မေးခွန်း…..၁၁။ အခုကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်မကြာခဏဖြစ်နေတယ်။ ဥပမာ ဆူနာမီလို အန္တရာယ်မျိုးတွေပေါ့။ ဒါတွေက တမျိုးပြီးတမျိုး ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဖန်ဆင်းရှင်ကိုယုံကြည်တဲ့ ဘာသာဝင်တွေကို ငါမေးကြည့်တယ်။
( သူကား ဘာသာကိုနာမည်ပါတပ်၍ပြောသော်လည်း မိမိကချန်လှပ်ခဲ့ပါမည် ) လူသားတွေကို ထိခိုက်ပျက်စီးစေတဲ့
ဒီလိုဖြစ်ရပ်ဆိုးတွေကို ဘာလို့ဖန်ဆင်းရတာလဲ? အဲဒါတွေကို ဘာလို့မတားဆီးဘဲ လက်ပိုက်ကြည့်နေရတာလဲ?
သို့မဟုတ် ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက အန္တရာယ်မရှိ ဘေးမထိအောင် စီမံသင့်တယ်။
အဲလို မစီမံဘဲနဲ့ ကမ္ဘာဦးကတည်းက ဒီနေ့အထိ သဘာဝအန္တရာယ်တွေမျိုးစုံတွေနဲ့ လူသားတွေကို
ရင်ဆိုင်စေတယ်။ ဒါနဲ့ပတ်သက်လို့ ဖန်ဆင်းရှင်က သူဖန်ဆင်းတာမှန်ရင် သူ့မှာလုံးဝတာဝန်ရှိတယ်။
ဒီတာဝန်ကိုမယူဘဲ ( မဖြေရှင်းဘဲ ) ဘာလို့ဆင်းရဲ ဒုက္ခတွေကို ကြည့်နေရတာလဲ? ဘာဖြစ်လို့
ခေတ်အဆက်ဆက် ဆင်းရဲတွေဖန်တီးနေရတာလဲ? လို့ ငါကပွင့်ပွင့်လင်းလင်းမေးဖူးတယ်။ အဲဒီတော့
သူတို့က ဘာပြန်ပြောသလဲ ? ။ မိမိက မစောင့်နိုင်ဘဲ မေးလိုက်သည်တွင် “ သူတို့က ဘာမှမဖြေဘဲ
ငြိမ်နေကြတယ်။ နောက်တော့ သူတို့ မသိဘူး လို့ပြောကြတယ် ” ဟု ဆိုလေသည်။ “ ဒါနဲ့ ငါကလဲဆက်ပြောလိုက်တယ်။
ဘူမိဗေဒပညာရှင်တွေရဲ့အလိုအရဆိုရင်တော့ ဖန်ဆင်းရှင်နဲ့ဘာမှမပတ်သက်ဘူး။ ဖြစ်ခြင်းရဲ့အကြောင်းတရားတွေကို
ပညာရှင်များအနေနဲ့ဖေါ်ထုတ်ပြကြတယ်၊ ပညာရှင်တွေပြောပြတာကို ငါလက်ခံတယ်၊ ဒါဟာ အကြောင်းတရားတွေပြည့်စုံလို့
ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်ပဲလို့ ငါလက်ခံတယ် ” ဟု သူကဆိုလေသည်။ ၎င်းနောက် သူကပင်ဆက်လက်၍
“ အခု ငါသိချင်တာက ဗုဒ္ဓရဲ့တရားတော်အရ ဒီလိုပြဿနာမျိုးတွေမှာ
ဘယ်လိုဖြေရှင်းနိုင်ပါသလဲ? သိချင်ပါတယ် ” ဟု ဆိုလာလေသည်။ သူ၏အမေးအတွက် ဖြေဆိုရန်မြတ်ဗုဒ္ဓကအပြည့်အစုံဟောထားပြီးဖြစ်သော်လည်း
အချက်အလက်ကို တိတိကျကျဖြစ်ဖို့နှင့်ချက်ချင်းကြီးဖြေဆိုဖို့အတွက် မိမိအနည်းငယ်တုန့်ဆိုင်းသွားလေသည်။
