ထိုနေ့တွင်ကား ထိုင်းစားသောက်ဆိုင်သို့ပင့်ကာနေ့ဆွမ်းကပ်ကြသည်။ ထို့နေ့အတွက်ဆွမ်းဒကာမှာ Jarkko Jokinen ဖြစ်ပြီး ပထမအပတ်ကတည်းကတွေ့ဖူးထားသူဖြစ်ကာ စပိန်သို့အလုပ်ကိစ္စဖြင့်သွားစရာရှိနေ၍ နောက်တပတ်မှသာ သင်တန်းကိုတက်ရောက်နိုင်မည်ဖြစ်ကြောင်း ကြိုတင်ပြောသွားသူလည်းဖြစ်သည်။ ထိုင်းအစားအစာကလည်း အရသာထူးကဲလှသည်။ အထူးသဖြင့် ထိုင်းအစားအစာသည် ငရုပ်သီးများလွန်းသောကြောင့် ငရုပ်သီးကြောက်သောမိမိအတွက် ငရုပ်သီးမထည့်ရန်မှာပေးကြသည်။ ဆွမ်းဘုန်းပေးပြီးနောက် ကော်ဖီဆိုင်သို့သွားကြပြီး ကော်ဖီသောက်ကြပြန်သည်။ မိမိသည်ကား အနှစ်သက်ဆုံးဖြစ်သည့် ဖင်လန်ဘလက်ခ်ကော်ဖီကိုသာ သုံးဆောင်လိုက်သည်။ ပြီးသောအခါ သင်တန်းဌာနသို့ ထွေရာလေးပါးပြောဆိုကြရင်း ပြန်လာခဲ့ကြသည်။ သင်တန်းဌာနဝယ် အချိန်စောနေသေးသဖြင့် နေ့လယ်ပိုင်းသင်တန်းမစမီတွင်အပန်းပြေစေရန် လမ်းလျှောက်ရင်းဖြင့် မေတ္တာပွါးနေလိုက်သည်။ မိမိအတွေ့အကြုံအရဆိုရလျှင် ပင်ပန်းသည့်အခါဝယ် မိမိအနီးအနားရှိသော သူများကိုရည်စူး၍ မေတ္တာပို့ခြင်းသည် အပန်းပြေစေသည်။ “ မေတ္တာပို့ခြင်းသည် အပန်းဖြေခြင်းတစ်မျိုးဖြစ်သည် ” ဟုပင်ဆိုချင်ပါသည်။
နေ့လည်ခင်း ( ၂ ) နာရီထိုးသဖြင့်
သင်တန်းပြန်စရသည်။ တစ်နာရီလောက်ပို့ချပြီးသောအခါ အမြင့်ဆုံး အမြတ်ဆုံးကုသိုလ်လုပ်နည်း
(၁၊ ကုသိုလ်လုပ်ငန်းအပေါ်မှာ ပျော်ရွှင်ကျေနပ်နေရမယ်။ ၂၊ အသိဥာဏ်ယှဉ်နေရမယ်။ ၃၊ သူများတိုက်တွန်းဆွဲဆောင်လို့မဟုတ်ဘဲ
ကိုယ်တိုင်အလိုလို စိတ်အားထက်သန်စွာပြုလုပ်ရမယ်။ ) ကို နောက်ဆုံးရှင်းပြ၍ သင်တန်းကိုကောဖီသောက်ရန်
ခေတ္တနားလိုက်သည်။ ကော်ဖီသောက်ချိန်တွင် သူတို့ပြောစကားအများစုကို နားထောင်ဖြစ်အောင်
မိမိကနှုတ်ဆိတ်နေသည်သာများသည်။ သူတို့ထံမှလည်း ဗဟုသုတကိုလိုချင်သောကြောင့်ပင်ဖြစ်သည်။
ထို့ပြင်လည်း မိမိက အသံတစ်ချက်ထွက်လိုက်လျှင် သူတို့ကား မိမိထံသို့စုပြုံ၍ မျက်နှာမူကာ
စူးစိုက်လာတတ်ကြသည်။ ထို့ကြောင့် အနားယူရင်း နှုတ်ဆိတ်နေခြင်းလည်းဖြစ်သည်။ ဤသို့
နှုတ်ဆိတ်ကာ အနားယူနေရင်းမှပင် အမျိုးသားတစ်ယောက်က မိမိ၏တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။
မေးခွန်း…..၁၀။ ဘုရားအလောင်းတော်
သိဒ္ဓတ္ထမင်းသားဟာ ကရုဏာကြီးမားသူဖြစ်ပါလျှက် ဘာဖြစ်လို့ သားမယားကို စွန့်ပစ်နိုင်ရက်တာလဲ?
