Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Thursday, January 22, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၁) နယ်သာန်လား ဟော်လန်လား


မိမိငယ်စဉ်က မန္တလေးမြို့ တွင်ဘာသာဗေဒသင်တန်းတက်စဉ်ဝယ် ဆရာဦးမြင့်ဆွေ 
(လန်ဒန်) ကပြောဖူးသည်။ “အရှင်ဘုရားတို့ Nether ဆိုတာ ငရဲကိုပြောတာ၊ 
Land ဆိုတာကုန်းမြေ၊ ပင်လယ်ရေပြင်ရဲ့အောက်မှာ ရှိနေတာကြောင့် 
ငရဲတိုင်းပြည်လို့ခေါ်တာ” တဲ့။ သက္ကဋဘာသာ ပါဠိဘာသာနှင့်အင်္ဂလိပ်ဘာသာတို့ကို
ပူးတွဲ၍ပို့ချသောဘာသာဗေဒသင်တန်းဖြစ်သဖြင့် ဆရာသည်ဘာသာဗေဒ
ဆန်ဆန်ကြံဆကာပြောလိုက်ခြင်းဖြစ်မည်ထင်သည်။ မည်သို့ဆိုစေ 
ထိုစဉ်ကတည်းက နယ်သာလန်သို့သွားရောက်လည်ပတ်ချင်သောစိတ်ဆန္ဒသည် အမြုတေအဖြစ်ဖြင့်ရင်တွင်းဝယ်ကိန်းအောင်းနေခဲ့သည်။
ထိုဆန္ဒအမြုတေသည် ယခုတော့လက်တွေ့ဘဝသရုပ်ဖြစ်ခဲ့ပြီ။ 
ဒကာဦးထွန်းအောင်နှင့်ဒကာမဒေါ်အေးအေးစိုးမိသားစုတို့၏သဒ္ဓါတရားသည်
မိမိရင်တွင်းဝယ်ကာလကြာမြင့်စွာတိတ်တခိုးကိန်းအောင်းနေခဲ့သော
ဆန္ဒအမြုတေကို လက်တွေ့ ဘဝသရုပ်ပေါ်အောင်ဖြည့်ဆည်းပေးလိုက်ခြင်း
ဖြစ်သဖြင့်ကျေးဇူးအထူးတင်မိသည်။ တဆက်တည်းပင် ဒကာဦးထွန်းအောင်မိသားစုနှင့်
ဓမ္မမိတ်ဆွေဒကာဒကာမများဖြစ်နိုင်စေရန် မိတ်ဆက်ပေးခဲ့ကြသောဖင်လန်နိုင်ငံမှ ဦးဇော်ဝင်းမိသားစုနှင့်ဦးကျော်ဌေးမိသားစုကိုလည်းကျေးဇူးတင်ကြောင်းပြောလိုပါသည်။ ဤခရီးစဉ်အတွက်အဖက်ဖက်မှပြည့်စုံစေရန် အခြားဝိုင်းဝန်းကူညီဆောင်ရွက်
ပေးကြသောဒကာဒကာမများကိုလည်းကျေးဇူးတင်ကြောင်း
ထပ်လောင်း၍ပြောလိုပါသည်။

အမှန်ဆိုသော် နယ်သာလန်သည် ပင်လယ်ရေပြင်အောက်ရောက်နေသောနိုင်ငံ
ဟုဆိုသော်လည်း တနိုင်ငံလုံးသည်ပယ်လယ်ရေပြင်အောက်ရောက်နေသည်
မဟုတ်ဘဲ အချို့ သောမြို့ တို့သာရောက်နေကြသည်ဟုသိရသည်။ 
ပင်လယ်ရေပြင်အောက်နိမ့်နေသောမြို့ အချို့ တို့တွင်လည်း တညီတညာတည်း
နိမ့်နေကြသည်မဟုတ်ဘဲ တမြို့ နှင့်တမြို့ အတိုင်းအတာခြင်းမတူညီဟုသိရသည်။ 
ထို့ပြင် မိမိမြန်မာပြည်တွင်ရှိစဉ်မှသည်ယခုနယ်သာလန်ရောက်သည်အထိ သိထားသည်မှာဟောလန်နှင့်နယ်သာလန်သည်နာမည်မျှသာကွဲ၍ 
အတူတူပင်ဖြစ်သည်ဟုမှတ်ထား၊သိထားခဲ့သည်။ မိမိ၏
မိတ်ဆွေအပေါင်းအသင်းများလည်းဤကဲ့သို့ပင်သိမှတ်ထားကြလေသည်။ မိမိ၏
မိတ်ဆွေများသာမဟုတ်၊ နယ်သာလန်တွင်နေထိုင်ကြသောမြန်မာအချို့ တို့သည်ပင် ဟော်လန်နှင့်နယ်သာလန်အကြောင်းကိုကွဲကွဲပြားပြားမှန်ကန်စွာမသိကြဟု 
သိရသည်။ ဟော်လန်ဟူသည်ရှေးကခေါ်သောနာမည်ဖြစ်ပြီးလျှင် နယ်သာလန်ဟူသည် ယခုခေါ်သောနာမည်ဖြစ်သည်ဟုလည်း ပြောဆိုသံကိုကြားရပြန်သည်။ သို့နှင့် ဝေဝါးထွေပြားသောစကားလုံးများတွင်သာလမ်းမဆုံးချင်သောကြောင့် ဂဃနဏသိနိုင်ရန်လေ့လာကြည့်မိသည်။

အမှန်စင်စစ် နယ်သာလန်ဆိုသည်မှာ တနိုင်ငံလုံးကိုရည်ညွန်း၍ခေါ်ဆိုသောနာမည်ဖြစ်ပြီးလျှင် ဟော်လန်ဆိုသည်မှာ နယ်သာလန်၏ပြည်နယ် (၁၂) ခုအနက်မှ တောင်ဟော်လန်ပြည်နယ်နှင့်
မြောက်ဟော်လန်ပြည်နယ် (၂) ခုကိုသာရည်ညွန်း၍ခေါ်ဆိုသောနာမည်ဖြစ်သည်ဟု လေ့လာချက်အရသိရသည်။ မြောက်ဟော်လန်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ Schipol
 လေဆိပ်နှင့် (Amsterdam) အမ်စတာဒမ်မြို့ တော်တို့ပါဝင်လေသည်။ 
ဤ (Amsterdam) အမ်စတာဒမ်မြို့ သည် နယ်သာလန်နိုင်ငံ၏ရုံးစိုက်ရာ
မြို့ တော်မဟုတ်ချေ။ တောင်ဟော်လန်ပြည်နယ်တွင်ကား နယ်သာလန်နိုင်ငံ၏
ရုံးစိုက်ရာမြို့ တော်ဖြစ်သော (Den Haag) ဒန်ဟတ်ဂ်မြို့ ပါဝင်သည်။ ၎င်း (Den Haag) 
ဒန်ဟတ်ဂ်မြို့ ကို အင်္ဂလိပ်အသံထွက်ဖြင့် (The Hague) “သည်ဟိသ်” မြို့ ဟုခေါ်ဆိုပြီး
ဤမြို့ သည်အပြည်ပြည်ဆိုင်ရာတရားရုံးချုပ် ရုံးစိုက်ရာမြို့ တော်လည်းဖြစ်သည်။ (Rotterdam)
 ရော့တာဒမ်မြို့ သည်လည်းတောင်ဟော်လန်ပြည်နယ်တွင်ပါဝင်၍ နယ်သာလန်၏
အကြီးဆုံးဆိပ်ကမ်းမြို့ ကြီးလည်းဖြစ်သည်။ အဆိုပါတောင်ဟော်လန်နှင့်မြောက်ဟော်လန်
ပြည်နယ်များတွင်နေကြသူများကို (Hollanders) ဟော်လန်ဒါ ဟုခေါ်ဆိုကြောင်း
သိရသည်။

