစာလျှင်တော့ အတော်ပင်သက်သာသည်ကိုတွေ့ ရသည်။ 
သို့ဖြစ်သဖြင့် မြို့ ထဲအနှံ့ ခြေကျင်လျှောက်၍ သက်သက်သာသာပင်လည်ပတ်ဖြစ်ခဲ့သည်။
 ယနေ့ညဆိုလျှင် ဖင်လန်နိုင်ငံတွင်ကား လူအများစုသည် မိမိတို့အိမ်ထဲတွင်သာ
ဆောင်းရိပ်ကိုခိုလှုံရင်း သောက်ကြစားကြ ပျော်ပါးနေကြမည်ကိုမှန်းဆမိသည်။ လမ်းမပေါ်ထွက်၍ပျော်ရွှင်ရန်အတွက်ဆောင်းရာသီကမျက်နှသာမပေးပေ။

မြို့ ထဲတွင်လမ်းလျှောက်ရင်းဖြင့် အမ်စတာဒမ်မြို့ နှင့်ပတ်သက်၍
သိစရာဗဟုသုတများကို ဒကာကိုထွန်းအောင်မှ အလျဉ်းသင့်သလို
ရှင်းပြပေးသည်။ မိမိကလည်း စွမ်းနိုင်သမျှစိတ်ဝင်စားစွာကြိုးစား၍မှတ်သည်။ 
သို့သော် မှတ်စုရေးထားခြင်းမဟုတ်ဘဲ ခေါင်းထဲမှပြောင်းလဲမေ့ပျောက်တတ်သော
အုံးနှောက်ဒေတာထဲတွင်သာသိမ်းထားသဖြင့် အချို့ အကြောင်းအရာများမှာ အလိုအလျောက်မေ့ပျောက်ကုန်ကြသည်။ မတတ်နိုင်တော့ပြီ။ 
မှတ်မိသမျှကိုသာစာဖတ်သူတို့အား စုစည်း၍ဝေငှရပေတော့မည်။ အမ်စတာဒမ်၏လွတ်လပ်တောက်ပစွာအလှကြွယ်နေသောလမ်းမများပေါ်တွင်
ဆက်လက်လျှောက်လာကြစဉ် “ အရှင်ဘုရား အနံ့ရလား ” ဟု 
ဒကာကိုထွန်းအောင်ကမေးသည်။ “မရပါဘူး” ဟု မိမိက သတိမပြုမိဘဲ
သာမန်ပင်ဖြေလိုက်သည်။ သတိထား၍ရှုရှိုက်ကြည့်လိုက်သည့်အခါတွင်မှ 
စိမ်းရွှေရွှေအနံ့က သူစိမ်းဆန်ဆန်ဖြင့်မိမိနှာခေါင်းတွင်းသို့ဝင်ရောက်နေသည်မှာ ကြာပြီဖြစ်သည်ကိုသိရတော့သည်။ မြန်မာစကားပုံတွင် “သတိမမူ ဂူမမြင်၊ 
သတိမူတော့ မြူတောင်မြင်တယ်” ဟူသောရှေးဆိုရိုးစကားကို
ယခင်ကမှတ်သားနားလည်ထားခဲ့သည်။

ဤစကားသည်မျက်စိ (စက္ခုပသာဒ)၊ ရူပါရုံနှင့်အလင်းရောင်တို့၏ပေါင်းဆုံထိတွေ့မှု
ရှိသော်လည်း သတိမမူမိပါကကြောင်တောင်ကန်းဖြစ်ရကြောင်းကို
ဆိုထားခြင်းဖြစ်သည်ကိုသိသော်ငြား နှာခေါင်းနှင့်အနံ့အကြောင်းကို
မတွေးမိခဲ့။ ယခုမှပင်သတိပြုမိကာ ဆိုရိုးစကားတခုလိုပင်မိမိတဦးတည်းစိတ်ထဲတွင်
 “ သတိမပန်ဆင်တော့ အနံ့မနံ၊ သတိပန်ဆင်မှ အနံ့နံသည် ” ဟုပြောဆိုလိုက်သည်။ 
“ ဟုတ်တယ်။ ဒီအနံ့က တမျိုးကြီးပဲ” ဟု မိမိကပြောလိုက်ရာ “အဲဒါ ဆေးခြောက်နံ့ဘုရား။ 
ဒီမှာ ဆေးခြောက်ကိုတရားဝင်ရှုခွင့်ပေးထားတာ။ လူတယောက်ကို 
(၅) ဂရမ်အထိဝယ်ခွင့်ပေးတယ်။ ခု ရှုရှိုက်နေကြတာတွေက ဆေးခြောက်တွေဘုရား ” ဟုဒကာကိုထွန်းအောင်ကပြောပြသည်။ အားပါး…ပါး...ပါး…ဟု အံ့သြမင်သက်စွာအာမေဋိတ်စကားကိုစိတ်တွင်းမှဆိုမိတော့သည်။
မြို့ လယ်ခေါင်ဝယ် လမ်းမကြီးလမ်းငယ် လမ်းအသွယ်သွယ်ပေါ်တွင်လူအများစုသည် ပြုံးပျော်သောမျက်နှာများဖြင့်လွတ်လပ်စွာ ရှုရှိုက်နေကြသည်ကိုတွေ့ရသည်။ လမ်းပေါ်တွင်အများစုမှာလူငယ်များသာဖြစ်ကြသည်။မိမိကလည်း 
လူတော်တော်များများသည် စီးကရက်အရမ်းသောက်ကြသည်
ဟုသာထင်မိခဲ့သည်။

