ရှင်တော်မြတ်ဘုရားဟောကြားတော်မူတဲ့တရားတော်တွေဟာ
အလွန်ပဲလေးနက်လွန်းလှပါတယ်။ ဘယ်လောက်ထိနက်နဲသလဲဆိုရင် ယုန်သူငယ်တစ်ကောင်ဟာ
မဟာသမုဒ္ဒရာရဲ့အလယ်ခေါင်မှာ အောက်ခြေကိုရောက်အောင် မထောက်တည်နိုင်သလို
ပါရမီနဲလှတဲ့ သာမန်လူတွေအနေနဲ့တော့ ရှင်တော်မြတ်ဘုရားရဲ့တရားတော်တွေကို
နားလည်နိုင် ခံစားနိုင်မှာမဟုတ်ပါဘူး။ အလွန့်အလွန်လဲ သိမြင်နိုင်ခဲလှပါတယ်။
ဒါကြောင့် တပည့်တော်မကိုယ်တိုင်လဲ ခုလိုလက်တွေ့ ဥာဏ်တွေ့
ခံစားသိမြင်လာမှသာ အလွန်သိမြင်နိုင်ခဲသော တရားတော်တွေဖြစ်ကြောင်း
ထင်ထင်ရှားရှားပဲ သိမြင် နားလည်လာခဲ့ရပါတယ်။ နောက်ပီးတော့လဲ ယခင်က
မရှင်းလင်း မကြည်လင်ခဲ့ရတဲ့ အရာရာတွေရဲ့ အဖြေဟာ ပီပြင်ကြည်လင်လာခဲ့ပါပီ။
နောက်ပီးတော့လေ ရှင်တော်ဘုရားရဲ့ တရားတော်တွေဟာ အတွေးအခေါ်ပညာရပ်တွေလဲ
မဟုတ်ပါဘူး။ တကယ်လို့သာ ရှင်တော်ဘုရားရဲ့ ဓမ္မတွေဟာ
အတွေးအခေါ်ပညာရပ်တွေသာဖြစ်ခဲ့မယ်ဆိုရင် အရှင်ဘုရားဟာ
အတွေးအခေါ်ပညာရှင်တစ်ယောက်မျှသာဖြစ်မှာပါ၊ ဒီထက်မပိုပါဘူး။ အနှိုင်းမဲ့
သဗ္ဗညုတဥာဏ်ရှင်လဲ မဟုတ်နိုင်ပါဘူး။ တကယ်တော့ ရှင်တော်ဘုရားရဲ့တရားတော်တွေဟာ
အတွေးအခေါ်တွေရဲ့ နယ်ပယ်ကိုကျော်လွန်သွားတဲ့
ထိုးထွင်းသိဥာဏ်နဲ့တွေ့ရှိထားတဲ့ တရားတော်တွေပါလားဆိုတာလဲ သိမြင်တတ်ပါပီ။
တွေးခေါ်လို့ဟောစတမ်း ပြောစတမ်းဆိုရင်
ဒီလောက်အဆင်းရဲခံပီးကျင့်စရာမလိုပါဘူးလေ။ နန်းတော်ထဲမှာ
ကာမဂုဏ်တွေခံစားရင်း စာပေတွေသင်ကာ
လောကီပညာတွေလေ့လာရင်လဲ
တွေးခေါ်တတ်တာပါပဲ။ ဒါကြောင့် အတွေးခေါ်နယ်ပယ်ကိုကျော်လွန်သွားတဲ့
ထို်းထွင်းဥာဏ်နဲ့တွေ့သိထားတဲ့တရားတော်တွေပါလို့ တပည့်တော်ပြောရဲတာပါ။
စာပေတွေကိုလေ့လာလို့သိရတဲ့အသိနဲ့ နည်းမှန်လမ်းမှန်ကျင့်လို့ သိရတဲ့အသိဟာ
ကွာခြားလွန်းလှပါတယ်။ အထူးသဖြင့်တော့လေ ပညာရှင် သူတော်စင်တွေသာ
သိမြင်နိုင်တဲ့တရားတွေပါ။ အကြောင်းကတော့ သိမ်မွေ့လွန်းလို့ပါပဲ။
တပည့်တော်မဟာ ကိလေသာမှန်သမျှ တစ်စမကျန် ပယ်လှန်သုတ်သင်ပီးတဲ့အခါမှာတော့
