မောင်တော်စွန့်ခွါသွားခဲ့တဲ့
ညကလေ နှမတော်ရဲ့အေးမြကြည်နူးဆွတ်ပျံ့တဲ့ နှုတ်ခမ်းပါးလေးတွေဟာ
လွင့်စင်ကွယ်ပျောက် ခြောက်ကပ်ညှိုးသွေ့ခဲ့ရပါပီ။ ဒါတင်မက မလိုလားအပ်
မလိုချင်တဲ့ မျက်ရည်တွေကလဲ ပါးပြင်ပေါ်မှတဆင့် အိပ်ရာတပြင်လုံး
လွှမ်းဖုံးစိုရွှဲနေခဲ့ရပါပီ။ အထီးကျန်ညမင်းကြီးဟာ နှမတော်ရဲ့အချစ်၊ သစ္စာနဲ့
စောင့်ဆိုင်းခြင်းတွေကို သက်သေပြုခဲ့ပါရဲ့၊ အဲဒီစောင့်ဆိုင်းခြင်းတွေဟာ
ခုမှမဟုတ်ဘူးလေ၊ ဟိုလွန်ခဲ့သော အသင်္ချေ ကမ္ဘာများစွာကတည်းကပါ။ နောက်ပီးတော့လေ
အဲဒီစောင့်ဆိုင်းခြင်းဟာ နှမတော်ရဲ့ကံကြမ္မာဆိုလဲမှန်ပါတယ်။ ဒါပေမယ့်လဲ
မောင်တော်ဟာ နှမတော်ကို ဘဝအကြိမ်ကြိမ်စွန့်ခွါခဲ့လို့ ကြွင်းကျန်နေတဲ့
ကံကြမ္မာနဲ့ ဆက်လက်ရှင်သန်ရုံမှတပါး ဘာများတတ်နိုင်အုံးမှာလဲ မောင်တော်ရယ်။
နှမတော်ဟာ ကြွယ်ဝချမ်းသာမှုတွေ၊ စည်းစိမ်ချမ်းသာတွေ၊ ပိုင်ဆိုင်မှုတွေစတဲ့
အရာရာများစွာကို စွန့်လွှတ်ခဲ့ပီးပါပီ။ ခုထိလဲ မောင်တော်နဲ့ခွဲရတဲ့
ဆင်းရဲဒုက္ခကို ခံစားနေရဆဲပါ။
နန်းတော်တွင်းမှာ ကမ္ဘာလောကရဲ့ထိပ်တန်းကျလှတဲ့ စည်းစိမ်တွေ၊ အားလုံးသော ရင်သပ်ရှုမောဘွယ်ရာတွေ၊ ခမ်းနားကြီးကျယ်မှုတွေအားလုံးဟာ မောင်တော်စွန့်ခွါသွားပီးတဲ့နောက် တစ်စက္ကန့်လေးမှ အေးချမ်းကြည်နူးမှု
ရသတွေမရခဲ့တော့ပါဘူး။ လောကရဲ့ ထိပ်တန်းဆိုတဲ့အရာရာတွေဟာ ဘဝရဲ့ မှောင်နဲ့မဲမဲထဲမှာ အဓိပ္ပါယ်ကင်းမဲ့ပီး အနှစ်ဝေးလှပါတယ်။ နန်းတော်ထဲက ဖြေဖျော်နေကျ တေးဂီတတွေကိုလဲ ပျော်ရွှင်စရာလို့မမြင်တော့ဘဲ
သေဆုံးသူအတွက် တရားပြတဲ့ ဓမ္မတေးတွေအဖြစ်နဲ့သာ ခံစားရမိပါတော့တယ်မောင်ရယ်။ နှမတော်ရေးချယ်ခဲ့ရတဲ့ ဘဝအလှပန်းချီကားကို ညစ်ပတ်ပေရေနေတဲ့ နေ့နဲ့ညဆိုတဲ့ ကျောက်တုံးကြီးတွေပေါ်မှာ မညှာမတာ ဆက်ကာဆက်ကာ လူးလှိမ့်ပီးတော့ ပစ်ချကြည့်လိုက်စမ်းပါ။ အဲသလိုပစ်ချသော်လဲ တောက်ပသန့်စင်တဲ့ အမျိုးသမီးကောင်းတစ်ယောက်ရဲ့ နှလုံးသား ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပီးတော့ နှမတော်ရဲ့ခံစားချက်တွေကိုလဲ အဖြူရောင်သန့်သန့်နဲ့ နွေးထွေးထားဆဲဆိုတာ
