Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Wednesday, April 10, 2013

အနှိုင်းမဲ့ အဖြည့်ခံ ယသောဓရာ ( ၁၃ )

မောင်တော်ဘုရားသီတင်းသုံးတော်မူတဲ့ ဝေသာလီပြည်ကိုရောက်တော့ နှမတော်ရဲ့စိတ်ထဲမှာ ကျေနပ်အားရလိုက်တာ။ အကြောင်းက ဖွံ့ဖြိုးတိုးတက်ပီး စည်ပင်ဝပြောလှတဲ့ ဝေသာလီပြည်မှာ အုပ်ချုပ်သူလူတန်းစားတွေ၊ အုပ်ချုပ်ခံလူတန်းစားတွေ၊ အယူဝါဒမတူကြတဲ့ ဘာသာကွဲတွေ၊ ငွေရှင်ကြေးရှင်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေမှအစ လူ့ဘုံစခန်းမှာ ကြင်လည်နေကြတဲ့ အလွှာစုံမှ လူသားအားလုံးဟာ မောင်တော်ဘုရားသီးတင်းသုံးတော်မူတဲ့ ကျောင်းတော်ကိုလာရောက်ပီးတော့ တရားနာကြ၊ ပူဇော်ကြတာတွေဟာ အံ့မခန်းထူးဆန်းတဲ့ဖြစ်ရပ်မို့ပါ။ ပိုလို့ထူးခြားတာက လူတန်းစားအလွှာစုံမှ စရိုက်အစုံနဲ့ အုံခဲပြည့်ကျပ်နေတဲ့ လူထုကြီးဟာ ကျောင်းတော်ဝင်းထဲမှာ ငြိမ်သက် အေးချမ်းစွာ အတူယှဉ်တွဲ သွားလာလှုပ်ရှားနေကြတဲ့အချက်ပါပဲ။ ဒီထက်ပိုလို့ထူးခြားတာက မောင်တော်ဘုရားရဲ့ တရားတစ်ပုဒ် သို့မဟုတ် စကားတစ်ခွန်းလောက်မျှနာကြားပီးရင် သူတို့ရဲ့မျက်နှာတွေ အမူအရာတွေ ပြောဆိုပုံတွေ နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားပုံတွေဟာ အေးချမ်း ယဉ်ကျေးပီးမြင့်မြတ်တဲ့အသွင်နဲ့ အထက်တန်းအဆင့်ကိုရောက်သွားကြတဲ့အချက်ပါပဲ။ ဒီတော့မှပဲ မောင်တော်ရဲ့လောကမှလွတ်မြောက်ရေးလမ်းစဉ်ဆိုတာ နေ့စဉ်လူနေမှုဘဝမှာ အသိရယ် သတိရယ် အကျင့်ရယ် တစ်ထပ်တည်းကျအောင် မိမိရဲ့အတွင်းအဇ္ဈတ္တကို အောင်နိုင်ရေးအတွက် ဦးစွာကြိုးစားရတာပါလားဆိုတာ ပုထုဇဉ်အတွေးနဲ့ သုံးသပ်နေမိပါတယ်။ နှမတော်ကိုယ်တိုင်ကတော့ လက်တွေ့ကျကျနားမလည်နိုင်သေးပါဘူး။ နိုင်ငံတော်အုပ်ချုပ်မှုစံနစ်ကလဲ သက်ဦးဆံပိုင် ဘုရင်စံနစ်မဟုတ်ဘဲ ကမ္ဘာ့ရဲ့ပထမဦးဆုံးသော ဒီမိုကရေစီစံနစ်ကိုကျင့်သုံးတဲ့ နိုင်ငံဖြစ်နေတာဟာလဲ အံ့သြစရာအချက်တစ်ခုပါပဲ။