တနိုင်ငံလုံးကိုခြုံငုံ၍ (၁၂) ပြည်နယ်လုံးပါဝင်အောင်သုံးနှုန်းလျှင် (Dutch) ဒတ်ခ်ျနိုင်ငံ 
သို့မဟုတ် နယ်သာလန်နိုင်ငံဟူ၍ခေါ်ဝေါ်သုံးနှုန်းသည်။ လူမျိုးမှာဒတ်ခ်ျလူမျိုးဖြစ်၍ 
ဘာသာစကားသည်လည်း ဒတ်ခ်ျဘာသာစကားပင်ဖြစ်သည်။ အထူးသဖြင့်
 (The Kingdom of the Netherlands) “နယ်သာလန်ဘုရင့်နိုင်ငံတော်” 
ဟုသုံးနှုန်းလျှင်မူကား Aruba, Curacao, Sint Maarten ဟူသောကျွန်းနိုင်ငံသုံးခုပါ 
ပါဝင်လေသည်။ ထို့ကြောင့် “နယ်သာလန်ဘုရင့်နိုင်ငံတော်” ဟုသုံးနှုန်းလျှင် မူလ(၁၂)ပြည်နယ်ရှိသောနယ်သာလန်နိုင်ငံနှင့်အဆိုပါကျွန်းနိုင်ငံသုံးခုစုပေါင်း၍ စုစုပေါင်းလေးနိုင်ငံဖြစ်လေသည်။ (အောက်တွင်ဖေါ်ပြထားသောမြို့ သုံးမြို့ 
လည်းပါဝင်ပါသည်) အထက်ပါကျွန်းနိုင်ငံသုံးခုတည်ရှိသည့်နေရာမှာ 
(Central America) တောင်အမေရိကားနှင့်မြောက်အမေရိကား
တိုက်ကြီးနှစ်ခုတို့၏အကြားတွင်ရှိလေသည်။ ၎င်းကျွန်းနိုင်ငံများသည်
သူတို့ကိုယ်ပိုင်အလံကိုအလေးပြု၍ ကိုယ်ပိုင်ငွေကြေးကိုသုံးစွဲကြကာ ကိုယ်ပိုင်အစိုးရတို့ဖြင့်အုပ်ချုပ်ကြသည်ဟုသိရသည်။ သို့သော်လည်း
အဆိုပါကျွန်းနိုင်ငံသားများသည် နယ်သာလန်နိုင်ငံသားအဖြစ်အသိမှတ်ပြုခံရပြီးလျှင် နယ်သာလန်ပတ်စ်ပို့ကိုသာကိုင်ကြသည်။ ထို့ပြင် ၎င်းကျွန်းနိုင်ငံတို့သည် 
ဥရောပသမဂ္ဂ (E U) အဖွဲ့ ဝင်နိုင်ငံများပင်ဖြစ်ကြလေသည်။ အကြောင်းမှာ 
မူလနယ်သာလန်နိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံဖြစ်သောကြောင့်ပင်ဖြစ်သည်။

ထို့ပြင် ၁၆၀၂ ခုနှစ်မှ ၁၈၀၀ ခုနှစ်အထိနှစ်ပေါင်း (၂၀၀) နီးပါး တန်ခိုးသြဇာကြီးမားကာ
အောင်မြင်ခဲ့သော ဒတ်ခ်ျအရှေ့ အိန္ဒိယကုမ္မဏီ The Dutch East India Company
 (ဒတ်ခ်ျဘာသာစကားဖြင့် Vereenigde Oostindische Companie, VOC ဟုခေါ်သည်) သည်
 East Coast of America ကို New Netherlands ဟုနာမည်ပေးခဲ့သည်။ မြို့ တော်ကိုလည်း 
New Amsterdam ဟုသမုတ်ခဲ့လေသည်။ ၎င်း New Amsterdam မြို့ သည် ယခုအခါ အမေရိကန်ပြည်ထောင်စုမှကုလသမဂ္ဂဌာနချုပ်ရုံးစိုက်သော New York
မြို့ တော်ကြီးပင်ဖြစ်သည်။ ယခုတော့ အနိစ္စသဘောအရနယ်သာလန်ပိုင်
မဟုတ်တော့ချေ။ ဒတ်ခ်ျလူမျိုးတို့သည်လည်း အတိတ်တချိန်က
အင်ပါယာကျယ်ပြန့်သောလူမျိုးတို့ပင်ဖြစ်ခဲ့သည်။

ထို့ပြင် တောင်အမေရိကားနှင့်မြောက်အမေရိကားတိုက်၏အလယ်တွင်ရှိသော
 Bonaire, Sint Eustatius, Saba မြို့ ဟူသောမြို့ သုံးမြို့ တို့သည်လည်း 
နယ်သာလန်ပိုင်မြို့ တို့ပင်ဖြစ်သည်။ တနည်းဆိုသော် ကျွန်းနိုင်ငံငယ်လေးများ
ပင်ဖြစ်သည်။ သို့သော် ၎င်းမြို့ တို့သည်ယူရိုငွေကြေးကိုမသုံးစွဲကြဘဲ ဒေါ်လာကိုသာ
သုံးစွဲကြလေသည်။ ဤမြို့ သူ မြို့ သားများသည်လည်း နယ်သာလန်နိုင်ငံသားများပင်ဖြစ်၍ နယ်သာလန်ပတ်စ်ပို့ကိုပင်ကိုင်ကြလေသည်။ ၎င်းပြင် ဤမြို့ သုံးမြို့ သည် နေရာဒေသအားဖြင့်ဝေးကွာသည့်ပြင် တိုက်အားဖြင့်လည်းခြားနားနေစေကာမူ နယ်သာလန်နိုင်ငံ၏ရွေးကောက်ပွဲတွင်မဲထည့်နိုင်ခွင့်ရှိကြလေသည်။
(E U) ဥရောပသမဂ္ဂစာရင်းဝင်မြို့ များလည်းဖြစ်ကြသည်။ အကြောင်းမှာ 
နယ်သာလန်ဘုရင့်နိုင်ငံတော်တွင်ပါဝင်သောကြောင့်ပင်ဖြစ်လေသည်။
 မိမိယခုတင်ပြခဲ့ပြီးသော (မူလနယ်သာလန်မပါ) ကျွန်းနိုင်ငံသုံးနိုင်ငံနှင့်မြို့ သုံးမြို့ ကို
ပေါင်း၍ခေါ်လျှင် The Dutch Caribbean ဟုခေါ်ဆိုကြောင်းသိရသည်။ သို့သော် 
“The Kingdom of the Netherlands” “နယ်သာလန်ဘုရင့်နိုင်ငံတော်” ဟုသုံးနှုန်းလျှင်မူကား
 မူလဥရောပမှ ပြည်နယ် (၁၂) ခုပါဝင်သောနယ်သာလန်နိုင်ငံအပြင်
အထက်ပါဆိုခဲ့ပြီးသောကျွန်းနိုင်ငံသုံးခုနှင့်မြို့သုံးမြို့  တို့အားလုံးပါဝင်ကြောင်းနှင့်
၎င်းနိုင်ငံငယ်များနှင့်မြို့ များတို့ကိုစုပေါင်း၍ရည်ညွှန်းခေါ်ဆိုကြောင်း သိရသည်။
 (ဆက်လက်ဖေါ်ပြပါမည်)

