Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Friday, January 16, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၂၇) ဖင်းလူမျိုးတို့၏ ရင်ဖွင့်ချက်

သူမ၏အမေးကိုဖြေပြီးသောအခါ မိမိကသူတို့အားသိလိုသည့်အရာများကို
ဤသို့တောင်းဆိုခဲ့သည်။“မင်းတို့ နိုင်ငံကစုံတွဲမောင်နှံတွေရဲ့အကြောင်းတွေကို
 သိချင်တယ်။ နောက်ပြီးတော့ လူတွေလက်ရှိတွေ့ကြုံဖြစ်ပျက်နေတဲ့
 နေ့စဉ်ဘဝအခြေအနေတွေလဲသိချင်တယ်။ ပြောပြပေးပါ ” ဟုတောင်းဆို
လိုက်သည်။ ထိုစဉ်အမျိုးသားတယောက်က နာရီကိုကြည့်၍ “ဆွမ်းစားချိန်နီးပြီ၊ 
ဆွမ်းဆိုင်ရောက်မှပဲ ဆွမ်းစားပြီးကော်ဖီသောက်ရင်း ပြောပြမယ်” ဟုဆိုလာသည်။ သို့နှင့်နေ့ဆွမ်းစားရန်အတွက် အပြင်ထွက်ခဲ့ကြတော့သည်။ 
လမ်းရောက်တော့ “အရှင်ဘုရားကိုအာရှဆိုင်မှာဆွမ်းကပ်မယ်။ နီပေါဆိုင်ကိုသွားကြမယ်။ နီပေါအစားအစာသိပ်ကောင်းတယ်။ နီပေါအစားအစာကိုကြိုက်လား” 
ဟုမေးလာသည်။ မိမိကလည်း “အဆိပ်မဖြစ်သောအစားအစာမှန်သမျှ
 ကြိုက်တာတွေပဲများပါတယ်” ဟုပြောလိုက်သည်။ နီပေါဆိုင်သို့ရောက်ကြသည့်အခါ 
အစားအစားများမှာထားဆဲအချိန်တွင် မိမိကသိလိုသည့်မေးခွန်းများဖြေကြားပေးရန်
တောင်းဆိုလိုက်သည်။

သူတို့ပြောသမျှကို စာရေး၍မှတ်ထားလိုက်ရာ အချက် ၁၁ ချက်မျှရှိသည်။
 ပြောသမျှကိုရေးမှတ်ပြီးသောအခါ မှာထားသည့်နီပေါအစားအစာများရောက်လာသည်။ အိန္ဒိယတွင်နေထိုင်ကာပညာသင်လာခဲ့သောမိမိအဖို့ နီပေါအစားအစာသည်
 ရင်းနှီးပြီးသားပင်ဖြစ်နေလေပြီ။ ထိုစဉ်ခဏဝယ် နီပေါနိုင်ငံ 
ခတ္တမန္ဒူမြို့ တော်သို့ရောက်ခဲ့စဉ်က မြန်မာဟင်းချိုမှာစားခဲ့ဖူးသည်ကိုသတိရမိသည်။ ကြီးမားလှသောစားသောက်ဆိုင်ကြီးထဲသို့ဝင်ရောက်ပြီးနောက် ရနိုင်သည့်အစားအစာ စာရင်းကိုကြည့်လိုက်သည့်အခါ မြန်မာဟင်းချိုဟူသောနာမည်ကိုတွေ့လိုက်သည်။ 
သို့နှင့် မြန်မာလက်ရာနှင့်အရသာအတိုင်းတကယ်ဟုတ် မဟုတ်သိလိုသဖြင့်မှာလိုက်သည်။ ဟင်းချိုကိုသောက်ကြည့်လိုက်သည့်အခါ အမှန်ပင်မြန်မာဟင်းချို၏
အရသာကိုတွေ့ထိရသဖြင့်အံ့သြခဲ့ဖူးသည်။ယခုဆိုင်တွင်ကား
 နီပေါအစားအစာသက်သက်သာလျှင်ရနိုင်လေသည်။ 
ယခုတော့ သူတို့ပြောသမျှကိုရေးမှတ်ထားသောစာရွက်မှာ 
ဘယ်ရောက်သွားသည်မသိတော့ဘဲ ကြက်ပျောက်ငှက်ပျောက်ပျောက်ဆုံးသွားတော့သည်။ 
သို့ဖြစ်၍ ဤနေရာ၌ မိမိမှတ်မိသမျှကိုသာရေးသားပါမည်။