ငါတောင် ငါ့သားမယားကို ပစ်မထားရက်ဘူး တဲ့။ ( သူ၏မေးခွန်းမှ ဆိုလိုချက်သည် သိဒ္ဓတ္ထမင်းသား၏
ကရုဏာသည် သူ၏သူ့မိသားစုအပေါ်ထားသည့် ကရုဏာလောက်ပင် မကြီးကျယ် မခိုင်မာဟု သဘောသက်ရောက်နေသည်ကို
သတိပြုမိသည်။)
ဖြေ……၁၀။ အေး၊ ဒီမေးခွန်းဟာ သာမာန်လူအများစုကမေးလေ့မေးထရှိတဲ့
မေးခွန်းပါပဲ။ ပညာရှင်အများစုကလည်း ဖြေထားကြပြီးပါပြီ။ ဒီမှာတော့ ငါ့အမြင်နဲ့ဖြေမယ်။
မင်းကို မေးခွန်းတစ်ခုမေးမယ်။ မင်းရဲ့မိသားစုမှာရော မင်းရဲ့ရပ်ကွက်နဲ့နိုင်ငံမှာရော
လူတွေအားလုံးဟာ အလွန်ပြင်းထန်တဲ့ ရောဂါဝေဒနာကိုခံစားနေရတယ်။ ဒီရောဂါအတွက် ကုသစရာဆေးက
မရှိသေးဘူး။ ဆေးဖေါ်နိုင်တဲ့သူမရှိသေးဘူး။ ဒါကြောင့် မင်းရဲ့မိသားစုအပါအဝင် တစ်နိုင်ငံလုံးဟာ
အလွန်ပြင်းထန်တဲ့ နာတာရှည်ရောဂါကြီးကို
ခံစားနေကြရတယ်။ ဒီရောဂါကိုကုစားနိုင်ဘို့အတွက်
မင်းကဆေးထုတ်လုပ်ချင်တယ်။ ဆေးဖေါ်ချင်တယ်။ ဒီဆေးကို မင်းကဖေါ်စပ်နိုင်မယ် ထုတ်လုပ်နိုင်မယ်လို့လဲ
မင်းကိုယ်မင်းယုံကြည်တယ်။ ဒီအတွက် မိသားစုကို နှစ်အနည်းငယ်လောက် ခွဲခွါထားခဲ့ပြီးမှ
ဆေးဖေါ်စပ်နိုင်အောင် ဆေးနည်းတွေသွားရှာရမယ်။ ဖေါ်စပ်ရမယ်။ ထုတ်လုပ်ရမယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့မှ
မင်းမိသားစုနဲ့ဆွေမျိုးတွေရော တစ်နိုင်ငံလုံးကိုရော လာကုစားပေးတယ်။ ဘာအခကြေးငွေမှမယူဘဲနဲ့
ကရုဏာ မေတ္တာသက်သက်နဲ့ ကုသပေးတယ်။
မင်းဆေးနည်းသွားရှာတဲ့အချိန်၊ ဆေးဖေါ်စပ်နေတဲ့အချိန်၊
ထုတ်လုပ်နေတဲ့အချိန်တွေမှာ မိသားစုဟာ ဝမ်းနဲကြေကွဲစွာကျန်နေခဲ့ရတယ်။ မင်းကိုလဲ
အထင်လွဲကြတယ်။ မင်းရဲ့မိသားစုတင်မကဘူး၊ အားလုံးက မင်းကိုအထင်လွဲကြတယ်။ မင်းဟာ အလွန်ရက်စက်သူ
