Photobucket
ဓမ္မမိတ်ဆွေများအားလုံး ဓမ္မအသိဥာဏ်တိုးပွါး၍ အေးချမ်းကြပါစေ~~~

Sunday, November 10, 2013

ကျေးဇူးတရားနှင့်လုပ်ငန်းရပ်တည်ချက်

“ ကျေးဇူးတင်တယ် ” ဟူသောစကားသည်ယဉ်ကျေးသောလူမှုအသိုင်းအဝိုင်းတွင် မသုံးမဖြစ်သုံးရသည့်
ဝေါဟာရဖြစ်သည်။ “ ကျေးဇူးတင်တယ် ” ဟုပြောဆိုခြင်းသည် သူတပါးက မိမိအပေါ်မေတ္တာစေတနာ
ဖြင့်ပြုဖူးသောကောင်းမှုအကြွေးတင်ရှိနေမှုကိုကျေနပ်စွာ အသိမှတ်ပြုခြင်း ထုတ်ဖေါ်ဝန်ခံခြင်းပင်ဖြစ်
သည်။ ထိုကျေးဇူးဟု အဓိပ္ဗါယ်ရသောဝေါဟာရကို တစ်ကမ္ဘာလုံးတွင် နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးသည် အသံထွက်အမျိုးမျိုးဖြင့်ပြောဆိုနေကြပေသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် ဒါနေးဘား ဟုသုံးသည်။ ဖင်လန်နိုင်ငံတွင် ကီးတို့စ် ဟုသုံးသည်။ တရုပ်တို့က ရှဲရှဲလီ ဟုသုံးသည်။ အင်္ဂလိပ်တို့က သန့်ခယူး ဟုသုံး
ကြသည်။ မည်သို့ပင်အသံထွက်ကွဲသည်ဖြစ်စေ အဓိပ္ဗါယ်မှာ အတူတူပင်ဖြစ်သည်။ တဖက်သား၏
မေတ္တာစေတနာကိုယဉ်ကျေးစွာတုန့်ပြန်ကြသည့်သဘောချည်းသာဖြစ်ကြသည်။ တဖက်သား၏မေတ္တာ
စေတနာနှင့်ဆောင်ရွက်ပေးမှုတို့ကိုယဉ်ကျေးစွာအသိမှတ်ပြုသည်ဟုလည်းဆိုနိုင်လေသည်။

   ဘုရားဟောပါဠိတော်တွင်လည်း ကတညုတ ကတဝေဒီဟူသည် သူတပါးတို့၏ပြုဖူးသောကျေးဇူးကို
အသိမှတ်ပြုကာ ပြန်လည်၍ကောင်းကျိုးပြုစေရန်သင်ကြားပေးသော မင်္ဂလာစကားဖြစ်သည်။ မှန်၏။
သူတပါးတို့က မိမိအပေါ်ပြုခဲ့ဖူးသောကျေးဇူးကို ပြန်လည်၍အသိမှတ်မပြုသူသည် မင်္ဂလာရှိသူမဟုတ်ချေ။
တနည်းဆိုသော် စစ်မှန်၍မြင့်မြတ်သောကြီးပွါးကြောင်းတရားကို အမှန်တကယ်ကျင့်ဆောင်သူမဖြစ်နိုင်ချေ။ သို့သော် တစ်ခါတစ်ရံဝယ် ကျေးဇူးကိုသိသော်လည်း တုန့်ပြန်ဘို့အခက်ခဲနှင့်ကြုံတွေ့ရသည်လည်းရှိသည်။
ပစ္စက္ခဖြစ်ပေါ်နေသောအခက်ခဲကြောင့် ကျေးဇူးကိုမတုန့်ပြန်နိုင်သည့်အခါ သို့မဟုတ် မျက်မှောက်တွင်
အရေးကြီးနေသောလုပ်ငန်းကိုဦးစားပေးလုပ်ကိုင်နေရသည့်အခါ သို့မဟုတ် တင်ရှိနေသောကျေးဇူးတရား
သည်လက်ရှိလုပ်ငန်းနှင့်ရောထွေး၍မဖြစ်နိုင်သောကြောင့်လက်ရှိကြုံတွေ့နေရသောလုပ်ငန်း၏လမ်းစဉ်မှတိမ်းချော်မသွားစေရန် အများစုအကျိုးစီးပွါး၏လုပ်ငန်းအောင်မြင်ရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်ရ
သည့်အခါမျိုးတွင် ကျေးဇူးကန်းသူ သို့မဟုတ် ရိုင်းစိုင်းသူ သို့မဟုတ် သစ္စာဖောက်သူဟု အစွပ်စွဲခံရ
တတ်ပြန်ပါသည်။ အလွန်ဘေးကျပ်နံကျပ်ဖြစ်သောအခြေအနေပင်ဖြစ်သည်။ ဤကဲ့သို့သောအခြေအနေ
မျိုးကိုကြုံဖူးကြသူများမနည်းလှဟု ထင်မိပါသည်။

  မိမိငယ်စဉ်က စာအုပ်တစ်အုပ်ဖတ်ဖူးသည်။ စာအုပ်နာမည်တော့မမှတ်မိပါ။ စာရေးဆရာမှာ ဆန်းလွင်
ဟုတော့ထင်သည်။  ထိုစာအုပ်တွင်ရေးသားထားသည်မှာ တစ်ခါက ပြင်သစ်လူငယ်တစ်ယောက်သည်
မိခင်အိုကြီးနှင့်အတူတူနေထိုင်၍ မိခင်အိုကြီးကိုလုပ်ကျွေးကာကျေးဇူးဆပ်နေလေသည်။ ထိုစဉ်ဝယ်
နာဇီဂျာမဏီတို့မှ ပြင်သစ်ကိုကျူးကျော်လာသောအခါ ဂျာမဏီကိုပြန်လည်တိုက်ထုတ်ရန်အတွက် ပြင်သစ်နိုင်ငံသည်စစ်အင်အားလိုအပ်လာလေသည်။ ထိုအခါ အမျိုးသားရေးအမြင်ဖြင့် စစ်တပ်ထဲ
ဝင်ဘို့ရန်နိုင်ငံတော်မှလှုံ့ ဆော်သောအခါ ထိုလူငယ်သည်ကျေးဇူးတရားအတွက် အခက်ကြုံရလေ
တော့သည်။ “ မိဘကျေးဇူး မြင့်မိုရ်ဦး ” ဟူသည်နှင့်အညီ မြင့်မိုရ်တောင်ဦးထိပ်ထက်မက ကြီးမား
လှသော မွေးမိခင်၏ကျေးဇူးကိုလည်းဆပ်ချင်သည်။ ဆပ်သင့်သောအချိန်ခါလည်းဖြစ်သည်။ တဖန် အမျိုးသားရေးအမြင်ဖြင့်ကြည့်လျှင်လည်း တိုင်းတပါး၏ကျွန်ဖြစ်နေရသော အမိပြင်သစ်နိုင်ငံအတွက် ကျေးဇူးဆပ်သည့်အနေဖြင့် စစ်တပ်ထဲသို့ဝင်သင့်သည်။ အမျိုးသားရေးကိုအခြေခံသောအမြင်ဖြင့် နိုင်ငံတော်၏ကျေးဇူးကိုတုန့်ပြန်ပေးဆပ်ဖို့အရေးနှင့်အနန္တဂိုဏ်းဝင်မွေးမိခင်အိုကိုကျေးဇူးဆပ်ဖို့
အရေးဟူသော ထိုနှစ်မျိုးအကြားတွင် ထိုလူငယ်သည်ဗျာများရလေတော့သည်။ တစ်ခုခုကိုစွန့်လွှတ်
ရတော့မည်။

  လက်ရှိတစ်မျိုးသားလုံး တိုင်းတပါး၏ကျွန်သပေါက်ဘ၀ရောက်နေသောအခြေအနေဆိုးမှလွတ်မြောက်
နိုင်စေရန် အမျိုးသားရေးအတွက် ကျေးဇူးကိုဆပ်လျှင် မိခင်အိုသည်ဒုက္ခဖြစ်ရရှာတော့မည်။ သို့မဟုတ် မိခင်အိုကိုကျေးဇူးဆပ်လျှင် နိုင်ငံတော်နှင့်အမျိုးသားရေးအတွက် သစ္စာမဲ့ရာကျမည်။ အမျိုးမချစ်သူ အမျိုးသားရေးကျေးဇူးကန်းသူအဖြစ် စွပ်စွဲမှုကိုခံရပေတော့မည်။ သို့ဆိုလျှင်မည်သည့်လမ်းကိုရွေးချယ်ရ
မည်နည်း။ အလွန်ဆုံးဖြတ်ရခက်သော ဘေးကျပ်နံကျပ်အခြေအနေပင်ဖြစ်သည်။ သို့သော် ထိုလူငယ်သည်
ပြတ်သားစွာဆုံးဖြတ်ချက်ချလိုက်သည်။ အနန္တဂိုဏ်းဝင်မွေးမိခင်အိုကိုချစ်သော်လည်း တစ်မျိုးသားလုံး
ကျွန်သပေါက်အောက်မှလွတ်မြောက်နိုင်ရေးအတွက် အမျိုးသားရေးချစ်စိတ်ဖြင့် စစ်တပ်ထဲသို့ဝင်ခဲ့သည်။ မိခင်အိုခမြာဝမ်းနဲပက်လက်ခံစားရင်း ဒုက္ခအခက်ခဲများနှင့်တစ်ဦးတည်းအဖေါ်မဲ့စွာကျန်ရစ်ခဲ့ရရှာသည်။ သို့သော် မိခင်အိုသည်သာမန်မိခင်အိုတော့မဟုတ်။ အမျိုးသားရေးအမြင်ရှိသည်။ အမျိုးသားရေးချစ်စိတ်
အပြည့်အဝရှိသည်။ ထို့ကြောင့် သူမ၏သားစစ်တပ်ထဲဝင်သွားခြင်းကိုအပြစ်မတင်။ မိဘကျေးဇူးကန်းသူဟု
လည်းမမြင်။ သူမတို့သားအမိနှစ်ယောက်အပေါ်ဝယ် ကျရောက်လာသောအမျိုးသားရေးတာဝန်ကို စွမ်းနိုင်သောသားကကျေပွန်အောင်ထမ်းဆောင်သွားခြင်းဖြစ်သည်ဟုသာမြင်သည်။ အမျိုးသားရေး
အတွက်သဘောထားကြီးသော အမြင်ကျယ်သောမိခင်ပင်ဖြစ်သည်။ အကယ်၍ မိခင်အိုသည် အမျိုးသားရေးအမြင်ကိုမမြင်တတ်ဘဲ အမျိုးချစ်စိတ်လည်းမရှိပါဘဲ သဘောထားသေးသိမ်စွာ အတ္တ
ဆန်ဆန်ဖြင့်သူမကိုလုပ်ကိုင်ကျွေးမွေးမှုမပြုသောသားကို အပြစ်မြင်ပါလျှင် ထိုအမြင်သည် မိခင်
အတွက်ဖြစ်စေ သားအတွက်ဖြစ်စေ နိုင်ငံအတွက်ဖြစ်စေ လှပသော လေးစားထိုက်သော မှန်ကန်သော ဂုဏ်ယူစရာကောင်းသောအမြင်မဖြစ်နိုင်တော့ချေ။