မောင်တော်သိရမှာပါ။
မောင်တော်မရှိတော့တဲ့ နှမတော်ရဲ့ဘဝဟာ သောကပင်လယ်ကြီးထဲမှာဆင်းပီးတော့ ပရိဒေဝ ရေပူတွေကို သောက်သုံးရင်း အလွန်နာကျင်စွာခံခက်လှတဲ့ ဥပါယာသဆိုတဲ့ ရေငံပူတွေထဲမှာ စိမ်နှစ်ချိုးနေခဲ့ရပါတယ်။ နောက်ပီးတော့လေ
နှလုံးသားရဲ့ရင်ခုန်သံစည်းချက်တိုင်းဟာလဲ သိုင်းသိုင်းဝိုင်းဝိုင်းမရှိတော့ဘဲ အထီးကျန်ခြောက်ကပ်လှပါတယ်။ ဘာကြောင့်များ ဘဝဆက်တိုင်းနီးပါးမှာ ဒီလိုအပြစ်ဒဏ်တွေခံစားနေရလဲ၊ မောင်တော်ကို ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလဲဆိုတာ သိချင်လိုက်တာ။ တကယ်လို့ ဖန်ဆင်းရှင် ထာဝရဘုရားသာရှိခဲ့မယ်ဆိုရင် ဘာလို့များ ဒီလိုဘဝမျိုးကိုမှ နှမတော်အတွက် ရွေးချယ်ပေးရသလဲဆိုတာ စိတ်လိုက်မာန်ပါ မေးချင်လိုက်တာလေ။ ထာဝရဖန်ဆင်းရှင်ဘုရားဆိုတာ ကျိုးကြောင်းယုတ္တိသဘာဝအရရော၊ ဝိဇ္ဇာဥာဏ်တော်တွေကို ထိုးထွင်းသိမြင်တော်မူကြတဲ့ ဝိဇ္ဇာဥာဏ်တော်ရှင်များရဲ့လက်တွေ့ ရှုထောင့်အရပါ ဘယ်လိုမှ မရှိနိုင်ဘူးဆိုတာ မောင်တော်သင်ပြလို့ သိထားခဲ့ပီမို့ ဘယ်သူ့ကိုများ အပြစ်တင်ရတော့မှာလဲလေ။
တကယ်တော့ ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ့်ဘဝဇာတ်လမ်းပါပဲ။ လောကကြီးတော့ထင်ကြမယ်။ အနစ်နာခံနိုင်လွန်းလိုက်တာ၊ အချစ်အတွက် မိုက်ရူးရဲဆန်လိုက်တာလို့ပေါ့။ နှမတော်ကတော့ အနစ်နာခံရတယ်လို့မမြင်မိပါဘူး၊ ဘယ်တုန်းကမှလဲ မတွေးခဲ့မိပါဘူး။ မဟာလူသားယောက်ျားသားတစ်ယောက်အတွက် နှမတော်ရဲ့ရွေးချယ်မှု သက်သက်ရယ်ပါ။ ယောကျာ်းသား တစ်ယောက်အတွက် မက်မက်မောမော မိုက်ရူးရဲဆန်တာလဲ မဟုတ်ပါဘူး။ လောကအတွက် အနှိုင်းမဲ့ကောင်းကျိုးတွေကို သယ်ပိုးနေတဲ့ မဟာသူတော်စင်တစ်ယောက်အတွက် သက်သက်ဖြည့်ဆည်းခြင်းမျှသာရယ်ပါ။ တကယ်လို့ အသိပညာမဲ့တဲ့ လူမိုက်တစ်ယောက် သို့မဟုတ် ပညာတတ်သော်လဲ လောကအတွက် အဖျက်မျှသာကျေးဇူးပြုသူတစ်ယောက် သို့မဟုတ် လောကကိုဖျားယောင်းလိမ်လည်နိုင်စွမ်းသော စည်းရုံးရေးသမားကောင်းတစ်ယောက် သို့မဟုတ် လောကမှာ အလွန်ကျော်ကြားတဲ့ ရှင်ဘုရင်ကြီးဖြစ်နေရင်တောင် နှလုံးသားအနှစ်မဲ့နေရင် နှမတော် မပေးဆပ်ပါဘူး။ အနစ်နာမခံနိုင်ပါဘူး။ အထူးသဖြင့်တော့ ပယ်လင်ပြင်လောက်ကျယ်ပြန့်တဲ့ သံတွေမီးကျီးခဲတွေကို လက်ပစ်ကူးမှ ဘုရားဖြစ်မယ်ဆိုရင်တောင် တစ်စက်ကလေးမှ နောက်မတွန့်ဘဲ ရဲရဲရင့်ရင့်ကူးသွားမယ့် မောင်တော်ရဲ့ သတ္တိနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုလဲ လေးစားလွန်းလို့ ဖြည့်ဆည်းတာပါ။ နောက်ပီးတော့ မောင်တော်ဟာ စကြာဝဠာအတွက် အသက်ကိုပင်စွန့်လွှတ်ပီးတော့ ဖြည့်ဆည်းနေတဲ့ ကရုဏာသက်ဝင် ပညာရှင်တစ်ယောက်မို့လဲ ဒီလောက်ထိ ရွေးချယ်ပေးဆပ်ခဲ့ရတယ်ဆိုတာ ကမ္ဘာအဆက်ဆက် သစ္စာကျိန်ဆိုရဲပါတယ် မောင်တော်ရယ်။
နှမတော်ဟာ မောင်တော်ကို ဘဝအဆက်ဆက်ကိုယ်ကျိုးမဖက်ဘဲ သစ္စာနဲ့ယှဉ်ပီး ဘဝတစ်ခုလုံးပုံအပ်ကာ ချစ်ခဲ့ပါပီးပါပီ။ မောင်တော်အတွက် မပျော်ရွှင်မှုတွေ၊ ငြီးငွေ့မှုတွေ၊ သစ္စာမဲ့မှုတွေ၊ အပူမီးတွေကို ဘယ်တုန်းကမှ ဘယ်လိုအကြောင်းကြောင့်မှ ဘယ်နည်းနဲ့မှ မသယ်ဆောင် မဖန်တီးခဲ့ရပါဘူး။ နှမတော်စွမ်းနိုင်သမျှအရာရာကို မောင်တော်အတွက် ပါရမီဖြည့်ဖက် ဇနီးကောင်းတစ်ယောက်အနေနဲ့ ဖြည့်ဆည်းခဲ့တာချည်းသက်သက်ပါနော်။ သားလေးမွေးဖွားလာပြန်တော့လဲ မိခင်ကောင်းတစ်ယောက်အနေနဲ့ အူထဲအသဲထဲက အမြဲပဲပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အဲဒီသားလေးဟာလေ မောင်တော်ရဲ့ အသွေးအသားထဲက သားလေးပေါ့။ နေ့ရောညပါ ရှုမဝ ကြည့်မဝ ချစ်မဝနိုင်တဲ့ သားလေးလေ။ နှမတော်ရဲ့ ကိုယ်ပိုင်ဘဝအတွက် ခမ်းနားကြီးကျယ်မှုတွေ၊ ထိပ်တန်းကျမှုတွေ၊ စည်းစိမ်တွေ၊ ပိုင်ဆိုင်မှုတွေ အရာရာအားလုံးကို ရရှိဘို့ ဘယ်တုန်းကမှ မကြိုးစားခဲ့သလို ဘယ်တုန်းကမှလဲ မောင်တော်ဆီက မတောင်းခံခဲ့ရပါဘူး။ မောင်တော်ရဲ့ အိမ်ထောင်ဖက် ကြင်ယာသက်ထားအဖြစ်မျှထက် မောင်တော်ရဲ့ ပါရမီဖြည့်ဖက်အဖြစ် အသက်ပေးလို့ ပုံအပ်ယုံစားခဲ့ရ၊ ကိုးကွယ်ခဲ့ရသူပါ။ ဒါတောင်မှလေ ကံကြမ္မာမုန်တိုင်း ရိုင်းပြစွာဝင်မွှေ့လေတော့ မောင်တော်ဟာ စကားလေးတစ်ခွန်းမျှတောင် မပြောတော့ဘဲ တိတ်တဆိတ်စွန့်ခွါသွားရက်လိုက်တာနော်။
မောင်တော်ဟာ နှမတော်ထက် သဗ္ဗညုတဥာဏ်တော်ကြီးကို ပိုလို့ချစ်တယ်ဆိုတာ နှမတော်သိတယ်လေ။ သာမန်မိန်းမသားတစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုပဲ ချစ်စေချင်မှာ အမှန်ပါ။ မုန့်ကိုသာ ဝေစားနိုင်ပေမယ့် အချစ်ကို ဝေမစားနိုင်ကြပါဘူး။ နှမတော်ကတော့လေ ဘဝအဆက်ဆက်မှာ အမြဲတန်း အချစ်ကို ဝေငှခဲ့ရသူပါ။ သို့သော်လဲ မောင်တော်က ဖောက်ပြန်တတ်တဲ့ယောကျာ်းမဟုတ်ဘူးဆိုတာလဲ နှမတော် အသွေးထဲ အသားထဲ နှလုံးသားထဲ အို ဦးနှောက်ထဲကပါ သိနေခဲ့ပါတယ်။ မောင်တော်နဲ့ နှမတော်ကွဲကွာခဲ့ကြတဲ့ အခါတိုင်းဟာ မောင်တော်မကြင်နာလို့မလို့မဟုတ်ဘဲ ဆိုးရွားလွန်းတဲ့ လောကဓံရဲ့ ရိုက်ချက်တွေကြောင့်ရယ်၊ မောင်တော်ရဲ့ လောကကိုကယ်တင်ရေးအတွက် သဗ္ဗညုတဥာဏ်တော်ကိုရရှိရေးတွေအတွက်ကြောင့်ရယ်ဆိုတာ သိတယ်လေ။ ဒါကြောင့်လဲ အမြဲပဲခွင့်လွှတ်နိုင်ခဲ့တာပါ။
မောင်တော်လိုအနှိုင်းမဲ့လူသားတစ်ယောက်ကို ဖြည့်ဆည်းဘို့အတွက် အနှိုင်းမဲ့ပေးဆပ်ရမယ်ဆိုတာ မောင်တော်နဲ့ စတွေ့ခဲ့တဲ့ ဟိုး လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလ ကတည်းက သိခဲ့ နားလည်ခဲ့ ဆုံးဖြတ်ခဲ့တာပါ။ မဟာယောက်ျားသား တစ်ယောက်နဲ့အတူ ယှဉ်တွဲနေထိုင်ပီးတော့ ပေးဆပ်နိုင်ပါမှ မဟာမိန်းမသားတစ်ယောက်ဖြစ်မှာမလား။ ဒါကလဲ မောင်တော်က စည်းရုံးသွေးဆောင်လို့မဟုတ်ဘဲ နှမတော်ကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပါ။ အကြောင်းက မောင်တော်ရဲ့ သဗ္ဗညုတဥာဏ်တော်ရရှိရေး၊ စကြာဝဠာကြီးကိုကယ်တင် လမ်းညွန်ရေး ဆိုတဲ့ ခိုင်မာပြတ်သားတဲ့ ရည်မှန်းချက် ဆုံးဖြတ်ချက်တွေကို မြတ်နိုးလွန်းလို့ပါ မောင်တော်ရယ်။ ဘာပဲဖြစ်ဖြစ်လေ နှမတော်ရဲ့ ပါဝင်ဖြည့်ဆည်းမှုကို မောင်တော်က အသိမှတ်ပြုပီး အသာတကြည်လက်ခံတာကိုပဲ ကျေးဇူးအနန္တပါ။ ဂုဏ်အနန္တပါ။ ဝမ်းသာမှုအနန္တပါလို့ ပြောပါရစေနော်။
နန်းတော်ကထွက်ခွါသွားပီးလို့ ခြောက်နှစ်အလွန်မှာတော့ မောင်တော်တိုင်းပြည်ကိုပြန်ရောက်လာခဲ့တယ်နော်။
မောင်တော်ပြန်ရောက်လာရင်တော့ အပြေးကလေးကြိုကာ ထွေးပွေ့လို့နွေးထွေးလိုက်မယ်လို့ စိတ်ကူးယဉ်ထားပေမယ့်
မောင်တော်ရဲ့ အနှိုင်းမဲ့မြင့်မြတ်လှပီး အသရေစုံအောင်တင့်တယ်လှတဲ့ အနှိုင်းမဲ့ မဟာလူသား ဘုရားဖြစ်လာခဲ့ပီဆိုတာကို ဖူးမြင်လိုက်ရချိန်မှာတော့ နှမတော်ရဲ့ စိတ်ကူးယဉ်အခွင့်အရေးလေးဟာ အဝေးသို့လွင့်စင် ပျက်ပြယ်ခဲ့ရပီပေါ့။
နောက်ပီး မောင်တော်က နှမတော်တို့ တူနှစ်ကိုယ် စံမြန်းခဲ့ကြဖူးတဲ့ တိုက်ခန်းကိုကြွရောက်လာတော့ မောင်တော်ရဲ့ ခြေဖမျက်ကို ကျစ်ကျစ်ပါအောင် ဖျစ်ညှစ်ဆုပ်နယ်ပီးတော့ မောင်တော်ရဲ့ခြေဖမိုးတော်ပေါ်မှာ ပါးကိုအပ်ကာ ဘယ်ပြန်ညာပြန်ထပ်တလဲလဲ စွဲနေအောင် အားပါးတရ နန်းရှုပ်လိုက်မိတယ်။ ဒါပေမယ့်လေ နှမတော် မပျော်တော့ပါဘူး။ မပျော်တော့ပေမယ့်လဲ
ခြေဖမိုးတော်ကို နောက်ဆုံးအနေနဲ့ နန်းရှုခွင့်ရတာကိုပဲ ကိုယ့်ကိုယ်ကို ဖြေဆည်ကျေနပ်နှစ်သိမ့်ရပါတော့တယ်။
မောင်တော်ရဲ့ခြေဖမိုးပေါ်မှာ ကျလာတဲ့ နှမတော်ရဲ့ မျက်ရည်တွေဟာ မျက်လုံးထဲက မျက်ရည်တွေ မဟုတ်ပါဘူး။ နှလုံးသားထဲ အသွေးတွေထဲ အကြောတွေထဲ အသဲထဲက ထွက်ကျလာတာပါ မောင်တော်ရယ်။
