Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Tuesday, July 22, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၆ )


"ပြည့်အင်အားဟူသည် "
Finland နိုင်ငံတွင် Car parking မရှိသော အချို့ ကုန်တိုက်ကြီးများသည်
 မြို့ ပြင်သို့ထွက်ကြသည်။ Car parking ရှိသောအချို့ ကုန်တိုက်ကြီးများသည်သာ
 မြို့ တွင်းတွင်ရှိပါသည်။
 မြိ့ ပြင်တွင်ရှိသောကုန်တိုက်ကြီးများသည် ပစ္စည်းအမျိုးအစားလည်းစုံလင်သလို ကားရပ်နားရန်နေရာလွတ်သည်လည်း အလျှံပယ်ပင်ဖြစ်၍ ဈေးဝယ်သူများလည်း စိတ်ချမ်းသာ လွတ်လပ်စွာ ဝယ်ယူနိုင်ကြသည်။ ထို့ကြောင့် တစ်ခါတစ်ရံ
လိုအပ်သောပစ္စည်းကိုရနိုင်ရေးအတွက် မြို့ ပြင်သို့ထွက်၍ ဈေးဝယ်ကြရသည်။
 ဈေးတစ်ခုကိုတည်ဆောက်လျှင် ဈေးသက်သက်ကိုသာ မစဉ်စားဘဲ ဈေးဝယ်သူတို့၏ ကားရပ်နားစရာနေရာပါထည့်သွင်းစဉ်းစားသည့်ဥပဒေကား ခိုင်မာ၍နေပေပြီ။ ထို့အတူ အစိုးရရုံးများသို့သွားလျှင်လည်း ရုံးတိုင်းတွင် Car parking ရှိလေသည်။ အကယ်၍ နေရာလွတ်မရှိလျှင် ရပ်ခွင့်မရှိပေ။ ရပ်နားရန်သတ်မှတ်ထားသော မျဉ်းကြောင်းအတိုင်းသာ ယာဉ်များ ရပ်နားကြရသည်။ ဆောက်လုပ်ရေးကုမ္မဏီမှဖြစ်စေ အစိုးရမှဖြစ်စေ လူနေအိမ်ရာများဆောက်လုပ်လျှင်လည်း Car parking သည် မရှိမဖြစ်ထည့်သွင်းရသည်။ မထည့်သွင်းဘဲ ဆောက်လုပ်ခွင့်မရှိပေ။ အဆိုပါ Car parking သည် ဆောက်လုပ်ရေးအိမ်ယာမှ အခန်းနှင့်အညီအမျှသာရှိသည်မဟုတ်ဘဲ ဧည့်သည်ယဉ်များအတွက်လည်း သီးသန့် Car parking ထည့်သွင်းတည်ဆောက်ကြရသည်။ ထို့ကြောင့်ပင် စည်းကမ်းမဲ့စွာ လမ်းဘေးတွင်ယာဉ်ရပ်နားထားခြင်းမျိုးလည်း မရှိုတော့သည့်အပြင် ယဉ်ကြောပိတ်ဆို့မှုနှင့်အများပြည်သူတို့၏ သွားလာရေးကိုလည်း အနှောက်အယှက်မဖြစ်တော့ပေ။
 မြို့ သစ်တစ်ခုကိုတည်ဆောက်လျှင်လည်း လူနှင့်ပတ်သက်၍ လိုအပ်သောအရာမှန်သမျှ ထည့်သွင်းစဉ်းစားကာတည်ဆောက်ပေးရသည်။ ဥပမာ ကျမ္မာရေး ပညာရေး ရေမြှောင်း လျှပ်စစ်မီး လမ်း စသည်တို့ကို စနစ်တကျ ရေရှည်ခိုင်ခံ့အောင် တည်ဆောက်ပေးသည်။ လယ်ယာမြေကို အဓမ္မသိမ်း၍ အကွက်ရိုက်ရောင်းစားခြင်းသက်သက်မျှသာဖြစ်ပြီးလျှင် လူထုအတွက်မည်သည့်လိုအပ်ချက်ကိုမျှ ထည့်သွင်းမစဉ်းစားသည့် မြို့ သစ်တည်ဆောက်မှုမျိုး အလျဉ်းမရှိချေ။ ကိုယ်ထူကိုယ်ထလမ်းဟူ၍လည်း လုံးဝမရှိ မသိ မကြားဘူးကြသလို ကိုယ်ထူကိုယ်ထလျှစ်စစ်မီးတပ်ဆင်ခြင်းဟူသည်မှာလည်း သူတို့အဖို့ဒဏ္ဍာရီသဖွယ်သာဖြစ်ပေလိမ့်မည်။ 

   ဘတ်စ်ကားစီးလျှင်လည်း အချိန်တိတိကျကျစီးနိုင်သည်။ ဘတ်စ်ကားစီးဘို့အတွက် လမ်းထွက်၍ကားမှတ်တိုင်တွင် ကြိုတင်စောင့်နေစရာမလိုချေ။ မသွားခင် အိမ်တွင် မိမိသွားမည့်နေရာကို အင်တာနက်တွင် ရှာဖွေကြည့်လိုက်လျှင် ဘယ်ဘတ်စ်ကားက ဘယ်အချိန် ဘယ်မိနစ်တွင် ဘယ်ကားမှတ်တိုင်၌ ဆိုက်ရောက်မည်ဆိုသည်ကို မိနစ်ပိုင်းအတွင်းသိနိုင်သည်။ ထို့ကြောင့် အချိန်ကိုအလဟဿမကုန်ဆုံးစေရဘဲ မိမိသွားလိုသောနေရာသို့ အချိန်တိကျစွာရောက်နိုင်သည်ဖြစ်၍ စိတ်ချမ်းသာရသည်။ လမ်းဘေးတွင် ကားရပ်၍ရသော နေရာများလည်း ရှိသည်။ သို့သော် အချိန်သတ်မှတ်ချက်ကိုကျော်လွန်၍မရ။ နေရာအလိုက် ရပ်နားနိုင်သည့်အချိန် သတ်မှတ်ချက်ကွာခြားသည်။ လမ်းဘေးတွင် စည်းမဲ့ကမ်းမဲ့ရပ်ထားသော ကားများလည်း မရှိ၊ အကယ်၍ ရှိပါကလည်း ယဉ်စည်းကမ်းဥပဒေကိုချိုးဖောက်သောနည်းလမ်းများကို အသုံးမပြုဘဲ တိတိကျကျ ထိရောက်စွာအရေးယူသဖြင့်လမ်းစည်းကမ်းသည် တည်ငြိမ်နေတော့သည်။
ထို့ပြင် အချို့ မီးပွိုင့်များသည် သတ်မှတ်သည့်အချိန်စေ့မှသာ စိမ်း ဝါ နီ ကိုပြသည်မဟုတ်ပါ။
အကယ်၍ မိမိကားရှေ့ တည့်တည့်တွင် မီးနီပြရမည့်အချိန်ဝယ် တစ်ဖက်မှမီးစိမ်းပြ၍ ဖြတ်ကူးသွားမည့်ကားမရှိပါက ( ကားရှင်းနေလျှင် )
မိမိ၏ ရှေ့ တည့်တည့်မှမီးပွိုင့်သည် အနီမပြတော့ဘဲ အလိုအလျောက် မီးစိမ်းပြကာ
 လွှတ်ပေးလိုက်သည်ကို အံ့သြစွာကြုံရဖူးသည်။  ယာဉ်ထိန်းရဲမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ အလိုအလျောက် ဆောင်ရွက်သော စနစ်ဖြစ်သည်။ စင်္ကာပူတွင်ရောက်စဉ်ကလည်း ယာဉ်စည်းကမ်းအလွန်ကောင်းသည်ကို သတိပြုမိသည်။ အမှန်စင်စစ် စင်္ကာပူတွင်လည်း ယာဉ်အသွားအလာများလွန်းလှပါသည်။ သို့သော် မည်သည့်နေရာတွင်မျှ ယာဉ်ကြောပိတ်ဆို့မှုမရှိပါချေ။ နေရာကျဉ်းကျဉ်းလေးဝယ် အရာရာအချိုးကျ သဟဇာတဖြစ်ကာ ဟန်ချက်ညီအောင် စီမံနိုင်သည့်စွမ်းပကားကို ချီးကျူးအံ့သြမိသည်။
 ဆောင်းပါး၏အခန်း ( ၅ ) တွင်ရေးခဲ့သည့်အတိုင်း ရာသီဥတု၏ ငဲ့ညှာမှုကင်းမဲ့စွာ ဖိစီးနှိပ်စက်မှုကိုခံကြရသော်လည်း လူသားတို့တည်ဆောက်ထားသော လူမှုစနစ် ကောင်းမွန်မှုကြောင့်
 ရာသီဥတု၏ရက်စက်မှုဒဏ်ကိုလည်း မခံရတော့။
 အေးခဲလွန်းသော ဆောင်းသည် Finland နိုင်ငံ၏သဘာဝအလှအမှတ်တံဆိပ်ပင်ဖြစ်သွားတော့သည်။ 