   စာဖတ်သူများလည်း ဤကဲ့သို့သောအဖြစ်အပျက်များနှင့်အလားတူသော အခက်ခဲများကြံဖူးကြမည်
ထင်သည်။ စာဖတ်သူတို့ကိုယ်တိုင်မကြူံဘူးသည့်တိုင် မြင်ဖူး ကြားဖူးကြမည်မှာတော့အမှန်ပင်ဖြစ်
သည်။ စာရေးသူကိုယ်တိုင်လည်းကြုံတွေ့ဖူးပါသည်။ အထူးသဖြင့် မိမိတို့မြန်မာလူမျိုးများသည် ကျေးဇူးတရားဟူသောဝေါဟာရနှင့်အဓိပ္ဗါယ်ကို နေရာမှန်ကန်စွာမသုံးတတ်ကြဟုထင်သည်။
မိမိတို့စိတ်တိုင်းမကျ အလိုဆန္ဒနှင့်မကိုက်ညီလျှင် သို့မဟုတ် ခိုင်းသည့်အတိုင်းမလုပ်လျှင် ကျေးဇူးကန်းသည်၊ သစ္စာဖောက်သည်ဟုစွပ်စွဲကာ မခေါ်နိုင်မပြောနိုင်ဖြစ်ကြသည်။ မိတ်ဆွေများအဖြစ်မှ သူစိမ်းများဖြစ်သွားကြသည်။ အချို့ ဆိုလျှင် ရန်သူပင်ဖြစ်သွားသည့်အခြေအနေသို့ရောက်ကြသည်။ ဤသို့ဖြစ်ရခြင်း၏အကြောင်းကိုရှာသော် ၁။ သဘောထားသေးသိမ်ခြင်း၊ ၂။ personal and professional ဟူသောပုဂ္ဂိုလ်ရေးနှင့်လက်ရှိလုပ်ငန်းကိုပြေလည်အောင်ဆောင်ရွက်ရမှုကို မကွဲပြား မခွဲခြားဘဲ ရောထွေးကာယူဆကြခြင်း ဟူသောအကြောင်းနှစ်ချက်သည် အဓိကဖြစ်သည်ဟုယူဆမိသည်။ မိမိအမြင်တွင် ကျေးဇူးတရားဟူသည် ပုဂ္ဂိုလ်ရေး personal နှင့်အဓိကပိုသက်ဆိုင်ပြီးလျှင် လက်ရှိ
အခက်ခဲကိုပြေလည်အောင်ဆောင်ရွက်ရမှု professional ဟူသည် ကျေးဇူးတရားထက်လုပ်ငန်း
ရပ်တည်ချက်ကိုဦးစားပေးရမှုနှင့်ပို၍သက်ဆိုင်သည်ဟုမြင်သည်။

  ပုဂ္ဂိုလ်ရေးကျေးဇူးတရားနှင့်လုပ်ငန်းရပ်တည်ချက်ကို ထိုသို့ခွဲခြားမမြင်ဘဲ ရောထွေးမြင်ပါက ကျေးဇူးတရားဟူသည် ဘဝ၏ထောင်ချောက် သို့မဟုတ် ဘဝ၏အကျဉ်းထောင်ဖြစ်လာလေသည်။ တနည်းဆိုသော် ကျေးဇူးတရားဟူသောခေါင်းစဉ်အောက်ဝယ် ကျေးဇူးခံဖူးသောသူကို ကျေးဇူးပြုဖူးသောသူက သူ၏အတ္တအကျဉ်းထောင်တွင် အကျဉ်းချလေတော့ည်။ကျေးဇူးပြုဖူးသောသူသည် “ ငါ့ကျေးဇူးတွေ သူ့ဆီမှာအများကြီးရှိတာပဲ ” ဟူသောအတ္တမာနစိတ်ဖြင့် ကျေးဇူးခံဖူးသောသူကို ရစ်ပတ်နှောင်ဖွဲ့ကာချုပ်ကိုင်လေတော့သည်။ ထိုသို့ အချုပ်အနှောင်ဖြင့် အကျဉ်းကျခံလိုက်ရသော ကျေးဇူးခံသည် သူ၏ အယူအဆနှင့်အတွေးအခေါ်များ၊ အပြောအဆိုများနှင့်
ဆောင်ရွက်မှုများသည်လည်း အကျဉ်းကျကာနွံနစ်ရလေတော့သည်။ ထိုအခါ ထိုကျေးဇူးခံဖူးသူ၏
ဘဝသည်လည်းကောင်း ထိုသူ၏အစွမ်းအစများသည်လည်းကောင်း ထိုသူနှင့်သက်ဆိုင်သော အဝန်းအဝိုင်းသည်လည်းကောင်း လွတ်လပ်မှုတို့ပျောက်ဆုံးကာတိုးတက်မှုအခွင့်အလမ်းတို့သည်လည်း ပိတ်ပင်ခံလိုက်ရသလိုဖြစ်ရတော့သည်။ ဤကဲ့သို့အခြေအနေမျိုးများ များပြားလာသည့်အခါ တစ်ဦးချင်းမှသည်လူမှုအဖွဲ့အစည်းအထိ၊ တဖန်လူမှုအဖွဲ့အစည်းမှသည်  နိုင်ငံတော်အထိ
နစ်နာလေတော့သည်။

   မိမိတို့နိုင်ငံတွင် ပုဂ္ဂိုလ်ရေးရာများကို ကျေးဇူးတရားအဖြစ်ရှေ့တန်းတင်ကာအသားပေးမှုကြောင့်
လုပ်ငန်းကျွမ်းကျင်သူတို့သည်ထိုက်တန်သောနေရာတွင်မရှိတော့ချေ။ ထိုအခါလုပ်ငန်းအောင်မြင်မှု
တို့သည်အမြဲနောက်ကျခဲ့ရတော့သည်။  ဤသို့ကျေးဇူးတရားဟူသောခေါင်းစဉ်ဖြင့် ပုဂ္ဂိုလ်ရေးကို
ရှေ့တန်းတင်ခြင်းသည် အဂတိလိုက်စားဘို့အတွက် ထပ်မံ၍လမ်းပွင့်သွားစေခဲ့သည်ဟုလည်းဆိုချင်သည်။ အဆိုပါ ပုဂ္ဂိုလ်ရေးနှင့်လုပ်ငန်းဆောင်ရွက်ရမှုအနေအထားကိုမခွဲခြားဘဲ ရောထွေးကာကျင့်သုံးခြင်းကြောင့်
 နိုင်ငံသည်ယခုကဲ့သို့နောက်ကျခဲ့ရသည်ဟုလည်းဆိုချင်သည်။ ဆိုလိုသည်မှာ ပုဂ္ဂိုလ်ရေးကျးဇူးကို
ခေါင်းစဉ်တပ်၍ လုပ်ငန်းနယ်ပယ်တွင်ပုဂ္ဂိုလ်ရေးကိုရှေ့ တန်းတင်ဦးစားပေးလာကြသည်။ နောက်ပြီး သူ့လူကိုယ့်လူဟူ၍ခွဲခြားကာလူဆွယ်၍ လူမွေးကြတော့သည်။ အမှန်စင်စစ် လူကိုမွေးရမည်ဖြစ်သည်။ သို့သော် သူ့လူကိုယ့်လူအဖြစ်မွေးရမည်မဟုတ်ဘဲ နိုင်ငံတော်အတွက် သို့မဟုတ် လူမှုအဖွဲ့အစည်းအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာများတိုးတက်အောင် အရည်အသွေးပြည့်ဝသူများမွေးထုတ်ပေးရမည်ဖြစ်
သည်။ ထိုသို့မဟုတ်မူဘဲ တစ်ဦးတစ်ယောက်၏ကိုယ်ကျိုးစီးပွါးအတွက် သို့မဟုတ် မိမိ၏ကိုယ်ကျိုးစီးပွါး
အတွက်  လူမွေးခြင်းသည် လူမှုအဖွဲ့အစည်းတစ်ခုအတွက် သို့မဟုတ် နိုင်ငံတော်နှင့်လူထုအတွက်
ရေတိုရောရေရှည်ပါအလွန်နစ်နာလေသည်။

