Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Saturday, December 10, 2011

ဗုဒ္ဓဘာသာ ဇစ်မြစ် ( ၁၅ ) ဒါနပါရမီ

ဒါနပါရမီဟူသည် သူတော်ကောင်းတို့၏ မြင့်မြတ်သော ကရုဏာ မေတ္တာစသော စိတ်ထား နှလုံးသားတို့ဖြင့် စွန့်လွှတ်ပေးဆပ်လှုဒါန်း၍ဖြည့်ဆည်းရသော ပါရမီဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် သူတော်စင်များ အားလုံး သိကြသည်ပင်ဖြစ်၏။ သို့ဆိုလျှင် ၁။ မည်သည့်အရာများကိုစွန့်လွှတ်သနည်း၊ ၂။ မည်သည့်ရည်ရွယ်ချက်ဖြင့် စွန့်လွှတ်သနည်း၊ ၃။ မည်သို့သောအကြောင်းကြောင့် စွန့်လွှတ်သနည်း၊ ၄။ မည်သူ့အတွက် စွန့်လွှတ်ပေးဆပ်သနည်း စသည်ဖြင့် စဉ်းစားဘို့လို၏။ နားလည်ဘို့လည်းလို၏။ စွန့် လွှတ်သည့်အရာများမှာ
   ၁။ ဓနပရိစ္စာဂ၊ တိုင်းပြည်အပါအဝင် ပိုင်ဆိုင်သည့် စည်းစိမ် ဥစ္စာ ပစ္စည်းမှန်သမျှ အားလုံးကို စွန့်လွှတ်ခြင်း
   ၂။ ပုတ္တပရိစ္စာဂ၊ မိမိ၏ ရင်နှစ် သွေးသားအစစ်ဖြစ်သည့် သားနှင့်သမီးတို့ကို စွန့်လွှတ်ခြင်း
   ၃။ ဘရိယပရိစ္စာဂ၊ သစ္စာရှိခြင်း မေတ္တာပြည့်ဝခြင်း စိတ်ဓါတ်ခိုင်မာခြင်းစသော စိတ်ပိုင်းအရည်အသွေးများရော တင့်တယ်ချောမောလှပခြင်းဟူသော ရုပ်ပိုင်းအရည်အသွေးများပါ ပြည့်စုံသော ဇနီးမယားကို စွန့်လွှတ်ခြင်း
  ၄။ အင်္ဂပရိစ္စာဂ၊ မျက်စိ နား နှာ အသဲ အဆုပ် စသော ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို စွန့်လွှတ်ခြင်း
  ၅။ ဇီဝိတပရိစ္စာဂ၊ မိမိ၏အသက်ကိုပင် စွန့်လွှတ်ခြင်း ဟူ၍ အရာငါးမျိုးကိုစွန့်လွှတ်၏။ တနည်းဆိုသော် ဘဝ၏ အရာရာကို စွန့်လွှတ်၏။ ထိုအရာများအပြင် ဘဝတွင် စွန့်လွှတ်စရာဟူ၍ ဘာတစ်ခုမျှမကျန်ရှိတော့ပေ။ ထိုသို့စွန့်လွှတ်ရာဝယ် ရည်ရွယ်ချက်မဲ့စွာ အဓိပ္ပါယ်မဲ့ စွန့်ပစ်သည်မဟုတ်၊ စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အဟုတ်ကား သဗ္ဗညုတဥာဏ်တော်ရရှိရေး တနည်း ဘုရားဖြစ်ရေးပင်ဖြစ်၏။ မှန်၏။ သိစရာမှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်သိနိုင်သော သဗ္ဗညုတဥာဏ်တော်ဖြင့်သာ လောကကောင်းကျိုး လောကုတ္တရာကောင်းကျိုးတို့ကို အလွန်မြင့်မြတ်သော အနှိုင်းမဲ့ လမ်းစဉ်ဖြင့် သယ်ပိုးနိုင်ပေလိမ့်မည်။ ထိုသို့စွန့်လွှတ်မှုရည်ရွယ်ချက်၏ မူလအကြောင်းရင်းသည်ကား  မိမိတို့၏ အတွင်းအဇ္ဈတ္တသန္တာန်ဝယ် အလွန်ခိုင်မြဲစွာတည်ရှိနေသော တဏှာ လောဘကိုပယ်သတ်ရေးပင်ဖြစ်၏။ တနည်း တဏှာလောဘကို ပယ်သတ်လိုသောကြောင့် စွန့်လွှတ်ခြင်းဖြစ်၏။ မှန်၏။ ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးကို တပ်မက်ခင်မင်လိုချင်တတ်သော တဏှာကို ပယ်သတ်နိုင်မှသာလျှင် ၃၁ ဘုံသားတို့၏ကောင်းကျိုးကို အမွန်မြတ်ဆုံးနည်းဖြင့် ဆောင်ရွက်နိုင်ပေမည်။ ထို့ပြင် ထိုစွန့်လွှတ်မှုသည် မည်သူ့အတွက် စွန့်လွှတ်သနည်း ဟူမူ ၃၁ ဘုံသားတို့၏ ကောင်းကျိုးချမ်းသာအတွက် စွန့်လွတ်ခြင်းဖြစ်၏။ လူ့သားအတွက်သာ ကန့်သတ်၍ စွန့်လွှတ်သည်လည်းမဟုတ်၊ သူ့နိုင်ငံ သူ့လူမျိုး သူ့အသိုင်းအဝိုင်းအတွက်သက်သက်ကိုလည်းမရွယ်ရွယ်၊ သူ၏စွန့်လွှတ်ခြင်းသည် လူသားအတွက်လည်းပါ၏။ တိရစ္ဆာန်အတွက်လည်းပါ၏။ အပါယ်ဘုံသားများ ငရဲသားများအတွက်လည်းပါ၏။ နတ်ဒေဝါများ ဗြဟ္မာများအတွက်လည်းပါ၏။ အောက်အဝီစိ ဘုံသားမှစ၍ အထက် အဇဋာဗြဟ္မာဘုံသားများအတွက်ထိပါဝင်၏။ ထိုသို့ကြီးကျယ်မြင့်မြတ်လှစွာ စွန့်လွှတ်ဖြည့်ဆည်းရသော ဒါနပါရမီသည် ဖြည့်ကျင့်သူကို ကောင်းမြတ်သော စွမ်းအင်နှစ်ရပ်ကိုပေးလေ၏။ ၎င်းစွမ်းအင်နှစ်ရပ်ဟူသည် အတ္တဆန်၍ ကိုယ်ကျင့်တရားကင်းမဲ့စေသော အတွေးအခေါ် အယူအဆတို့ကို ထိန်းချုပ်နိုင်သော စွမ်းရည်နှင့် ကိုယ်ကျိုးမငဲ့ဘဲ ဖြူစင်သန့်ရှင်း မြင့်မြတ်သည့် အတွေးအခေါ်အယူအဆတို့ကို ဖွံ့ဖြိုးစေနိုင်သော စွမ်းရည်တို့ပင်ဖြစ်ပါ၏။ ထို့ပြင် ထိုဒါနပါရမီစိတ်ဓါတ်သည် မိမိ၏ ဆိုင်ရာဆိုင်ရာ ကောင်းမှုကုသိုလ်
လုပ်ငန်းဟူသမျှဝယ် ကျေနပ်စွာလုပ်ဆောင်နိုင်ခြင်း၊
ပျော်ရွှင်မှုကိုဖြစ်စေခြင်း၊ နှစ်သိမ့်မှုကိုရရှိခြင်း၊ စိတ်ဒုက္ခဝေဒနာများမှလွတ်မြောက်ခြင်း ဟူသော ကောင်းကျိုးတို့ကိုလည်း လက်ငင်းဒိဋ္ဌ ရစေဖြစ်စေနိုင်၏။ မှန်၏။ ထိုပါရမီစိတ်ဓါတ်သာ မရှိလျှင် ဆိုင်ရာ ကောင်းမှုကုသိုလ်လုပ်ငန်းဟူသမျှဝယ် ပျင်းရိခြင်း တက်ကြွမှုမရှိခြင်း
ကျေနပ်မှုကိုမရရှိခြင်းတို့သာ ဖြစ်ပေါ်လာပေလိမ့်မည်။  အထူးသဖြင့် ဒါနပါရမီသည် သုံးဆယ်တစ်ဘုံသားများအတွက် အသားအရောင် လူမျိုး အယူဝါဒ ယုံကြည်မှု အဆင့်အတန်း ဒေသ ဘုံဌာနစသည်တို့ဖြင့် မခွဲခြားဘဲ တစ်သားတည်းထားကာ စွန့်လွှတ်သည်မှန်သော်လည်း ကောင်းကျိုးမရှိသော အရာဌာနတွင်တော့ မျက်ကန်းသဘောဖြင့်  စွန့်လွှတ်လိမ့်မည်မဟုတ်ချေ။ အကြောင်းကား ဒါနပါရမီတွင် အသိဥာဏ်ကပ်ယှဉ်နေသောကြောင့်ပင်ဖြစ်၏။ ဥပမာအနေဖြင့် လူဆိုးတစ်ယောက်သည် အကူအညီလိုအပ်နေ၏။ ပါရမီရှင်ထံအကူအညီတောင်း၏။ ပါရမီရှင်၏ အကူအညီဖြင့် လောကအတွက် အန္တရာယ်တစ်စုံတစ်ရာပြုမည့်သူလည်းဖြစ်၏။ ထိုအကူအညီကို အလွဲသုံးစား ပြုမည်ဖြစ်၏။ ထိုသို့သော လူစားမျိုး အခြေအနေမျိုးတွင် ပါရမီရှင်သည် လုံးဝအကူအညီပေးလိမ့်မည်မဟုတ်ချေ။ အကယ်၍ အဆိပ်ပင်ရေလောင်းသကဲ့သို့ အသိဥာဏ်မဲ့စွာ စွန့်လွှတ်ကူညီလျှင်လည်း ထိုလုပ်ရပ်သည် ပါရမီသဘောမသက်ရောက်နိုင်တော့ချေ။ အမှန်စင်စစ် ဒါနပါရမီအရ စွန့်လွှတ်ခြင်းဟူသည် လောက၏ ကောင်းကျိုးဖြစ်ထွန်းနိုင်သော အခြေအနေ ဖြစ်ရပ်ဖြစ်စဉ်တို့၌သာ အသိဥာဏ်နှင့်ယှဉ်၍ စွန့်လွှတ်ပေးဆပ်ခြင်းဖြစ်လေ၏။

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***