  အရင်းစစ်တော့ အမြစ်မြေကဆိုသလို လူ့အဖွဲ့အစည်းတစ်ခုသည် ဤကဲ့သို့စည်းကမ်းရှိစွာ သွားလာနေထိုင်တတ်ခြင်းသည် ခေါင်းဆောင်တို့၏ ခေါင်းဆောင်မှုအရည်အသွေးကောင်းမွန်ခြင်းသည် ပဓာနကျသောအချက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
အကြောင်းမှာ ခေါင်းဆောင်မှုဟူသည်
တန်ဘိုးများကို လက်တွေ့ဆောင်ရွက်မှုအဖြစ်ပြောင်းယူခြင်း ( Transform values into action )
 ကြည်လင်သောအနာဂတ်အမြင်များကို လက်တွေ့အစစ်အမှန်ဖြစ်စေခြင်း ( Visions into realities ) အခက်အခဲများကို မွမ်းမံပြင်ဆင်ပေးခြင်း ( Obstacles into innovations )
 ကွဲပြားခြားနားမှုများကို တစ်စုတစ်စည်းတည်း စုစည်းခိုင်မာစေခြင်း ( Seperateness into solidarity ) တို့ဖြစ်အောင် ဆောင်ရွက်ခြင်းပင်ဖြစ်သည်ဟု မိမိဖတ်မှတ်ရဖူးသည်။ ဖတ်မှတ်ဖူးသည့်အတိုင်းလည်း ယုံကြည်ပါသည်။ ဤကဲ့သို့ စွမ်းဆောင်နိုင်သော ခေါင်းဆောင်များကိုလည်း ဤနိုင်ငံလူထုက သတ္တိရှိရှိရွေးချယ်နိုင်ခဲ့ကြသည်။
ထို့ကြောင့် အရာရာ၏ တိုးတက်မှုနှင့်ဆုတ်ယုတ်မှုသည် ခေါင်းဆောင်တို့၏
 ခေါင်းဆောင်မှုတစ်ခုတည်းတွင်သာ မူတည်သည်မဟုတ်ပါဘဲ ခေါင်းဆောင်ရွေးချယ်သူတို့၏ အသိဥာဏ်နှင့်သတ္တိသည်လည်း အလွန်အရေးကြီးသောကဏ္ဍတွင်ရှိပါကြောင်း သတိပြုသင့်ကြသည်။ တနည်းဆိုရသော် ပြည်သူတို့၏ ပညာအားနှင့်သတ္တိအားသည်သာ ပို၍အဓိကကျသည်ဟုဆိုလျှင်လည်း မှားမည်မထင်ပါ။ အကြောင်းမှာ အဆိုပါအင်အားတို့သည်သာ ခေါင်းဆောင်ကောင်းကို ရွေးချယ်ပေးနိုင်၍ မကောင်းသူကိုပယ်ရှားနိုင်သောကြောင့်ပင်ဖြစ်သည်။ အဆိုပါ ပြည်သူတို့၏ ခေါင်းဆောင်ကောင်းကိုရွေးချယ်နိုင်သော အသိဥာဏ်နှင့်သတ္တိကြောင့် ပြည်သူကို အူမ မတောင့်စေဘဲ ဝမ်းစာနှင့်သာနပမ်းလုံးခိုင်းထားသော နိုင်ငံရေးစနစ်ဆိုးသည်လည်း သမိုင်းတွင် ရယ်စရာဟာသတစ်ခုအဖြစ်ဖြင့် ဤနိုင်ငံ (Finland) ဝယ် ကျန်ရစ်ခဲ့လေပြီ။ ပြည်ဖုံးကားချခဲ့ပြီးလေပြီ။ တနည်းဆိုသော် ပြည်သူတို့၏ အသိဥာဏ်ပညာနှင့်သတ္တိအားသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း၏ အမြုတေရတနာအစစ်ပင်ဖြစ်သည်။ ပြည့်အင်အားဟူသည် ထိုအသိဥာဏ်ပညာနှင့်
သတ္တိတို့သာဖြစ်သည်။ ( ဆက်ရန် )



Sunday, July 20, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၅ )