         ကျေးဇူးတရားဟူသောခေါင်းစဉ်ဖြင့် ပုဂ္ဂိုလ်ရေးရှေ့ တန်းတင်မှုအားကြီးလာသောအခါ ထိုရှေ့တန်းရောက်လာသောသူသည် မိမိဖြစ်ချင်သောအတ္တစိတ်ဆန္ဒဖြင့်ကျေးဇူးတရားကိုချည်နှောင်
ကာစေစားတော့သည်။ ထိုအခါ ထိုပုဂ္ဂိုလ်၏ ဆန္ဒသည် လက်ရှိကြုံတွေ့နေရသောလုပ်ငန်းအခြေအနေ
များနှင့်မကိုက်ညီတော့ဘဲ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သောလုပ်ငန်းအတွက်အနှောက်အယှက်
ကြီးစွာဖြစ်ရလေသည်။ ထို့ပြင် တာဝန်ယူလုပ်ဆောင်ကြရသောသူများအတွက်လည်း အခက်အခဲအကျပ်
အတည်းကိုဖြစ်စေလေတော့သည်။ သို့ဆိုလျှင်ကျေးဇူးရှင်ကို ကျေးဇူးမဆပ်ရတော့ပြီလောဟု စောကြော
ဖွယ်ရှိပြန်သည်။ ကျေးဇူးရှင်ကို ကျေးဇူးဆပ်ရမည်သာဖြစ်သည်။ သို့သော် လူမှုအဖွဲ့အစည်းတစ်ခုခုကို အခက်အခဲမဖြစ်စေသော ကျေးဇူးဆပ်မှုမျိုးသာဖြစ်သင့်သည်။  အမှန်စင်စစ် ကျေးဇူးဆပ်ခြင်းဟူသည်
လူမှုအဖွဲ့အစည်းတစ်ခုခုကိုအခက်အခဲမဖြစ်စေလျှင် သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုခု၏ အကျိုးစီးပွါးကိုမထိခိုက်လျှင် သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခုခုကို အသုံးချရာမရောက်လျှင် ကျေးဇူးရှင်၏ဆန္ဒကို ကျေးဇူးဆပ်သည့်အနေဖြင့် လိုက်လျောသင့်လေသည်။ ထိုသို့မဟုတ်မူဘဲ လူမှုအဖွဲ့အစည်းတစ်ခုခုကို ထိုသူ၏ကိုယ်ကျိုးနှင့်အတ္တဆန္ဒအတွက် အသုံးချရာရောက်ပါက မလိုက်လျောသင့်ချေ။

   အထူးသဖြင့် မိမိလက်ရှိဆောင်ရွက်နေရသော လုပ်နေသောလုပ်ငန်းသည်
၁။ မှန်လည်းမှန်မည်၊ အဖွဲ့အစည်းအတွက်လည်း  ကောင်းကျိုးရှိမည်၊ အများစုကလည်းကြိုက်မည်
ဆိုလျှင်လည်းကောင်း ၂။ မှန်လည်းမှန်မည်၊ အဖွဲ့အစည်းအတွက်လည်း  ကောင်းကျိုးရှိမည်၊ သို့သော်
အများကမကြိုက် မနှစ်သက်ဆိုလျှင်လည်းကောင်း ဤနှစ်ချက်တွင် တစ်ချက်ချက်နှင့်ညီလျှင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သော အလုပ်ကိုသာဦးစားပေးသင့်သည်။ ကျေးဇူးရှင်၏ဆန္ဒကို ငဲ့ကွက်စရာမလိုဟု ခံယူသည်။ နားလည်သည်။ ဤလမ်းစဉ်အတိုင်းသာ စွမ်းနိုင်သလောက်လျှောက်
လှမ်းခဲ့သည်။ ထို့ကြောင့်ပင် မိမိအလုပ်လုပ်သည့်အခါ မိမိကိုကျေးဇူးပြုဖူးသောသူများနှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင်ရလေ့ရှိသည်။ သို့သော်လည်း မကောင်းသောအကြံဆိုးဖြင့်မဟုတ်ဘဲ စည်းကမ်းနည်းလမ်းနှင့်အညီ အများ၏သဘောတူညီမှုကိုရယူကာဆုံးဖြတ်၍ ဆောင်ရွက်ခဲ့သည်ချည်း
သာဖြစ်သောကြောင့် နောက်ဆံလည်းမတင်းပါ။ နောက်ဆံလည်းမတင်းသည့်အပြင် စိတ်ဓာတ်အင်အား
သည်ပင်ပို၍တိုးပွါးရပါသည်။

 သို့သော် ကျေးဇူးရှင်ကိုကျေးဇူးမဆပ်ရဟုမဆိုလိုပါ။ သင့်လျော်သည့်အချိန် သင့်လျော်သည့်အရာဝယ် မိမိ၏ကိုယ်ပိုင်တရားမျှတသောနည်းများဖြင့်သာ ကျေးဇူးဆပ်သင့်သည်။ အဖွဲ့အစည်းတစ်ခုခုကို ခုတုံးလုပ်၍ဖြစ်စေ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကို အသုံးချ၍ဖြစ်စေ အများစုကိုနစ်နာအောင်
ဆောင်ရွက်ခြင်းဖြင့် ကျေးဇူးမဆပ်သင့်ဟု ခံယူသည်။ နားလည်ကျင့်သုံးသည်။ မိမိတို့ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်းဝယ် ကျေးဇူးတရားဖြင့်ချည်နှောင်ကာ အကျဉ်းချသောအစဉ်အလာမှ လွတ်မြောက်ကြပါစေ၊ ကျေးဇူးရှင်များကလည်း သဘောထားကြီးကြီး အမြင်ကျယ်ကျယ်ဖြင့် နားလည်ခွင့်လွှတ်နိုင်ကြပါစေဟု တမ်းတမ်းတတ ဆုတောင်းမိသည်။ အမိမြန်မာပြည်သူပြည်သားများလည်း
ဆိုးမွေအားလုံးမှလွတ်မြောက်ကြ၍ ကောင်းမွေများကိုဖန်တီးကာ ရယူနိုင်ကြပါစေဟုလည်း ထပ်ဆင့်ဆုတောင်းနေမိပါတော့သည်။




Monday, November 4, 2013

အသုံးတည့်ပညာ ( ၂ )

ယနေ့ပညာရပ်အမျိုးမျိုးကို နိုင်ငံအသီးသီးတွင် လူမျိုးအသီးသီးနှင့်အလွှာတန်းစားမြောက်များစွာတို့
သင်ယူနေကြခြင်းသည် ထိုထိုပညာရပ်တို့ကို မိမိတို့သက်ဆိုင်ရာဘဝနယ်ပယ်နှင့်မျက်နှာစာအသီးသီးတွင် အသုံးချရန်ပင်ဖြစ်သည်။ ထိုထိုပညာရပ်အသီးသီးသည် သက်ဆိုင်ရာနယ်ပယ်နှင့်မျက်နှာစာအတွက် အသုံးတည့်အောင်အသုံးပြုပါက အသုံးတည့်မည်သာဖြစ်သည်။ သို့သော် ထိုအသုံးတည့်မှုသည်
လူ့လောကအတွက်အမှန်တကယ်ကောင်းကျိုးပြု မပြုကိုတော့ သတိပြုကာဆန်းစစ်ဘို့လိုမည်ပင်ဖြစ်
သည်။ ကောင်းသည့်နေရာတွင် အသုံးတည့်ခြင်းလော သို့မဟုတ် မကောင်းသည့်နေရာတွင်အသုံးတည့်
ခြင်းလော ဆိုသည်ကိုမူ သတိဥာဏ်ပညာနှင့်ကရုဏာတရားတို့ကိုအခြေခံ၍ စဉ်းစားလုပ်ဆောင်
ရမည့်အချက်ဖြစ်သည်။ ထို့ပြင် အချို့ သောပညာရပ်တို့သည် တစ်ဦးတစ်ယောက်အတွက် သို့မဟုတ်
အဖွဲ့အစည်းတစ်ခုအတွက် ယာယီအားဖြင့်အသုံးတည့်သယောင်ထင်ရသော်လည်း ရေရှည်တွင်
အများအတွက်ရော မိမိအတွက်ပါနစ်နာစေနိုင်စေလေသည်။ ဥပမာအားဖြင့် ကိုယ်ကျင့်တရား
ကင်းမဲ့သော အတတ်ပညာရပ်များနှင့်ကိုယ်ကျင့်တရားမှသွေဖည်သွားစေသောအသိပညာရပ်များဖြစ်သည်။ မှန်၏။ ကိုယ်ကျင့်တရားကင်းမဲ့လျှင် မည်သည့်ပညာရပ်ပင်ဖြစ်စေကာမူ လူမှုလောကအတွက်ကောင်း
ကျိုးမပြုနိုင်ချေ။ 

  ဤနေရာ၌အလျဉ်းသင့်သဖြင့် သီလက္ခန်ပါဠိတော် သောဏဒဏ္ဍသုတ်၌လာရှိသော သောဏဒဏ္ဍပုဏ္ဏား
မှ မြတ်စွာဘုရားအားလျှောက်ထားသည့်စကားရပ်ကိုထည့်သွင်း၍အကျဉ်းချုပ်ကာသုံးသပ်ပြချင်ပါသည်။
 မြတ်ဗုဒ္ဓသည် သောဏဒဏ္ဍပုဏ္ဏားအား အင်္ဂါအချက်အလက်မည်မျှပြည့်စုံမှ ပုဏ္ဏားဟုခေါ်ဆိုသတ်မှတ်နိုင်
သနည်းဟု မေးတော်မူရာတွင် သောဏဒဏ္ဍပုဏ္ဏားမှဤသို့ပြန်လည်ဖြေကြားခဲ့သည်။ 
“ ရှင်တော်မြတ်ဘုရား ပုဏ္ဏားဟုခေါ်ဆိုသတ်မှတ်နိုင်ရန်အတွက် ၁။ ရုပ်အဆင်းအင်္ဂါချောမောလှပတင့်
တယ်ခြင်း၊ ၂။ ဝေဒကျမ်းဂန်မန္တာန်တို့ကိုတတ်သိနားလည်ခြင်း၊ ၃။ ပုဏ္ဏားအမျိုးဇာတ်၏စင်ကြယ်ခြင်း၊ 
၎။ ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်းနှင့်၊ ၅။ ပညာနှင့်ပြည့်စုံခြင်းဟူ၍ အင်္ဂါငါးချက်ပြည့်စုံဘို့လိုအပ်ပါသည်။ 
သို့သော်လည်း အထက်ပါအချက်ငါးချက်တွင် နံပါတ် ၁၊ ၂၊ ၃၊ အချက်တို့သည် ပဓာနမကျ အဓိကမဟုတ်
ကြောင်း၊ နံပါတ် ၄ နှင့် ၅ ဖြစ်သည့် ကိုယ်ကျင့်သီလနှင့်ပညာတို့ပြည့်စုံခြင်းဟူသော အချက်နှစ်ချက်
သည်သာ ပဓာနအဓိကဖြစ်ပါကြောင်း၊ ထိုပဓာနအချက်နှစ်ချက်တွင် ကိုယ်ကျင့်သီလကိုဖြစ်စေ သို့မဟုတ် ပညာကိုဖြစ်စေ တစ်ခုခုကိုဖယ်ထုတ်လိုက်ပါက ပုဏ္ဏားဟူ၍ခေါ်ဆိုသတ်မှတ်၍မရနိုင်တော့ကြောင်း ” လျှောက်ထားခဲ့သည်။ မြင့်မြတ်သူဖြစ်ဘို့နှင့်လောကကောင်းကျိုးကိုဆောင်နိုင်ရေးအတွက် ကိုယ်ကျင့်သီလနှင့်အသိ အတတ်ပညာနှစ်ပါးတို့ မရှိမဖြစ်လိုအပ်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ 