Tuesday, January 20, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၃၀) ဒီနိုင်ငံနှစ်ခုအကြားမှာ ဒါလေးတွေကိုသတိပြုမိတယ်


လေဆိပ်မှထွက်၍ တည်းခိုရမည့်ဒကာဦးထွန်းအောင် ဒကာမဒေါ်အေးအေးစိုးတို့၏နေအိမ်
ရှိရာ Amstelveen မြို့ သို့ ဘတ်စ်ကားဖြင့်ပင့်သွားကြသည်။ Car parking အခက်အခဲကြောင့်သူ၏ကားကိုယူမလာဖြစ်ကြောင်း ဒကာဦးထွန်းအောင်ကပြောပြသည်။ ဒေသခံလူထုနှင့်တိုက်ရိုက်ထိတွေ့ခွင့်ရသောကြောင့် ဘတ်စ်ကားစီးရသည်ကိုမိမိ
သဘောကျသည်။ ဘတ်စ်ကားပေါ်တွင် ဒကာနှစ်ဦးစလုံးမှ နယ်သာလန်၏နေ့စဉ်ဘဝ
အကြောင်းကို စတင်မိတ်ဆက်ပေးသဖြင့် နယ်သာလန်၏ဘဝနှင့်ထဲထဲဝင်ဝင်စတင်
သိကျွမ်းခွင့်ရခဲ့သည်။ ဘတ်စ်ကားတွင်းမှအပြင်ဖက်ကိုစူးစမ်းကြည့်လိုက်ရာ တမျှော်တခေါ်ကျယ်ပြန့်ပြီးစည်းစနစ်ကျလှသော Car parking ကြီးကိုလည်း ထူးခြားစွာတွေ့ရသဖြင့်ငေးမောမိသည်။ ဦးထွန်းအောင်နေအိမ်သို့ရောက်ရှိ၍ မကြာမီပင်ဆွမ်းစားချိန်ရောက်သဖြင့် အဆင်သင့်ဖြစ်ပြီးသောဆွမ်းကိုဘုန်းပေးရသည်။ စေတနာကောင်းဖြင့်ချက်ထားသောလက်ရာကောင်းဟင်းလျာများကို ဘုန်းပေးရသည်မှာ ခံတွင်းတွေ့လှသဖြင့်အားပါးတရ တဝကြီးပင်ဘုန်းပေးလိုက်သည်။

နယ်သာလန်ရာသီဥတုမှာ အေးသည်ဟုဆိုနိုင်သော်လည်း ဖင်လန်နှင့်နှိုင်းယှဉ်လျှင်မူအလွန်ပင်ကွာခြားလှသည်။
နယ်သာလန်သို့လာမည့်ညဝယ် ဖင်လန်နိုင်ငံကူအိုပီအိုမြို့ တွင် အပူချိန်သည်အနှုတ်ဒီဂရီ 
၂၀ ရှိနေခဲ့၍ ဟယ်ဆင်ကီမြို့ တွင် အနှုတ်ဒီဂရီ ၁၈ ရှိနေခဲ့သည်။ 
ရေကန်များအားလုံးရေမရှိတော့ဘဲ ရေခဲအတိသာဖြစ်နေကြသည်။ ရေကန်များပေါ်တွင် နှင်းဖွေးဖွေးများကသာနေရာယူကာမင်းမူနေကြသည်။ ထိုရေကန်များပေါ်တွင် လူများလမ်းလျှောက်ကြသည်။ ကလေးများကရေကန်တွင်းမှရေခဲပြင်ပေါ်တွင် 
ဆော့ကစားကြသည်။ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ အရပ်ဆယ်မျက်နှာ
 ဘယ်နေရာပဲကြည့်ကြည့် ဖြူဖွေးသန့်စင်လှသည့် ငွေနှင်းဖြူများသာ 
မင်းမူနေသည်ကိုတွေ့ရသည်။ သစ်ပင်ပေါ်တွင်လည်းနှင်းများက ခါချဉ်အုံပမာ ခိုင်မာစွာအုံခဲ၍တွယ်ကပ်နေကြသည်။ အိမ်ခေါင်မိုးများပေါ်တွင်လည်း 
ဘယ်တော့များမှမပြိုတော့သယောင် တောင်ကြီးများအလားကြီးမားသောထုကြီးဖြင့်
ဖိထားကြသည်။ ကားလမ်းဘေးဝဲယာတွင်လည်း နှင်းပုံများဖြင့်သာဝန်းရံလျှက်ရှိနေကြသည်။ ဆောင်းရာသီ၏ငွေနှင်းဖြူများသည် ဖင်လန်ပြည်သူ/သားတို့အား နှင်းများဖြင့်ပက်ဖျန်း၍ကလူကျီစယ်မှုကြောင့် လူအများသည်အလုပ်သွားချိန်မှအပ ကျန်အချိန်များတွင်အိမ်အပြင်မထွက်ကြတော့ဘဲ အိမ်ထဲတွင်သာခိုလှုံကြရလေသည်။

ဂန္ထဝင်အဆိုကျော်ဒေါ်မာမာအေး၏ “နှင်းပျောက်တဲ့နွေ” သီချင်းကိုပြန်လည်ကြားယောင်မိသည်။
 “ နှင်းငွေရောင်ဖြူလွ တူစွသဏ္ဌာန်ပေ.. ငွေခြည်ပုလဲနုလို ဆွတ်ကာဖျန်းတော့ လန်းဆန်းစိုပြေ နှင်းတွေဝေကျ ဆောင်းဟေမန္တပြောင်း.. နှောင်းပြန်တော့လေ၊ ဆောင်းရွက်ကြွေမြေမှာခ ကြွေခါကျတဲ့အခါသမယမှာပဲလေ” စသဖြင့်ရေးစပ်ထားသောတေးရေးဆရာသည် ရွှေပြည်၏အဘယ်ရပ်မှနှင်းများကိုမြင်ဖူးလေသည်မသိ။ ယခုမိမိမြင်ဖူးသောနှင်းများနှင့်သီချင်းစာသားများသည်တသားတည်းတူနေသည်ကို
တွေ့ရသဖြင့်အံ့သြမိသည်။ တေးရေးဆရာသည် ထိုခေတ်ကာလက ဖင်လန်ပြည်မှငွေနှင်းများကိုမြင်ခဲ့ဖူးမည်မထင်ပါ။ ထို့ပြင် လူများသည်အပြင်ထွက်လျှင် အောက်ခံတွင်ကုတ်အားပါသည့် နှင်းဆီးဖိနပ်များကိုစီးကြရသည်။ နှင်းများသည်အေးခဲကာ ကျောက်ခဲကဲ့သို့မာကျောလာဖြင့် သာမန်ဖိနပ်ကိုစီးလျှင်ချော်လဲကြရလေသည်။ 
သို့သော် တောထဲတွင်လမ်းလျှောက်ရန်ဖောက်လုပ်ပေးထားသောလမ်းတို့ကား နှင်းများဖုံးလွှမ်းနေပြီဖြစ်သဖြင့် နှင်းလျှောစီးဖိနပ်ရှည်ကြီးများဖြင့် တောထဲတွင်လမ်းလျှောက်လေ့ရှိကြသည်။ ထို့အတူကားများတွင်လည်း နှင်းခဲများပေါ်လမ်းချော်မသွားစေရန် သံခွာပါသည့်ဆောင်းရာသီဘီးကိုပြောင်းလဲ
တပ်ဆင်ကာအသုံးပြုကြရသည်။ ကားလမ်းပေါ်မှနှင်းများအရည်ပျော်စေရန်
 ဆားများပက်ဖျန်းရသဖြင့် ကားများမှာဆားငံရည်၏အရောင်တို့ဖြင့် ညစ်ပတ်နေသည်။
 ဆောင်းရာသီတွင် တောက်ပသောကားများ၏မူလအရောင်ကိုမတွေ့မြင်ရဘဲ ညစ်ထေးထေးအရောင်များကိုသာတွေ့မြင်နိုင်လေသည်။ ထို့ပြင် ကားလမ်းပေါ်တွင်
ကားလမ်းမချော်စေရန် ကျေက်ခဲဗြုန်းလေများကိုလည်းဖြန့်ကျဲပေးရပြန်သည်။

