Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Monday, October 13, 2014

ဒိုင်ယာရီအပိုင်းအစလေးများ(၂၃)ကော်ဖီထက်ပိုတဲ့အရသာ


 မေးခွန်း…..၁၁။ အခုကမ္ဘာမှာ သဘာဝဘေးအန္တရာယ်တွေဖြစ်မကြာခဏဖြစ်နေတယ်။ ဥပမာ ဆူနာမီလို အန္တရာယ်မျိုးတွေပေါ့။ ဒါတွေက တမျိုးပြီးတမျိုး ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး ဖန်ဆင်းရှင်ကိုယုံကြည်တဲ့ ဘာသာဝင်တွေကို ငါမေးကြည့်တယ်။ 
( သူကား ဘာသာကိုနာမည်ပါတပ်၍ပြောသော်လည်း မိမိကချန်လှပ်ခဲ့ပါမည် ) လူသားတွေကို ထိခိုက်ပျက်စီးစေတဲ့ ဒီလိုဖြစ်ရပ်ဆိုးတွေကို ဘာလို့ဖန်ဆင်းရတာလဲ? အဲဒါတွေကို ဘာလို့မတားဆီးဘဲ လက်ပိုက်ကြည့်နေရတာလဲ? သို့မဟုတ် ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက အန္တရာယ်မရှိ ဘေးမထိအောင် စီမံသင့်တယ်။ အဲလို မစီမံဘဲနဲ့ ကမ္ဘာဦးကတည်းက ဒီနေ့အထိ သဘာဝအန္တရာယ်တွေမျိုးစုံတွေနဲ့ လူသားတွေကို ရင်ဆိုင်စေတယ်။ ဒါနဲ့ပတ်သက်လို့ ဖန်ဆင်းရှင်က သူဖန်ဆင်းတာမှန်ရင် သူ့မှာလုံးဝတာဝန်ရှိတယ်။ ဒီတာဝန်ကိုမယူဘဲ ( မဖြေရှင်းဘဲ ) ဘာလို့ဆင်းရဲ ဒုက္ခတွေကို ကြည့်နေရတာလဲ? ဘာဖြစ်လို့ ခေတ်အဆက်ဆက် ဆင်းရဲတွေဖန်တီးနေရတာလဲ? လို့ ငါကပွင့်ပွင့်လင်းလင်းမေးဖူးတယ်။ အဲဒီတော့ သူတို့က ဘာပြန်ပြောသလဲ ? ။ မိမိက မစောင့်နိုင်ဘဲ မေးလိုက်သည်တွင် “ သူတို့က ဘာမှမဖြေဘဲ ငြိမ်နေကြတယ်။ နောက်တော့ သူတို့ မသိဘူး လို့ပြောကြတယ် ” ဟု ဆိုလေသည်။ “ ဒါနဲ့ ငါကလဲဆက်ပြောလိုက်တယ်။ ဘူမိဗေဒပညာရှင်တွေရဲ့အလိုအရဆိုရင်တော့ ဖန်ဆင်းရှင်နဲ့ဘာမှမပတ်သက်ဘူး။ ဖြစ်ခြင်းရဲ့အကြောင်းတရားတွေကို ပညာရှင်များအနေနဲ့ဖေါ်ထုတ်ပြကြတယ်၊ ပညာရှင်တွေပြောပြတာကို ငါလက်ခံတယ်၊ ဒါဟာ အကြောင်းတရားတွေပြည့်စုံလို့ ဖြစ်လာတဲ့ သဘာဝဖြစ်စဉ်ပဲလို့ ငါလက်ခံတယ် ” ဟု သူကဆိုလေသည်။ ၎င်းနောက် သူကပင်ဆက်လက်၍  “ အခု ငါသိချင်တာက ဗုဒ္ဓရဲ့တရားတော်အရ ဒီလိုပြဿနာမျိုးတွေမှာ ဘယ်လိုဖြေရှင်းနိုင်ပါသလဲ? သိချင်ပါတယ် ” ဟု ဆိုလာလေသည်။ သူ၏အမေးအတွက် ဖြေဆိုရန်မြတ်ဗုဒ္ဓကအပြည့်အစုံဟောထားပြီးဖြစ်သော်လည်း အချက်အလက်ကို တိတိကျကျဖြစ်ဖို့နှင့်ချက်ချင်းကြီးဖြေဆိုဖို့အတွက် မိမိအနည်းငယ်တုန့်ဆိုင်းသွားလေသည်။ သို့သော်လည်း မိမိကကြိုစား၍ ဖြေဆိုခဲ့သဖြင့်ကျေနပ်လောက်သည့်အထိ ခံစားရမိပါသည်။

ဖြေ….၁၁။  “ စကြာဝဠာကြီးထဲမှာရှိတဲ့ သက်ရှိတွေရော သက်မဲ့တွေရော အားလုံးသောဖြစ်ရပ်ဖြစ်စဉ်တွေဟာ ( ၂၄ ) ( ပဋ္ဌာန်း ၂၄ ပစ္စည်း ) မျိုးသော ကြောင်းကျိုးနိယာမတွေကြောင့် ဖြစ်နေ ပျက်နေကြတာဖြစ်တယ်လို့ မြတ်ဗုဒ္ဓက တိတိကျကျဟောခဲ့ပြီးပါပြီ။ ဒီ ( ၂၄ ) မျိုးသောကြောင်းကျိုးနိယာမတွေရဲ့အပြင်ဘက်မှာ စကြာဝဠာကြီးကိုရော သက်ရှိသက်မဲ့တွေရော အားလုံးကိုရှာလို့မတွေ့နိုင်တော့ဘူး။ စကြာဝဠာကြီးကိုရော သက်ရှိတွေ သက်မဲ့တွေကိုရော အားလုံးကို ဒီကြောင်းကျိုး ( ၂၄ ) မျိုးနဲ့ဖွဲ့စည်းထားတာဖြစ်တယ်။ ဒီ ( ၂၄ ) မျိုးရဲ့အဝန်းအဝိုင်းထဲမှာပဲရှိတယ်။ ဒါတွေဟာ မူလသီအိုရီတွေဖြစ်တယ်။ ဒီ ( ၂၄ ) မျိုးထဲကမှ အသေးစိတ်သီအိုရီတွေကလဲ သိန်းသောင်းမက များပြားလှပါတယ်။ ”။ သောက်လက်စ ကော်ဖီတို့ကား ပူခြင်းသဘောမှ အေးခြင်းသဘောသို့ ဖေါက်ပြန်ကုန်ကြပြီ။ သို့သော် သူတို့ကား ကော်ဖီ၏ ဖေါက်ပြန်ခြင်းထက် စကြာဝဠာသီအိုရီ၏ ဖေါက်ပြန်ခြင်းကို ပို၍စိတ်ဝင်စားလာကြသည်။ လျှာဖြင့်ခံစားရသော အရသာထက် ဦးနှောက်ဖြင့်ခံစားရသောအရသာတွင် သူတို့စီးမျောနေကြလေပြီ။

