Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, February 21, 2013

အနှိုင်းမဲ့အဖြည့်ခံ ယသောဓရာ ( ၉ )

ကပိလဝတ္ထုနိုင်ငံတော်က ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားနဲ့  ဒေဝဒဟနိုင်ငံတော်က အလှသရဖူ ယသောဓရာဒေဝီ မင်းသမီးတို့ဟာ သိဒ္ဓတ္ထမင်းသား အသက် ၁၆နှစ်အရွယ်ရောက်တဲ့အခါမှာ ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အသက်အရွယ်အတူတူပါပဲ။ ဘဝအဆက်ဆက်မှာလဲ ပါရမီဖြည့်ဘက်တွေဖြစ်ခဲ့ကြ ချစ်ခဲ့ကြပီးတော့ အတူတူပရိနိဗ္ဗာန်စံကြမယ့် နောက်ဆုံးဘဝမှာတော့ ဖြည့်ဆည်းပူးခဲ့ကြရတဲ့ ပါရမီတော်တွေရဲ့ အလွန်ရင့်ကျက်အစွမ်းထက်သော အရှိန်အဟုန်တွေကြောင့် ပိုလို့ပိုလို့ ချစ်ကြရပြန်ပါတယ်။ သို့သော် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းဟာ အစွန်းမရောက်ဘဲ ရင့်ကျက်တည်ငြိမ်တဲ့ အလယ်အလတ်လမ်းစဉ်အချစ်မျိုးပါ။ အလယ်အလတ်ဆိုလို့ သိပ်မချစ်ကြတဲ့ အကြင်နာနဲတဲ့ အချစ်မျိုးလို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သိပ်ချစ်ကြတယ်။ သို့သော် အဲဒီအချစ်ကြောင့် လောကဓံအမျိုးမျိုးနဲ့ကြုံတွေ့ကြရတဲ့အခါမှာ ဘယ်သူ့ကိုမှမထိခိုက်မနစ်နာရလေအောင် ဖေါ်ဆောင်ကြိုးစားနိုင်တယ်။ သူတို့နှစ်ယောက်ရဲ့လမ်းခရီးမှာ လောကရဲ့ အခြေအနေအမျိုးမျိုး အကြောင်းအရပ်ရပ်ကြောင့် အခက်အခဲမျိုးစုံကိုရင်ဆိုင်ကြရတဲ့အခါတွေမှာ ဘယ်သူ့ကိုမှလဲ အပြစ်ပုံမချ၊ လောကကိုလဲ အပြစ်မတင်၊ ကံကြမ္မာကိုလဲ ရိုးမယ်မဖွဲ့ဘဲ ကြုံလာတိုင်းသောအခက်အခဲတွေကို နှစ်ယောက်ပေါင်းပီး သူတော်ကောင်းစိတ်နဲ့ ဖြေရှင်းခဲ့ကြ ရင်ဆိုင်ခဲ့ကြတဲ့ အချစ်မျိုးလို့ ဆိုလိုတာပါ။

       ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ခမ်းနားထည်ဝါလှတဲ့ နန်းတွင်းစည်းစိမ်ခံ အိမ်ထောင်ရေးဟာ ၁၃ နှစ်ကြာမြင့်ခဲ့ပါတယ်။ ဒီ ၁၃ နှစ်ဆိုတဲ့ကာလအတောအတွင်းမှာ စိတ်ညစ်စရာ ဝမ်းနဲစရာ ကြေကွဲစရာဆိုတဲ့ အခြေအနေမျိုး ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပါဘူး။ ကြေကွဲ ဝမ်းနဲပူဆွေးခြင်းဆိုတာတွေဟာ ရံဖန်ရံခါမှာ စကားလုံးအသံမျှကိုသာ ကြားဖူးသော်လဲ လက်တွေ့ဘဝမှာ နားလည်းမလည်၊ ကြုံလည်းမကြုံ၊ တကယ်တမ်းလက်တွေ့ဘဝမှာ ကြုံရဆုံရတာတွေက မောင်တော်ရဲ့ အကြင်နာတွေကြောင့် နေ့စဉ်ကျေနပ် ကြည်နူးခြင်းတွေသာပါပဲ။  ဒီ ၁၃ နှစ်ကာလအလွန်မှာတော့ ရာဟုလာဆိုတဲ့ သားတော်လေးတစ်ပါး ထွန်းကားခဲ့ပါတယ်။ သားတော်လေး ထွန်းကားဖွားမြင်တော်မူတဲ့ နေ့မှာပဲ အလောင်းတော်က အလှသရဖူပိုင်ရှင် ဇနီးသက်လျာ ယသောဓရာကို နှုတ်ကလေးတောင်မဆက်ဘဲ စွန့်ခွါထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအခါရဲ့ ယဉ်ကျေးမှုအရ လင်ယောကျာ်းမရှိတဲ့ မိန်းမသားတစ်ယောက်ရဲ့ဘဝဟာ အလွန်ပဲ ဂုဏ်ငယ်လှပါတယ်။ မိန်းမသားတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးဟာ လင်ယောကျာ်းထံမှာ အပ်နှင်းမြှုတ်နှံထားရပါတယ်။ သားလေး မွေးဖွားလာလို့ ဂုဏ်ယူခြင်းများစွာနဲ့အတူ မောင်တော်ကိုကျေနပ်ကြည်နူးခြင်းတွေနဲ့ရင်ဖွင့်ပီး ပိုလို့ခိုင်မာတဲ့ မိသားစုအဖြစ်ရည်မှန်းမိသော်လဲ ခုတော့လေ ခဲလေသမျှသဲရေကျခဲ့ရတဲ့ အခြေအနေကိုဆိုက်ရောက်ခဲ့ရပါပီ။

       မောင်တော်က နှမတော်ကိုစွန့်ခွါထွက်ပြေးသွားပီဆိုတာ သိလိုက်ရပီးတဲ့ နောက်မှာတော့ ယသောဓရာတစ်ယောက်ထဲ အံခဲလို့ ကွဲရှသွားခဲ့တဲ့အသဲကို မြဲမြံတည်ငြိမ်အောင်ထိန်းသိမ်းရင်း အတွေးကမ္ဘာထဲမှာ ဆွေးမြေ့ကြေကွဲစွာပဲ သံသရာတစ်ယောက်ထဲ လည်နေခဲ့ရပါတော့တယ်။ မောင်တော်ရယ် မောင်တော်က နှမတော်ကိုစွန့်ခွါထွက်ပြေးသွားတဲ့ညကလေ သာမန်ညမျိုးမဟုတ်ခဲ့ပါဘူး။ ညဆိုမှ တကယ့်ဝါဆိုလပြည့်ညကြီးပေါ့။ လမင်းကြီးရဲ့ ဝင်းဝင်းဝါ ကြည်လင်သာယာတဲ့ အရောင်အလင်းတွေဟာ လောကကြီးကို တန်ဆာဆင်နေခဲ့တယ်။ အဲဒီအချိန်မှာလေ  ကြည်နူးမဆုံးနိုင်တဲ့ သဘာဝအလှတရားတွေပြည့်နေတဲ့ ညနက်သန်းခေါင်ကြီးပေါ့မောင်တော်ရယ်။ လူတွေ တိရစ္ဆာတွေအပါအဝင် သက်ရှိသတ္တဝါအားလုံး အိပ်မောကျနေချိန်ကြီးပေါ့။ အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်ပီး အသက်ကင်းမဲ့ကာ ဟာလာဟင်းလင်းကြီးဖြစ်နေခဲ့တာပေါ့။ ဒီအချိန်မှာ ညဇီးကွက်ကြီးတစ်ကောင်က ဗလာကျင်းနေတဲ့ လောကကြီးကို အသံသွင်းပီး ဖြည့်ဆည်းရင်း တကြော်ကြော်အော်ဟစ် မြည်တမ်းနေလေရဲ့။ အဲဒီအချိန်လေးမှာပဲ လမင်းကြီးဟာ မဲမှောင်ထူထပ်လှတဲ့ တိမ်လွှာစောင်ကြီးကို ခေါင်းမီးခြုံရင်း ချက်ချင်းပဲ ပုန်းကွယ်သွားလေရဲ့။ မကြာမီမှာပဲ ကောင်းကင်ရင်ခွင်ကြီးတစ်လုံးဟာ အမှတ်မထင်ပေါက်ကွဲပီးတော့ ကောင်းကင်ဘုံသား နတ်သားနတ်သမီးတွေဟာ လှိုက်လှဲကြေကွဲစွာ ငိုကြွေးကြတော့မယ် ထင်မိပါရဲ့လေ။ ကောင်းကင်ရင်ခွင်ကြီးနဲ့ ကောင်းကင်ဘုံသား နတ်သား နတ်သမီးတွေဟာ နှမတော်ရဲ့ မေတ္တာနဲ့အကြင်နာကို နားလည်ခံစားနိုင်ကြမယ်ဆိုရင်ပေါ့။