      သူများနိုင်ငံနဲ့အခြားသူများအကြောင်းကိုအချိန်အကြာကြီးစဉ်းစားသုံးသပ်မနေတော့ပါဘူး။ မကြာခင်မှာပဲ နှမတော်ရယ်၊ ညီမလေး ဇနပဒကလျာဏီရယ် နှစ်ယောက်အတူတူ မိထွေးတော်ကြီး အထံမှာ ရဟန်းပြုခဲ့ကြပါတော့တယ်။ ရဟန်းမဘဝရောက်လာတော့ အနေအထိုင်ကကြပ်လိုက်တာလေ။ အရာရာကိုအောင့်အီးချုပ်တည်းရတာတွေက များလွန်းတော့ ရဟန်းဘဝဆိုတာ အကျဉ်းစံဘဝတစ်မျိုးပါလားလို့တောင် ခံစားမိပါတယ်။ နန်းတော်ထဲမှာ နေခဲ့စဉ်တုန်းကဘဝနဲ့ ရဟန်းမဘဝကွာခြားလိုက်ပါဘိ မောင်တော်ဘုရားရယ်။ မိုးနဲ့မြေမက မိုးနဲ့အဝီစိလောက်တောင်ကွာခြားလွန်းတယ်ထင်ပါရဲ့။ နန်းတော်ထဲမှာ နန်းတွင်းဟင်းလျာက နူးညံ့သင်းပျံ့ပီးအရသာပြည့်ဝတယ်။ ထမင်းမဆာတဲ့သူတောင် ဆာလောင်လာအောင် စားချင်စိတ်ကိုနှိုးဆွပေးနိုင်တဲ့ အနံ့အရသာပြည့်စုံလှပါတယ်။  ရဟန်းမဘဝနဲ့ဆွမ်းခံလို့ရတဲ့ဟင်းလျာကတော့ ဆာလောင်လွန်းလို့စားချင်နေတဲ့ ဆန္ဒတွေတောင် ပျောက်သွားတော့မတတ်ပါပဲ။ အိပ်ရာနေရာတွေ၊ အဆောက်အဦးကြီးတွေ၊ အဝတ်အစားတွေ အသုံးအဆောင်တွေစတဲ့ အရာရာဟာ ကွာချင်တိုင်းကွာနေတော့တာပါပဲ။ ရဟန်းမဘဝရောက်တော့မှပဲ
ရွှေနန်းတော်ရဲ့ စည်းစိမ်ချမ်းသာအရာရာကို စွန့်ခွါပီးတော့  ထမင်းမစား ဟင်းမစားဘဲ ခြောက်နှစ်ကြာကြာ ဒုက္ကရစရိယာကို ကျင့်နိုင်ခဲ့တဲ့ မောင်တော်ဘုရားရဲ့ သတ္တိကို အရမ်းပဲအံ့သြလေးစားမိပါတော့တယ်။ အထူးသဖြင့်တော့ လောကသားတွေအားလုံးကို လွတ်မြောက်ပီးချမ်းသာပြည့်ဝတဲ့အသိဥာဏ်ကို ပေးဘို့အတွက် အသက်ကိုတောင်မငဲ့ကွက်ဘဲ ကျင့်နိုင်ရဲ စွန့်နိုင်ရဲ အနစ်နာခံနိုင်ရဲတဲ့ သတ္တိကိုတော့ လေးစားကြည်ညိုလို့မဆုံးနိုင်တော့ပါဘူး။