   ဆက်လက်၍လျှောက်ထားသည်မှာ “ အိုအရှင် ဂေါတမ ပညာ သီလပရိဓောတာ၊ ပညာကိုသီလဖြင့်
ထက်ဝန်းကျင်ဆေးကြောအပ်ပါ၏။ သီလံ ပညာပရိဓောတံ၊ ကိုယ်ကျင့်သီလကို ပညာဖြင့်ထက်ဝန်းကျင်
ဆေးကြောအပ်ပါ၏။ ဥပမာအားဖြင့် လက်တစ်ဖက်ဖြင့် အခြားလက်တစ်ဖက်ကိုဆေးကြေားသကဲ့သို့
လည်းကောင်း၊ ခြေတစ်ဖက်ဖြင့်အခြားခြေတစ်ဖက်ကိုဆေးကြောသကဲ့သို့လည်းကောင်း ဖြစ်ပါ၏ ”ဟု လျှောက်ထားခဲ့သည်။ ဆိုလိုသည်မှာ ပညာရောင်ကို ကိုယ်ကျင့်တရားဖြင့်ထွန်းပြောင်စေနိုင်သလို
ကိုယ်ကျင့်တရား၏အရောင်အရှိန်အဝါကိုလည်း ပညာဖြင့်ထွန်းပြောင်စေနိုင်ပါ၏ဟု ဆိုလိုရင်းဖြစ်သည်။ 
မှန်၏။ ကိုယ်ကျင့်သီလကင်းမဲ့သော လောကီပညာရပ်များသည် ခြေလက်တို့ကျိုးသူနှင့်တူ၍ အသိနှင့်အတတ်ပညာကင်းမဲ့သော ကိုယ်ကျင့်သီလသည် အကန်းနှင့်တူသည်ဟု မိမိဆိုချင်သည်။ ၎င်းကိုယ်ကျင့်သီလနှင့် ပညာနှစ်ပါးပြည့်စုံမှသာလျှင် မိမိနှင့်လောကကောင်းကျိုးအတွက် ရေတိုရော
ရေရှည်ပါ လိုရာပန်းတိုင်ရောက်အောင် ဆောင်ကြဉ်းနိုင်မောင်းနှင်နိုင်ပေမည်။ ယနေ့ခေတ်စကားနှင့်
ပြောရလျှင် I Q and E Q နှစ်ခုလုံးပြည့်စုံဘို့လိုအပ်လေသည်။ 

   I Q ( intelligence quotient ) ဥာဏ်ရည်ဥာဏ်သွေးသာရှိ၍ E Q ( emotional quotient ) နှလုံးရည်မရှိလျှင် သို့မဟုတ် E Q သာရှိ၍ I Q မရှိလျှင် ပြည့်စုံလှပပြီးအများကစံပြုလောက်သောဘဝတစ်ခုအနေဖြင့် တောက်ပနိုင်မည်မဟုတ်ချေ။ ထိုနှစ်မျိုးတွင် I Q သည် ပညာကိုကိုယ်စားပြု၍ E Q သည်ကိုယ်ကျင့်သီလ
ကို ကိုယ်စားပြုပါသည်။ E Q သည် အဘယ့်ကြောင့်ကိုယ်ကျင့်သီလကိုကိုယ်စားပြုနိုင်သနည်းဆိုလျှင် နှလုံးရည်မြင့်မားသောသူများသည်သာ ကိုယ်ကျင့်သီလကိုစောင့်ထိန်းနိုင်ကြခြင်းကြောင့်ဖြစ်သည်။ မှန်၏ နှလုံးရည်ညံ့ဖျင်းသူသည် မည်သည့်ကိုယ်ကျင့်တရားကိုမျှ စောင့်ထိန်းနိုင်စွမ်းရှိမည်မဟုတ်ချေ။ ပျော့တိပျော့ညံ့ လျော့တိလျော့ရဲဖြင့် အချောင်လမ်းစဉ်ကိုသာလိုက်၍ လောကအတွက်အမှန်တကယ် အသုံးတည့်အောင်စွမ်းဆောင်နိုင်မည်မဟုတ်ချေ။ သုတေသနစစ်တမ်းများအရ I Q သာမြင့်၍ E Q နိမ့်ကျသောသူများသည် ရေရှည်တွင်အများအကျိုးပြုလုပ်ငန်းများ၌ မအောင်မြင်ဘဲဆုံးရှုံးရကြောင်း
ဖေါ်ပြထားသည်ကို မိမိဖတ်ဖူးပါသည်။ သို့ဖြစ်၍ မိမိတစ်ဦးတည်း၏ရေရှည်အောင်မြင်မှုအတွက်ဖြစ်စေ၊ အများကောင်းကျိုးအတွက်ဖြစ်စေ လိုရာပန်းတိုင်သို့ရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် သီလနှင့်ပညာ၊ မြန်မာဝေါဟာရအားဖြင့် ပညာရည်နှင့်ကိုယ်ကျင့်ရည်၊ ယနေ့ခေတ်စကားနှင့်ပြောရလျှင် I Q and E Q တို့ဟန်ချက်ညီညီပြည့်စုံဘို့လိုအပ်လှပါသည်။ သို့မှသာလျှင် မိမိတို့သင်ယူတတ်မြောက်
ထားသော ပညာသည် မိမိတို့တစ်ဦးချင်းစီအတွက်ရော လူမှုလောကအတွက်ပါ အသုံးတည့်သော
ပညာရပ်ဖြစ်နိုင်ပေမည်။ ထိုသို့အသုံးတည့်မှသာလျှင် လူမှုလောကသည်လည်း ဖွံ့ဖြိုးတိုးတက်ကာ သာယာအေးချမ်းနိုင်မည်ဖြစ်သည်။ 

 မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံဟုဂုဏ်ယူဝင့်ကြွားနေကြသော်လည်း လောကီပိုင်းတွင် ပညာရည်အားဖြင့်လည်း ကမ္ဘာတွင်နိမ့်ကျသောစာရင်းတွင်ပါဝင်နေသလို ကိုယ်ကျင့်ရည်အားဖြင့်လည်း အပျက်ဆီးဆုံး ခြအစားဆုံးနိုင်ငံစာရင်းတွင်ပါဝင်နေသည်ကိုတွေ့ရသည်။ တနည်းဆိုသော် I Q ရော E Q ပါ နှစ်မျိုးလုံးနိမ့်ကျသောနိုင်ငံဖြစ်သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ဤသည်မှာ အလွန်ဝမ်းနဲဘွယ်ရာ ရှက်ဘွယ်ရာကောင်းသောအချက်ဖြစ်သလို အထူးသတိပြုဆင်ခြင်ကာ ပြပြင်ရမည့်အချက်လည်းဖြစ်သည်။ 
ဤအချက်ကိုထောက်ဆလျှင် မိမိတို့နိုင်ငံသည် မြတ်ဗုဒ္ဓ၏ဓမ္မများကိုလူမှု့ လောကအတွက် အမှန်တကယ်
ထိရောက်အောင် အသုံးမပြု မကျင့်ကြံကြသေးကြောင်း၊ အကယ်၍ အသုံးပြု ကျင့်ကြံသည်ဆိုလျှင်လည်း အနည်းအကျဉ်းမျှသာရှိမည်ဖြစ်ကြောင်း မညှာမတာဘဲ အမှန်အတိုင်းသုံးသပ်ရမည်ပင်ဖြစ်သည်။ မှန်၏။ မြတ်ဗုဒ္ဓ၏ဓမ္မများကို လူမှု့ လောကအတွက်အမှန်တကယ်သာကျင့်သုံး၍ အကောင်အထည်ဖေါ်ကြမည်
ဆိုလျှင် မြန်မာလူမျိုးသည် ကမ္ဘာတွင် I Q and E Q နှစ်မျိုးလုံးအမြင့်ဆုံးဖြစ်ကာ အချမ်းသာဆုံးနိုင်ငံ
စာရင်းဝင်မည်မှာလည်း မြေကြီးလက်ခတ်မလွဲပင်ဖြစ်မည်ဟု မိမိမမှိတ်မသုံယုံကြည်ပါသည်။