    ဒါပေမယ့်လေ လောကကြီးက နှမတော်ဘက်မှာ နဲနဲလေးမှမရပ်တည်ခဲ့ပါဘူး။ ခံစားနားလည်မပေးခဲ့ကြပါဘူး မောင်တော်ရယ်။ ဒီလိုအချိန်မှာ သားတော်လေးကိုရင်ခွင်ထဲမှာနွေးထွေးစေပီးတော့မှ နှမတော်ရဲ့ အံကြိတ်ကာထိန်းချုပ်ထားရတဲ့ သက်ပြင်းချသံတွေဟာ နှုတ်ခမ်းဝမှ ညင်သာစွာ ထွက်ခွါလာကြလေရဲ့။ ရင်တွင်းခံစားချက်ဟာ နှိုင်းမရအောင် ပြင်းပြနေပေမယ့် ညင်သာစွာပဲ သက်ပြင်းချပီး တည်ငြိမ်စွာပဲငိုကြွေးနေခဲ့ရတာပေါ့။ မောင်တော်က နူးညံ့ပျော့ပျောင်းတတ်အောင် သင်ပေးခဲ့တဲ့ကျေးဇူးတွေကြောင့်ပေါ့ မောင်တော်ရယ်။  နောက်ပီးတော့လေ နှမတော်ရဲ့အမူအရာ အသွင်အပြင်တွေကိုသာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ထိန်းချုပ်လို့မရနိုင်တဲ့ နှမတော်ရဲ့ မျက်ရည်တွေကလေ အရှိန်ပြင်းစွာပေါက်ကွဲထွက်ပေါ်လာပီးတော့ အိပ်ရာခင်းနဲ့ခေါင်းအုံးပေါ်မှာ စက်စက်ယိုကျနေခဲ့ရပီပေါ့။ မောင်တော်စွန့်ခွါသွားတဲ့ ညမင်းကြီးတစ်ညလုံးဟာ နှမတော်ရဲ့ အချစ်နဲ့စောင့်ဆိုင်းခြင်းကို သက်သေပြုနေကြလေရဲ့လေ။ အဲဒီစောင့်ဆိုင်းမှုဟာလေ လွန်ခဲ့သော ကမ္ဘာအသင်္ချေများစွာကတည်းက ခုချိန်ထိပေါ့မောင်တော်ရယ်။ နောက်ပီးတော့ အဲဒီစောင့်ဆိုင်းမှုဟာ နှမတော်ရဲ့ ကံကြမ္မာပါပဲမောင်တော်ရယ်။ ကြွင်းကျန်နေသေးတဲ့ ကံကြမ္မာကို စောင့်ဆိုင်းရှင်သန်နေရုံမှတပါး အခြားဘာဆိုဘာမှ လုပ်နိုင်စွမ်းမရှိတော့ဘူးလေ။ မောင်တော်ကို လွန်ဆန်ပီးလုပ်ချင်တဲ့ ဆန္ဒတွေမရှိတော့ဘူးဆိုရင် ပိုလို့မှန်ကန်မှာပါ။ နှမတော်ရဲ့ ဘဝအဆက်ဆက် ဆုံးဖြတ်ချက်နဲ့ အချစ်တွေဟာ မောင်တော်အတွက် ဖြည့်ဆည်းဘို့သက်သက်ပဲဆိုတာ မောင်တော်အသိဆုံးပါလေ။

