ထိုနေ့ ဒုတိယပိုင်း သင်တန်းသည် ထူးခြားသောမေးခွန်းများမရှိဘဲ အလွယ်တကူပင်ပြီးဆုံးခဲ့သည်။ ထိုနေ့ညအတွက် ဟယ်ဆင်ကီမြို့ ရှိ ဦးအောင်ခိုင်+ဒေါ်မိမိပို မိသားစုမှ ပင့်ဖိတ်ထားသဖြင့် သူတို့အိမ်သို့သွားရောက်ကိန်းစက်အနားယူရသည်။ သူတို့အိမ်တွင် တည်းခိုကိန်းစက်ရသည်မှာလည်း လိုလေသေးမရှိအောင်ပြုစုပေးသဖြင့် အဆင်ပြေလှသည်။ အထူးသဖြင့် နံနက်ခင်းအာရုံဆွမ်းအတွက် နန်းကြီးသုပ်ဘုန်းပေးရသည်မှာ ဥရောပတွင်နေထိုင်သောရဟန်းတပါးအနေဖြင့် ရှားရှားပါးပါး မဟာဒုတ်ဆွမ်းပင်ဖြစ်သည်။ တနင်္ဂနွေနေ့နံနက်တွင် ဦးအောင်ခိုင်နှင့်ဦးညိမ်းမိုးတို့မှ သင်တန်းရှိရာဌာနသို့ ကားဖြင့်လိုက်ပို့ပေးကြသည်။ ထိုနေ့ နံနက်ခင်း Buddhism ပို့ချချက်များနှင့်ပတ်သက်၍ မေးခွန်းများမေးရန် ဖိတ်ခေါ်သော်လည်း မေးစရာမရှိအောင် ရှင်းလင်းကြောင်းပြောပြကြသဖြင့်သက်သာခွင့်ရခဲ့သည်။ နံနက်ခင်း ပို့ချချက်များပြီးဆုံးသဖြင့် နေ့လည်ဆွမ်းကပ်ရန် ဖင်းစားသောက်ဆိုင်သို့ပင့်သွားကြသည်။ ဆိုင်မှာသားသတ်လွတ်ဆိုင်ဖြစ်ပြီး ဟင်းအမယ်များမှာလည်း ( ၂၀ ) နီးပါးခန့်ရှိမည်ထင်သည်။
အချို့ ဟင်းများကို စားလည်းမစားဖူး မြင်လည်းမမြင်ဖူးသောကြောင့် မြည်းစမ်းကြည့်ရုံမျှသာထည့်ရသည်။
ယမန်နှစ်က ဖင်းလူမျိုးများဆွမ်းကပ်စဉ်ဝယ် အစိမ်းရောင်ဂေါ်ဖီပန်းပွင့်အကြော်ကို
ကောင်းလိမ့်မည်အထင်ဖြင့် ထည့်၍ဘုန်းပေးခဲ့လေရာ ပါးစပ်ထဲရောက်ခါမှ ဘယ်လိုမှမခံနိုင်သော
အနံ့ဆိုး၏ရိုက်ခတ်မှုကြောင့် ဆွမ်းမစားနိုင်ဘဲ ဖြစ်ခဲ့ရသည်။ သူတို့ရိုးရာ ဟင်းခတ်အမွှေးအကြိုင်သည်
မိမိအတွက် အရသာမတိုးဘဲ အနံ့ဆိုးသာဖြစ်ခဲ့သည်။ သို့နှင့် ဆွမ်းမစားရဘဲ ဒုက္ကရစရိယာမှတ်တမ်းဝင်ခဲ့သောနေ့ကြုံခဲ့ရဖူးသည်။
ထိုအတွေ့အကြုံအရ ဒုက္ကရစရိယာမှတ်တမ်း နောက်တစ်ကြိမ်မဝင်လိုသောကြောင့် ခပ်ကြောက်ကြောက်နှင့်ပင်
မြည်းစမ်းကာဘုန်းပေးရသော နေ့ထူးနေ့မြတ်ဖြစ်ခဲ့ရပေသတတ်။
ဆွမ်းဘုန်းပေးပြီးသောအခါ ဘေးချင်းကပ်လျှက်ရှိသောကော်ဖီဆိုင်သို့
ခရီးဆက်ကြသည်။ ကော်ဖီဆိုင်မှဖွင့်ထားသော သီချင်းကိုနားထောင်ရင်း Mikko Koponen ဟူသောအမျိုးသားတစ်ယောက်က
ယနေ့ခေတ်ဂီတ၏ ငြိမ့်ငြောင်းသာယာမှုမရှိပုံ၊ ကကွက်ကဟန်တို့သည်လည်း ယခင်နှင့်မတူပြောင်းလဲလာပုံနှင့်
ယနေ့ခေတ်အနုပညာများကို သူခံစား၍မရကြောင်းတို့ကို ပြောပြနေသည်။ “ အော် သူတို့လဲ