 “ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ အဲဒါတွေ အားလုံးကိုရှင်းပြပါနော်၊ ဒါတွေငါတို့ လုံးဝမကြားဖူးဘူး၊ မဖတ်ခဲ့ဖူးဘူး ” ဟု ပျော်ရွှင်အားတက်သော စကားလုံးများဖြင့် သူတို့ရေရွတ်နေကြသည်။ တောင်းဆိုနေကြသည်။  “ အေးပါ ရှင်းပြမှာပါ၊ ဒါပေမယ့် ဒီအကြောင်းအရာတွေက အထက်တန်းအဆင့်တွေဖြစ်တယ်။ မင်းတို့ ခုလေ့လာနေတဲ့ အခြေခံအဆင့်ပြီးဆုံးတော့မှ ပိုလို့နားလည်မယ်။ ဗုဒ္ဓကိုပိုလို့အံ့သြမယ်။ လေးစား ကြည်ညိုကြမယ် ”။ မိမိက ဤသို့ဆိုလိုက်သည်တွင် “ အဲဒီ ( ၂၄ ) မျိုးထဲက တစ်မျိုးလောက် ပထမပြောပြပေးပါလား ” ဟု Mrs Poceddu က ဆိုလာသည်။ “ နောက်ပိုင်း သက်ဆိုင်တဲ့အခန်းရောက်မှ ပြောပြပေးပါမယ်။ အဲဒါတွေပြောပြဖို့အတွက် ဒီမှာအချိန်မလောက်ဘူး၊ ခုမေးထားတဲ့ မေးခွန်းအတွက် ခြုံမိငုံမိတဲ့အချက်နဲ့ပဲ ငါဖြေပါမယ် ”။ မိမိပြောသော အကြောင်းပြချက်ကို သူတို့ မကန့်ကွက်ဘဲ တညီတညွတ်တည်း နှုတ်ဆိတ်ခြင်းဖြင့် လက်ခံလိုက်ကြလေသည်။

ခုပြောပြခဲ့တဲ့ ( ၂၄ ) မျိုးသော ကြောင်းကျိုးနိယာမသီအိုရီတွေကို အကျဉ်းချုပ်လိုက်ရင် ငါးမျိုးဖြစ်လာတယ်။ အဲဒါတွေကတော့
၁။ ဥတုနိယာမ
၂။ ဗီဇနိယာမ
၃။ ကမ္မနိယာမ
၎။ ဓမ္မနိယာမ
၅။ စိတ္တနိယာမ တို့ပဲဖြစ်တယ်။ ကမ္ဘာပေါ်မှာ ဖြစ်နေ ပျက်နေကြတဲ့ သက်ရှိသက်မဲ့အရာရာဟာ ဒီငါးမျိုးကြောင့်ပဲ ဖြစ်နေပျက်နေကြတာပဲဖြစ်တယ်။ ဆိုလိုတာက နေဗဟိုရ်ပြုစကြာဝဠာကြီးတစ်ခုလုံးကိုရော သက်ရှိသက်မဲ့တွေရော အားလုံးကို ဒီနိယာမငါးမျိုးနဲ့ ဖွဲ့စည်းထားတာပဲ။ ဒီနိယာမငါးမျိုးကို ဘယ်သူကမှဖန်ဆင်းထားတာမဟုတ်ဘူး။  ဘယ်ဘာသာရေးခေါင်းဆောင်ကမှလဲ မဖေါ်ထုတ်နိုင်ခဲ့ဘူး။ ဗုဒ္ဓတစ်ပါးတည်းကသာ ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓရဲ့တရားတော်တွေဟာ ဖေါ်ထုတ်တွေ့ရှိချက် Discoveries တွေဖြစ်တယ်၊ ဖန်ဆင်းတဲ့လက်ရာ ( Creation ) တွေမဟုတ်ဘူး၊ ဒါကြောင့် ဗုဒ္ဓကတော့ ရှာဖွေဖေါ်ထုတ်တင်ပြပြီးတော့ လမ်းညွန်သူသာဖြစ်တယ်၊ ဖန်ဆင်းရှင်မဟုတ်ဘူး လို့ မင်းတို့ကို ငါအကြိမ်ကြိမ်ပြောခဲ့တာဖြစ်တယ်။