သို့သော်လည်း မိမိကကြိုစား၍ ဖြေဆိုခဲ့သဖြင့်ကျေနပ်လောက်သည့်အထိ ခံစားရမိပါသည်။
ဖြေ….၁၁။ “ စကြာဝဠာကြီးထဲမှာရှိတဲ့ သက်ရှိတွေရော သက်မဲ့တွေရော
အားလုံးသောဖြစ်ရပ်ဖြစ်စဉ်တွေဟာ ( ၂၄ ) ( ပဋ္ဌာန်း ၂၄ ပစ္စည်း ) မျိုးသော ကြောင်းကျိုးနိယာမတွေကြောင့်
ဖြစ်နေ ပျက်နေကြတာဖြစ်တယ်လို့ မြတ်ဗုဒ္ဓက တိတိကျကျဟောခဲ့ပြီးပါပြီ။ ဒီ ( ၂၄ ) မျိုးသောကြောင်းကျိုးနိယာမတွေရဲ့အပြင်ဘက်မှာ
စကြာဝဠာကြီးကိုရော သက်ရှိသက်မဲ့တွေရော အားလုံးကိုရှာလို့မတွေ့နိုင်တော့ဘူး။ စကြာဝဠာကြီးကိုရော
သက်ရှိတွေ သက်မဲ့တွေကိုရော အားလုံးကို ဒီကြောင်းကျိုး ( ၂၄ ) မျိုးနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။
ဒီ ( ၂၄ ) မျိုးရဲ့အဝန်းအဝိုင်းထဲမှာပဲရှိတယ်။ ဒါတွေဟာ မူလသီအိုရီတွေဖြစ်တယ်။ ဒီ
( ၂၄ ) မျိုးထဲကမှ အသေးစိတ်သီအိုရီတွေကလဲ သိန်းသောင်းမက များပြားလှပါတယ်။ ”။ သောက်လက်စ
ကော်ဖီတို့ကား ပူခြင်းသဘောမှ အေးခြင်းသဘောသို့ ဖေါက်ပြန်ကုန်ကြပြီ။ သို့သော် သူတို့ကား
ကော်ဖီ၏ ဖေါက်ပြန်ခြင်းထက် စကြာဝဠာသီအိုရီ၏ ဖေါက်ပြန်ခြင်းကို ပို၍စိတ်ဝင်စားလာကြသည်။
လျှာဖြင့်ခံစားရသော အရသာထက် ဦးနှောက်ဖြင့်ခံစားရသောအရသာတွင် သူတို့စီးမျောနေကြလေပြီ။
“ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ အဲဒါတွေ အားလုံးကိုရှင်းပြပါနော်၊
ဒါတွေငါတို့ လုံးဝမကြားဖူးဘူး၊ မဖတ်ခဲ့ဖူးဘူး ” ဟု ပျော်ရွှင်အားတက်သော စကားလုံးများဖြင့်
သူတို့ရေရွတ်နေကြသည်။ တောင်းဆိုနေကြသည်။ “ အေးပါ ရှင်းပြမှာပါ၊ ဒါပေမယ့် ဒီအကြောင်းအရာတွေက
အထက်တန်းအဆင့်တွေဖြစ်တယ်။ မင်းတို့ ခုလေ့လာနေတဲ့ အခြေခံအဆင့်ပြီးဆုံးတော့မှ ပိုလို့နားလည်မယ်။
ဗုဒ္ဓကိုပိုလို့အံ့သြမယ်။ လေးစား ကြည်ညိုကြမယ် ”။ မိမိက ဤသို့ဆိုလိုက်သည်တွင်
“ အဲဒီ ( ၂၄ ) မျိုးထဲက တစ်မျိုးလောက် ပထမပြောပြပေးပါလား ” ဟု Mrs Poceddu က ဆိုလာသည်။
“ နောက်ပိုင်း သက်ဆိုင်တဲ့အခန်းရောက်မှ ပြောပြပေးပါမယ်။ အဲဒါတွေပြောပြဖို့အတွက်