သူတို့ပြောပြသည်များမှာ 
၁။ ဖင်လန်နိုင်ငံတွင် လင်မယားကွာရှင်းမှုတွေများလာနေတယ်
၂။ အလုပ်လက်မဲ့တွေတိုးလာနေတယ်
၃။ ပညာတတ်အလုပ်လက်မဲ့များလည်း တိုးလာနေတယ်
၎။ လူတွေမှာ စိတ်ဖိစီးမှုတွေများလာနေတယ် မပျော်ရွှင်ကြဘူး
၅။ သက်ကြီးရွယ်အိုတွေမှာ စိတ်အလိုမကျမှုတွေဖြစ်နေကြတယ်
၆။ လုပ်ငန်းခွင်မှာ အထက်လူကြီးရဲ့ဖိအားကြောင့် ပျော်ရွှင်မှုနဲလာတယ် စသည်ဖြင့်ပွင့်လင်းစွာ ရင်ဖွင့်ကြသည်။အထက်ပါအချက်တို့တွင် ပို့ချဆဲဖြစ်သော
 အကြောင်းအရာနှင့်ဆက်စပ်နေသည့် “ လင်မယားကွာရှင်းမှုတွေများလာနေတယ်” ဆိုသောအချက်ကိုဆွေးနွေးချင်စိတ်ဖြစ်လာသည်။ သို့ဖြစ်၍ မိမိက
 “ကွာရှင်းမှုတွေများလာရတာ ဘာကြောင့်လို့မင်းတို့ထင်လဲ” ဟု မေးလိုက်သည့်အခါ
 “မသိဘူး၊ သူများမိသာစုအရေးကို ငါတို့မသိဘူးလေ” ဟုဆိုလေသည်။ 
သို့နှင့် ဆွမ်းကိစ္စပြီးသဖြင့် သင်တန်းဌာနသို့ပြန်လာခဲ့ကြသည်။

သင်တန်းဌာနသို့ပြန်ရောက်၍ ခေတ္တအနားယူပြီးနောက် အချိန်စေ့ရောက်သဖြင့်သင်တန်းကိုပြန်လည်စတင်သည့်အခါ
 မိမိကမေးလိုက်သည်။ “ငါပြောပြခဲ့တဲ့ အချက်ငါးချက်ကိုမင်းတို့နိုင်ငံမှာကျင့်သုံးကြသလား” 
ဆိုတော့ “ငါတို့က ကြားတောင် မကြားဖူးဘူး” ဟုဆိုလေသည်။ 
“ဇနီးမောင်နှံနှစ်ယောက်ဟာ အထက်ပါအချက်ငါးချက်ကိုသာတကယ်ကျင့်သုံးကြရင် ကွာရှင်းမှုဆိုတာမဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင် အနည်းအကျဉ်းပဲဖြစ်မှာပါ” ဟု မိမိ၏ယူဆချက်ကိုပြောပြသည့်အခါ သူတို့က ခေါင်းညိတ်ပြလျှက် အချို့ က ပြုံးပြလျှက် သဘောတူကြောင်းတုန့်ပြန်ကြသည်ကိုတွေ့ရလေသည်။ “ဒါနဲ့ မင်းတို့မိသားစုဘဝတွေမှာ ငွေကိုဘယ်သူကကိုင်သလဲ” ဟု ရုတ်ခြည်းပေါ်လာသောမေးခွန်းကိုမေးလိုက်သည်။ “ငွေကိုသီးခြားထိန်းသိမ်းကိုင်တွယ်သူတော့မရှိပါဘူး။ ကိုယ့်လစာက 
ကိုယ့်ဘဏ်ကဒ်ထဲကိုဝင်လာတယ်။ ကိုယ့်ဖာသာကိုယ်သုံးချင်တာသုံးတယ်။ ဒါပေမယ့် အိမ်အတွက်တခုခုဝယ်မယ် သုံးစွဲမယ်ဆိုရင်တော့ ဥပမာ ကားဝယ်မယ်ဆိုရင်ပေါ့လေ နှစ်ယောက်သားတိုင်ပင်ကြပါတယ်” ဟုဖြေလေသည်။ သို့နှင့်မိမိကပင် နောက်ထပ်မေးခွန်းတခုဖြင့်ထပ်ဆင့်၍ပစ်သွင်းလိုက်ပြန်သည်။ 