       နှမတော်ရဲ့ဘဝဟာ အစားအစာ အဝတ်အစား အနေအထိုင်မှအစ အရာရာအားလုံးပြောင်းလဲခဲ့ရလို့ ရုပ်ပိုင်းဆိုင်ရာမှာ ခက်ခဲပင်ပန်းမှုရှိသော်လဲ စိတ်ပိုင်းဆိုင်ရာမှာတော့ တဖြည်းဖြည်းနဲ့သက်သာရာရလာခဲ့ပါပီ။ မောင်တော်ဘုရားဟောကြားတဲ့ အမျိုးမျိုးသော တရားတော်တွေကို နေ့စဉ်နာကြားခွင့်ရလို့ အေးချမ်းမှုလေးတွေလဲ စတင်လို့ခံစားလာရပါပီ။ ဒီထက် အစွန်းလဲမထွက် ဘေးထွက်ဆိုးကျိုးလဲကင်းပီး အလယ်အလတ်လမ်းစဉ်ကိုအခြေခံတဲ့ ဝိပဿနာတရားကိုလဲ ကျင့်သုံးခွင့်ရတာကြောင့် သမာဓိလေးရလို့ စိတ်တည်ငြိမ်မှုရဲ့ အေးချမ်းခြင်းရသကိုလဲ တစ်စွန်းတစ်စခံစားနိုင်ခဲ့ပါပီ။ ဒီတော့မှပဲ သာသနာတော်မှာ ရဟန်းမဘဝနဲ့နေရတာ စိတ်ကျေနပ်မှုလေး စတင်လို့ရခဲ့ပါတော့တယ်။ နောက်ပီးတော့ တရားတော်ကို အမြဲမပြတ်နာကြားချင်တဲ့စိတ်တွေ၊ တရားကို ဆက်လက်အားထုတ်ချင်စိတ်တွေဟာ တဖြည်းဖြည်းနဲ့ ပိုလို့ထက်သန်လာပါတော့တယ်။ ဒါကြောင့်လေ မောင်တော်ဘုရား ညွှန်ကြားပြသတော်မူတဲ့အတိုင်း ထက်ထက်သန်သန်ပဲ ဆက်လက်အားထုတ်ဖြစ်ခဲ့ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိလဲ ပိုလို့ရင့်ကျက်လာခဲ့ပါတယ်။ ကိလေသာတွေ အခိုက်အတန့်ကင်းနေတဲ့အတွက်ကြောင့် သမာဓိစွမ်းအားလေးနဲ့ အေးချမ်းတဲ့ရသကို ခံစားရတာလဲ စိတ်ရောကိုယ်ရော ပေါ့ပါးသွက်လက်လို့နေပါတော့တယ်။

     အစောကထင်ခဲ့မိတာက တရားကျင့်တယ်ဆိုတာ အရာရာမှာ ဖင့်နှေးလေးကန်တဲ့အမူရာနဲ့ ထိုင်းထိုင်းမှိုင်းမှိုင်းနေထိုင်ရတာပဲလို့ အလွယ်တွေးခဲ့မိပါတယ်။ ခုတော့လေ သမာဓိရဲ့အရှိန်နဲ့ခံစားရတဲ့ အေးချမ်းမှုရသလေးဟာ သွက်လက်တက်ကြွနေပါတယ်။ ဒီတက်ကြွမှုဟာ ပျာယာခတ်နေတဲ့ စိတ်အနေမျိုးလဲမဟုတ်သလို ဖြစ်ချင်စိတ် လုပ်ချင်စိတ်တွေ များပီး ဆန္ဒစောနေတဲ့ အမူအရာလဲမဟုတ်ပါဘူး။ သဘာဝရဲ့အရာရာကို သဘာဝအတိုင်း လက်တွေ့ကျကျ သွက်သွက်လက်လက် ထက်ထက်မြက်မြက် သိမြင်ခံစားတတ်လာတာပါ။ ဒီခံစားမှုမှာ သမာဓိကိုအခြေခံတဲ့ အသိဥာဏ်ပါလာတော့ ပိုလို့ငြိမ်ပီး ငြိမ်းအေးနေတော့တာပါပဲ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပေါ့ပါးသွက်လက် အိစက်နေသလိုခံစားနေရပါတော့တယ်။ ခန္ဓာကိုယ်နဲ့ ထိလိုက်မိတဲ့အရာတိုင်းဟာ နူးညံ့မှုတွေချည်းဖြစ်နေသလို စိတ်နဲ့သိလိုက်မိတဲ့အရာတိုင်းဟာလဲ သွက်လက် ထက်မြက် လေးနက် လင်းလက်နေပါတော့တယ်။  ဒီအခြေအနေ ဒီအရသာဟာ နန်းတော်ထဲက ဘယ်လိုအရာနဲ့မှနှိုင်းစာလို့မရအောင် မြင့်မားလွန်းလှပါတယ်။ ဒါကြောင့်လဲ မောင်တော်ဟောကြားတဲ့တရားတော်ကို
ဧဟိပဿိက ( လာလှည့် ကျင့်ကြည့်လှည့် ) ဆိုတဲ့ ဂုဏ်တော်နဲ့ဝိသေသနနိုင်ပြုခဲ့တာပေါ့။ ဒီသမာဓိလေးတောင် နန်းတော်ထဲကအရာရာထက် သာလွန်နေတယ်ဆိုရင် မောင်တော်ဘုရားဟောကြားနေတဲ့ တရားထူးတရားမြတ်
လောကုတ္တရာတရားတွေဆိုတာ ဗြဟ္မာမင်းစည်းစိမ်ထက်တောင်သာတယ်ဆိုတာ ဟုတ်နိုင်လောက်ပါရဲ့လို့ မှန်းဆပီး
ယုံကြည်တတ်လာခဲ့ပါပီ။