 "တရားဥပဒေစိုးမိုးပါစေ "
ဖင်းလူမျိုးတို့စားသုံးကြသည်မှာ အဓိကအားဖြင့် ဂျူံ အားလူး အသီးအရွက်နှင့်အသားငါးများဖြစ်သည်။ ဆန်ကိုစားကြသော်လည်းအနည်းငယ်သာဖြစ်သည်။ ဟင်းသီးဟင်းရွက်တို့ဈေးကြီးသော်လည်း အသားငါးက ဈေးပေါသည်။ အကြောင်းမှာ ဟင်းသီးဟင်းရွက်စိုက်၍မရလောက်အောင် အေးသောကြောင့်ပင်ဖြစ်သည်။ အကယ်၍ စိုက်ပျိုးလျှင်လည်း အပူပေးရုံကြီးများတည်ဆောက်၍ စိုက်ရသဖြင့် အကုန်အကျများလေသည်။  (organic horticulture ) သဘာဝမြေသြဇာသုံး စိုက်ပျိုးရေးအတတ်ပညာနှင့်စိုက်ပျိုးရောင်းချသဖြင့် ကျမ္မာရေးအတွက်သင့်တော်သော်လည်း ပြည်ပမှတင်သွင်းလာသောစားသုံးကုန်များထက် ဈေးလည်းပို၍ကြီးလေသည်။ အပူပေးရုံကြီးများမတည်ဆောက်ဘဲ မြေပြင်တွင်အလွတ်စိုက်ပျိုး၍ရနိုင်သောကာလမှာ မေလမှသြဂုတ်လအထိ လေးလသာရှိသည်။ ထိုလေးလအတွင်းတွင်သာ ဂျုံများ အချို့ အသီးအနှံများနှင့် မွေးမြူရေးနွားများအတွက် မြက်များကို စိုက်ပျိုးကြသည်။  စက်တင်ဘာလတွင်အအေးဓာတ်ဝင်လာသောကြောင့် သစ်ပင်များမှ သစ်ရွက်များရွှေဝါရောင် သင်္ကန်ကိုဆင်မြန်းကုန်ကြတော့သည်။ ရော်ရွက်ဝါတို့ မြေခကြတော့မည့် အရိပ်လက္ခဏာပင်ဖြစ်သည်။  အောက်တိုဘာလရောက်လျှင် ရွှေဝါရောင်ရွက်ဟောင်းလေးများအားလုံးမြေခကြရတော့သည်။
 မြေပြင်တွင် လေနှင်ရာလူးလွန့်ခွင့်မရကြတော့ဘဲ အေးခဲသောနှင်းဖွေးဖွေးများအောက်တွင် သဂြိုဟ်မြှုတ်နှံခြင်းကို ခံကြရပြန်လေဦးမည်။ ထို့ပြင် ရွက်ဟောင်းတို့ကြွေကျပြီးသော သစ်ပင်များသည် ရွက်သစ်တို့ဖြင့်တဖန်ထပ်၍ အလှဆင်နိုင်ရန် ပုရစ်ဖူးတို့လည်း ဖူးခွင့်မရကြတော့ပြီ။ အေးခဲလှသောဆောင်းနှင်းအောက်ဝယ် အရွက်ဗလာ ရိုးတံညှာသက်သက်ဖြင့်သာ အနှုတ်အမှတ် ပုံမှန်အားဖြင့် ၁၅ မှ ၂၀ ဒီဂရီစင်တီဂရိတ်ရှိသော ( ဒေသအလိုက် ရာသီဥတုကွာခြားတတ်သည်၊ တစ်ခါတစ်ရံ အနှုတ် ၂၉ / ၃၀ အထိရှိတတ်သည် ) ဆောင်းဒဏ်ကို သစ်ကိုင်းခြောက်များအသွင် အထီးကျန်စွာခံကြရတော့သည်။ အကြင်နာမဲ့သော ဆောင်းသည် သစ်ပင်ပန်းမာလ်တို့၏သဘာဝအလှတရားကို ရက်စက်စွာဖျက်ဆီးလိုက်တော့သည်။ 

  နွေရာသီတွင် ပိတ်ပိတ်ပိန်းကာစိမ်းစိုနေသော တောကြီးများသည် ဆောင်းရာသီရောက်သောအခါ ပင်စည်နှင့်သစ်ကိုင်းများသာကျန်ရှိတော့သဖြင့် တောတောင်အားလုံးသည် ဟင်းလင်းပွင့်နေကြသည်။ စတုဒိသာပတ်ဝန်းကျင်တွင် ဖြူဖွေးအေးခဲနေသော နှင်းပုံတို့သည်သာ
( ၆ ) ခြောက်လလောက်ကြာသည်အထိ မင်းမှုနေတော့သည်။ ၎င်းနှင်းတို့သည် မေလလယ်လောက်ရောက်မှသာလျှင် အရည်ပျော်စီးခြင်းဖြင့် နှုတ်ဆက်ထွက်ခွါသွားကြတော့သည်။ ထိုအခါမှသာ သစ်ပင်တို့သည် သူတို့၏ ခန္ဓာပင်စည်ကို ရွက်သစ်တို့ဖြင့်တဖန်ပြန်၍ အလှဆင်နိုင်ရန် ပုရစ်ဖူးသော အညွန့်ဦးလေးများဖြင့် စတင်ခေါင်းပြူလာကြသည်။ နွေရာသီ၏ နေရောင်နှင့်အပူဓာတ်သည် ရွက်နု အဖူးနု အပွင့်နုနှင့် အသီးနုတို့ကို ကြင်နာငြင်သာစွာ ကြိုဆိုလိုက်ကြသဖြင့် နွေဦး၏အလှသည် ပို၍သစ်လွင်လာကာ ချစ်ခင်စရာသဘာဝအလှဖြင့် တင့်တယ်နေပေတော့သည်။ ဂျွန်လရောက်လျှင် သစ်ပင်တောတောင်တို့ပြန်လည်စိမ်းလန်းလျှက် နိုင်ငံကိုသဘာဝဖြင့် အလှဆင်လိုက်သကဲ့သို့ရှိသည်။ အေးခဲသောနှင်းများကင်းစင်၍ ပွင့်လင်းသောနွေရာသီသို့ရောက်သည်ဆိုလျှင် လူများလည်းအိမ်တွင်းတွင်သာ ခိုအောင်းမနေကြတော့ဘဲ အပြင်သို့ထွက်လာကြတော့သည်။   
  