ကရုဏာ မေတ္တာကင်းမဲ့သူလို့ စွပ်စွဲခံရတယ်။ တကယ်တော့ မင်းက အလွန်ကြီးမားတဲ့ မေတ္တာနဲ့ကရုဏာကြောင့်
ဆေးသွားထုတ်လုပ်တာဖြစ်တယ်။ ဆေးတွေထုတ်လုပ်ပြီးလို့အသင့်ဖြစ်တဲ့အခါ မိသားစုဆီကိုပြန်လာပြီးတော့
ကုစားပေးတယ်။ ဆွေမျိုးတွေကိုလဲ ကုစားပေးတယ်။ လူမျိုး၊ အသားအရောင်၊ လိင်၊ နိုင်ငံ၊
အယူဝါဒ၊ ဆင်းရဲ့ ချမ်းသာ အာဏာရှိ အာဏာမဲ့၊ ဘာသာတရား ဘာကိုမျှမခွဲခြားဘဲ မေတ္တာ ကရုဏာသက်သက်နဲ့
အခမဲ့ကုသပေးတယ်။ အဲဒီလို ရေရှည်ကောင်းကျိုးတွေမြင်လို့ မိသားစုနဲ့ခွဲခွါသွားခဲ့တယ်။
အဲဒီလို သဘောမြင့်မြတ်တဲ့မင်းကို စွပ်စွဲသူတွေ အထင်လွဲသူတွေဟာ ဥာဏ်ပညာရှိတယ်လို့
မင်ထင်သလား?
“ သူတို့ဟာ ဥာဏ်မရှိလို့ပါပဲ၊ ငါ့သဘောထားအမှန်ကိုမသိလို့ပါပဲ
” ဟု သူကဆိုလာသည်။ “ အေး ဟုတ်ပီ။ အဲဒီလိုပဲ၊ မြတ်စွာဘုရားရဲ့သဘောထားအမှန်၊ မဟာကရုဏာအမှန်ကို
မသိတဲ့ ဥာဏ်နဲတဲ့သူတွေဟာ အဲလိုစွပ်စွဲတတ်ကြတယ်။ အထင်လွဲတတ်ကြတယ်။ မေးတတ်ကြတယ်။ မြတ်ဗုဒ္ဓကတော့
စကြာဝဠာမှာရှိတဲ့ သက်ရှိတွေအားလုံးကို ဓမ္မဆေးတွေတိုက်ကျွေးနိုင်ဖို့ မိသားစုနဲ့ခွဲခွါရခဲ့တယ်။
ဆေးတွေဖေါ်စပ်ပြီးတဲ့အခါ တိုက်ကျွေးခဲ့တယ်။ ဥာဏ်ရှိကြတဲ့သူတိုင်း ဓမ္မဆေးကိုစားကြတယ်။
စားကြသူတိုင်းလည်း နာတာရှည်ကိလေသာ ရောဂါတွေပျောက်ကင်းခဲ့ကြတယ်။ ဘုရားဖြစ်ပြီးလို့
ကပိလဝတ်နေပြည်တော်ကိုပြန်ပြီးတော့ ဓမ္မဆေးတွေတိုက်ကျွေးတဲ့အခါ ကြင်ယာတော် ယသောဓရာနဲ့သားလေး
ရာဟုရာရော၊ ဆွေတော်မျိုးတော်တွေရော အားလုံးဟာ ကိလေသာရောဂါတွေပျောက်ကင်းခဲ့ကြတယ်။
ဆေးစားသူတွေက မြတ်ဗုဒ္ဓရဲ့စိတ်ထား သဘောထားကိုနားလည်ခဲ့ကြတယ်။ ဆေးမစားကြရသေးတဲ့သူတွေကတော့
ရောဂါခံစားရင်းတန်းလန်းနဲ့ မြတ်ဗုဒ္ဓကို မသိနားမလည်စွာ စွပ်စွဲနေကြတယ်။ ဒါကြောင့်
ရောဂါရှိသူများဆေးစားဖို့လိုတယ်။ ကုစားဖို့လိုတယ်။