ရထားများပုံမှန်ခုတ်မောင်းနိုင်ရေးအတွက်လည်း နှင်းများဖုံးသည့်အခါတိုင်း
 နှင်းရှင်းသည့်ရထားက ရှေ့ မှသွား၍အရင်ရှင်းထားပေးရသည်။ ဆောင်းရာသီဥတု၏
ပြင်းထန်မှုကြောင့် စည်ပင်သာယာအသုံးစားရိတ်သည် ဖင်လန်အစိုးရအတွက်
အလွန်ပင်မြင့်မားသည်ဟုကြားသိရသည်။ အမှန်စင်စစ် ဖင်လန်နိုင်ငံ၏
စည်ပင်သာယာရေးဝန်ဆောင်မှုသည် ဆောင်းရာသီတခုတည်းသာမဟုတ်မူဘဲ ဥတုသုံးလီလုံးမှာပင်အမှန်တကယ်အလုပ်လုပ်သည်ကိုတွေ့ရသည်။ ဆောင်းရာသီတွင်ဆီးနှင်းများကြောင့်စည်ပင်ဝန်ထမ်းများအလုပ်များကြရသလို နွေအခါတွင်လည်းလမ်းဘေးတွင်မြက်တပင်လေးမျှမရှိစေရန် အစဉ်မှန်မှန်မြက်ရိတ်သည်။ အမှိုက်များကိုသန့်ရှင်းသည်။ ဆောင်းရာသီတွင်ကျဲချထားခဲ့သော
 ကျောက်ခဲဗြုန်းလေးများကို နွေရောက်သည့်အခါ စက်ကြီးများဖြင့်ပြန်လည်စုပ်ယူကြရပြန်သည်။ ထိုသို့ကျောက်ခဲဗြုန်းလေးများကိုစုပ်ယူပြီးသောအခါ ရေသန့်များဖြင့်လမ်းများကို
ဆေးကြောရလေသည်။ သောက်ရေသန့်များဖြင့် ကားလမ်းဆေးကြောသည်ဟုဆိုသဖြင့် အမွှန်းတင်လွန်းသည်ဟု စာဖတ်သူထင်ကောင်းထင်နိုင်ပါသည်။ သို့သော် မိမိကနဲနဲလေးမျှ
အပိုမရေးဘဲ အရှိအမှန်အတိုင်းသာရေးခြင်းဖြစ်ပါသည်။ ထို့အတူ မိမိတို့ရွှေပြည်ကြီး၏
ကားလမ်းနှင့်ရထားလမ်းများအကြောင်းကို ဖင်းလူမျိုးတို့အားပြောပြလျှင်လည်း 
ယုံနိုင်ကြမည်မထင်ပါ။ လမ်းများကိုလည်း အမျိုးသမီးများအလှပြင်ဆင်သကဲ့သို့ပင် အစဉ်အမြဲဖာထေးပြင်ဆင်နေသည်။ ထို့ကြောင့်ပင် ဟိုင်းဝေးလမ်းမဖြစ်စေ မြို့ တွင်းလမ်းဖြစ်စေ လှိုင်းထခြင်း ပေါက်ပြဲခြင်း မညီမညာဖြစ်ခြင်းစသောအပြစ်အနာအဆာများလုံးဝကင်းစင်နေသဖြင့် ကားများရောခရီးသည်များပါ သက်သောင့်သက်သာရှိသည်။ အထက်မှသည်အောက်ခြေအထိ အဆင့်ဆင့်နိုင်ငံအတွက်တာဝန်ထမ်းဆောင်မှုသည် တိကျမှန်ကန်မြန်ဆန်လှသည်။ ဟန်ရေးပြည်သည့်ဆောင်ပုဒ်မရှိဘဲ လက်တွေ့ကျသောအလုပ်ကိုတိတိကျကျ
လုပ်ဆောင်နေသည်ကိုတွေ့မြင်ရသည်မှာအံ့သြစရာပင်။ သြော် တို့ရွှေပြည်ကြီးနှင့်
ကွာခြားလွန်းလှလေစွတကား……။

နယ်သာလန်တွင်ကား မိမိရောက်သည့်နေ့တွင် အပူချိန်မှာအပေါင်းဒီဂရီ ၆ မျှသာရှိသဖြင့် မိမိအဖို့အပြင်သွားသည့်အခါ သက်သက်သာသာရှိသည်။ ရေကန်များရေခဲနေသည်ကို
မတွေ့ရဘဲမူလပကတိရှိနေသောရေများအတိုင်းသာတွေ့မြင်ရသည်။
 ဖြူဖွေးနေသောငွေနှင်းဖြူများလဲမရှိ၊ လူများလည်း နှင်းဆီးဖိနပ်ကို သီးခြားသုံးစွဲရန်မလိုသဖြင့်ဝန်မလေးတော့ချေ။ လမ်းမချော်စေရန် ဆောင်းရာသီဘီးကိုကားများတွင်ပြောင်းလဲတပ်ဆင်အသုံးပြုကြရသော်လည်း ဖင်လန်ပြည်မှာကဲ့သို့သံခွာတပ်ထားသောဘီးများမဟုတ်ကြပါ။ နှင်းများ၏ပက်ဖျန်းကျီစယ်မှုကို
မခံရသော နယ်သာလန်မှကားများသည် အရောင်တောက်ပနေသည်။ ကားတို့၏မူလအရောင်ဖြင့်တောက်ပြောင်လှပစွာ ပြေးသွားနေသည်များကိုမြင်ရသည်မှာလည်း ခရီးသွားရသတမျိုးကိုခံစားရမိသည်။ နယ်သာလန်၏ ကားလမ်းများသည်လည်း အလွန်ကောင်းမွန်လှသည်။ လမ်းများကကျယ်သည်။ စည်းစနစ်ကျနသည်။ သန့်ရှင်း၍စည်းကမ်းပြည့်ဝမှုကြောင့် သွားလာရသည်မှာလုံခြုံမှုကိုခံစားရသည်။ ရာသီဥတု၏မျက်နှာသာပေးမှုကြောင့် ဆောင်းရာသီနှင့်ပတ်သက်၍စည်ပင်သာယာ၏
ကုန်ကျစားရိတ်မှာ ဖင်လန်ပြည်လောက်မကုန်ကျဘဲသက်သာမည်ဟု ယူဆမိသည်။