    ရဟန်းမဘဝနဲ့ဆွမ်းခံလို့ရတဲ့ ဆန်ကြမ်းကြမ်းဆွမ်းနဲ့ ဆီမရွှန်းတဲ့ဟင်းနွမ်းနွမ်းတွေကို အသိ သတိ ဥာဏ်နဲ့ယှဉ်ပီးတော့ စားတတ်လာခဲ့ပါပီ။ တဏှာအာသာတွေနဲ့ အရသာခံပီး မစားချင်တော့ဘူး။ အဲဒီတဏှာအာသာတွေနဲ့ အရသာခံပီးစားတာထက် အသိရယ် သတိရယ် ဥာဏ်ရယ် ဒီသုံးခုကိုပေါင်းစပ်ပီးစားတတ်တော့မှ အာဟာရတွေရဲ့ တကယ့်အရသာစစ်စစ်ကို လက်တွေ့ကျကျ ခံစားတတ် သိမြင်တတ်ခဲ့ပါပီ။  နန်းတော်ထဲက ထိပ်တန်းအစားအစာတွေကို ပြန်လည်တမ်းတစိတ်တွေလဲ မရှိတော့လောက်အောင် နဲသထက်နဲလို့လာပါပီ။ နန်းတော်တွင်းမှာ အလွန်နူးညံ့တဲ့ ပိုးထည်တွေကိုမှ သုံးဆောင်ခဲ့ရသော်လဲ ခုတော့ သုဿာန်တစမှ ကောက်ယူလို့ရလာတဲ့ အဝတ်ကိုလျှော်ဖွတ်၊ ချုပ်စပ်ပီးဝတ်ရတဲ့ အကျင့်ရဲ့ လေးနက်မြင့်မြတ်မှုကိုလဲ သဘောပေါက်ခဲ့ပီ။ စားဝတ်နေရေးနဲ့ ပတ်သက်ပီးတော့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အပိုတာဝန်မတက်စေဘဲနဲ့ ရင်တွင်းက အလိုဆန္ဒဆိုးတွေကို ပယ်သတ်လျှက် အေးချမ်းလွတ်မြောက်အောင် ကျင့်ရတဲ့တရားဟာ မြင့်မြတ်လိုက်ပါဘိ။
ငြိမ်းအေးလိုက်ပါဘိ။ တရားတော်ရဲ့အရသာကို တဖြည်းဖြည်းချင်း တိုးတိုးပီး လေးလေးနက်နက်ခံစားတတ်လာတော့
မောင်တော်ဘုရားကို ပိုလို့ပိုလို့ကြည်ညိုလိုက်တာ၊ ကျေးဇူးတင်လိုက်တာ။ ဒီစကြာဝဠာမှာ ဒီအရသာကိုပေးနိုင်တာ မောင်တော်ဘုရား တစ်ပါးတည်းပဲရှိပါသေးတယ်။ အားလုံးကိုလဲ ဒီအရသာကို ခံစားစေချင်လိုက်တာလေ။