( ဆက်လက်ဖေါ်ပြပါမည်)

Thursday, January 15, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၂၆) စံပြအိမ်ထောင်ရေးတရား

ပို့ချမှုများစတင်သောအခါ လင့်ကျင့်ဝတ်ငါးပါးနှင့်မယားကျင့်ဝတ်ငါးပါး နှစ်ရပ်ပေါင်း
ဆယ်ပါးကို ဖြေးဖြေးမှန်မှန် တချက်ချင်းပြောပြလိုက်သည်။ 
“ ဒီကျင့်ဝတ်ဆယ်ပါးဟာ မင်းတို့တသက်တာအတွက်နေ့စဉ်ဖြည့်ဆည်းဖို့ တင်းကျပ်များပြားသောဥပဒေတွေဖြစ်တယ်လို့ မင်းတို့တွေးထင်ကောင်း
ထင်ဖွယ်ရာရှိတယ်၊ တကယ်တော့ တူရာကိုချုပ်လိုက်ရင် ငါးချက်ပဲရှိပါတယ်” ။ 
အဲဒါတွေကတော့ 
၁။ Mutual understanding အပြန်အလှန်နားလည်မှု
၂။ Mutual highly esteem အပြန်အလှန် အမှန်ချစ်မြတ်နိုးမှု
၃။ Mutual loyalty အပြန်အလှန်သစ္စာရှိမှု
၎။ Mutual belief အပြန်အလှန်ယုံကြည်မှု
၅။ Mutual respect and valuation အပြန်အလှန်လေးစား တန်ဖိုးထားမှုဆိုတဲ့ အချက်ငါးချက်ပဲဖြစ်တယ်။ ဒီအချက်ငါးချက်ကို လက်တွေ့ကျကျကျင့်သုံးရင် ပျော်ရွှင်ကျေနပ်စရာဖြစ်တဲ့စံပြအိမ်ထောင်ရေးဘဝ၊ စံပြမိသားစုဖြစ်လာနိုင်မှာဖြစ်တယ်။ မိမိကပြောဟောရင်းဖြင့် ဤအချက်များကိုဝှိုက်ဘုတ်တွင်ရေးချပြလိုက်သည်။ သင်တန်းသားတို့လေးလေးနက်နက်စိတ်ဝင်စားစွာရေးမှတ်ကြသည်ကိုတွေ့ရသဖြင့် ဝမ်းသာမိသည်။ ထို့ထက်အမှန်တကယ်လက်တွေ့ကျအောင်ကျင့်ကြလျှင်မူကား အားလုံးအတွက် ပို၍ဝမ်းသာဖွယ်ရာပင်ဖြစ်ပေလိမ့်မည်။