အမ်စတာဒမ်၏ထိုညတွင် ယောကျာ်းလေးရော မိန်းကလေးများပါပျော်ရွှင်စွာဖြင့်
ဆေးခြောက်လိပ်များရှုရှိုက်နေသည်တို့ကိုမြင်ရရုံသာမဟုတ်ဘဲ
 ဆေးခြောက်၏စိမ်းရွှေရွှေရနံ့ကိုပါ အဆက်မပြတ်ရှုရှိုက်ရသည်မှာလည်း 
အတွေ့အကြုံတခုဖြစ်စေသည်။ မရှုချင်၍လည်းမရ၊ နှစ်သစ်ကူးည၏ 
တမြို့ လုံးသည် ဆေးခြောက်နံ့ဖြင့်လှိုင်လှိုင်ဝေနေခဲ့သည်။ မိမိသည်လည်း 
သွားရင်းလာရင်း အသက်ရှုရင်းဖြင့် မူယစ်ဆေးဝါးကိုအလိုအလျောက်
သုံးစွဲဖူးသွားတော့သည်။ “အော် ဆေးခြောက်အနံ့ဆိုတာ ဒါပါလား” ဟုလည်း 
ပထမဆုံးသိရခြင်းလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ်၏ ဒီဇင်ဘာ (၃၁) ရက်ညသည် 
အမ်စတာဒမ်မြို့ မှ မိမိအားဆေးခြောက်ရနံ့နှင့် ကြိုဆိုဧည့်ခံလိုက်ခြင်းပင်
ဖြစ်တော့သည်။ လမ်းများပေါ်တွင်လည်းသုံးစွဲပြီး၍ပစ်လွှင့်ထားသော
ဆေးခြောက်လိပ်မှအမှိုက်များက နေရာအနှံ့ပျံ့ ကျဲနေသည်ကိုတွေ့ရသည်။ 
သို့သော် နံနက်မလင်းမီစည်ပင်သာယာမှအားလုံးကိုသန့်ရှင်းပစ်သည်ဟု သိရသည်။

အပေါ်ကိုမော့ကြည့်လိုက်သည့်အခါတွင်ကား လျှပ်စစ်မီးများဖြင့်လမ်းတိုင်းလိုလိုတွင် ခရစ်စမတ်မီးအလှဆင်ထားကြသည်ကိုတွေ့ရသည်။ “ အရှင်ဘုရား 
လူငယ်တယောက်ဟာ အမ်စတာဒမ်ရဲ့အတွေ့အကြုံကိုမရဘူးရင် 
လူငယ်ဘဝဖြတ်သန်းရကျိုးမနပ်ဘူးလို့ ပြောစမှတ်ရှိကြတယ်။ ဒါကြောင့် 
တပည့်တော်က ဒီကိုရောက်အောင်လာတယ်။ ရောက်တော့လဲ ဟုတ်တယ်။ 
လူငယ်တယောက်အနေနဲ့ အတွေ့အကြုံအမျိုးမျိုးကိုရဖို
 ဖြတ်သန်းသင့်တဲ့နေရာတခုပါပဲဘုရား ” ဟု ဒကာဆက်မျိုးဦးက
သူ၏အတွေ့အကြုံနှင့်ထင်မြင်ချက်ကိုပြောပြသည်။ ဟုတ်ပေမည်။
 မကောင်းမှုမှန်သမျှ တရားဝင် ရယူသုံးစွဲနိုင်သောမြို့ တမြို့ ဖြစ်ခြင်းကပင် 
ကမ္ဘာ့လူငယ်များစွာကို ဆွဲဆောင်နိုင်နေလေသည်ဟု ထင်သည်။
 (ဆက်လက်ဖေါ်ပြပါမည်)

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***