တို့နိုင်ငံကရှေးလူကြီးတွေလိုပါပဲလား ” ဟု မှတ်ချက်ပြုမိသည်။ သို့နှင့်ထွေရာလေးပါးပြောဖြစ်ကြရင်း
သူကပင် မေးခွန်းထုတ်လာပြန်သည်။ သူကား Buddhism ကိုအလွန်စိတ်ဝင်စားထက်သန်သူဖြစ်သည့်ပြင်
အလွန်ရိုသေကိုင်းရှိုင်းသူလည်းဖြစ်သည်။
မှတ်မိသေးတော့သည်။ မိမိဟယ်ဆင်ကီတွင်
သီတင်းသုံးစဉ်က Mikko သည် မိမိကိုဆွမ်းစားပင့်ခဲ့ဖူးပြီး ဆွမ်းဘုန်းပေးပြီး၍ သူ့ကားဖြင့်ပြန်လိုက်ပို့သည့်အခါ
ကားထဲတွင်မိမိကမေးလိုက်သည်။ ( ထိုစဉ်က ယခုလောက် မရင်းနှီး မသိရှိသေး ) “ မင်းက မဟာယာနဗုဒ္ဓဘာသာလား
ထေရဝါဒဗုဒ္ဓဘာသာလား ” “ ငါက မဟာယာနလည်းမဟုတ်၊
ထေရဝါဒလည်းမဟုတ်ဘူး၊ ဗုဒ္ဓယာနပါ၊ ဗုဒ္ဓလမ်းစဉ်ကိုပဲ ကျင့်သုံးတယ်၊ ဘယ်ဂိုဏ်းကပဲဖြစ်ဖြစ်
ဗုဒ္ဓဟောတဲ့တရားဆိုရင် လက်ခံတယ် ” ဤသို့မဆိုင်းမတွပြန်ဖြေခဲ့ဖူးသည်ကို
အမှတ်ရမိသည်။ ဗုဒ္ဓဓမ္မအပေါ် သူ၏သဘောထားနှင့်အမြင်ပင်ဖြစ်သည်။ သူ၏ဗုဒ္ဓဓမ္မအပေါ် ရှုမြင်မှုသည်
အစွဲကင်းသည်ဟု ယူဆမိသည်။ မိမိကလည်း ငါကမင်းကိုခွဲခြားတဲ့အနေနဲ့ မေးခြင်းမဟုတ်၊ အကျိုးအကြောင်းသိရုံမျှသာ
မေးခြင်းဖြစ်ကြောင်းပြောပြသည့်အခါ သူနားလည်ပါကြောင်းနှင့်ပြဿနာမရှိကြောင်း ပြန်လည်ပြောပြခဲ့ဖူးသည်။
သူတို့အဖွဲ့ သည် အခါအားလျော်စွာ မိမိကျောင်းသို့လာရောက်ပြီး
ဝေယျာဝစ္စများလုပ်ရင်း ဓမ္မအကြောင်းများကိုဆွေးနွေးခဲ့ကြဖူးသည်။ ဆွေးနွေးမှုတို့သည်
နွေးထွေးမှုနှင့်အေးချမ်းမှုတို့အပြင် ဓမ္မအသိဥာဏ်နှင့်သဒ္ဓါတရားကိုပါ မြှင့်တင်နိုင်ခဲ့သည်။
ထို့နောက် ဒေါက်တာဘွဲ့ အတွက် ကျမ်းရေးပြီးသောအခါ မိမိကအိန္ဒိယသို့ ကျမ်းတင်ရန်ပြန်သွားရသဖြင့်
သူတို့နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။ ယခင်လ ဓာတ်တော်ပူဇော်ပွဲတွင် သူနှင့်အမှတ်မထင်ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီး
ဤသင်တန်းစဖြစ်သောအချိန်တွင်ကား အတော်ပင်ရင်းနှီးမှုဖြစ်ခဲ့သည်။ အပြန်အလှန်နားလည်မှုဖြင့်ပို၍နွေးထွေးသော
လေးစားသော ဆက်ဆံရေးဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ပေါ့ပါးလွတ်လပ်စွာမေးလေ့ရှိပြီး
မိမိကလည်း ပေါ့ပါးလွတ်လပ်စွာပင်ဖြေဖြစ်ပါသည်။ ယခုတကြိမ် မေးသောမေးခွန်းသည်ကား အလွန်စိတ်ဝင်စားဖွယ်လည်းဖြစ်ပြီးလျှင်
အလေးအနက်ထား၍ ဖြေဆိုရသောမေးခွန်းလည်းဖြစ်သည်။ ….။ ( ဆက်လက်ဖေါ်ပြပါမည် )
0 comments:
Post a Comment