အခြားသူတွေထက် ထူးကဲတဲ့ အတိတ်သိဥာဏ်တော်ကို ရရှိပိုင်ဆိုင်ခဲ့ရပါတယ်။
ကိုယ်တိုင်သိတဲ့ ဒီအတိတ်သိဥာဏ်တော်နဲ့ ဆင်ခြင်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့
ကမ္ဘာတစ်သိန်းအထက်ကာလမှာ ပဒုမုတ္တရမြတ်စွာဘုရားရှင်အထံတော်သို့အရောက်သွားပီး
ပါရမီကုသိုလ်တွေအားထုတ်ရင်း မဟာဘိညာပတ္တဆိုတဲ့ ကြီးကျယ်သော အဘိဥာဏ်ပညာမှာ
နံပါတ်တစ် ဖြစ်လိုပါကြောင်း ဆုတောင်းခဲ့ပါတယ်။ ဒီဆုတောင်းဟာ
ရှင်တော်မြတ်ဘုရားရဲ့ လက်ထက်မှာ ပြည့်ဝခဲ့ပါပီ။ သာဝတ္ထိပြည်
ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်အခါကပေါ့။ များပြားစုံလင်လှတဲ့
ပရိသတ်တွေရဲ့အလယ်မှာ ဒီဆုကို ရှင်တော်မြတ်ဘုရားပေးအပ်ခဲ့တာပါ။ ဒါကလဲ
ပါရမီတွေအတူတူ
လက်တွဲဖြည့်ခဲ့ရလို့ သနား စာနာတဲ့အနေနဲ့ပေးတာမဟုတ်ဘဲ တပည့်တော်မရဲ့ တကယ်စွမ်းနိုင်တဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့်
ပေးအပ်ခဲ့တဲ့
အခွင့်ထူး ဆုထူး ဘွဲ့ထူးပါ။ တကယ်တော့ အခွင့်ထူး ဘွဲ့ထူးတွေဆိုတာ
သက်ဆိုင်ရာ အရည်အချင်းရှိသူတွေကို ပေးအပ်မှသာ လောကကြီးအတွက်
ကောင်းကျိုးဖြစ်ထွန်းမှာပါ။ ရှင်တော်ဘုရားပေးအပ်ခဲ့တဲ့
ဆုတိုင်းဘွဲ့တိုင်းဟာ အဂတိကင်းလွန်းလှပါတယ်။ ဆိုင်ရာအရည်အချင်းမရှိဘဲနဲ့
ဆိုင်ရာဂုဏ်ထူးဘွဲ့ထူးကို ဘယ်သူ့ကိုမှ ဘာကြောင့်မှ မပေးခဲ့ဘူးဆိုတာ
အသေအချာပါပဲ။ သက်ဆိုင်ရာအရည်အချင်းအားလျော်စွာ သင့်တော်တဲ့ ရားထူး
ဂုဏ်ထူးတွေနဲ့ ချီးမြှောက်ပီး လောကကိုမြှင့်တင်ပေးခဲ့တာ၊
နောင်လာနောက်သားတွေ သူတော်ကောင်းတရားတွေမှာ အားကျအတုယူနိုင်လောက်အောင်
ဦးဆောင်ညွန်ပြ ဟောကြားပေးခဲ့တာတွေဟာ ဘာသာရေးသမိုင်းမှာတော့
ရှင်တော်မြတ်ဘုရားဟာ ပထမဆုံး အဦးဆုံး ဖေါ်ဆောင်ခဲ့သူပါ။ နောက်ပီးတော့
သာသနာတော်မှာ အလွန်အားကိုးရပီးတော့ ရှင်တော်မြတ်ဘုရားကိုလဲ ကြည်ညိုကြတဲ့
သောတာပန်အရိယာ ဗိမ္ဗိသာရဘုရင်ကြီးနဲ့ ပသေနဒီကောသလဘုရင်ကြီးတို့ဟာ ဘယ်လို
ဧတဒဂ်ဆုမှမရခဲ့ကြပါဘူး။ လောကမှာ ဓမ္မနည်း အဓမ္မနည်းတွေ အမျိုးမျိုးနဲ့