 မိမိကအေးနေပြီဖြစ်သော ဘလက်ခ်ကော်ဖီဖြင့် ခြောက်လာသော အာကိုဆွတ်လိုက်သည်။ သူတို့အားလုံးလဲ ပူပူနွေးနွေးအရသာ ပျယ်နေပြီဖြစ်သောကော်ဖီကို တပြိုင်တည်းပင် အရသာမခံဘဲ မော့လိုက်ကြသည်။ သူတို့ကား ကော်ဖီ၏အရသာကို နစ်နစ်နောနော ခံစားလေ့ရှိသော်လည်း ယခုမူ ဓမ္မစကား၏အရသာဖြင့် အစားထိုးခံစားနိုင်ကြလေပြီ။ ဖုန်းလာသည်ကိုပင် မကိုင်ကြဘဲ ဓမ္မစကားတွင် စီးဝင်နေကြလေပြီ။ ဤတွင် အကြောင်းအရာမှာ ကျယ်ပြန့်လေးနက်နေသောကြောင့် စဉ်းစားဖို့ရန်အချိန်ယူလိုသဖြင့် သင်တန်းဌာနရောက်မှသာ ဆက်လက်ရှင်းပြမည်၊ ခု ပြန်ကြစို့ဟု မိမိက ပြောလိုက်သည်ကို အားလုံးက သဘောတူသဖြင့် အတွေးကိုယ်စီဖြင့် နှုတ်ဆိတ်လျှက် ကော်ဖီဆိုင်ကို ကျောခိုင်းခဲ့ကြတော့သည်။ ( ဆက်လက်ဖေါ်ပြပါမည် )

Sunday, October 12, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂၂ ) ငါက ဗုဒ္ဓယာန


ထိုနေ့ ဒုတိယပိုင်း သင်တန်းသည် ထူးခြားသောမေးခွန်းများမရှိဘဲ အလွယ်တကူပင်ပြီးဆုံးခဲ့သည်။ ထိုနေ့ညအတွက် ဟယ်ဆင်ကီမြို့ ရှိ ဦးအောင်ခိုင်+ဒေါ်မိမိပို မိသားစုမှ ပင့်ဖိတ်ထားသဖြင့် သူတို့အိမ်သို့သွားရောက်ကိန်းစက်အနားယူရသည်။ သူတို့အိမ်တွင် တည်းခိုကိန်းစက်ရသည်မှာလည်း လိုလေသေးမရှိအောင်ပြုစုပေးသဖြင့် အဆင်ပြေလှသည်။ အထူးသဖြင့် နံနက်ခင်းအာရုံဆွမ်းအတွက် နန်းကြီးသုပ်ဘုန်းပေးရသည်မှာ ဥရောပတွင်နေထိုင်သောရဟန်းတပါးအနေဖြင့် ရှားရှားပါးပါး မဟာဒုတ်ဆွမ်းပင်ဖြစ်သည်။ တနင်္ဂနွေနေ့နံနက်တွင် ဦးအောင်ခိုင်နှင့်ဦးညိမ်းမိုးတို့မှ သင်တန်းရှိရာဌာနသို့ ကားဖြင့်လိုက်ပို့ပေးကြသည်။ ထိုနေ့ နံနက်ခင်း Buddhism ပို့ချချက်များနှင့်ပတ်သက်၍ မေးခွန်းများမေးရန် ဖိတ်ခေါ်သော်လည်း မေးစရာမရှိအောင် ရှင်းလင်းကြောင်းပြောပြကြသဖြင့်သက်သာခွင့်ရခဲ့သည်။ နံနက်ခင်း ပို့ချချက်များပြီးဆုံးသဖြင့် နေ့လည်ဆွမ်းကပ်ရန် ဖင်းစားသောက်ဆိုင်သို့ပင့်သွားကြသည်။ ဆိုင်မှာသားသတ်လွတ်ဆိုင်ဖြစ်ပြီး ဟင်းအမယ်များမှာလည်း ( ၂၀ ) နီးပါးခန့်ရှိမည်ထင်သည်။ 
အချို့ ဟင်းများကို စားလည်းမစားဖူး မြင်လည်းမမြင်ဖူးသောကြောင့် မြည်းစမ်းကြည့်ရုံမျှသာထည့်ရသည်။

 ယမန်နှစ်က ဖင်းလူမျိုးများဆွမ်းကပ်စဉ်ဝယ် အစိမ်းရောင်ဂေါ်ဖီပန်းပွင့်အကြော်ကို ကောင်းလိမ့်မည်အထင်ဖြင့် ထည့်၍ဘုန်းပေးခဲ့လေရာ ပါးစပ်ထဲရောက်ခါမှ ဘယ်လိုမှမခံနိုင်သော အနံ့ဆိုး၏ရိုက်ခတ်မှုကြောင့် ဆွမ်းမစားနိုင်ဘဲ ဖြစ်ခဲ့ရသည်။ သူတို့ရိုးရာ ဟင်းခတ်အမွှေးအကြိုင်သည် မိမိအတွက် အရသာမတိုးဘဲ အနံ့ဆိုးသာဖြစ်ခဲ့သည်။ သို့နှင့် ဆွမ်းမစားရဘဲ ဒုက္ကရစရိယာမှတ်တမ်းဝင်ခဲ့သောနေ့ကြုံခဲ့ရဖူးသည်။ ထိုအတွေ့အကြုံအရ ဒုက္ကရစရိယာမှတ်တမ်း နောက်တစ်ကြိမ်မဝင်လိုသောကြောင့် ခပ်ကြောက်ကြောက်နှင့်ပင် မြည်းစမ်းကာဘုန်းပေးရသော နေ့ထူးနေ့မြတ်ဖြစ်ခဲ့ရပေသတတ်။