မိမိကပင်ဆက်လက်၍ “နောက်ပြီးတော့ ဒီငါးချက်ကိုထပ်ပြီးချုပ်လိုက်ရင်
Civilized and disciplinary heart ယဉ်ကျေးသိမ်မွေ့ပြီးစည်းကမ်းပြည့်ဝ
သောနှလုံးသားရှိဖို့သာဖြစ်တယ်။ ဒီတချက်သာအဓိကဖြစ်တယ်။ 
ဒီအချက်ဟာ internal condition of mind between husband and wife ( ဇနီးမောင်နှံနှစ်ယောက်အကြားကအတွင်းစိတ်အခြေအနေ) ဖြစ်တယ်။ 
ဒီသင်ကြားချက်တွေဟာ ဇနီးမောင်နှံတွေအတွက် တင်းကျပ်တဲ့
အမိန့်တွေဖြစ်နိုင်သလား သို့မဟုတ် ပြည်လည်အယူခံခွင့်မရှိတော့တဲ့ တချက်လွတ်အမိန့် ဗီတိုအာဏာဖြစ်သလား ” လို့ မိမိကမေးးခွန်းထုတ်လိုက်သည်။ ထိုသို့မေးလိုက်သည်အခါ 
အချို့ က “ ဒီစည်းကမ်းတွေဟာ ဖြစ်သင့် ရှိသင့်တဲ့စည်းကမ်းများဖြစ်တယ်” တဲ့။ 
အချို့ က “ ငါတို့သေသေချာချာ မစဉ်းစားမိသေးဘူး ” ဟု တုန့်ပြန်ကြသည်။

ထိုစဉ် မိမိကပင်ဆက်ဆက်၍ “အေး ဟုတ်တယ်။ တကယ်တော့ မြတ်ဗုဒ္ဓက
ဘယ်သူ့ကိုမှ ခက်ခဲအောင် နစ်နာသွားအောင်တဖက်သတ်
အမိန့်အာဏာသက်ရောက်တဲ့ ဥပဒေမျိုး ညွှန်ကြားချက်မျိုးကို မချမှတ်ခဲ့ဘူး။ တကယ်လို့ချမှတ်တယ်ဆိုရင်တောင် လောကအတွက် ငြင်းချက်ထုတ်မရလောက်အောင်မရှိမဖြစ်လိုအပ်တဲ့စဉ်းမျဉ်းဖြစ်လို့သာလျှင်
ချမှတ်တာဖြစ်တယ်။ ဒီကျင့်ဝတ်တွေဟာ မင်းတို့ယဉ်ကျေးမှုအတွက် အခက်ခဲတွေရှိလား၊ မင်းတို့နေ့စဉ်ဘဝအတွက် အဖုအထစ်တွေဖြစ်စေသလား၊ အထူးသဖြင့်
လူ့အခွင့်အရေးနဲ့ငြိစွန်းသလား” ဟု မိမိကတဲ့တဲ့ပင်မေးလိုက်သည်။ 
ဤသို့မေးသည့်အခါ “ငါတို့ယဉ်ကျေးမှုအသိုင်းအဝန်းတွင်သာမဟုတ်၊ 
တကမ္ဘာလုံးမှလူတွေအားလုံးသိသင့်တဲ့တရားပါ” ဟု အမျိုးသားတယောက်ကထောက်ခံလာသည်။

ထိုစဉ် အမျိုးသမီးတယောက်မှ လက်ထောင်ပြလာသည်။ မေးခွန်းတခုမေးပါရစေ
 ဟုလည်းဆိုလာသည်။ မိမိက အပြုံးဖြင့်ကြိုဆိုလိုက်ရာ သူမက ဤသို့မေးလေသည်။
 “တကယ်လို့ လူတယောက်ဟာ ပထမဦးဆုံးချစ်ခဲ့တဲ့ ချစ်သူရှိခဲ့မယ်။ 
တကယ်လဲချစ်တယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာအိမ်ထောင်ပြုရတော့ ဒုတိယချစ်တဲ့သူနဲ့အိမ်ထောင်ပြုလိုက်တယ်။ ချစ်ဦးသူနဲ့ပြန်လည်ဆုံတွေ့တဲ့အခါ သူနဲ့အတူစားသောက်ဖြစ်ကြတယ်။ တွဲကဖြစ်ကြတယ်။ ပျော်လဲပျော်ကြတယ်။ 
ဒါဆိုရင် အိမ်ထောင်ရေးစည်းကမ်းဖောက်ဖျက်ရာရောက်သလား” တဲ့။ “ဘယ်အတိုင်းအတာထိရောက်အောင်ပျော်ကြသလဲ” လို့ မိမိကပြန်မေးလိုက်တော့ “ ခုအရှင်ဘုရားကိုပြောလိုက်တဲ့အထိပါပဲ။ ဒီလောက်ပါပဲ” တဲ့။ 