ထိပ်တန်းနေရာတွေရနေကြသော်လဲ သာသနာတော်နဲ့ပတ်သက်လာရင်
ဆိုင်ရာအရည်အသွေးမရှိဘဲနဲ့ ဘယ်လိုမှ ထိပ်တန်းကိုလဲ မရောက်နိုင်သလို
ထိပ်တန်းဘွဲ့ထူးတွေကိုလဲ မရနိုင်ပါဘူး။ ဒါကြောင့် တပည့်တော်မ ရရှိခဲ့တဲ့ မဟာဘိညာပတ္တဧတဒဂ်ဘွဲ့ထူးကြီးအတွက်
လေးလေးနက်နက် ဓမ္မပီတိဖြစ်ရပါတယ် ရှင်တော်မြတ်ဘုရား။
နောက်ပီးတော့ တပည့်တော်မအတွက် ပေးအပ်ခဲ့တဲ့ မဟာဘိညာပတ္တဆိုတဲ့ဘွဲ့ထူးကြီးဟာ
အလွန်ကြီးမြင့်လှပါတယ်။ ကြီးမြင့်သည့်အလျောက်လဲ တပည့်တော်မဟာ
တင်ပလ္လင်ခွေထိုင်ရင်း ဆင်ခြင်စိတ်တစ်မျိုးတည်းဖြင့် တစ်အသင်္ချေနှင့်
ကမ္ဘာတစ်သိန်းကာလအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ အရာရာကို ခရေစေ့တွင်းကျ ပြန်လည်သိမြင်နိုင်ပါတယ်။
ဒီဆုကို သာသနာတော်မှာ လက်ဝဲရံလက်ယာရံ အဂ္ဂသာဝက မထေရ်မြတ်ကြီးနှစ်ပါးရယ်
အရှင်ဗာကုလမထေရ်ရယ် တပည့်တော်မရယ်လို့ လေးဦးသာပိုင်ဆိုင်ခဲ့ပါတယ်။
ပညာအရာဧတဒဂ်ရတော်မူတဲ့ လက်ယာတော်ရံ အဂ္ဂသာဝကမထေရ်မြတ်ကြီး အရှင်သာရိပုတ္တရာလဲ
ရတော်မူပီး အရှင်မြတ်ကြီးနဲ့ တန်းတူညီတဲ့
ဒီဘွဲ့ထူးကိုရယူပိုင်ဆိုင်ရတဲ့အတွက် အထူးပဲ ကျေနပ်ဝမ်းသာမိပါတယ်။
အနှိုင်းမဲ့ဥာဏ်တော်ရှင် ဘုရားသခင်ကပေးအပ်တဲ့ အလွန်မြင့်မားတဲ့ ဒီဘွဲ့ထူးကို
ဒီကမ္ဘာမှာ အမျိုးသမီးတွေထဲက တပည့်တော်မဟာ ပထမဆုံးရရှိခဲ့သူပါ။ တကယ်တော့
ဒီဆုကို ရှင်တော်မြတ်ဘုရားထံမှာ တောင်းခဲ့တာလဲမဟုတ်သလို ပါရမီတွေကို
အတူတူကူညီဖြည့်ဆည်းပေးရလို့လဲ ဒီဆုကိုမတောင်းဆိုခဲ့ပါဘူး။ တကယ်တော့ ဒီဆုကို
ပဒုမုတ္တရဘုရားရှင်ထံမှာ ရှင်တော်မြတ်ဘုရားမပါဘဲ တပည့်တော်မ တစ်ယောက်ထဲ
ကုသိုလ်ပြုရင်းတောင်းခဲ့တာပါ။ ရှင်တော်မြတ်ဘုရားနဲ့ပတ်သက်လာရင်
ဘာတစ်ခုကိုမှ မတောင်းဆိုခဲ့ဘဲ အမြဲအဖြည့်ခံသက်သက်နဲ့ ရပ်တည်ခဲ့သူပါ။
တပည့်တော်မဟာ ယခုအခါ အာသဝေါကုန်းခန်းလို့ ရဟန္တာထေရီမကြီးဖြစ်ခဲ့ပီ။
ရှင်တော်မြတ်ဘုရား အသိမှတ်ပြုတော်မူတဲ့ မဟာဘိညာပတ္တ ဧတဒဂ်ဘွဲ့ထူးကြီးကိုလဲ
ရရှိပိုင်ဆိုင်ခဲ့ပီ။ လောကုတ္တရာချမ်းသာအစစ်ဖြစ်တဲ့ ကိလေသာမှ လွတ်မြောက်မှု