  အကယ်၍ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လိုပါက လုပ်ငန်းစီမံချက်ကို ဥပဒေနှင့်အညီလုပ်ထုံးလုပ်နည်းကျကျ အစိုးရကိုတင်ပြလျှင် အစိုးရမှငွေချေးပေးသည်။ စိုက်ပျိုးရေးအတတ်ပညာ ဘယ်အဆင့်ထိတတ်မြောက်ကြောင်းကိုပါပူးတွဲတင်ပြရသည်။  အကယ်၍ အရှုံးပေါ်သောကြောင့် အကြွေးပြန်မဆပ်နိုင်လျှင်လည်း တိကျသောအထောက်အထားဖြင့် တင်ပြပါက ထိုအကြွေးသည် ကြွေးပူမဖြစ်တော့ဘဲ ကြွေးအေးဖြစ်သွားသည်။ အစိုးရမှ အပြစ်ပေးအရေးယူခြင်းမျိုး မပြုလုပ်ချေ။ ရွှေပြည်မှာကဲ့သို့ အမှန်တကယ်  အကြွေးမဆပ်နိုင်သော လယ်သမားများကို ကရုဏာရှေ့ ထား၍ သက်ညှာစွာ ထမင်းတစ်နပ်လျှော့၍စားခိုင်းသောသတင်းမျိုးကို ဖင်းလူမျိုးတို့သာကြားသိပါက အံ့သြမဆုံးဖြစ်မိမှာ သေချာသည်။  ကြွေးအေးဖြစ်၍ အရေးမယူဟုဆိုသော်လည်း လိမ်လည်တင်ပြ၍တော့မရ။ လိမ်လည်မှု ရှိ/ မရှိကိုလည်း စနစ်နှင့်နည်းပညာအားကောင်းသောကြောင့် အစိုးရကအလွယ်တကူပင်သိနိုင်လေသည်။ အကယ်၍ အလိမ်မိသွားလျှင်လည်း သူ့ဘဝသည် ထိုအမဲစက်အစွန်းအထင်းကြောင့် နောက်ထပ်လုပ်ငန်းများဆက်လက်လုပ်ဆောင်ဘို့မလွယ်ကူတော့ချေ။ အကြောင်းမှာ လိမ်လည်ခြင်းပြစ်မှုကို ကျူးလွန်ထားကြောင်း မှတ်တမ်းသည် သူ၏ Identity card တွင် တစ်သက်တာချေဖျက်၍မရနိုင်တော့ဘဲ ဝင်ရောက်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အမဲစက်ကိုမျှ မစွန်းထင်းမိစေရန် ဤနိုင်ငံတွင် အထူးသတိပြုကျင့်သုံးနေထိုင်ကြရသည်။ ထို့ပြင် ဤနိုင်ငံတွင် လုပ်ငန်းတစ်ခုခုအတွက် ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း ရဲစခန်းနှင့်ရပ်ကွက်တို့မှ ထောက်ခံချက်လည်းမလိုပါ။ မည်သည့်ကိစ္စပဲလုပ်လုပ် ကိုယ်ပိုင် indentity card ကို စက်တွင်ထည့်ကြည့်လိုက်ရုံမျှဖြင့် သူ့အကြောင်းအားလုံးပါပြီးသားဖြစ်သောကြောင့် ကိုယ်ကျင့်တရားကောင်းမွန်ကြောင်း ထောက်ခံချက်မလိုဘဲ အလုပ်ကိစ္စပြီးစီးနိုင်လေသည်။ ထို့ကြောင့် အကြံအဖန်လုပ်၍ထောက်ခံချက်ရယူခြင်းမျိုးလည်း
 ကင်းဝေးသွားတော့သည်။ ဤသည်မှာ တရားဥပဒေစိုးမိုးခြင်း၏ ပြယုဂ်အစိတ်အပိုင်းတစ်ခုဖြစ်၍ တရားဥပဒေက လူကိုစောင့်ရှောက်သော သာဓကလည်းဖြစ်သည်။ 

 မဟာဓမ္မပါလဇာတ်တော်တွင် " ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ၊ ဓမ္မော သုစိဏ္ဏော သုခ မာဝဟတိ " ဟု မြတ်ဗုဒ္ဓဟောတော်မူသည်။ အဓိပ္ဗါယ်မှာ " တရားဥပဒေကို လိုက်နာကျင့်သုံးသော လူကို တရားဥပဒေက အကာအကွယ်ပေးနိုင်၊ စောင့်ရှောက်နိုင်၏။ တရားဥပဒေကို ခိုင်မာစွာရေရှည်စောင့်ထိန်းကျင့်သုံးလျှင် ချမ်းသာအားလုံးရနိုင်သည် " တဲ့။ လူ့အဖွဲ့အစည်းတွင် တရားဥပဒေစိုးမိုးမှု ( the rule of law ) ရှိဖို့လိုအပ်ကြောင်းဟောခြင်းဖြစ်သည်ဟု အလွယ်မှတ်သားနိုင်သည်။ မှန်၏။ တရားဥပဒေဟူသည် လူကစောင့်ထိန်းကျင့်သုံးမှသာ အသက်ဝင်ကာ လူကိုကျေးဇူးပြုပေးနိုင်သည်။ မကျင့်သုံးပါက မတရားဥပဒေက အသက်ဝင်လာပြီး လူမှုဒုက္ခအဝဝကို  ဖန်တီးမည်မှာ သေချာလှတော့သည်။ ထို့ကြောင့်လူတိုင်း၏ ခေါင်းနှင့်ရင်ထဲဝယ် တရားဥပဒေများ ခိုင်မာစွာရှင်သန်နေဘို့အရေးကြီးလှသည်။   ရွှေပြည်တွင် မြတ်ဗုဒ္ဓ၏ ဤဓမ္မတို့ကား နှစ်ပေါင်းထောင်ချီကာ ကိန်းဝပ်ခဲ့ဖူးပြီ။ ထိုဓမ္မများ ပိဋကတ်စာအုပ်ထဲတွင်သာ ဆက်လက်ကိန်းဝပ်မနေစေဘဲ လူမှုလောက၏ လက်တွေ့ဘဝထဲသို့ လွတ်လပ်စွာရှင်သန်ခွင့်ရလျှင် အတိုင်းထက်အလွန် တံခွန်နှင့်ကုက္ကား ဖြစ်ပေမည်။ ရွှေပြည်ကြီးကိုဖွံ့ဖြိုးတိုးတက် အေးချမ်းစေနိုင်သော  မြတ်ဗုဒ္ဓ၏ဓမ္မများ လူမှုစတိတ်စင်မြင့်ပေါ်သို့တက်ရောက်၍ ခိုင်မာစွာနေရာယူနိုင်ပါစေ၊ ရွှေပြည်သူ/သားအားလုံးတို့၏ နှလုံးသားနှင့်ဦးနှောက်တို့ဝယ် အမြစ်တွယ်၍ ထက်မြက်စွာလင်းလက်နိုင်ပါစေဟုလည်း ဆုတောင်းမိသည်။ ထို့ထက် အုပ်ချုပ်သူလူတန်းတို့၏ သန္တာန်ဝယ် မြတ်ဗုဒ္ဓ၏ဖွံ့ဖြိုးရေး ဓမ္မများ အမြစ်တွယ်ပါစေဟု ပို၍တမ်းတမိသည်။ ( ဆက်ရန် )



Tuesday, July 15, 2014

ဒိုင်ယာရီအပိုင်းအစလေးများ ( ၄ )



ယခင်အာဏာရှင်များ လက်လွန်ခဲ့သော ဧရာဝတီမြစ်ဆုံဆည်အရေးတွင် လျှပ်စစ်မီးကိုပြည်ပသို့ပုံအော၍ရောင်းစားသည့်ကိစ္စလည်း အရေးတကြီးပါဝင်သောပြဿနာ
တစ်ရပ်ဖြစ်ခဲ့သည်။ အဆိုပါပြဿနာနှင့်ပတ်သက်၍ သက်ဆိုရာဝန်ကြီးက " လျှပ်စစ်မီးများကိုပြည်ပသို့ရောင်းစားခြင်းသည် ပိုလျှံသောကြောင့်ဖြစ်သည် " ဟူသော အဆင်ခြင်မဲ့စွာ အဖြေကိုပေးခဲ့သည်။ ထိုစကားပြောပြီး၍ မကြာမီပင် လျှပ်စစ်မီးများမလုံမလောက်ဖြစ်၍ ပြည်သူများဆန္ဒပြကြသောအခါ သမ္မတအကြံပေးတစ်ဦးကလည်း " မီးမလာလျှင် ဖယောင်းတိုင်မီး ထွန်းနေပါ " ဟု ကရုဏာမဲ့စွာဆိုပြန်သည်။ ကျေးရွာပေါင်း ခြောက်သောင်း ( ၆၀၀၀၀ ) နီးပါးရှိသော ရွှေပြည်တွင် ကျေးရွာတစ်သောင်း ( ၁၀၀၀၀ ) ကိုလောက်ကိုသော်မှ နိုင်ငံတော်အနေဖြင့် လျှပ်စစ်မီးလင်းအောင် ဆောက်ရွက်မပေးနိုင်ဘဲ ဤစကားမျိုးပြောထွက်သည်ကို အံ့သြမဆုံးဖြစ်မိသည်။ 
 ကျေးရွာအချို့ တို့တွင် လျှပ်စစ်မီးလင်းရေးအတွက် ဘုန်းတော်ကြီးများဦးဆောင်ကာ ရွာသူရွာသားတို့စုပေါင်း၍ ကိုယ့်အားကိုယ်ကိုးကြိုးစားနေကြသော်လည်း
 သက်ဆိုင်ရာ၏ ထောက်ပံ့မှုအားနဲလွန်းသောကြောင့် သဘာဝလရောင်နှင့်ကြယ်ရောင်ကိုသာ ရှေးရိုးစဉ်လာမပျက်အားကိုးနေကြရဆဲပင်ဖြစ်သည်။ ဖင်လန်နိုင်ငံတွင် တောရောမြို့ ပါမကျန် လူရှိသောနေရာတိုင်း မီးလင်းသော်လည်း လျှပ်စစ်မီးပိုသည်ဟူသောအသံကို မည်သူမျှကြားဖူးကြလိမ့်မည်မဟုတ်ပေ။  အရှင်အနုရုဒ္ဓါအလောင်းလျာ သူငယ်လေးသည် မရှိဟူသော ဝေါဟာရကိုမကြားဘူးသကဲ့သို့ လျှပ်စစ်မီးမရှိ ဟူသောဝေါဟာကိုလည်း ဖင်းလူမျိုးတို့ကြားဖူးကြလိမ့်မည်မထင်။