သို့နှင့်မိမိက ဤသို့ပြောပြလိုက်သည်။ “မင်းတို့ယဉ်ကျေးမှုမှာ 
ဘီယာအတူသောက်ပြီးတွဲကတာ အတူတူစားသောက်ကြတာ
 ပျော်ရွှင်ကြတာကို စည်းကမ်းဖေါက်ဖျက်မှု ရိုင်းပြမှုလို့ ယူဆထားတာမရှိဘူး။ 
အားလုံးကလဲ လက်ခံထားတဲ့ယဉ်ကျေးမှုဖြစ်တယ်။ နားလည်ပေးကြတယ်။ 
ဒါကြောင့် ဒါဟာအိမ်ထောင်ရေးစည်းကမ်းကိုဖေါက်ဖျက်ရာ မရောက်ပါဘူး၊ 
မင်းတို့ကိုငါပြောခဲ့တာပဲ။ ဒီစည်းမျဉ်းတွေဟာ လူမှုအဖွဲ့ အစည်းကြီးရဲ့ ခေတ်ကာလအပြောင်းအလဲနဲ့အညီကျင့်သုံးနိုင်တဲ့စည်းကမ်းများဖြစ်တယ်။ 
မုချအမှန်တရားပရမတ္ထမဟုတ်ဘူး။ နေ့လည်ပိုင်းမှာ မင်းတို့သင်နေတဲ့
အဘိဓမ္မာသဘောတရားတွေလိုမပြောင်းလဲဘဲအမြဲမှန်ကန်နေတဲ့
တရားတွေမဟုတ်ဘူး” ဟု ဖြေကြားခဲ့သည်။ 

(ဆက်လက်ဖေါ်ပြပါမည်)

Wednesday, January 14, 2015

ဒိုင်ယာရီအပိုင်းအစလေးများ (၂၅) ပြောင်းလဲကျင့်သုံးနိုင်သောတရား



အဘိဓမ္မာသင်တန်းနှင့်ပတ်သက်သောအတွေ့အကြုံများကိုအသေးစိတ်ရေးမည်ဟု
စိတ်ကူးရှိခဲ့သော်လည်း နိုဝင်ဘာလတွင်ပို့ချခဲ့သောအတွေ့အကြုံများကိုကား 
အသေးမစိတ်နိုင်တော့။ အကြောင်းမှာ အတွေ့အကြုံများကိုမှတ်စုရေးမထားမိခြင်းနှင့်
ချက်ချင်းမရေးဖြစ်သည့်အတွက်ရေးစရာအချက်အလက်များ ကြက်ပျောက်ငှက်ပျောက် မေ့ပျောက်ကုန်ကြသောကြောင့်ပင်ဖြစ်သည်။
အနည်းငယ်မှတ်မိသည့်အရာများမှာ စေတသိက်ပိုင်းမှစေတသိက်တလုံးချင်းစီ၏
အဓိပ္ဗါယ်ကိုလက်တွေ့ကျသောဥပမာများပေး၍ရှင်းပြခဲ့သဖြင့် 
သင်တန်းသားတို့လွယ်ကူစွာနားလည်ကြပြီးလျှင်
 “နေ့စဉ်ဘဝ အသုံးချအဘိဓမ္မာ” အနေထားမျိုးသို့သက်ရောက်သွားခဲ့သည်။