        ဘယ်လိုပဲဖြစ်ပါစေ၊ မောင်တော်ကို ဘာအကြောင်းကြောင့်မှ အပြစ်တင်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ မောင်တော်ရဲ့ လုပ်ရပ်တိုင်းဟာ တစ်ဖက်သားနစ်နာအောင် ဘယ်တော့မှမလုပ်ဘဲ လောကအတွက် အဖြူထည်သက်သက် ကိုယ်ကျင့်သန့်သန့်နဲ့ မြင့်မြတ်သော စတေးခြင်းသက်သက်မျှသာ ဖြစ်တယ်ဆိုတာကို နှမတော်သိထားခဲ့ နားလည်ခဲ့ ယုံကြည်ခဲ့လို့ပေါ့။ နောက်ပီးတော့လေ မောင်တော်နဲ့ ဘဝအဆက်ဆက် ပေါင်းဖက်ခဲ့ရလို့သာ ခုလိုစွန့်လွှတ်ရေးသတ္တိတွေ၊ အနစ်နာခံနိုင်စွမ်းရည်တွေ၊ စစ်မှန်တဲ့ ချစ်သတ္တိတွေ၊ လောကကောင်းကျိုးမှန်သမျှအတွက် ရက်ရောစွာ ပေးဆပ်နိုင်တဲ့ နှလုံးသားတွေ၊ အကောင်းအဆိုးနဲ့ အကြောင်းအကျိုးကို ခွဲခြားဝေဘန်နိုင်ပီး ကောင်းကျိုးကိုသာဦးတည်ဖန်တီးနိုင်တဲ့ ဥာဏ်စွမ်းတွေ၊ ဘဝအဆက်ဆက်မှာ အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘဝတွေကိုသာပိုင်ဆိုင်ရခြင်းတွေ စတဲ့စတဲ့အရာအားလုံးကို နှမတော်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ အို ပြောပြရရင် သံသရာတစ်လျှောက်လုံးမှာ မောင်တော်ကြောင့် ရခဲ့တဲ့ အကျိုးအမြတ်တွေဟာ မကုန်ဆုံးနိုင်ပါဘူးမောင်တော်ရယ်။ ဒါကြောင့်လေ မောင်တော်စွန့်ခွါသွားတာကို မနာကျည်းရက်ဘူး။ မနာကျင်ရက်ဘူး။ နာကျည်းစရာ နာကျင်စရာမှ မဟုတ်ပဲလေ။ နှမတော်ရဲ့ နှလုံးသားမှာ ချစ်လို့မဝတာပဲသိတယ်။  စိတ်ဓာတ်နှဲ့လုပ်ရပ် အထက်တန်းကျလှတဲ့ မောင့်လို ယောကျာ်းကောင်းတစ်ယောက်နဲ့ ဘဝအဆက်ဆက်ပေါင်းဖက်ခွင့်ရခဲ့တာကိုပဲ ဂုဏ်ယူမဆုံး ကျေနပ်လို့မဆုံးပါဘူးလေ။ တကယ်တော့လေ နှမတော် နိဗ္ဗာန်ကိုမလိုချင်ဘူး၊ မတမ်းတဘူး။ မောင်တော်နဲ့ စတွေ့ခဲ့တဲ့ ဘဝ၊ မောင်တော်ဘုရားဆုပန်ခဲ့တဲ့ဘဝ၊ မောင်တော်လောကကြီးကို သို့မဟုတ် စကြာဝဠာကြီးကို ကယ်တင်ဘို့ကြိုးစားခဲ့တဲ့ဘဝတွေမှာ နှမတော်လေ ဘာဆုကိုမှမပန်ဆင်ခဲ့ဘူး။ ဘယ်လိုရာထူးအဆင့်ဆင့်တွေ စည်းစိမ်တွေကိုမှလဲ မမက်မောခဲ့ဘူး။ မောင်တော်နဲ့ လက်တွဲနေရရင် နှမတော်ရင်မှာ အစဉ်အမြဲ အမောပြေမယ်လို့ ယုံကြည်ခဲ့တယ်။ ယုံကြည်တဲ့အတိုင်းလဲ အပြည့်အဝခံစားခဲ့ရပါတယ်။ ဒါကြောင့်လဲ မောင်တော်နဲ့ပဲ အမြဲမခွဲဘဲ ဆက်လက် တွဲနေချင်ခဲ့တာပါ။