ဆွမ်းဘုန်းပေးပြီးသောအခါ ဘေးချင်းကပ်လျှက်ရှိသောကော်ဖီဆိုင်သို့ ခရီးဆက်ကြသည်။ ကော်ဖီဆိုင်မှဖွင့်ထားသော သီချင်းကိုနားထောင်ရင်း Mikko Koponen ဟူသောအမျိုးသားတစ်ယောက်က ယနေ့ခေတ်ဂီတ၏ ငြိမ့်ငြောင်းသာယာမှုမရှိပုံ၊ ကကွက်ကဟန်တို့သည်လည်း ယခင်နှင့်မတူပြောင်းလဲလာပုံနှင့် ယနေ့ခေတ်အနုပညာများကို သူခံစား၍မရကြောင်းတို့ကို ပြောပြနေသည်။ “ အော် သူတို့လဲ တို့နိုင်ငံကရှေးလူကြီးတွေလိုပါပဲလား ” ဟု မှတ်ချက်ပြုမိသည်။ သို့နှင့်ထွေရာလေးပါးပြောဖြစ်ကြရင်း သူကပင် မေးခွန်းထုတ်လာပြန်သည်။ သူကား Buddhism ကိုအလွန်စိတ်ဝင်စားထက်သန်သူဖြစ်သည့်ပြင် အလွန်ရိုသေကိုင်းရှိုင်းသူလည်းဖြစ်သည်။

မှတ်မိသေးတော့သည်။ မိမိဟယ်ဆင်ကီတွင် သီတင်းသုံးစဉ်က Mikko သည် မိမိကိုဆွမ်းစားပင့်ခဲ့ဖူးပြီး ဆွမ်းဘုန်းပေးပြီး၍ သူ့ကားဖြင့်ပြန်လိုက်ပို့သည့်အခါ ကားထဲတွင်မိမိကမေးလိုက်သည်။ ( ထိုစဉ်က ယခုလောက် မရင်းနှီး မသိရှိသေး ) “ မင်းက မဟာယာနဗုဒ္ဓဘာသာလား ထေရဝါဒဗုဒ္ဓဘာသာလား ”  “ ငါက မဟာယာနလည်းမဟုတ်၊ ထေရဝါဒလည်းမဟုတ်ဘူး၊ ဗုဒ္ဓယာနပါ၊ ဗုဒ္ဓလမ်းစဉ်ကိုပဲ ကျင့်သုံးတယ်၊ ဘယ်ဂိုဏ်းကပဲဖြစ်ဖြစ် ဗုဒ္ဓဟောတဲ့တရားဆိုရင် လက်ခံတယ် ”  ဤသို့မဆိုင်းမတွပြန်ဖြေခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ဗုဒ္ဓဓမ္မအပေါ် သူ၏သဘောထားနှင့်အမြင်ပင်ဖြစ်သည်။ သူ၏ဗုဒ္ဓဓမ္မအပေါ် ရှုမြင်မှုသည် အစွဲကင်းသည်ဟု ယူဆမိသည်။ မိမိကလည်း ငါကမင်းကိုခွဲခြားတဲ့အနေနဲ့ မေးခြင်းမဟုတ်၊ အကျိုးအကြောင်းသိရုံမျှသာ မေးခြင်းဖြစ်ကြောင်းပြောပြသည့်အခါ သူနားလည်ပါကြောင်းနှင့်ပြဿနာမရှိကြောင်း ပြန်လည်ပြောပြခဲ့ဖူးသည်။

သူတို့အဖွဲ့ သည် အခါအားလျော်စွာ မိမိကျောင်းသို့လာရောက်ပြီး ဝေယျာဝစ္စများလုပ်ရင်း ဓမ္မအကြောင်းများကိုဆွေးနွေးခဲ့ကြဖူးသည်။ ဆွေးနွေးမှုတို့သည် နွေးထွေးမှုနှင့်အေးချမ်းမှုတို့အပြင် ဓမ္မအသိဥာဏ်နှင့်သဒ္ဓါတရားကိုပါ မြှင့်တင်နိုင်ခဲ့သည်။ ထို့နောက် ဒေါက်တာဘွဲ့ အတွက် ကျမ်းရေးပြီးသောအခါ မိမိကအိန္ဒိယသို့ ကျမ်းတင်ရန်ပြန်သွားရသဖြင့် သူတို့နှင့်အဆက်အသွယ်ပြတ်သွားခဲ့သည်။ ယခင်လ ဓာတ်တော်ပူဇော်ပွဲတွင် သူနှင့်အမှတ်မထင်ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီး ဤသင်တန်းစဖြစ်သောအချိန်တွင်ကား အတော်ပင်ရင်းနှီးမှုဖြစ်ခဲ့သည်။ အပြန်အလှန်နားလည်မှုဖြင့်ပို၍နွေးထွေးသော လေးစားသော ဆက်ဆံရေးဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် ပေါ့ပါးလွတ်လပ်စွာမေးလေ့ရှိပြီး မိမိကလည်း ပေါ့ပါးလွတ်လပ်စွာပင်ဖြေဖြစ်ပါသည်။ ယခုတကြိမ် မေးသောမေးခွန်းသည်ကား အလွန်စိတ်ဝင်စားဖွယ်လည်းဖြစ်ပြီးလျှင် အလေးအနက်ထား၍ ဖြေဆိုရသောမေးခွန်းလည်းဖြစ်သည်။ ….။ ( ဆက်လက်ဖေါ်ပြပါမည် )


Tuesday, October 7, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂၁ ) မဟာကရုဏာ


ထိုနေ့တွင်ကား ထိုင်းစားသောက်ဆိုင်သို့ပင့်ကာနေ့ဆွမ်းကပ်ကြသည်။ ထို့နေ့အတွက်ဆွမ်းဒကာမှာ Jarkko Jokinen ဖြစ်ပြီး ပထမအပတ်ကတည်းကတွေ့ဖူးထားသူဖြစ်ကာ စပိန်သို့အလုပ်ကိစ္စဖြင့်သွားစရာရှိနေ၍ နောက်တပတ်မှသာ သင်တန်းကိုတက်ရောက်နိုင်မည်ဖြစ်ကြောင်း ကြိုတင်ပြောသွားသူလည်းဖြစ်သည်။ ထိုင်းအစားအစာကလည်း အရသာထူးကဲလှသည်။ အထူးသဖြင့် ထိုင်းအစားအစာသည် ငရုပ်သီးများလွန်းသောကြောင့် ငရုပ်သီးကြောက်သောမိမိအတွက် ငရုပ်သီးမထည့်ရန်မှာပေးကြသည်။ ဆွမ်းဘုန်းပေးပြီးနောက် ကော်ဖီဆိုင်သို့သွားကြပြီး ကော်ဖီသောက်ကြပြန်သည်။ မိမိသည်ကား အနှစ်သက်ဆုံးဖြစ်သည့် ဖင်လန်ဘလက်ခ်ကော်ဖီကိုသာ သုံးဆောင်လိုက်သည်။ ပြီးသောအခါ သင်တန်းဌာနသို့ ထွေရာလေးပါးပြောဆိုကြရင်း ပြန်လာခဲ့ကြသည်။ သင်တန်းဌာနဝယ် အချိန်စောနေသေးသဖြင့် နေ့လယ်ပိုင်းသင်တန်းမစမီတွင်အပန်းပြေစေရန် လမ်းလျှောက်ရင်းဖြင့် မေတ္တာပွါးနေလိုက်သည်။ မိမိအတွေ့အကြုံအရဆိုရလျှင် ပင်ပန်းသည့်အခါဝယ် မိမိအနီးအနားရှိသော သူများကိုရည်စူး၍ မေတ္တာပို့ခြင်းသည် အပန်းပြေစေသည်။ “ မေတ္တာပို့ခြင်းသည် အပန်းဖြေခြင်းတစ်မျိုးဖြစ်သည် ” ဟုပင်ဆိုချင်ပါသည်။

နေ့လည်ခင်း ( ၂ ) နာရီထိုးသဖြင့် သင်တန်းပြန်စရသည်။ တစ်နာရီလောက်ပို့ချပြီးသောအခါ အမြင့်ဆုံး အမြတ်ဆုံးကုသိုလ်လုပ်နည်း (၁၊ ကုသိုလ်လုပ်ငန်းအပေါ်မှာ ပျော်ရွှင်ကျေနပ်နေရမယ်။ ၂၊ အသိဥာဏ်ယှဉ်နေရမယ်။ ၃၊ သူများတိုက်တွန်းဆွဲဆောင်လို့မဟုတ်ဘဲ ကိုယ်တိုင်အလိုလို စိတ်အားထက်သန်စွာပြုလုပ်ရမယ်။ ) ကို နောက်ဆုံးရှင်းပြ၍ သင်တန်းကိုကောဖီသောက်ရန် ခေတ္တနားလိုက်သည်။ ကော်ဖီသောက်ချိန်တွင် သူတို့ပြောစကားအများစုကို နားထောင်ဖြစ်အောင် မိမိကနှုတ်ဆိတ်နေသည်သာများသည်။ သူတို့ထံမှလည်း ဗဟုသုတကိုလိုချင်သောကြောင့်ပင်ဖြစ်သည်။ ထို့ပြင်လည်း မိမိက အသံတစ်ချက်ထွက်လိုက်လျှင် သူတို့ကား မိမိထံသို့စုပြုံ၍ မျက်နှာမူကာ စူးစိုက်လာတတ်ကြသည်။ ထို့ကြောင့် အနားယူရင်း နှုတ်ဆိတ်နေခြင်းလည်းဖြစ်သည်။ ဤသို့ နှုတ်ဆိတ်ကာ အနားယူနေရင်းမှပင် အမျိုးသားတစ်ယောက်က မိမိ၏တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

မေးခွန်း…..၁၀။ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ကရုဏာကြီးမားသူဖြစ်ပါလျှက် ဘာဖြစ်လို့ သားမယားကို စွန့်ပစ်နိုင်ရက်တာလဲ? ငါတောင် ငါ့သားမယားကို ပစ်မထားရက်ဘူး တဲ့။ ( သူ၏မေးခွန်းမှ ဆိုလိုချက်သည် သိဒ္ဓတ္ထမင်းသား၏ ကရုဏာသည် သူ၏သူ့မိသားစုအပေါ်ထားသည့် ကရုဏာလောက်ပင် မကြီးကျယ် မခိုင်မာဟု သဘောသက်ရောက်နေသည်ကို သတိပြုမိသည်။)

ဖြေ……၁၀။ အေး၊ ဒီမေးခွန်းဟာ သာမာန်လူအများစုကမေးလေ့မေးထရှိတဲ့ မေးခွန်းပါပဲ။ ပညာရှင်အများစုကလည်း ဖြေထားကြပြီးပါပြီ။ ဒီမှာတော့ ငါ့အမြင်နဲ့ဖြေမယ်။ မင်းကို မေးခွန်းတစ်ခုမေးမယ်။ မင်းရဲ့မိသားစုမှာရော မင်းရဲ့ရပ်ကွက်နဲ့နိုင်ငံမှာရော လူတွေအားလုံးဟာ အလွန်ပြင်းထန်တဲ့ ရောဂါဝေဒနာကိုခံစားနေရတယ်။ ဒီရောဂါအတွက် ကုသစရာဆေးက မရှိသေးဘူး။ ဆေးဖေါ်နိုင်တဲ့သူမရှိသေးဘူး။ ဒါကြောင့် မင်းရဲ့မိသားစုအပါအဝင် တစ်နိုင်ငံလုံးဟာ အလွန်ပြင်းထန်တဲ့ နာတာရှည်ရောဂါကြီးကို
ခံစားနေကြရတယ်။ ဒီရောဂါကိုကုစားနိုင်ဘို့အတွက် မင်းကဆေးထုတ်လုပ်ချင်တယ်။ ဆေးဖေါ်ချင်တယ်။ ဒီဆေးကို မင်းကဖေါ်စပ်နိုင်မယ် ထုတ်လုပ်နိုင်မယ်လို့လဲ မင်းကိုယ်မင်းယုံကြည်တယ်။ ဒီအတွက် မိသားစုကို နှစ်အနည်းငယ်လောက် ခွဲခွါထားခဲ့ပြီးမှ ဆေးဖေါ်စပ်နိုင်အောင် ဆေးနည်းတွေသွားရှာရမယ်။ ဖေါ်စပ်ရမယ်။ ထုတ်လုပ်ရမယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့မှ မင်းမိသားစုနဲ့ဆွေမျိုးတွေရော တစ်နိုင်ငံလုံးကိုရော လာကုစားပေးတယ်။ ဘာအခကြေးငွေမှမယူဘဲနဲ့ ကရုဏာ မေတ္တာသက်သက်နဲ့ ကုသပေးတယ်။