ဒီမှာအချိန်မလောက်ဘူး၊ ခုမေးထားတဲ့ မေးခွန်းအတွက် ခြုံမိငုံမိတဲ့အချက်နဲ့ပဲ ငါဖြေပါမယ်
”။ မိမိပြောသော အကြောင်းပြချက်ကို သူတို့ မကန့်ကွက်ဘဲ တညီတညွတ်တည်း နှုတ်ဆိတ်ခြင်းဖြင့်
လက်ခံလိုက်ကြလေသည်။
ခုပြောပြခဲ့တဲ့ ( ၂၄ ) မျိုးသော ကြောင်းကျိုးနိယာမသီအိုရီတွေကို
အကျဉ်းချုပ်လိုက်ရင် ငါးမျိုးဖြစ်လာတယ်။ အဲဒါတွေကတော့
၁။ ဥတုနိယာမ
၂။ ဗီဇနိယာမ
၃။ ကမ္မနိယာမ
၎။ ဓမ္မနိယာမ
၅။ စိတ္တနိယာမ တို့ပဲဖြစ်တယ်။ ကမ္ဘာပေါ်မှာ
ဖြစ်နေ ပျက်နေကြတဲ့ သက်ရှိသက်မဲ့အရာရာဟာ ဒီငါးမျိုးကြောင့်ပဲ ဖြစ်နေပျက်နေကြတာပဲဖြစ်တယ်။
ဆိုလိုတာက နေဗဟိုရ်ပြုစကြာဝဠာကြီးတစ်ခုလုံးကိုရော သက်ရှိသက်မဲ့တွေရော အားလုံးကို
ဒီနိယာမငါးမျိုးနဲ့ ဖွဲ့စည်းထားတာပဲ။ ဒီနိယာမငါးမျိုးကို ဘယ်သူကမှဖန်ဆင်းထားတာမဟုတ်ဘူး။ ဘယ်ဘာသာရေးခေါင်းဆောင်ကမှလဲ မဖေါ်ထုတ်နိုင်ခဲ့ဘူး။
ဗုဒ္ဓတစ်ပါးတည်းကသာ ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓရဲ့တရားတော်တွေဟာ ဖေါ်ထုတ်တွေ့ရှိချက်
Discoveries တွေဖြစ်တယ်၊ ဖန်ဆင်းတဲ့လက်ရာ ( Creation ) တွေမဟုတ်ဘူး၊ ဒါကြောင့် ဗုဒ္ဓကတော့
ရှာဖွေဖေါ်ထုတ်တင်ပြပြီးတော့ လမ်းညွန်သူသာဖြစ်တယ်၊ ဖန်ဆင်းရှင်မဟုတ်ဘူး လို့ မင်းတို့ကို
ငါအကြိမ်ကြိမ်ပြောခဲ့တာဖြစ်တယ်။
မိမိကအေးနေပြီဖြစ်သော ဘလက်ခ်ကော်ဖီဖြင့် ခြောက်လာသော
အာကိုဆွတ်လိုက်သည်။ သူတို့အားလုံးလဲ ပူပူနွေးနွေးအရသာ ပျယ်နေပြီဖြစ်သောကော်ဖီကို
တပြိုင်တည်းပင် အရသာမခံဘဲ မော့လိုက်ကြသည်။ သူတို့ကား ကော်ဖီ၏အရသာကို နစ်နစ်နောနော
ခံစားလေ့ရှိသော်လည်း ယခုမူ ဓမ္မစကား၏အရသာဖြင့် အစားထိုးခံစားနိုင်ကြလေပြီ။ ဖုန်းလာသည်ကိုပင်
မကိုင်ကြဘဲ ဓမ္မစကားတွင် စီးဝင်နေကြလေပြီ။ ဤတွင် အကြောင်းအရာမှာ ကျယ်ပြန့်လေးနက်နေသောကြောင့်
စဉ်းစားဖို့ရန်အချိန်ယူလိုသဖြင့် သင်တန်းဌာနရောက်မှသာ ဆက်လက်ရှင်းပြမည်၊ ခု ပြန်ကြစို့ဟု
မိမိက ပြောလိုက်သည်ကို အားလုံးက သဘောတူသဖြင့် အတွေးကိုယ်စီဖြင့် နှုတ်ဆိတ်လျှက်
ကော်ဖီဆိုင်ကို ကျောခိုင်းခဲ့ကြတော့သည်။ ( ဆက်လက်ဖေါ်ပြပါမည် )
0 comments:
Post a Comment