မိမိကိုယ်တိုင်သည်လည်းပို့ချရင်းဖြင့် ကိုယ်ပိုင်နေ့စဉ်ဘဝကိုပြန်လည်၍ 
အသေးစိတ်ကြည့်ဖြစ်ကာ ဆန်းစစ်သည့်အချိန်များတိုးလာသည်။ 
ဆန်းစစ်မိတိုင်း မိမိစိတ်ထား၏အားသာချက်များနှင့်အားနဲချက်များ၊
 အကောင်းနှင့်အဆိုးဒွန်တွဲနေမှုများကို အရင်ထက်ပို၍သိမြင်လာရသည်။ အားသာချက်နှင့်ကောင်းကွက်များကိုတွေ့မြင်ရသည့်အခါ ကျေနပ်မှုကိုခံစားရသည်။ ထို့ပြင်မိမိဘဝမှာအကောင်းဆုံးဖြစ်အောင် တသက်တာပြုပြင်နေထိုင်ခဲ့သော်လည်း ပြုပြင်စရာများစွာရှိသေးကြောင်း အရင်ထက်ပို၍သတိကောင်းကောင်းပြုမိလာသည်။
အထူးသဖြင့် “ကိလေသာရှိနေသောလူသားတယောက်အနေဖြင့် မဆုံးနိုင်သေးသောပြုပြင်စရာများစွာကိုပြုပြင်ရပေအုံးမည်” ဟု
ရိုးသားစွာနားလည်မိသည်။ “ရဟန္တာမဖြစ်သေးသမျှ ပြုပြင်စရာများမဆုံးသေး” 
ဟုလည်းဓမ္မနည်းလမ်းကျစွာကောက်ချက်ချမိသည်။ 
ထို့ကြောင့် အမြဲတန်းဖြူစင်သန့်ရှင်းသော အေးချမ်းသောစိတ်ထားပိုင်ရှင်တယောက်
 ဖြစ်ချင်သည်ထက်ဖြစ်ချင်လာသည်။ ဖြစ်အောင်လည်း(အများကြီးမစွမ်းနိုင်သည့်တိုင်) တတ်နိုင်သမျှကြိုးစားဖြစ်သည်။ ဤသည်မှာ သင်တန်းပို့ချရင်းဖြင့်ရရှိလာသော လက်တွေ့ကျသည့်ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးပင်ဖြစ်သည်။

ပို၍မှတ်မှတ်ရရရှိသည့်အချက်မှာ နံနက်ခင်းပိုင်း Buddhism အချိန်ဖြစ်ခဲ့သည်။
သိင်္ဂါလောဝါဒသုတ်၌လာရှိသော ကျင့်ဝတ်အသီးသီးကိုဥရောပ
ယဉ်ကျေးမှုနှင့်နှိုင်းယှဉ်၍ဆွေးနွေးဖြစ်သောကြောင့် လက်တွေ့ကျပြီးလျှင်
မိမိရောသင်တန်းသားများပါအလွန်စိတ်ဝင်စားကြရသောအချိန်ဖြစ်ခဲ့သည်။ 
အထူးသတိထားရသည်မှာ ဥရောပယဉ်ကျေးမှုနှင့်ဗုဒ္ဓဘာသာတရားတော်များအကြား
 ပြဿ       နာထိပ်တိုက်မတွေ့စေရေးပင်ဖြစ်သည်။ 
အမှန်စင်စစ် “ မြတ်ဗုဒ္ဓ၏ဓမ္မသဘောတို့သည် မည့်သည့်ခေတ် မည်သည့်နိုင်ငံ 
မည်သည့်လူမျိုးနှင့်မှပြဿ       နာထိပ်တိုက်ရင်ဆိုင်တွေ့စေသောဓမ္မများမဟုတ်ကြပါ။ 
သို့သော် မိမိ၏သတိချွတ်ယွင်းမှုကြောင့်ဖြစ်စေ၊ ပညာအားနဲပါးမှုကြောင့်ဖြစ်စေ၊ ဘာသာစကားအားနဲမှုကြောင့်ဖြစ်စေ မူလဆိုလိုချက်မှလွဲချော်ကာ
ထိပ်တိုက်ရင်ဆိုင်ရမည့်အရေးကို အထူးသတိပြုဆင်ခြင်ကာဆွေးနွေးရခြင်းဖြစ်သည်” 
ကိုဆိုလိုပါသည်။ အထူးသဖြင့် လက်တွေ့ကျပြီးအစမ်းသပ်ခံနိုင်သောဗုဒ္ဓဓမ္မများအတွက် စိုးရိမ်ဖွယ်ရာမလိုအပ်ဘဲ မိမိ၏တင်ပြပုံတင်ပြနည်း သင်ကြားပုံသင်ကြားနည်းနှင့်ဆွေးနွေးမှုနည်းစနစ်သည်သာ 
အံဝင်ခွင်ကျဖြစ်ဖို့သာလိုအပ်သဖြင့် သတိကြီးစွာထား၍ပို့ချဖြစ်ခဲ့သည်။