   အကယ်၍ မြတ်ဗုဒ္ဓ၏ညွှန်ကြားချက်နှင့်သင်ပြချက်များအတိုင်းသာ လူမှု့ လောကအတွက်
( နိဗ္ဗာန်အတွက်မဆိုလိုပါ ) လက်တွေ့ကျကျကျင့်ကြံကာအကောင်အထည်ဖေါ်ကြမည်ဆိုလျှင် ကမ္ဘာတွင် ဂုဏ်ယူစရာအကောင်းဆုံးလူမျိုးများသည် အချမ်းသာဆုံးသောနိုင်ငံတွင် အမြင့်မြတ်ဆုံးသော မြတ်ဗုဒ္ဓ၏သာသနာတော်ကြီးကို ပိုင်ဆိုင်ခွင့် ကိုးကွယ်ခွင့်ကို အလွန်ကံကောင်းစွာရရှိထားကြသူများအဖြစ် ဝင့်ကြွားနေနိုင်မည်မှာ အမှန်ပင်ဖြစ်သည်။ မိမိဤစကားကို ဤကဲ့သို့ ရဲရဲကြီးပြောရဲသည်မှာ သာဓကမဲ့စွာ
ပြောနေခြင်းမဟုတ်ပါချေ။ သာဓကအနေဖြင့် မလေးရှားနိုင်ငံလက်အောက်မှလွတ်လပ်ရေးရပြီးနောက် စင်္ကာပူနိုင်ငံကိုတည်ဆောက်ရာတွင် ဝန်ကြီးချုပ် လီကွမ်ယူ၏ အကြံပေးအဖြစ် မြန်မာတစ်ဦးပါဝင်ခဲ့သည်။ အမေရိကန်သမ္မတ ကလင်တန်လက်ထက်တွင် စီးပွါးရေးအကြံပေးထိပ်တန်းပုဂ္ဂိုလ် ( ၁၀ ) ဦးအနက် မြန်မာတစ်ဦးပါဝင်ခဲ့သည်ဟု မိမိဖတ်ရဖူးသည်။ ထို့ပြင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်သည်လည်း ကမ္ဘာ့နိုင်ငံများ၏ဦးဆောင်နိုင်ငံများဖြစ်ခဲ့ကြသော အမေရိကန်နှင့်ဆိုဗီယက်တို့၏ အလွန်ပြင်းထန်သောပဋိပက္ခအခြေအနေကို အကောင်းဆုံးပြေလည်အောင် တည်ငြိမ်စွာဦးဆောင်
ဖြေရှင်းနိုင်ခဲ့ခြင်းဖြင့် တတိယကမ္ဘာစစ်ဘေးမှကင်းဝေးအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဘာသာရေးပိုင်းတွင်လည်း တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးသည် မှတ်ဥာဏ်အကောင်းဆုံး
သောလူသားအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သည်။  အထူးသဖြင့် အလွန်လည်းလူသိနည်း၍ ရဟန်းသံဃာ
စာသင်သားများသာသိသော ထန်းတပင်ဆရာတော်ဘုရားကြီးသည် အထက်တန်းအဘိဓမ္မာကျမ်းများ
ဖြစ်သောယမိုက်နှင့်ပဋ္ဌာန်းအရကောက်ကျမ်းကြီးများကိုရေးသားခဲ့သည်။ အမှန်စင်စစ် ဤကျမ်းကြီးများကို ကမ္ဘာတွင်လူသိများအောင် ချမပြနိုင်ကြသေးသောကြောင့်သာ တိမ်မြုပ်နေခြင်းဖြစ်သည်။ ကမ္ဘာသိအောင် ချပြနိုင်လျှင် ကမ္ဘာတွင်အလွန်အံ့သြစရာကောင်းသော ပညာရပ်များဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့မြန်မာလူမျိုးများသည် ပင်ကိုယ်ဗီဇအားဖြင့် ညံ့သူများမဟုတ်ကြဘဲ နိုင်ငံရေး
ပတ်ဝန်းကျင်၏အခြေအနေကြောင့်သာ စွမ်းရည်များ တိမ်မြုပ်ငုတ်လျှိုးနေကြခြင်းဖြစ်သည်ဟု ခံစားမိသည်။ ဥပမာအားဖြင့် မြန်မာလူမျိုးများသည် ပင်ကိုယ်စွမ်းရည်အရ အပြေးသန်သော်လည်း လေ့ကျင့်မှုမရှိ၊ လေ့ကျင့်ခွင့်လည်းမရသောကြောင့် ပြိုင်ပွဲရှုံးရခြင်းနှင့်တူသည်။ လက်ဝှေ့ထိုးနိုင်သော ပင်ကိုယ်စွမ်းရည်
ရှိသော်လည်း လက်ဝှေ့ထိုးနည်းပညာကို သင်ကြားခွင့် လေ့လာခွင့်မရသောကြောင့်သာ ပြိုင်ပွဲဝင်ခွင့်
မရခြင်းဖြစ်နေသည်နှင့်တူလေသည်။ Nature and nurture ဗီဇနှင့်ပတ်ဝန်းကျင်ဟူသောအကြောင်းတရား
နှစ်ပါးတွင် ဗီဇညံ့ဖျင်းမှုကြောင့်မဟုတ်မူဘဲ ပတ်ဝန်းကျင်၏အားနဲချွတ်ယွင်းခြင်းကြောင့်ပင်ဖြစ်သည်ဟု မိမိဆိုချင်သည်။

    အချုပ်အားဖြင့် အသုံးတည့်ပညာများပြည့်စုံအောင်ကိုယ်ကျင့်သီလများကိုလည်းဖြည့်ကျင့်ကြ
ရမည်ဖြစ်သည်။ ပညာရည်များအရောင်တောက်ပလာအောင်လည်း ကိုယ်ကျင့်ရည်များဖြင့်
အရောင်ခြယ်ကြရမည်ဖြစ်သည်။ I Q များအသုံးတည့်အောင် E Q များကိုမွေးမြူကြရမည်ဖြစ်သည်။ တနည်းဆိုသော် I Q ( intelligence quotient ) E Q ( emotional quotient ) and M Q ( morality quotient ) သုံးမျိုးပြည့်စုံအောင်ဖြည့်ကျင့်ကြရမည်ဖြစ်သည်။ သို့မှသာ နှလုံးရည်နှင့်ကိုယ်ကျင့်ရည်များကိုအခြေခံ၍
အသုံးတည့်သောပညာရည်ဖြင့် ဖွံ့ဖြိုးတိုးတက်အေးချမ်းသာယာသောနိုင်ငံတော်ကြီးကိုတည်ဆောက်နိုင်
ပြီးလျှင် သာကီမျိုးရွှေဗမာတို့ ကမ္ဘာတွင်ဂုဏ်ယူဝင့်ကြွားနိုင်ကြပေမည်။ အားလုံးသော သာကီမျိုး
ရွှေမြန်မာများ အသုံးတည့်ပညာရပ်များဖြင့် အမျိုးဘာသာ သာသနာတော်နှင့်နိုင်ငံတော်ကို မြှင့်တင်နိုင်
ကြပါစေဟု နစ်နောစွာတမ်းတလျှက်။ 


Monday, September 2, 2013

အသုံးတည့်ပညာ

ယနေ့ခေတ်ကို knowledge era ပညာခေတ်ဟုဆိုကြသည်။ ဆိုသလောက်ပင် ပညာရပ်များနှင့်ပတ်သက်၍လည်း လိုက်စား၍မကုန်နိုင်အောင် များပြားကျယ်ပြန့်လှသလို ပညာတတ်သူများလည်း များပြားလှသည်။ မိမိအနေဖြင့်မူ များပြားကျယ်ပြန့်လှသော ပညာရပ်များကို လေ့လာတတ်မြောက်ဘို့ရန် မဆိုထားဘိ၊ မိမိနှင့်သက်ဆိုင်သည့် ပညာရပ်များကိုပင် နှစ်များစွာလေ့လာပါသော်လည်း အပြီးဆုံးသို့မရောက်နိုင် မတတ်နိုင်သေးဘဲဖြစ်ရလေသည်။ အမှန်စင်စစ် ပညာရပ်တစ်ခုကို အမှန်တကယ် တတ်မြောက်ဘို့ဆိုသည်မှာ လွယ်ကူသောကိစ္စတော့မဟုတ်ချေ။ ရှေးရှေးကမ္ဘာဦးခေတ်မှသည် ယနေ့ နှစ်ဆယ့်တစ်ရာစုခေတ်တိုင်အောင် လူသားတို့သည်  အုပ်ချုပ်ရေး လူမှုဆက်ဆံရေး ဘာသာရေး ကူးသန်းရောင်းဝယ်ရေး လူနေမှုပုံစံနှင့် နေ့စဉ်လူမှုဘဝများစွာအတွက် စနစ်အမျိုးမျိုး နည်းလမ်းအသွယ်သွယ် ယဉ်ကျေးမှုအဖုံဖုံ ဘာသာစကားအမျိုးစုံ ပညာရပ်အသီးသီးတို့ဖြင့် လူ့လောကကြီးကို ချီတက်ခဲ့ကြ ပုံဖေါ်ခဲ့ကြသည်။ လူ့သမိုင်းကို လူသားများကိုယ်တိုင် စိတ်တိုင်းကျ တစ်ခေတ်ပြီးတစ်ခေတ် စနစ်အသစ်အသစ်တို့ဖြင့် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖေါ်ခဲ့ကြသည်။ တွေးခေါ်ခဲ့ ရေးသားခဲ့ကြသည်။ လူသားတို့သည် အသိပညာရော အတတ်ပညာပါ နှစ်ခုလုံးမဖွံ့ဖြိုးမီဝယ် လူသားဘဝနှင့်ပတ်သက်သော အရာရာသည်လည်း နောက်ကျခဲ့သည်။ နှေးကွေးခဲ့သည်။ တဖြည်းဖြည်းနှင့် အသိပညာရော အတတ်ပညာပါ  ဖွံ့ဖြိုးလာသည်နှင့်အမျှ လူသားဘဝနှင့်ပတ်သက်သော အရာရာသည် သူ့ထက်ငါ ရှေ့ရောက်အောင်ကြိုးစားခြင်းဖြင့် ပြိုင်ဆိုင်မှုအခြေအနေသို့ရောက်ရှိလာခဲ့သည်။ အဖြစ်အပျက်နှင့် လုပ်ဆောင်ချက်မှန်သမျှတို့သည်လည်း အရင်ထက်စာလျှင် မြန်သည်ထက်မြန်လာသည်။ သွက်သည်ထက် သွက်လာသည်။