ဟိုအရင်ကလို မောင်တော်ရဲ့ ရင်ခွင်ထဲမှာ မှေးစက်ခွင့်တွေလဲ ဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တော့သလို မောင်တော်ရဲ့ အနန်းဖွဖွလေးတွေကိုလဲ အစဉ်အမြဲစွန့်လွှတ်လိုက်ရပီဆိုတာ မောင်တော်ကို မြင်လိုက်ရကတည်းက သိလိုက်ပါပီ။ သိတာက ဒီလိုပါ၊ မောင်တော်ရှာဖွေတွေ့ရှိခဲ့တဲ့ သစ္စာတရားတွေနဲ့ နှမတော်လက်ခံထားဆဲ သစ္စာတရားတွေဟာ မိုးနဲ့မြေလို ဟိုးအဝေးကြီးမှာ ကွာဟခဲ့ပီ။ သစ္စာလမ်းတွေ ခွဲခဲ့ရပီ။ ဒဿနတွေ ကွဲပြားခဲ့ကြပီ။ ကမ္ဘာအဆက်ဆက် မပျက်ပြယ်ခဲ့တဲ့
မောင်တော်နဲ့ နှမတော်တို့ရဲ့အကြားက အချစ်နဲ့သစ္စာဆိုတာတွေဟာ နိဂုံးချုပ်ခဲ့ရပီ၊ ဘဝတွေခြားခဲ့ရပီ၊ ဘယ်တော့မှလဲ ပြန်လည်လို့ ဂဟေဆက်တွဲစပ်လို့လဲ မရနိုင်တော့ဘူး။ မောင်တော်ဟာ စကြာဝဠာရဲ့အနှိုင်းမဲ့လူသား ဘုရားတစ်ပါးဖြစ်လာတာကို
ဖေါ်မပြနိုင်လောက်အောင် ကျေနပ်ပေမယ့် အချစ်နဲ့သစ္စာလမ်းခွဲခဲ့ရတဲ့ နှမတော်ရဲ့ ဘဝအတွက်တော့ မပျော်ပိုက်တော့ပါဘူး မောင်တော်ရယ်။ နှမတော်ရဲ့ ရင်ထဲမှာ အပြုံးတဝက်၊ အမဲ့တစ်ဖက်၊ ရီတစ်ခါ နာတလှည့်၊ ကြည်နူးခြင်း တစ်ဝက်၊ နာကျင်ခြင်းတစ်ဝက်၊ ဝမ်းနဲ့ခြင်းပက်လက်၊ ဝမ်းသာခြင်းတစ်သက်၊ ကြေကွဲခြင်း တစ်ဖက်၊ ကြည်နူးဆွတ်ပျံ့ခြင်း တစ်ဖက်ရယ်ပါ။ ဘာပဲဖြစ်ဖြစ်လေ မောင်တော်လျှောက်လှမ်းတဲ့လမ်းစဉ်ကို လိုက်ရုံမှတပါး အခြားရွေးချယ်စရာ ဘာများရှိအုံးမှာလဲ။ မောင်တော် တွေ့ရှိခဲ့တဲ့ လောကုတ္တရာ သစ္စာလမ်းစဉ်ကိုသာ အတူလျှောက်ဘို့ ခေါ်ပါတော့။ ခေါ်ပါစေတော့ ခေါ်ပါတော့ မောင်တော်ရယ်။ ( ဆက်လက်ဖေါ်ပြပါမယ် )

1 comments:
ပြိုင်စံရှားတဲ့ပါရမီဖြည့်ဘက်ဖတ်ရတာအရမ်းခံစားရလို့ မျှဝေခံစားခဲ့ပါသည်ဘုရားကျေးဇူးတင်ပါသည်ဘုရား စုံဆယ်ဖြာထိပ်မှာမိုးရှစ်ခိုးဦးတိုက်ပူဇေိာလိုက်၇ပါသည်
Post a Comment