သို့သော် ရေနှင့်ပတ်သက်သောစည်ပင်သာယာကုန်ကျစားရိတ်မှာကား ဖင်လန်ပြည်ထက်ပိုလွန်မည်ထင်သည်။ နယ်သာလန်သည် ပင်လယ်ရေပြင်အောက် နိမ့်ကျသောနိုင်ငံဖြစ်သဖြင့် ရေမြှောင်းများ ရေကာတာများ၏သန့်ရှင်းရေးနှင့်
ခိုင်ခံ့ရေးအတွက်အသုံးပြုရသောငွေကြေးသည် စည်ပင်သာယာအတွက်
အတော်ပင်ငွေကုန်ကျစေသည်ဟုသိရသည်။ ပယ်လယ်ရေပြင်အောက်ရောက်နေသော
နိုင်ငံဖြစ်သဖြင့်အံ့သြမိခဲ့သော်လည်း ပို၍အံ့သြရသည့်အရာမှာ ရေမြှောင်းများထဲတွင် ရေဆိုးရေပုပ်များလဲမရှိ၊ အနံ့ဆိုးများ၏တိုးဝှေ့မှုလဲမခံရဘဲ သန့်ရှင်းနေခြင်းသောကြောင့် 
မည်ကဲ့သို့ ရေဆိုးထုတ်သည်ကို မသိရခြင်းဖြစ်သည်။ ရေမြှောင်းများလည်းတောရောမြို့ ပါ အလွန်ပေါများသောနိုင်ငံဖြစ်သည်။ ရေမြှောင်းအများစုသည် ရေစီးနေသည်ကိုမတွေ့ရဘဲ ရေငြိမ်နေသည်ကိုသာတွေ့ရလေသည်။ ဤသည်တို့ကား မိမိအကြမ်းဖျင်းမြင်မိသမျှ နယ်သာလန်နှင့်ဖင်လန်တို့၏ကွာခြားချက်လေးများပင်ဖြစ်သည်။

   (ဆက်လက်ဖေါ်ပြပါမည်)

Monday, January 19, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၂၉ ) " Nice to meet the Netherlands"

ဒီဇင်ဘာလတွင် ဖင်လန်နိုင်ငံမြို့ အသီးသီး၌ရှိကြသော မြန်မာဒကာ ဒကာမများမှပင့်ဖိတ်ကြသဖြင့်
 Vaasa, Kukkola, Mikkeli, Jyvalkyla, Helsinkiမြို့ တို့သို့ကြွရောက်ရသည်။
 ကြွရောက်ခဲ့ရသည့်မြို့ တိုင်းတွင် တရားတော်ကိုလေးလေးနက်နက် မေတ္တာထား၍အကျယ်တဝင့်ဟောကြားပေးခဲ့သည်။ အကြောင်းမှာ ဥရောပတိုင်းပြည်တွင် ရဟန်းတော်များကိုဖူးတွေ့ခွင့်ရဖို့အရေးမှာ (အွန်လိုင်းမှ ဖူးတွေ့ရသည်ကိုမဆိုလို၊ မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းကိုဆိုလိုသည်) အလွန်ခက်ခဲလှသော
အခွင့်ရေးပင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ ထို့ထက် ရဟန်းတော်များနှင့်ရင်းရင်းနှီးနှီး
ထိတွေ့ဆက်ဆံကာ မြတ်ဗုဒ္ဓ၏ဓမ္မအဆီအနှစ်တို့ကို နာကြားနိုင်ဖို့အခွင့်အလမ်းမှာ ပို၍ပင်နည်းပါးလှသောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် လူမှုရေးအရခင်မင်ရင်းနှီးရုံမျှသဘောဖြင့်
 ခပ်ပါးပါးလေးလူမှုဆက်ဆံရေးလုပ်လျှင်ဖြစ်နိုင်သော်လည်းမိမိ၏စိတ်ဆန္ဒအနေဖြင့်
ဤသို့လုံးဝလုပ်၍မရပါ။ မိမိ၏ရင်ထဲမှဆန္ဒအမှန်သည် ဒကာ ဒကာမတို့အား ဓမ္မ၏အနှစ်သာရတို့ကိုတိတိကျကျသိစေချင် နားလည်စေချင်သည်။ 
သို့မှသာ မိမိတို့ကိုးကွယ်ရသောရတနာသုံးပါး၏တန်ဖိုးကိုသိနားလည်မည်။ 
ဓမ္မကိုကျင့်သုံးချင်စိတ်ဖြစ်မည်။

အထူးသဖြင့် ဗုဒ္ဓဘာသာကို ရှေးရိုးရာအစဉ်အလာရလက်ခံကိုးကွယ်ခြင်းသဘောအနေဖြင့် မကိုးကွယ်စေလို၊ မထိန်းသိမ်းစေလိုပါ။ ဓမ္မ၏တန်ဖိုးကိုအမှန်တကယ်သိမြင်၍ 
လိုက်နာကျင့်သုံးကြသော အဆင့်မြင့်ဗုဒ္ဓဘာသာဝင်များဖြစ်စေချင်သည်။ 
သို့မှသာ သာသနာတော်ကိုဓမ္မအသိ ဓမ္မမျက်စိတို့ဖြင့်ထိန်းသိမ်းနိုင်ကြပေမည်။ 
ဒကာ ဒကာမတို့၏ ရေတို ရေရှည် ပစ္စုပ္ဗန် တမလွန်နှစ်တန်ကောင်းကျိုးတို့ဖြစ်ထွန်းနိုင်ပေမည်။ 
ထို့ကြောင့် မေတ္တာရှေ့ ထား၍ အချိန်ယူလျှက် လေးနက်စွာဟောကြားခဲ့ခြင်းဖြစ်သည်။ 
မိမိ၏ မူလအစီအစဉ်တွင် ဤဖင်လန်ပြည်တွင်းခရီးစဉ်များပြီးဆုံးပါက
 ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ရွှေပြည်သို့ပြန်ရန်ဆုံးဖြတ်ထားခဲ့သည်။ 
အကြောင်းမှာ ရွှေပြည်တွင် ပညာရေးမြှင့်တင်မှုများဆောင်ရွက်ရန်အတွက် ကျောင်းဆောက်လုပ်ရေးလုပ်ငန်းများကို စီမံထားခဲ့သည်ဖြစ်ရာ အဆိုပါစီမံချက်များကိုအကောင်အထည်ဖေါ်ဆောင်ရေးအတွက် ရတက်မအေးနိုင်သေးသောကြောင့်ပင်ဖြစ်သည်။ သို့သော် “မကြံစည်ဘဲလည်းဖြစ်တတ်၏” ဟူသောဆိုရိုးစကားအတိုင်းပင် ထင်မှတ်မထားဘဲအခြားနိုင်ငံသို့သွားရောက်ရန် 
အကြောင်းဖန်လာခဲ့သည်။ ၎င်းမှာ နယ်သာလန်နိုင်ငံတွင် သာသနာရေးကိစ္စများ
ဆောင်ရွက်ရန်အတွက် ဦးထွန်းအောင် ဒေါ်အေးအေးစိုးမိသားစုမှပင့်ဖိတ်သဖြင့် ရွှေပြည်သို့ပြန်မည့်ခရီးစဉ်ကိုဖျက်သိမ်းကာ နယ်သာလန်နိုင်ငံသို့ သာသနာပြုဒေသစာရီးကြွဖြစ်ဖို့ရန်အခွင့်ဆိုက်လာခဲ့တော့သည်။