  ထို့ပြင် (၂၀၁၂ ) ခုနှစ်တွင် အာတိက်စက်ဝိုင်းကိုကျော်ဖြတ်၍ မြောက်ဝင်ရိုးစွန်းသို့ အလည်အပတ်သွားရောက်ခဲ့စဉ် ဖင်လန်နိုင်ငံထိပ်ဖျားမှ နော်ဝေနိုင်ငံသို့ဖြတ်ကူးဝင်ရသည်။ ဗီဇာမဲ့ဇုန်ဖြစ်သဖြင့် နယ်စပ်တွင်ဘာတစ်ခုမျှစစ်ဆေးမှုမရှိဘဲ လွတ်လပ်စွာဝင်ထွက်သွားလာခွင့်ရှိသည်။ မြို့ တိုင်းတွင် မြို့ ဝင်ကြေးကောက်ခံသော ဂိတ်မရှိ၊ လမ်းမကြီးတိုင်းတွင် လမ်းဖြတ်ကူးခ ကောက်ခံသော ဂိတ်များလည်ူးမည်သည့်နေရာမျှမရှိသောကြောင့် လမ်းခရီးဖင့်နှေးမှုမရှိဘဲ လွယ်ကူလွတ်လပ်စွာသွားလာခွင့်ရသည်မှာလည်း စိတ်ကျေနပ်ဖွယ်ရာအချက်တစ်ခုဖြစ်သည်။ ထို့ပြင် လမ်းဟူသမျှသည် လှိုင်းတွန့်နှင့်အချိုင့်အခွက်များမရှိသောကြောင့် ပို၍သက်သောင့်သက်သာမှုရှိလေသည်။ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးလည်း ထိုကဲ့သို့ဖြစ်လျှင် ကောင်းလေစွဟု စိတ်မကောင်းစွာရေရွတ်မိသည်။ နော်ဝေနိုင်ငံ၏ မြောက်ဝင်ရိုးစွန်းဒေသသည် သဘာဝတောတောင်ကြီးများ လျှိုမြောင်စိမ့်စမ်းများ သစ်ပင်သစ်တောကြီးများတို့ဖြင့် အုံးဆိုင်း၍သိုင်းသိုင်းဝိုင်းဝိုင်းအံ့သြလောက်စွာ လှချင်တိုင်းလှနေတော့သည်။ အဆိုပါ တောနက်ကြီးထဲတွင် ကျေးရွာလေးများသည်လည်း နေချင့်စဖွယ် ရင်ဝယ်စွဲငြိလောက်အောင်ပင် သစ်လွင်လှပနေသည်ကို တမူထူးစွာတွေ့ရသည်။ ပို၍အံ့သြဖွယ်ကောင်းသည်မှာ ဝေးလံသီခေါင်သော ထိုတောနက် တောင်တန်းကြီးများတွင် လျှပ်စစ်မီးလင်းနေခြင်းပင်ဖြစ်သည်။ ယနေ့ နှစ်ဆယ့်တစ်ရာစုထိတိုင် ညဥ့်အမှောင်ကိုအံတု၍ သဘာဝရွှေလရောင်ကိုသာ အမှီပြုနေရဆဲဖြစ်သော ကျေးလက်နေ ရွှေပြည်သူ/သားတို့အား သနားမိသလို ကွာခြားချက်ကြိးမားမှုကိုလည်း သိစေချင်လှသည်။


  ဖွံ့ဖြိုးပြီးနိုင်ငံတို့သည် ခေတ်မီနည်းပညာများကိုလည်းတတ်မြောက်နားလည်ကြသည်။ သူတို့သည် ခေတ်မီပညာရပ်များကို အမြဲသစ်နေအောင်ကြံဆောင်ကာ အဆင့်မြင့်အောင်လည်း မြှင့်နေကြသလို သဘာဝတောတောင်တို့၏ တန်ဘိုးကိုလည်းသိမြင်လက်ခံကာ ထိန်းသိမ်းကြသည်။ တနည်းဆိုသော် ရှည်လျားသောအနာဂတ်
မျိုးဆက်သစ်များ၏ လူမှုဘဝအတွက် အကြင်နာတရားနှင့်အသိပညာတို့ပေါင်းစပ်ကာ လျှောက်လှမ်းနေကြသည်။ မိမိ ဟယ်ဆင်ကီမြို့ တွင် သီတင်းသုံးစဉ် ညဥ့်အခါ ကျောင်းဝင်းထဲသို့ ယုန်ကလေးများဝင်လာတတ်ကြသည်။ လူနေရပ်ကွက်အနီးတွင် ယုန်ကလေးများရှိနေခြင်းသည်ပင် ပြည်သူတို့၏လူပီသသောစိတ်ဓာတ်ကြောင့် 

တိရစ္ဆာန်များနှင့်ချစ်ကြည်စွာအတူယှဉ်တွဲနေထိုင်နိုင်ခြင်းဖြစ်သည်။ ၎င်းသည်ပင်အလှတရားမဟုတ်ပါလော။ ပြောလိုသည်မှာ ဖင်လန်နိုင်ငံသည် သဘာဝအရင်းအမြစ် သစ်ပင်သစ်တောကို ထိန်းသိမ်းထားနိုင်သည်။ တစ်နိုင်ငံလုံးသစ်တောများလွှမ်းဖုံးထား၍ မြို့ဟူသည်မှာလည်း တောထဲတွင်သာတည်ရှိနေလေသည်။ သဘာဝတောတောင်မှ သန့်စင်သောလေကို အားပါးတရရှုရှိုက်ခွင့်ရသလို ခေတ်မီစွာဖွံ့ဖြိုးခြင်း၏အသီးအပွင့်ကိုလည်း တန်းတူညီမျှစွာခံစားခွင့်ရှိလေသည်။ ကမ္ဘာတွင်အရှားပါးဆုံးသော မြန်မာ့ကျွန်းသစ်အပါအဝင် အဖိုးတန်သဘာဝသစ်တောကြီးများ ပြောင်တလင်းခါအောင်ကုန်ဆုံးပျက်ပြုန်းသွားခဲ့ရသော ရွှေပြည်ကြီးအဖို့မှာတော့ နှမြောတသဝမ်းနဲရုံမှတပါး မည်သို့တတ်နိုင်ပါတော့မည်နည်း။