   ရှေးယခင်က သက်ဆိုင်ရာပညာရပ်များသည် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအတွက် သီးခြားစီအသုံးပြု၍ အကန့်အသတ်ဖြင့် ပြောင်းလဲစေခဲ့ရာမှ ယနေ့ကမ္ဘာသည် သီးခြားစီခွဲခြား၍ မရတော့ဘဲ အားလုံးတပြေးညီ တချိန်တည်း တပြိုင်တည်း သက်ဆိုင်သည့်အနေအထားသို့ရောက်ရှိလာသည်။ ရှေးယခင်က ဒေသတစ်ခု၏ ဖြစ်ရပ်များသည် အခြားဒေသတစ်ခုသို့ မကူးစက်နိုင်သော်လည်း သို့မဟုတ် ကူးစက်မှုနှေးကွေးသော်လည်း ယနေ့ခေတ်တွင် ကူးစက်မှုကား တမုဟုတ် တခဏချင်းပင်မြန်ဆန်လှသည်။ စီးပွါးရေးသတင်းများကိုဖတ်မိသည့်အခါ စီးပွါးရေး၏ ရိုက်ခတ်မှုသည် အသီးသီးသောအားကြီး အားသေးအတိုင်းအတာအရ ကူးစက်မှုအင်းအားပြင်ထန်လှသည်ကို သိရသည်။ ထိုစီးပွါးရေးအရှိန်၏ရိုက်ခတ်မှုမှတဆင့် နိုင်ငံရေး လူမှုရေး ပညာရေး စသည့်အရာရာတို့သည်လည်း ကူးစက်ခံရကာ အပြောင်းအလဲများဖြစ်ကုန်ကြသည်။ ထို့အတူပင် နိုင်ငံရေးအဆောက်အအုံတစ်ခု ပြောင်းလဲသည့်အခါလည်း အခြားလူနှင့်ပတ်သက်သမျှသော အရာရာသည် ကူးစက်ခံရမှုမြန်ဆန်လှသည်။ အထူးသဖြင့် ကောင်းသည့်အရာတိုင်း အဖြစ်အပျက်တိုင်းတွင် ကူးစက်မှုနှေးကွေးသည်ဟု ဆိုနိုင်ရန်ရှိသော်လည်း မကောင်းသည့်ဖြစ်ရပ်တိုင်းတွင် ကူးစက်မှုကား အံ့သြဘွယ်မြန်ဆန်လှသည်။ ဤသည်တို့မှာ တိုးတက်လာသော ပညာရပ်များ၏ ရိုက်ခတ်မှု သို့မဟုတ် တွန်းအား သို့မဟုတ် အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ ပညာရပ်များမတိုးတက်မီက ယခုကဲ့သို့ ရိုက်ခတ်မှု မမြန်ဆန်ခဲ့ချေ။ သို့သော် တိုးတက်လာသော ပညာရပ်များသည် အားလုံးအကောင်းဘက်သို့ချည်း ဦးတည်သည်တော့မဟုတ်။ အကောင်းနှင့်အဆိုးဒွန်တွဲလျှက်သာ ခရီးဆက်နေကြသည်ကိုတွေ့ရသည်။ ဤသည်မှာလည်း လောက၏သဘာဝဟုသာ ဆိုရမည်ထင်သည်။

   အတတ်ပညာနှင့် အသိပညာနှစ်မျိုးတွင် အတတ်ပညာသည် ရုပ်ဝတ္ထုများနှင့်ပို၍သက်ဆိုင်မှုများသည်ဟုထင်သည်။ အကြောင်းမှာ အတတ်ပညာပိုင်းတွင် ရုပ်ဝတ္ထုများကိုအခြေခံကာ စီမံခန့်ခွဲခြင်း ဖန်တီးခြင်း စမ်းသပ်လေ့လာခြင်းတို့ဖြင့် လုပ်ကိုင်ရသောကြောင့်ပင်ဖြစ်သည်။ အသိပညာသည် နာမ်တရားပိုင်းနှင့်ပို၍ သက်ဆိုင်မှုများပြားသည်ဟု ဆိုချင်သည်။ အကြောင်းမှာ အသိပညာပိုင်းတွင် ဘဝ၏ အတွေ့အကြုံများ၊ စိတ်ပိုင်းနှင့်ဆိုင်သော ခံစားချက်များနှင့် ယူဆချက်တို့ကို အခြေခံ၍ တိုးတက်လာသောကြောင့်ပင်ဖြစ်သည်။ ထိုထိုအတတ်ပညာနှင့် အသိပညာနှစ်မျိုးလုံးသည် မိမိတို့ တစ်ဦးချင်းစီ၏ ဘဝအတွက်ရော လူမှုအစုအဖွဲ့အတွက်ပါ ကောင်းကျိုးကိုဖြစ်ထွန်းစေခဲ့သည်မှန်သော်လည်း ဆိုးကျိုးကိုဖန်တီးခဲ့သည်မှာလည်း အကြိမ်ကြိမ်ရှိခဲ့ပြီးဖြစ်သည်ကို ကမ္ဘာ့သမိုင်းတစ်လျှောက် အဆက်မပြတ်သော ဒေသဆိုင်ရာစစ်ပွဲများ၊ ကမ္ဘာ့စစ်ပွဲကြီးများကိုထောက်ထား၍ သိနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုထိုပညာရပ်များသည် ဆိုးကျိုးများကိုဖြစ်စေခဲ့သနည်းဟူမူ ထိုထိုအတတ်ပညာနှင့်အသိပညာတို့သည် ကိုယ်ကျင့်တရားကို အမြဲတန်းအခြေမပြု ( မဏ္ဍိုင်မပြု ) ခဲ့သောကြောင့်ပင်ဖြစ်သည်။

    မြတ်ဗုဒ္ဓပွင့်တော်မမူမီကာလ ဘီစီခြောက်ရာစုတွင်ပင် လူသားတို့သည် သူတို့၏နေ့စဉ်လူမှုဘဝများအတွက် အဆင့်မြင့်သော အတတ်ပညာများဖြင့် ဖန်တီးနေနိုင်ခဲ့ကြသည်။ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အတတ်ပညာများ၊ ပန်းတိမ် ပန်းတည်း ပန်းဘဲ စသော ပန်းအတတ်ပညာရပ်များ၊ ချည်ထည်အမျိုးမျိုး ပိုးထည်အမျိုးမျိုးတို့ကို ရက်လုပ်နိုင်သော အဝတ်အထည်ချုပ်အတတ်ပညာရပ်များ၊ နက္ခတ္တဗေဒပညာရပ်များ၊ အုပ်ချုပ်ရေးပိုင်းတွင်လည်း ပဒေသရာဇ် ဧကရာဇ်အုပ်ချုပ်မှုပုံစံများ၊ ဝေသာလီနိုင်ငံနှင့်ကုသိနာရုံပြည်တို့ကဲ့သို့ ပါလီမန်စနစ်ဖြင့်အုပ်ချုပ်သောနိုင်ငံများ၊ ဆေးပညာဘက်တွင်လည်း ဆရာဇီဝကကဲ့သို့ အထွေထွေနှင့်ခွဲစိတ်အထူးကုဆရာဝန်များပေါ်ပေါက်ခဲ့သည်အထိ ပညာရပ်များထွန်းကားခဲ့သည်ကို ပိဋကတ်စာပေတွင် အထင်အရှားတွေ့နိုင်ပေသည်။ အသိပညာပိုင်းအနေဖြင့်မူလည်း များစွာထွန်းကားခဲ့သည်။ မြတ်ဗုဒ္ဓပွင့်တော်မမူမီတွင် အရင်ဘုရားအဖြစ်ကိုခံယူနေကြသောပုဂ္ဂိုလ်ကြီးများမှာ သူ့ခေတ်သူ့အခါအရ အလွန်ထင်ရှားသော အသိပညာရှင်များ သို့မဟုတ် အတွေးအခေါ်ပညာရှင်များဖြစ်ကြလေသည်။ သူတို့၏ အချို့သောအသိနှင့်အတွေးအခေါ်ပညာရပ်တို့သည် မဂ်ဥာဏ်ဖိုလ်ဥာဏ်နှင့်နိဗ္ဗာန်ကိုမရနိုင် မသိနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ  လောကအပေါ်လွှမ်းနိုင်ခဲ့သည်ကတော့
အမှန်ပင်ဖြစ်သည်။ ယနေ့ခေတ်တိုင်အောင်ပင် ဘီစီခြောက်ရာစုကအတွေးအခေါ်ပညာရပ်များကို အိန္ဒိယတက္ကသိုလ်များနှင့်နိုင်ငံတကာတက္ကသိုလ်များတွင် ဒဿနိကဗေဒဋ္ဌာနတို့၌ လေ့လာသင်ကြားနေရဆဲပင်ဖြစ်သည်။ မိမိကိုယ်တိုင်သည်လည်း အိန္ဒိယတွင်ပညာသင်စဉ်ကာလဝယ် Department of Buddhist Studies နှင့် Department of Pali and Prakrit တို့၌ မသင်ယူခဲ့ဘဲ Department of Philosophy ၌သာပညာသင်ယူခဲ့သည်။

   မြတ်ဗုဒ္ဓပွင့်ထွန်းတော်မူလာသောအခါမှသာ အတွေးအခေါ်ပညာရပ်ထက်ကျော်လွန်သော ထိုးထွင်းသိပညာရပ်တို့ကို လူသားတို့သည် သိခွင့် ခံစားခွင့် ကျင့်သုံးခွင့်တို့ လက်ဝယ်ပိုင်ပိုင်ရရှိလာခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ ထိုးထွင်းသိပညာရပ်တို့ကို ယနေ့ဗုဒ္ဓဘာသာ သာသနာဟု  လူအများကသုံးစွဲနေကြသည်။ ယနေ့ကမ္ဘာတွင် အချို့သောပညာတတ်များသည် မြတ်ဗုဒ္ဓ၏ထိုးထွင်းသိပညာရပ်များကို ဒဿနိကဗေဒခေါ် အတွေးအခေါ်ပညာရပ်၌ ထည့်သွင်း၍သင်ကြားနေကြလေသည်။ ဤသည်မှာ အလွန်ဝမ်းနည်းစရာကောင်းသော သတ်မှတ်ချက်တစ်ခုပင်ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ မိမိအိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မဂဓတက္ကသိုလ်တွင် မာစတာတန်းကိုသင်ယူနေစဉ် ဆရာများနှင့် အငြင်းအခုံ အခြေအတင် အကြိမ်ကြိမ်ဖြစ်ခဲ့ရဖူးသည်။ အကြိမ်များစွာထဲက မှတ်မိသမျှ အဖြစ်အပျက်တစ်ခုကိုတင်ပြချင်သည်။ တစ်နေ့ စာသင်ခန်းတွင် မိမိ၏ဆရာဖြစ်သူနှင့် မြတ်ဗုဒ္ဓ၏ဓမ္မအကြောင်းကို ဆွေးနွေးဖြစ်ကြစဉ် " မိမိ၏ဆရာက ဗုဒ္ဓ၏ အတွေးအခေါ်များသည် အလွန်ထူးခြားကြောင်း၊ အိန္ဒိယတွင်ပေါ်ပေါက်ခဲ့ကြသောအတွေးအခေါ်များစွာတို့တွင် ဗုဒ္ဓ၏အတွေးအခေါ်တို့သည် လက်တွေ့ကျပြီး ခေတ်အဆက်ဆက် မမှေးမှိန်ခဲ့ဘဲ ထွန်းတောက်ပနေဆဲဖြစ်ကြောင်း၊ သို့သော် ဟိန္ဒူဘာသာမှလာရှိသည့် အတွေးအခေါ်တို့ကို ဗုဒ္ဓသည်ပြန်လည်ဆန်းသစ်အောင်လုပ်ပြီးတင်ပြခဲ့ကြောင်း" စသည်ဖြင့် မိမိအားပြောပြလေသည်။