               နောက်ပီးတော့လေ မောင်တော်က နှမတော်ကို ချစ်တတ်အောင်သာသင်ပေးပီးတော့ မုန်းတတ်အောင်တော့ မသင်ပြခဲ့ဘူးနော်။ ဒီတော့ ဘယ်လိုကြောင့်မုန်းနိုင်တော့မှာလဲ မောင်တော်ရယ်။  မောင်တော်ကလေ နှမတော်ကိုသာ ချစ်တတ်အောင် အနစ်နာခံတတ်အောင် စာနာတတ်အောင် ပေးဆပ်တတ်အောင် သင်ပေးခဲ့တာမှမဟုတ်ဘဲလေ၊ တကယ်တော့ လူသားတွေအားလုံး စကြာဝဠာကြီးတစ်ခုလုံးကို ချစ်တတ်အောင် စာနာတတ်အောင် ပေးဆပ်တတတ်အောင် သင်ပေးပီး မုန်းဘို့လေးကျတော့ နဲနဲလေးမှသင်မပေးခဲ့ဘူးလေ။ လောကကြီးအပေါ်မှာ ဒီလောက်အထိ အချစ်ကြီးချစ်ပီး ဖြူစင်လွန်းလှတဲ့ ချစ်မေတ္တာတွေကို ဦးဆောင်သင်ပြပေးခဲ့တဲ့ မောင်တော်ကို ဘယ်လိုမုန်းရက်မှာလဲ မောင်တော်ရယ်။ အထူးပြောချင်တာက မောင့်အကြောင်းကို အူဘယ်နှစ်ခွေရှိတယ်ဆိုတဲ့အထိ သိနေတဲ့ နှမတော်က မောင့်ကို ဘယ်လိုမုန်းနိုင်မှာလဲ မောင်။ မောင့်ကို မုန်းတဲ့သူတွေ ကဲ့ရဲ့ပြစ်တင်သူတွေ၊ မထေမဲ့မြင်ပြုသူတွေ မလိုလားသူတွေ မနာလိုသူတွေဆိုတာ မောင့်အကြောင်းကို မသိကြလို့သာပါ။ တကယ်တော့လေ မောင့်အကြောင်းကို သိလေလေ မောင့်ကို ပိုချစ်လေလေ၊ မောင့်ကို ပိုချစ်လေလေ မောင့်အကြောင်းကို ပိုလို့သိလေလေ ဖြစ်ကြမှာပဲ ဆိုတာကို နှမတော် ယုံကြည်ပါတယ်။ ဒါကြောင့်လဲလေ မောင်တော်နဲ့ မျိုးနွယ်ချင်းမတူသူ၊ နိုင်ငံချင်းမတူသူ၊ အယူဝါဒမတူသူ၊ ဂိုဏ်းဂဏမတူသူ၊ အကျင့်မတူသူ၊ လမ်းစဉ်မတူသူ၊ စရိုက်ချင်းမတူသူ ဦးဆောင်မှုမတူသူတွေရဲ့အကြားမှာ မောင်တော်ဟာ အနှိုင်းမဲ့ ယုံကြည်မှုကို ရခဲ့သူဆိုတာ ဘယ်လိုမှချေဖျက်လို့မရတဲ့အထိ နောင်အဆက်ဆက် သက်သေဖြစ်နေမှာပါ မောင်တော်ရယ်။