သူုတို့အဖွဲ့ သားအားလုံးသည် ဘာစကားတစ်ခွန်းမျှပြန်မပြောဘဲ
ငြိမ်ချက်သားကောင်းနေကြလေသည်။ သို့သော် သူတို့၏ မျက်လုံးများကား ကြည်လင်တောက်ပလျှက်
စူးစူးစိုက်စိုက် မျက်တောင်မခတ်ဘဲ ကြည့်နေကြရင်း လှိုက်လှဲနွေးထွေးစွာစကားပြောနေကြသည်ကို
နားထဲမှကြားနေရသလိုခံစားရသည်။ မျက်လုံးနဲ့စကားပြောသည်ကို နားထဲမှကြားရခြင်းသည် ပို၍နက်ရှိုင်းနေသည်ဟုထင်မြင်မိသည်။
သူတို့၏ နှုတ်မှဖွင့်ဟသည့် တုန့်ပြန်မှုကိုခေတ္တအကဲခတ်၍ စောင့်ဆိုင်းနေစဉ် ခေါင်းတညိတ်ညိတ်ဖြင့်
အပြုံးနှင့်တုန့်ပြန်ကြလေသည်။
မိမိကပင် ဆက်လက်၍ “ ငါတောင် ငါ့မိသားစုကို
မစွန့်နိုင်ဘူး ” လို့ မင်းပြောတယ်။ မင်းကတော့ မင်းမိသားစုကိုချစ်လို့ ကရုဏာရှိလို့လို့ထင်မယ်။
တကယ်က မင်းရဲ့ တဏှာကိုမစွန့်နိုင်တာပဲဖြစ်တယ်။ သတ္တိမရှိတာပဲဖြစ်တယ်။ အားလုံးအတွက်
အကျိုးဆောင်ဖို့ ဥာဏ်အမြင် မကြည်လင်သေးတာပဲဖြစ်တယ်။ အဲဒီတဏှာဟာ မိသားစုအတွက် ကရုဏာ
မေတ္တာဖြစ်တယ်လို့ မင်းထင်မှားနေတာဖြစ်တယ်။ သိဒ္ဓတ္ထမင်းသားဟာ အလွန်ကြီးမားသောမဟာကရုဏာကြောင့်
မိသားစုအတွက်ရော အားလုံးအတွက်ရော ပုဂ္ဂိုလ်ရေးသီးသန့်သာယာမှုဖြစ်တဲ့တဏှာကို စွန့်ခဲ့တယ်။
မိသားစုကိုချစ်သော်လည်း စွန့်ခဲ့ရတယ်။ တဏှာနဲ့ မေတ္တာကရုဏာကို ကွဲပြားစွာနားမလည်ကြတဲ့သူတွေက
မြတ်ဗုဒ္ဓကို အလွဲအမှားတွေနဲ့ ဝေဘန်ကြ စွပ်စွဲကြတာဖြစ်တယ်။ မင်းကတော့ စွပ်စွဲတဲ့စိတ်မရှိနိုင်ပါဘူး။
မရှင်းလို့ မေးတာဖြစ်နိုင်ပါတယ် ဟု ပြောပြလိုက်သောအခါ “ အရမ်းကောင်းတဲ့အဖြေပဲ
” ဟု မှတ်ချက်ပြုလေသည်။ အခြားသူများအားလုံးကလည်း ပီတိအပြုံးကိုယ်စီဖြင့် ကျေနပ်နေကြလေသည်။
သို့နှင့် ဒုတိယပိုင်း သင်တန်းစတင်ချိန်ရောက်လာခဲ့တော့သည်။
0 comments:
Post a Comment