   မိမိသည်ဤစကားကိုကြားရသောအခါ ဖြစ်စဉ်အမှန်ကို သိစေရန် ခံစားချက်ပြင်းပြင်းဖြင့် ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။ " မြတ်ဗုဒ္ဓ၏တရားတော်များသည် အတွေးအခေါ်ပညာရပ်များလုံးဝမဟုတ်ပါကြောင်း၊ အကယ်၍ မြတ်ဗုဒ္ဓ၏တရားတော်များသည် အတွေးအခေါ်ပညာရပ်များသာဖြစ်ခဲ့လျှင် မြတ်ဗုဒ္ဓသည် အတွေးအခေါ်ပညာရှင်တစ်ယောက်သာလျှင်ဖြစ်ခဲ့လိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာတွင်ပေါ်ပေါက်ခဲ့ကြသော တရုပ်မှ ကွန်ဖြူးရှပ်စ်၊ လောင်ဇူး၊ အိန္ဒိယမှ ဂျိန်းခေါင်းဆောင် မဟာဝီရနှင့် တိတ္ထိဆရာကြီးများ၊ အနောက်မှ ပိုက်သာဂိုးရပ်စ်၊  ဆိုကရေတီးစ်၊ ပလေတို စသောအတွေးအခေါ်ပညာရှင်တို့နှင့် တစ်တန်းစားထဲဖြစ်သွားနိုင်ကြောင်း၊ အမှန်စင်စစ် မြတ်ဗုဒ္ဓသည် မည်သည့်သဘောတရားတစ်ခုကိုမျှ တွေးခေါ်ကြံဆ၍ဟောပြောခဲ့ခြင်းမရှိကြောင်း၊ တိုက်ရိုက်ထိုးထွင်းသိသော အရဟတ္တမဂ်ဥာဏ်တော် သဗ္ဗညုတဥာဏ်တော်ဖြင့်သာ ဟောကြားခဲ့ကြောင်း၊ ထို့ကြောင့်မြတ်ဗုဒ္ဓသည် အတွေးအခေါ်ပညာရှင်မဟုတ်ဘဲ အနှိုင်းမဲ့သဗ္ဗညုတဥာဏ်တော်ရှင်သာလျှင်ဖြစ်ကြောင်း၊  မြတ်ဗုဒ္ဓကိုယ်တော်တိုင်ကလည်း ပါဠိတော်များတွင် အတက္ကာဝစရော ငါဟောထားသည့်တရားတော်များကို တွေးခေါ်ကြံဆ၍သိနိုင်မည်မဟုတ်ဟု ဟောထားကြောင်း၊ လက်တွေ့မျက်တွေ့နှင့်ဥာဏ်တွေ့တို့ဖြင့် တိုက်ရိုက်ထိုးထွင်းသိထားသည့်အရာတို့ကိုသာဟောကြားထားကြောင်း၊ ထို့ကြောင့် မြတ်ဗုဒ္ဓ၏တရားတော်များကို ဒဿနိကဗေဒဋ္ဌာန၌ ထည့်သွင်းသင်ကြားသည်ကို မိမိတစ်ဦးတည်းအနေဖြင့်လက်မခံနိုင်ပါကြောင်း"  ပြန်ပြောင်းရှင်းပြခဲ့ဖူးသည်။

   ဤနေရာ၌ မိမိအဓိကပြောလိုသည်မှာ ဘီစီခြောက်ရာစုခေတ်သည် လူ့သမိုင်းတွင် မြင့်မားသော အသိပညာစတင်ပေါ်ထွန်းသောခေတ်ဖြစ်သည်ဟု။ တနည်းအားဖြင့် သစ္စာဓမ္မပေါ်ထွန်းသောခေတ်ဟုလည်း ပြောနိုင်ပေသည်။ ဘီစီခြောက်ရာစုမှစ၍ ယနေ့ခေတ် နှစ်ဆယ့်တစ်ရာစုတိုင်အောင်   နှစ်ပေါင်း ၂၆၀၀ ကြာသည်အထိ လူ့သမိုင်းကိုခရီးဆက်ခဲ့ကြရင်း ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာပညာရပ်များ များစွာတိုးတက်လာခဲ့သည်မှန်သော်လည်း မြတ်ဗုဒ္ဓ၏ သစ္စာဓမ္မကို တိုး၍တိုး၍သိသူများ နည်းပါးလာသည်ဟုဆိုက သင့်လျော်မည်ထင်သည်။ အမှန်စင်စစ် မြတ်ဗုဒ္ဓ၏သစ္စာဓမ္မကို မခံစားတတ်ကြ မသိကြလျှင် သို့မဟုတ် ခံစားတတ်သူ သိသူများနည်းပါးလာလျှင် သို့မဟုတ် မြတ်ဗုဒ္ဓ၏သင်ကြားချက်များနှင့်ဝေးကွာနေကြလျှင်  ယနေ့ပြောဆိုနေသော ကမ္ဘာ့ငြိမ်းချမ်းရေးဟူသည် စာရွက်ပေါ်တွင်သာ ခဏတာ သရုပ်ဆောင်အဖြစ်နှင့် တည်ရှိနေပေလိမ့်မည်။ တကယ်တန်းအသက်ဝင်နိုင်မည်မဟုတ်ချေ။ သို့မဟုတ် မီဒီယာများအတွက်ရေးသားစရာအချက်အလက် တစ်ခုမျှသာ
ဖြစ်နေပေမည်။ ယနေ့ခေတ်သည် အတတ်ပညာများရော အသိပညာများပါ တိုးတက်ထွန်းကားလာသောခေတ်ဖြစ်သည်ကို လူတိုင်းသိကြသည်။ သို့သော် ထိုထိုအတတ်ပညာနှင့် အသိပညာရပ်တို့သည် မြတ်ဗုဒ္ဓ၏ သစ္စာဓမ္မနှင့်မယှဉ်သောအခါ သို့မဟုတ် ကိုယ်ကျင့်တရားကို မဏ္ဍိုင်မပြုသောအခါ လောကအတွက်" ဆေးမဖြစ်ဘဲ ဘေးဖြစ်နေသည်ကများပါသည်။ အားကိုးစရာ အင်အားမဖြစ်ဘဲ ကြောက်မက်ဖွယ်ရာ ကျားပမာလည်းဖြစ်လာခဲ့သည်" ။

   ယနေ့ခေတ် နျူကလီးယားဗုံတစ်လုံး၏တန်ဘိုးသည် မည်မျှကြီးမားမည်ကို မိမိ မသိသော်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်ပါက လူတစ်သိန်းအတွက် ဆယ်နှစ်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးမြှင့်တင်နိုင်လိမ့်မည်ထင်မိသည်။ ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ခြုံငုံကြည့်ရလျှင် နေ့စဉ် လက်နက်ကြီးငယ် အထူးအဆန်းတို့ကို ထုတ်လုပ်မှု၊ အသုံးပြုမှု၊ အသုံးပြုမှုကြောင့် ပျက်စီးဆုံးရှုံးသွားမှု ကုန်ကျစားရိတ်နှင့် နေ့စဉ်တစ်ကမ္ဘာလုံး၏ စားဝတ်နေရေးအတွက် ပုံမှန် စုစုပေါင်းအသုံးစားရိတ်ကိုနှိုင်းယှဉ်ကြည့်လျှင် 50% 50% ဖြစ်နေမည်ဟု မိမိအနေဖြင့်ထင်မိသည်။ ( သုတေသနအညွှန်းကိန်းများအရ ပြောခြင်းမဟုတ်ဘဲ မိမိ၏ ထင်မြင်ချက်သက်သက်သာဖြစ်ပါသည် )  အကြောင်းမှာ ကမ္ဘာတွင် စစ်ပွဲမဖြစ်သောနေ့ဟူ၍ မိမိမကြားဖူး မဖတ်ဖူးသောကြောင့်ပင်ဖြစ်သည်။ ဒေသအလိုက် လူမျိုးစုအလိုက် နိုင်ငံအလိုက် ဘယ်သောအခါမှ မပြတ်စဲသော စစ်ပွဲတို့သည် အနဲနှင့်အများ အကြီးနှင့်အငယ်သာကွာ၍ နေ့စဉ်စစ်ပွဲများ ဆက်တိုက်ဖြစ်နေခဲ့ကြသည်။ ထိုထိုစစ်ပွဲတို့တွင်လည်း အတတ်ပညာရပ်များနှင့် အသိပညာရပ်များကို အသုံးပြုခဲ့ကြရသည်။ ပြုနေကြဆဲလည်းဖြစ်သည်။ နောင်လည်း အသုံးပြုကြပေအုံးမည်။ ( ဆက်လက်ဖေါ်ပြပါမည် )
  

Tuesday, August 27, 2013

ကမ္ဘာမြေအေးစေဖို့ ချမ်းမြေ့စန္ဒီ တည်ကြစို့

မဇ္ဈိမဒေသအိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်၊ဗုဒ္ဓဂယာမြေမြတ်မဟာ၊
ချမ်းမြေ့စန္ဒီမြန်မာသာသနာပြုကျောင်းတော်တည်ဆောက်ရေးနှိုးလွှာ
----------------------------------------------------------------------------------

''ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန ဝဏ္ဏိတံ။
တသ္မာ ဟိ ပဏ္ဍိတော၊ ပေါသော သမ္ပဿံ အတ္ထမတ္တနော။
ဝိဟာရေ ကာရယေ ရမ္မေ၊ ဝါသယေတ္ထ ဗဟုဿုတေ။
တေသံ အန္နဉ္စ ပါနဉ္စ၊ ဝတ္ထသေနာသနာနိ စ။
ဒဒေယျ ဥဇုဘူတေသု၊ ဝိပ္ပသန္နေန စေတသာ။
တေ တဿ ဓမ္မံ ဒေသေန္တိ၊ သဗ္ဗဒုက္ခာပနူဒနံ။
ယံ သော ဓမ္မံ ဣဓညာယ၊ ပရိနိဗ္ဗာတိ အနာသဝေါ ။”