      နောက်ပီးတော့လေ မောင်တော်က သံသရာကိုအမြစ်ပြုတ်အောင် တိုက်တဲ့နေရာမှာ အနှိုင်းမဲ့ ဦးဆောင်နိုင်တဲ့ အနှိုင်းမဲ့ ဗိုလ်ချုပ်ကြီးပေါ့။ ဒါပေမယ့်လေ နှမတော်ကတော့ တပ်ကူ တပ်ထောက်မျှသာရယ်ပါ။  ဒါပေမယ့် မောင်တော်က သံသရာကို ဆွဲဆန့်မယ်ဆိုရင်လဲ ဘယ်လောက်ပင်ဘဝသံသရာကြီးရှည်ကြာပါစေ၊ နှမတော် မမောပါဘူး။ မပန်းပါဘူး။ မငြီးငြူပါဘူး။ မငြိုငြင်ပါဘူး။ တကယ်တော့လေ  မောင်တော်သာ နှမတော်အနားမှာရှိနေရင် နှမတော်ဘဝတိုင်း ကျေနပ်ကြည်နူးနေမှာပါ။ စိတ်ဓါတ်ခွန်အား၊ နှလုံးသားခွန်အား၊ ယုံကြည်မှုခွန်အား၊ ကြိုးစားမှုခွန်အား၊ ဆင်ခြင်စဉ်စားမှုခွန်အား၊ တည်ငြိမ်မှုခွန်အား၊ အရာရာခွဲခြား နားလည်မှုစွမ်းအားတွေဟာ မောင်တော်ရဲ့ စွမ်းအင်တွေမှ နှမတော်လက်ခံရရှိခဲ့ရသူပါ။ အထူးတစ်ခုပြောပြချင်တာက လူသားတစ်ယောက်ရဲ့ဘဝ သို့မဟုတ် လူသားတွေရဲ့ဘဝတွေမှာ ခွန်အားမျိုးစုံတွေရယ် ကျေနပ်ကြည်နူးမှုနဲ့ ထာဝရတည်ငြိမ်အေးချမ်းမှုတွေရယ်ကို ပိုင်ဆိုင်နိုင်အောင် ဟန်ဆောင်မှုနဲ့ ကိုယ်ကျိုးမပါဘဲ သင်ကြားပေးနိုင်တာဟာ ဒီစကြာဝဠာကြီးမှာ မောင်တစ်ယောက်ထဲပဲ ရှိတယ်ဆိုတာ ဥာဏ်ပညာကြီးကျယ်သူတိုင်း သိပါတယ်မောင်တော်ရယ်။ ဒါကြောင့်လဲလေ မောင်တော်စွန့်ခွါသွားတဲ့ညမှာကတည်းက နှမတော်နှလုံးသားမှာ ဖေါ်မပြနိုင်တဲ့ ဝေဒနာဆိုးတွေနဲ့ နာကျင်ခံခက်ရပေမယ့် မောင်တော်အပေါ်မှာတော့ မြူတစ်မှုန် နှင်းတစ်စက်ကလေးမှ နာကျင်လို့မရပါခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ နှမတော်ရဲ့ စောင့်ဆိုင်းခြင်းဟာ မောင်တော်အတွက်ရော နှမတော်အတွက်ရော လောကကြီးအတွက်ပါ တရားမျှတမယ်လို့ မမှိတ်မသုံ ယုံကြည်မိပါတယ်မောင်တော်ရယ်။ ဒီယုံကြည်ခြင်းဟာလဲ အရမ်းယုံ မျက်ကန်းယုံတော့မဟုတ်ပါဘူးမောင်တော်ရယ်။  မောင်တော်သင်ပေးခဲ့တဲ့ ကရုဏာကိုအခြေခံပီး ပညာကိုဦးတည်တဲ့ လောကကောင်းကျိုးလုပ်ရပ်တွေ အခြေခံပီးတော့မှ နှမတော် သိမြင်ခံစားနားလည်ခဲ့ရလို့ပေါ့။ ( ဆက်လက်ဖေါ်ပြပါမယ်။ )

0 comments:

Post a Comment

***ဓမ္မမိတ်ဆွေများ၏အမှာစကား***