 မင်းဆေးနည်းသွားရှာတဲ့အချိန်၊ ဆေးဖေါ်စပ်နေတဲ့အချိန်၊ ထုတ်လုပ်နေတဲ့အချိန်တွေမှာ မိသားစုဟာ ဝမ်းနဲကြေကွဲစွာကျန်နေခဲ့ရတယ်။ မင်းကိုလဲ အထင်လွဲကြတယ်။ မင်းရဲ့မိသားစုတင်မကဘူး၊ အားလုံးက မင်းကိုအထင်လွဲကြတယ်။ မင်းဟာ အလွန်ရက်စက်သူ ကရုဏာ မေတ္တာကင်းမဲ့သူလို့ စွပ်စွဲခံရတယ်။ တကယ်တော့ မင်းက အလွန်ကြီးမားတဲ့ မေတ္တာနဲ့ကရုဏာကြောင့် ဆေးသွားထုတ်လုပ်တာဖြစ်တယ်။ ဆေးတွေထုတ်လုပ်ပြီးလို့အသင့်ဖြစ်တဲ့အခါ မိသားစုဆီကိုပြန်လာပြီးတော့ ကုစားပေးတယ်။ ဆွေမျိုးတွေကိုလဲ ကုစားပေးတယ်။ လူမျိုး၊ အသားအရောင်၊ လိင်၊ နိုင်ငံ၊ အယူဝါဒ၊ ဆင်းရဲ့ ချမ်းသာ အာဏာရှိ အာဏာမဲ့၊ ဘာသာတရား ဘာကိုမျှမခွဲခြားဘဲ မေတ္တာ ကရုဏာသက်သက်နဲ့ အခမဲ့ကုသပေးတယ်။ အဲဒီလို ရေရှည်ကောင်းကျိုးတွေမြင်လို့ မိသားစုနဲ့ခွဲခွါသွားခဲ့တယ်။ အဲဒီလို သဘောမြင့်မြတ်တဲ့မင်းကို စွပ်စွဲသူတွေ အထင်လွဲသူတွေဟာ ဥာဏ်ပညာရှိတယ်လို့ မင်ထင်သလား?

“ သူတို့ဟာ ဥာဏ်မရှိလို့ပါပဲ၊ ငါ့သဘောထားအမှန်ကိုမသိလို့ပါပဲ ” ဟု သူကဆိုလာသည်။ “ အေး ဟုတ်ပီ။ အဲဒီလိုပဲ၊ မြတ်စွာဘုရားရဲ့သဘောထားအမှန်၊ မဟာကရုဏာအမှန်ကို မသိတဲ့ ဥာဏ်နဲတဲ့သူတွေဟာ အဲလိုစွပ်စွဲတတ်ကြတယ်။ အထင်လွဲတတ်ကြတယ်။ မေးတတ်ကြတယ်။ မြတ်ဗုဒ္ဓကတော့ စကြာဝဠာမှာရှိတဲ့ သက်ရှိတွေအားလုံးကို ဓမ္မဆေးတွေတိုက်ကျွေးနိုင်ဖို့ မိသားစုနဲ့ခွဲခွါရခဲ့တယ်။ ဆေးတွေဖေါ်စပ်ပြီးတဲ့အခါ တိုက်ကျွေးခဲ့တယ်။ ဥာဏ်ရှိကြတဲ့သူတိုင်း ဓမ္မဆေးကိုစားကြတယ်။ စားကြသူတိုင်းလည်း နာတာရှည်ကိလေသာ ရောဂါတွေပျောက်ကင်းခဲ့ကြတယ်။ ဘုရားဖြစ်ပြီးလို့ ကပိလဝတ်နေပြည်တော်ကိုပြန်ပြီးတော့ ဓမ္မဆေးတွေတိုက်ကျွေးတဲ့အခါ ကြင်ယာတော် ယသောဓရာနဲ့သားလေး ရာဟုရာရော၊ ဆွေတော်မျိုးတော်တွေရော အားလုံးဟာ ကိလေသာရောဂါတွေပျောက်ကင်းခဲ့ကြတယ်။ ဆေးစားသူတွေက မြတ်ဗုဒ္ဓရဲ့စိတ်ထား သဘောထားကိုနားလည်ခဲ့ကြတယ်။ ဆေးမစားကြရသေးတဲ့သူတွေကတော့ ရောဂါခံစားရင်းတန်းလန်းနဲ့ မြတ်ဗုဒ္ဓကို မသိနားမလည်စွာ စွပ်စွဲနေကြတယ်။ ဒါကြောင့် ရောဂါရှိသူများဆေးစားဖို့လိုတယ်။ ကုစားဖို့လိုတယ်။