ချမ်းသာကိုလဲ ပြည့်ဝစွာခံစားနိုင်ပါပီ။ ရှင်တော်မြတ်ဘုရားရဲ့ သာသနာတော်မှာ အလွန်ဂုဏ်ရှိန်တင့်တဲ့ ရဟန္တာထေရီမကြီး
အဖြစ်နဲ့လဲ
နှစ်ပေါင်းများစွာနေထိုင်ခဲ့ပါပီ။ မဟာဘိညာပတ္တ ဧတဒဂ်ပိုင်ရှင်
ဘဒ္ဒကဉ္ဇနာရဟန္တာထေရီမကြီးအဖြစ်ရောက်လာတော့ ရှင်တော်မြတ်ဘုရားနဲ့အတူ
ဖြည့်ဆည်းခံဘဝနဲ့ ပေးဆပ်ခဲ့ရတာတွေဟာ ထိုက်တန်လိုက်တာ၊
ပေးဆပ်ရကျိုးနပ်လိုက်တာလို့
ကျေနပ်စိတ်တွေ ဆင်ခြင်တိုင်းဖြစ်ရပါတယ်။
အကြောင်းက တပည့်တော်မကိုယ်တိုင်လဲ ဒီအနှိုင်းမဲ့တဲ့ လွတ်မြောက်မှုရဲ့
အရသာကို ဥာဏ်တွေ့လက်တွေ့ ခံစားနိုင်သလို အသင်္ချေ အနန္တများလှစွာသော
သတ္တဝါတွေလဲ လွတ်မြောက်မှုအရသာကို ခံစားနိုင်ကြလို့ပါ။ အမှန်စင်စစ်တော့
လွတ်မြောက်ချမ်းသာဆိုတာ ထိုထွင်းသိဥာဏ်နဲ့ ဓမ္မအရသာကို ခံစားတတ်လာတာ
ခံစားနိုင်လာတာပါပဲ။ ကိလေသာအနှောင်အဖွဲ့ထဲမှာ ကျင်လည်ခဲ့စဉ်တုန်းက
အလွန်ကောင်းတဲ့ အရသာတစ်ခုခုကို ခံစားရပီဆိုရင် ကိုယ်ချစ်တဲ့သူ ခင်တဲ့သူ
နီးစပ်သူတွေကိုသာ ကွက်ကွက်လေး ဝေငှချင်ခဲ့တာပါ။ ကိုယ်နဲ့မနီးစပ်သူတွေ
မချစ်ခင်သူတွေ စတဲ့ အခြားသူတွေကို ဝေငှဘို့ဝန်လေးခဲ့မိတယ်။ ခုတော့
သတ္တဝါအားလုံးကို ဘဝရဲ့အရာရာအားလုံး ဝေငှနိုင်ပါပီ။ ဒီလို ဓမ္မရဲ့အရသာကို
ထိုးထွင်းသိဥာဏ်နဲ့ ခံစားနိုင်တာ၊ သတ္တဝါတွေအားလုံးကို အရင်ကထက်ပိုလို့
ကောင်းကျိုးတွေဝေငှနိုင်တာတွေဟာ ရှင်တော်မြတ်ဘုရားရဲ့ ကျေးဇူးကြောင့်ပါ။
ဒီတော့မှပဲ ရှင်တော်မြတ်ဘုရားကြိုးစားတာဟာ လောကတ္ထစရိယဆိုတဲ့ အသားအရောင်၊
ချမ်းသာဆင်းရဲ၊ အနိမ့်အမြင့်၊ ပညာရှိ ပညာမဲ့၊ ဘာသာအယူဝါဒ၊ အဖြူအမည်းစသည်ကို
ဘာတစ်ခုမှ မခွဲခြားဘဲ လောကသားအားလုံးရဲ့
ကောင်းကျိုးချမ်းသာအတွက်ဆိုတာကို လုံးလုံးလျားလျား နားလည်ခဲ့ပါတော့တယ်။
ရှင်တော်မြတ်ဘုရား တပည့်တော်မသည် ရဟန္တာထေရီမကြီးဘဝနဲ့ နှစ်ပေါင်း ၄၀
နီးပါးမျှ သီတင်းသုံးနေထိုင်ရင်း သာသနာတော်အတွက်ရော လောကအတွက်ပါ
စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်ခဲ့ပါပီ။ တပည့်တော်မလဲ အသက်အရွယ် အိုမင်း၍