ပထမဦးဆုံးစတင်ဆွေးနွေးသင်ကြားပေးသည့်အချက်မှာ
 လင်နှင့်မယားတို့၏ကျင့်ဝတ်များပင်ဖြစ်သည်။ ဤကျင့်ဝတ်များနှင့်ပတ်သက်၍ သင်တန်းမစမီဤသို့စကားပလ္လင်ခံခဲ့သည်။ 
“ဤကျင့်ဝတ်များသည် လွန်ခဲ့သောနှစ်ပေါင်း (၂၆၀၀) ကျော် (ဘီစီခြောက်ရာစု) တွင်ရှေးဟောင်းအိန္ဒိယ၌ကျင့်သုံးခဲ့ပြီး ထိုခေတ်ကာလဝယ်ထိုဒေသ၌
မှန်ကန်၍အသုံးတည့်ခဲ့သောကျင့်ဝတ်များပင်ဖြစ်ခဲ့ကြောင်း
ဤကျင့်ဝတ်တို့သည် ပရမတ္ထတရားများမဟုတ်ကြသောကြောင့်
 အခြေအနေ၊ နေရာဒေသနှင့်ခေတ်ကာလအလျောက်
ဆီလျော်အောင်ပြောင်းလဲကျင့်သုံးနိုင်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဒေသနာတော်၌လာရှိသည့်အချက်များနှင့်အိန္ဒိယရှေးဟောင်းယဉ်ကျေးမှု
အကြောင်းတို့ကိုပထမဦးစွာတင်ပြမည်ဖြစ်ကြောင်း၊ ၎င်းနောက် ဖင်လန်မိသားစုများ၏
လက်ရှိအခြေအနေကို သင်တို့ကိုယ်တိုင် မိမိအားပြောပြရန်လိုအပ်ကြောင်း၊ သို့မှသာဤသင်တန်းသည်ပို၍လက်တွေ့ကျပြီးအသက်ဝင်လာမည်ဖြစ်ကြောင်း၊ ထို့နောက်မှဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောပြလိုက်ရာ 
သင်တန်းသားများကသဘောတူကြသည်။

(ဆက်လက်ဖေါ်ပြပါမည်)

*~*~*~*~*~*~*~*

Tuesday, January 13, 2015

အကယ်ဒမီထိုက်တဲ့ဇာတ်ကား



 သည်းခံခြင်းဆိုတာ အနုပညာဖန်တီးမှုတခုပါပဲ။ 
သည်းခံခြင်းအားကောင်းလေလေ အနုပညာမြင့်မားလေလေပဲဖြစ်ပါတယ်။ 
သည်းခံခြင်းအနုပညာကို အတတ်/အသိပညာအားနဲ့ပေါင်းစပ်ပေးလိုက်ရင် အကယ်ဒမီထိုက်တဲ့ဘဝဇာတ်ကားကြီးဖြစ်လာနိုင်တယ်။

*~*~*~*~*~*~*~*

***ဓမ္မမိတ်ဆွေများ၏အမှာစကား***