နယ်သာလန်သို့မကြွမီ ဖင်လန်နိုင်ငံမှ ဂေါပကအဖွဲ့ ဝင်များအားစုံညီစွာ
အကြောင်းကြားပြီး ဆွေးနွေးသင့်သည်များကိုဆွေးနွေးတိုင်ပင်ခဲ့သည်။ 
ဖင်လန်နိုင်ငံမှမြန်မာဒကာ ဒကာမများ၏သာသနာကြည်ညိုစိတ်ဖြင့် လိုလေသေးမရှိအောင်စီစဉ်ပေးကြသောကြောင့် နယ်သာလန်သို့ဒေသစာရီ
ခရီးအတွက် အဖက်ဖက်မှအဆင်ပြေခဲ့သည်။ သို့နှင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် 
၉း၃၅ မိနစ်တွင် နယ်သာလန်နိုင်ငံ Amsterdam မြို့ Schiphool အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသို့ဆိုက်ရောက်ခဲ့တော့သည်။ Schiphool အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် ခမ်းနားကြီးကျယ်လှသည်။ နိုင်ငံတကာလေကြောင်းလိုင်းအမျိုးမျိုးမှဆင်းလာသူခရီးသည်များ၊ နိုင်ငံတကာလေကြောင်းလိုင်းအမျိုးမျိုးသို့တက်ရောက်ရန် စစ်ဆေးရေးဂိတ်တွင်စစ်ဆေးခံနေကြသူခရီးသည်များနှင့် လေဆိပ်ဝန်ထမ်းများတို့သည် ပျားပန်းခပ်မျှလှုပ်ရှားသွားလာနေကြသဖြင့် ကြီးမားလှသောလေဆိပ်ကြီးသည် အပြည်ပြည်ဆိုင်ရာမှယဉ်ကျေးမှုများ၊ ဝတ်စားဆင်ယင်မှုများ၊ ကမ္ဘာ့နိုင်ငံများစွာမှရောင်စုံ
 အလွှာစုံ အရွယ်စုံလူမျိုးများတို့ဖြင့်နေရာမလပ်အောင် လူများဖြင့်ပြည့်နေသည်ကို
တွေ့မြင်ရသည့်အခါတွင်ကား အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုတာ ဒါမှအစစ်ပါလား၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟူသော နာမည်ပညတ်တပ်ထားရုံမျှမဟုတ်ပါလား ဟုလည်း ရွှေပြည်မှလေဆိပ်များကိုသတိရရင်း တကိုယ်တည်းတွေးမိသည်။
နေ့စဉ်နေ့စဉ်ဤမျှများပြားသောကမ္ဘာ့ခရီးသည်များ၏တာဝန်ကို စည်းစနစ်ကျနစွာ လုံခြုံစွာ တာဝန်ထမ်းဆောင်ပေးနေရသောနိုင်ငံအဖို့ လေဆိပ်ကြီးတခုတည်းမှ
အလုပ်အကိုင်များစွာကိုဖန်တီးပေးထားနိုင်သည်။ ဤလေဆိပ်ကြီးမှပင် ဒေါ်လာသန်းများစွာကို နိုင်ငံတော်အတွက် နေ့စဉ်ရှာဖွေပေးနေသည်ကို သတိပြုမိသည်။ ထို့ပြင် ရွှေပြည်မှ တကယ်အသက်မဝင်ပါဘဲ နာမည်ပညတ်မျှတံဆိပ်ခပ်နှိပ်ထားသော
အပြည်ပြည်ဆိုင်ရာလေဆိပ်အားလုံးစုပေါင်းလျှင်သော်မှ ဤလေဆိပ်တစ်ခုတည်း၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ နိုင်ငံတကာဝင်ငွေရရှိမှုနှင့်ဝန်ဆောင်မှုအစုစု၏တန်ဖိုးကို မည်သို့မျှမမီနိုင်ဟူသော အချက်ကို အကြမ်းဖျင်းစဉ်းစားရုံမျှဖြင့်သိနိုင်လေသည်။ လေယဉ်ကွင်းအဆောက်အဦးထဲမှ Luggage ရွေးယူရန်လျှောက်လာရင်း မှန်လုံလေဆိပ်ကြီးအတွင်းမှလေယဉ်ကွင်းထဲကိုစောင်းလှည့်ကြည့်လိုက်ရာ နိုင်ငံတကာမှလေယဉ်ကုမ္မဏီမျိုးစုံ၏လေကြောင်းလိုင်းအသီးသီးမှ လေယဉ်များသည် သတ်မှတ်နေရာအလိုက်ရပ်နားထားသည်များကို တွေ့ရသည့်အခါ ငါတို့ရွှေပြည်ကြီးရဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးပဲဖြစ်လိုက်ပါတော့လား ဟု မဖြစ်နိုင်မှန်းသိလျှက်၊ မဟုတ်မှန်းလည်းသိလျှက် လမ်းလျှောက်ရင်းအိပ်မက်အတွေးကိုတွေးမိသည်။

ခရီးသည်များ၏မျက်နှာကိုအကဲခတ်ကြည့်လိုက်တော့ စိုးရိမ်သောကများ
ကင်းဝေး၍အေးချမ်းပျော်ရွှင်နေသောမျက်နှာများကိုသာတွေ့ရသည်။ 
ဒီဇင်ဘာအားလပ်ရက်တွင် လုပ်ငန်းခွင်မှအနားယူ၍ ပျော်ရွှင်လွတ်လပ်စွာ
ခရီးသွားနေကြသည့် နိုင်ငံတကာမှ လူငယ်လူလတ်လူကြီးများနှင့်
ယဉ်ကျေးမှုမျိုးစုံတို့အေးချမ်းစွာ လုံခြုံစွာ ပျော်ရွှင်စွာ သဟဇာတဖြစ်စွာ
 ရောနှောနေပုံကိုကြည့်၍ “မိမိတို့ရွှေပြည်အား အားမလိုအားမရစိတ်ထားဖြင့်” သတိရမိသည်။ အမည်နာမဖေါ်မပြနိုင်သောတစုံတဦးကိုမကျေနပ်သလိုလည်းခံစားရမိသည်။
 ရွှေပြည်ကြီးသည် တစုံတခုမှားနေသည်မှာတော့ သေချာနေပြီဆိုတာ မစဉ်းစားဘဲအလိုလိုနားလည်လောက်သည်အထိထင်ရှားနေသည်။ 
Luggage ကိုရွေး၍လေဆိပ်အပြင်သို့ထွက်လိုက်သောအခါ ဖေါ်ရွေသောမျက်နှာထားဖြင့်
အသင့်စောင့်ကြိုနေသော ဒကာကိုထွန်းအောင်နှင့်ဒကာစက်မျိုးဦး
တို့နှစ်ဦးသားကိုတွေ့ရသည်။နယ်သာလန်လေကို စတင်ရှုရှိုက်ရဖူးသောနေ့ဖြစ်ပြီး
နယ်သာလန်မြေကိုလည်းစတင်ခြေချဖူးသည့်ပထမဆုံးနေ့ဖြစ်သည်။
 သဘာဝပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ ယေဘုယျအားဖြင့်
ဖွံ့ဖြိုးပြီးနိုင်ငံချင်းတူနေသဖြင့် သိသာခြားနားစွာကွဲပြားမှုကိုကားမတွေ့ရပါ။ 
သို့သော် နယ်သာလန်မှာကား လူဦးရေထူထပ်ပြီး ဖင်လန်မှာကား လူဦးရေးနဲပါးသည်ကို 
ဘတ်စ်ကားများ လမ်းပေါ်တွင်ဥဒဟိုသွားလာနေသောကားများနှင့်လှုပ်ရှားသွားလာနေသော