  ၎င်းပြင် ဖင်လန်တွင် အစိုးရပိုင်သစ်တောများလည်းရှိသလို ပုဂ္ဂလိကပိုင်သစ်တောများလည်းရှိသည်။ မည်သည့်သစ်တောပင်ဖြစ်စေ ဥပဒေအရ တစ်ပင်ခုတ်လျှင်တစ်ပင်ပြန်စိုက်ရသည်။ ခရစ်စမတ်ပွဲတော်တွင် ခရစ်စမတ်သစ်ပင်ကိုပင်လျှင် ခုတ်ခွင့်မရှိပေ။ ခရစ်စမတ်ပင်ရောင်းသည့်နေရာတွင်သာ ဝယ်ယူ၍အသုံးပြုကြရသည်။ ကုန်ကုန်ပြောရလျှင် ကိုယ်ပိုင်ခြံဝင်းထဲမှ သစ်ပင်ကိုပင်လျှင် ခုတ်ခွင့်မရှိ၊ သက်ဆိုင်ရာသို့ ခိုင်လုံသောအကြောင်းပြချက်ကို တင်ပြပြီးမှသာခုတ်ခွင့်ရှိလေသည်။ သို့သော် ဖင်းလူမျိုးတို့သည် ယခုအခါ ဥပဒေ၏တားမြစ်ချက်ကြောင့်မဟုတ်ဘဲ သစ်ပင်ကိုထိန်းသိမ်းခြင်းသည် သူတို့၏ ယဉ်ကျေးမှုသဖွယ်ဖြစ်လာခဲ့သည်ကို သိရှိရသည်။
 
 သဘာဝသစ်တောနှင့်ပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်းသည် လူ့အဖွဲ့အစည်းကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း သူတို့ကောင်းကောင်းနားလည်ကာ လက်တွေ့ကျင့်သုံးနေကြသည်။ အမှန်စင်စစ် လူသားသတ္တဝါသည် သဘာဝကိုအမှီပြု၍သာ အသက်ရှင်သန်နေကြရသည်မဟုတ်ပါလော။ သဘာဝပျက်ဆီးလျှင် လူအဖွဲ့အစည်းလည်း ပျက်ဆီးမည်သာဖြစ်သည်။ ထို့ကြောင့် သဘာဝကိုချစ်တတ်ဖို့ နားလည်တတ်ဖို့ ခံစားတတ်ဖို့ အရေးကြီးလှလေပြီ။ မြတ်ဗုဒ္ဓသည်ပင် တောမှာမွေးဖွားခဲ့သည်။ တောမှာ တရားကျင့်ခဲ့သည်။ တောမှာဘုရားဖြစ်ခဲ့သည်။ တောမှာ တရားဦးကိုဟောခဲ့သည်။ သဘာဝတောတောင်ကို အမှီပြုခဲ့သည်။ တန်ဘိုးထားခဲ့သည်။သစ်ပင်တောတောင်သည် သဗ္ဗညုတဥာဏ်တော်ရှင် ဘုရားသခင်ဖြစ်ဘို့အရေးအထိ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကျေးဇူးပြုပေးနိုင်သည်။  ထို့ကြောင့်ပင် " ယဿ ရုက္ခဿ ဆာယာယ၊ နိသီဒေယျ သေယယ်ဝါ၊ န တႆ သာခံ ဘေဥၹယ်၊ မိတၱဒုုေဗ ၻာ ဟိ ပါပေကာ " ဟုဟောတော်မူခဲ့သည်။ လိုရင်းအဓိပ္ဗါယ်မှာ လူတစ်ယောက်သည် သစ်ပင်၏အရိပ်အောက်ဝယ် နားခိုဖူး အိပ်ဖူးမည်ဆိုလျှင် ထိုသစ်ပင်၏ အကိုင်းအခက်ကိုမျှ မချိုးဖြတ်သင့်။ အကယ်၍ ချိုးဖြတ်လျှင် ယုတ်မာသူသာဖြစ်သည် တဲ့။ ဤဒေသနာကိုမှီ၍ " အရိပ်နေနေ အခက်ချိုးချိုး မလုပ်သင့် " ဟု ရှေးမြန်မာတို့ ပြောထုံးရှိခဲ့ကြလေသည်။ သို့စဉ်လျှက် ရွှေပြည်တွင် ရတနာသစ်တောကြီးများ ပြောင်တလင်းခါအောင် ပြုတ်ပြုတ်ပြုန်းသွားခဲ့ရလေပြီ။ မိုးလေဝသများလည်းမမှန်တော့။ အပူချိန်များလည်း မြင့်သထက်မြင့်တက်လာနေချေပြီ။ အကြောင်းရင်းကိုအထူးရှာစရာမလိုဘဲ ရှင်းလေပြီ။ ( ဆက်ရန် )


*
*
*

ဒိုင်ယာရီအပိုင်းအစလေးများ ( ၃ )




" ရွှေပြည်တွင် တွေ့ကြုံမိသမျှ --(အပိုင်း- ၃ )"
ရွှေပြည်ကိုပြန်ရောက်လျှင်ရောက်ချင်း အဓိကအသုံးပြုလိုသည့်ဆန္ဒမှာ ဖုန်းနှင့်အင်တာနက်ဖြစ်သည်။ ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးသည် ယနေ့ခေတ်ကာလတွင် ပညာရေးလေ့လာမှုများ လူမှုရေးလုပ်ငန်းများ၊ စီးပွါးရေးလုပ်ငန်းများ နိုင်ငံရေးလုပ်ငန်းများစသည့်စသည့်အရေးအရာတို့အတွက် မရှိမဖြစ် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်နေသော်လည်း ရွှေပြည်သူ/သားများတို့အတွက်မူ တမူထူးနေလေသည်။ အင်တာနက် အင်တာဖြူတို့ထက် နေ့စဉ် မိသားစုစားဝတ်နေရေးပြဿနာကိုသာ အလေးပေးနေရသည်ကိုတွေ့မိသည်။ အကယ်၍ အင်တာနက်ကိုသုံးသည်ဆိုလျှင်လည်း စီးပွါးရေး ကြီးပွါးရေး ဆက်သွယ်ရေး သွားလာရေး ပညာရေးစသည်တို့အတွက် အသုံးပြုမှုထက်  ဂိမ်းဆော့ဖို့အရေးနှင့်  အီစီကလီအရေးစသော အချိန်ဖြုန်းသည့်လုပ်ငန်းများတွင်သာ အများစုအသုံးပြုနေကြကသည်ကိုတွေ့မြင်ကြားသိရသည်။ ဤအချက်က အင်တာနက်ဆက်သွယ်ရေးသည် နေ့စဉ်လူမှုဘဝ၏ဖြတ်သန်းမှုထဲသို့ လက်တွေ့ကျကျ ထဲထဲဝင်ဝင်မရောက်သေးကြောင်းကို ဖေါ်ပြနေခြင်းပင်သည်။ ထို့ကြောင့်ပင် အချိန်နှင့်တပြေးညီသိရမည့်အချက်အလက်များကို မသိနိုင်ကြ၊ ခေတ်နှင့်လျော်ညီသော အတွေးအခေါ်များလည်း ပွင့်လန်းမလာကြတော့ပေ။ ပွင့်လန်းလတ်ဆတ်၍ ကျယ်ပြန့်သော အတွေးအမြင်များမရှိဘဲ  ̔ခေတ်မီဖွံ့ ဖြိုးတိုးတက်သောနိုင်ငံတော်သို့ ̕ ဟူသောဆိုင်းဘုတ်ကို ကိုင်ဆောင်၍ကြွေးကြော်ဟစ်အော်နေခြင်းသည် ယုတ္တိမဲ့စွာ ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောနေသည်နှင့်တူလှတော့သည်။   