သူုတို့အဖွဲ့ သားအားလုံးသည် ဘာစကားတစ်ခွန်းမျှပြန်မပြောဘဲ ငြိမ်ချက်သားကောင်းနေကြလေသည်။ သို့သော် သူတို့၏ မျက်လုံးများကား ကြည်လင်တောက်ပလျှက် စူးစူးစိုက်စိုက် မျက်တောင်မခတ်ဘဲ ကြည့်နေကြရင်း လှိုက်လှဲနွေးထွေးစွာစကားပြောနေကြသည်ကို နားထဲမှကြားနေရသလိုခံစားရသည်။ မျက်လုံးနဲ့စကားပြောသည်ကို နားထဲမှကြားရခြင်းသည် ပို၍နက်ရှိုင်းနေသည်ဟုထင်မြင်မိသည်။ သူတို့၏ နှုတ်မှဖွင့်ဟသည့် တုန့်ပြန်မှုကိုခေတ္တအကဲခတ်၍ စောင့်ဆိုင်းနေစဉ် ခေါင်းတညိတ်ညိတ်ဖြင့် အပြုံးနှင့်တုန့်ပြန်ကြလေသည်။

မိမိကပင် ဆက်လက်၍ “ ငါတောင် ငါ့မိသားစုကို မစွန့်နိုင်ဘူး ” လို့ မင်းပြောတယ်။ မင်းကတော့ မင်းမိသားစုကိုချစ်လို့ ကရုဏာရှိလို့လို့ထင်မယ်။ တကယ်က မင်းရဲ့ တဏှာကိုမစွန့်နိုင်တာပဲဖြစ်တယ်။ သတ္တိမရှိတာပဲဖြစ်တယ်။ အားလုံးအတွက် အကျိုးဆောင်ဖို့ ဥာဏ်အမြင် မကြည်လင်သေးတာပဲဖြစ်တယ်။ အဲဒီတဏှာဟာ မိသားစုအတွက် ကရုဏာ မေတ္တာဖြစ်တယ်လို့ မင်းထင်မှားနေတာဖြစ်တယ်။ သိဒ္ဓတ္ထမင်းသားဟာ အလွန်ကြီးမားသောမဟာကရုဏာကြောင့် မိသားစုအတွက်ရော အားလုံးအတွက်ရော ပုဂ္ဂိုလ်ရေးသီးသန့်သာယာမှုဖြစ်တဲ့တဏှာကို စွန့်ခဲ့တယ်။ မိသားစုကိုချစ်သော်လည်း စွန့်ခဲ့ရတယ်။ တဏှာနဲ့ မေတ္တာကရုဏာကို ကွဲပြားစွာနားမလည်ကြတဲ့သူတွေက မြတ်ဗုဒ္ဓကို အလွဲအမှားတွေနဲ့ ဝေဘန်ကြ စွပ်စွဲကြတာဖြစ်တယ်။ မင်းကတော့ စွပ်စွဲတဲ့စိတ်မရှိနိုင်ပါဘူး။ မရှင်းလို့ မေးတာဖြစ်နိုင်ပါတယ် ဟု ပြောပြလိုက်သောအခါ “ အရမ်းကောင်းတဲ့အဖြေပဲ ” ဟု မှတ်ချက်ပြုလေသည်။ အခြားသူများအားလုံးကလည်း ပီတိအပြုံးကိုယ်စီဖြင့် ကျေနပ်နေကြလေသည်။ သို့နှင့် ဒုတိယပိုင်း သင်တန်းစတင်ချိန်ရောက်လာခဲ့တော့သည်။

Monday, October 6, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၂၀ ) Knowledge and understanding


မေးခွန်း…..၉။ ရှင်းပြသွားတဲ့အထဲမှာ Knowledge အကြောင်းကိုအလေးပေးသွားတာတွေ့ရတယ်။ Knowledge နဲ့ understanding ၊ ဒီနှစ်ခုဟာ ဘာကွာခြားသလဲ? ဘယ်ဟာကပိုအရေးကြီးသလဲ? သိချင်ပါတယ်။ 
ဖြေ…….၉။ အေး၊ ဒီစကားလုံးနှစ်လုံးရဲ့ အဓိပ္ဗါယ်ကို အဘိဓာန်မှာဘယ်လိုဖွင့်လဲ ဆိုတာငါမသိဘူး။ ခုတော့ အဘိဓာန်လဲပါမလာတော့ အခက်သားပဲ။ မင်းမေးတာကလည်း အဘိဓာန်ရဲ့အဖွင့်ကိုမေးတာမဟုတ်လောက်ဘူး။ ငါ့ရဲ့ ပုဂ္ဂလိကအမြင်ကိုပဲ မင်းသိချင်တာဖြစ်မယ်ထင်တယ်။ အဲလို ဟုတ်တယ်မလား? ဟု မိမိကမေးလိုက်သည်တွင် Mikko Kopnen ကား စူးစိုက်စွာနားထောင်ရင်းက ပြုံးလျှက်ခေါင်းညိတ်ပြသည်။ 

  ငါ့ရဲ့အမြင်အရပြောရရင် Knowledge and understanding ဒီနှစ်ခုဟာ ဘာမှမထူးဘူး။ ဝေါဟာရအရ စာလုံးပေါင်းရော အသံထွက်ပါကွဲပြားနေပေမယ့် အဓိပ္ဗါယ်ကတော့ အတူတူပဲလို့ငါထင်တယ်။
ဒီစကားနှစ်လုံးရဲ့အဓိပ္ဗါယ်ဟာ နယ်ပယ်တိုင်းမှာ အသုံးဝင်တယ်။ အရေးလဲကြီးတယ်လို့မြင်တယ်။ ဥပမာ မိသားစုဆက်ဆံရေးပေါ့။ မင်းတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့အကြားကဆက်ဆံရေး၊ မိဘနဲ့သာသမီးအကြားကဆက်ဆံရေးဆိုပါဆို့။ အဲဒီအကြားတွေမှာ တစ်ဦးနဲ့တစ်ဦး Mutual understanding or reciprocal knowledge မရှိဘူးဆိုရင် ချစ်နေတယ်ဆိုရင်တောင် ပြဿနာဖြစ်နိုင်တယ်။ တဦးနဲ့တဦးဟာ ဒီအပြန်အလှန် သိမြင်နားလည်မှုရှိနေရင် မချစ်ဘူးဆိုရင်တောင် ပြဿနာမဖြစ်နိုင်ဘူး။ အဆင်ပြေနိုင်တယ်။ ဒါကြောင့် မိသားစုအတွင်းမှာ ဒီစကားလုံးရဲ့အဓိပ္ဗါယ်ဟာ သိပ်တန်ဘိုးကြီးပါတယ်။