လူများကိုကြည့်၍ အလွယ်တကူပင်သိနိုင်လေသည်။ လူဦးရေထူထပ်ပြီး
ကားအသွားအလာများသော်လည်း လေထုညစ်ညမ်းမှုမရှိဘဲ သန့်စင်နေသော နယ်သာလန်လေကိုတဝကြီးရှုရှိုက်ပစ်လိုက်သည်။ “ Nice to meet The Netherlands ” 
ဟုလည်း တကိုယ်တည်းနှုတ်ဆိတ်လျှက် စိတ်ထဲကနှုတ်ဆက်လိုက်သည်။ 
(ဆက်လက်ဖေါ်ပြပါမည်)

Sunday, January 18, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၂၈) ရွှေပြည်မှ ပြည့်ဝသောအမျိုးသမီးအခွင့်အရေး

နောက်တခုသိချင်တာက “မိသားစုတွင်းမှာ အိမ်ထောင်ရှင်အမျိုးသမီးက ငွေကိုထိန်းသိမ်းကိုင်တွယ်တာမျိုးရောရှိလား” ဆိုတော့ “မရှိဘူး” 
ဟုဖြေဆိုကြသည်။ “အေး အဲဒီအချက်မှာတော့ ငါတို့မြန်မာ့ယဉ်ကျေးမှုနဲ့ကွာခြားသွားတယ်။ ငါတို့ယဉ်ကျေးမှုမှာ အမျိုးသမီးဟာအိမ်ထောင်စုမှာ အာဏာအများဆုံးကိုင်တွယ်ရသူဖြစ်တယ်။ ယောက်ျားတယောက်ဟာ စီးပွါးရေးမှာဘယ်လောက်ပဲ အောင်မြင်ကျော်ကြားသူဖြစ်စေ
 ဒါမှမဟုတ် နိုင်ငံရေးမှာဘယ်လောက်ပဲအောင်မြင်နေပါစေ သူရရှိလာတဲ့ငွေကြေးကို ဇနီးမယားအထံမှာအကုန်လုံးအပ်နှံကြရတယ်။ ဇနီးမယားကသာထိန်းသိမ်းတယ်။ သားသမီးတွေရဲ့ကျောင်းပညာရေးမှာလဲအမျိုးသမီးကစီမံခန့်ခွဲတယ်။ လူမှုရေးတွေ ဘာသာရေးအလှုအတန်းတွေ နှစ်ဖက်မိဘတွေ ဆွေမျိုးတွေကိုပေးကမ်းဝေငှတာတွေ စတဲ့အရာတွေအားလုံးကို ပဓာနအားဖြင့်အမျိုးသမီးက စီမံခန့်ခွဲတာများတယ်။ အမျိုးသမီးကဒီလိုစီမံခန့်ခွဲတာကို အမျိုးသားကကန့်ကွက်တာရယ်လို့ သိပ်မရှိပါဘူး။ လိုက်လျောပေးတာပဲများကြပါတယ်။ အမျိုးသားကတော့ လုပ်ငန်းခွင်မှာငွေထွက်ရှာဖို့လောက်သာအဓိကအားထားသူဖြစ်တယ်” 
ဟုမိမိကပြောပြလိုက်သည်။ သင်တန်းသားများက ထိုစကားများကိုနားထောင်လျှက် မည်သို့မျှခွန်းတုန့်မပြန်ဘဲ စူးရှသောမျက်လုံးများဖြင့် ကြည့်နေကြသည်ကို 
သတိပြုမိသည်။ သို့သော် ခဏကြာသည့်အခါ 
အမျိုးသမီးကြီးတယောက်ကပြောသည် “ကောင်းတယ် အဲဒါကောင်းတယ်” တဲ့။

နောက်အမျိုးသမီးတယောက်ကဤသို့ပြောပြန်သည်။ “မင်းတို့နိုင်ငံမှာ 
အမျိုးသမီးအခွင့်အရေးနဲတယ်လို့ သိထားရတယ်။ မင်းပြောတာနဲ့ကွဲပြားနေတယ်” တဲ့။ သို့နှင့်မိမိကပြောပြလိုက်သည်။ အေး အဲဒီလိုမင်းသိထားတဲ့အရာဟာ တကယ့်ဖြစ်စဉ်နဲ့တော့ကွာဟနေတယ်။ မင်းတို့ကငါတို့ယဉ်ကျေးမှုနဲ့ အနီးကပ်မနေဘူးတော့ တိတိကျကျသိနိုင်မယ်မဟုတ်ဘူး။ မီဒီယာတွေကလဲ အမျိုးမျိုးရှိတယ်၊ 
အဖွဲ့ အစည်းတွေကလဲအမျိုးမျိုးရှိနေတော့ မင်းတို့ဒီလိုမှားယွင်းစွာကြားသိထားရတာလဲ
မဆန်းပါဘူး။ ငါ့အမြင်မှာတော့ ငါတို့နိုင်ငံကအမျိုးသမီးတွေဟာ ကမ္ဘာမှာအမျိုးသမီးအခွင့်အရေးအပြည့်ဝဆုံးရရှိထားကြသူတွေဖြစ်တယ်။ 
ဒါ့အပြင် မိသားစုအာဏာကိုအများဆုံးပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်” ဟု ပြောပြလိုက်သည်။

မိမိကပင်ဆက်လက်၍ ဤသို့မနားတမ်းပြောပြလိုက်သည်။ 
ဘာဖြစ်လို့ဒီစကားကိုငါပြောနိုင်တာလဲဆိုတော့ မိသားစုတွင်းမှာငွေကြေးကို
အမျိုးသမီးကထိန်းသိမ်းတယ်။ မိသားစုရဲ့နေ့စဉ်စားဝတ်နေရေးကို 
အမျိုးသမီးကပဲနေ့စဉ်စီမံကွပ်ကဲတယ်။ သားသမီးတွေရဲ့ပညာရေးအသုံးစားရိတ်ကိုလဲ အမျိုးသမီးကပဲအဓိကအားဖြင့် အနီးကပ်စီမံတာပဲဖြစ်တယ်။ 
ဘာသာရေးအတွက်အလှုလုပ်မယ်ဆိုလဲ အမျိုးသမီးရဲ့ဆုံးဖြတ်ချက်ဟာအဓိကကျတယ်။ 
အမျိုးသမီးလှုရင် ကန့်ကွက်တဲ့အမျိုးသားက နဲပါးပါတယ်။ အသင်းအဖွဲ့ တွေအတွက် ထည့်ဝင်ရမယ့်ငွေကိုလဲ အမျိုးသမီးက သူကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ 
ထည့်ဝင်လိုက်တာပါပဲ။ နောက်ပြီး လူမှုဆက်ဆံရေးမှာ အိမ်ထောင်ရှင်မရဲ့ဆက်ဆံရေးအပြုံးဟာ အလွန်တန်ဖိုးကြီးသလို ဧည့်ဝတ်ပြုစုမှုနဲ့ဧည့်ဝတ်ကျေပွန်မှုဟာ 
အလွန်အရေးပါတဲ့အချက်ဖြစ်တယ်။