သံဃာအား ကျောင်းလှူရခြင်းကို မြတ်၏ ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။
ထို့ကြောင့် မိမိ၏အကျိုးကို မြင်သော ပညာရှိသူသည် မွေ့လျော်ဖွယ် ကျောင်းတို့ကို ဆောက်လုပ်စေရာ၏၊ ဤကျောင်းတို့၌ အကြားအမြင်များသော ရဟန်းတို့ကို နေစေရာ၏၊ ထို ဖြောင့်မတ်သော ရဟန်းတို့အား လျော်သော စားဖွယ်ကိုလည်းကောင်း၊ သောက်ဖွယ်ကိုလည်းကောင်း၊ သင်္ကန်း အိပ်ရာ နေရာတို့ကိုလည်းကောင်း ကြည်ညိုသော စိတ်ဖြင့် လှူရာ၏။
ထိုရဟန်းတို့သည် ထိုကျောင်းဒါယကာအား ဆင်းရဲအလုံးစုံကို ပယ်ဖျောက်တတ်သော တရားကို ဟောကုန်၏၊
ဤသာသနာတော်၌ ထိုကျောင်းဒါယကာသည် ထိုတရားကို သိ၍ အာသဝေါ တရားမရှိဘဲ ငြိမ်းအေးရလေ၏။
ဗုဒ္ဓ'(စူဠ၀ါပါဠိတော်မြန်မာပြန်၊ သေနာသနက္ခန္ဓက)
မြန်မာနိုင်ငံသားဆရာတော်ဒေါက်တာအရှင်စန္ဒိမာသည် အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊သက္ကတတက္ကသိုလ်မှ ပါဠိစာပေဆိုင်ရာပါရဂူ(PhD)ဘွဲ့ကို ၂၀၁၀ ခုနှစ်တွင် ဆွတ်ခူးအောင်မြင်တော်မူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်
အိန္ဒိယနိုင်ငံ၏ ပထမဆုံးနှင့် တစ်ပါးတည်းသော စာပေပါရဂူတန်း(DLitt)တက်ခွင့်ရမြန်မာအမျိုးသားရဟန်းတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

ယခုအခါ ဆရာတော်ဒေါက်တာအရှင်စန္ဒိမာသည် စာပေပါရဂူ(DLitt)ဘွဲ့အတွက် သုတေသနကျမ်းပြုစုတော်မူရင်း ဗုဒ္ဓအရှင်သစ္စာလေးပါးသိမြင်တော်မူ၍ စကြာဝဠာလောကအလင်းကိုဆောင်တော်မူရာ အိန္ဒိယနိုင်ငံ၊ဗုဒ္ဓဂယာမြေမြတ်မဟာတွင် အခြေချနေထိုင်သီတင်းသုံးလျက် ကမ္ဘာ့သာသနာပြုတော်မူရန် ရည်သန်ကာ ချမ်းမြေ့စန္ဒီမြန်မာသာသနာပြုကျောင်းတိုက်ကြီး တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်ဝန်းကျင်ဗီယက်နမ်ဗုဒ္ဓဘာသာကျောင်းအနီးမြေကွက်ကို စရံငွေပေးချေ၍ စတင်ဝယ်ယူနေပြီဖြစ်ပါသည်။

သို့ပါ၍ ဆရာတော်ဒေါက်တာအရှင်စန္ဒိမာတည်ထောင်မည့် ဗုဒ္ဓဂယာမြေမြတ်မဟာချမ်းမြေ့စန္ဒီမြန်မာကျောင်းတော်ကြီး
အမြန်ပြီးစီးအောင်မြင်ရေးအတွက် စေတနာသဒ္ဓါတရားထက်သန်သူတိုင်း
၃ စတုရန်းပေ တစ်ကွက်လျှင် မြန်မာငွေ ၃၀၀၀၀ ကျပ်၊
သို့မဟုတ် အိန္ဒိယ ရူပီးငွေ ၂၀၀၀၊
သို့မဟုတ် အမေရိကန် ၄၀ ဒေါ်လာ၊
သို့မဟုတ် စင်ကာပူ ၅၀ ဒေါ်လာဖြင့်
သာသနာဘူမိ၊ဓမ္မဘူမိ သာသနာ့အောင်မြေ၊ဓမ္မအောင်မြေတစ်ကွက်စီလှူဒါန်းနိုင်ကြပြီး
ထိုအစီအစဉ်အရ သဒ္ဓါကြည်လင်၊ပါရမီကုသိုလ်တော်ရှင်များအနေဖြင့်
မိမိတို့၏ စေတနာသဒ္ဓါတရားအလျောက် နည်းများမဟူ လှူဒါန်းတော်မူကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍
နှိုးဆော်အပ်ပါသည်။

ယင်းသို့ထူးမြတ်သောသာသနာတွင်းမဇ္ဈိမဒေသအလှူတွင် ပါရမီတော်ယူ၊ကုသိုလ်တော်ပါဝင်နိုင်ကြရန်အတွက်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် ဆက်သွယ်လှူဒါန်းရာဌာနများ ဖွင့်လှစ်ထားရှိပါသည်။

ဆက်သွယ်လှူဒါန်းရန်ဌာနများ
---------------------
၁) ဒေါက်တာအရှင်စန္ဒိမာ
အခန်း (၁၉ ) ဆန်ဆခရစ်တက္ကသိုလ်၊ဗာရာဏသီမြို့၊ အိန္ဒိယနိုင်ငံ၊
ဖုန်း ၀၀-၉၁-၉၉ ၅၆၄၈၃၇၈၅၊

၂)ဆရာတော်ဘဒ္ဒန္တကောဝိဒဓဇ
ကျောက်ကုန်းတောရမေဒိနီစာသင်တိုက်
ကျောင်းသစ်ဆောင်
(၁၄)ရပ်ကွက် ရန်ကင်းမြို့နယ်၊ရန်ကုန်
ဖုန်း၀၉ ၇၃၁၇၅၃၂၃

၃)ဆရာတော်ဘဒ္ဒန္တအဂ္ဂ၀ရ
ဓမ္မရက္ခိတဖြူးမဟာစည်သာသနာ့ရိပ်သာ
အမှတ်(၂)ရပ်ကွက်၊ ကမာရွတ်ဘူတာရုံအနီး၊ အေးရိပ်မွန်ရိပ်သာ
လှိုင်မြို့နယ်၊ ရန်ကုန်
ဖုန်း ၀၉၅၃၉ ၀၄၁၇ ၊ ၀၁-၅၃၀၀၆၈၊ ၅၃၀၁၁၃

၎)ဒေါက်တာဝိလာသ
ဓမ္မပါရဂူကျောင်းတိုက်
ကာယ (၁၂) ၊ ဥာဏရပ်ကွက်
ပုလဲမြို့သစ်
မင်္ဂလာဒုံမြို့နယ်
ရန်ကုန်
ဖုန်း ၀၉ ၇၃၁၂၈၆၃၃၊၀၉ ၅၄၀၇၀၀၆

၅)ဒေါက်တာဝိစိတ္တ
ဝိစိတ္တာရာမဗုဒ္ဓဂယာကျောင်း
ငါးထပ်ကြီးတိုက်၊ဗဟန်မြို့နယ်၊ ရန်ကုန်
ဖုန်း ၀၉ ၅၀၂ ၈၉ ၁၁

၆) ဆရာတော်ဘဒ္ဒန္တအာလောကာစာရ
ရွှေဖောင်ဦးပရိယတ္တိစာသင်တိုက်
ရန်ကြီးအောင်ရပ်ကွက်
ထန်းတပင်ဇီးကုန်း
ကန့်ဘလူမြို့နယ်
စစ်ကိုင်းတိုင်းဒေသကြီး
ဖုန်း ၀၉ ၄၇၁၃၅၄၁၃

၇)ကျော်အောင်စံထားနှင့် သုခချမ်းသာမဇ္ဈိမဒေသဘုရားဖူးအဖွဲ့
ဦးမြတ်စိုး-ဒေါ်သူဇာညွန့်
အမှတ် ၂၂ မြေညီထပ်၊ ဇမ္ဗူရာဇ်လမ်း၊ ကျွန်းတော(တောင်)ရပ်ကွက်၊ စမ်းချောင်းမီးသတ်အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း၊ ၀၁ ၊ ၅၀၂၃၆၅ ၀၁၊၅၁၀၆၉ ၅ ၊ ၀၉ ၅၀၇၇၉ ၈၄၊၀၉ ၄၂၀၀၉ ၀၃၉ ၉ ၊
မန္တလေးဖုန်း၊ ၀၂-၃၆၈၀၀ ၊၀၉ ၂၀၅၁၃၅၉

၈)OD Tour ခရီးသွားလုပ်ငန်း
ဦးအေးသိန်း
အမှတ် ၅၃ ၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
ဖုန်း၊ ၀၁-၅၃၆၈၅၅၊၅၂၃၁၈၇၊၅၀၄၈၀၈၊၅၂၆၃၄၉

၉ )ဦးအောင်ဝင်း+ဒေါ်မြင့်မြင့်ခင်
မွန်မလေးစတိုး
အမှတ်(၁၀၅၂)
ဘုရင့်နောင်လမ်း၊ ၅/၆ ရပ်ကွက်
ရွှေပြည်သာမြို့နယ်၊
ရန်ကုန်
ဖုန်း။ ၀၉ ၅၁၁၆၁၈၅၊ ၀၉ ၄၅၀၀၀၅၂၈၅
၀၁-၆၁၀၆၂၄

၁၀) ဦးကျင်ဟင်း-ဒေါ်ကျင်ပို့
အမှတ်(၁၀၁) ၄ ရပ်ကွက်
ဒုတိယလမ်း
ဖျာပုံမြို့
ဖုန်း ၀၉ ၄၂၂၅ ၅၂၅၀၉ ၊ ၀၄၅-၄၀၄၇၄

၁၁) ဒေါ်သိင်္ဂီစိုး
အော်တိုအိတ်ချိန်းရုံးဝင်း
ဧရာရပ်ကွက်
မြစ်ကြီးနားမြို့
ဖုန်း ၀၉ ၄၃၁၂၁၂၁၈၊၀၇၄-၂၂၄၆၉

၁၂)စင်ကာပူနိုင်ငံ
မဆွေဇင်
ဖုန်း ၀၀-၆၅-၉ ၀၀၅၃၂၄

***ဓမ္မမိတ်ဆွေများ၏အမှာစကား***