ပရိနိဗ္ဗာန် စံချိန်ရောက်ပါပီ။ ဒါကြောင့် သံသရာမှာ အတူကျင်လည်ခဲ့ရစဉ်
ပေးဆပ်ဖြည့်ဆည်းခဲ့ရသမျှသော အရာရာအတွက် ပရိသတ်စုံညီအလည်မှာ လျှောက်ကြားရင်း
နှုတ်ဆက်ချင်ပါတယ်။ နှုတ်ဆက်စကား
လျှောက်ထားခွင့်ပေးတော်မူပါဘုရား။
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်မကား အရှင်ဘုရား၏
ကြင်ယာသက်ထား ဇနီးမယားဖြစ်ခဲ့ဖူးသော ယသောဓရာပင်ဖြစ်ပါ၏။ အရှင်မြတ်ဘုရား၏
ခြေတော်အစုံတို့ကို ဖူးမြှော်ဦးခိုက်၍ နှုတ်ဆက်လိုပါ၏။ တပည့်တော်မသည်
အရှင်မြတ်ဘုရား၏ အထံတော်ဝယ် အမြင့်မြတ်ဆုံးသော အဘိဥာဏ်ငါးပါးလုံးကို
ထိုးထွင်းသိမြင် ရရှိခဲ့ပါပီ။ ကိလေသာအာသဝေါကုန်ခန်း၍ အမြင့်မြတ်ဆုံးသော
ရဟန္တာထေရီမကြီးအဖြစ်သို့လည်း ရောက်ရှိခဲ့ပါပီ။ နောက်ထပ်တစ်ဖန် ဘဝ
သစ်မှာလဲ
ပြန်လည်၍ ဖြစ်ဘွယ်ရာမရှိတော့ပါ။ အရှင်မြတ်ဘုရား၏ ခြေတော်ရင်းမှာပင်
အလွန်ရနိုင်ခဲလှသော ပဋိသမ္ဘိဒါလေးပါးကိုလဲ ထိုးထွင်းသိမြင်ရအပ်ခဲ့ပါပီ။
ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား ရှေးရှေးသောဘုရားရှင်တို့၏
အထံတော်ဝယ် အရှင်ဘုရားနှင့်အတူတကွ တပည့်တော်မတို့ပေါင်းဆုံမိကြပြီးလျှင်
ရှင်တော်ဘုရားအတွက် ဆုတောင်းပေးခဲ့ရသည်မှာလည်း များပြားလှပါ၏။
ရှင်တော်မြတ်ဘုရားအကျိုးငှာ ကုသိုလ်ကောင်းမှုများစွာကို
တပည့်တော်မဆည်းပူးခဲ့ပါပီ။ ထိုကုသိုလ်ကောင်းမှုတို့ကို
အောက်မေ့တော်မူပါအရှင်မြတ်ကြီးဘုရား။ ရှင်တော်မြတ်ဘုရား တပည့်တော်မသည်
မပြုကျင့်သင့် မပြုကျင့်ထိုက်သော အရာမှန်သမျှကို
ရှောင်ကြဉ်ဖယ်ခွါတားမြစ်လျှက် အရှင်ဘုရားအကျိုးအတွက် အသက်ကိုပင်
ကျေနပ်စွာစွန့်လွှတ်ခဲ့ဖူးပါပီ။ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားသည် သဗ္ဗညုတဥာဏ်တော်အကျိုးငှာ ဘဝပေါင်း ကုဋေတစ်ထောင်မက
သူတပါး၏ သားမယားအဖြစ် တပည့်တော်မကိုလှုခဲ့ပါ၏။ တပည့်တော်မသည်
ထိုသို့ဖြစ်ရခြင်းအတွက် အနဲငယ်မျှငြိုငြင်ဖောက်ပြန်ခြင်း မဖြစ်ခဲ့ပါဘုရား။