နောက်ပြီးတော့ သမီးတွေ အမတွေ နှမတွေဟာလဲ အဖေ အကို
 မောင်တို့ရဲ့တန်ဖိုးထားမှုနဲ့ ကာကွယ်ပေးမှုကိုအပြည့်အဝရရှိကြတယ်။ 
ဥပမာဆိုပါတော့… အခြားယောက်ျားတယောက်က ၁၈ နှစ်ပြည့်ပြီဆိုတဲ့ 
ဥပဒေနဲ့ ငါတို့ရဲ့အိမ်ကိုလာပြီးတော့ ငါတို့ အမတွေ နှမတွေနဲ့ Living together နေခွင့်မရှိဘူး။ အိမ်မှာအဲဒီလိုနေဖို့ဆိုတာထားလိုက်အုံး၊ စကားလုံးနဲ့ထိပါးရင်တောင်ငါတို့ကလက်မခံဘူး။ 
လက်မထပ်ဘဲ အိမ်မှာလာပြီးအတူနေတဲ့ လစ်ဗင်းတူဂဲသား စနစ်ကိုငါတို့လက်မခံဘူး။ ငါတို့အမျိုးသမီးတွေကို ငါတို့ကအဲလိုကာကွယ်တယ်။ တန်ဖိုးထားတယ်။ 
ငါတို့ရဲ့ အမတွေနှမတွေကလဲ မိသားစုတွင်းမှာစည်းကမ်းပြည့်ဝသူတွေဖြစ်ကြတယ်။ မိသားစုကိုချစ်ခင်ပြီးတော့ မိဘကျေးဇူးတရားကိုနားလည်သူတွေဖြစ်ကြတယ်။ ၁၈ နှစ်ပြည့်ပြီဆိုတဲ့အကြောင်းပြချက်နဲ့ မိသားစုတွင်းမှာမဖွယ်မရာတွေမလုပ်ကြဘူး။ ဒါကြောင့်လဲ ငါတို့ကတန်ဖိုးထားကြတယ်။

ငါပြောချင်တာက ငါတို့ဆီမှာ အမျိုးသမီးဂုဏ်သိက္ခာနဲ့အမျိုးသမီးတန်ဖိုးတွေအပြည့်အဝ
ရရှိကြပါတယ်။ အမျိုးသမီးအခွင့်အရေးလဲ လုံးဝအပြည့်အဝရှိပါတယ် လို့ပြောချင်တာ။ 
ငါတို့ရဲ့အမေကိုလဲ ဘုရားကိုရှိခိုးသလိုရှိခိုးတယ်။ မိဘကျေးဇူးကိုအားလုံးကလက်ခံ
နားလည်ကြတယ်။ အမျိုးသမီးတွေအားလုံးတန်းတူပညာသင်ခွင့်တွေလဲရတယ်။ အားလုံးဟာအမျိုးသားတွေနဲ့တန်းတူရင်ဘောင်တန်းလုပ်ကိုင်နေကြပါတယ်။ ယဉ်ကျေးမှုဘောင်ကိုကျော်လွန်ပြီးတော့ စိတ်ဆန္ဒရှိတိုင်းထင်ရာစိုင်းလို့မရတဲ့အတွက်ကြောင့် လူ့အခွင့်အရေးမရှိဘူးဆိုပြီးတော့ ပြောလို့မရဘူး။ အဲဒီလိုတဖက်သတ်စွပ်စွဲလို့မရနိုင်ဘူး။
 နိုင်ငံတိုင်းမှာ သက်ဆိုင်ရာယဉ်ကျေးမှုဘောင်ကိုလိုက်နာရတာချည်းပဲ။ 
ကုန်ကုန်ပြောရရင် ငါတို့အမျိုးသမီးတယောက်ဟာ အိမ်ထောင်ပြုတဲ့အခါ လင်ယောကျာ်းဘက်ကမျိုးရိုးနာမည်ကိုတောင် ထည့်သုံးစရာမလိုဘူး။ 
ကိုယ့်မိဘကပေးလိုက်တဲ့ မူရင်းနာမည်ကိုပဲ မပြောင်းလဲဘဲတသက်လုံး သုံးစွဲတယ်။ ဒီလောက်အထိလွပ်လပ်ပါတယ်။ အခွင့်အရေးပြည့်ဝပါတယ်။ 
ဒီလိုအခွင့်အရေးမျိုးရတဲ့နိုင်ငံဟာ ကမ္ဘာမှာအလွန်ရှားပါတယ်။ 
ဤသို့ မိမိက စိတ်ထဲရှိသမျှဖွင့်ထုတ်ပြလိုက်သည်။

မိမိကဤသို့ပြောပြလိုက်တော့ သူတို့ဘာမှမပြောကြပဲ ပါးစပ်အဟောင်းသားနှင့်နှုတ်
ဆိတ်နေကြလေသည်။ ၎င်းနောက် ဆရာနှင့်တပည့်အကြားမှဆက်ဆံရေး ကျင့်ဝတ်အသီးသီးများ၊ နောက်နေ့များတွင် မိတ်ဆွေအပေါင်းအသင်းများ၏ အချင်းချင်းဆက်ဆံရေးကျင့်ဝတ်များ
အကြောင်းတို့ကို ပို့ချဖြစ်ဆွေးနွေးဖြစ်သည်။ ဤအကြောင်းအရာများကိုဆွေးနွေးသောအခါတွင်
လည်း စိတ်ဝင်စားဖွယ်ရာ သုတအဖြာဖြာများပြည့်နှက်လျှက် အရာရာသည်အဖုအထစ်မရှိဘဲအဆင်ချောခဲ့သည်။ 

ထို့နောက် ဒီဇင်ဘာလတွင်သင်တန်းများပို့ချမှုအတွက် ရက်မသေချာကြောင်း မိမိမှာသွားလာစရာခရီးများရှိနေကြောင်း မိမိ၏ခရီးစဉ်များကိုတိတိကျသတ်မှတ်ပြီးသောအခါ နောက်ရက်များတွင်ခရီးစဉ်အတွက်အကြောင်းပြန်မည်ဖြစ်ကြောင်းပြောကြားကာ 
သင်တန်းရပ်နားခဲ့သည်။ မိမိခရီးစဉ်များကိုစီစဉ်ပြီးသောအခါတွင်ကား 
အားလပ်ရက်မရှိတော့သဖြင့် ဒီဇင်ဘာလတွင်သင်တန်းမပို့ချနိုင်တော့ကြောင်း မိမိကအကြောင်းပြန်လိုက်သည်။ သူတို့လည်း အားလပ်ရက်ခရီးထွက်လိုကြသဖြင့် တိုက်ဆိုင်စွာပင်သဘောတူကျေနပ်ကြလျှက် သင်တန်းကိုခေတ္တရပ်ဆိုင်းလိုက်သည်။
 သို့ဖြင့် ၂၀၁၄ ခုနှစ်အတွက် Buddhism and Abbhidhamma course ကို
အဆုံးသတ်လိုက်ရတော့သည်။ ၂၀၁၅ ခုနှစ် မိမိမြန်မာပြည်မှပြန်လာသည့်အခါတွင်မှသာ သင်တန်းကိုပြန်လည်စတင်ရန် ဖုန်းနှင့်အီးမေးလ်တို့ဖြင့်ဆွေးနွေးကာဆုံးဖြတ်ခဲ့ကြသည်။
 ( ဆက်လက်ဖေါ်ပြပါမည်)


***ဓမ္မမိတ်ဆွေများ၏အမှာစကား***