       တစ်ရက်ထက်တစ်ရက် ပိုလို့တိုးတက်လာရတဲ့ စိတ်ပိုင်းအေးချမ်းမှုဟာ အလွန်မြင့်တဲ့အနေထားကိုရောက်လာခဲ့ပါပီ။ တရားတော်ရဲ့ အရသာကိုခံစားတတ်လာတော့ နန်းတော်တွင်းမှာစံမြန်းခဲ့တုန်းက စွန့်ခွါထွက်ပြေးသွားခဲ့တဲ့ မောင်တော်ဘုရားကို အားမလိုအားမရဖြစ်မိတာတွေ၊ လွဲခဲ့မိတဲ့အထင်တွေ စိတ်ထဲကနေ မောင်တော်ဘုရားကို စိတ်ထင်တိုင်း ဝေဘန်ခဲ့မိတာတွေဟာ အလိုလိုပျောက်ဆုံးကုန်ပါတော့တယ်။ နောက်ပီးတော့ မောင်တော်ဘုရားဟာ ရက်စက်တတ်သူမဟုတ်ပေမယ့် မခေါ်မပြောဘဲ နေနိုင်ရက်သူကြီးရယ်လို့ထင်မှားခဲ့မိတာတွေဟာလဲ ခုတော့မရှိတော့ပါဘူး။ မျက်စိလည်ပြေခဲ့ပါပီ။
မောင်တော်ဘုရား ဇာတိဌာနီ မိမိတိုင်းပြည်ကိုပြန်လာတော့ ရက်သတ္တနှစ်ပတ်လောက်ပဲနေထိုင်သွားခဲ့တာကို
အားမလိုအားမရ မချိတင်ကဲ ခံစားခဲ့ရပါတယ်။ မောင်တော်ဘုရားရဲ့ မျက်နှာတော်ကို ဖူမြှော်လို့မဝ အားမရခဲ့တာကိုး။ ဒါကြောင့် မသိမိုက်မဲစွာ စိတ်အလိုမပြည့်ဝတိုင်း အထင်လွဲပီး စိတ်ထဲကပြစ်မှားခဲ့မိတဲ့ အရာရာအတွက် ခွင့်လွှတ်တော်မူပါဘုရား လို့ တောင်းပန်ခွင့်လေးပေးပါလား မောင်တော်ဘုရားရယ်။ ခုတော့လေ မောင်တော်ဘုရားရဲ့ သာသနာဘောင်ဆိုတဲ့ အိမ်ခြံဝင်းအတွင်းမှာ ဓမ္မဆိုတဲ့ သစ်ရိပ်ဝါးရိပ်ကို ခိုလှုံရတာဟာ မြင့်မြတ်အေးချမ်းလှပါတယ်။ ဒီရဟန်းမဘဝ ဒီအခြေ ဒီအကျင့် ဒီဓမ္မအရသာတွေနဲ့ နေ့စဉ်ထုံမွှမ်းနေရတာဟာ  မဝနိုင်လောက်အောင်ပါပဲ။ မဝနိုင်ဘူးဆိုလို့ အာသာငမ်းငမ်းတမ်းတတဲ့ အလိုရမက်မဟုတ်ပါဘူး။ တရားတော်ရဲ့ အေးငြိမ်းမှုရသဟာ ဝသွားပီ ဆုံးသွားပီ ပီးသွားပီဆိုတာမရှိဘဲ
ဓမ္မကိုခံစားနိုင်တဲ့ ဥာဏ်ရည်မြင့်သလောက် ခံစားနိုင်တာ ကျယ်ပြန့်တာ မြင့်မြတ်လွန်းတာကိုဆိုလိုတာပါ။