ထို့ပြင် ဘဝပေါင်း ကုဋေတစ်ထောင်မက တပည့်တော်မကို
သူတစ်ပါး၏အစားအစာအလို့ငှာလဲ လှုခဲ့ပါ၏။ အရှင်ဘုရားအတွက်
အသက်ကိုစွန့်လွှတ်ခဲ့ရသည်မှာလည်း ဘဝပေါင်း ကုဋေတစ်ထောင်မကပါ။ တပည့်တော်မ၏
ကိုယ်အင်္ဂါအဆင်တန်ဆာများနှင့် အဝတ်အစားများစသော
ပိုင်ဆိုင်မှုအရာရာကိုလည်းမလျှို့ဝှက်ခဲ့ပါ။
ရှင်တော်မြတ်ဘုရားအကျိုးငှာ လယ်ယာစပါး စီးပွါးဥစ္စာနှင့်
မြို့ရွှာတို့ကိုလည်းကောင်း၊ ရင်နှစ်သည်းချာ သားသမီးရတနာတို့ကိုလည်းကောင်း
စွန့်လွှတ်ခဲ့ဖူးပါပီ။ အရှင်ဘုရားအကျိုးငှာ စွန့်လွှတ်ခဲ့ရကုန်သော
ဆင်မြင်းကျွဲနွား စီးပွါးဥစ္စာနှင့် ကျေးကျွန်မတို့သည်လည်း
မရေတွက်နိုင်လောက်အောင် များခဲ့ပါပီ။ အလှုအတန်းပြုလုပ်ရန်
တိုင်ပင်သောအခါတိုင်း တစ်ကြိမ်တစ်ခါမျှ ဖေါက်ပြန်ကန့်ကွက်ခြင်း မပြုခဲ့ဘဲ
ကြည်ဖြူစွာပင် သဘောတူခဲ့ပါ၏။ အရှင်ဘုရား၏အကျိုးကို ဆောင်ရွက်ရင်း
ချမ်းသာသည့်အခါ ကျေနပ်ဝမ်းမြောက်ခဲ့ရသလို ဆင်းရဲမှုကို
ကြုံတွေ့ရသောအခါတွင်လည်း စိတ်မချမ်းမြေ့မှုမဖြစ်ခဲ့ပါ။ ကြုံတွေ့ခဲ့ရသော
ဘဝ၏အနိမ့်အမြင့် လောကဓံများကို တစ်သားတည်း တစ်စိတ်တည်း မပြောင်းလဲဘဲ
ကျေနပ်ခံစားပေးဆပ်ခဲ့ပါ၏။ အရှင်ဘုရားသည် သဗ္ဗညုတဥာဏ်တော်ရရှိရေးကို
အလေးပေး၍လျှောက်လှမ်းခဲ့သူပါ။ ထိုသို့လျှောက်လှမ်းစဉ် အမျိုးမျိုးသော
ချမ်းသာဆင်းရဲတို့ကို ရင်ဆိုင်ဖြတ်သန်းပြီးလျှင် အရှင်ဘုရားသည်
လောကသုံးပါး၏ အထွဋ်အထိတ် သဗ္ဗညုတဥာဏ်တော်ရှင်အဖြစ်သို့
ယခုအခါရောက်တော်မူပါပီ။ ဗြဟ္မဒေဝမြတ်စွာဘုရားမှအစပြု၍
ရှေးရှေးသောဘုရားရှင်တို့၏အထံတော်
ဝယ်
အရှင်ဘုရားနှင့်တပည့်တော်တို့ ဆုံစည်းခဲ့ရသောဘဝများ များပြားခဲ့ပါပီ။
ထိုသို့ဆုံစည်းခဲ့ရတိုင်း အရှင်ဘုရားအတွက် ဆုတောင်းပေးရခြင်းများလည်း
သင်္ချာပြ၍ရနိုင်မည်မထင်တော့ပါ။ အမှန်စင်စစ် တပည့်တော်မသည်
ဘုရားဖြစ်ကြောင်းတရားတို့ကို ရှာဖွေခဲ့သော ရှင်တော်မြတ်ဘုရား၏
အလုပ်အကျွေးမျှသာဖြစ်ပါ၏ အရှင်ဘုရား။ ( ဆက်လက်ဖေါ်ပြပါမယ် )
0 comments:
Post a Comment