နောက်တခါ လူမှုဆက်ဆံရေးကိုကြည့်လိုက်အုံး။ အခုမင်းတို့နဲ့ငါဆက်ဆံရတယ်။ ငါက အာရှသား။ မင်းတို့က ဥရောပသားတွေ။ အစားအစားလဲ ကွဲတယ်၊ ယဉ်ကျေးမှုလဲ မတူဘူး။ ဘာသာစကား၊ အသားအရောင်၊ ကြီးပြင်းခဲ့ရတဲ့ ဘဝသမိုင်းနောက်ခံ၊ လူမျိုး ဒါတွေအားလုံးမတူဘူး။ ဒါပေမယ့် ဒီမှာ အတူတူ အေးအေးချမ်းချမ်းနဲ့ သံသယကင်းကင်းနဲ့ အတူလက်တွဲပြီးတော့ ဓမ္မကို ဆွေးနွေးကြတယ်။ ငါကလဲ မင်းတို့ကို လေးလေးစားစားသင်ပေးတယ်။ မင်းတို့ကလဲ လေးလေးစားစားပဲ သင်ယူနေကြတာပဲ။ အဓိကအကြောင်းရင်းက Social knowledge or Social understanding ပဲ။ ဒါမရှိရင် မင်းတို့နဲ့ငါနဲ့ ဒီလိုဆွေးနွေးလို့မရဘူး။ မလေးစားနိုင်ဘူး။

   နောက်တခု ခေါင်းထဲပေါ်လာလို့ ပြောအုံးမယ်ကွာ။ ထုတ်လုပ်ရေးကုမ္မဏီတခုဟာလဲ ဒီအပြန်အလှန်သိမြင်နားလည်မှုလိုအပ်တာပါပဲ။ ကုန်ပစ္စည်းတွေထုတ်တဲ့အခါ သုံးစွဲသူတွေရဲ့ အကြိုက်စရိုက်ကို ကုမ္မဏီကနားလည်ရမယ်။ သုံးစွဲသူတွေရဲ့ သုံးစွဲလိုအား သုံးစွဲနိုင်အားတွေကို သိနားလည်ရမယ်။ ဒါမှသာ ဒီကုမ္မဏီအောင်မြင်မယ်။ သုံးစွဲသူတွေရော ထုတ်လုပ်တဲ့ ကုမ္မဏီရော နှစ်ဦးနှစ်ဖက် ကောင်းကျိုးရမယ်။ ဒါဟာ ထုတ်လုပ်သူနဲ့သုံးစွဲသူတို့ရဲ့ အပြန်အလှန်သိနားလည်မှု Mutual understanding ပဲ။ ဒီထက်ချဲ့ တွေးရင်လဲ အများကြီးပဲ။ နိုင်ငံရေးနယ်ပယ်၊ ပညာသင်ကြားရေးနယ်ပယ်၊ နေ့စဉ်လူမှုဘဝနယ်ပယ်တွေမှာလဲ ဒီ အပြန်အလှန်သိနားလည်မှုဟာ အရမ်းအသုံးတည့်တယ်။ အရမ်းအရေးကြီးပါတယ်။

 ဘယ်ဟာကပိုလို့အရေးကြီးသလဲဆိုတာနဲ့ပတ်သက်လို့တော့ အဓိပ္ဗါယ်ကအတူတူပဲဆိုတော့ ဘယ်ဟာကပိုအရေးကြိးတယ်လို့ ခွဲပြောလို့မှမရတာပဲ။ အေး ခွဲပြောရရင်တော့ Knowledge ကြောင့် Understanding ဖြစ်တယ်။ Understanding ကြောင့် Knowledge ဖြစ်တယ်။ အကြောင်းအကျိုးဆက်စပ်နေတယ်။ ဒီနှစ်ခုဟာ ဘယ်ဟာကမှ ပိုလို့အရေးးကြီးတယ်ပြောလို့မရဘူး။ အတူတူအရေးကြီးတာပဲလို့ ငါမြင်တယ်။ မိမိလည်း ခေါင်းထဲဝယ်ပေါ်လာသမျှကို ဤသို့ အကျယ်တဝင့်ပြောပြလိုက်တော့သည်။ သူကလည်း အလွန်နှစ်သက်သည့်အပြုံးဖြင့် “ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ် ” ဟုတဖွဖွပြောလေတော့သည်။ ပြီးသည်နှင့် နေ့လည်ဆွမ်းအတွက် စားသောက်ဆိုင်သို့ ပင့်သွားကြလေသည်။ အားနှင့်မာန်နှင့်ပြောဆိုထားရသည်မို့ ဗိုက်ကလည်းဆာနေပေပြီ။
မှတ်ချက်။ မိမိနေရာပြန်ရောက်သည့်အခါ New Oxford American Dictionary မှ Oxford American Writer’s Thesaurus ကိုဖွင့်ကြည့်လိုက်သည့်အခါ ထိုစကားလုံးနှစ်လုံးသည် အဓိပ္ဗါယ်အတူတူပင်ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရှိရပြီး အထင်ဖြင့်မှန်းပြောလိုက်သည်မှာ မှန်သွားသဖြင့် ကျေနပ်မိတော့သည်။ ( ဆက်လက်ဖေါ်ပြပါမည် )



***ဓမ္မမိတ်ဆွေများ၏အမှာစကား***