   ရဟန်းပြုပီးလို့ သိပ်မကြာခင်မှာပဲ မောင်တော်ဘုရားသင်ကြားတဲ့အတိုင်း ကျင့်ကြံလိုက်တဲ့အတွက် လောဘ ဒေါသ မေဟစတဲ့ ကိလေသာဆိုးတွေ အားလုံးကိုအမြစ်ပြတ် သုတ်သင်နိုင်ခဲ့ပါပီ။ ဘဝရဲ့ အရာရာဟာ အရင်နဲ့ဘာတစ်ခုကိုမျှ
နိုင်းစာလို့မရလောက်အောင် ပြောင်းလဲခဲ့ပါပီ။ အရင်ကတော့ မောင်တော်ဆိုတဲ့စကားလုံးကိုသာ သုံးရမှ ကျေနပ်အားရခဲ့တာလေ။ တစ်သံသရာလုံး ခေါ်ဝေါ်သုံးနှုန်းလာခဲ့တဲ့ မောင်တော်ဆိုတဲ့စကားလုံးကို ခုတော့ ကျေကျေနပ်နပ်စွန့်နိုင်ခဲ့ပါပီ။ မောင်တော်ဆိုတဲ့ အသုံးအနှုန်းအစား ရှင်တော်မြတ်ဘုရားဆိုတဲ့ အသုံးအနှုန်းက တပည့်တော်မရဲ့ ရင်ထဲ ဥာဏ်ထဲမှာ အလိုလိုဝင်ရောက်လာခဲ့ပါပီ။ မောင်တော်ဆိုတဲ့စကားလုံးဟာ အပီးအပိုင်ပျက်သုဉ်းသွားတော့ နှမတော်ဆိုတဲ့ နာမ်စားအသုံးဟာလဲ ပျောက်ဆုံးသွားခဲ့ပါပီ။ တပည့်တော် ဆိုတဲ့ ဝေါဟာရကိုသာ အလိုလိုသုံးမိလာပါပီ။ တစ်ချိန်က မျော်မှန်းတမ်းတခဲ့တဲ့ စကြာဝတေးဘုရင်ကြီး သိဒ္ဓတ္ထရဲ့ ကြင်ယာသက်ထား ဇနီးမယားအဖြစ်ကိုလဲ ဘယ်တော့မှမလိုချင်တော့ပါဘူး။ စကြာဝတေးဘုရင်ကြီးရဲ့ ဇနီမယားဘဝဟာ လောကသံသရာမှလွတ်မြောက်တဲ့
ရဟန်းမဘဝလောက် မချမ်းသာဘူး မအေးချမ်းဘူး မမြင့်မြတ်ဘူးဆိုတာကို ခုတော့ လက်တွေ့ကျကျသိမြင်ခဲ့ပါပီ။ ရှင်တော်မြတ်ဘုရားဟာ လောကသုံးပါးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ကြီးပါလားဆိုတာ အလိုလိုခံစားတတ် သိမြင်တတ်ခဲ့ပါပီ။ ပါရမီတွေဖြည့်စဉ်ကာလမှာ အသက်ပါမကျန် ဘဝရဲ့အရာရာကိုစွန့်ပီးရှာဖွေခဲ့တဲ့အရာဟာ ဒီအသိ ဒီဥာဏ် ဒီလွတ်မြောက်မှု၊ ဒီဓမ္မ ဒီအရသာပါလားဆိုတာလဲ သဲသဲကွဲကွဲ နားလည်ခဲ့ပါပီ။ နောက်ပီးတော့ ရှင်တော်မြတ်ဘုရားရဲ့ ဓမ္မတွေဟာ အံ့မခန်းဖွယ်ရာ ဂုဏ်ပုဒ်တွေနဲ့လဲ ပြည့်စုံနေပါသေးတယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

1 comments:

Unknown said...

သဘောကျနှစ်ချိုက်မိပါသဖြင့် ရှယ်သွားပါသည်၊စာရေးသူကိုကျေးဇူးတင်ပါသည်၊ဓမ္မအသိ တိုးရပါသဖြင့်

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***