  လူများစုကြီးဖြစ်သော တောရပ်ဒေသများတွင် အင်တာနက်ကို မသုံးတတ်ကြ၊ မြင်လဲမမြင်ဘူးကြပေ။ သို့သော် အင်တာနက်ဟူသော အခေါ်အဝေါ်ကိုနားရည်ဝအောင် ကြားဖူးနေကြသည်ကိုပင် တိုးတက်မှုအပိုင်းအစတစ်ခုဟု ဆိုရပေမည်။ ထို့ပြင် ရွှေပြည်တွင် ဖုန်းခကလည်းဈေးကြီးလှသည်။ ယခု ဖင်လန်နိုင်ငံတွင် မိမိအသုံးပြုနေသောလိုင်းမှာ တစ်လလျှင် ယူရိုငွေ ၂၀ သာလျှင်ကုန်ကြပါသည်။
 မြန်မာငွေနှင့်ဆိုလျှင် ( ၂၆၀၀၀ ) နှစ်သောင်းခြောက်ထောင် ကျော်ကျော်လေးမျှသာဖြစ်သည်။ တစ်လလုံးလုံး ( ၂၄ ) နာရီ ( ပြည်တွင်း ) စိတ်တိုင်းကျဖုန်းဆက်နိုင်သည်။ အင်တာနက်ကို အမြဲတန်းဖွင့်ထား၍ ( ၂၄ ) နာရီသုံးနိုင်သည်။  ရွှေပြည်တွင်ထိုကဲ့သို့ အသုံးပြုပါက တစ်သိန်းလဲမလောက် နှစ်သိန်းလဲမလောက်ဖြစ်မည်မှာသေချာသည်။ ပြန်လာခါနီးတွင် ဖုန်းနှင့်ပတ်၍ ဤသို့ကြုံရသည်။ ( ၁၅၀၀ ) တစ်ထောင့်ငါးရာတန် WCDMA ဖုန်း ဆင်းကဒ်များကို ဘုန်းကြီးကျောင်းများတွင် ဗုံးဘောလအော လိုက်ရောင်းနေသည်။ ရပ်ကွက်များတွင်လည်း အရင်ထက် အများကြီး ဖုန်းကဒ်များချပေးနေသည်ဟုသိရသည်။ ယခင်ကလို တစ်ရပ်ကွက်လျှင် နှစ်ကဒ် သုံးကဒ်မဟုတ်တော့။ သံဃာများသော စာသင်တိုက်ဘုန်းကြီးကျောင်းများအတွက် တစ်ကဒ် နှစ်ကဒ်မဟုတ်တော့။
သို့သော် တစ်လလျှင် အနည်းဆုံး ( ၂၅၀၀ ) နှစ်ထောင့်ငါးရာကျပ်ကုန်အောင် သုံးကိုသုံးရမည်။ ဖုန်းဆင်းကဒ် တစ်ခုခုချွတ်ယွင်းမှုဖြစ်ခဲ့လျှင် သုံးစွဲသူကသာ တာဝန်ယူရမည်၊ သူတို့ ၌တာဝန်မရှိချေ။ စာချုပ်တွင်ဤအတိုင်းပါသည်။ အစောပိုင်းတွင် ပြည်သူအပေါ်တော်တော်စေတနာကောင်းလာပြီ၊ လုပ်စားကိုင်စားများနဲသွားပြီဟု ချီးကျူးကာ သာဓုခေါ်မိသည်။( ၈) လပိုင်း ( ၉ )  လပိုင်းလောက်တွင် အော်ရီဒူးနှင့် တယ်လီနောကုမ္မဏီတို့မှ ဟန်းဆက်ဝယ်လျှင်ဖုန်းဆင်းကဒ်အခမဲ့ပေးမည်ဟူသော သတင်းကောင်းကို ကြိုတင်ပူဆွေးကြလျှက် ကတိုက်ကရိုက် လိုက်၍ညစ်နေကြတာပါလားဟု နောက်မှစဉ်းစားမိရင်း သံဝေဂယူရတော့သည်။ 

  ဖုန်းဆက်သည့်အခါ မကြခဏဆိုသလို ဖုန်းလိုင်းအသံမကြည်လင်မှုနှင့်ကြုံရသည်။ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါရှင် ဟူသော မုသာဝါဒအသံများဖြင့်လည်း မကြာခဏနှောက်ယှက်ကျီစယ်တတ်ကြသည်။ ဆက်သွယ်မှုလိုင်းများ မအားသေးရှင် ဟူသော တာဝန်မဲ့စွာတုန့်ပြန်သည့် အသံများကိုလည်း အမြဲလိုလိုကြားနေရတတ်သည်မှာ ရွှေပြည်၏ ( ၂၁ ) ရာစု ဆက်သွယ်ရေးယဉ်ကျေးမှုပင်ဖြစ်တော့သည်။ ဤသို့သောအခြေအနေရှိသည့်ရွှေပြည်ကြီးကို " နယ်တကာလှည့်ပါးရိုက်ရဲတယ် " ဟု အပြစ်မဲ့ပြည်သူကို ကြိမ်းမောင်းရဲသော ( ဂျာနယ်များများမှပေးသဖြင့် ) အာဇာနည် ပါးရိုက်ချန်ပီယံဘွဲ့ ရ ဝန်းကြီးတစ်ဦးက " မြန်မာပြည်မတိုးတက်ဘူးလို့ ပြောတဲ့သူတွေဟာ ရူးလို့ပြောတာ " ဟု ရူးသွပ်မိုက်မဲစွာ ဒေါသအိုးဖေါက်ခွဲပြသောကြောင့် ဒေါသအခိုးအငွေ့များ ဂျာနယ်ပေါ်မှရှုရှိုက်ခဲ့ရသည်။ အမှန်စင်စစ် အနှီဝန်ကြီးဆိုသူသည် ဖင်လန်နိုင်ငံမှ သာမန်ရုံးဝန်ထမ်းတစ်ယောက်၏ နှလုံးရည်အဆင့်မျှမမီချေ။ ဖင်လန်နိုင်ငံတွင် အကြောင်းကိစ္စတစ်ခုခုကြောင့် အစိုးရ ရုံးများသို့သွားသောအခါ နေရာတွင်ထိုင်လျှင်ထိုင်ခြင်းပင် အပြုံးဖြင့်ကြိုဆိုသည်။ မေးသမျှ ယဉ်ကျေးစွာဖြေသည်။ စိတ်မရှည်ဘဲ ဒေါသဖြင့်တုန့်ပြန်ခြင်း ဟိတ်ဟန်ထုတ်ခြင်း ကောက်ကျစ်ခြင်း လာဘ်မျှော်ခြင်း ပုဒ်မလေး ပေးမှလုပ်ခြင်း စသော မနှစ်မြို့ ဖွယ်ရာအပြုအမူများ အလျဉ်းမတွေ့ဘူးပါ။ ကိုယ့်ကိစ္စပြီးစီး၍ ထပြန်သောအခါတွင်လည်း သက်ဆိုရာ အစိုးရ ရုံးဝန်ထမ်းမှ ဖေါ်ရွေသောအပြုံးဖြင့်ကျေးဇူးတင်ကြောင်း နှုတ်ဆက်လိုက်သေးသည်။
  ထို့ပြင် (၂၀၁၃ ) ခုနှစ်က ဖင်လန် နိုင်ငံခြားရေးဝန်ကြီးနှင့်
ဟယ်ဆင်ကီတွင်တွေ့ဆုံဖူးသည်။ ပရိသတ်များအတွက်စီမံထားသော အစားအစာထဲမှ သူ၏ကိုယ်တာကျအစုကို သူကိုယ်တိုင်ယူစားသည်။ အများပြည်သူရှေ့  အစည်းဝေးခန်းမတွင် နောက်လိုက်အခြွေအရံများ တစ်ယောက်မျှမပါဘဲ လွတ်လပ်စွာပြည်သူနှင့်တွေ့သည်။  အများပြည်သူပြောသည်ကို စိတ်ရှည်စူးစိုက်စွာနားထောင်ကာ အသေအချာမှတ်သားပြီးမှ အသင့်တော်ဆုံးဖြစ်မည့်အရာကို ဆုံးဖြတ်ချက်ချ၍ ဝန်ဆောင်မှုကိုပေးသည်။ သူ၏ဝန်ဆောင်မှုသည် ကြီးမားသော နှလုံးသားတွင်အခြေတည်သောကြောင့် ဝန်ကြီးဟူသောဂုဏ်ပုဒ်နှင့်ဆီလျော်လှသည်။ မှန်ပါသည်။ နှလုံးသားကြီးကြီး ဥာဏ်ပညာကြီးကြီးဖြင့် တာဝန်ကြီးကြီးကိုဆောင်ရွက်နိုင်ပါမှ ဝန်ကြီးဖြစ်ထိုက်သည်ဟု နားလည်ခံယူသည်။  ရွှေပြည်မှဝန်ကြီးနှင့်ခြားနားပေစွတကား။ 



   ထို့ပြင် အသက် ( ၂၅ ) ဝန်းကျင်ရှိလူငယ်လေးများသည် တိုးတက်ချင်သောဆန္ဒကောင်းလေးများကြောင့် ထိုးထွက်နေကြသည်ကိုတွေ့ရသည်။ သို့သော် ရွှေပြည်အတွင်းတွင် ထိုးစရာအပေါက်မရှိသေးပေ။ ထွက်စရာလမ်းစလည်း ပိတ်နေဆဲသာဖြစ်သည်ဟုမြင်မိသည်။ လူငယ်လေးများတွင် တက်ကြွသောစိတ်ဓာတ်ကလေးများ မြူးထူးစွာပွင့်လန်းနေကြသည်ကို မြင်ရသောကြောင့် တိုးတက်ခြင်း၏ မျိုးစေ့တော့ သန်နေပြီဟု သုံးသပ်မိသည်။ သို့သော် ထိုမျိုးစေ့ကို ယခင်ကလို အာဏာမှလွဲလျှင်ဘာကိုမှ မဆင်ခြင်တတ်ကြသော လူတစ်စု၏ အညွန့်ချိုးမှုကိုမခံရအောင် ဝိုင်းဝန်းကာကွယ်တတ်ကြဘို့တော့လိုပေမည်။ အထူးသဖြင့် ရဟန်းတစ်ပါးအနေနှင့်
ပို၍တွေ့ရသည်မှာ လူငယ်တရားနာပရိသတ်ဖြစ်သည်။ ယခင်ကဆိုလျှင် လူကြီးသူမများသာ တရားနာလေ့ရှိသော်လည်း ယနေ့တွင်မူ လူငယ်များက တရားပွဲများကိုဦးဆောင်ကျင်းပနေသည်ကိုပင်တွေ့မြင်ရသည်။ ထိုလူငယ်လေးများကို မြင်ရသည်မှာ အနာဂတ်နိုင်ငံတော်နှင့်သာသနာတော်အတွက်  ကျေနပ်ဖွယ်ကောင်းလှသည်။  သူတို့သည် မြတ်ဗုဒ္ဓသာသနာတော်အတွက် စိတ်အားထက်သန်စွာလုပ်ဆောင်နေကြသည်။ ကုသိုလ်ရေးမို့လည်း စေတနာရေစီးတွေသန်နေကြသလို အမျိုး ဘာသာ သာသနာဟူသောလှိုင်းလုံးကလည်း သူတို့၏ဘာသာရေးလုပ်ငန်းများကိုပို၍တက်ကြွစေသည်ဟုသုံးသပ်မိသည်။ ထို့ပြင် ယခင်မိမိတို့ငယ်စဉ်က ဘုရားပွဲကျောင်းပွဲများတွင် သံဃဝေယျာစ္စများကို အမျိုးသားများသာလုပ်ဆောင်ကြသော်လည်း ယခုတွင်မူ အမျိုးသမီးများက အစားထိုးဝင်ရောက်လာသည်ကိုတွေ့ရသည်။ အမျိုးသမီးများ၏ ဝေယျာဝစ္စလုပ်ဆောင်မှုသည် သေသပ်ကျန၍ ထောင့်စေ့အကွက်စေ့လုပ်ဆောင်တတ်ကြသည်။ အထူးသတိပြုမိသည်မှာ ရွှေပြည်၏ လူမှုအဝန်းအဝိုင်းသည် လှုရေးတန်းရေး ကိစ္စတို့တွင် ရက်ရောစွာပေးလှုတတ်ကြသော်လည်း အများပြည်သူအတွက် ရိုးသားဖြောင့်မတ်မှုနှင့်ယှဉ်တွဲသော ထက်မြက်စွာဆောင်ရွက်မှုမျိုးကား ရှားပါးလှသည်။ အမှန်စင်စစ် လူသားအရင်းအမြစ်၏ အခြေခံသည် ရိုးသားဖြောင့်မတ်မှုကိုအခြေခံသော ထက်မြက်မှုပင်ဖြစ်သည်ဟု ဆိုချင်သည်။ ( ဆက်ရန် )


***ဓမ္မမိတ်ဆွေများ၏အမှာစကား***